May Hnin Aye

May Hnin Aye Collection of May Hnin Aye 's articles

09/10/2024

မုန့်လက်​ဆောင်း​ဖျောက်ဖျက်မှု

တခြားနိုင်ငံမှာ​နေတဲ့အခါ ကျမတို့က မြန်မာ​တွေ/ဗမာ​တွေ - ​ရွှေ​တွေ​ပေါ့၊ ကိုယ့်နိုင်ငံ ကိုယ်ပြန်​ရောက်​တော့ ဇာတိ​လေး​တွေကပြ၊ ရန်ကုန်သားတို့ မန္တ​လေးသူတို့။ ကျမ မန်းလေး​နေတုန်းက​တော့ ကျမမှာ အဲဒီအစွဲ​တွေ သိပ်မရှိ​သေးဘူး။ တိုင်းနဲ့ ပြည်နယ် ​ဘော်လုံးပွဲမှာ မန္တ​လေးသူ ​ဒေါ်​ဒေါ်မမ တို့က မန္တလေးအသင်းကို အား​ပေးလိုက်ကြတာများ တအံ့တသြကို ဖြစ်ယူရတယ်။ ​ရန်ကုန်မှာ​မွေးသူ တ​ယောက်အ​နေနဲ့ ​ရွှေမန်းသူ​တွေ ကဲလိုက် သည်းလိုက်တာ ဆိုတဲ့အမြင်နဲ့​ပေါ့။ နောက်ဆုံး ဒိုင်းရရမယ့်ပွဲမှာ ညစ်တယ်၊ ညစ်လို့ မန်း​လေးအသင်းရှုံးရတယ်ဆိုပြီး လုပ်ကြပုံများ၊ ငိုလည်းငို၊ အားလည်း​ပေးကြ။ ရှုံးတဲ့အသင်းကို နိုင်လာသလို ပန်းကုံး​တွေ သ​ပြေခက်​တွေနဲ့ ​သောင်း​သောင်းဖြဖြ ကြိုကြတာ။ သတင်းစာထဲလည်း ထည့်​သေးတာ "သားသား​ပေါက်ဆီ အားမငယ်နဲ့" ဆိုပဲ။

​နောက်​တော့ ရန်ကုန်​ပြောင်းလာဖြစ်​ရော၊ သင်္ကြန်​ရောက်​တော့ မန်း​လေးမှာလိုပဲ လည်မယ်​ပေါ့၊ ကားနဲ့ထွက်​ရော၊ "အမ​လေး" ​ရေ​ဘော်လုံးနဲ့ပစ်တာ၊ ​ရေခဲ​ရေနဲ့ ခွက်​စောင်းခုတ်တာ၊ ​တော်ပြီ ​တော်ပြီ ရန်ကုန်သင်္ကြန် မလည်​တော့ဘူး၊ ညဖက်လည်း ငြိမ့်​ငြောင်းတဲ့ အက​လေး​တွေ မရှိဘူး။ ​နောက်တနှစ်ကျ ရိပ်သာ သွား​ရော၊ ကိုယ့်ကို လိုက်ပို့တဲ့ကား အိမ်ပြန်​ရောက်ပြီး မကြာဘူး၊ ​ယောဂီဝတ်နဲ့ ဘတ်စကားနဲ့ ပြန်ချလာတာ (အဲဒီအချိန်က တက္ကစီ သိပ်မသုံး/မရှိ​) သေးဘူး။ ဒီ​လောက်လူ​တွေအများကြီး စီစီညံညံနဲ့ စကား​တွေများ​နေကြသူ​တွေနဲ့ စုပြုံ ​နေရမှ​တော့ ​ဗောဓိကုန်းရိပ်သာကလို ​အေးချမ်းမှု ဘယ်ရ​တော့မှာလဲ၊ ကိုယ့်ဖာသာ အိမ်တင်ပဲ ဥပုသ်​စောင့်​တော့မယ်လို့ ပြန်ချလာလိုက်တာ။ အဲဒီတည်းက ကိုယ်က ရန်ကုန်မှာ ​မွေး​ပေမယ့် မန္တ​လေးသူ ဖြစ်သွား​တော့တာပဲ။

​ဒေါက်တာ​ဇော်မြင့်​မောင်ကြီး မန္တ​လေး ဝန်ကြီးချုပ် ဖြစ်​တော့ မြို့​တော်ဝန်က ​ဒေါက်တာရဲလွင်၊ အိုး ဟန်ချက်ညီ လုပ်လိုက်ကြပုံများ၊ မန္တ​လေးမြို့ကြီး တိုးတက်​ပြောင်းလဲလာတာကြည့်ပြီး ရန်ကုန်ဇာတိသမားက အသားလွတ်​ပျော်​နေတာ။ ရန်ကုန် -မန္တ​လေး အပြိုင်​ပြောကြတဲ့ ပို့စ်​တွေများ​တွေ့ရင် ကိုယ်က ရန်ကုန်​မွေး ရန်ကုန်​နေပြီး မန္တ​လေးဖက်က။

​နွေပူပူတစ်​နေ့၊ အိမ်သားက အ​ပေါ်ထပ်မှာ ​ရေချိုးရင်း လမ်းမထက်က မုန့်လက်​ဆောင်း ​သည် အော်သံကြားပြီး ဝယ်ထား​ပေးစမ်းပါတဲ့။ အို​ကေ​ပေါ့၊ ကိုယ်ကလည်း ​မုန့်လက်​ဆောင်း ​သောက်ချင်​နေတာ။ ကုက္ကိုရွက်​လေး​တွေ ပတ်စည်းထားတဲ့ ထညက်ရည်အိုး​လေးနဲ့ မုန့်လက်​ဆောင်းဖတ် ဖြူဖြူ​လေး​တွေပါပြီး နှမ်း​ထောင်း ရနံ့​လေးနဲ့။ အ​တွေး​လေးနဲ့တင် ရင်ထဲ​အေးမြလာပြီး ချိုင့်​လေးယူ လမ်းထဲ ဆင်းသွားတယ်။ မုန့်လက်​ဆောင်း ၂ ခွက်ဆို​တော့ ထည့်​ပေးတာ ​ရွှေရင်​အေး​တွေ၊ ဟင်! မင်းဟာ မုန့်လက်​ဆောင်းလည်း မဟုတ်ဘူး၊ ​ရွှေရင်​အေး​တွေ ဆို​တော့၊ ဒါပဲ ပါတာ ခင်မျ တဲ့။ မ​ကျေမနပ်နဲ့ ဝယ်ပြီး မုန့်လက်​ဆောင်း မပါလဲ မုန့်လက်​ဆောင်း ထည့်မ​အော်နဲ့​ပေါ့ လို့ ​ပြောခဲ့လိုက်​သေးတာ၊ ​စျေးသည်​လေးက​တော့ အူ​ကြောင်​ကြောင် ကြည့်လို့။

အိမ်​ပေါ်ပြန်တက်လာ​တော့ အိမ်သားက ​ရေချိုးပြီး ​အောက်ပြန်ဆင်းလာပြီ။ မုန့်လက်​ဆောင်း မရဘူး၊ ​ရွှေရင်​အေးပဲ ပါတာတဲ့ ဆိုပြီး ကိုယ်က ကွန်ပလိန်း​တွေ ​(မုန့်လက်​ဆောင်း မရှိပဲ မုန့်လက်​ဆောင်း ထည့်​အော်တဲ့အ​ကြောင်း) ပြောမယ်အလုပ် သူက ချိုင့်ထဲ တချက် ကြည့်လိုက်ပြီး "ဟုတ်တယ်​လေ၊ အဲဒါပဲ စားချင်တာပဲ" တဲ့။

​"သြော်" - ကျမက အိမ်သားကို ဇ​ဝေဇဝါကြည့်မိတယ်။ ကျမမျက်လုံး​တွေက ​စျေးသည်​လေးရဲ့ အူ​​ကြောင်​ကြောင်မျက်နှာထားနဲ့ တူချင်တူ​နေမှာ။

သူတို့ ရန်ကုန်သား​တွေက ​ရွှေရင်​အေးကို မုန့်လက်​ဆောင်း လို့လည်း ​ခေါ်ကြတာကိုး။ ​ရွှေရင်​အေးက သပ်သပ် မုန့်လက်​ဆောင်းက သပ်သပ်လို့ သူတို့ နားမလည်ကြဘူးပဲ။ မုန့်ဖတ် အစိမ်း​တွေနဲ့ အုန်းနို့​တွေ ​​ကျောက်​ကျော​တွေ ​​ရောထည့်ထားတဲ့ ​ရေခဲတုန်းပါလည်း ရင်ပူ​စေတဲ့​ ​ရွှေရင်​အေးကို မုန့်လက်​ဆောင်း ​တဲ့​လေ။ ရင်တကယ်​အေး​စေတဲ့ ထညက်ရည်နဲ့ မုန့်လက်​ဆောင်းဖတ် ဖြူဖြူ​လေး​တွေ မစားတတ်ကြတာ သနားစရာ။ သူတို့မစားတတ်ရုံတင်မက ကျမတို့ရိုးရာ မုန့်လက်​ဆောင်းကိုပါ ​ဖျောက်ဖျက်ပစ်လိုက်ကြတာပဲ။ ဒါ ပြစ်မှု​ပေါ့။

ရန်ကုန်သူ ရန်ကုန်သား​တွေကို မုန့်လက်​ဆောင်း ​ဖျောက်ဖျက်မှုနဲ့ တရားစွဲမယ်။ ယူနက်စကိုမှာ မုန့်လက်​ဆောင်း ထိန်းသိမ်း​ရေး အဆိုပြုကြမယ်။ ဘယ်သူ ဘယ်ဖက်က ပါကြမလဲ၊ စာရင်း​ပေး​နော်။

#​မေနှင်း​အေး
#ရန်ကုန်သားနဲ့ မန္တ​လေးသူ
#မုန့်လက်​ဆောင်း

စာကြွင်း - ​ရေးထားတာကြာပြီ၊ စာက မြူး​နေ ​ပေါ့ပါး​နေသလားလို့ မတင်ခဲ့တာ။ ခု​တော့ ဆရာ​ဇော်နဲ့ မန္တ​လေးကို လွမ်းလို့။

26/08/2024

အထင်၊ အမြင် နဲ့ အ​မြော်အမြင်

အထင်နဲ့ အမြင်လို့ ​ပြောလိုက်ရင် တူတယ်ထင်ပြီး မတူတတ်တာလို့ သိကြပါတယ်။ မြင်တယ် - မြင်တာကို သိရင် မြင်သိစိတ်ဖြစ်တယ်၊ အထင်က ဘယ်က ​ရောက်လာသလဲ၊ တကယ်​တော့ တပြိုင်တည်းလိုလိုဖြစ်တာပါ။ အဘိဓမ္မာမှာ စိတ်​တွေကို ​လေ့လာရင်​တော့ မြင်သိစိတ် (စက္ခုဝိညာဏ်) နဲ့ ကြံသိစိတ် (မ​​နောဝိညာဏ်)တို့ ချက်ချင်းလို ဖြစ်သွားတာပါ။ ကြံသိစိတ်ကျ​တော့ စူးစမ်းတာ လက်ခံတာ အရင်သိထားတာ​တွေနဲ့ နှိုင်းယှဥ်တာ​တွေ ပါသွားပါပြီ၊ တဦးချင်းရဲ့ အယူအဆ အ​တွေးအမြင် အစွဲအလမ်းအလိုဆန္ဒ အလိုက် ခြားနားသွားပါပြီ။ မြင်လိုက်ရတာ တူ​ပေမယ့် အထင်​အ​တွေးတွေက ခြားနားသွားပါပြီ။

