People's Guerrilla

  • Home
  • People's Guerrilla

People's Guerrilla ပြည်သူ့ပြောက်ကျား စစ်ရေး၊ နိုင်ငံရ?

ပိုင်စေ အောင်စေ- PLAဥဩချိုအပိုင်း(၄)(၄) ရန်သူ့လက်နက် ကိုယ့်လက်နက်“ တော်လှန်ရေးကို ဟောဒီသေနတ်တွေနဲ့  အနိုင်တိုက်ဖို မဟုတ်...
15/11/2022

ပိုင်စေ အောင်စေ- PLA
ဥဩချို
အပိုင်း(၄)
(၄) ရန်သူ့လက်နက် ကိုယ့်လက်နက်
“ တော်လှန်ရေးကို ဟောဒီသေနတ်တွေနဲ့ အနိုင်တိုက်ဖို မဟုတ်ဘူး။ ဧရာဝတီ ချင်းတွင်းမြစ်ဝှမ်းဆင်းပြီး ရန်သူ့သေနတ်တွေကို သိမ်းပိုက် ၊ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင်လုပ်ပြီး ရန်သူကို အနိုင်တိုက်ရလိမ့်မယ်”လို အရှေ့မြောက်စစ်ဒေမှာ ကိုယ့်ရဲ့ စစ်အင်အား လက်နက်အင်အား ကောင်းစဉ်အခါကတည်းက ရဲဘော်ကြင်မောင်က လမ်းညွှန်ခဲ့ဘူးတယ်။ ကျနော်တိုတတွေလည်း ရန်သူ့လက်နက်ဖြစ်တဲ့ ကာဘိုင်သေနတ်တွေ ကိုင်ဖို ကြိုးစားခဲ့ကြတယ်။
အထက်မှာ ပြောခဲ့သလိုပဲ သေနတ်ဆိုတာ ကျည်ဆန်မရှိရင် ဒုတ်(တုတ်)ပဲ။ ကျည်ကုန်ရင် ကျည်ဖြည့်ဖို အများကြီး အခက်အခဲ ရှိတယ်။ ကျည်ပေးမယ်ဆိုရင်တောင် သွားသယ်ဖို လွယ်တာ မဟုတ်ဘူး။ တပြည်လုံး ရန်သူကို ကုန်စင်အောင် ချေမှုန်းဖို လက်နက်တွေ ကျည်ဆန်တွေ အများကြီးလိုတယ်။ ကူညီချင်တဲ့ မဟာမိတ်တွေက နည်းနည်းရယ်၊ သူတိုမှာလည်း သူတိုအခက်အခဲနဲ့ဆိုတော့ ကူညီနိုင်တာကလည်း နည်းနည်းရယ်။ ပြည်သူတွေ ချွေးနှဲစာနဲ့ ကူတဲ့ငွေကလည်း PLA က တပ်အင်အား စုဆောင်းတဲ့ဘက်မှာ ချွေချွေတာတာ သုံးနေရတယ်။ ဒီတော့ နည်းလမ်းက ရှိတဲ့လက်နက်တွေကို အရင်းပြုပြီး တိုးပွားအောင် လုပ်ရေးပဲ။ ဒါဟာ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် လုပ်ရေးပဲ။ ရန်သူ့လက်နက်တွေသာ ကိုယ့်လက်နက်ဖြစ်အောင် လုပ်နိုင်ရင် ရန်သူကို ချေမှုန်းနိုင်တာနဲ့အမျှ လက်နက်ရော ကျည်ဆန်ပါ ရန်သူနဲ့တိုက်နေရတဲ့စစ်မြေပြင်မှာ ဗုံးပေါလအောပါ။
၁၉၄၈ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးလုပ်တော့ (အခုလိုပဲ) ဘယ်က လက်နက်မှ (တလက်တလေတောင်မှ) မဝယ်နိုင်ခဲ့ပါဘူး။ လယ်ဝေးက လယ်သမားသူပုန်တွေမှာ ပါလာတဲ့ မီးကျိုးမောင်းပျက် လက်နက်တွေရယ်၊ ဖက်ဆစ်ဂျပန်တော်လှန်စဉ်က ကိုင်ခဲ့တဲ့လက်နက်တချို သိုဝှက်စုဆောင်းထားခဲ့တာရယ်၊ ထိုစဉ်အချိန် တပ်မတော်က တောခိုလာတဲ့ ရဲဘော်တွေ ပါလာတဲ့လက်နက်တွေရယ် ဒါတွေကို ကိုင်ပြီး လက်နက်အင်အား တိုးပွားအောင် လုပ်ယူခဲ့ရတာပဲ။
အထက်ဗမာပြည် အညာဒေသမှာဆိုရင် ညအချိန် ဓားပြအိမ်နေတဲ့ တဲဆီသွား၊ ပိန်းရိုးကို သေနတ်အဖြစ် ဟန်ဆောင်ပြီး ဓားပြကို ခြိမ်းခြောက်ကာ လက်နက်ကို သိမ်းယူရတယ်။ ရဲအရာရှိကို ချောင်းရိုက်ပြီး သေနတ်လုယူရတယ်။ ရွာက အမျိုးသမီးတွေက ရဲသားတွေကို ဝါးချွန်တွေ ဓားတွေနဲ့ ဝိုင်းတိုက်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွက် လက်နက်ထောက်ပံ့ပေးကြရတယ်။ အင်အားနည်းတဲ့ ပုလိပ်(ရဲ) တွေကို တိုက်ပြီး လက်နက်သိမ်းရတယ်။ လက်နက်သိမ်းတိုက်ပွဲတွေကို အသေအချာ ပြင်ဆင်စီစဉ်ပြီး လက်နက်ရအောင် လုပ်ရတယ်။ ခုလည်း ဒီလိုပဲ လုပ်ရမယ်။ အားနည်းတဲ့ရန််သူကို ရှာ၊ ချွေပစ်ပြီး ရန်သူ့လက်နက် ရအောင် လုပ်ရမယ်။ လက်နက်သိမ်းတိုက်ပွဲတွေ တိုက်ရမယ်။
ခုလည်း ဒီလိုပဲ လုပ်ရမယ်။ PLA ဟာ သန်းကြွယ်သူဌေးတွေရဲ့လက်ကိုင်တုတ် တပ်မဟုတ်ဘူး။ ပစ္စည်းမဲ့ အလုပ်သမားတွေ လယ်သမားတွေ ကျောင်းသားတွေ မြိုနေဆင်းရဲနဲ့ ဓနရှင်ပေါက်စ- စသဖြင့် အဖိနှိပ်ခံဆင်းရဲသားပြည်သူတွေရဲ့ တပ်မတော်ပဲ။ စနစ်ဆိုးအမျိုးမျိုးအောက်မှာ နှစ်ပေါင်း ၁၀၀ လောက် ဒုက္ခမျိုးစုံ ခါးစည်းခံလာရတဲ့ ပြည်သူတွေဟာ အခု စစ်ကောင်စီလက်ထက်မှာ ဖြူခါပြာခါကျနေပြီ။ ပြည်သူဆင်းရဲသလို အဖိနှိပ်ခံပြည်သူတွေရဲ့ တပ်ဟာလည်း ဆင်းရဲတယ်။ ဘာမှ ဟိတ်ဟန်ထုတ် ကြွားဝါနေစရာမလိုဘူး။ ရှိတဲ့လက်နက်နဲ့ တိုက်ပြမယ်။ ရန်သူ့လက်နက်တွေ သိမ်းပိုက်တဲ့နည်းနဲ့ ကိုယ့်လက်နက်အင်အားကို တိုးပွားစေမယ်။ နောက်ဆုံးသွေးတစက် ကျန်သည်အထိ ရန်သူကို ပြတ်ပြတ်သားသား တိုက်သွားကြမယ်။ နောက်ပြန်ပြေးတဲ့ခြေထောက် တော်လှန်ရေးရဲ့ သစ္စာဖောက်ဟေ့။ ရန်သူကို ချေမှုန်း ရန်သူ့လက်နက်တွေကို သိမ်းပိုက်ရယူတာ မလုပ်ဘဲ ဘယ်တော်လှန်ရေးမှ မအောင်ဘူး။ အမေရိကန် ရဲ့ ခြေဆုံးခေါင်းဆုံး အကူအညီနဲ့ အမေရိကန်နောက်လိုက်ခွေးတွေ မင်းပြောင်းမင်းလွှ လုပ်တာတွေပဲ ရှိမယ်။
PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေရဲ့ ကြွေးကြော်သံ ဆောင်ပုဒ်တခုနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါမယ်။
“အောင်ပွဲဟာ တိုက်ရဲသူတွေအတွက်ပဲဟေ့။”

ပိုင်စေ အောင်စေ- PLAဥဩချိုုအပိုင်း(၃) (၃) ကျည်လက်နက်ရရေးနဲ့ ကိုယ့်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးရေးခုဆို ပိုရှင်းတယ်။ ...
15/11/2022

