PDN

PDN People Power

စစ်ကောင်စီအတွက် ပြိုကျနေတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးချမ်းမင်း စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်နီးပါးအချိန်ကိုရောက်လာတဲ့ ...
12/12/2023

စစ်ကောင်စီအတွက် ပြိုကျနေတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး

ချမ်းမင်း

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်နီးပါးအချိန်ကိုရောက်လာတဲ့ ယခုကာလမှာတော့ နိုင်ငံရဲ့ လူမူဖွံ့ဖြိုးရေးအဆင့်အတန်းနဲ့ နိုင်ငံ့စီးပွားရေးအခြေအနေတွေဟာ အတော်လေး စိုးရိမ်စရာအခြေအနေကို ရောက်လာနေပြီလို့ဆိုနိုင်ပါတယ်။ အာဏာသိမ်းခါစက စစ်ခေါင်းဆောင်အနေနဲ့ တိုင်းပြည်ချောက်ထဲကျမှာဆိုးလို့ စစ်တပ်အနေနဲ့ မလွှဲသာမရှောင်သာ အာဏာကိုခဏထိန်းလိုက်ရပါတယ်လို့ ပြောကြားခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ နိုင်ငံရဲ့စီးပွားရေးဟာ စစ်အာဏာရှင်တွေကြောင့် ပိုမိုဆုတ်ယုတ်လာခဲ့တာကိုသာတွေ့ရပါတယ်။

အထင်သာဆုံး ဥပမာနဲ့ပြောရမယ်ဆိုရင် စစ်တပ်အာဏာမသိမ်းမှီက မြန်မာ နိုင်ငံအတွင်း ဆန်တစ်ပြည်ရဲ့စျေးနှုန်းဟာ ၁၀၀၀ ကျော်ပတ်ချာလည်လောက်သာရှိခဲ့ပေမဲ့လည်း ယခုအချိန်မှာတော့ တစ်ပြည်လျှင်း ၆၀၀၀ ကျော် ၇၀၀၀ အထိပင် ရှိနေခဲ့ပါတယ်။ ဒါဟာ အခြေခံလုပ်သားတစ်ယောက်ရဲ့ တစ်နေကုန်လုပ်ထားတဲ့ လုပ်ခလစာဟာ ဆန်ကောင်းတစ်ပြည်ကိုတောင်ဝယ်စားလို့မရတော့ဘူးဆိုတာကို ပြသနေတဲ့ အကောင်းဆုံးဥပမာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စားသုံးဆီရှားပါးမှုဟာလည်း ပြည်သူတွေရဲ့ကျပ်တည်းမှုကို ပြနေတဲ့ ဥပမာကောင်းတစ်ခုဖြစ်ပါသေးတယ်။

အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ဒေါ်လာလိုအပ်လာမှုကြောင့် စစ်ကောင်စီဟာ ပြည်ပကတင်သွင်းရတဲ့ စားသုံးဆီကိုလည်း အကန့်အသတ်နဲ့သာတင်သွင်းနိုင်ခဲ့ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို လောက်ဌအောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့် အချိန်ကြာလာတာနဲ့အမျှ စားသုံးဆီလိုအပ်မှုဟာ ပြည်သူတွေကြားမြင့်တက်လာခဲ့ပါတယ်။ အကန့်အသတ်နဲ့သာ တင်သွင်းနိုင်တာကြောင့် စစ်ကောင်စီအနေနဲ့ ဩဂုတ်လနှောင်းပိုင်းကစပြီး စားသုံးဆီကို ခွဲတမ်းလိုက်ချပေးနေတာတွေ၊ တချို့မြိူ့နယ်တွေဆို လုံးဝပြတ်တောက်သွားတာကြောင့် တန်းစီပြီစောင့်ဆိုင်းဝယ်ယူရတာတွေပင် ပြုလုပ်နေရပါတယ်။

ဒီအဖြစ်ကို ကြည့်ရင်ပြည်သူတွေဟာ စားဝတ်နေရေး ကျပ်တည်းမှုသာမက ငွေကိုင်ထားလျှင်ပင် ဆန်ဝယ်ဖို့ စားအုန်းဆီဝယ်ဖို့တောင် အခက်ကြုံနေကြရတယ်ဆိုတာ သိသာပါတယ်။ နောက်ဆက်တွဲအနေနဲ့ စားအုန်းဆီရှားပါးမှုဟာ မြန်မာနိုင်ငံရဲ့လူဦးရေအများဆုံးနေထိုင်ပြီး စီးပွါးရေးအချက်ချာကျတဲ့မြို့ပေါင်း (၁၁၀) မှာ (၅၆) မြို့ဟာ စားအုန်းဆီပြတ်လပ်မှုဖြစ်ပေါ်နေပြီး ကျန် (၆၄) မြို့ဟာ စားအုန်းဆီတန်းစီ ဝယ်ယူနေရတယ်လို့ သိရှိရပါတယ်။

အဲ့ဒီလို ဆန်၊ စားသုံးဆီသာမက အခြားသော ဟင်းချက်စရာတွေကအစ အစစအရာရာစျေးကြီးမြှင့်ခဲ့ပေမဲ့လည်း လုပ်ခလစာနှုန်းကတော့ အရင်ကထက်ဘာမှ ထူးပြီးတိုးလာတာမျိုးတောင်မရှိခဲ့ပါဘူး။ ဒါတွေတင်မကဘဲ ယနေ့ခေတ်ရဲ့ အခြေခံလိုအပ်ချက်လို့ပြောရမဲ့ လျှပ်စစ်မီးဟာလည်း စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပုံမှန်ပင်မရရှိတဲ့အခြေအနေမျိုးဖြစ်နေပြီး သူ့ထက်ငါ တိုးတက်ဖို့အပြိုင်အဆိုင်ကြိုးစားနေတဲ့ကမ္ဘာမှာ မြန်မာနိုင်ငံတစ်ခုတည်းကသာ နောက်ကို ပြန်သွားနေသကဲ့သို့ပင်ဖြစ်နေပါတယ်။

အခုလို လူမူဘဝနိမ့်ကျနေရတာတွေ၊ ပြည်သူတွေအတိဒုက္ခရောက်နေရတာတွေဟာနယ်မြို့တွေမှာတင်ဖြစ်ပွားနေတာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်လို့ ပြောလို့ရမဲ့ ရန်ကုန်မြို့မှာပင် အတော်လေးဆိုးရွားစွာဖြစ်ပေါ်နေပါတယ်။ရန်ကုန်ဟာ အလုပ်အကိုင်ပေါများပြီး အနယ်နယ်အရပ်ရပ်က လာရောက် အလုပ်လုပ်ကိုင်သူ များပြားတဲ့နေရာတစ်ခုဖြစ်သော်လည်းအာဏာသိမ်းပြီး နောက်မှာတော့ အလုပ်ကိုင်အခွင့်လမ်းနည်းပါးလာပြီး အလုပ်လက်မဲ့ဦးရေဟာလည်း တစ်နေ့တစ်ခြား ပိုမိုတိုးပွားလာနေပါတယ်။

၂၀၂၃ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဥ် (UNDP) ရဲ့ ဖော်ပြချက်အရဆို ရန်ကုန်မြို့ လူဦးရေ (၃) ထောင်၏ စစ်တမ်းကောက်ယူမှုအရ ရန်ကုန်မြို့ရှိ ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတို့ကြောင့် ဝင်ငွေထွက်ငွေမညီမျှပဲ အစားလျော့စားရတဲ့အထိ ဖြစ်လာနေကြတယ်လို့သိရပါတယ်။

ဒါတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေကြုံတွေ့ခံစားနေရတဲ့ နေ့စဥ်လူမူဘဝရဲ့အခြေခံလိုအပ်ချက်လေးတွေသာရှိပါသေးတယ်။ အခြားသော ကုန်ပစ္စည်းပြတ်လပ်မှုတွေ၊ စက်သုံးဆီရှားပါးမှုတွေ တစ်နေ့တစ်ခြား ကုန့စျေးနှုနး်ကြီးမြင့်မှုတွေဟာ နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသေးတာမို့ စစ်အာဏာရှင်မပြုတ်ကျမချင်း ဒီလိုပဲ ကြုံတွေ့ခံစားနေရဦးမယ်ဆိုတာ ပြည်သူတွေအနေနဲ့ သတိချပ်သင့်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့အာဏာသိမ်းထားမှုအပေါ် သွေးမအေးသွားဘဲ အာဏာရှင်ပြုတ်ကျရေးဆန့်ကျင်မှုတွေမှာ ဒီထပ်ပိုပါဝင်အားစိုက်သင့်ပါတယ်။ ။
#မြုိ့သိမ်း
#တော်လှန်ရေး