တ​လောက တရုတ်နိုင်ငံခြား​ရေးဝန်ကြီးလာတုန်းက ​တွေ့ဆုံပွဲမှာ.လူ​တွေက အမျိုးမျိုး သုံးသပ်ကြတာ​တွေ ​တွေ့မှာ​ပေါ့၊ မြင်ကွင်းတစ်ခုတည်းကိုပဲ ကြည့်ပြီး​တောင် လူ​တွေက မတူခြားနားစွာ ​တွေ့ရှိတတ်ကြတယ်။

ဒါ​ကြောင့် Seeing is believing (ကိုယ်တိုင်မြင်မှ ယုံ) လို့ ​ပြောတတ်ကြ​ပေမယ့် ကိုယ်မြင်တာ​တွေ ကိုယ်ယုံလို့မရတာ လက်​တွေ့ဘဝ​တွေမှာကြည့်​လေ၊ မျက်လှည့်ပွဲ​တွေမှာ ကြည့်​လေ။ အလင်းယိုင်တာတို့၊ မီးရထားသံလမ်း​တွေက အ​ဝေးတ​နေရာမှာ သံလမ်းချင်း ထိ​နေတာတို့၊ ဘယ်​လောက်များ မျက်​စေ့ကို လှည့်စားလိုက်သလဲ။ Seeing is deceiving လို့​တောင် ​ပြောနိုင်မယ်။

အခု နည်းပညာ​တွေ တိုးတက်လာတဲ့အခါ Deep fake ​တွေနဲ့ မဟုတ်တဲ့သူ​ယောင်လည်း​ဟန်ဆောင်နိုင်တယ်၊ မ​ပြောတဲ့စကားလည်း ​ပြောသလို လုပ်နိုင်တယ်။ ကိုယ်မြင်တယ်လို့ ထင်တာက ကိုယ်မမြင်တာ​တွေ ဖြစ်​နေတယ်​လေ။ အထင်နဲ့ အမြင်ကြားမှာ ကွာဟမှုနည်း​စေဖို့ အမှန်အတိုင်း မြင်နိုင်ဖို့က မှန်ကန်စွာ သုံးသပ် အကဲဖြတ်နိုင်ဖို့ တယူသန် မစွဲဖို့ လိုတယ်။ အဲဒီလိုဖြစ်ဖို့ အသိပညာ ဗဟုသုတနဲ့ မ​မေ့မ​လျော့ပြန်လည် ဆန်းစစ်တတ်ဖို့လိုတယ်။

​ကြော်ငြာတခုမှာ က​လေးကို လှည့်ဖြား​ခေါ်မယ့် မိန်းက​လေးကို က​လေးက ကျွန်​တော့်အ​ဖေ အဲဒီလို သူများကို အကြို မခိုင်းတတ်ပါဘူး ဆိုတဲ့အခါ မိန်းက​လေးက ဖုန်းတခု​ခေါ်​ပေးတယ်၊ ​ဖြေသူက က​လေးအ​ဖေဟန်​ဆောင်ထားသူ၊ လိုအပ်တဲ့ အရုပ်အသံရရင် နည်းပညာနဲ့​ပေါင်းစပ်ပြီး တကယ်သူ့အ​ဖေက ​ပြော​နေသလို ဒီမိန်းက​လေးနဲ့ လိုက်လာခဲ့ဖို့ ​ပြော​အောင် လုပ်လို့ရတယ်။ က​လေးက ​ကျောင်းလခ​ပေးရမယ့် အ​ကြောင်း ​ပြောလိုက်တယ်၊ ​အေး​အေး ​ပေးတာ​ပေါ့တဲ့၊ တကယ်က အဲဒီ​နေ့မနက်က ​ပေးလိုက်ပြီးပြီ၊ အဲဒီအခါ သူ့ကို လှည့်ဖျား​ခေါ်တာ သိသွားပြီ​ပေါ့။ အဲဒီလို ပါးပါးနပ်နပ် ဆင်ခြင် သုံးသပ် သတိထားဖို့လိုတယ်။ အထူးသဖြင့် အမြင်တိုင်းကို မယုံရတဲ့ အ​နေအထားမှာ​ပေါ့။ အထင်​တွေနဲ့​ပေါင်းပြီး အမြင်လုပ်တဲ့ သတင်းမျိုး​တွေလည်း ပုံပြီး ယုံလို့ မရဘူး​လေ။

​ခေါင်း​ဆောင် ဆိုတာ အမြင် ရှိရမယ်လို့ ​ပြောတဲ့အခါ​ကျတော့ အဲဒီအမြင်ဆိုတာ vision အ​မြော်အမြင်၊ ​ရှေ့​ရေးကို ​မြော်​တွေးတတ်တဲ့ အမြင်ကို ​ပြောတာ၊ ထင်ရာ မြင်ရာကို စွပ်​ပြောတာမျိုး မဟုတ်ဘူး။ ​ထောင်​ထောင်ကြီး ဇောက်ထိုးစိုက်​နေတာကို ဦး​မော့​​နေတယ်ဆိုရင်​တော့ အကဲဖြတ်ချက်လွဲ​နေလို့ ဆုံးဖြတ်ချက်​တွေ မှား​တော့မယ်၊ အ​မြော်အမြင် ရှိတယ် မ​ခေါ်နိုင်ဘူး။

​ရှေ့​ရေး​မြော်​တွေးရတယ်ဆိုတာ ခက်တာ​ပေါ့၊ မသိကိန်း​တွေ မ​ရေရာ​သေးတာ​တွေ အများကြီးပဲ​လေ။ ဒါ​ကြောင့်လည်း ​ခေါင်း​ဆောင်လုပ်ဖို့ အ​မြော်အမြင်ရှိဖို့ ခက်တာ​ပေါ့။ အဲဒီထက် ပိုခက်တာက​တော့ ကိုယ့်ကိုကိုယ် မှန်မှန်ကန်ကန် အကဲဖြတ်ဖို့ပဲ။

လူဆိုတာ ကိုယ့်ကိုကိုယ် ပိုပိုသာသာ ပို​တွေးတတ်​​လေတော့ အထူးသဖြင့် ကိုယ့်ကိုကိုယ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်​တွေမှာ မှန်မှန်ကန်ကန် အကဲဖြတ်ဖို့ ခက်တယ်၊ ဒါ​ကြောင့် အဲဒီလို အ​ခြေအ​နေမျိုးမှာ သူများ​ပြောတာ​တွေ နား​ထောင် ဆန်းစစ်ကြည့်ဖို့လိုတယ်။ မိတ်​ဆွေ​ကောင်း​တွေ ပညာရှိ​တွေနဲ့ တိုင်ပင်နိုင်မယ်၊ သမာသမတ်ကျတဲ့ စာနယ်ဇင်း​တွေရှိမယ်ဆိုရင်​တော့ အမှန်ကို သိလာမှာပါ။

ဒီလိုမှ မဟုတ်ပဲ ကိုယ့်နားထားသူ​တွေက ကိုယ်ကြား​စေချင်တာ​ပြောမယ်၊ ကိုယ့်စာနယ်ဇင်းက ကိုယ့်ဘုန်း​တော်ဘွဲ့ ရွတ်မယ်ဆိုရင်​တော့ မှန်မှန်ကန်ကန် သိဖို့ ဆုံးဖြတ်ဖို့ ခက်လိမ့်မယ်။

လာမယ့်​ အ​မေရိကန်ရွေး​ကောက်ပွဲမှာ ဂျိုးဘိုင်ဒင် ဆက်ပြိုင်မယ်ဆို​တော့ မ​ထောက်ခံသူ​တွေရှိ​ပေမယ့် ​ထောက်ခံကြသူ​တွေလည်း ရှိတယ်၊ ဒါ​ပေမယ့် ပြိုင်ဘက်နဲ့ စကားရည်လုရာမှာ သူအ​ခြေမလှကတည်းက ​ထောက်ခံသူ​တွေ ပိုနည်းလာတယ်။ မပြိုင်​တော့ဖို့ အတိအလင်း​ပြောလာကြတယ်၊ တကယ်က သူသမ္မတ သူပါတီ​ခေါင်း​ဆောင်ပဲ၊ ဇွတ်လုပ်မယ်ဆို ဖြစ်တာ​ပေါ့၊ သူလည်း ပထမ​တော့ ကြိုးစားကြည့်​သေးတယ်၊ ဒါ​ပေမယ့် သူ​ နောက်​တော့ သ​ဘော​ပေါက်သွားတယ်။ သူမပြိုင်​တော့ဘူး၊ ဒုသမ္မတကို​နေရာ​ပေးလိုက်တယ်။

ဒါကို အခု​ပြော​တော့ လွယ်လွယ်​လေး၊ ဖြစ်သင့်ဖြစ်ထိုက်တာတခု မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့လည်း ​ပြောနိုင်မယ်။ လူ​ပြောင်းလိုက်ကတည်းက သူတို့ပါတီက အ​ခြေအ​နေ​ကောင်းလာတာကိုး။ ဒါ​ပေမယ့် ကာယကံရှင်အတွက်​တော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပဲ။ သူ့ဆုံးဖြတ်ချက်အတွက် သူ့ပါတီက​ကော ပညာရှိသူ​တွေက​ကော ချီးကျူးကြတယ်။ ပုဂ္ဂိုလ်​ရေးထက် ပါတီအတွက် နိုင်ငံအတွက်ကြည့်တဲ့ သူရဲ​ကောင်းလို့ ​ပြောကြတယ်။

ကျမက​တော့ အဲဒီဆုံးဖြတ်ချက်က သူ့အတွက်လည်း ​ကောင်း​စေတယ်လို့ မြင်တယ်။ သူက မနိုင်နိုင်တဲ့ ပြိုင်ပွဲမှာ ဇွတ်​ပေတွယ်ကပ်​နေရင် သူနံမည်ပျက်ရုံမက သူ့ပါတီလည်းရှုံး၊ နိုင်ငံလည်း နစ်နာမယ်​လေ။ သူကအခု ​အောင်မြင်စွာ ဆုပ်ခွာခြင်းဖြင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့တယ်။ အ​မေရိကန်ရဲ့ နိုင်ငံ​ရေးစနစ်၊ နိုင်ငံ​ရေး​ခေါင်း​ဆောင်​ဟောင်းများရဲ့ သြဇာ၊ စာနယ်ဇင်းမီဒီယာတို့ကလည်း ပံ့ပိုး​ပေးနိုင်ခဲ့တယ်။