ပိုင်စေ အောင်စေ- PLA
ဥဩချိုု
အပိုင်း(၃)
(၃) ကျည်လက်နက်ရရေးနဲ့ ကိုယ့်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးရေး
ခုဆို ပိုရှင်းတယ်။ အနောက်က ကျည်ဆန်တွေ လက်နက်တွေ လေယာဉ်ပစ်လက်နက်တွေ ကူဖို မျှော်နေတဲ့သူတွေအတွက် အမေရိကန်ဆီက တော်လှန်ရေးအတွက် ကျည်တတောင့်တောင်မှ မရနိုင်ဘူးဆိုတာ ပိုရှင်းသွားတယ်။ ယူကရိန်းစစ်ပွဲအတွက် အမေရိကန်က စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို တွန်းတဲ့ လေသံတွေ ထွက်လာတယ်။ ဗမာပြည်အရေးဆို အမေရိကန်က ရင်ကြားစေ့ရေးပဲ ဗြောင်တိုက်တွန်းလာတယ်။ အာဆီယံ၊ ကုလသမဂ္ဂ၊ တရုတ် အကုန်လုံး ဒီလမ်းကြောင်းပဲ။ သူတို လမ်းပြဆွဲဆောင်နေတဲ့ လမ်းကြောင်းနဲ့ ဗမာပြည် ပြည်သူတွေရဲ့ ပကတိအခြေအနေတိုက ပြဒါးတလမ်း သံတလမ်းပဲ။ ဗမာပြည် ပြည်သူတွေက လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို မလွှဲမရှောင်သာ ရွေးချယ်ရပြီး အသက်သွေးတွေ ပေးကာ သူသေကိုယ်သေ တွန်းလှန်ခုခံနေရတဲ့အချိန်မှာ သူတိုအားလုံးက စစ်အာဏာရှင်တွေနဲ့ ပေါင်းရေးကို တွန်းတွန်းထိုးထိုး လုပ်နေတယ်။ ဒီအချိန်မှာပဲ ရွေးကောက်ပွဲ ၂ နှစ်မြောက် ဒီချုပ်ရဲ့ စီအီးစီ ကြေညာချက် ထွက်လာတယ်။ စုလွှတ်-တွေ့ လမ်းကြောင်းကို ပြန်တင်လာတာပဲ။ ဗမာပြည် ပြည်သူတွေရဲ့ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအတွက်ဆိုရင် ဒီချုပ် စီအီးစီ ကြေညာချက်နဲ့ ကုလ-အမေရိကန်- အာဆီယံတိုရဲ့ တွန်းတွန်းထိုးထိုး လုပ်နေမှုတွေက တော်လှန်ရေးကို ဆန့်ကျင်ဟန့်တားတဲ့ ရေစီးကြောင်း ဖြစ်နေတယ်။ ဒီရေစီးကြောင်းကို ဆန်တက်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးသန္နိဋ္ဌာန်ချထားတဲ့ ပြည်သူလူထုကို အဓိက မှီခို ကာ ကိုယ်ထူးကိုယ်ချွန်စိတ်ဓာတ်နဲ့ တော်လှန်ရေးကို ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ပြီး ကျားကုပ်ကျားခဲ ကြိုးပမ်းအားထုတ်ကြမှသာ ဗမာပြည် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး အောင်နိုင်မယ်။ NUG က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း ရွေးချယ်လိုက်ပြီဆိုတာ အတိအလင်း ကြေညာထားတဲ့အဖွဲအစည်း ဖြစ်တယ်။ NUG က လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်း ကို ရွေးချယ်ပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းနေတာကို အသိအမှတ်ပြုတယ်။ အဲဒီအောက်မှာ အာဇာနည်သူရဲကောင်းတွေ အများအပြား အသက်စွန့်ထားပြီး ဖြစ်တယ်။ ပြည်သူတွေ ရာနဲ့ချီ သေခဲ့ကြရပြီး ဖြစ်တယ်။ ဒါတွေအတွက် ကမ္ဘာမကြေဘူးဆိုတဲ့ စိတ်ဓာတ်ကို မြဲမြဲဆုပ်ကိုင်ထားရမယ့်အခြေအနေ ဖြစ်တယ်။ ပြည်သူ့အလောင်းတွေ ရာချီနေတဲ့ စစ်မြေကို ပေယျာလကန်ပြုပြီး ကျောခိုင်းလှည့်ပြေးလို မရတော့တဲ့ အခြေအနေ ရောက်နေပြီ။ လက်နက်ကိုင်တော်လှန်ရေးကို စမိထားပြီဆိုရင် ၂၀၀၈ ခြေဥအောက် ပြန်ဝင်ရေးအတွေးအခေါ်နဲ့ ချက်ကြိုးဖြတ်ထားနိုင်မှ ရမယ်။ ဗုံလိုလို ပတ်လိုလို လက်နက်ကိုင်တော်လှန်ရေးလိုလို စုလွှတ်တွေ့ လမ်းကြောင်းလိုလို ဟိုလိုလို ဒီလိုလိုအတွေးအခေါ်တွေနဲ့ တော်လှန်ရေးကို အောင်ပွဲဆီအရောက် တွန်းတင်ပေးဖို မဖြစ်နိုင်ဘူး။ ဒီလို တော်လှန်ရေးကို ဟန့်တားတဲ့ အတွေးအခေါ်တွေ
မုချဝင်နှောက်လာလိမ့်မယ်ဆိုတာ အစောကြီးကတည်းက ပြောထားပြီးသားမို အကျယ်တဝင့် ထပ်မပြောတော့ဘူး။ နောင်လည်း ဒါ့ထက်ပိုဆိုးတာတွေ လာနိုင်သေးတယ်။
တော်လှန်ရေးသမားတွေအတွက်ကတော့(သန္နိဋ္ဌာန်ချ၊ သက်စွန့်ရမှာ မကြောက်နဲ့၊ အခက်အခဲကျော်လွှား၊ အောင်ပွဲအရယူ) ဟာ ကြွေးကြော်သံဆောင်ပုဒ်နဲ့ စွဲစွဲမြဲမြဲ လျှောက်လှမ်းရမယ့် လမ်းကြောင်း ဖြစ်တယ်။
ကိုယ်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးရေးဆိုတာ အဓိကအားဖြင့် ပြည်သူကို မှီခိုအားကိုးတာပဲ။ PLA အပါအဝင် လက်နက်ကိုင်တော်လှန်ရေးသမားတွေကို ပြည်သူက ထမင်းကျွေးထားတာ ဖြစ်တယ်။ လက်နက်ဝယ်ဖို ငွေလည်း ပြည်သူက ပေးတာ ဖြစ်တယ်။ တော်လှန်ရေးအတွက် ပြည်သူတွေက ဒီလို မရှိမဲ့ရှိမဲ့ ခက်ခက်ခဲခဲကြားထဲက ထောက်ပံ့နေရုံသာမက မိမိတိုအသက်တွေ၊ အိုးအိမ်မြေယာတွေ၊ စည်းစိမ်ဥစ္စာတွေကိုပါ အဆုံးရှုးခံပြီး တော်လှန်ရေးကို ထောက်ကူနေရတာ ဖြစ်တယ်။ ဗမာပြည် တော်လှန်ရေးမှာ တော်လှန်ရေးသမားတွေသာ အသက်စွန့်တိုက်နေရတာ မဟုတ်ဘူး။ ပြည်သူတွေပါ အသက်အိုးအိမ်စည်းစိမ်တွေ ပေးလှူနေကြရတယ်ဆိုတာ တော်လှန်ရေးသမားတိုင်း ရင်ထဲအသဲထဲက နားလည်ထားကြရလိမ့်မယ်။
အပိုင်း( ၄ ) ကို ဆက်လက် ဖော်ပြသွားပါမယ်။

ပိုင်စေ အောင်စေ - PLAဥဩချိုအပိုင်း (၂) ကျည်ဆန်တတောင့် ရန်သူတယောက်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှာ အခိုင်အမာ လမ်းညွှ...
15/11/2022