စစ်ခေါင်းဆောင်တွေရဲ့ အာဏာသိမ်းမှုနောင်တ ချမ်းမင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ခုခံတွန်းလှန်စစ်တွေနဲ့ ...
12/12/2023

စစ်ခေါင်းဆောင်တွေရဲ့ အာဏာသိမ်းမှုနောင်တ

ချမ်းမင်း

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ခုခံတွန်းလှန်စစ်တွေနဲ့ စစ်မီးဟာ နေရာအနှံ့တောက်လောင်ခဲ့ရပါတယ်။ တိုင်းပြည်အနှံ့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေရဲ့ တွန်းလှန်မှုတွေနဲ့ နေ့စဥ်တိုက်ပွဲဖြစ်ပွားနေတာတွေ ပြည်သူတွေစစ်ရှောင်နေခဲ့ရတာတွေရှိပေမဲ့လည်း အာဏာသိမ်းစစ်တပ်အနေနဲ့ တိုင်းပြည်ကို ကောင်းကောင်းထိန်းထားနိုင်ကြောင်းနဲ့ နိုင်ငံဟာပုံမှန်အခြေအနေမျိုးနဲ့ လည်ပတ်နေကြောင်းကို အာဆီယံနဲ့ကမ္ဘာကြီးကို လိမ်လည်လှည့်စားဖို့ကြိုးစားနေပါတယ်။

ဒီရက်ပိုင်းအတွင်းမှ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာအကူအညီပေးမှုရုံးရဲ့ထုတ်ပြန်ချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ခန့်ဟာ အပြင်း အထန်တိုက်ပွဲများဖြစ်ပွားနေကာ ပြည်သူတွေ ပြေးလွှာစစ်ရှောင်နေရပြီး ကျန်တစ်ပုံမှာလည်း နေ့စဥ်လူနေမှုဘဝအဆင်မပြေမှုတွေနဲ့ ပြည်သူတွေအနေရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ နိုင်ငံတကာက ထိုအရေးအား ဖြေရှင်းရန် အမျိုးသား ညီညွတ်ရေးအစိုးရအား အသိအမှတ်ပြုဖို့ အရေးတကြီး လိုအပ်နေပြီဟု ကျယ်လောင်စွာတောင်းဆိုလာနေကြချိန်တွင် စစ်အာဏာသိမ်း အဖွဲ့ ကတော့ တိုင်းပြည်အား လုံးဝထိန်းချုပ်ထားနိုင်ကြောင်း ဝါဒဖြန့်ဖို့ စားသောက်ဆိုင်များ၊ နိုက်ကလပ်များနှင့် တိုင်းပြည်သည် အနေအထားမပျက် ဖွင့်လှစ်ထားနိုင်ဆဲ ဆိုသည်ကို ပြသနေပါတယ်။

ဒါပေမဲ့ အဲ့ဒီလိုဝါဒဖြန့်ရုံနဲ့ တိုင်းပြည်ကိုအမှန်တကယ် မထိန်းချုပ်နိုင်မှန်းလည်း သိတဲ့အတွက်ကြောင့် စစ်ခေါင်းဆောင်တွေဟာ ဒီရက်ပိုင်းအတွင်းမှာပင် ဆက်တိုက်ဆိုသလို တရုတ်ထံ သံတမန်များလွှတ်၊ ရုရှားထံမှလည်း အကူအညီများပေးပါရန် နည်းမျိုးစုံ ဖြင့်အောက်ကျနောက်ကျခံ တောင်းဆိုနေကြတာကိုလည်းတွေ့ရပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ပြည်သူပြည်သားတွေကိုတင် ကောင်းစွာ မအုပ်ချုပ်နိုင်တာမဟုတ်ဘဲ သူတို့ပေးသမျှအမိန့်ကို အသက်ပေးဆောင်ရွက်နေရတဲ့ သူ့လက်အောက်တပ်တွေကိုတောင် ပြည့်စုံလုံလောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြတော့ပါဘူး။

ဒါကြောင့်လည်း ယခုနောက်ပိုင်း စစ်ကောင်စီရဲ့ရှေ့တန်းစခန်းကုန်းက စစ်သည်တွေ စစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ စစ်သားတွေအနေနဲ့ တစ်ခုခုဖြစ်လာရင် နောက်ကတပ်ကူ၊ ရိက္ခာကူ ရရှိခြင်းသိပ်မရှိတော့ဘဲ ရှိတဲ့အင်အားနဲ့အသေခံ တိုက်ရင်တိုက်ဒါမှမဟုတ် လက်နက်ချအညံ့ခံကြရတာတွေသာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရှေ့တန်းကို ရိက္ခာလက်နက်တွေ အကူမပေးနိုင်ဘဲ အသေခံသွားတဲ့ စစ်သားတွေကို မင်းအောင်လှိုင်ကဘွဲ့တံဆိပ်များ၊ ငွေများသာပေးပြီး ကျန်ရစ်သူတွေကို သူရဲကောင်းဇာတ်သွင်း နှစ်သိမ့်ခဲ့ကြတာတွေလည်းများနေပါပြီ။ ထိုအထဲတွင် တိုက်ပွဲကျ ဗိုလ်မှုးကြီးအဆင့်ရှိသူ နှစ်ဦးအပါအဝင် ရဲအရာရှိ၊ ထောင်ဝန်ထမ်းများ၊ အစိုးရဝန်ထမ်း စုစုပေါင်း ၁၄၇ ဦး အား ဆုတံဆိပ်နှင့် ငွေသားများ ပေးအပ်လာသည်။

စစ်အာဏာရှင်တို့၏ ညှင်းပမ်းနှိပ်စက်မှု မျိုးစုံမှ လွတ်ကင်းပြီး အသက်ဝဝ ရှုခွင့်ရလာသော မြို့ပေါင်း ၂၀ ခန့် ရှိလာနေသည့်အပြင် စစ်စခန်းပေါင်း ၃၀၀ ကျော် လက်လွှတ်နေရသည်အထိ တနေ့တခြား အရှိန်အဟုန် ပြင်းထန်လာနေသော ၁၀၂၇ စစ်ဆင်ရေးကြီးကို ထိုဆုများပေးပြီး အသေအကျေ တိုက်ခိုက် ရန် စိတ်ဓါတ်မြှင့်တင်ပေးယုံဖြင့် လုံလောက်မယ်လို့ ယခုအချိန်ထိနေပြည်တော်မှာရှိတဲ့ စစ်ခေါင်းဆောင်တွေဟာယူဆထားကြပါတယ်။ ဒါ့အပြင် စစ်တပ်သည်အခြေအနေမပျက်ကြောင်း ပြသနိုင်ရန် ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်လိုမြို့ကြီးတွေမှာ လုံခြုံရေးအား အထူးတင်းကြပ်လာခဲ့သော်လည်း ၂၀၂၂ မှ စပြီး ကောင်းစွာစိမ့်ဝင် ထိုးဖေါက်ထားနိုင်ခဲ့သည့် မြို့ပြ ပျောက်ကျား တပ်ဖွဲ့များ၏ အရှိန်အဟုန်မြှင့် တိုက်ခိုက်ခြင်းကြောင့်အဆိုပါမြို့တွေလည်း ငြိမ်းအေးခြင်းမရှိတော့ပါဘူး။

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ့ရဲ့ ဖောက်ခွဲမှုတွေ၊ မြို့ပေါ်ဂိတ်စခန်းတွေနဲ့ တပ်စွဲထားရာ နေရာတွေကို စနစ်တကျတိုက်ခိုက်မှုတွေပြုလုပ်လာတဲ့နောက်တော့ တောင်တန်းမှ စစ်ပွဲတွေဟာလည်း မြို့ပြဆီသို့ တစ်ဖြည်းဖြည်းချဥ်းကပ်လာနေပြီဆိုတာ ထင်ရှားလှပါတယ်။ ဒါကြောင့်သိပ်မကြာခင်အချိန်ပိုင်းအတွင်း ဒီတစ်ခေါက်အာဏာသိမ်းတာ မှားပြီလို့ စစ်ခေါင်းဆောင်တွေ ပြန်တွေးရမဲ့အချိန်ဟာ ရောက်လာတော့မယ်လို့လည်းဆိုနိုင်ပါတယ်။
#နွေဦးတော်လှန်ရေး
#မင်းအောင်လှိုင်