ကျမတို့ တိုင်းပြည်မှာလည်း အရင်က ဗြိတိသျှ​တွေသိမ်းပိုက်ထားဖူးတယ်၊ ဂျပန်က ဝင်လာသိမ်းထားဖူးတယ်။ ဒီနှစ်ဖွဲ့မှာ ပြန်ထွက်​ပေးသွားရတာမှာ မတူဘူး၊ ဗြိတိသျှပါလီမန်စနစ်က အိ​န္ဒြေရရနဲ့ လွတ်လပ်​ရေး​ပေးလိုက်သည်ဆိုတဲ့ အ​ခြေအ​နေကို ဖန်တီးယူနိုင်တယ်၊ သူ့လူမျိုး​တွေအသက်​သွေး သူ့စီးပွား​ရေးတို့ကို အထိအခိုက်​ နည်း​စေတယ်၊ ဖက်ဆစ်ဂျပန်စနစ်က​တော့ အ​သေအ​ကျေတိုက် သူ့ဖက်လည်းကျ ကိုယ့်ဖက်လည်းကျ၊ ထိခိုက်ပျက်စီး၊သူလည်း မရှုမလှ စစ်ရှုံး စစ်​လျော်​ကြေး​တွေ ​ပေးပြီး ထွက်သွားရတာ။

အ​မြော်အမြင်ရှိသူဆိုတာ မျက်​တောင်​မွှေးတဆုံး မကြည့်ရဘူး၊ မျက်​စေ့တဆုံး (တ​မျှော်တ​ခေါ်) ကြည့်ရတယ်လို့ ဆိုတယ်​လေ၊ ​ခေါင်း​ဆောင်​တွေ အ​မြော်အမြင်ရှိရင် ရှုံး​တောင် ရှုံး​ပျော်တယ်၊ နစ်နာမှုနည်းတယ်​ပေါ့။

ကိုယ်ကိုယ်တိုင် အ​မြော်အမြင်ရှိတာ ​ကောင်းသလို၊ ကိုယ့်အနားမှာ ကိုယ့်ပတ်ဝန်းကျင်မှာ အ​မြော်အမြင်ရှိသူ​တွေ ရှိတာလည်း ​ကောင်းတာပဲ။ အဲဒီထက် ပို​ကောင်းတာက​တော့ အ​မြော်အမြင်ရှိသူ​တွေက လုပ်ပိုင်ခွင့်ရှိပြီး လုပ်သင့်တာ လုပ်ကြရင် အ​ကောင်းဆုံး​ပေါ့။

တခါက ဝန်ထမ်းဘဝမှာ ဝန်ကြီးဌာနအသီးသီးက အကြီးတန်းအရာရှိကြီး​တွေ နယ်လှည့်အစည်းအ​ဝေးလုပ်ကြရ​တော့ စာရင်းစစ်ဌာနက အမကြီးတ​ယောက်ကို ကြုံဖူးတယ်။ သူက "စီမံခန့်ခွဲသူရဲ့ အ​မြော်အမြင် ဆင်ခြင်တုံ တရား" ဆိုတာကို ​ဆွေး​နွေးပွဲတိုင်းမှာ ထည့်ထည့်​ပြောတယ်။ ပထမ​တော့ သူကလည်း ဒါချည်းပဲ ​ပြော​ပြော​နေတယ် ထင်တာ၊ တကယ်​တော့ အဲဒီအချက်ဟာ အများနဲ့ဆိုင်တဲ့ စီမံခန့်ခွဲမှုတိုင်းမှာ သိပ်လိုအပ်တဲ့ အ​ရေးကြီးတဲ့အချက်ဆိုတာ လုပ်သက်ကြာတာနဲ့အမျှ သိရှိလက်ခံလာရတယ်။

ကျမတို့နိုင်ငံလို စည်းမျဥ်းစည်းကမ်း ဥပ​ဒေ နည်းဥပ​ဒေ လိုအပ်ချက်​တွေများတဲ့နိုင်ငံမျိုး မ​ပြောနဲ့ စနစ်တကျ ရှိပါတယ်ဆိုတဲ့ နိုင်ငံ​တွေမှာ​တောင် မ​မျှော်လင့်တာ၊ စည်းကမ်း ဥပ​ဒေထဲ မပါ​သေးတာ၊ အသစ်အဆန်းဖြစ်တာဆိုတာ​တွေက အများသား​လေ၊ ဦး​ဆောင် တာဝန်ရှိသူက အ​မြော်အမြင် ဆင်ခြင်တုံတရား မရှိရင်အားလုံး က​သောင်းကနင်း ဖြစ်ချင်တိုင်း ဖြစ်​ရော​ပေါ့။

🌹အထင်နဲ့ အမြင်ကို ခွဲခြမ်းစိတ်ဖြာ နားလည်ပြီး အ​မြော်အမြင် ဆင်ခြင်တုံတရားရှိသူ​တွေ ဖြစ်ကြပါ​စေ။

#​မေနှင်း​အေး

23/08/2024

အရှုံးထပ်​ပေါင်းတန်ဖိုး

" အရှုံးထပ်​ပေါင်းတန်ဖိုး" ဆိုတာ.အခုတ​လော ​တွေးမိ​နေတဲ့ စကားလုံးပါ။ ဒီစကားလုံးကို စီးပွား​ရေး အဘိဓါန်​တွေထဲ ရှာမ​တွေ့နိုင်ဘူး ထင်ပါတယ်။ ရှာမ​တွေ့ပဲ ကျမက ဘာလို့ ​ပြော​နေရသလဲဆိုရင် အဲဒါ ကျမတို့ ​နေ့တိုင်း​တွေ့ကြုံ​နေရတဲ့ ဖြစ်ရပ်မို့ပါပဲ။

​စျေးထဲမှာ ဟိုဖက်ဆိုင်က ငှက်​ပျောဖီးက ​လေး​ထောင်ပါ၊ ဒီမှာ ဘာလို့ ငါး​ထောင် ဖြစ်​နေလဲ၊ "ကျမ ငှက်​ပျောဖီးက ပိုကြီးတယ်အမ" ကျမ ငှက်​ပျောဖီးက ပင်မှည့်" စသဖြင့်ကျမတို့က ကိုယ်တန်ဖိုးထားတဲ့ အရာ​တွေအလိုက် ​စျေးပိုကြီး​ပေးခြင်းဖြင့် ကိုယ်နှစ်သက်ရာကို ယူကြတယ်။ ​စျေးပို​ပေးရတယ်ဆိုတာ တန်ဖိုးမြှင့်တာ တခုခုရှိလို့ပဲ။ Value added ဆိုတာ အသွင်မျိုးစုံရှိနိုင်တယ်။ သူ့တန်ဖိုးက မြင့်သွားရမယ်၊ ​စျေးနှုန်းလည်း မြင့်မယ်။

လမ်း​ဘေးလဖက်ရည်နဲ့ ဆိုင်ကြီး​ပေါ်က လဖက်ရည် အရသာ တူချင် တူမယ်၊ အခင်းအကျင်း ပတ်ဝန်းကျင် မတူတဲ့အခါ ​ပေးရတဲ့ ​​စျေးခြင်းလည်း ကွာသွားတာပဲ။ ပြင်သစ်မှာ ​ကော်ဖီဆိုင်ထိုင်တဲ့ ဓ​လေ့ထွန်းကား​တော့ ​နေရာ​ကောင်းက ဆိုင်​တွေမှာ ဆိုင်ထဲဘားမှာ ထိုင်​သောက်ရင် တ​စျေး၊ အပြင်က မြင်ကွင်း​ကောင်းမှာ ထိုင်​သောက်ရင် တ​စျေး။ ဒီဆိုင် ဒီခွက် ဒီ​ကော်ဖီကိုပဲ ​ကော်ဖီအရသာခံ ခပ်မြန်မြန်​မော့ချင်ရင် ​စျေးသက်သာတာ​ဘားမှာပဲ သောက်​ပေါ့၊ ​အေး​အေးလူလူ ရှုခင်းမြင်ကွင်း​လေးနဲ့ ဇိမ်ခံ ​သောက်ချင်ရင်​တော့ ​စျေးကြီး​ပေး​သောက်​ပေါ့။ တန်ဖိုးမြှင့်တာ တခုခုအတွက် ​စျေးပို ​ပေးကြရတယ်။

မန်ကျီးသီး ထန်းလျက်၊ အာလူး၊ ပဲ၊ ကြက်သွန် စသဖြင့် အများ​ စုပုံ​ရောင်းတဲ့အခါ ​စျေးနည်းနည်း သက်သာတယ်၊ သန့်သန့်စင်စင် ​ရွေးဖယ်ပြီး ​ကောင်း​ကောင်းမွန်မွန် ထုပ်ပိုးထား​တော့ ​စျေးပို​ပေးရပြန်​ရော၊ ပို​ပေးရတဲ့​စျေးအတွက် တန်ဖိုးတခုခု​တော့ ထပ်တိုး​ရလာတယ်။

အများအပြားယူရင်​စျေး​လျှော့​ပေးတာမျိုး လက်လီ​စျေး လက်ကား​စျေး ကွာတာရှိ​ပေမယ့် အ​ရေအတွက် ပမာဏာတူတာမှာ ​စျေးမတူဘူး ဆိုရင်​တော့ တခုခု တန်ဖိုးမြှင့်​ပေးရတယ်။ တန်ဖိုးမမြှင့်ပဲ ​စျေးတိုး​ပေးရရင်​တော့ မူမမှန်​စျေးကွက် ဖြစ်​နေပြီ။ ဘာ​ကြောင့်ဖြစ်ရသလဲ အ​ဖြေရှာဖို့ လိုအပ်တယ်။ ​စျေးသည်က အ​ကြောင်းမဲ့ ပိုယူတယ်၊ သူများထက် ​စျေးတင်တယ်ဆိုရင် ​ရေရှည်မှာ သူ့ဆီ မဝယ်ကြ​တော့ဘူး၊ ဒါ​စျေးကွက် သ​ဘောတရားပဲ။

ပစ္စည်းရှားသွားရင်လည်း ​​စျေးတက်တာပဲ၊ လိုချင်သူများပြီး ပစ္စည်းက နည်း​နေရင် ​စျေးပို​ပေးရတာ​ပေါ့။ ဒါလည်း ပုံမှန်​​စျေးကွက် သ​ဘောတရားပဲ။ ​စျေး​ကောင်းရတဲ့အတွက်သွင်းကုန်ဆိုရင် သွင်းသူ​တွေက ပိုသွင်း၊ ထုတ်ကုန်ဆိုရင် ပိုထွက်​အောင် ထုတ်လုပ်၊ ​စျေးကွက်လိုအပ်ချက်နဲ့ ပစ္စည်း ချိန်သားကိုက်သွားပြီဆိုရင် မဟားဒရား ​စျေးပိုမ​ပေးရ​တော့ဘူး။ ​စျေးတက်ခြင်းက ပိုထုတ်လုပ်ချင်လာ​အောင် ပံ့ပိုးတယ်။ ပိုတက်တဲ့​စျေးကို ​ပေးနိုင်သူ​တွေ ရှိ​နေသ​ရွေ့ ​စျေးကွက်ကို စည်ပင် ဖွံ့ဖြိုး​စေတယ်။

​မှန်ကန်စွာ လည်ပတ်​နေတဲ့ ​စျေးကွက် တခုမှာ ပစ္စည်း​တွေက လိုတဲ့အချိန် လိုသလိုရတယ်၊ ​ရောင်းသူ ဝယ်သူမှာ ​ရွေးချယ်စရာ​​တွေရှိတယ်။ ပို​စျေး​ကောင်းရ​အောင် ပို​ကောင်းတဲ့ ပစ္စည်း​တွေ ဝန်​ဆောင်မှု​တွေ​ပေးဖို့ ကြိုးပမ်းချက်​တွေနဲ့ ​စျေးကွက်က ရှင်သန်​နေတယ်။ ဒီအ​ခြေခံ သ​ဘော​တွေ နားမလည်ပဲ (မမြင်ရတဲ့လက်တစုံ)​နေရာမှာ ငါက လုပ်ပိုင်ခွင့်ရှိတယ်ရယ်လို့ ဝင်စွက် ချုပ်ကိုင်မိရင်လည်း အများကတန်ဖိုးကြီးကြီး​ပေးလိုက်ရတတ်တယ်။ လုပ်တတ်ရင်​တော့ မသိမသာ​လေး ထိန်း​ကျောင်း​ပေးရုံနဲ့ အများက ဖွံ့ဖြိုးစည်ပင်မှု ရလာဒ်​တွေ ရ​စေတယ်။

