27/08/2025
အွန်လိုင်းငွေလိမ်နည်း ၅ မျိုးအသုံးပြုပြီးနှစ်စဉ်ကျပ်သန်းပေါင်း၅၀၀၀ နှင့်အထက်အလိမ်ခံနေရ
ရန်ကုန်၊ ဩဂုတ် ၂၇၊ ၂၀၂၅။
ဌာနဆိုင်ရာဟန်ဆောင်ပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်မှု အပါအဝင် အွန်လိုင်း ငွေလိမ်နည်း ၅ မျိုးအသုံးပြုကာ နှစ်စဉ်ကျပ်သန်းပေါင်း ၅၀၀၀ နဲ့အထက် အလိမ်ခံနေရလို့ သတိထားဖို့လိုအပ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အမည်နဲ့ တံဆိပ် (Logo) ကို အသုံးပြုပြီး Online ငွေကြေးလိမ်လည်မှုတွေ ဖြစ်ပွားနေတာကို သိရှိရတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဌာနဆိုင်ရာဟန်ဆောင်ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုများ ဖြစ်ပွားနေခြင်းနဲ့ပတ်သက်လို့ အခွန်ထမ်းပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ အသိပေးခဲ့တာပါ။
အဲဒီလို ဌာနဆိုင်ရာဟန်ဆောင်ကာ လိမ်လည်မှုအပါအဝင် အွန်လိုင်းလိမ်လည်မှုတွေကြောင့် မြန်မာပြည်သူတွေအတွင်း နှစ်စဉ်ငွေကျပ်သန်းပေါင်း ၅၀၀၀ နဲ့အထက် ဆုံးရှုံးနေတယ်လို့ဆိုရာ လိမ်လည်မှုဘေးမှ ကင်းဝေးစေရေးအတွက် အထူးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။
ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အွန်လိုင်းလိမ်လည်မှုအများဆုံး ကျူးလွန်သည့်ပုံစံ (၅) မျိုးမှာ (၁) Application များ၊ Website အတုများ အသုံးပြု၍ သတင်း အချက်အလက်များ ရယူလိမ်လည်ခြင်း (Phishing Fraud)။
(၂) ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း (Social Media and Telecommunication Fraud)။
(၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud)။
(၄) အရောင်းအဝယ် လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading/ Trading Platform Fraud)။
(၅) အလုပ်အကိုင်ရရှိမည်ဟု အကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam) တို့ဖြစ်ပါတယ်။
ဒါကြောင့် အခွန်ထမ်းပြည်သူတွေ အထူးသတိပြုကြဖို့နဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက် အလက်တွေကို ဆက်သွယ်တောင်းခံတာ အစရှိတဲ့ ထူးခြားဖြစ်စဉ်တွေ ကြုံတွေ့ရပါက ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ပြန်ကြားရေးအဖွဲ့ ဖုန်း- ၁၆၇ - ၃၄၃၀၀၁၄ နဲ့ ၀၆၇-၃၄၃၀၅၃၃ ဆီကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားပါတယ်။