20/03/2023
အခုရာသီနဲ့လိုက်ဖက်တဲ့ဟင်းတခွက်ပါ။
ချက်ပြီး အလှမဆင်နိုင်တော့လို့ အိုးလိုက်တည်ခင်းဧည့်ခံလိုက်ပါရစေ။
ဂျင်းကိုအပြားလိုက် ပါးပါးလှီး၊ပြီးရင် အမျှင်လေးတွေပြန်လှီး။
မုန်ညှင်းချဉ်(ရှမ်းချဉ်)ကို နုတ်နုတ်စင်း။
ဝက်သားကိုအစိမ်းကိုပါးပါးလှီးပြီး တခါထဲချက်လဲရသလို၊ အငံချက်ချက်ထားပြီးမှ ပါးပါးပြန်လှီးပြီးရောချက်လဲရပါတယ်။
ခုကတော့ ဝက်သားကို ဆီအိုးတည်၊ သကြားဖောက်ထည့်၊နီရဲပြီး အမြှုတ်ထလာပြီဆိုရင် ငံပြာရည်လောင်းထည့် အသားထည့်ပြီး လုံးချက်ပါတယ်။ အပေါ်က ဂျင်း နည်းနည်းအုပ်ပါတယ်။
မုန်ညှင်းချဉ်ကို အသားနဲ့ကြော်မယ်ဆိုရင် ဂျင်းဆီသတ်လို့ရရုံ ဆီနည်းနည်းထည့်ပါတယ်။
ပြီးရင် ဂျင်းကို ညိုရောင်သန်းလာတဲ့အထိ ဆီနဲ့ လှိမ့်ပါတယ်။
ဂျင်းလေးမွှေးလာပြီဆိုရင် အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး ဆီသတ်ပါတယ်။
(ဟင်းမွှေးပေမယ့် ချက်တဲ့သူတော့အတော် မွှန်ပါတယ်)
ငရုတ်သီးနံ့လေး မွှေးလာ(တနည်းအားဖြင့်) မွှန်လာပြီဆိုရင် နုတ်နုတ်စင်းထားတဲ့ ရှမ်းချဉ်ထည့်ပါတယ်။
ဒီဟင်းမှာတော့ မုန်ညှင်းချဉ်ရော ပိုးတီချဉ်ပါ ရောထားတာပါ။
ပြီးရင် ဝက်သားချက်ပြီး သေးသေး ပြန်လှီးထားတာ ထည့်ပါတယ်။
ခဏမွှေပြီးရင် ရှမ်းချဉ်ထဲက အချဉ်စိမ်ထားတဲ့အရည်ကို လိုသလောက်ထည့်ပါတယ်။
ရေလေး နည်းနည်းထည့်ပြီး အရသာသမမျှတအောင် အဖုံးအုပ်ထားပါတယ်။
အပေါ့အငံ လိုသလိုပြုပြင်ပြီး ရေခမ်းရင် ဆီသံလေး ဖျစ်ဖျစ်မည်တဲ့အထိ ထားပြီး မီးဖိုပေါ်က ချပါတယ်ရှင်။
ချဉ်ချဉ် စပ်စပ် မွှေးမွှေး ဝက်မုန်ညှင်းချဉ်လေးရပါပြီ။
ဝက်သားမစားတဲ့သူတွေလဲ ကြက်သားလေးနဲ့ ကြော်စားလို့ရပါတယ်။
ဝက်သားလိုတော့ အဆီနဲ့ အချဉ်နဲ့ထိတဲ့ အနံ့မွှေးမွှေးမရဘူးပေါ့လေ။
(မုန်ညှင်းချဉ်က အချိုမဟုတ်ဘဲ အချဉ်ဆို ပိုကောင်းပါတယ်)
Crd