တ​နေ့က ​ခေါင်းသွား​လျှော်​တော့ ​လျှော်ခ တ​​သောင်းတဲ့။ အလွန်လျင်မြန်တဲ့ ​ငွေ​ကြေး​ဖောင်းပွမှု​တွေကြားမှာ မနှစ်ကတင် ငါး​ထောင်နဲ့ ​လျှော်လို့ရတဲ့ ဝန်​ဆောင်မှုမှာ ၂ဆ တက်သွားတယ်။ တကယ်​တော့ ၈၀၀၀ ပါ၊ မီးပျက်ချိန်ဆို မီးစက်ဖိုး ၂၀၀၀ ထည့်ယူတာပါတဲ့။ အဲဒီမှာ ကျမတို့ ဆုံးရှုံးသွားတဲ့ တန်ဖိုးပဲ။ ကျမက ပို​ပေးလိုက်ရတယ်၊ ဝန်​ဆောင်မှု​ပေးသူက ပိုမရဘူး။ သူ​ကော ကျမ​ကောမရပဲ ပိုကုန်ကျတဲ့ စရိတ်က မီးစက်ဖိုး၊ မီးစက်ကထွက်တဲ့ ဆူညံသံ နဲ့ အနံ့ဆိုး​တွေက ကျမ​ကော ဆိုင်ရှင်​ကော အနားမှာ ​နေထိုင်သူ​တွေ​ကော ဖြတ်သွားသူ​တွေ​ကော ထပ်​လောင်း​ပေးလိုက်ရတဲ့ တန်ဖိုး။ ​လေထု ညစ်ညမ်းမှုရဲ့ ​​နောက်ဆက်တွဲ ဆုံးရှုံးဦးမယ့် ကျန်းမာ​​ရေး စရိတ်​​တွေက ရှိဦးမယ်။

ခရီးတခုသွားရင် ခရီးစရိတ်​တွေ တက်တယ်ဆိုရာမှာ ကားခ ရထားခ ​လေယာဥ်ခ စား​သောက်စရိတ်ဆိုတာ​​တွေအပြင် စာရွက် စာတမ်း​ကြေး၊ ​ထောက်ခံစာ​ကြေး ဂိတ်​ကြေး​တွေက ပြည်သူ​တွေ လုပ်ငန်းရှင်​တွေက ပိုကုန်ကျရပြီး နိုင်ငံ​တော်က ဘာမှ မရ။ အဆင့်​​တွေ လုပ်ငန်းစဥ်​တွေ​ဖောင်းပွလေ ကုန်ကျစရိတ်က တက်​လေ၊ အမှန်တကယ် လုပ်ကိုင်သူက နစ်နာ​လေ။

​စျေး​တွေတက်တယ်၊ ​တရိပ်ရိပ် တဖြည်းဖြည်းတက်တာ​တော့ သဘာဝပဲ၊ စျေးတက်တာ သိပ်မြန်တယ် ဆိုရင် မှားယွင်းမှု စ​နေပြီ။ စျေးဆိုတာ တက်ပြီးရင် ပြန်မကျ။ စားသုံးသူ​တွေဖက်က ပိုကုန်ကျရတယ်။ သူတို့ ဝင်​ငွေက​တော့ တိုးမလာ၊ ကုန်သည်ကလည်း ပိုမရ၊ ​ရောင်းလို့ ကုန်ပြီးရင် ထပ်ဝယ်တဲ့အခါ တက်​စျေးအတွက် ထပ်စိုက်ရ၊ လိုက်ဖြည့်ရင်း စားရင်း အရင်းကပြုတ်။ စိုက်ပျိုး ထုတ်လုပ်သူကလည်း ​ထပ်တိုးကုန်ကျစရိတ်​​တွေ ကာမိ​အောင် စျေးတိုးမရ၊ ကြားထဲက ​ပျောက်ဆုံးသွားတဲ့ တန်ဖိုး​​တွေ ...
ပူပန် စိုးရိမ်မှု​တွေ၊ ​ကြောက်ရွံ့ခြင်း​တွေ၊ မ​ပျော်နိုင်ခြင်း​​တွေက ဝန်ထုပ်ဝန်ပိုးလို ​လေးလံ။ ပိုလုပ်​လေ ပိုရှုံး​လေ၊ ရှိတာ​လေး ပိုက်ထားတာက တန်ဖိုးရှိ​နေပြီး ​ရောင်းလိုက်ပြီးရင် ​နောက်ထပ် ပြန်ဝယ်ရမှာက တက်​စျေး... ဒီလိုနဲ့ လုပ်မယ့်သူ လုပ်ချင်သူ လုပ်နိုင်သူ​တွေ မရှိကြ​တော့ဘူး၊ ​စျေးကွက်က ​ခြောက်ခန်းသွားမယ်။

လစဥ်​ဆေးတစ်လစာ ဝယ်​လေ့ရှိ​တော့ အရင်လက တကဒ်ယူရမယ့်​ဆေးကို တဗူး (ဆယ်ကဒ်) မို့ ဒီလ ပြန်​ပေးတယ်၊ ထပ်ဝယ်တဲ့​ဆေး​တွေက အရင်လကထက် သိသိသာသာ တက်သွားတယ်။ ပြန်​ပေးတဲ့​ဆေးကဒ်​တွေ​တော့ အရင်လက ​စျေးအတိုင်း ပြန်​ပေးတာပါ။ သိတယ်ဆိုတာ​တော့ ​ပြောပြလိုက်ပါတယ်။ သူကလည်း ပုံမှန်ဆို ရက်ကြာသွားရင် ပြန်​တောင် မယူဘူးတဲ့။ သိတာ​ပေါ့ သူ​နောက်လူကို ​​ရောင်းတဲ့အခါ ​စျေးအသစ်နဲ့​ရောင်းမှာ၊ ဒါ​ပေမယ့် ကျမဆီမှာ ပို​နေမယ့်​ဆေး​တွေ လိုအပ်သူက ​စျေးကြီး​ပေး​တောင် မရနိုင်ဘူး မဖြစ်ရ​လေ​အောင် လိုအပ်သူဆီ ​ရောက်ပါ​စေလို့ ပြန်​ပေးခဲ့တာပါ။ သူရသွားတဲ့ ကျပ်​ငွေတန်ဖိုးက သူ့သိက္ခါကို ​လျော့ကျသွား​စေပြီး ကျမရလိုက်တဲ့ အရင်​စျေးရင်းမှာက ထပ်​ပေါင်းတန်ဖိုး ​​ဆေးလိုသူရ​စေဖို့စေတနာ ပါပါတယ်။

🌹အခက်အခဲ အကြပ်အတည်း​တွေက လူ​တွေကို ဆင်းရဲပင်ပန်း​စေတယ်။ ​ဘေးထွက်ဆိုးကျိုး​တွေ အများကြီးနဲ့ ဆင့်ပွားဆိုးကျိုး​တွေ အဆိုးသံသရာ​တွေ ဖြစ်​စေတယ်။ ဒီလိုအ​ခြေအ​နေမှာ ကိုယ့်အတွက်ပဲ စဥ်းစားပြီး သူများအတွက်​တွေးတဲ့ စာနာမှု​တွေ ​မေတ္တာတရား​တွေ ​လျော့ပါးသွားတတ်တယ်။ ​စျေးကြီး​ပေးပြီး တန်ဖိုးပိုရှိတာကို မရတဲ့အပြင် တန်ဖိုးမဲ့တဲ့ အမှိုက်​တွေပါ အပို​ဆောင်း ​ရောက်လာတာ​ပေါ့။

တရားမဝင်ရ​ပေါက် ရလမ်းလို့ သိ​ပေမယ့် ဒီအခွင့်အ​ရေးမျိုး နှစ်ခါ လာချင်မှ လာမယ်ရယ်လို့ ​တော​ကြောင်​တွေလည်း လက်ခ​မောင်းခတ်ကြမယ်။
ကောသလအိပ်မက်​တွေလည်း အချက်တိုင်း မှန်​နေလိမ့်မယ်။
အူမ မ​တောင့်လို့ သီလ မ​စောင့်နိုင်တာပါလို့လည်း ချွင်းချက်​ပေးကြလိမ့်မယ်။ ​​နေဖို့ညစာ ​..နောင်​ရေးအတွက်.. ရယ်လို့ အတ္တကိုတာကို ကြီးကြီးမားမား ထားကြလိမ့်မယ်၊ ကိုယ့်သက်တမ်းက ဘယ်​ရွေ့ဘယ်မျှ ဆိုတာ နည်းနည်းမှ ဆင်ခြင်မထားပဲနဲ့​ပေါ့။ ငါ့အတွက် ပျားရည်စက်​တွေလို သိမ်းပိုက်မိတာက တပါးသူရဲ့ မျက်ရည်နဲ့ နှလုံး​သွေး​တွေ ဖြစ်​နေမလားလို့ မစဥ်းစားပဲနဲ့​ပေါ့။

💗စီးပွား​ရေးအရအရှုံးထပ်​ပေါင်းတန်ဖိုး​တွေ အပြင် သံသရာအတွက် အရှုံးထပ်​ပေါင်းတန်ဖိုး​တွေ မယူမိ​အောင် ကြိုးစားနိုင်ကြပါ​စေ။ ကိုယ်မတားဆီးနိုင်တဲ့ အရှုံး​တွေကြားက အများအတွက် သံသရာအတွက် တန်ဖိုးရှိတဲ့အမြတ်ထွက်​အောင် ​ဆောင်ရွက်နိုင်ကြပါ​စေ။

21/08/2024

မွေး​နေ့အ​တွေး

တကယ်​တော့ သတ္တဝါ​တွေအ​နေနဲ့ ​မွေးလာပြီးရင် အ​သေချာဆုံးက ​သေဖို့ပါပဲ။ တကယ်​တော့ ပဋိသ​န္ဓေ​နေ စဥ်ကာလကစလို့ ဇီဝဖြစ်စဥ်​တွေက ရပ်တန့်လို့မှ မရတာ၊ ​မွေးဖွားကြီးပြင်းလာခြင်းက ​သေဆုံးဖို့ တဖြည်းဖြည်း နီးလာခြင်းပဲ​ပေါ့။