"တပ်မတော်သာအမိ တပ်မတော်သာအဖ"ဆိုပြီး တပ်မိသားစုဝင်တွေကို မိဘမဲ့ဂေဟာ ပို့တဲ့ လုပ်ရပ်မောင်ဝိ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်...
12/12/2023

"တပ်မတော်သာအမိ တပ်မတော်သာအဖ"ဆိုပြီး တပ်မိသားစုဝင်တွေကို မိဘမဲ့ဂေဟာ ပို့တဲ့ လုပ်ရပ်

မောင်ဝိ

တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဟာ ပြီးခဲတဲ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်မှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း (၅၉၀)၊ (၅၉၉)အပါအဝင် မုန်းမြို့မရဲစခန်းတို့ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မုန်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲအတွင်း ဖမ်းဆီးရရှိတဲ့ သုံ့ပန်းများ၊ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားများနဲ့ တပ်မိသားစုဝင်များကိုလည်း တော်လှန်ရေး အင်အားစုမှ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ရုပ်သံကို Royal Peacock Column (တော်ဝင်ဒေါင်း) စစ်ကြောင်းမှ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်မှ အသက်ကြီးကြီး စစ်သုံ့ပန်းတွေကို ကယ်ထုတ်ရင်း "ခင်ဗျားတို့လေယာဥ်က ခင်ဗျားတို့ (စစ်တပ်မိသားစုဝင်) ကို ပြန်လိုက်ပစ်နေတယ်၊ ဗြောင်းပြန်ဗျာ...၊ ကျုပ်တို့ကပြန်လိုက်ကယ်နေရတယ်....အခုတော့ဘဝက....။ ဒဏ်ရာရတဲ့သူပါလား....ရန်သူ့ဘက်က ဒဏ်ရာရတဲ့သူပါတယ်...သူ့ကိုကုပေးရမယ်....ဒါတွေကဘာတွေလဲ တပ်မိသားစုဝင်တွေလား.....၊ခင်ဗျားတို့ကိုမသတ်ဖူး....၊ လာ...လာ... ရေတိုက်လိုက်ပါဦး၊ ခင်ဗျားတို့ လူတွေကိုလည်း လှမ်းခေါ်လိုက်ပါဦး..." စတဲ့ တဖက်ရန်သူအပေါ်လူသားဆန်တဲ့ နွေးထွေမှုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆီမှ ကြားသိရတယ်။

ဒီရုပ်သံကိုကြည့်ပြီးတဲ့အချိန်မှာ ဘာကို သတိရမိသလဲဆိုတော့ ၊ မြို့ပြမှာ လက်နက်မဲ့ လူထုသပိတ်တွေကို အကြမ်းဖက်ဖြိုခွင်တာကို မြင်ယောင်မိတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်က လက်နက်မဲ့လူငယ်တွေကို စစ်တပ်က ရက်ရက်စက်စက် ကားနဲ့တိုက်ပြီး၊ သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့တယ်။ ဒဏ်ရာရပြီး လဲကျသူတွေကို သေနတ်ဒင်နဲ့လိုက်ထုတယ်။ လူနေအိမ်တွေပေါ်ကနေ စိုးရိမ်တကြီး "ပြေး.....ပြေး...." ဆိုတဲ့အော်သံတွေနဲ့ သေနတ်နဲ့ပစ်ပြီး ဖမ်းဆီးခံရတဲ့ လူငယ်တွေကို တော်လှန်ပြည်သူတွေအားလုံးက မေ့နိုင်မယ်မထင်ပါဘူး။ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ "လူကိုတိုက်တာမဟုတ်၊ မူကိုတိုက်တာ" ဆိုတဲ့ စကားနဲ့အညီ ရန်သူရဲ့ ရက်စက်မှုတွေကို ဖယ်ခွာပြီး၊ ရှေ့တန်းစစ်မျက်နှာမှ အညံ့ခံလာတဲ့ စစ်သုံ့ပန်းတွေကို စောင့်ရှောက်ထားခဲ့ကြပါတယ်။

ဒါနဲ့ပတ်သတ်ပြီး မုန်းမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရန်သူမိတ်ဆွေမခွဲခြားဘဲ လေကြောင်းကနေ လက်နက်ကြီးနဲ့ပစ်ပြီး၊ ဗုံကြဲခဲ့ပါတယ်။ဒီဇင်ဘာလ ၂ ရက်နေ့မှာ မုန်းမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ခမရ (၅၉၀) တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က စစ်တပ်မိသားစုဝင်များပါမကျန် လေကြောင်းကနေ ပစ်ခတ်ခဲ့တာပါ။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်တပ်မိသားစုဝင် ကလေးမိခင်တစ်ဦး သေဆုံးခဲ့ပြီး၊ လသားအရွယ် ကလေးငယ် ကျန်ရစ်ခဲ့ပါတယ်။ ဒါက စစ်ကောင်စီရဲ့ မိမိလက်အောက်ခံ စစ်သားတွေရဲ့ အသက်တွေ ဘဝတွေကို တန်ဖိုးထားခြင်းမရှိကြောင်း လုပ်ရပ်တွေနဲ့သက်သေပြခဲ့တာပါ။

နောက်ထပ်လည်းစစ်တပ်တွင်းတကယ်ကြုံရတဲ့ အဖြစ်အပျက်ရှိပါသေးတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ နန်ဆလပ်မြို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၆၇ နဲ့ ၅၆၈ တပ်ရင်း ၂ ရင်းကို MNDAA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲမှာ စစ်သားတွေအပါအဝင် စစ်သားမိန်းမတွေပါ ကျဆုံးခဲ့တယ်။ ကျန်ရစ်တဲ့ကလေးငယ်တွေက မိဘမဲ့ဘဝတွေရောက်ကြရတယ်။ ဒီချိန်မှာ "တပ်မတော်သာအမိ တပ်မတော်သာ အဖ" ဆိုတဲ့ စစ်ကောင်စီက တာဝန်ယူမှုမရှိဘဲ စစ်သား သားသမီးတွေကို လားရှိုးမြို့မှာရှိတဲ့ မိဘမဲ့ ဂေဟာကို ပို့ထားလိုက်တယ်တဲ့။ စစ်သားတွေရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဦးပိုင်၊အသက်အာမခံကြေးငွေတွေကို ကျန်ရစ်သူကလေးငယ်တွေကိုထုတ်ပေးခြင်းမျိုးလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။

ဖြစ်စဥ်တွေအပေါ် ပြန်တွေးမိရင် စစ်သားတွေ ဘာအတွက် အသေခံနေကြသလဲဆိုတာ မတွေးတတ်အောင်ပါပဲ။ တဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တနိုင်ငံလုံးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အရှိန်အဟုန်နဲ့ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ကုန်သွယ်ရေးအရ အရေးပါတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို မဟာမိတ် ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာဆိုရင်လည်း အိန္ဒိယ နယ်စပ်ဂိတ်တွေအားလုံးကလည်း ချင်းတော်လှန်ရေးတပ်တွေရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာပါပြီ။ ဒါ့အပြင် မြဝတီ -ကော့ကရိတ်လမ်းကို ထိန်းချုပ်နိုင်ပြီး၊ ကော့ကရိတ်မြို့ကိုအခြေပြုတဲ့ တိုက်ပွဲများအတွင်း မြဝတီ၊ ဘားအံ၊ မော်လမြိုင် စတာတွေကို ပိတ်ဆို့ထိန်းချုပ်နိုင်သလို၊ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေကိုပါ ဖိအားပေးလာနိုင်တာကြောင့် စစ်ကောင်စီဟာ အသက်ရှုပေါက်ပိတ်နေပါပြီ။