ပိုင်စေ အောင်စေ - PLA
ဥဩချို
အပိုင်း (၂)
ကျည်ဆန်တတောင့် ရန်သူတယောက်
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှာ အခိုင်အမာ လမ်းညွှန်တွေ၊ လမ်းစဉ်၊ ပေါ်လစီ၊ စည်းကမ်းနဲ့ ဒီမိုကရေစီ တွေ ရှိနေရုံသာမကပဲ တိုက်ပွဲဝင် ကြွေးကြော်သံနဲ့ ဆောင်ပုဒ်တွေလည်း ရှိပါတယ်။
ဥပမာအဖြစ် ပြောရရင်(ကျည်ဆန်တတောင့်-ရန်သူတယောက်) (ရန်သူ့လက်နက်- ကိုယ့်လက်နက်) (လက်နက်ချရင် မသတ်ဘူးဟေ့) (ပြည်သူနဲ့တပ်သား- ရေနဲ့ငါးပမာ) ဆိုတာ ဆောင်ပုဒ် ကြွေးကြော်သံတွေ ဖြစ်ပါတယ်။
ဆောင်ပုဒ်နဲ့ ကြွေးကြော်သံတွေဟာ အနှစ်ချုပ်ထားတဲ့စကားဖြစ်ပြီး သူ့ရဲ့အခြေခံအဓိပ္ပာယ်ကတော့ ကျယ်ပြန့်ခိုင်မာပါတယ်၊၊ အဲဒါအပြင် ကြွေးကြော်သံဆောင်ပုဒ်တွေဟာ တခုနဲ့ တခု ဆက်စပ်နေပြီး အခိုင်အမာ စိတ်ဓာတ်အခြေခံတွေကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။
ကျည်ဆန်တွေဆိုတာ မိုးပေါ်က ကျလာတာလား။ ကျည််ဆန်ရဲ့ ရင်းမြစ်ဟာ ပြည်သူလူထု ဖြစ်တယ်။ လက်နက်ဝယ်တာတွေဟာ ပြည်သူ့လှူဒါန်းငွေ ချွေးနှဲစာနဲ့ ဝယ်တာ ဖြစ်တယ်။ ကျည်ဆန်ဝယ်တာလည်း ပြည်သူ့ငွေနဲ့ ဝယ်တာ ဖြစ်တယ်။ မဟာမိတ်တွေရှိက လက်နက်ရသည်ဖြစ်စေ၊ တပ်ဖွဲ့စည်းတည်ထောင်တာကိုက ပြည်သူကို မှီခိုအားကိုး ပြည်သူ့အလှူငွေနဲ့ထူထောင်ရတာမို့ လက်နက်ကျည်ဆန်တွေရဲ့ တန်ဖိုးရင်းမြစ်ဟာ ပြည်သူဖြစ်တယ်။
ရန်သူ့တပ်ရဲ့ လက်နက် ကျည်ဆန်တွေဆိုတာကလည်း တကယ်တမ်းမှာ ပြည်သူ့ငွေတွေနဲ့ဝယ်ယူတာ ဖြစ်တယ်။ အမြောက်တွေ လေယာဉ်တွေ ရဟတ်ယာဉ်တွေ အားလုံးဟာ ပြည်သူ့ငွေနဲ့ဝယ်တာတွေချည်းပဲ။ ဒါပေမဲ့ ရန်သူ စစ်ကောင်စီ ယုတ်မာတာက ပြည်သူ့ငွေနဲ့ဝယ်တဲ့ သေနတ်ကျည်ဆန်၊ အမြောက်တွေ၊ လက်နက်ကြီးတွေ၊ ရဟတ်ယာဉ်တွေ၊ စစ်လေယာဉ်တွေသုံးပြီး တော်လှန်ရေးသမားတွေကိုသာမက ပြည်သူတွေကိုပါ ရက်ရက်စက်စက် ဗုံးကြဲ၊ လက်နက်ကြီးတွေနဲ့ထု၊ သေနတ်နဲ့ပစ်ခတ် ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာ ဖြစ်တယ်။
PLA နဲ့ တော်လှန်ရေးရဲဘော်တွေကတော့ ပြည်သူ့အကျိုးစီးပွား ဦးထိပ်ပန်ထားသူတွေမို့ ကျည်တတောင့်ပစ်မယ်ဆိုရင် ဒီကျည်ဆန်တန်ဘိုးကို မိမိတို့ ချွေးနှဲစာနဲ့ ဆင်းရဲခက်ခဲစွာ ရှာဖွေပေးလှူရှာကြတဲ့မိဘပြည်သူတွေရဲ့ မျက်နှာကို အရင််ဆုံး ပြေးမြင်လိုက်ကြရမယ်။ PLA ကို သိန်းရာဂဏန်းလှူဒါန်းသူနဲ့ ငါးသောင်းကျပ်၊ တသိန်းကျပ် လှူဒါန်းသူအားလုံးဟာ ဒီနေ့လို ကာလမျိုးမှာ မိမိတို့ ချွေးနှဲစာ ခက်ခက်ခဲခဲ လုပ်ကိုင်ရှာဖွေ စုဆောင်းထားတဲ့ငွေတွေကို တော်လှန်ရေးအတွက် တော်လှန်ရေးမေတ္တာ၊ တော်လှန်ရေးစေတနာနဲ့ လှူဒါန်းထားကြသူတွေချည်း ဖြစ်တယ်။ သူတို့ရဲ့ တော်လှန်ရေးမေတ္တာ တော်လှန်ရေးစေတနာကို တန်ဘိုးထားတယ်ဆိုရင် ဘယ်လို ကျည်ဆန်တတောင့်ကိုမှ အလဟဿ အချည်းနှီး ဖြုန်းတီးပစ်ခတ်တာမျိုး မဖြစ်စေရဘူး။ တော်လှန်ရေးအတွက် မိမိတို့ တသက်လုံး ထုပ်ပိုးသိမ်းဆည်းထားတဲ့ နားကပ်လေးတွေ၊ လက်စွပ်ကလေးတွေ ပေးလှူလာကြတဲ့ အညာက အဖွားကြီးတွေ အဒေါ်ကြီးတွေ ဘယ်လောက် စိတ်ထိခိုက်ဖို့ ကောင်းသလဲ။ သူတို့ကို မျက်စိထဲ ထည့်ပြီးမှ ကျည်ဆန်ကို မှန်အောင် ပစ်ပါ။
ကျနော်တို့မှာ လက်နက်ကျည်ဆန်တွေ သိန်းချီ ရှိနေတဲ့ကာလတုန်းကတောင် ကျည်ဆန်ကို တတောင့်ဆိုတတောင့် တန်ဖိုးထားခဲ့ကြတာဟာ “ကျည်ဆန်တတောင့်_ ရန်သူတယောက်”ဆိုတဲ့ ကြွေးကြော်သံဆောင်ပုဒ်က အမြဲတစေ သတိပေးနေလို့ ဖြစ်ပါတယ်။ မျောက်တွေ အလွန်ပေါနေတာတောင် ကျည်တတောင့်မသုံးခဲ့ကြပါဘူး။ ဒါပေမဲ့ လူထုစိုက်ခင်းတွေ မျောက်တွေဝင်ဖျက်တာကို ကာကွယ်ဖို့ အတွက်ကျတော့ ကျည်ဆန်ကို အသုံးပြုရပါတယ်။ အရာရာ ပြည်သူ့အကျိုးစီးပွားကို အဓိကထား စဉ်းစားကြရပါတယ်။
ကျည်ဆန်တတောင့် - ရန်သူတယောက်ဆိုတဲ့ အခြေအနေဟာ စစ်ရေးအတွေးအခေါ်နဲ့လည်း ဆက်စပ်နေတယ်။ တိုက်ပွဲချိန်မဟုတ်ရင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေဟာ နိုင်ငံရေးသင်တန်းတွေလုပ်သလို စစ်ရေးသင်တန်းတွေ လုပ်တယ်။ စစ်ရေးသင်တန်းတွေနဲ့ စစ်ရေးစွမ်းရည် မြှင့်ရာမှာ ရန်သူကို မှန်အောင်ပစ်နိုင်ဖို့ လေ့ကျင့်တာလည်း ပါတယ်။
ဒါသာမက ရန်သူကို တိုက်ရာမှာ ကြိုတင်ပြင်ဆင်ထားတဲ့ ပိုင်နိုင်တဲ့တိုက်ပွဲတွေကို စီစဉ်တာ၊ ကျည်ဆန်တတောင့် ရန်သူတယောက် ဆိုတဲ့အတိုင်း ရန်သူကို အပိုင်မှန်အောင် ပစ်နိုင်ဖို့ သတ်ကွင်းတွေ အသေအချာ ဖန်တီးနိုင်တာ၊ ပြောက်ကျားစစ်မှာလည်း ရန်သူကို ချုံခိုတိုက်ခိုက်ပြီး ကျည်တတောင့် ပစ်တိုင်း ရန်သူတယောက်သေအောင် တိုက်ပွဲကို အသေအချာ စီစဉ်ထားနိုင်တာနဲ့လည်း သက်ဆိုင်တယ်။
နောက်တချက်က ကျည်တတောင့်-ရန်သူတယောက်ဆိုတာ ခြိုးခြံချွေတာရေး- ကိုယ့်ထူးးကိုယ်ချွန်- ကိုယ့်အားကိုယ်ကိုးရေးဆိုတဲ့ တော်လှန်ရေးမှာထားရမယ့် အခြေခံစိတ်ဓာတ်နဲ့လည်း သက်ဆိုင်နေပြန်တယ်။
ကျည်ဆန်မရှိရင် သေနတ်ဆိုတာ ဒုတ်(တုတ်) ပဲ။ ကျည်ဆန်ကို အလဟဿ ဖြုန်းတီးပြီး ရွာတွေထဲ အရူးချီးပန်း ပစ်တာ ရန်သူဖက်ဆစ်မိစ္ဆာတွေရဲ့ အကျင့်ဆိုး အကျင့်ယုတ်ပဲ။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကတော့ ဒါနဲ့ဗြောင်းပြန် ကျည်ဆန်ကို ချွေတာ သုံးတယ်။ ရန်သူကို သတ်ဖို့ သေချာမှ ပစ်တယ်။ ရန်သူကို အပိုင်အနိုင်ချေမှုန်းဖို့ အနိုင်ရမယ့် တိုက်ပွဲမျိုးကို တိုက်တယ်။ (အနိုင်ရတဲ့တိုက်ပွဲတိုက်တယ်ဆိုတာက စွန့်လွှတ်စွန့်စားတာ မပါတဲ့ တိုက်ပွဲမျိုးကို ပြောတာမဟုတ်ဘူး။ နိုင်ဖို့ ရာခိုင်နှုန်း ၁၀၀ ရှိမှ တိုက်တာဆိုပြီး တိုက်ပွဲရှောင်တဲ့ အတွေးအခေါ်မျိုးကိုလည်း မဆိုလိုဘူး။) ဒါ့အပြင် ရန်သူနဲ့သူပစ်ကိုယ်ပစ် အချိန်ကြာရှည်စွာ နာရီပေါင်းများစွာ တိုက်တာမျိုးကိုလည်း ပြောက်ကျားစစ်ကို အဓိက ထားတိုက်နေရတဲ့ ကာလမှာရှောင်ရှားရမယ်။ ကျည်ကုန် လူပန်းရုံမက မိမိဘက်က ဆုံးရှုံးမှုတွေကိုလည်း ဖြစ်စေနိုင်တယ်။ ကျည်ချွေတာဖို့၊ လူချွေတာဖို့ ၊ အသက်ချွေတာဖို့ အချိန်ဆွဲတိုက်တဲ့ တိုက်ပွဲမျိုးကို ရှောင်ကြဖို့ လိုပါတယ်။
ကျည်ဆန်ကို ချွေတာရုံမက ရဲဘော်တွေရဲ့ အသက်ကိုလည်း ချွေတာရမယ်။ နိုင်မှတိုက် ပိုင်မှတိုက်ဖို့ဆိုတာ ရဲဘော်တွေ အကျအဆုံးနည်းစေမယ့်တိုက်ပွဲမျိုး ဖြစ်တယ်။ ရန်သူကို ပြောက်ကျားပစ်၊ ချုံခိုပစ်၊ အလစ်အငိုက်ယူတိုက်၊ ရန်သူက ပြန်မပစ်နိုင်ခင် အမြန်ပြန်ဆုတ်၊ ပြောက်ကျားစစ်မှာ ရန်သူ့အခိုင်အမာ စခန်းတွေကို တိုက်တာထက် ရန်သူလှုပ်ရှားသွားလာနေစဉ် ဖြတ်တိုက်၊ ရန်သူ အားနည်းတဲ့နေရာ ရှာတိုက်၊ ရန်သူထက် သာလွန်တဲ့အင်အားစုစည်း ကိုယ့်ထက် အားနည်းတဲ့ရန်သူကို ရှာတိုက်၊ (ရန်တက် ငါဆုတ်၊ ရန်နားငါရှုပ်၊ ရန်ပန်းငါတိုက်၊ ရန်ပြေးငါလိုက်)ဆိုတဲ့ စစ်ပရိယာယ်ကို အပိုင်အနိုင် တီထွင်မှုရှိရှိ ကျင့်သုံးရမယ်။
ခံစစ်သေ မလုပ်နဲ့။ အခြေခံစခန်း လက်မလွှတ်ရေးမလုပ်နဲ့။ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ယင်အန်းလို ၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပန်ဆန်းလို မိမိအင်အား သောင်းဂဏန်းရှိတာတောင်မှ အခြေခံစခန်းလက်မလွှတ်ရေးဆိုတာကို မစဉ်းစားဘူး။ ကျင်ကန်းစန်းတောင်တန်းကနေ တပ်နီတော် စစ်ချီခဲ့ရတာပဲ။ လူရှိနေဖို့၊ မိမိအင်အားကို ထိန်းသိမ်းဖို့ အဓိကပဲ။ မိမိမှာ တပ်အင်အားရှိရင် ပြန်သိမ်းလို့ ရတာပဲ။ ဒါဟာ မိမိအင်အားကို ချွေတာရတာ ဖြစ်တယ်။ လူကို အသက်တွေကို ချွေတာရတာ ဖြစ်တယ်။
ကျည်နဲ့အသက် ချွေတာရေးသာမက အစစ အရာရာ ခြိုးခြံချွေတာ ရမယ်။ ကျနော်တို့ ပြည်သူလူထု ဆင်းရဲဒုက္ခ ကြီးလှပါပြီ။ ဒီအထဲက တော်လှန်စစ်ရဲ့တာဝန်ကို လူထုက ကုန်းရုန်းထမ်းပိုး နေရရှာသေးတယ်။ တရားကျင့်သူတွေဟာ ထမင်းစားတဲ့အချိန် တရားမှတ်ပြီး တရားသတိနဲ့ စားသလို လက်နက်ကိုင်တော်လှန်ရေးရဲဘော်တွေလည်း ထမင်းစားတဲ့အချိန် ငါတို့ ပြည်သူကျွေးတဲ့ထမင်းကို စားနေရတယ်၊ ငါတို့ ထမင်းစားတာဟာ ပြည်သူကို အလုပ်အကျွေးပြုဖို့အတွက်- လို့ သတိတရ ရှိနေကြရမယ်။ ရိက္ခာ အဝတ်အစား ဖိနပ်ကအစ ချွေတာ ရမယ်။ မျက်မှောက် အရှေ့မြောက် စစ်ဒေသတခုက PLA ရဲဘော်တွေ သူတို့ရတဲ့ အသုံးငွေထဲက လစဉ် စုဆောင်းပြီး သူတို့လောက်မရတဲ့တခြားစစ်ဒေသက ရဲဘော်တွေထံ ပေးပို့တယ်ဆိုတဲ့ သတင်းကြားရတာ သိပ်ပြီး ဝမ်းသာကြည်နူးမိတယ်။ PLA ထိပ်ဆုံးခေါင်းဆောင်နဲ့ အောက်ခြေရဲဘော်တွေ ကြက်ဥပြုတ်တလုံးစီ၊ ပိန်းဥပြုတ်ကလေးတွေနဲ့ ကြမ်းတပြေးတည်း ထမင်းအတူစားနေတဲ့ ဓာတ်ပုံကို မြင်တွေ့ရတော့ ခေါင်းဆောင်နဲ့ တပ်သားရဲဘော် တသားတည်းရှိနေကြတာကို နှစ်ခြိုက်မိတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်က ရဲဘော်တွေ အိမ်က ပို့လာတဲ့ ငါးပိကောင်ဟင်းကလေးတွေ ရဲဘော်ရှိသလောက် တဖဲ့စီ အညီအမျှ ဝေစား၊ ဆေးလိပ်တစည်းရ အတူတူ ဝေသောက်တဲ့ သတင်းလေးတွေ ကြားရတော့ ရွှင်လန်းအားတက်မိတယ်။ ဘယ်သူတွေ ဘယ်လို နှိမ်နှိမ် ပြည်သူကို အကောင်းဆုံး အလုပ်အကျွေးပြု၊ ရဲရဲဝံ့ဝံ့ ပြောင်ပြောင်မြောက်မြောက် စစ်ကိုတိုက် ၊ မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တော်လှန်ရေးကို ဇွဲရှိရှိ ဆုံးခန်းတိုင်အောင် လုပ်ရင် မရှိရာက ရှိလာလိမ့်မယ်။ တပ်ဟာ သေးငယ်ရာက ကြီးထွားလာလိမ့်မယ်။ (ကိုယ့်အားကိုယ်ကိုး၊
အဆင်းရဲအပင်ပန်းခံရမှာ မကြောက်နဲ့၊ ရိုးရိုးကုပ်ကုတ်နေ၊ မြင့်မြင့်မားမား တွေးခေါ်၊ ပြည်သူကို အလုပ်အကျွေးပြု၊ ဂုဏ်ရောင်ပြောင်အောင်တိုက်-)ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေရဲ့ စံနမူနာကို စိုက်ထူပြသသွားဖို့ ကြိုးပမ်းအားထုတ်ကြရလိမ့်မယ်။
အပိုင်း (၃) ကို တဆက်တည်း ဖော်ပြသွားပါမယ်။