​မွေး​နေ့​ရောက်လာ​တော့ ဟက်ပီးဘတ်​ဒေးလုပ်ကြတယ်။ ​ပျော်ပွဲ​တွေဆင်နွှဲကြတယ်။ တကယ်က တနှစ်ထက် တနှစ် တရက်ထက်တရက် ​သေဖို့ ပိုနီးလာတာ​လေ။ ​မွေး​နေ့ဆိုတာ ရှင်သန်ခြင်းအထိမ်းအမှတ်မို့ ငါ​တော့ ဘယ်နှနှစ်ပြည့်သွားပြီ၊ ​ငါဘယ်​တော့ ​သေမယ်ဆိုတာ မသိနိုင်တာမို့ မ​သေခင် ဘဝကို ဘယ်လို အ​ကောင်းဆုံး​နေသွားမယ်လို့ ဆင်ခြင် သုံးသပ်ခြင်းဟာ ​မွေး​နေ့ကို အသိဥာဏ်ဖြင့် ဆင်နွှဲခြင်းပါပဲ။

လူ​တွေက ​သေရမှာ ​ကြောက်တတ်ကြတယ်။ ငါ​သေနိုင်တယ်ဆိုတာ ​မေ့ထားကြတယ်။ တကယ်က ​မွေးလာသူတ​ယောက်က ​သေရမှာပဲမို့ ​သေခြင်းကို ​ကြောက်​နေမယ့်အစား ရင်ဆိုင်ဖို့ ပြင်ဆင်ရမှာပါ။ မပြင်ဆင်နိုင်သူက ရုတ်တရက် ရင်ဆိုင်ရရင် ပိုထိခိုက်ခံစားရတာ​ပေါ့။ ငါ​သေနိုင်တယ်၊ ငါချစ်ခင်ရသူ​တွေလည်း ​သေနိုင်တယ် ဆိုတာ အမြဲ ဆင်ခြင်​နေသူအတွက် အလို ​လောဘ ​ဒေါသ ​လျော့နည်း​စေပါတယ်။

တချို့ကျလည်း ဘဝမှာ ရှင်သန်ရတာ ဆင်းရဲ ပင်ပန်းလွန်းလို့ ​သေချင်တယ်၊ ​သေရင် ဒုက္ခ​တွေ ငြိမ်းတယ် ထင်တတ်တယ်။ တကယ်​တော့ ​သေပြီးလည်း ဘဝ ထပ်ရရင် ဒီဒုက္ခမျိုး​တွေက ထပ်ဖြစ်​နေဦးမှာပဲ။ ​နောက်ဘဝက ဒီဘဝထက်မ​ရေရာခြင်း​တွေ ပိုများမှာပါ။

တကယ်တမ်းမှာ ​သေခြင်းထက် ​ကြောက်စရာ​ကောင်းတာက ဒုက္ခပါ။ ​သေခြင်းကို မ​ရှောင်နိုင်​ပေမယ့် ဒုက္ခကို ​ကျော်လွှားလို့ ရပါတယ်။ ဒုက္ခရဲ့ ရင်းမြစ်က တွယ်တာခြင်း၊ တွယ်တာမက်​မောတာ​​တွေ ​လျှော့နိုင်​လေ ဒုက္ခက ကင်းလွတ်​လေပါပဲ။ ကိုယ်ကိုကိုယ် ဆင်ခြင်တိုင်း ဒုက္ခက ကင်းလွတ်ရာကို ​တွေးဆတိုင်း တပ်ငြိတွယ်တာမှုက ရုန်းထွက်နိုင်​လေ ဒုက္ခက ကင်းလွတ်​လေ ဆိုတာ​တွေ့ရပါတယ်။

ဒါဖြင့် လူ့ဘဝ​ရောက်လာပြီး ဘာမှ မတပ်ငြိ မတွယ်တာရရင် ဘာအကျိုးရှိဦးမှာလဲလို့ ထင်စရာရှိပါတယ်။ တကယ်​တော့ တပ်ငြိမှုက လွတ်ကင်း​လေ ဘဝက​ပေါ့ပါး​နေ​ပျော်​လေ ဆိုတာ လုပ်ကြည့်မှ သိသာပါတယ်။

မတွယ်တာပဲ ​နေနိုင်ပါ့မလားလို့ သံသယမရှိပဲ စမ်းကြည့်လိုက်ပါ။ ဘဝက ပို​နေ​ပျော်လာပါတယ်။ ဒါမှဒါ ဒါစားရမှ ဖြစ်မယ်ဆိုတဲ့ တွယ်တာမှုနဲ့ လိုက်ရှာစားရင် စားရတဲ့အခါ.​ကျေနပ်မှုနဲ့ မစားရတဲ့အခါ စိတ်ဆင်းရဲမှု စိတ်ဆင်းရဲမှုက​တောင် ပိုများ​နေဦးမယ်။ ကိုယ်ကြိုက်တာ​လေး ရတဲ့အခါ စားလိုက်ပြီး မရတဲ့အခါလည်း ရတာ အဆင်​ပြေတာကို စားလိုက်တာက ​သောက နည်း​စေပြီး အရသာသစ်ကိုလည်း ရှာ​ဖွေ​တွေ့ရှိ​စေပါတယ်။

သူမှသူရယ်လို့ ကိုယ့်ကြင်​ဖော်ကို တပ်ငြိမှု​တွေနဲ့ တွယ်ဆုပ်ထားပြီး ကိုယ့်အလိုအတိုင်း သူ့ကို ​နေ​စေမယ့်အစား ဒီဘဝမှာ တို့​တွေ ဆုံလာကြတယ် သူ့ကို အဆင်​ပြေ​စေမယ် သူ့ကို စိတ်ချမ်းသာ​စေမယ်ဆိုတဲ့ ​မေတ္တာထားလိုက်ရင် ဆက်ဆံ​ရေးက ပိုအဆင်​ပြေ စိတ်ချမ်းသာရ​စေပါတယ်။ အလားတူပါပဲ ကိုယ့်သားသမီး မိဘ ​မောင်နှမ​တွေကိုလည်း စစ်မှန်တဲ့ ​မေတ္တာ ထားကြည့်ပါ၊ ​မေတ္တာဟာ တပ်ငြိခြင်း မဟုတ်ပါဘူး၊ သူ့အကျိုးလိုလားခြင်း​စေတနာပါ။

အလိုဆန္ဒ​တွေ ​လျှော့ချနိုင်​လေ ကိုယ်ရ​နေတာ​တွေရဲ့ တန်ဖိုးကို ပိုခံစားပြီး စိတ်ချမ်းသာရ​လေပါပဲ။ အလိုဆန္ဒ​တွေ မ​လျှော့ချနိုင်သူ​တွေက​တော့ မရ​သေးတာ​တွေအတွက် ပူ​လောင်ပြီး ရ​နေတာ​တွေကို မခံစားနိုင် ဖြစ်တတ်ပါတယ်။

​အေးချမ်းတဲ့ဘဝကို လိုချင်ရင် အလိုနည်း​အောင် လုပ်ရမယ်လို့ပဲ သ​ဘော​ပေါက် ဆုံးဖြတ်မိပါတယ်။

🌹အပြစ်ကင်းစွာ ​နေထိုင်နိုင်ခြင်းဖြင့် စိတ်ချမ်းသာကြပါ​စေ။
#​မေနှင်း​အေး

15/08/2024

နားချကြည့်ခြင်း


"နားချတယ်" ဆိုတဲ့စကား​လေးကို ဒီရက်ပိုင်းမှာ ​တွေး​နေမိပါတယ်။ ရှင်းပြစရာမလိုဘူးလို့ ထင်ရ​ပေမယ့် သူ့အဓိပ္ပါယ်​လေးက ​တော်​တော်လှပါတယ်။ သ​ဘောမတူတဲ့ကိစ္စ​တွေမှာ တခြားယဥ်​ကျေးမှု​တွေက အမြင်မတူဘူးလို့ ​မျက်​စေ့ အမြင်ကို အဓိက ပြောတတ်ကြ​ပေမယ့် မြန်မာ​တွေက နားအကြားနဲ့ ​ပြောတတ်ကြတယ်။ "နားခါး"တယ် (ပါးစပ်က အရသာခံတဲ့အခါ မနှစ်သက်တဲ့ အခါးဓါတ် စားလိုက်ရသလို) မကြားချင်တာ​တွေ ကြားလိုက်ရတဲ့အခါ "နားဝင်မချို" ပဲ နားခါးတာ​၊ "နားက​လော"တာတွေ ဖြစ်ကုန်ပါ​ရော။ "နားနင့်" တယ်ဆိုတဲ့ စကားလည်း ရှိတယ်​နော်။ ကြားရတာ ရင်ထဲမှာ နင့်သွား ဝမ်းနည်းသွားတာမျိုး​ပေါ့။ လွှမ်းမိုးသီချင်းထဲမှာ "နားနင့်နင့် ရင်ဆို့သည်" တဲ့ ရှင်းပြထားပါတယ်။

တကယ်​တော့လည်း စားတာ မြင်တာထက် ကြားရတာက ပိတ်ဆို့ဖို့ ပိုခက်တယ်​လေ။ မကြိုက်ဘူး၊ မစားချင်ဘူးဆိုတာကို ဇွတ်​ကျွေးချင်ရင် အတင်းချုပ် လုပ်မှ ရမယ်။ မကြည့် မမြင်ချင်ရင် မျက်​စေ့ ပိတ်ထားလို့ ရတယ်။ နားထဲ ဝင်လာတဲ့ အသံကို မကြား​အောင် ဆိုတာက ကာယကံရှင်အ​နေနဲ့ ​တော်​တော်အားထုတ်ဖို့ ခက်ပါတယ်။ အသံက လစ်လျူရှုဖို့ ခက်တာ တရားထိုင်သူ​တွေ သိပါတယ်။

ပြီး​တော့ သ​ဘောထား ဆိုတာကလည်း ကြားတာ မြင်တာ ​တွေနဲ့ ဆိုင်ပြန်​ရော၊ ကိုယ်တိုင်မြင်ရတာထက် သူများ​ပြောတာ​တွေ ကြားတာနဲ့ သ​ဘောထားအမြင်တရပ်က ဖွဲ့စည်းသွားတတ်တာ များ​တော့ ကျမက​တော့ သ​ဘောမတူတာကို နား/အကြားနဲ့ ဆက်စပ်​ပြောထားတာကို သိပ်သ​ဘောကျတာပဲ။

"စကားနားမ​ထောင်ဘူး" ဆိုတာက စကားကို မကြားတာ "နားထိုင်း"တာ မဟုတ်ဘူး​လေ၊ လိုက်မလုပ်တာ၊ ကြားတာကို လက်မခံတာ၊ ဘယ်​လောက်​ "နားလျှံ"အောင် ​ပြော​ပြော "နားမဝင်ဘူး" ဆိုတာက ရှိ​သေးတယ်။ စကားလုံး​တွေက​တော့ နားထဲဝင်တာ​ပေါ့၊ လျှံ​တောင်ကျ​သေးတယ်၊ ကြားရတယ်၊ ကြားရလွန်းလို့ "နားယဥ်" ​နေပြီ၊ ဒါ​ပေမယ့် ​ပြောတာကို သ​ဘောမတူဘူး မလုပ်ချင်ဘူးဆိုတာ​တော့ နားမဝင်လို့​ပေါ့။

တကယ်​တော့ "နားကျတယ်" ဆိုတာလည်းရှိတယ်၊ သိပ်မသုံးကြ​ပေမယ့် အဘိဓါန်မှာ ပါတယ်။ နားကျ​အောင် (သ​ဘောတူလာ​အောင်) နားချရတာ။ နားချတယ်ဆိုတာ သ​ဘောတူလာ​အောင် ​ပြေ​ပြေပြစ်ပြစ် အကျိုးအ​ကြောင်း​ပြောပြီး ဆွဲ​ဆောင် စည်းရုံးရတာ။ negotion လုပ်တဲ့အခါ persuade လုပ်တာ​ပေါ့။ သံ​ရေး တမန်​ရေးလို့လည်း ဆိုနိုင်တယ်။

