03/02/2022
ပေါင်းတည်မြို့တွင် တပ်မတော်ထောက်ခံပွဲကို အင်အားတစ်ရာကျော်လောက်နဲ့ ပြုလုပ်ခဲ့
ပေါင်းတည်၊ ဖေဖေဝါရီ ၂၊ ၂၀၂၂
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့မှာ ဒီကနေ့ ဖေဖေဝါရီ ၂ ရက် မနက် ၉ နာရီကျော်အချိန်ခန့်က တပ်မတော်ထောက်ခံပွဲ အင်အားတစ်ရာကျော်လောက်နဲ့ စီတန်းလှည့်လည်ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့ပြီး မနက် ၁၀နာရီကျော်လောက်မှာ လူစုခွဲခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဆိုပါ တပ်မတော်ထောက်ခံပွဲတွင် ပါဝင်သူများက အုပ်ဖို(၁)ရပ်ကွက်၊ ရှမ်းစုလမ်းရှိ မြို့နယ်အားကစားကွင်း စုရပ်မှ စတင်၍ ရှမ်းစုလမ်း၊ ၃လမ်းမှ ဘုရားကြီးလမ်း၊ မှတ်တိုင်လမ်း၊ ၃၇လမ်းမှ ရှမ်းစုလမ်း၊ မြို့နယ်အားကစားကွင်းအထိ တပ်မတော်ကိုထောက်ခံသည် ဗီနိုင်းများ ကိုင်ဆောင်၍ စီတန်းလှည့်လည်ခဲ့ကြတယ်လို့ သိရပါတယ်။
တပ်မထောက်ခံပွဲ မစမှီ မနက်အစောပိုင်းထဲက မြို့ထဲက လမ်းထိပ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ရဲနဲ့စစ်သားတွေက ကင်းစောင့်ပေးနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"လိုက်တဲ့သူတစ်ယောက်ကို ငါးထောင်ရတယ်တဲ့ မြို့ပေါ်၁၂ရပ်ကွက်က တစ်ရပ်ကွက်နှစ်ယောက်နှုန်းနဲ့လိုက်ခဲ့ခေါ်တာ ရွာဘက်လူတွေရောပါတယ် ကြံခိုင်းရေးထောက်ခံသူတွေ စစ်မှုထမ်းဟောင်းတွေရောပါတယ် လှည့်တော့ရဲနဲ့စစ်သားတွေက ရှေ့နောက်လိုက်ပေးတာ အရပ်ဝတ်လူတွေရောပါတယ် သူတို့လှည့်သွားတာဘာမှမကြာဘူး ခနလေးဘဲ မြို့ကလူတွေကလဲ စိတ်မဝင်စားလို့ထွက်တောင်မကြည့်ကြတာ အခုလူအင်အားလဲသိပ်မများပါဘူး" မြို့ခံတစ်ဦးက ပြောပါတယ်။
စီတန်းလှည့်လည်ရာတွင် ကိုရာဇာဆိုသူမှ ဦးဆောင်၍ "အပြစ်မဲ့ပြည်သူတွေကို သတ်နေတာဘယ်သူတွေလဲဟေ့ NUG, PDF တိုင်းပြည်ကိုဖျက်နေတာ ဘယ်သူတွေလဲဟေ့ NUG, PDF" သာသနာတော်ကိုဖျက်ဆီးတာရော ဘယ်သူတွေလဲ NUG, PDF အကြမ်းဖက်လူသတ်နေတာ ဘယ်သူတွေလဲဟေ့ NUG, PDF PDFလုပ်တဲ့သူ ဒို့ရန်သူ" စသောကြွေးကြော်သံများ ကြွေးကြော်၍ စီးတန်းလှည့်လည်ခဲ့ကြပြီးနောက် ရှမ်းစုလမ်းရှိ မြို့နယ်အားကစားကွင်းတွင် နာရီဝက်ခန့် ဟောပြောခဲ့ပြီး လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။
ပေါင်းတည်မြို့မှာ ဖေဖော်ဝါရီ ၁ ရက် အသံတိတ်သပိတ်နေ့ မနက်အစောပိုင်းတွင် ညောင်ဖြူကျေးရွာအုပ်စု၊ သရက်ခေါင်းကျေးရွာလမ်းနဲ့ ဈေး ၁ ရပ်ကွက်၊ အရှေ့လမ်း ဖွင့်ပွဲအခမ်းအနားကို မြို့ခံတွေ မပါဘဲ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးထွန်းထွန်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချူပ်ရေးမှူးများသာ တက်ရောက်၍ ဖွင့်လှစ်ခဲ့ကြပြီး နေ့လည်ပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး နဝရတ်ခန်းမတွင် သီချင်းဆိုပြိုင်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် စစ်တပ်ကအာဏာသိမ်းပီးတဲ့နောက် ပေါင်းတည်မြို့မှာ ပြုလုပ်သော တပ်မတော်ထောက်ခံပွဲတွင် မြို့ပေါ်ရှိ ပြည်သူများက သံပုံများတီးပြီး ဆန်ကျင့်ရှုံချခဲ့တာကြောင့် လူစုကွဲသွားခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။
ဓာတ်ပုံ - FB