ပိုင်စေ အောင်စေ - PLAဥဩချိုအပိုင်း (၁) နီလည်းနီစေ၊ ချွန်လည်း ချွန်စေ“ဒီမိုကရေစီသစ်”နဲ့ “ ပြည်သူ့ပြောက်ကျား” စာမျက်နှာတွေ...
15/11/2022

ပိုင်စေ အောင်စေ - PLA
ဥဩချို
အပိုင်း (၁)
နီလည်းနီစေ၊ ချွန်လည်း ချွန်စေ
“ဒီမိုကရေစီသစ်”နဲ့ “ ပြည်သူ့ပြောက်ကျား” စာမျက်နှာတွေကနေ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားPLA ရဲဘော်တွေအတွက် နိုင်ငံရေးအတွေးအခေါ်နဲ့သက်ဆိုင်တဲ့ စာတွေ၊ စစ်ရေးအတွေးအခေါ်နဲ့သက်ဆိုင်တဲ့ စာတွေ အဆက်မပြတ် တင်ပေးနေတယ်။ ဘာလိုလဲ။ PLA ရဲဘော်တွေဟာ ရန်သူ ဖက်ဆစ် ကြေးစားစစ်သားတွေနဲ့ အတွေးအခေါ်အရ မိုးနဲ့မြေလို ကွာခြားတယ်။ ရန်သူ ဖက်ဆစ် ကြေးစားတပ်သားတွေဟာ ကြေးစားအတွေးအခေါ်နဲ့ စစ်ကောင်စီမှိင်းသွင်းပေးထားတဲ့ ဖောက်ပြန်တဲ့ နိုင်ငံတော် ကာကွယ်ရေးအတွေးအခေါ်တွေသာ ရှိတယ်။ သူတိုရဲ့ နိုင်ငံတော်ဆိုတာ သူတို စစ်အုပ်စု၊ စစ်ခရိုနီတွေနဲ့ စစ်ဗျူရိုကရက် လူတန်းစားတွေသာ ဖြစ်တယ်။ စစ်ကောင်စီရဲ့ “နိုင်ငံတော်”ဆိုတာ သူတို စစ်အုပ်စုတစုရဲ့ နာမည်ဝှက်တခုပဲဆိုတာ သူတို ကြေးစား စစ်သားတွေ မသိဘူး။ နိုင်ငံတော်အတွက််ဆိုပြီး သူတိုသခင်တွေ က စစ်ရေးဒီမိုကရေစီ နိုင်ငံရေးဒီမိုကရေစီ ၊ စီးပွားရေးဒီမိုကရေစီ ဘာတခုမှ မပေးဘဲ အမိန့်နာခံရေးသက်သက် လေ့ကျင့်သင်ကြားပေးထားတယ်။ ဒါကြောင့် သူတိုတတွေဟာ သူတိုကို လက်ကိုင်တုတ်လုပ်ထားတဲ့ သခင်တွေက ရှူးတိုက်လိုက်ရင် မှားမှားမှန်မှန် မစဉ်းစားတတ်ဘဲ မဲမဲမြင်ရာ အကုန်လိုက်ကိုက်တဲ့ စစ်ခွေးတွေ ဘဝ ကျရောက်နေကြရတာပဲ။ PLA ကတော့ မိမိရဲဘော်တွေကို ပြည်သူ့အကျိုးစီးပွားအတွက် နိုင်ငံရေးအသိ မြင့်မားနေတဲ့ ရဲဘော်တွေ ဖြစ်လာအောင် နိုင်ငံရေးအရ အဆက်မပြတ် ပျိုးထောင်မြှင့်တင်ပေးနေတယ်။ ဒီလုပ်ငန်းအတွက် အထောက်အကူဖြစ်အောင် “ဒီမိုကရေစီသစ်”နဲ့ “ပြည်သူ့ပြောက််ကျား” စာမျက်နှာတွေကနေ PLA ရဲဘော်တွေအတွက် နိုင်ငံရေးအရ စစ်ရေးအရ အကျိုးပြုပေးနိုင်မယ့်စာတွေ အဆက်မပြတ် တင်ပေးနေတာ ဖြစ်တယ်။
ဒီမှာ တင်ပေးနေတဲ့ စာတွေဟာ PLA အတွက် အဓိက ရည်ရွယ်တာ ဖြစ်ပေမယ့် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးဆင်နွှနေတဲ့ တပ်ဖွဲမှန်သမျှ ဘယ်သူမဆို လေ့လာနိုင်အောင် ဖတ်မှတ် အသုံးပြုနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်တခုလည်း ပါတယ်။ ဒါကြောင့် PLA လက်စွဲစာအုပ်၊ တပ်ပေါင်းစု ပေါ်လစီစာအုပ်တွေကို အကျယ်အပြန့် တင်ပေးနေတာပဲ။
တချို့ဒီစာအုပ်လေးတွေကို လက်ကိုင်ထားအသုံးပြုပါရစေလို ခွင့်တောင်းလာတယ်။ ဝမ်းပန်းတသာ အသုံးပြုခွင့် ပေးလိုက်ကြတာပါပဲ။ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအတွင်း ပြည်သူလူထုတွင်း က ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တော်လှန်ရေးမဟာမိတ် စစ်ရေးမဟာမိတ်အဖြစ် သဘောထားတယ်။ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန်ရေးရဲဘော်တွေမှန်သမျှ “တိုက်ဖော်တိုက်ဖက်” အဖြစ် သဘောထားတယ်။ အဖွဲ ကြီးသည်-ငယ်သည် မခွဲခြားဘူး။ နိုင်ငံရေးအသွေးအရောင် မခွဲခြားဘူး။ လူမျိုးဘာသာ မခွဲခြားဘူး။ ရန်သူစစ်ကောင်စီ၊ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို ဦးတည်ပြီး လက်နက်နဲ့ တိုက်ခိုက်တာတူရင် လက်တွဲတိုက်နိုင်တယ်လို သဘောထားတယ်။ တူတာတွဲလုပ်ဆိုတာ ဒါပဲ။
PLA ဟာ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုအောက်က တပ်ဖွဲ့ဖြစ်တာမို PLA မှာ အထွေထွေ လမ်းစဉ်ရှိတယ်။ စစ်ရေးလမ်းစဉ်ရှိတယ်။ မြေယာလမ်းစဉ်၊ ကျေးလက်လူတန်းစားလမ်းစဉ်တွေ ရှိတယ်။ တပ်ပေါင်းစု ပေါ်လစီရှိတယ်။ သုံးရှစ်လုပ်ဟန်ရှိတယ်။ သုံးရှစ်စည်းကမ်းရှိတယ်။ ဒီမိုကရေစီကြီး သုံးရပ်ရှိတယ်။ မြေအောက်လုပ်ငန်းလမ်းညွှန်ပေါ်လစီတွေရှိတယ်။
ဒီလို အခိုင်အမာ မူတွေ၊ အတွေးအခေါ်တွေ၊ လမ်းစဉ်တွေ၊ ပေါ်လစီတွေ၊ တပ်တွင်းဒီမိုကရေစီတွေ၊ တပ်ပေါင်းစုပေါ်လီနဲ့ လုပ်ငန်းလမ်းညွှန်ချက်တွေအောက်မှာ PLA ရဲဘော်တွေဟာ မိမိတိုရဲ့ နိုင်ငံရေးအတွေးအခေါ် စိတ်ဓာတ်(နီရေး)နဲ့ တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ ပြည်သူ့အကျိုးပြု လုပ်ငန်းစွမ်းရည်(ချွန်ရေး) တိုကို အဆက်မပြတ် မြှင့်တင်ဖို လက်တွေ့အတွင်း လေ့လာသင်ကြားရင်း နီလည်း နီ၊ ချွန်လည်းချွန်တဲ့ ပြည်သူ့သားကောင်းသမီးကောင်း စစ်သည်တွေဖြစ်လာအောင် အဆက်မပြတ် လုံးပန်းအားထုတ်နေကြပါတယ်။
(အပိုင်း ၂) ကို တဆက်တည်း ဖော်ပြသွားပါမယ်။)