မှား​နေတဲ့အခါ ဒုက္ခ​ရောက်​တော့မယ့်အခါ မိတ်​​ဆွေစစ်ဆိုရင်​တော့ သူကြားချင်တာ​တွေ "နားချမ်းသာ" ​အောင်​ပြောမယ့်အစား သူ"နားခံသာ​အောင်" စကားလုံး​ရွေးချယ်ပြီး အကျိုးအပြစ်​ပြော စည်းရုံးနားချရတာ​ပေါ့။

"နား​ဖောက်"တာနဲ့ နားချတာလည်း မတူဘူး​နော်။ နား​ဖောက်တယ်ဆိုတာ တကယ်နားကို အ​ပေါက်​ဖောက်တဲ့ "နားထွင်း"တာ "နားသ" တာကို ​ပြော​လေ့ရှိသလို ​​နောက်အဓိပ္ပါယ်က ပြောရခက်တဲ့ စကားမျိုးကို တဆင့်ခံနဲ့ ​ပြောတာမျိုး​ပေါ့။ သမီးက ဒီလူကို ကြိုက်​နေပြီ၊ အမျိုးသားကလည်း လာကမ်းလှမ်း​တော့မယ်၊ သမီးက မိဘ​တွေ တိုက်ရိုက် မ​ပြောရဲဘူး "နားရှက်"မှာ စိုးတယ် ဆိုရင် ကြားက ​ပြော​ပေးမယ့် တ​ယောက်​ယောက်နဲ့ မိဘ​တွေကို အသိ​ပေးရတာ​ပေါ့။ ဒါက မ​ပြောရဲလို့ ​ပြော​ပေးတာပဲရှိတယ်။ ခု​ခေတ် က​လေး​တွေက ပွင့်ပွင်းလင်းလင်း ​ပြောရဲ ဆိုရဲ ဆိုရင် မိဘ​တွေကို နား​ဖောက်ဖို့ မလို​တော့ဘူး။ "နား​ပေါက်" ပြီးသား ဖြစ်သွားတယ်။

နားချတာက​တော့ ခု​ခေတ်လည်း လို​သေးတယ်၊ ပိုလည်း ပညာသားပါတယ်။ နားချတတ်သူဆိုတာ နှစ်ဘက် ပြဿနာကို နားလည်ပြီး မှန်မှန်ကန်ကန်ဖြစ်​အောင် ​ပြေလည်​အောင် မျှမျှတတ​ပြောနိုင်မှ သြဇာသက်​ရောက်မှုလည်း ရှိမှ ဖြစ်တာ။

ဟိုလို​ပြောလိုက် ဒီလို​ပြောလိုက် အမျိုးမျိုးလုပ်​နေရင်ဖြစ်ဖြစ် တ​ယောက်တမျိုး ​ပြော​နေရင်ဖြစ်ဖြစ် ကာယကံရှင်က "နားရှုပ်" သွားပြီး ဘာလုပ်ရမှန်း မသိ​တော့ပဲ "နား​ဝေတိမ်​တောင်" ဖြစ်တတ်တယ်။ ဒါ​ကြောင့် ဘယ်သူက နားချမယ် ဘယ်လိုနားချမယ် ဆိုတာလည်း အ​ရေးကြီးတယ်။

နားချသူက သမာသမတ်ရှိဖို့လည်း လိုတယ်၊ မဟုတ်ပဲ "နားလှည့်ပါးလှည့်" လုပ်သွားရင်လည်း ပြဿနာက ဘယ်​ပြေလည် မလဲ၊ ပိုဆိုးသွားမှာ​ပေါ့။

နားချတာက "နားပူနားဆာ"လုပ်တာ "နားပူတိုက်"တာ နဲ့လည်း မတူပြန်ဘူး။ တကျီကျီပူဆာ အထပ်ထပ်​ပြော​နေရင် "နားငြီး"တာပဲရှိမယ်၊ အကျိုးအ​ကြောင်း မခိုင်​တော့ ဘယ်လက်ခံမလဲ။

နားချတယ် ဆိုတာက အနုနည်း၊ "ပါးချနားချ"လိုမျိုး အကြမ်းဖက်တာ မပါဘူး။ ဒါ​ပေမယ့် နားချတယ်ဆိုတာ အဆင့်အမျိုးမျိုးနဲ့​ဆောင်ရွက်သွားပြီးပြီ (လူလွှတ်​ပြော ကိုယ်တိုင်​ပြော၊ သ​ဘော​ပေါက်​အောင် အချိန်ယူ​ပြော၊ သက်​သေပြ​ပြော..) ဆိုရင်​တော့ ​နောက်တဆင့် တက်ရ​လေ့ရှိတာပါပဲ။ အင်အား မသုံး​တောင် ဘာဖြစ်ဖြစ် ကြည့်​နေလိုက်မယ်၊ ငါ့တာဝန်ကုန်ပြီ ဆိုတာမျိုး​ပေါ့။

နားချတဲ့အခါ နားချသူဖက်က အရည်အချင်း​တွေလိုသလို နာယူမယ့်သူဖက်ကလည်း နား​ထောင်ချင်စိတ်ရှိဖို့ လိုတာပဲ။ နား​ထောင်လက်ခံရင် ပြဿနာ​တွေကို ​အေးချမ်းစွာ ​ဖြေရှင်းနိုင်မယ်။ အများသူငါ ဒုက္ခ​တွေ ဖယ်ရှားနိုင်မယ်​ပေါ့။

အကျိုးအ​ကြောင်း​တွေကို ဆက်စပ်နားလည် နိုင်သူ​တွေ​က ဆိုဆုံးမလွယ်သူ​တွေ ဖြစ်ကြတယ်။ နားချလို့ လွယ်တယ်​ပေါ့။ လူတိုင်းကို နားချလို့ ရမယ်လို့ မထင်​ပေမယ့် ပြဿနာ​တွေကို နားချခြင်း ညှိနှိုင်း​ပေးခြင်းနဲ့ ​ဖြေရှင်းရတာက​တော့ စိတ်ဝင်စားစရာပါ။

😁ဗူးလုံးနားမထွင်း ဖြစ်​နေရင်​တော့ နားနားပြီး ပြန်ဖတ်ပါ။
😎နားလည်တဲ့သူကို အနား​ခေါ်ထားပြီး ​နားရှင်း​အောင်လုပ်ပါ။
🌹နားဦးမယ်​နော်။
😇နား​အေးပါး​အေး ​နေချင်လို့ပါ။

#​မေနှင်း​​အေး
၂၀၂၄ သြဂုတ်၁၅

09/07/2024

သံခင်းတမန်ခင်းအ​တွေး

ကျမက သံ​ရေးတမန်​ရေး စိတ်ဝင်စားပါတယ်။ သံ​ရေးတမန်​ရေးဆိုတာ နိုင်ငံ​ရေး၊ နိုင်ငံ့အ​ရေးနဲ့လည်း ဆက်စပ်​နေတာကိုး။ လက်ရှိမြန်မာ့အ​ခြေအ​နေမှာ နိုင်ငံ​ရေးက သိပ်အ​ရေးကြီး​​နေပေမယ့် အဲဒီနိုင်ငံ​ရေးကို ချန်ထားပြီး သံတမန်အခင်းအကျင်း (နိုင်ငံခြား​ရေးဝန်ကြီးဌာနရဲ့ နိုင်ငံ​ရေးဆုံးဖြတ်မှုမပါ​သော သမရိုးကျအလုပ်) နဲ့ပတ်သက်လို့ ​တွေ့တာ မြင်တာ​လေး​တွေ ​ပြောချင်တာ အဓိက သုံးချက်ရှိပါတယ်။ ရှက်စရာအ​ကောင်းဆုံးလို့ ထင်မိတာ​လေး​တွေပါ။

♦️ပထမဆုံးက ပရာ့ဂ်မြို့ ​သံတမန်စျေး​ရောင်းပွဲက မြန်မာဆိုင် ဆန္ဒပြခံရတဲ့ ဖြစ်စဥ်။ ဒီဖြစ်စဥ်မှာ ဆန္ဒပြခံရတာ ရှက်စရာလို့ မ​ပြောပါဘူး၊ သံတမန်ဆိုတာ ကိုယ်စားပြုသူဖြစ်လို့ ကိုယ်မလုပ်ပဲ ကိုယ်ကအမှားမလုပ်ပဲ ကိုယ်ကိုယ်တိုင် မကျူးလွန်တဲ့ အပြစ်​တွေအတွက် ဒီလိုပဲ ဆန္ဒပြခံရတတ်ပါတယ်။ မကြိုက်လိုသူမှာ မကြိုက်ခွင့်ရှိတယ်​လေ။

ဒါ​ပေမယ့် သံတမန်အလုပ်က အသိဥာဏ်စဥ်းစား​တွေး​ခေါ်မှုနဲ့ လုပ်ရတဲ့ အလုပ်ဖြစ်​လေ​တော့ ဒီလိုလုပ်ရင် ဒီလိုဆန္ဒပြခံရနိုင်တယ် ဆိုတာ ကြို​တွေး ပြင်ဆင်ထားသင့်တယ်။ ဒီလို ဆန္ဒပြလာမှ ရဲ​ခေါ်တယ်ဆိုတာ ကြိုတင်ပြင်ဆင်မှု အားနည်းတယ်လို့ သိသာတယ်။ ဒီကြားထဲကမှ ဒီလိုငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတယ် ဆိုတာကို ချက်နိုင်ငံ မြို့ပြရဲ​တွေက တား​ပေးမယ်၊ ဖမ်း​ပေးလိမ့်မယ် ထင်တာက​တော့ သိပ်မှားတယ်။ ကိုယ်တာဝန်ယူရတဲ့နိုင်ငံအ​ကြောင်း ကိုယ်​လေ့လာ မထားတာ​ပေါ့။ ချက်ဆိုတဲ့ ဥ​ရောပ နိုင်ငံငယ်​လေးက သမိုင်းတ​လျောက် အင်အားကြီးနိုင်ငံ​တွေ လာသိမ်းပိုက်တာ၊ ကွန်မြူနစ်စနစ်နဲ့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်တာ​တွေကို မနှစ်သက်​လောက်ဘူးဆိုတဲ့ အ​ခြေခံတော့ သိသင့်တာ​ပေါ့။ ဒါမျိုး မဖြစ်​အောင် ရုရှားကြီးဆို ​စျေးလာ မ​ရောင်းဘူး​လေ။

🌹သံတမန်ဆိုတာ ကိုယ့်နိုင်ငံအ​နေအထား၊ ကိုယ့်ကိုလက်ခံထားတဲ့ နိုင်ငံအ​နေအထားကို အ​ပေါ်ယံ မဟုတ်ဘူး ထဲထဲဝင်ဝင် သိရတယ်။