ဒါ့နဲ့ပတ်သတ်ပြီး "မဟာမိတ်တပ်ပေါင်းစုရဲ့ ပတ်ပတ်လည် ပိတ်ဆို့ဖြတ်တောက်ခံထားရတဲ့ မြစ်ကြီးနား၊ လားရှိုး၊ မန္တလေး၊ မုံရွာ၊ ဘားအံ၊ မော်လမြိုင်၊ အမ်းမှာရှိတဲ့ စစ်တိုင်းဌာနချုပ်အသီးသီးဟာ လှုပ်မရတဲ့အခြေအနေမှာ ရှိနေကြောင်း" စစ်ရေးကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

နိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ ဖရိုဖရဲ ကြုံသလိုလုပ်နေတာမဟုတ်ပဲ စနစ်တကျ စီမံပြီး၊ စစ်ကောင်စီကို ဖြတ်တောက် ပိတ်ဆို့မှုတွေစတင်နေတာပဲ ဖြစ်တယ်။ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေအနေနဲ့လည်း မိမိတို့ဘယ်အခြေအနေရောက်နေသလဲဆိုတာကို သိရှိပြီး ဖြစ်မှာပါ။ ရှေ့တန်းမှာ ရန်သူကို ကျည်တတောင်ကျန်တဲ့အထိ တိုက်ပွဲဝင်လို့ရော မိသားစုဘဝတွေဘာများပြောင်းလဲသွားလို့လဲ။ "ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်" ဆိုတဲ့ စာတမ်းလေးနဲ့နှစ်သိမ့်ပြီး၊ ကျန်ရစ်တဲ့ သားသမီးတွေကို မိဘမဲ့ဂေဟာ ပို့ခံရတဲ့ ဖြစ်ရပ်ထက်မပိုပါဘူး။ ဒါ့ကြောင့် "အလံဖြူပြပါ မိသားစုအတွက် ရှင်သန်ပါ" ဆိုတာ အလကား ပြောနေတာမဟုတ်ကြောင်းကိုလည်း လက်ရှိ စစ်ကောင်စီ လက်အောက်ခံ စစ်သားတွေနဲ့ မိသားစုဝင်တွေကို သိရှိစေလိုပါတယ်။ ။
#စစ်တပ်
#တော်လှန်ရေး

ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများနဲ့ ဖက်ဆစ်တပ်ရဲ့ လားရာ အညာသားရာဇဖွား အရပ်သားတစ်ပိုင်း စစ်တပ်တစ်ပိုင်း အုပ်ချုပ်ခဲ့သော ဦး...
12/12/2023

ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများနဲ့ ဖက်ဆစ်တပ်ရဲ့ လားရာ

အညာသားရာဇဖွား

အရပ်သားတစ်ပိုင်း စစ်တပ်တစ်ပိုင်း အုပ်ချုပ်ခဲ့သော ဦးသိန်းအစိုးရလက်ထက် ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ရွေးချယ်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်း ပြည်သူလူထုရဲ့ ထောက်ခံမဲပေးမှုကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။

လူထုခေါင်းဆောင် ဦးဆောင်တဲ့ NLD အစိုးရ (၅) နှစ်တာ အုပ်ချုပ်ခဲ့သော အရပ်သားအစိုးရရဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာမှာ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်တွင်အအောင်မြင်ဆုံးဖြစ်ခဲ့သည်မှာ သေချာပါတယ်။ သို့သော် နိုင်ငံရေးအရ စစ်တပ်ကဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခြေဥကို မပြင်ဆင်နိုင်ခဲ့ခြင်းကလည်း ငြင်းပယ်မရတဲ့ ပကတိ အရှိတရားပင်ဖြစ်တယ်။

NLD အစိုးရလက်ထက် (၅) နှစ်တာကာလတွင် အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာ ရင်းနှီးမြှုတ်နှံမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး နိုင်ငံအတွင်း အလုပ်လက်မဲ့ဦးရေကို လျော့ချနိုင်ခဲ့ပြီး အခြေခံလုပ်ခလစာများလဲတိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုတ်နှံမှုများနဲ့အတူ လက်မှုနိုင်ငံမှ စက်မှုနိုင်ငံအဖြစ် ပြောင်းလဲနိုင်ရန်အခြေပြုနိုင်ခဲ့ပါတယ်။ ထိုအပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိကဖြစ်သောလမ်းပန်း ဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရေးနဲ့ နိုင်ငံအနှံ့ လျှပ်စစ်မီးရရှိနိုင်ရေးတို့ကိုလည်း များစွာပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်အဖြစ်မှ ထိုးဖောက်နိုင်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံစာရင်းတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖော်ဆောင်နိုင်မှု အကောင်းဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သော အရပ်သားအစိုးရရဲ့ ကြိုးစား အားထုတ်မှုများနဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ရောင်နီတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့ အဓမ္မ အာဏာသိမ်းမှုနဲ့ အတူ ကျိုးပျက်ဖျက်ဆီးခံခဲ့လိုက်ရပါတယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ပြည်သူ့ထောက်ခံမှုဖြင့် ဆန္ဒမဲအများဆုံးရရှိကာ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း မဲမသမာမှု ရှိသည်ဆိုသော လိမ်ညာအကြောင်းပြချက်နဲ့ လက်နက်အားကို ခေတ်အဆက်ဆက် အကြမ်းဖက်စစ်တပ်က ပြည်သူ့အစိုးရထံကနေ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်သိမ်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာ ယခင် အရပ်သားအစိုးရမှကြိုးစားဖော်ဆောင်ခဲ့သော နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများသည် တမဟုတ်ချင်း ကျဆင်းခဲ့ရတာ အားလုံးမျက်မြင်ပါပဲ။

နိုင်ငံခြား ရင်းနှီးမြှတ်နှံမှုလုပ်ငန်းများသည်လည်း မြန်မာနိုင်ငံရှိ လုပ်ငန်းများအား စွန့်ခွာသွားခဲ့ပါတယ်။ တယ်လီနောကဲ့သို့သော ဆက်သွယ်ရေးလုပ်ငန်းများကိုပင် စစ်ကောင်စီမှ သူတို့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းများအား စစ်တပ်ရဲ့ဝင်ရောက် စွက်ဖက်မှုများကြောင့် မြန်မာနိုင်ငံအတွင်းမှ စွန့်ခွာထွက်သွားခဲ့ရပါတယ်။စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်တပ်လက်ကိုင်တုတ်ဖြစ်သော ခရိုနီကြီးများရဲ့ စီးပွားရေးလုပ်ငန်းများဟာ အခြေခံလုပ်သားများအပေါ် ဂုတ်သွေးစုတ်ပြီး၊ အခြေခံလုပ်ခ လစာများအပေါ် ခေါင်းပုံဖြတ်ခဲ့ကြပါတယ်။

အလုပ်သမာများဆိုရင် အရင်က Over time ဆင်းလျှင် Over time ကြေး အပြည့်ရသော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် အချိန်ပိုများ ဆင်းရသော်လည်း အချိန်ပိုကြေးများ တစ်ဝက်ပင်မရကြတော့ပေ။ ထိုသို့အခြေခံလုပ်သားများအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုများကို သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း တိုင်ကြားသူများသာ စစ်ကောင်စီ၏ အမှုဆင်ဖမ်းဆီးခြင်းကိုခံရကာ အခြေခံလူ့အခွင့်များစွာ ချိုးဖောက်ခံခဲ့ရပါတယ်။ ဒါ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း အဆမတန်တက်လာကာ ပြည်တွင်းမှာ ယခင်က ဈေးပေါပေါနဲ့ ဝယ်ယူရရှိခဲ့တဲ့ ဆန်၊ဆီ၊ဆား စတဲ့ စားသောက်ကုန်တွေပါ အလွယ်တကူဝယ်ယူဖို့ မတတ်နိုင်ကြတော့သလိုပြည်သူလူထုရဲ့ စားဝတ်နေရေး၊ စီးပွားရေးလုပ်ငန်းများစွာ အကြပ်ရိုက်လာခဲ့ပါတယ်။