မော်စီတုန်း စစ်ရေးအတွေးအခေါ်လူနဲ့လက်နက် ဘယ်ဟာအဓိကလဲမော်စီတုန်း(လက်ရွေးစင်ကျမ်း၊ အတွဲ ၂)“လက်နက်သာအဓိကဆိုတဲ့ သဘောတရား”*** ...
15/11/2022

မော်စီတုန်း စစ်ရေးအတွေးအခေါ်
လူနဲ့လက်နက် ဘယ်ဟာအဓိကလဲ
မော်စီတုန်း
(လက်ရွေးစင်ကျမ်း၊ အတွဲ ၂)
“လက်နက်သာအဓိကဆိုတဲ့ သဘောတရား”*** (ဟာ) စစ်ပြဿနာနဲ့ ပတ်သက်တဲ့ စက်ယန္တရားဝါဒ ဖြစ်တယ်။ ပြဿနာတွေကို ဆန္ဒစွဲနဲ့ကြည့်တဲ့၊ တဖက်သတ်ကြည့်တဲ့ အမြင်ဖြစ်တယ်။ ကျနော်တို့ရဲ့ အယူအဆကတော့ ဒါနဲ့ ဆန့်ကျင်ဖက်ဘဲ၊ လက်နက်ကိုသာမက လူ့စွမ်းအားကိုပါ မြင်ထားတယ်။ လက်နက်ဟာ စစ်ပွဲအတွက် အရေးကြီးပေမဲ့ အဆုံးအဖြတ်ပေးနိုင်တာ မဟုတ်ဘူး။ အဆုံးအဖြတ်ပေးနိုင်တာက ရုပ်ဝတ္ထုမဟုတ်၊ လူသာ ဖြစ်တယ်။ အင်အားချင်း ပြိုင်ဆိုင်တာဟာ စစ်အင်အားနဲ့ စီးပွားရေး အင်အားချင်းသာ ပြိုင်ဆိုင်တာမဟုတ်၊ လူ့စွမ်းအားနဲ့ စိတ်ဓာတ်ချင်း ပြိုင်ဆိုင်တာလဲ ဖြစ်တယ်။ စစ်အင်အားနဲ့ စီးပွားရေးအင်အားဆိုတာကို လူတွေက စီမံချုပ်ကိုင်ရတာ ဖြစ်တယ် …. တရုတ်ပြည်ဟာ ခုခံရေးစစ်ကို ကြံ့ကြံ့ခိုင်ဆင်နွှဲပြီး ညီညွတ်ရေးတပ်ပေါင်းစုကို စွဲစွဲမြဲမြဲ ထိန်းထားမယ်ဆိုရင် သူ့ရဲ့စစ်အင်အားနဲ့ စီးပွားရေးအင်အားဟာ တစတစ တောင့်တင်းလာမှာ မြေကြီးလက်ခတ် မလွဲဘဲ။ ကျနော်တို့ရဲ့ ရန်သူဟာ နှစ်ရှည်လများ စစ်တိုက်ရတာနဲ့ ပြည်တွင်းပြည်ပ ပဋိပက္ခတွေကြောင့် အားအင်ချည့်နဲ့လာမှာမို့ သူ့ရဲ့ စစ်အင်အားနဲ့ စီးပွားရေး အင်အားတွေဟာ ဆန့်ကျင်ဖက်သို့ မလွဲမသွေ ပြောင်းလဲသွားလိမ့်မယ်။
မြန်မြန်အောင်နိုင်တယ်လို့ ပြောသူတွေဟာ စစ်ဆိုတာ အင်အားပြိုင်ပွဲဖြစ်တယ် ဆိုတာကို နားမလည်ကြဘူး၊ စစ်ဆင်နေကြတဲ့ နှစ်ဦးနှစ်ဖက်တို့ရဲ့ အင်အားအချိုးအစားဟာ တစုံတရာအထိ ပြောင်းလဲမလာသေးခင် သေနင်္ဂဗျူဟာအရ ယတိပြတ်စစ်ပွဲကို ဆင်နွှဲလိုတာ၊ လွတ်မြောက်ရေး လမ်းကြောင်းသို့ အဆောတလျင် ကြိုတင်တက်လှမ်းလိုတာတွေဟာ အခြေအမြစ်မရှိဘူး ဆိုတာကိုလဲ နားမလည်ကြဘူး။ ဒီအယူအဆတိုင်း လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် နှာခေါင်း ကျည်ပွေ့တွေ့မှာ သေချာတယ်။ ဒါမှမဟုတ်ရင်လဲ အပျော်သက်သက် လေဖောရုံဖောတာဖြစ်လို့ တကယ်လုပ်ဖို့ မရည်ရွယ်တာလဲ ဖြစ်မယ်။ နောက်ဆုံးမှာ လေအိုးကြီးတွေ စိတ်အပျက်ကြီး ပျက်သွားအောင် အဖြစ်မှန်ဆရာကြီးက ထွက်လာပြီး ကျောကို ခပ်စပ်ကလေး ချလိုက်ကာ မင်းတို့တတွေဟာ အချောင်လိုက်တဲ့၊ သက်သက်သာသာနဲ့ အမြတ်ထုတ်ချင်တဲ့ လေအိုးကြီးတွေဘဲလို့ဆိုပြီး သက်သေခံလိမ့်မယ်။ ဒီလိုလေအိုးကြီးတွေဟာ အရင်ကလဲ ရှိခဲ့ဘူးတယ်၊ အခုလဲ ရှိနေတယ်။ ဒါပေမဲ့ သိပ်မများပါဘူး။ သူမသာကိုယ်မသာအဆင့်နဲ့ ပြန်လှန်ထိုးစစ်ဆင်တဲ့ အဆင့်သို့ရောက်တဲ့အခါမှာ လေအိုးကြီးတွေ များကောင်းများလာလိမ့်မယ်။ ဒါပေမဲ့ ဒီအချိန်မှာဘဲ တကယ်လို့ ပထမအဆင့်က တရုတ်ပြည်ဖက်မှ အဆုံးအရှုံး အတော်များခဲ့ပြီး ဒုတိယအဆင့်မှာ အချိန်သိပ်ကြာနေရင် နိုင်ငံကျဆုံးလိမ့်မယ်ဆိုတဲ့ အယူအဆများနဲ့ အရှော့ပေးရေး အယူအဆများဟာလဲ အကြီးအကျယ် ခေတ်စားလာလိမ့်မယ်။ ဒါကြောင့် ကျနော်တို့ဟာ နိုင်ငံကျဆုံးလိမ့်မယ်ဆိုတဲ့ အယူအဆနဲ့ အရှော့ပေးရေး အယူအဆတို့ကို အဓိက ဦးတည်တိုက်ပြီး လေအိုးကြီးများရဲ့ မြန်မြန်အောင်ပွဲခံရေး အယူအဆကို သာမန်အင်အားနဲ့သာ တိုက်ခိုက်ရမယ်။
စစ်ဟာ ရေရှည်စစ်ဖြစ်မှာ သေချာတယ်။ သို့ပေမဲ့ နှစ်-လ ဘယ်လောက်ကြာမယ် ဆိုတာကို ဘယ်သူမှ တင်ကူးပြီး အကဲမဖြတ်နိုင်ဘူး။ ဒီအချက်ဟာ ရန်သူနဲ့ ကျနော်တို့ အင်အား ပြောင်းလဲမှုအပေါ် လုံးဝတည်တယ်။ စစ်ပွဲအချိန်ကာလကို တိုတောင်းစေချင်တဲ့ လူသားအားလုံးအဖို့ မိမိတို့အင်အား တိုးပွားစေပြီး ရန်သူအင်အား လျော့နည်းအောင် ကြိုးစားအားထုတ်တဲ့ နည်းလမ်းတခုထဲသာ ရှိတယ်။ အတိအကျ ပြောရရင် အောင်ပွဲများများရအောင်တိုက်ပြီး ရန်သူစစ်တပ် ကုန်ခန်းအောင် ကြိုးပမ်းအားထုတ်ရမယ်။ ပြောက်ကျားစစ်ကို ကျယ်ကျယ်ပြန့်ပြန့်ဆင်ပြီး ရန်သူသိမ်းပိုက်ထားတဲ့ နယ်မြေကို ကျဉ်းကျဉ်းကလေးဖြစ်အောင် ကြိုးပမ်းအားထုတ်ရမယ်။ ညီညွတ်ရေး တပ်ပေါင်းစုကို ခိုင်မြဲကြီးထွားလာအောင်လုပ်ပြီး တနိုင်ငံလုံးရဲ့ အင်အားစုများကို စည်းရုံးသိမ်းသွင်းရေးအတွက် ကြိုးပမ်းအားထုတ်ရမယ်။ တပ်မတော်သစ် တည်ဆောက်ရေးနဲ့ စစ်ဖက်ဆိုင်ရာ စက်မှုလုပ်ငန်းအသစ်များ ထွန်းကားရေးအတွက် ကြိုးပမ်းအားထုတ်ရမယ်။ နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု စတာတွေ တိုးတက်အောင် စေ့ဆော်ရေးအတွက် ကြိုးပမ်းအားထုတ်ရမယ်။ အလုပ်သမား၊ လယ်သမား၊ ကုန်သည်၊ ပညာတတ်များစတဲ့ နယ်ပယ်အသီးသီးက လူထုအပေါင်းတို့ကို စိုင်းပြင်းလှုံ့ဆော်ရေးအတွက် ကြိုးပမ်းအားထုတ်ရမယ်။ ရန်သူ့တပ်ကို ဖြိုခွဲရေးနဲ့ ရန်သူ့တပ်သားများကို ကျနော်တို့ဖက် ပါလာကြအောင် ကြိုးပမ်းအားထုတ်ရမယ်။ နိုင်ငံတကာသို့ ဝါဒဖြန့်တဲ့လုပ်ငန်းများနဲ့ နိုင်ငံတကာ့ အကူအညီရအောင် ကြိုးပမ်းအားထုတ်ရမယ်။ ဂျပန် ပြည်သူပြည်သားများနဲ့ တခြားအဖိနှိပ်ခံ အမျိုးသားတို့ရဲ့ အကူအညီရအောင် ကြိးပမ်းအားထုတ်ရမယ်။ ဒီနည်းလမ်း တခုထဲဘဲ ရှိတယ်။ ဒီလုပ်ငန်းအားလုံးကို ဆောင်ရွက်ပြီးမှသာ စစ်ကာလကို တိုတောင်းအောင် လုပ်နိုင်မယ်။ ဒီနည်းကလွဲလို့ အချောင်ခို အလွယ်လိုက်တဲ့နည်းနဲ့ လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး။
(***လက်နက်သာလျှင် အဓိကဆိုသော သဘောတရားသည် လက်နက်ဖက်တွင် တရုတ်တို့က ဂျပန်တို့လောက် မကောင်းသဖြင့် စစ်ပွဲတွင် တရုပ်တို့ မုချရှုံးရလိမ့်မည်ဟူသော အယူအဆမျိုး ဖြစ်ပေသည်။ ချန်ကေရှိတ် အပါအဝင် ကိုမင်တန် ဖောက်ပြန်ရေးသမား ခေါင်းဆောင်အားလုံးပင် ဤသို့သော အယူအဆမျိုး ရှိကြ၏။)