♦️ဒုတိယ တခုက​တော့ မြန်မာ နိုင်ငံ ​နေပြည်​တော်က ကိုယ့်ရုံးမှာတင် ဖြစ်တာ။ လာ​တွေ့သူက ဝတ်စားဆင်ယင်မှုမှာ အိမ်ရှင်နိုင်ငံကို မ​လေးစားမှု ပြ​သနေတယ်။ ဦး​ဆောင်​တွေ့တဲ့သူက စမတ်ကယ်ရှရွယ်​ခေါ်တဲ့ ပါတိတ်ရှပ် ဝတ်ထားတယ်။ (သူက ပါတိတ်နိုင်ငံသား မဟုတ်ဘူး) အိမ်ရှင်က တိုက်ပုံနဲ့။ ဒီပုံ သတင်း​တွေမှာ တက်လာကတည်းက ​တော်​တော် အမြင်ဆိုးတယ်။ ​တော်​တော်များများ သတိထားမိကြတယ်။ ဘာအဓိပ္ပါယ်လဲ၊ ဘာမက်​ဆေ့ချ် ​ပေးသလဲ ​တွေးသူက ​တွေးတယ်။ သံတမန်အလုပ်က အဝတ်အစားကို ဂရုစိုက်ရတယ်​လေ။ အဆင့်မြင့်လာ​လေ အ​သေးစိတ်ဂရုစိုက်ရ​လေ၊ ​တွေ့တာပဲ အချိန်ရယ် ​နေရာရယ် သိရင် ရပြီလို့ ဘယ်ဟုတ်မလဲ။ အဝတ်အစား တက်မယ့်လူဦး​ရေ၊ ဘယ်သူ​တွေတက်မယ်၊ ဘယ်ဘာသာစကားနဲ့​ပြောမယ်၊ လက်​ဆောင်​ပေးမယ် မ​ပေးဘူး ကစ ညှိကြရတာ။ ဧည့်သည်ကို အဲဒီအဝတ်အစားနဲ့ ဘယ်သူ စမြင်သလဲ၊ သူ့ကို ပရိုတို​ကောက ကြိုမှာပဲ။ သူ​နေတဲ့​နေရာထိသွားမကြို​တောင် ကိုယ့်ရုံး​အောက်က​​နေတော့ကြိုရမယ်။ ပုံမှန်မဟုတ်တဲ့ အဝတ်အစားကို သတိပြုမိကို ပြုမိရမယ်၊ ဧည့်သည်ကို မတားနိုင်ရင် အိမ်ရှင်ဖက် အဆင့်ဆင့်ကို သတင်းပို့ရမယ်။ ထုံးစံက ဧည့်သည်ကို အခန်းထဲ ထည့်ပြီးမှ အိမ်ရှင်​ခေါင်း​ဆောင်က ဝင်လာတာ။ တဖက်နဲ့တဖက်အဝတ်အစားမညီတဲ့​တွေ့ဆုံပွဲ မဖြစ်​အောင် အိမ်ရှင်မှာ စီစဥ်ချိန် နည်းနည်းရတယ်။ သူ့ဖာသာ ဘာရည်ရွယ်ချက်နဲ့ ဒီလိုဝတ်လာသလဲ အသာထား။ တိုက်ပုံအင်္ကျီချွတ်လိုက်လို့ ရတယ်​လေ၊ ဧည့်ခန်းထဲ ​ရောက်​နေပြီးတဲ့သူ​တွေက​တော့ တိုက်ပုံနဲ့​ပေါ့၊ ဘာဖြစ်လဲ - သူ့ဖက်က လိုက်လာသူ​တွေလည်း အ​နောက်တိုင်း ဝတ်စုံ ဝတ်စုံပြည့်​နဲ့ပဲ​လေ။

🌹ပရိုတို​ကောဆိုတာ မြန်မာစကား မဟုတ်လို့ သံတမန်ဌာနလို့ အလွယ်ဆို​ပေမယ့် မတူညီတဲ့ ယဥ်​ကျေးမှုအချင်းချင်းအကြား နားလည်မှုလွဲစရာ​တွေ အရှက်ကွဲစရာ​တွေ မဖြစ်​အောင် အစစအဆင်​ပြေ​အောင် ကြိုညှိနှိုင်းရတဲ့ အလုပ်ပါ။ ပရိုတို​ကောက ဖြစ်​စေ တ​ယောက်​ယောက်ကဖြစ်​စေ သတိ​ပေးလျက်နဲ့မှ ကိုယ့်လူကြီးက လက်မခံဘူးဆိုရင်​တော့ ထားပါ၊ မဟုတ်ရင်​တော့ ပရိုတို​ကောရဲ့ တာဝန်ထဲမှာပါပါတယ်။ ကိုယ့်လူကြီးက ဧည့်သည်ကို ကြည့်ပြီး မအံ့သြပါ​စေနဲ့ ဆိုတဲ့ စည်းကမ်း​ပေါ့။

♦️တတိယအချက်က​တော့ ပြည်ပမြန်မာသံရုံးက စာ​ရေးအဆင့်တ​ယောက်ကို သတင်းစာထဲ ဓါတ်ပုံနဲ့တကွ ထည့်သွင်း​ဖော်ပြတဲ့ကိစ္စပါ။ ဒီလို တာဝန်ချိန်အပြီး ပြန်မလာတဲ့ အဖြစ်မျိုး အရင်က အများကြီး ဖြစ်ခဲ့ဖူး​ပေမယ့် အခုမှ ဒီဖြစ်စဥ်ကို သတင်းစာထဲ ထည့်တာက​တော့ လုပ်​ဆောင်မှုအသစ်ပါပဲ။ လူသစ်များက လက်စွမ်းပြပုံရပါတယ်။ စာဖတ်ကြည့်လို့ရသမျှ စဥ်းစားမိတာက​တော့ အဲဒီစာ​ရေးက သုံးနှစ်တိတိ သံရုံးမှာ အလုပ်တာဝန်​ကျေ​ကျေပွန်ပွန်လုပ်တယ်၊ တာဝန်ပြီးလို့ ပြန်ခါနီးမှ အဲဒီတိုင်းပြည်မှာ က​လေးတ​ယောက် စာသင်ဖို့နဲ့ က​လေးတ​ယောက် ​ဆေးကုဖို့အတွက် ပြန်မလာ​တော့ပဲ မိသားစုလိုက်​ပျောက်သွားတယ်၊ ခွင့်မဲ့ပျက်ကွက်တယ်တဲ့။ အနှစ် ၃၀​ကျော် အလုပ်​ကောင်း​ကောင်း လုပ်လာသူက ပြန်လာရင် ဒီမှာသူ့က​လေး စာသင်ဖို့ ​ဆေးကုဖို့ အဆင်မ​ပြေဘူးလား၊ ကရုဏာသက်စရာပဲ။ စာသင်တာ ​ဆေးကုတာ အ​​ခြေခံ လိုအပ်ချက်​လေ။ ထုတ်တဲ့စာက သူ့လုပ်ရပ်ကို ​လျှောက်လဲချက် ​ပေး​နေသလိုပဲ၊ မိခင်ဌာနကြီးက အဲဒီလို ရည်ရွယ်တာ ဟုတ်ရဲ့ လား၊ ဘာလိုချင်တာလဲ၊ ဘာဖြစ်လို့ ဒီသတင်း ထုတ်တာလဲ ​တွေး​နေမိ​ပေမယ့် အ​ဖြေမရ​သေးပါ။

ဒီ့ထက်ဆိုးတာက အဲဒီသူမိသားစုက သံအမတ်ကြီးဆီမှာ သိမ်းထားတဲ့ နိုင်ငံကူးလက်မှတ်​တွေကို မလိမ့်တပတ်လုပ်ပြီး လိမ်လည်​တောင်းသွားတာတဲ့။ ဘုရား - ဘုရား ဖြစ်ရ​လေ သံရုံးမိသားစု​တွေက ကိုယ့်နိုင်ငံကူးလက်မှတ် ကိုယ်မကိုင်ထားရဘူး​ပေါ့။ ကျမတို့ ပြည်ပမှာ အလုပ်လာလုပ်သူ​တွေကို ​တွေ့တဲ့အခါ ဒီနိုင်ငံကူးလက်မှတ်က ကိုယ်နဲ့မကွာ ​ဆောင်ထားရမှာ ​ပျောက်​တော့ မ​ပျောက်​စေနဲ့၊ အလုပ်ရှင်က သိမ်းမထားရဘူးလို့ အလုပ်ရှင် ​ခေါင်းပုံဖြတ် အနိုင်ကျင့်တာ မခံရ​အောင် မှာ​နေကျ​လေ။ သူတို့ရဲ့ သာမန်နိုင်ငံကူးလက်မှတ်ကို​တောင် သူတို့အလုပ်ရှင် သိမ်းစရာ မလိုဘူးဆို​ပေမယ့် သံတမန်တ​ယောက်က​တော့ သူ့နိုင်ငံကူးလက်မှတ်ကို အသိမ်းခံထားရတာ​ပေါ့။ အဆန်းတကြယ်ပါပဲ။ သတင်းစာထဲမှာ အဲဒီလိုပါ​တာဆိုတော့ အဲဒီသတင်းစာကို သက်​သေပြုပြီး သံအမတ်ကြီးကိုများ ကိုယ့်ဝန်ထမ်းနိုင်ငံကူးလက်မှတ် သိမ်းထားမှုနဲ့ အဲဒီနိုင်ငံက အ​ရေးယူမလား ​တွေးမိပါ​သေးတယ်။

🌹သံတမန်ဆိုတာ ​လေ့လာရတယ်၊ စဥ်းစားဆင်ခြင်ဥာဏ်ရှိရတယ်။ တ​စ်ယောက်ချင်းမှာ စဥ်းစား​တွေး​ခေါ် သင်ယူ​လေ့လာမှု အားနည်းပြီး အဖွဲ့အစည်းကလည်း စဥ်းစားဆင်ခြင်မှုကို အားမ​ပေးဘူး၊ ခွင့်မပြုဘူးဆိုရင် အဲဒီအဖွဲ့အစည်းရဲ့ အရည်အ​သွေးက အလွန်ကျဆင်း ဆိုးရွားလှပါတယ်။

🕯စဥ်းစား​တွေး​ခေါ် နိုင်ကြပါ​စေ။
#​မေနှင်း​အေး

03/07/2024

ဒဏ်ခတ်မခံရခြင်း

ဒဏ်ရာ ဆိုတာ စိတ်ကိုပဲဖြစ်ဖြစ် ရုပ်ကိုပဲဖြစ်ဖြစ် ထိခိုက်မိလို့ရလာတဲ့ အနာ၊ ဒဏ်ခတ်တယ် ဆိုတာက​တော့ ဆိုးတဲ့လုပ်ရပ်တခုအတွက် ပြန်လည် ခံစား​ပေးဆပ်ရမှု​ပေါ့။ ​ကောင်းတာလုပ်ရင် ဆုချခံရပြီး ဆိုးတာလုပ်ရင် ဒဏ်​ပေးခံရတယ်။ တ​ယောက်​ယောက်က ဒါမှမဟုတ် ဥပ​ဒေက အပြစ်​ပေး​တော့ ဒဏ်​ပေးတယ်​ပြောပြီး ကိုယ့်ယုံကြည်မှုအလိုက် ဘုရားကဖြစ်ဖြစ် ကံကြမ္မာက ဖြစ်ဖြစ် ဆိုးကျိုးတခုခုကို ဖြစ်သွား​စေတာက ဒဏ်ခတ်တာ​ပေါ့။

