19/06/2020
"သူ
သူ၏စျေးကားနှင့်
သူ၏ထမင်းဗူးလေးများ"
--------------------------------
သူ၏စျေးကား
-------------
ကားပေါ်တွင်
စိမ်းစိုလတ်ဆတ်လှသော ဟင်းသီးဟင်းရွက်မျိုးစုံနှင့်
ကြက်ဥများကိုတင်ကာ
မတ်လကတည်းက Covid 19 ဒါဏ်ကြောင့်
Shut Down Step 1,2 စလုပ်ခံရသော
မြို့နယ် ၆ မြို့နယ်သို့
အရင်းအတိုင်း အမြတ်တစ်ပြားမှမယူပဲ
လိုက်လံရောင်းချပေးခဲ့သည်။
အလွန်ပူပြင်းသောကာလတွင်
သူတို့အဖွဲ့ ဓါတ်ဆားရည်များဖျော်သောက်၍
တစ်လမ်းဝင် တစ်လမ်းထွက်
Covid 19 စည်းကမ်းများအားတိကျစွာလိုက်နာကာ
စျေးရောင်းချပေးခဲ့သည်။
စျေးရောင်းချပေးရုံတင်မက
ရောက်လေရာတွင် 'Corona Virus' အကြောင်း
သတိပေးလှုံ့ဆော်ခြင်း၊
Mask များလှူဒါန်းဝေငှခြင်း တို့ကိုလည်း
သူနှင့်သူ့အဖွဲ့တို့ လုပ်ခဲ့သည်။
'နိုင်ငံရေးအကျဉ်းသားဟောင်းများမှပြည်သူသို့'
ခေါင်းစဉ်ဖြင့်'
လူထုကိုတတ်နိုင်သမျှ
ကူညီနေခြင်းဖြစ်သည်။
သို့သော်
သူတို့ မည်သူ့ထံမှ အလှူကောက်ခံခြင်း
ယနေ့ထိမရှိခဲ့ပါ။
နောင်တွင်လည်းရှိမည်မဟုတ်ပါ။
Friends များ၊
ကိုယ့်လူအချင်းချင်း
တတ်နိုင်သလောက်စုပေါင်းလုပ်နေခြင်းသာဖြစ်၏။
------------------------------------------------
------------------------------------------------
သူ၏ထမင်းဗူးလေးများ
---------------------
သူ့ထံတွင်
ထမင်းဗူးလေးများ အမြောက်အမြားရှိနေသလို
ယင်းထမင်းဗူးလေးများထဲတွင်လည်း
သူအမြဲရှိနေသည်။
သူ့အဖို့
ညတွင်မက်သည့်အိမ်မက်တိုင်းတွင်
'သူ့ထမင်းဗူးလေးများ' မပါမဖြစ်ပါမည်ဆိုတာသေချာနေ၏။
'သူ့ထမင်းဗူးလေးများ'
အတွက်
သူ၏စီစဉ်မှုသည် အလွန်အသေးစိတ်သည်။
ညဘက်
သန့်ရှင်းရေးဝန်ထမ်းများ၊
နေစရာမရှိ ပလက်ဖောင်းပေါ် နေ ပလက်ဖောင်းပေါ်အိပ်
ဘဝပျက်နေသောမိသားစုများ၊
လမ်းပေါ် မှ စိတ္တဇ ဝေဒနာရှင်များ အား
ညစဉ် ထမင်းဗူးများ လှူဒါန်းပေးဝေနေခြင်းဖြစ်သောကြောင့်
အခြေခံလူတန်းစားများစားသည့် ဟင်းလျာများပါသလို
အလယ်အလတ်တန်းစား ဟင်းလျာများလည်းပါ၏။
ရှားပါးစျေးကြီးသည့် အစားအသောက်များကို
ဆင်းရဲလွန်းသည့်လမ်းပေါ်ကမိသားစုများ