စစ်ဆိုတာကိုက သွေးထွက်တဲ့ နိုင်ငံရေးပါ။ဥဩချိုသည်းသန်တဲ့ စစ်ပွဲထဲက စပါးရိတ်ချိန်ပါ။ဝေသာလီပြည် ဘီလူးဝင်မွှေနေတာ ကြာပြီမို့ ...
15/11/2022

စစ်ဆိုတာကိုက သွေးထွက်တဲ့ နိုင်ငံရေးပါ။
ဥဩချို
သည်းသန်တဲ့ စစ်ပွဲထဲက စပါးရိတ်ချိန်ပါ။
ဝေသာလီပြည် ဘီလူးဝင်မွှေနေတာ ကြာပြီမို့ ရွာတွေမီးကျွမ်း မီးတောက်မစဲတဲ့ အိုးအိမ်တွေ။
အိုးပစ်အိမ်ပစ် လင်သေသားသေ တောထဲကို စစ်ရှောင်နေကြရတဲ့ လယ်သမားတွေ။
ဝင်းမှည့်ဝါရွှေ စပါးခင်းတွေကို အဝေးကနေ မျှော်ကြည့်ရင်း ဝမ်းသာကြည်နူးရမယ့်အစား မျက်ရေ တွေတွေ ကျနေကြရတယ်။
ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းခွင့် မရှိတော့ဘူးတဲ့လား။ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းခွင့်ဟာ လူ့အခွင့်အရေး တရပ်ပဲ မဟုတ်လား။
စစ်ဖက်ဆစ် စကစ နောက်လိုက်တွေ၊ ပျူစောထီး သူခိုးဓားပြတွေက စပါးကျီတွေ တက်သုတ်နှင်ဆောက်နေကြတယ်။ လူထုအိုးအိမ်စည်းစိမ်တွေ လုယက်ယူငင်ရုံနဲ့ အားမရနိုင်ဘဲ လူထုတွေ စစ်ရှောင်နေခိုက် ပြည်သူ့စပါးကို အချောင်နှိုက် ရိတ်သိမ်းဖို့အကြံနဲ့ ခွေးအတွေ အူမြူးနေကြလေရဲ့။
သည်အချိန်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေက လူထုကို စပါးကူရိတ်ဖို့ စွန့်စွန့်စားစား ပြင်ကြတော့ ဒါကို သဘောမတူတဲ့တခြားအဖွဲက လူတွေ ရှိသေးတယ်။ အခုဆိုရင် စစ်ကောင်စီ နောက်လိုက် ပျူစောထီးတပ်တွေနဲ့ စပါးလုတိုက်ပွဲတွေ ၂ ကြိမ်လောက်တောင် ဖြစ်နေပါပြီ။
လူထုကူညီရေးလုပ်ဟန်ဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေရဲ့ အစဉ်အလာကောင်းပါ။ အချိန်တချိန်လောက် ဟန်ပြလုပ်တဲ့လုပ်ဟန်မျိုးမဟုတ်။ ကွန်မြူနစ်ခေါင်းဆောင် ဗိုလ်မှူးဗထူး အောင်ပင်လယ် လယ်တောထဲက ကျေးရွာတွေမှာ ဖက်ဆစ်တော်လှန်စဉ်ကတည်းက ထင်းခွေ ရေခပ် ကောက်စိုက် ကောက်ရိတ် စသဖြင့် လူထုနဲ့အတူနေ အတူစား အတူအလုပ်လုပ်ပြီး ချမှတ်ခဲ့တဲ့ လူထုစည်းကမ်းပါ။
ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းဖေတို့ ဖက်ဆစ်တော်လှန်ရေး၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးလုပ်ခဲ့စဉ်ကလည်း ဒီလိုပဲ လူထုကူညီရေး လုပ်ခဲ့ကြတယ်။ ရှမ်းပြည်နယ်က ပြောက်ကျားစစ်ဒေသမှာလည်း ဒီလုပ်ဟန်ကျင့်သုံးတယ်။ အရှေ့မြောက်စစ်ဒေသ ကျယ်ပြန့်တဲ့ ကျေးရွာလယ်သမားတွေကို ဒီလုပ်ဟန် အရှိန်အဟုန်မြှင့်ပြီး အင်တိုက်အားတိုက် ကူညီခဲ့ကြတယ်။ အခု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေက ဒီလုပ်ဟန်ကောင်းကို အမွေဆက်ခံနေကြတာ အပြစ်လား။
တကယ်တော့ လူထုကူညီရေးဟာ လူထုနဲ့အတူနေ၊ အတူစား၊ အတူတိုက်ပွဲဝင်တဲ့ နေ့တဓူဝ လုပ်ဟန်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ပါတယ်။ တခုလုံးအရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဆိုတာက ပြည်သူ့အကျိုးဦးထိပ်ပန်ပြီး ပြည်သူ့အကျိုးအတွက် သက်စွန့်ကြိုးပမ်း ထမ်းရွက်သွားဖို့ ဖွဲ့စည်းထားတဲ့ တပ်မတော်ပါ။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ခြေတလှမ်းတိုင်းစီဟာ ပြည်သူ့အကျိုးစီးပွားမှ လွဲလို့ တခြားမရှိပါ။
နိုင်ငံရေးစကားတွေမပြောနဲ့။ နိုင်ငံရေးအလုပ်တွေ မလုပ်နဲ့တဲ့။ တနှစ်အတွင်း ဒို့က စစ်နိုင်ကြတော့မှာတဲ့။ ရွာက ခေါင်းဆောင်ဆိုသူ တချို့ ပြောလာကြတယ်။
စစ်ကောင်စီလိုပဲ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတဲ့ ပြည်သူ့ဒီမိုကရေစီလေးတောင် ပိတ်ပင်ဟန့်တားနေကြပါကလား။ စစ်ကောင်စီနဲ့ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ဖွင့်ချတိုက်ခိုက်တဲ့ နိုင်ငံရေးစကားတွေ မပြောရင် ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်လာကြဖို့ ဘယ်လို စည်းရုံးကြမလဲ။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ကြေးစားတပ်မဟုတ်ပါဘူး။ ပေါ်ပင်တပ်မဟုတ်ပါဘူး။ ပေါ်ပြူလာတပ်မဟုတ်ပါဘူး။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ နိုင်ငံရေးအသိ နိုင်ငံရေးစိတ်ဓာတ်နဲ့ ပြည်သူ့အကျိုးဦးထက်တင်ပြီး ဖွဲ့စည်းထားတဲ့တပ်၊ စစ်အာဏာရှင်စနစ်ကို နိုင်ငံရေးအရရော လက်နက်ကိုင် တိုက်ပွဲသဏ္ဌာန်အရပါ ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့တပ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတိုင်းကို နိုင်ငံရေးအရ အဆက်မပြတ် ပြုစုပျိုးထောင်ပြီး နိုင်ငံရေးစိတ်ဓာတ် အစဉ်အမြဲမြှင့်တင်ပေးနေတဲ့တပ်။ လူထုတရပ်လုံး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေးအတွက် ဆုံးခန်းတိုင် တော်လှန်တိုက်ပွဲဝင်သွားအောင် နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်နေတဲ့တပ်။
စစ်ဆိုတာကိုက နိုင်ငံရေးပဲ မဟုတ်လား။
နိုင်ငံရေးဆိုတာက သွေးမထွက်တဲ့စစ်။
စစ််ဆိုတာက သွေးထွက်တဲ့ နိုင်ငံရေးပဲ ဆိုတာ မသိကြလေရော့သလား။

“ ရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဘယ်လိုခုခံရင်ဆိုင်ကြမလဲ” ထွန်းလှအောင်(တောဖျားချောင်း)မျက်မှောက်ဗမာပြည်တော်လှန်စစ်ပ...
15/11/2022

“ ရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဘယ်လိုခုခံရင်ဆိုင်ကြမလဲ”
ထွန်းလှအောင်(တောဖျားချောင်း)
မျက်မှောက်ဗမာပြည်တော်လှန်စစ်ပွဲရဲ့အခြေအနေဟာ တဟုန်ထိုးတောက်လောင်နေတဲ့မီးတောက်မီးလျှံကြီးလို တပြည်လုံးအနှံ့အပြား သဲသန်ပြင်းထန်လာနေတယ်။
ရန်သူဟာ မြေပြင်မှာ တပ်အင်အားအလုံးအရင်းကိုသုံးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ထိုးစစ်တွေလုပ်နေတယ်။ နေရာ တကာမှာ လူသတ်တာ၊မီးရှို့တာတွေကိုလုပ်တယ်။
အခုနောက်ပိုင်းမှာတော့..လေကြောင်းတိုက်ခိုက်မှုတွေကိုပါသဲသဲမဲမဲလုပ်လာတယ်။ စစ်ရေး ပစ်မှတ်တွေကိုသာမက ရပ်ရွာတွေကိုပါ ပရမ်းပတာပစ်ခတ်သတ်ဖြတ်တာ ဗုံးကြဲမီးရှို့တာတွေလုပ်လာတယ်။ တပ်ရွှေ့ပြောင်းတာတွေကိုတောင် လေကြောင်းနဲ့လုပ်လာတာမျိုးတွေရှိတယ်။ ဗမာပြည်ရဲ့ပြည်တွင်းစစ်သမိုင်းမှာ ဒီလောက်ထိလေကြောင်းကို ပြင်းပြင်းထန်ထန်သုံးပြီးတိုက်တာမျိုးမရှိ ခဲ့ဘူး။
ရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာ မမျှော်လင့်တဲ့ဆုံးရှုံးမှုတချို့ရှိခဲ့တယ်။ ဒါသာမက အပြစ်မဲ့ အရပ်သားပြည်သူတွေပါ လေကြောင်းနဲ့ ယုတ်မာရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်တာ ခံနေကြရတယ်။ ဒီအခြေအနေကို သေသေ ချာချာနိဂုံးချုပ်သုံးသပ်တာလုပ်သင့်တယ်။
စစ်ပွဲတခုလုံးရဲ့အခြေအနေကိုဆုပ်ကိုင်မိတဲ့စစ်ရေးအမြော်အမြင်တခုရဖို့ တော်လှန်စစ်အတွေးအခေါ်နဲ့ သေနင်္ဂဗျူဟာရှုထောင့်က ဦးစွာ ချဉ်းကပ်သုံးသပ်သင့်တယ်။
(၁) ပကတိအခြေအနေကို ဆန္ဒစွဲကင်းစွာ ကြည့်မြင်နိုင်ရမယ်။ မိမိတို့ဟာ..ရရာလက်နက်ကိုင်စွဲတိုက်ပွဲဝင်နေရတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပဲ(အာဏာရထားတဲ့ အစိုးရတရပ်ရဲ့တပ်မဟုတ်ဘူး)...ရန်သူနဲ့ မိမိ စစ်အင်အား..ဓနအင်အားနှိုင်းယှဉ်ရင်..နဂါးမင်းနဲ့သူတောင်းစားလိုပဲ...လက်ရှိမှာ စစ်ရေးအရပြောရင် သေနင်္ဂဗျူဟာအရခံစစ်အဆင့်ပဲဆိုတာ ရှင်းရှင်းမြင် ထားရမယ်။ ဒါကြောင့် ပြောက်ကျားစစ်ကိုအဓိကထားတဲ့ ရေရှည်ပြည်သူစစ်ပွဲကို စစ်ရေးလမ်းညွှန်အဖြစ်ထားတာဖြစ်တယ်။ ဒီလိုအခြေအနေမှာ တော် လှန်ရေးအင်အားစုတွေကိုချေမှုန်းဖို့ သူ့ရှိသမျှအင်အားတွေကို အစွမ်းကုန်ထုတ်သုံးပြီး မြေပြင်ရောဝေဟင်ကပါလုပ်လာတဲ့ ရန်သူရဲ့ စစ်ရေးလှုပ်ရှားမှု တွေဟာ သေနင်္ဂဗျူဟာခံစစ်ကာလမှာ လွှဲရှောင်လို့မရနိုင်ဘူးဆိုတာမြင်ရမယ်။ ..ပကတိအခြေအနေကိုလက်ခံပြီး လက်တွေ့ရင်ဆိုင်သွားဖို့ခိုင်မာတဲ့ ပိုင်းဖြတ်မှုရှိနေရမယ်။
(၂) တော်လှန်တဲ့အကောင်းမြင်ဝါဒစိုက်ထူရမယ်။ ရန်သူကလေကြောင်းတိုက်ခိုက်မှုတွေကိုသဲကြီးမဲကြီးလုပ်လာတာဟာ တဖက်ကကြည့်ရင်... မိမိတို့တပ်ဖွဲ့တွေရဲ့ တော်လှန်စစ်အရှိန်အဟုန်တွေမြင့်လာလို့ သူ့ရဲ့မြေပြင်တပ်တွေရဲ့လှုပ်ရှားမှုနဲ့ မလုံလောက်တော့လို့ နွားရူးရှူးထိုးလုပ်လာရ တာ ဖြစ်တယ်ဆိုတာမြင်ရမယ်.။တပြည်လုံးအနှံ့အပြားပြောက်ကျားစစ်ဆင်နေတဲ့မိမိတို့တပ်တွေကို လေကြောင်းတိုက်ပွဲထိထိရောက်ရောက်လုပ်ဖို့ မဖြစ်နိုင်ဘူး..သူ့မှာလည်းစစ်သုံးစရိတ််အခက်အခဲကြောင့် လေကြောင်းတိုက်ခိုက်တာတွေကို အကန့်အသတ်မရှိလုပ်နိုင်တာမဟုတ်ဘူး ။ လေကြောင်း တိုက်ခိုက်မှုဆိုတာ လေကြောင်းပစ်မှတ်သိမှ လုပ်နိုင်တာဖြစ်တယ်။ မိမိတပ်ရဲ့လှုပ်ရှားမှုတွေကိုလေကြောင်းပစ်မှတ်မပေါ်လွင်အောင် သတိထားပြီး လျှို့ဝှက်လှုပ်ရှားတဲ့နည်းတွေအဖြစ်ပြောင်းလဲတာ တွေလုပ်နိုင်ရင်... ရန်သူရဲ့တိုက်ခိုက်မှုကရှောင်ရှားလို့ရနိုင်တယ်။ ချုပ်ရင် ရန်သူ့လေကြောင်း တိုက်ခိုက်မှုတွေကို သေနင်္ဂဗျူဟာအရ မှုစရာမလိုဘူး။ နည်းပရိယာယ်အရ အလေးထားရင်ဆိုင်ရမယ်။ .. တော်လှန်စစ်အတွေးအခေါ်နဲ့ လက်တွေ့ကျတဲ့ပြင်ဆင်မှုတွေလုပ်ပြီး .......အခြေအနေနဲ့ကိုက်ညီတဲ့လှုပ်ရှားမှု သဏ္ဌာန်တွေကိုပြောင်းလဲကျင့်သုံးသွားကြရမှာဖြစ်တယ်။ဒါကြောင့် ရန်သူ့လေကြောင်းတိုက်ခိုက်မှုတွေကို တဖက်သတ်အထင်ကြီးတာမျိုးမဖြစ်ဖို့ သတိထားရမယ်
(၃)ကိုယ့်ထူးကိုယ်ချွန်စိတ်ဓာတ်မွေးမြူရမယ်။ သမိုင်းမှာအောင်မြင်ခဲ့တဲ့တော်လှန်ရေးတိုင်းဟာ ကိုယ်အားကိုယ်ကိုးပြီး တိုက်ပွဲဝင်လို့အောင်ပွဲရ ခဲ့တာတွေချည်းဖြစ်တယ်။ လက်ရှိအခြေအနေမှာ ဘယ်အင်အားကြီးနိုင်ငံကမှ သူတို့အကျိုးစီးပွားမပါဘဲနဲ့ သေနတ်တလက် ကျည်တတောင့်၊ ငွေတကျပ်မှ ဝင်ပြီးကူညီမှာမဟုတ်ဘူးဆိုတာ လေးလေးနက်နက်သဘောပေါက်ထားရမယ်။အင်အားစုတချို့က အလှူခံရတဲ့ငွေတွေနဲ့ လေယဉ်ပစ် လက်နက်တွေဝယ်မယ်ဆိုတဲ့ အသံတချို့ ကြား နေရတယ်။ ဒီလိုဈေးအဆမတန်ကြီးတဲ့ခေတ်မီလက်နက်တွေကိုဝယ်ဖို့ဖြစ်နိုင်ခြေ နဲ့ အလားအလာ ကိုတော့ ကာယကံရှင်တွေပဲသိမှာမို့ ဘာထင်မြင်ချက်မှမပေးလိုပါ။လက်နက်တချို့ရလာတဲ့တိုင်အောင် ကျယ်ပြောလှတဲ့လက်တွေ့စစ်မြေပြင်မှာ ထိရောက်အောင် သုံးနိုင်ပါ့မလားဆိုတာဆက်လက် စဉ်းစားစရာအချက်အလက်တွေများစွာရှိနေပါတယ်။ (ကမ္ဘာပေါ်မှာ လေကြောင်းရန် ခုခုံကာကွယ်ရေးလက်နက်တွေ ငွေဘယ်လောက်အကုန်ခံပြီး သုံးသုံး ကိုယ်မျှော်လင့်ထားသလောက် ငွေကုန်ကြေးကျ ခံထားတာနဲ့ ကာမိအောင် ခုခံကာကွယ်နိုင်စွမ်းမရှိကြောင်း နိုင်ငံကြီးတွေကိုယ်တိုင် ပြောကြားနေကြပါတယ်။) လက်တွေ့တိုက်ပွဲဝင်နေတဲ့သူတချို့ကတော့ မျှော်လင့်နေကြပါတယ်။လူထုကိုမှားယွင်းတဲ့မျှော်လင့်ချက်တွေမပေးမိဖို့သတိထားရမယ်။ ဒီလက်နက်ရှိမှတော်လှန်ရေးရှေ့ဆက်နိုင်မယ်ဆိုတဲ့ အတွေးအခေါ်မျိုး ကိုဆန့်ကျင်ရမယ်။ ဒါတွေကတော့ ရန်သူ့လေကြောင်းထိုးစစ်တွေအပေါ် သေနင်္ဂဗျူဟာအရ စစ်ရေးအတွေးအခေါ်ရှုထောင့်ကနေ သုံးသပ်ရရှိတဲ့ စစ်ရေးအမြော်အမြင်တချို့ပဲဖြစ်ပါတယ်။ နည်းပရိယာယ်အရ..