အခြေခံလုပ်ခ လစာများ ခေါင်းပုံဖြတ်ခံရမှု၊ စီးပွားရေးလုပ်ငန်းများ ကြပ်တည်းလာမှု၊ အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုနဲ့ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုများ၊ ဖိနှိပ်ချုပ်ချယ်မှု၊ လူ့အခွင့်ရေးများစွာ ချိုးဖောက်မှုများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှုများ ပိုမိုများပြားလာကာ နိုင်ငံရပ်ခြားသို့ရွှေ့ပြောင်းလုပ်ဆောင်ကြသော ရွှေ့ပြောင်းလုပ်သားသည်ပင် ၁.၅ သန်းကျော် ရှိပြီဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ အခြေခံထွက်ကုန်ဖြစ်သော လယ်၊ ယာထွက် သီးနှံများပင် နိုင်ငံတကာဝယ်လက်မရှိတော့ပဲ ဈေးကွက်ပျက်ကာ တောင်သူလယ်သမားများ စီးပွားရေးပျက်ကပ်နှင့်ကြုံတွေ့ခဲ့ပြီဖြစ်တယ်။ ဒါဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ အာဏာလောဘတက် အာဏာရူးမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်ပဲ ဖြစ်တယ်။ ပြည်သူသန်းပေါင်းများစွာရဲ့ ဘဝများသည် တမဟုတ်ချင်း ထိုးကျ ပျက်စီးခဲ့ရပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်ဟာ မိမိ အကျိုးစီးပွားတစ်ခုအတွက်ပဲကြည့်ကာ တိုင်းပြည်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ဖျက်ဆီးနေတဲ့ စစ်အာဏာရှင် လူတစ်စုနဲ့ စစ်အာဏာရှင်စနစ်အား လက်ရှိမျိုးဆက်တွင် အပြီးတိုင် အဆုံးသတ် အမြစ်ဖြတ်ကြဖို့ အရေးကြီးပါတယ်။ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်သူလူထုရဲ့ဘဝတွေ ကုန်းကောက်စရာပင်မရှိတဲ့ ဖြစ်စဥ်တွေဟာ အာဏာသိမ်းကာလ ၃ နှစ်အတွင်း အားလုံး မျက်မြင်ပဲ ဖြစ်တယ်။ အားလုံးကြုံတွေ့နေရာတာလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးရဲ့ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြရပြီးတော့ ပွင့်လင်းမြင်သာတဲ့ ခေတ်တခုကို ဖြတ်သန်းပြီးတဲ့နောက် မြန်မာပြည်သူများက နောက်တကြိမ်အာဏာသိမ်းတာကို အလွယ်တကူ လက်မခံကြတော့ပါဘူး။ လွယ်လွယ်ရမယ်ထင်လို့ ထင်ရာစိုင်းခဲ့တဲ့ စစ်တပ်ကို အခုတော့ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲပြီး ဖြုတ်ချနေကြတဲ့ ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အုပ်ချုပ်လို့ ဘယ်တုန်းကမှ ပြည်သူတွေ အဆင်မပြေခဲ့ပါဘူး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ဘာတခုမှ တိုးတက်မှုမရှိတဲ့ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ ပြည်သူတွေ မနေနိုင်ကြတော့ပါဘူး။

ဖက်ဆစ်တပ်သက်ဆိုးရှည်လေ တိုင်းပြည်ဟာ တွင်းနက်နက်ထဲကို ကျသထက် ကျဖို့သာရှိပါတယ်။ အခုဆိုရင် ပြည်သူများဟာ ဆိုးရွားရက်စက်လှတဲ့ စစ်အာဏာရှင်တွေရဲ့ လူမဆန်မှုတွေကိုလည်း ခံနေရတာဖြစ်ပါတယ်။ တော်လှန်ရေး ကာလ ၃ နှစ်ထဲကိုမကြာခင်ရောက်ရှိတော့မှာဖြစ်ပါတယ်။ အခုဆိုရင် စစ်တပ်ဟာ သွေးပျက်စရာကောင်းလောက်အောင် စခန်းအလိုက် သိမ်းခံရ မြို့တွေသိမ်းခံရနဲ့ တော်လှန်ရေးဟာ အားကောင်းသထက် အားကောင်းလာပြီးတော့ အဆုံးအဖြတ်ကာလကို မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်တပ်အုပ်ချုပ်လို့ ကောင်းစားသွားတဲ့နိုင်ငံ မရှိကြောင်းနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နည်းမျိုးစုံနဲ့ အခုထက် နည်းနည်းလေး အားစိုက်ပြီး တွန်းလှန်နိုင်ပါက ဖက်ဆစ်တပ် အမြစ်ပါမကျန်အလုံးစုံပျက်သုဉ်းသွားမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။ ။

#အကြောက်တရား .

ပြည်သူအပေါ် စေတနာမရှိတဲ့ စစ်ဗိုလ်ချုပ်များနဲ့ အထွေထွေအကျပ်အတည်းများ...မောင်ဝိ "နိုင်ငံတစ်ခုတွင် စီးပွားရေးမောင်းနှင်အားက...
12/12/2023

ပြည်သူအပေါ် စေတနာမရှိတဲ့ စစ်ဗိုလ်ချုပ်များနဲ့ အထွေထွေအကျပ်အတည်းများ...

မောင်ဝိ

"နိုင်ငံတစ်ခုတွင် စီးပွားရေးမောင်းနှင်အားကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံရေးနှင့် ကာကွယ်ရေးအခန်းကဏ္ဍတို့တွင်လည်း ပိုမိုခိုင်မာလာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်မည်" ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာအတွင်းမှာ နိုင်ငံ့စီးပွားရေးကိုအဓိကထားပြီး ပြောဆိုမှုကို မြင်တွေ့ရပါတယ်။

ဒါအပြင် ဒီဇင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် (၃,၃၉၁)ဆိုင်ကို ဆီသယ်ယာဉ် ၁၇၂၉ စီးနဲ့ 92 Ron ဂါလန် (၉သိန်း၇သောင်းကျော်)၊ 95 Ron ဂါလန်(၂သိန်း၅သောင်းကျော်)၊ ဒီဇယ်ဆီ ဂါလန် (၆သိန်း၅သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ (၈သိန်း၃သောင်းကျော်)ကို ပို့ဆောင်ဖြန့်ဖြူး နိုင်ခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း စက်သုံးဆီများကို အဆက်မပြတ် ဖြည့်တင်း ပို့ဆောင်ပေးလျက်ရှိကြောင်းနဲ့ ပြည်ပမှ ဆီတင်သင်္ဘော(၁၀)စီး ပင်လယ်ဝတွင်ရှိကြောင်းနဲ့ ဆီတင်သင်္ဘော (၃) စီး သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်းကောင်း အသင့်စောင့်ဆိုင်းလျက်ရှိကြောင်း စစ်ကောင်စီက ဖော်ပြထားပါတယ်။

တကယ့်လက်တွေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာပြီး၊ ဒီဇင်ဘာလ အစပိုင်းမှ စတင်ကာ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် နယ်မြို့များမှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ကြုံတွေ့နေရကာ အချို့ဆိုင်တွေဆိုရင် ခွဲတမ်းနဲ့ ရောင်းချနေကြရပါတယ်။ ဒါ့အပြင်အာဏာသိမ်း စစ်ခေါင်းဆောင်အခြေစိုက်ရာ နေပြည်တော်မြို့နယ်များတွင်လည်း ဆီပြတ်လတ်မှုနဲ့ကြုံတွေ့နေရပြီး၊ဒီဇင်ဘာလ ၆ ရက်နေ့မှာ နေပြည်တော်၊ မြို့မဈေးအနား Denko ဆီဆိုင်မှာ ဆီဖြည့်ဖို့ တန်းစီစောင့်နေကြတဲ့ ဒေသခံတွေဟာ ပျဉ်းမနား-တောင်ညိုလမ်းမတလျှောက် တန်းစီနေကြရကြောင်း သိရပါတယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခန ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်တယ်။