စားချင်နေမည်ဆိုတာလည်း
သူစဉ်းစားသည့်အထဲတွင်ပါနေသေးသည်။
'သူ့ထမင်းဗူးလေးများ'
ထဲတွင်
ပါလာခဲ့သော ပုစွန်ထုပ်ကိုမြင်၍
'ဘာကောင်ကြီးလဲ' ဟုအထိတ်တလန့်မေးလိုက်သော
ပလက်ဖောင်းနေကလေးငယ်တစ်ယောက်ကြောင့်
ကျတော်တို့မျက်ရည်ကျခဲ့ရသည်။
ထိုသို့ဆိုလျှင်
'သူ့ထမင်းဗူးလေးများ'
ထဲတွင်
မျက်ရည်စက်များစွာလည်း
ပါဝင်နေပါသေးသည်ဟုဆိုလျှင်
မည်သို့ငြင်းမည်နည်း။
လက်ဖက်သုပ်နဲ့ထမင်းပါသလို
ပုန်းရည်ကြီးနဲ့ငါးခြောက်လည်းမလွတ်စေရ။
ဘဲဥချဉ်ရည်ဟင်းတောင် လိုက်ဖက်ညီလွန်းတဲ့
ပဲပြုတ်ထမင်းကြော်နဲ့တွဲပေးဖို့သူစဉ်းစားသည်။
ထမင်းနှင့်ဟင်းချည့်ပဲလည်း ပစ်စလက်ခတ်မလွှတ်၊
သခွားသီးကိုအပြားလိုက်ကွင်းပြီးတစ်မျိုး
အရှည်လိုက်အချောင်းလေးလိုတစ်ဖုံ
သုံပုရာသီးကိုလည်း စိတ်စိတ်လေးလုပ်လိုက်၊
ကြက်သွန်မိတ်လေးတွေကိုတောင်
မညီမညာမထည့် စီစီရီရီနဲ့၊
မျက်လုံးမှိတ်ပြီး သူ ထမင်းဗူးလေးတွေစီစဉ်နေပုံ
ခနတွေးပြီးမြင်ကြည့်လိုက်ပါ။
'သူ့ထမင်းဗူးလေးများ'
ပတ်ပတ်လည်တွင်
တစ်စုံတစ်ရာကို မြင်တွေ့နိုင်ကြမှာဖြစ်သည်။
ကျတော်တို့မှာ ကိုယ်ချင်းစာတရားများရှိကြရင်ပေါ့။
'သူ၏ထမင်းဗူးလေးများ'
သည်
လမ်းပေါ် တွင်
လက်ရှိ သာမာန်လမ်းပျောက်နေကြသူများအတွက်သာမဟုတ်၊
အတိတ်ရော၊ ပစ္စုပ္ပန်ရော၊ အနာဂတ်ပါ
ပျောက်ဆုံးနေသည့် စိတ္တဇဝေဒနာရှင်များပါ ပါဝင်နေသည်။
နေတွေကပူ
မပူပြန်တော့မိုးတွေကရွာ
ဘယ်လိုမှ မသာယာနိုင်တဲ့ ခုလိုကာလမှာ
Covid အန္တရာယ်ကလည်း အနီးလေးမှာ
သူ စျေးဝယ်နေပုံ၊
သူ ချက်ပြုတ်ဖို့ပြင်ဆင်နေပုံ၊
ပြီးတော့ချက်ပြုတ်နေပုံ၊
ချက်ပြီးတော့ အချောသတ်
'သူ့ထမင်းဗူးလေးများ' ထဲ မဖိတ်မစင်အောင်ထည့်၊
'ဒီလိုထည့်လျှင်တော့ လူကြီးတွေစိတ်ကြည်လင်သွားမယ်'၊
'ဟိုလိုထည့်လျှင်တော့ ကလေးတွေပျော်သွားမယ်'။
ဒါတွေပါ သူစဉ်းစားနေမည် ကျတော်သိသည်။
ဘေးလူ ဝင်ကူလုပ်ပေးလျှင်လည်း
သူမကြိုက်။
----------------
ကျတော် သူနဲ့
တစ်နေရာထဲမှာ ၃ နှစ်တူတူနေခဲ့ဘူးသည်။
အဲ့တော့ သူ့အကြောင်းကျတော်သိသည်။
အထဲက ထမင်းဝိုင်းလေးမှာသူစီစဉ်ပေးခဲ့ပုံတွေ
ပြန်မြင်ယောင်မိသည်။