ရန်သူကိုအလေးထားရမယ်..ဆိုတာက ..တော်လှန်ရေးသတိရှိဖို့ကိုအလေးအနက်ပြောတာဖြစ်ပါတယ်။ ရန်သူ့လေကြောင်းတိုက်ခိုက်မှုတွေကိုရင်ဆိုင်ဖို့ အခိုင်အမာကျတဲ့ လက်တွေ့ကျတဲ့ပြဿနာတွေဆောင်ရွက်ရာမှာ .မိမိတို့လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ပြင်ဆင်မှုတွေကိုအဓိကထားပြီးလုပ်တာက လက်တွေ့ကျပါတယ်။
(၁)မိမိတပ်ဖွဲ့လှုပ်ရှားမှုရဲ့သတင်းလုံခြုံမှုနဲ့ လျှို့ဝှက်ရေးကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ရမယ်။တော်လှန်ရေးသတိအမြဲရှိရမယ်။ လေကြောင်းတိုက်ခိုက်မှုဆိုတာ တိကျတဲ့လေကြောင်းပစ်မှတ်မရှိရင် ဘယ်လိုမှ ထိရောက်မှုမရှိနိုင်ဘူး အကျိုးမရှိနိုင်ဘူး ။ ဒါကြောင့်တပ်ရဲ့လျှို့ဝှက်ရေးနဲ့ လုံခြံုရေးထိန်းသိမ်းမှုဟာအလွန်အရေးကြီးပါတယ်။
(က) တပ်ထဲမှာ သတင်းလုံခြံုရေးထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး စည်းကမ်းတွေသတ်မှတ်ထားတာ ပညာပေးတာတွေလုပ်ရမယ်။ဒေသခံ လူထုတွေကိုပါ ပညာပေးဟောပြောတာလုပ်သင့်တယ်။ ဒေသခံပြည်သူတွေ လေကြောင်းရန်နဲ့ ထိခိုက်သေကြေတာမျိုးတွေ ရှောင်ရှားနိုင်စေဖို့ အစွမ်းကုန် ကြိုးစားရမယ်။ (ခ)တိုက်ပွဲတွေကိုဖြစ်နိုင်သမျှ အမြန်အဆုံးသတ်နိုင်အောင်ကြိုးစားရမယ်။ တိုက်ပွဲပြီးတာနဲ့အချိန်မဆွဲဘဲ အလျှင်အမြန်လှုပ်ရှားတာ တပ်ဖျောက်တာ တွေလုပ်သင့်တယ်။ မလိုအပ်ဘဲတနေရာထည်းမှာ အချိန်ကြာမြင့်စွာတပ်စခန်းချတာမျိုးမလုပ်ရဘူး။ သတင်းမလုံခြံုမှုမရှိဘူးလို့ယူဆရင် အမြန်ပြောင်း ရွှေ့ရမယ်။ တပ်စခန်းချတဲ့နေရာတွေမှာသာမက ကျေးရွာတွေမှာပါ လေကြောင်းရန်ကာကွယ်ဖို့ ကတုတ်ကျင်းတူးတာ နဲ့ တခြားလိုအပ်တဲ့ ပြင်ဆင်မှု တွေလုပ်ရမယ်။
(ဂ) မလိုအပ်ဘဲလူစုလူဝေးလုပ်တာကိုရှောင်ရမယ်။ပျော်ပွဲရွှင်ပွဲတွေ. အထိမ်းအမှတ်ပွဲတွေကို သတိလက်လွှတ်လုပ်တာမျိုးတွေမဖြစ်သင့်ဘူး။ (ဃ)တော်လှန်ရေးအခြေအနေနဲ့မကိုက်ညီတဲ့ ရုံး၊ဌာန အဆောက်အအုံ အဆောင်အယောင်တွေကို လိုအပ်တာထက်ချဲ့ကားတာမလုပ်ပါနဲ့။
အခြေအနေအရလိုအပ်လာရင် “ကျောပိုးအိပ်ရုံးခန်းတွေ”အဖြစ်ပြောင်းသင့်ရင်ပြောင်းရလိမ့်မယ်။
(၂)အနီးကပ်ထိုးဆင်းလာတဲ့ရန်သူ့လေယာဉ်တွေကို ဘရင်းဂန်းလို ..ပွိုင့်ဖိုက်လို စက်သေနတ်တွေနဲ့ခုခံတိုက်ခိုက်တာလုပ်ရမယ်။ ခုခံတိုက်ခိုက်တာလုံးဝမရှိရင်ရန်သူကပိုပြီးအတင့်ရဲလာမှာဖြစ်တယ်။ ဒီနည်းနဲ့ ရန်သူ့စစ်လေယာဉ်တွေရဲ့အနီးကပ်တိုက်ခိုက်မှုကို တစုံတရာ တားဆီးနိုင်ပါတယ်။ အမျိုးသားလက်နက်ကိုင်တပ်တွေမှာ ဒီအတွေ့အကြုံမျိုးတွေရှိပါတယ်။သူတို့ဆီကလေ့လာသင့်ပါတယ်။
(၃)ရန်သူ့လေတပ်စခန်းတွေရဲ့အခြေအနကို သိအောင်အဆက်မပြတ်ထောက်လှမ်းထားသင့်တယ်။ အခွင့်အခါကောင်းရလာရင် ဖောက်ခွဲ ဖျက်ဆီးတာ ဒရုန်းသုံးပြီးတိုက်တာအဝေးက ပစ်ခတ်တိုက်ခိုက်တာတွေကို စီမံကိန်းရှိရှိလုပ်သွားရမယ်။
(၄) ဆုံးရှုံးမှုတွေဘာကြောင့်ဖြစ်ရသလဲဆိုတာ သေသေချာချာနိဂုံးချုပ်ပြီး ကြိုတင်ပြင်ဆင်တာတွေလုပ်ရမယ်။ တကယ်တော့ လေကြောင်းကာကွယ်ရေးလက်နက်ဆိုတာ မိမိစစ်နေရာကိုခုခံကာကွယ်တဲ့ ခံစစ်လက်နက်သာဖြစ်ပါတယ်။ လက်ရှိ တော်လှန်စစ်ပွဲရဲ့အဆင့်မှာချမှတ်ထားတဲ့စစ်ရေးလမ်းညွှန်အရဆင်နွှဲနေတဲ့ပြောက်ကျားစစ်ပွဲမှာမရှိမဖြစ်လိုအပ်နေတဲ့လက်နက်မဟုတ်ပါဘူး။ဒီလက်နက်တွေရမှသာ တော်လှန်ရေးတဆင့်တက်နိုင်မယ်ဆိုတဲ့အတွေးအခေါ်မျိုးကို တိုက်ဖျက်ပြစ်ရမှာဖြစ်ပါတယ်။ (အမေရိကန်လို ဆူပါပါဝါနယ်ချဲ့နိုင်ငံကြီးက B52အပါအဝင်လေယဉ်မျိုးစုံသုံးပြီး ဗုံးတန်ချိန်(၈)သန်းလောက်နဲ့ မဟာဗျူဟာမြောက်ဗုံးကျဲတိုက်ခိုက်မှုကို နည်းနာရှာပြီးခုခံနိုင်ခဲ့တဲ့ ဗီယက်နန် ပြောက်ကျားတွေရဲ့ စိတ်ဓါတ်နဲ့ အတွေ့အကြံုကိုလေ့သင့်ပါတယ်။)(လေတပ်တွေဘယ်လိုကောင်းကောင်း စစ်ပွဲရဲ့နောက်ဆုံးရလဒ်ကိုကြည်းတပ်ကပဲ အဆုံးအဖြတ်ပေးသွားတာဖြစ်ပါတယ်)
မျက်မှောက်အခြေအနေမှာ ရန်သူရဲ့နောက်ဆုံးရုန်းကန်တဲ့အနေနဲ့လုပ်လာတဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေဦးမှာဖြစ်တယ်။ ဒါပေမဲ့ ပြည်သူ့စစ်ပွဲပင်လယ်ပြင်ကြီးက လှိုင်းလုံးတွေတဝုန်းဝုန်းနဲ့ရုံးကြွနေပါတယ် ။ရန်သူလေကြောင်းထိုးစစ်ဆိုတာတွေကို အလွန်အကျွံ ကြောက်ရွံ့နေစရာလည်း မလိုပါဘူး..။ ဒီရန်ကို ရင်ဆိုင်ဖို့ အသေအချာ သုံးသပ်၊ အခက်အခဲကျော်ဖို့ နည်းနာရှာ၊ ပြောက်ကျားတပ်ဖွဲ့တွေရဲ့ စည်းကမ်းနဲ့ လျှို့ဝှက်ရးစနစ်တွေကို တိကျခိုင်မာစွာ ကျင့်သုံး၊ မဆုတ်မနစ် ကြိုးပမ်းအားထုတ်၊ တည်တည်ငြိမ်ငြိမ်နဲ့ ခုခံတိုက်ခိုက်သွားရင် ။ရန်သူလေကြောင်းထိုးစစ်ဆိုတာတွေကို ပြည်သူ့လက်နက်ကိုင် အင်အားစုတွေက အောင်မြင်စွာ ကျောနင်းသွားနိုင်ကြမှာ သေချာပါတယ်။
ထွန်းလှအောင်(တောဖျားချောင်း)

Address


Website

Alerts

Be the first to know and let us send you an email when People's Guerrilla posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share