စစ်တပ်အာဏာမသိမ်းခင်ကာလများအတွင်း အခုလိုမျိုး စက်သုံးဆီရှားပါးမှုမျိုး မကြုံတွေ့ရဖူးတဲ့အပြင်၊ ၂၀၂၀ ခုနှစ် ကမ္ဘာကပ်ရောဂါ ကိုဗစ်ကာလအတွင်းမှာပင် ဓာတ်ဆီတလီတာကို မြန်မာကျပ်ငွေ ၅၀၀ ခန့်ဖြင့် ပြည်သူများ ချောင်လည်စွာ ဝယ်ယူနိုင်ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အတွင်းမှာတော့ စက်သုံးဆီရှားပါးလာမှုကြောင့် "ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ဓာတ်ဆီ/ဒီဇယ်ဆီတွေ ဝယ်ယူတာမျိုးမပြုလုပ်ဖို့နဲ့ ပြည်သူတွေရဲ့ ပြည်တွင်းသုံးစွဲမှု ပမာဏထက် ပိုမိုများပြားစွာ ဝယ်ယူနေကြသဖြင့် စက်သုံးဆီအရောင်းဆိုင်များရဲ့ ဖြည့်တင်းပေးနိုင်မှုနှင့်အညီသာ ပုံမှန်သုံးစွဲပမာဏအတိုင်း ဝယ်ယူပေးဖို့" စစ်ကောင်စီဘက်ကနေ တောင်းဆိုမှုတွေ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဆေးဝါး၊ အခြေခံလူသုံးကုန်ပစ္စည်းများ၊ ယာဥ်အသုံးအဆောင်စက်ပစ္စည်း အစိတ်အပိုင်းစတဲ့ ပြည်ပသွင်းကုန်တွေကို မဖြစ်မနေ အားကိုးနေရတာပါ။ ဒီလိုအခြေအနေမှာ စက်သုံးဆီ ပြတ်လတ်မှုဟာ ပြည်သူတွေအတွက် စိန်ခေါ်မှု တရပ်ဖြစ်လာခဲ့ပါတယ်။ ပြည်တွင်းမှာ ထွက်ရှိတဲ့ ဆန်၊ ဆီ၊ ဆား၊ငရုတ်၊ ကြက်သွန် စတဲ့ စားသောက်ကုန်တွေတောင်မှ စက်သုံးဆီဈေးကြီးမှုကြောင့် သယ်ယူပို့ဆောင်ရေးစာရိတ် မြင့်မားလာခဲ့ပြီး၊ မြန်မာပြည်မှ အခြေခံလူတန်းစားတွေအတွက် အရာအရာဟာ လက်လှမ်းမမှီနိုင်ခဲ့တဲ့ အခြေအနေကို ရောက်ရှိလာပါတယ်။

မြန်မာပြည်သူတွေရဲ့ အခြေခံ လုပ်ခ လစာ၊ တရက်လုပ်အားခဟာ ၄၈၀၀ - ၆၅၀၀ အထိ တိုးမြှင့်ထားပါတယ်။ ဒါပေမယ့် အခုရရှိတဲ့ လုပ်ခလစာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုအတွင်း စားဝတ်နေရေး၊ မိသားစုကျန်းမာရေးများ လောက်ငှမှုမရှိခဲ့ပါ။ တဖက်က စက်ရုံ၊ အလုပ်ရုံများအနေနဲ့လည်း အခုထက်ပိုပြီး လုပ်ခလစာတိုးမြှင့်ပေးဖို့ အဆင်မပြေခဲ့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မီးမှန်မှန်မရရှိတဲ့ အခြေအနေမှာ စက်ရုံအလုပ်ရုံများမှ မီးစက်ကြီးများကိုမောင်းနှင်လာရပြီး၊ ဓာတ်ဆီကို အဓိက အားကိုးလာရပါတယ်။

ဒါ့အပြင် စက်သုံးဆီပြတ်လတ်မှုဟာ နယ်မြို့တွေကိုပါ ကူးစက်လာခဲ့ပြီး၊ ဒေသခံ ပြည်သူလူထုရဲ့ သွားလာရေး၊ လူမှုကျန်းမာရေး စတာတွေမှာပါ အခက်ခဲကြုံတွေ့လာကြရတယ်။ နယ်မြို့မှ လူမှုကယ်ဆယ်ရေး အဖွဲ့တခုဆိုရင် "စက်သုံးဆီ အခက်အခဲကြောင့် အရေးပေါ် လူနာတင်ယာဉ်များ နှင့် ကုသိုလ်ပြု ရေသယ်ယာဉ်များ အကူပေးဆောင်ရွက်မှု အနည်းငယ် နှောင့်နှေးခဲ့ပါက သည်းခံခွင့်လွှတ်ပေးပါရန် အသိပေးအပ်ပါတယ် ခင်ဗျာ..." စတဲ့ လူမှုကျန်းမာရေးကိစ္စတွေမှာပါ စက်သုံးဆီ ပြတ်လတ်မှုကို ခံစားလာကြရတယ်။

စက်သုံးဆီကို ဒေါ်လာနဲ့ဝယ်ယူရချိန်မှာ စစ်ကောင်စီဘက်က ဒေါ်လာငွေကို ရောင်းချမပေးတော့ဘဲ ပြင်ပပေါက်ဈေးအတိုင်း ဒေါ်လာရောင်းဝယ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒီအချိန်မှာ ပြင်ပမှာက တစ်ဒေါ်လာကို ၃၆၀၀ ဝန်းကျင်အထိ ရှိလာပါတယ်။ ကုန်သည်တွေအနေနဲ့ စက်သုံးဆီကို ၃၆၀၀ ကျပ်ဝန်းကျင်နဲ့ ဆီဝယ်ယူပါကလည်း လွတ်လပ်စွာ စျေးဖွင့်ရောင်းခွင့်မပေးပဲ စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ကြီးကြပ်မည်ဆိုပါက လုပ်ငန်းရှင်များမှာ အရှုံးပေါ်မည်မှာ ဧကန် အမှန်အကန်ပင် ဖြစ်တယ်။ ဒါဟာလက်တလောကြုံနေရတဲ့ ဆီပြဿနာရဲ့ အခြေခံ အချက်ဖြစ်တယ်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်ကတည်းက စစ်တပ်က အာဏာသိမ်းခဲ့ပြီး၊ အခုချိန်ထိ ပြည်သူလူထုက ဒီမိုကရေစီကို ပြည်ပြည့်ဝဝ ခံစားရခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်သူတွေအနေနဲ့ တိုင်းပြည်ရဲ့အုပ်ချုပ်မှုကိုသာ အဓိကတာဝန်ယူခဲ့ပြီး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍ အသီးသီးမှာ အရပ်ဖက်ပညာတတ်လူထုကို နေရာပေးခဲ့တဲ့အတွက် ပြည်သူလူထုက လူတန်းစေ့ နေနိုင်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့တာချင်းတူပေမယ့် ထိုင်းပြည်သူတွေ နောက်ဆုံးပေါ် "ဖုန်း" ရရှိဖို့တန်းစီနေချိန်၊ မြန်မာပြည်သူတွေ "စက်သုံးဆီ တစ်လီတာ" ရဖို့ တန်းစီနေခဲ့ရတာပါ။

မြန်မာပြည်မှာ ပြည်သူလူထုကြုံတွေနေရတဲ့ စားဝတ် နေရေးအထွေထွေအကျပ်အတည်း ဖြစ်ရတဲ့အကြောင်းရင်းက စီးပွားရေးပညာရှင်တွေကို နေရာမပေးဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ "ငါသိငါတတ်" နေရာယူလာမှုတွေအပြင် စစ်ဗိုလ်ချုပ်တွေရဲ့ ပြည်သူအပေါ် စေတနာမဲ့မှုတွေကြောင့်ဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူလူထုကို နှစ်ပေါင်း ၇၀ ဆင်းရဲမွဲတေစေခဲ့တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိခြင်းကသာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အထွေထွေအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ကြောင်း တင်ပြပေးလိုက်ရပါတယ်။ ။
#မင်းအောင်လှိုင်

အကြမ်းဖက်စစ်တပ် ဘယ်လောက်ထိတောင့်ခံနိုင်မလဲ ချမ်းမင်း နိုဝင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ကောင် စီနယ်မြေအတွင်းမှာ မင်းအောင်လှိ...
11/12/2023

အကြမ်းဖက်စစ်တပ် ဘယ်လောက်ထိတောင့်ခံနိုင်မလဲ

ချမ်းမင်း

နိုဝင်ဘာလ ၂၉ ရက်နေ့က နေပြည်တော်ကောင် စီနယ်မြေအတွင်းမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအစည်းအဝေးပြုလုပ်ခဲ့ပြီးလက် ရှိနိုင်ငံ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး မင်းအောင်လှိုင် ကိုယ်တိုင် ထုတ်ဖော်ပြောကြားသွားတာ တွေ့ရပါတယ်။