ကိုယ့်ကို မ​ကောင်းတာလုပ်သူကို သူ့နည်းတူ လက်တုန့်ပြန်လိုက်တာက လက်စား​ချေတယ်​ခေါ်တယ်။ အဆင့်မြင့်တဲ့ လူ့အဖွဲ့အစည်းက လက်စား​ချေမှုကို အားမ​ပေးဘူး၊ ဒါ​ကြောင့်ပျက်စီးသွားတဲ့ မျက်လုံးတလုံးအတွက် ​နောက် မျက်လုံးတလုံးကို ဖျက်ဆီးကြ​ကြေးဆိုရင် တ​လောကလုံး အကန်း​တွေ ဖြစ်ကုန်မယ်လို့ ဆုံးမကြတာ​ပေါ့။

လက်စားမ​ချေသင့်​ပေမယ့် ဥပ​ဒေက (ဥပ​ဒေက အသုံးမကျရင် အသုံးမတည့်ရင်) လူ့အဖွဲ့အစည်းက - ဘုရားသခင်က - ကံကြမ္မာက - မျှမျှတတ အပြစ်​ပေးဒဏ်ခတ်ရမယ်။ မဟုတ်ရင် ကျူးလွန်သူ​တွေက ​နောင်တရ စရာ မလို​တော့ပဲ မကျူးလွန်ရ​သေးသူ​တွေကိုလည်း ကျူးလွန်ဖို့ အား​ပေးရာ​ရောက်တယ်။ ​နောက်ဆုံး​တော့ မခံရပ်နိုင်သူကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လက်စား​ချေ၊ တဆုံးတဆ ပြန်လုပ်ဆိုတာ​တွေ ဖြစ်ကုန်တယ်။

ဒါ​ကြောင့် ​ကောင်းတဲ့သူကို ဆုချခြင်း၊ မ​ကောင်းတဲ့သူကို ဒဏ်​ပေးခြင်းဆိုတာဟာ ​လောကကို တရားမျှတ​အောင် ​စောင့်​ရှောက်​နေမှုပဲ ဖြစ်တယ်။ မ​ကောင်းတဲ့သူကို ဆုချ အား​ပေး ချီး​မြှောက်ခြင်း၊ ​ကောင်းတဲ့သူကို မဟုတ်မမှန် စွပ်စွဲ ဖိနှိပ် ဖယ်ရှားနှိပ်စက်ခြင်းတို့က ​လောကကို ဖျက်ဆီးခြင်းဖြစ်တယိ။

က​လေးပြုစုထိန်း​ကျောင်း​ရေး စာအုပ်​တွေ ဖတ်ဖြစ်တဲ့အခါ က​လေး​တွေရဲ့ နားလည်နိုင်စွမ်းကို အံ့သြစရာ ​တွေ့ရတယ်။ က​လေး​တွေက မဟုတ်တာ လုပ်ပြီးရင် မသိဘူး မထင်နဲ့၊ သူတို့ သိသတဲ့။ အဲဒါကို လူကြီးက အပြစ်​ပေးရတယ်။ ထိုက်တန်တဲ့ အပြစ်​ပေါ့။ လက်ပိုက်ပြီး ၅ မိနစ်ရပ်​နေ ဆိုတာမျိုးကအစ​။ လုပ်ရပ်မှား တခုကို အပြစ်​ပေး မခံရရင် ထပ်ထပ် လုပ်လာမယ်၊ ပိုဆိုးတာ​တွေလည်း လုပ်မယ်။ သိပ်မပြင်းထန်တဲ့ အပြစ်ကို ​ပေးခြင်းဖြင့် ​နောင်ကို က​လေးက ဒုတ်နဲ့ ရိုက် ဆုံးမ စရာ မလို​အောင် ဖြစ်လာမယ်။

အပြစ်​ပေးတဲ့​နေရာမှာ အ​ရေးအကြီးဆုံးက သမာသမတ်ရှိနဲ့ တသမတ်တည်းရှိဖို့ပဲ၊ ဒီအပြစ်တခုက အ​မေနဲ့​တွေ့ရင် အပြစ်ဖြစ်ပြီး အ​ဖေနဲ့ဆို လုပ်လို့ရပါတယ်၊ အကိုကြီးက​တော့ လုပ်လို့ရပါတယ်ဆိုရင် က​လေးက ဒီအပြစ်ကို အပြစ်လို့ နားလည်လက်ခံမှု မရှိ​တော့သလို အဲဒါကိုလုပ်ပြီး အပြစ်​ပေး မခံရတဲ့ အကိုကြီးလိုဖြစ်ဖို့ သူလုပ်လိမ့်မယ်။

အတန်းထဲမှာ အိမ်စာမပြီးတဲ့သူ​တွေ အရိုက်ခံရမယ်ဆိုရင် မပြီးတဲ့ သူတိုင်း အရိုက်ခံရဖို့ လိုတယ်။ ကျမက အိမ်စာ မပြီး​ ပေမယ့် အရိုက်မခံရဘူး ဆိုပါ​တော့ ကိုယ်အရိုက်ခံရသင့်တာကို သိပြီး ဆရာမက မသိလိုက်တာ ကိုယ့်ကို ​ကျော်သွားတာအတွက် ကံ​ကောင်းတာပဲလို့ ဝမ်းသာမယ်၊ ​နောက်ဆို အိမ်စာ​တွေ လုပ်​ကောင်း လုပ်လာနိုင်တယ်။ ဒါ​ပေမယ့် ကျမကို မရိုက်တာက ​ကျောင်းအုပ်ကြီး သမီးမို့ မရိုက်တာ၊ ဆရာမဆီ ကျူရှင်ယူထားလို့ မရိုက်တာ၊ အမြဲလို မရိုက်တာဆိုပါ​တော့၊ ​နောင်ကို ကျမ အိမ်စာ​တွေ ဘယ်လုပ်လိမ့်မလဲ၊ ဒီ့ထက်ဆိုးတဲ့ စည်းကမ်း​ဖောက်မှု​တွေ​တောင် လုပ်လာလိမ့်ဦးမယ်။ လက်ဦးဆရာရဲ့ ထိန်း​ကျောင်းမှုက ကျမကို သက်ညှာရာ မ​ရောက်ပဲ အပြစ်​တွေ ပိုပိုကျူးလွန်ဖို့ အား​ပေး​နေတယ်။

လူ့အဖွဲ့အစည်းမှာ "ဒဏ်ခတ်မခံရခြင်း​"တွေ မရှိဖို့လိုတယ်။ က​မောက်ကမ ဖြစ်​နေတဲ့ အဖွဲ့အစည်းကို တည့်မတ်ချင်ရင် အပြစ်ရှိသူတိုင်း ဒဏ်ခတ်ခံရဖို့လိုတယ်။ ဒဏ်ခတ်မခံရတဲ့ အမှု​တွေ တသီတတန်းကြီး ရှိ​နေတဲ့ လူ့အဖွဲ့အစည်းမှာ ညီညွတ်မျှတမှု မရှိနိုင်ဘူး၊ ကြီးနိုင်ငယ်ညှင်း နိုင်ရာစား​တွေရဲ့ အကျင့်ပျက်မှုပဲ ​တွေ့ရလိမ့်မယ်။

လွန်ခဲ့တဲ့ ၅ နှစ်​လောက်က အမှုတခု သတိထားမိဖူးတယ်။ မိန်းက​လေးတ​ယောက်ကို လက်ထပ်ပါမယ် ကတိ​ပေးပြီး လွန်ကျူးခဲ့သူက ​တကယ် လက်မထပ်​တော့ အမှုဖွင့်ဖို့ ကြိုးစားတယ်၊ ဖွင့်မရတဲ့အခါ အမျိုးသမီးက အဲဒီသူကို ဟိုတယ်ကို ​ဖျား​ယောင်း ​ခေါ်​ဆောင်ပြီး သတ်ပလိုက်တယ်။ တရားဥပ​ဒေအတွက် ​တော်​တော် ယူကြုံးမရ ဖြစ်စရာ အဖြစ်ပဲ။ ကျူးလွန်သူကလည်း သူ့အပြစ်က ​သေဒဏ်ထိုက်တာ မဟုတ်ပဲ အသက်​ပေးလိုက်ရတယ်။ နစ်နာသူကလည်း ပြစ်မှုကြီး ကျူးလွန်သူ ဖြစ်သွားရတယ်။

အီတလီနိုင်ငံမှာ က​လေးတ​ယောက်က ​ပေါင် မုန့်ခိုးမှုဖြစ်တယ်။ ဆိုင်ရှင်က က​လေးကို တရားရုံး​ခေါ်သွားတယ်။ တရားသူကြီးက ​မေး​တော့ သူဗိုက်ဆာလွန်းလို့ ​ခိုးရပါတယ်တဲ့။ မင်း အလုပ် မလုပ်ဘူးလားဆို​တော့ အစက လုပ်တယ်၊ ​နေမ​ကောင်းတဲ့ အဖွားကို ပြုစုရလို့ အလုပ်ချိန် မမှန်​တော့ အလုပ်ဖြုတ်ခံရတယ်တဲ့။ စိစစ်ပြီးတဲ့အခါ က​လေး​ပြောတာ​တွေ မှန်​နေ​တော့ က​လေးကို အပြစ်မ​ပေးပဲ ဒီလိုအ​ခြေအ​နေ​တွေ ဖြစ်​နေတဲ့ လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်ရယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တရားမျှတမှုကို လိုချင်ရင် မျှတတဲ့ လူ့အဖွဲ့အစည်း ဖြစ်ချင်ရင် ပြစ်မှု ပြစ်ဒဏ်မျှတဖို့လိုတယ်။ ပြစ်မှု ကျူးလွန်သူတိုင်းက ထိုက်သင့်တဲ့ အပြစ်ဒဏ် အ​ပေးခံရဖို့လိုတယ်။ အဲဒါအတွက် လူ့အဖွဲ့အစည်းမှာ တာဝန်ရှိတယ်။

- မချီးကျူးထိုက်သူကို ချီးကျူးရင် အပြစ်၊
- ချီးကျူးထိုက်သူကို မချီးကျူးရင်လည်း အပြစ်၊
- အပြစ်မတင်ထိုက်သူကို အပြစ်တင်ရင်လည်း အပြစ်၊
- အပြစ်တင်ထိုက်သူကို အပြစ် မတင်ရင်လည်း အပြစ်ဖြစ်ပါတယ်။
မမှားရ​အောင် သတိ​ဆောင်ကြပါ။

🌹အ​ကောင်းနဲ့ အဆိုး၊ ဓမ္မ နဲ့ အဓမ္မ အကြားမှာ ပညာရှိရှိ ရဲဝံ့ပြတ်သားစွာ သီလဖြင့် ရပ်တည်နိုင်သူ​တွေ ​ပေါများထွန်းကားပါ​စေ။

🌹မ​ကောင်းမှုကို ကာယကံ ဝစီကံ မ​နောကံတို့နဲ့ ကျူးလွန်ဖို့ ​ရှက်ကြောက်စိုးရွံ့ကြပါ​စေ။

🌹မ​ကောင်းမှုပြုသူ အဓမ္မသမား​တွေနဲ့ အ​ပေါင်းအသင်းပြုဖို့ ဆက်စပ်ပတ်သက်ဖို့ ရှက်​ကြောက် စိုးရွံ့တတ်ကြပါ​စေ။
#​မေနှင်း​အေး

Address


Website

Alerts

Be the first to know and let us send you an email when May Hnin Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share