ံHtila Win Yu Mar

  • Home
  • ံHtila Win Yu Mar

ံHtila Win Yu Mar Media & Entertainment

***ချိုပင်စိုက်ကြသူများ***                                                              (အပိုင်း- ၂)         အားလုံးဝိုင...
27/04/2020

***ချိုပင်စိုက်ကြသူများ***
(အပိုင်း- ၂)

အားလုံးဝိုင်းရယ်ကြတယ်။ ပြောတဲ့သူကစီစီလွင်၊ အပြောခံရတဲ့သူကေ မာင်မောင်ဖြူ။ နှစ်ယောက်စလုံးကအတန်းထဲမှာအဆင့်(၁)နေရာကိုတစ်လှည့်စီလုနေတဲ့သူတွေ။ အပြောင်အနောက်ကလည်းသန်တယ်။ စိတ်မဆိုးတမ်း၊ မျက်နှာမပျက်တမ်းပဲ။ မောင်မောင်ဖြူက အသည်းမဲတော့ "ဖြူမယောင်မောင်မည်း" (မောင်မဲ)တဲ့။ စကားများတဲ့ စီစီလွင်ကိုတော့"တစိစီလွင်တဲ့။ မောင်မောင်ဖြူကပခုံးတွန့်ပြတယ်။ အလှည့်စောင့်မယ်ဆိုတဲ့သဘောပေါ့။
ဒီလိုနဲ့ "ညက်လှပြာစင်"ဆိုတဲ့နေရာကိုရောက်သွားတယ်။ ရှေးကမိန်းမလှတွေဖွဲ့တွေအကြောင်း ရှင်းပြတာပေါ့။ အပြစ်ခြောက်ပါးတို့၊ ကောင်းခြင်း ငါး ဖြာလဏ္ခာ တို့ကိုပြောပြရတယ်။ ဒါနဲ့ပက်သက်ပြီးကလေးတချို့ထပြီးဆွေးနွေးကြပါတယ်။
"ခုခေတ်ကတော့ဆံပင်ရှည်ရှားပါတယ်ဆရာမ။ တရားစခန်းဝင်တဲ့အဘွားတွေတောင် ဆံပင်ကရှည်လို့ဆိုပြီး အတိုညှပ်ပစ်ကြတာ။" "အသားအရေဆိုလည်း"လိုးရှင်း"တွေလိမ်း"စကင်းကဲ"တွေနဲ့ပြုပြင်ထိန်းသိမ်းကြတာ။"
"နှတ်ခမ်းစွန်းတို့မေးဖျားတို့မှာ မှဲ့ရှိရင်လည်းစတားပဲ။"
"အသက်ကြီးတဲ့အမျိုးသမီးခပ်များများပဲ နုပျိုအောင်၊ အရွယ်တင်အောင်ကြိုးစားကြတာ။"
ဒီလိုတစ်ယောက်တစ်ချက်ဆွေးနွေးသုံးသပ်ပြီးတဲ့နောက်မှာ မောင်မောင်ဖြူဖြူကနောက်ဆုံးကောက်ချက်ချပေးလိုက်ပါသတယ်။
"အခုခေတ်မျာတော့ မိန်းကလေးတွေရဲ့ အလှတွေကို ဒီစံတွေမတိုင်းတာကြတော့တဲ့အတွက် 'တစီစီလွင်'တို့ကကံကောင်းသွားပြန်ရော။"
သူတို့တသောသောရယ်ကြပြန်တယ်။ ကျွန်မကပြုံးပြပြီး သင်ခန်းစာလမ်းကြောင်းကိုပြန်တည့်ပေးရတာပေါ့။ ထွက်ပေါက်ရတော့မြန်မာစာကျန်းမာရေးကောင်းနေတာပေါ့။သူတို့မြန်မာစာချိန်မှာပျော်တယ်၊ မြန်မာစာကိုချစ်တယ်။ မြန်မာစာ ဆရာမကိုတွယ်တာတယ်။ ဆုးမတာကိုပိုပြီးနားထောင်လိုက်နာလာကြတယ်။ ပုဂ္ဂိုလ်ခင်တော့တရားမင်တာပါပဲ။
ဒုတိယမြောက်နှစ့်မှာပိုပြီးအဆင်ပြေပါတယ်။ ဆယ်တန်းစီရဲ့အတန်းပိုင်လုပ်ရပါတယ်။ ယောကျာ်းကလေး(၂၀)နဲ့ မိန်းကလေး(၂၃) စုစုပေါင်း(၄၃)ယောက်ပါ။ တော်တော်လည်းကြိုးစားပြီး၊ တော်တော်လည်းညီညီညွတ်ညွတ်ရှိပါတယ်။ ဒီကျောင်းမှာ အေ ဘီ စီ ဒီ အတန်းခွဲတာကအတော်အညံလိုက်ခွဲတာမဟုတ်တဲ့အတွက် တော်သင့်ညံအားလုံးပါတာပဲ။ ကျွန်မအတန်းက တော်တဲ့အုပ်စုကများတော့ သင့်တာလေးတွေလဲတော်လာတယ်။ ညံ့တာလေးတွေလဲကြိုးစားလာကြတယ်။ စာစီစာကုံးပြိုင်ပွဲဝင်ဖို့ စနစ်တကျလေ့ကျင့်ပေးရတယ်။ ကျောင်းအုပ်ဆရာကြီးကလည်းအားပေး၊ မိဘတွေကလည်းစိတ်ပါဝင်စား၊ ကျွန်မကလည်းလေ့ကျင့်ပေးတော့သား"ကောင်းထက်မြက်" က နိုင်ငံတကာစာတတ် မြောက်ရေးအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှာ ပထမဆုရခဲ့တယ်။ သမီးဆုပြည့်ခင်ဆိုရင်လည်း ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲမှာ တိုင်းအဆင့်ရောဗဟိုအဆင့်ရော ပထမဆုရခဲ့တယ်။ မြို့နယ်အဆင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စာစီစာကုံးပြိုင်ပွဲမှာတော့ ဆယ်တန်းအေက ကျွန်မတပည့်သား"မျိုးကျော်သူ"ပထမ၊ တစ်ခြားကျောင်းတွေကဒုတိယနဲ့ တတိယဆုတွေရကြဆယ်။ အောက်တိုဘာနှစ်ဝက်ဆုံးစစ်ဆေးတော့ ဆယ်တန်းအားလုံးအဆင့်(၁)ကနေ(၁၀)အထိဆင်တဲ့အခါကျွန်မအတန်းက (၁) (၃) (၇) (၁၀)လေးယောက်ပါခဲ့တယ်။ ဒီတော့ဆရာမလုပ်ဖော်ကိုင်ဖက်တွေကကျွန်မကအတန်းကို"မဟာစီ"လို့ကောင်းချီးပေး ကြတယ်။