"စစ်တပ်အနေနဲ့ မလုပ်ရဲတာဘာမှ မရှိဘူး" ဆိုတဲ့ ကြွေးကြော်သံနဲ့ လူထုတင်မြှောက်ထားတဲ့အစိုးရကို ဖမ်းဆီးထောင်ချကာ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့ မင်းအောင်လှိုင်အနေနဲ့ ယခုအစည်းအဝေးမှာတော့ သူ့ရဲ့အကြောက်တရားကို မဖုံးဖိနိုင်ဘဲ ရှမ်းမြောက်က စစ်စခန်းတွေနဲ့ နယ်စပ်မြို့ကြီးတွေကို လက်လွှတ်ခဲ့ရကြောင်းကိုဝန်ခံသွားတာကိုလည်းတွေ့ လိုက်ရပါတယ်။

ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး ယခုတိုက်ပွဲဟာ ပြည်ပ ဒရုန်းပညာရှင် ၆၅၀၀ ခန့်၊ စစ်သုံးဒရုန်းဗုံး ၂၅၀၀၀ ကျော်နဲ့ သာလွန်အင်အားများစွာကို တော်လှန်ရေးဘက်က အသုံးပြုတိုက် ခိုက်ခဲ့တာကြောင့် ယခုကဲ့သို့ စစ်စခန်းတွေကို စွန့်လွှတ်ပေးလိုက်ရတာဖြစ်ကြောင်း၊တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကိုအသုံးချကာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေကြောင်းကို ပြောဆိုစွပ်စွဲသွားတာကိုလည်းတွေ့ရပါတယ်။

ယခင်က မြန်မာ့တပ်မတော်ဆိုတာ ကမ္ဘာ့အဆင့် ၃၈ ရှိတဲ့တပ်မတော်ကြီး တိုက်ရည်ခိုက်ရည်နဲ့ အပင်ပန်းခံနိုင်မှုတွေကြောင့် အရှေ့တောင်အာရှမှာတင်မကဘဲ အာရှနိုင်ငံတွေအထိ ကောင်းသတင်းနဲ့ နာမည်ကျော်ကြားခဲ့တယ်ဆိုတဲ့ စကားတွေဟာလည်း ယခုတော်လှန်ရေးပေါ်ပေါက်လာတဲ့အချိန်မှာတော့ ယုံတမ်းပုံပြင်တွေသဖွယ် ဖြစ်သွားခဲ့ပါပြီ။

ယခုဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်အနေနဲ့ လက်နက်အင်အား၊ လူအင်အားနဲ့ မြေမျက်နှာသွင်ပြင်အင်အားတွေအပါအဝင် သာလွန်အခြေအနေတွေပိုင်ဆိုင်ထားပေမဲ့လည်း စိတ်ဓာတ်အင်အားလျော့နည်းလာမှုနှင့်စစ်ပန်းမှုဒဏ်တွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ရေရှည်တောင့်ခံနိုင်ခြင်းမရှိဘဲ လက်နက်ချအညံ့ခံလိုက်ရတဲ့ဖြစ်စဥ်တွေ တိုက်ပွဲအတွင်းအလွယ်တကူသေဆုံးတဲ့ ဖြစ်စဥ်တွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတာကိုလည်းတွေ့ရပါတယ်။

စစ်ခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်းခါစက မဲမသမာမှုကြောင့် စစ်တပ်အနေနဲ့ တိုင်းပြည်အာဏာကိုခေတ္တထိန်းထားရတာပါ၊ တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးပြီးရင် အနိုင်ရတဲ့အစိုးရကို အာဏာပြန်လွှဲပြောင်းပေးပါမယ်လို့ ဝါဒဖြန့်စကားတွေသုံးကာ သူ့လက်အောက်က စစ်သားတွေကိုစည်းရုံးနိုင်ခဲ့ပေမဲ့လည်း စစ်အာဏာသိမ်းမှုကိုလက်မခံနိုင်တော့တဲ့ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ပြင်းထန်စွာတိုက်ခိုက်မှုတွေကြောင့် ယခုအချိန်မှာတော့ သူ့ရဲ့တိုက်ခိုက်ရေးတပ်မတွေကပါ စစ်ခေါင်းဆောင်ရဲ့အမိန့်ကိုမနာခံတော့ဘဲတော်လှန်ရေးတပ်ဖွဲ့တွေဆီကို လက်နက်ချအညံ့ခံတာတွေ ပြုလုပ်လာနေခဲ့ပြီပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး သိပ်မကြာမီမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်ရင်းအလိုက် အလင်းဝင်တာတွေ၊ ရခိုင်ပြည်နယ်မှာ ရဲစခန်းတစ်ခုလုံး လက်နက်ချတာတွေ၊ ကရင်နီပြည် နယ်မှာ စစ်သားတွေ အလံဖြူထောင် အညံ့ခံတာတွေ၊ ကရင်ပြည်နယ်မှာ စစ်မတိုက်တော့ဘဲ စစ်သားတွေ အဖမ်းခံတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာကြတာကိုလည်း တွေ့ရပါတယ်။

အနီးစပ်ဆုံးအနေနဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးစီးတဲ့ အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသား စု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး တပ်ရင်းအလိုက် MNDAA ထံမှာ လက်နက်ချ အလင်းဝင်လာပြီး တော်လှန်ရေးဘက်ကလဲ ကောင်းမွန်စွာ လက်ခံကြိုဆိုခဲ့ပါတယ်။

ဒါဟာ နွေဦးတော်လှန်ရေးအတွင်း စစ်တပ်ရဲ့တိုက်ခိုက်ရေးတပ်ရင်းတစ်ခုအနေနဲ့ ပထမဦးဆုံး တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာခြင်းဖြစ်သလို ယခုကဲ့သို့ အလင်းဝင်လာရင် အသက်ချမ်းသာရာရကြောင်းကို အခြားတပ်ရင်းတပ်မတွေဆီ သတင်းစကားပေးလိုက်သကဲ့သို့ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဥ်ဖြစ်ပြီး သိပ်မကြာမီ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းမှ ၉၃ ဦး၊ ပြည်သူ့စစ် ၂၇ ဦး၊ စကခ ၁၆ မှ တပ်ဖွဲ့ ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ဦး ထပ်မံအလံဖြူထောင် လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။

ဒီလို စစ်သည်တွေ အရေအတွက်များစွာနဲ့ အလင်းဝင်နေတာက ရှမ်းပြည်နယ်မြောက်ပိုင် းတစ်ခုတည်းမှာတင်မကဘဲ အခြားသော ဒေသတွေမှာပါ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာကိုလည်းတွေ့လာရပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာရှိတဲ့ အပေါက်၀ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၂ ဦး AA ထံမှာ လက်နက်ချ အလင်းဝင်ခဲ့တဲ့ ဖြစ်စဥ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ က လွိုင်ကော်တက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်သား ၃၂ ဦး စစ်ဆက်မတိုက်ရဲတော့ဘဲ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုထံ လက်နက်ချခဲ့တဲ့ ဖြစ်စဥ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားတိုက်ပွဲမှာ စစ်သား ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့တဲ့ ဖြစ်စဥ်တွေကိုကြည့်ရင် စစ်တပ်အနေနဲ့ ပြည်နယ်တစ်ခုလောက်မှာသာ ရှုံးနိမ့်နေတာမဟုတ်ဘဲ စစ်မျက်နှာတိုင်းမှာ အရေးနိမ့်နေတယ်ဆိုတာထင်ရှားလှပါတယ်။

စစ်အာဏာရှင် နိဂုံးချုပ်ဖို့ဆိုရင် သူရဲ့တိုက်ခိုက်ရေး တပ်ရင်း တပ်မတွေ ပြုန်းတီးဖို့ ဒါမှမဟုတ် သူ့ကိုမထောက်ခံတော့ဖို့အလွန်အရေးကြီးကြောင်းကို အားလုံးလည်းသိပြီးသားပါ။ ဒါကြောင့် သူ့ရဲ့တိုက်ခိုက်ရေးတပ်ရင်းတပ်မတွေ ယခုကဲ့သို့လက်နက်ချအလင်းဝင်လာနိုင်ရန်အတွက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း မြေပြင်စစ်ဆင်ရေး၊စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းပေါင်းစုံနဲ့ဆက်တိုက်ဖိအားပေးနိုင်ဖို့ အလွန်အရေးကြီးလှပါတယ်။ ။
#စစ်တပ်