အစားအသောက်ပြတ်တဲ့ကာလ
ရှိတဲ့အရွက်တွေကိုကြည့်ကောင်းအောင်လုပ်စားနေရတဲ့အချိန်
ကျတော်၊ ဘော်ဘီ (စာရေးဆရာအနော်မာ)၊
ရွှေကြီး၊ ဇော်ဝင်းအောင် တို့မသိလိုက်ပဲ
မင်းဦး (ခ) အာကြီး(နိုင်/ကျဉ်း တိုက်ကြီး) နှင့်
ကမျိုးသိမ်း (နော်ဝေ) တို့က
သူတို့နှုတ်ခဲ့သည့်
အရွက်ထဲတွင် တီကောင်နှင့်ခရုအသေးလေးတွေ
ကပ်ပါနေတာကိုမသိမသာထည့်လိုက်လို့
ကျတော်တို့စားပြီးမှသိတော့ သူက
ဒီဝိုင်း သူစီစဉ်ရောစပ်တာမို့ သူ့မှာတာဝန်ရှိတယ်ဆိုပြီး
ဒေါသတကြီးလုပ်နေလို့
ကျတော်က သူ့နားကပ်သွားပြီး
'ငါတို့အားလုံး စားကောင်းလို့
စကားတောင်မပြောနိုင်ဘူးလေ' ပြောတော့မှ
ကျတော်တို့ရဲ့ သနားဖွယ်မျက်နှာလေးတွေကြည့်ပြီး
သူစိတ်ဆိုးပြေခဲ့တယ်။
အဲ့တော့
ခု 'သူ့ထမင်းဗူးလေးတွေ' အတွက်
ငါးကြင်းကို အသားတွေချည့်ထွင်
အရိုးတွေဖယ်ပြီး အိုးကပ်ချက်တုန်းက
သူ့ထမင်းဗူးလေးထဲ အရိုးပါသွားမှာကို
'အစိုးရိမ်ကြီးလွန်းစွာ'
'တာဝန်ကြီးလွန်းစွာ' သူခံစားနေခဲ့ရမှာကို
ကျတော်တို့ရဲ့
တစ်ချိန်က
တစ်နေရာက
ထမင်းဝိုင်းအဖွဲ့ ၆ ယောက်မှတစ်ပါး
မည်သူမှ မသိနိုင်ပါ။
------------------------------------
မှတ်ချက်
---------
ကျတော်သည်
ယခု Post အတိုလေးအား
လမ်းပေါ်မှာ လမ်းပျောက်နေကြသည့်
လူတန်းစားတစ်ရပ်ကို လက်တွေ့အခက်အခဲများကြားမှ
ကူညီပေးနေသော
'သူ' (သို့) ကျတော့်ချစ်ဆုံး သူငယ်ချင်း၊ အကို၊ ရဲဘော်
စာရေးဆရာ စာနယ်ဇင်းအယ်ဒီတာ ကိုဦးဆွေနှင့်
နိုင်/ကျဉ်းအဖွဲ့ မှ ကိုကြီးစန်းငွေ၊
ညီလေး သိန်းထိုက်စီုး (အသေးလေး) နှင့်
ပါဝင်ကူညီကြသူတို့အတွက်
ဂုဏ်ပြုရေးသားခြင်းဖြစ်ပါသည်။
မိမိအတွက်
အသုံးပြုနေသော ကားအား 'စျေးကား' အဖြစ်
ကားရောဆီရော လှူဒါန်းကူညီသည့်
နိုင်/ကျဉ်းဟောင်း
'ကိုနေဝင်း' အားလည်း လေးစားဂုဏ်ပြုပါ၏။
ဝိုင်းဝန်းကူညီကြသူအားလုံးကို
လေးစားစွာ ရင်ထဲမှဂုဏ်ပြုပါသည်။
--------------------------------
စာကြွင်း
--------
ယင်း နိင်/ကျဉ်း ဟောင်းများသည်
မည်သည့် ပါတီ အဖွဲ့ အစည်းများ နှင့်မျှ
သက်ဆိုင်ခြင်းမရှိပါ။
ညီညီလွင် (ဓာတုဗေဒ)
Photos Credit