တိုးတက်လာသော မြို့သိမ်းတိုက်ပွဲများPCLမင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီမှ အာဏာသိမ်း ပြည်သူ့ရွေးကောက်ခံ ပြည်...
11/12/2023

တိုးတက်လာသော မြို့သိမ်းတိုက်ပွဲများ

PCL

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီမှ အာဏာသိမ်း ပြည်သူ့ရွေးကောက်ခံ ပြည်သူ့အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးခံရပြီးနောက် စစ်တပ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူများနှင့် နိုင်ငံဝန်ထမ်းများမှ အကြမ်းမဖက်ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ နိုင်ငံ့ဝန်ထမ်းများက (CDM) ပြုလုပ်ပြီး ပြည်သူများနှင့်အတူ အကြမ်းမဖက် ဆန္ဒထုတ်ဖော်နေခြင်းကို အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်စစ်သားနှင့်ရဲများမှ ကျည်အစစ်များဖြင့်အကြမ်းဖက် ပစ်ခတ် တိုက်ခိုက် ဖြိုခွင်းခဲ့ကြပါတယ်။

အကြမ်းမဖက် ဆန္ဒထုတ်ဖော်နေကြသော ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များမှ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်လာမှုများအပြင်၊ (CDM) နိုင်ငံ့ဝန်ထမ်းများနှင့် တက်ကြွလှုပ်ရှားသူများရဲ့ နေအိမ်များအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးကာ စစ်ကြောရေးစခန်းများသို့ ပို့ဆောင်ကာ နှိပ်စက်သ-တ်ဖြတ်မှုများပြုလုပ်ခဲ့ကြပါတယ်။ ဒါ့ကြောင့်ပဲ တိုင်းပြည်ရဲ့ အနာဂါတ် လူငယ်များ၊ (CDM) သူရဲကောင်းများနှင့် အကြမ်းဖက် အာဏာသိမ်းမှုကို လက်မခံကြသော ပြည်သူများမှ တိုင်းရင်းသားလက်နက်ကိုင်ညီအကိုများနှင့် လက်တွဲကာ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါတယ်။

ဒါ့ကြောင့်ပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များပေါ်ပေါက်လာကာ တစ်စတစ်စဖြင့် ပိုမိုအင်အား ကောင်းလာခဲ့ကြပါတယ်။ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုင်းရင်းသား လက်နက်ကိုင် ညီအစ်ကိုများရဲ့ ပူးပေါင်း စစ်ဆင်ရေးများ အားကောင်းလာပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလဲ ပိုမိုအထိနာလာပြီး ထိခိုက်ကျဆုံးမှုများ များပြားလာခဲ့ကြပါတယ်။

ထင်ရှားတဲ့ တိုက်ပွဲတခုဆိုရင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် တိုက်ပွဲတစ်ခုကို အားလုံးသိကြမှာပါ။ နိုဝင်ဘာလ (၁၃) ရက်နေ့ မှာ လွိုင်ကော်တက္ကသိုလ်ဝန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ (၄၂၅) တပ်ရင်းမှူး နဲ့ ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး၊ ခမရ (၆) ရဲ့ အင်အားတစ်ဝက် နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲကျန်ရှိနေတဲ့ ခမရ (၆) မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြပါတယ်။ ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့များကိုလည်း...
"သေနတ်တွေ ထားခဲ့ပါ။ အလံဖြူထောင်ပါ၊ ဘာမှ မလုပ်ပါဘူး၊ KNDF က ဒုစစ်ဦးစီးချုပ် မာဝီဖြစ်တယ်၊ ဘာမှ မလုပ်ဘူး၊ အခုအချိန် ခင်ဗျားတို့ကို ပစ်လို့ရတယ်၊ ဒါပေမယ့် မပစ်ဘူး၊ ဟုတ်ပြီနော်၊ အလံဖြူထောင်ပေးပါ၊ အပေါက်၀ကို ထွက်လာပေးပါ၊ လုံး၀ မလုပ်ဘူး အာမခံတယ်..." စတဲ့ KNDF ဒုစစ်ဦးစီးချုပ် မာဝီရဲ့ လူသားဆန်တဲ့ စကားများနဲ့အတူ၊စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးခြင်းနဲ့ ကူညီစောင့်ရှောက်မှုများပေးခဲ့ပါတယ်။ ဒါဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ကို သိသိသာသာမြင်တွေ့စေနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်တယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့များသည် ကနဦးပိုင်းတွင် ပြောက်ကျားစနစ်များဖြင့် တော်လှန် တိုက်ခိုက် ခဲ့ကြပေမယ့်၊ နောက်ပိုင်းမှာတော့ ထိုးစစ်များ ပိုမို ဆင်နွှဲလာနိုင်ခဲ့ကြပါတယ်။ ခံစစ်မှ ထိုးစစ် ပြောင်းလဲလာချိန် တော်လှန်ရေး မဟာမိတ်အင်အားစုများ ပိုမိုအားကောင်းလာပြီး မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်လာနိုင်ခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့မှာ စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်(၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ချင်းရွှေဟော်၊ ကွမ်းလုံ၊ ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း သိန္နီမြို့များကို သိမ်းပိုက်ထားပြီးဖြစ်ပြီး၊ ကိုးကန့်ဒေသ တစ်ခုလုံး အပါအဝင် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်များကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လုပ်နေပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မှ စစ်မတိုက်ပဲရရှိခဲ့တဲ့ အင်ဂျန်းယန်မြို့အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက ရွှေပြည်အေး၊ ခမ်းပတ်၊ ကောလင်း၊ ရိခေါဒါရ်၊ လိုင်လဲန်းပီ၊ရေဇွာ၊ ဝေဘုလ၊ မကွီအိမ်နူး၊ ဆူးရ်ခွါ၊ နှာရိန်၊ မယ်စဲ့ စတဲ့ မြို့တွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

တစ်စတစ်စ တိုးမြင့်လာသော မြို့သိမ်းတိုက်ပွဲများကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယခင်က၎င်းရဲ့ အာဏာသက်တမ်း ဆက်ရန် အချိန်မျှသာ ခေါ်ယူလေ့ရှိသော ကာလုံအစည်းအဝေးကို အရေးပေါ် ခေါ်ယူရသည်အထိ ကြောက်ဒူးတုန်နေခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတဝန်းက မြို့သိမ်းတိုက်ပွဲတွေအပေါ် ပြည်ပနိုင်ငံက ဒရုန်းပညာရှင်တွေ ပါဝင်လာပြီး၊ ပြည်ပကျူးကျော်စစ်ဆိုတဲ့ စွပ်စွဲမှုတွေရှိလာခဲ့ပါတယ်။ ဒါဟာ စစ်ခေါင်းဆောင်အနေနဲ့ မိမိရဲ့အသုံးမကျမှုကြောင့် အခုလို စစ်တပ်က ကျရှုံးနေတယ်လို့ ဝန်ခံရာလည်းရောက်ပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးနဲ့အတူ တော်လှန်ရေးခရီးကို အဆုံးထိတိုင်လျောက်လှမ်းကြမှာပဲ ဖြစ်တယ်။ ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလည်း တလှိုင်းပြီးတလှိုင်း ဆက်လက်သိမ်းပိုက်သွားမှာပဲ ဖြစ်တယ်။ အခုဆိုရင် ရန်ကုန်လို မြို့ကြီးတွေမှာတောင် အနက်ရောင်အလံလွှင့်ထူပြီး၊ စစ်ရေးပစ်မှတ်တွေကို နိုဝင်ဘာ ၃၀ ရက်နေ့မှာ စတင်ချေမှုန်းမှာ ဖြစ်ကြောင်းပြည်သူလူထုကို အသိပေးထုတ်ပြန်ထားပါတယ်။ မြို့ပြတွေမှာ ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေနဲ့အတူ မြို့သိမ်း တိုက်ပွဲတွေဟာ အခုထက်ပို အရှိန်မြှင့်လာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။
#မြုိ့သိမ်း

Address


Website

Alerts

Be the first to know and let us send you an email when PDN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share