#ထီလာဝင်းယုမာ #
Photo;credit

***ချိုပင်စိုက်ကြသူများ***                                                                               (အပိုင်း၁)     ...
26/04/2020

***ချိုပင်စိုက်ကြသူများ***
(အပိုင်း၁)

ဒီလိုနေ့ရောက်တိုင်း ကျွန်မအိမ်မှာ လူစည်တာဒီနှစ်နဲ့ဆိုနှစ်ကြိမ်ရှိပါပြီ။ သူတို့လာကြလို့ပေါ့။ နက်နက်စောစောကတည်းက သူတို့တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြတာပဲ။ အစောဆုံးရောက်လာကြသူတွေနဲ့ ကျွန်မကမုန့်ဟင်းခါးချက်တယ်။ ဘုရားဆွမ်းတော်ကပ်၊ ဘုန်းကြီးကျောင်းကိုသွားလှုပြီးရင်အားလုံးတပျော်တပါးစားကြမှာလေ။ သူတို့ဆိုတာ ကျွန်မရဲ့သားသမီးတွေပါ။ ဒါပေမဲ့သူတို့ကတစ်နှစ်နဲ့တစ်နှစ် မတူကြဘူး။ လူတွေကပြောင်းပြောင်းသွားတယ်။ ရိုးရိုးအောင်တဲ့လူကနေဘာသာစုံ အောင်တဲ့အထိ လူဆုံတက်စုံလာကြတာ အယောက်(၃၀)နီးပါးရှိတယ်။ ခရီးလွန်နဲ့လူတွေရယ် စာမေးပွဲမအောင်တဲ့လူတွေရယ်ပဲမလာကြတာ။ ဒါပေမဲ့ အားလုံးကတော့ကျွန်မရဲ့သားသမီးတွေချည်းပါဘဲ။
ကျွန်မအလုပ်ပြောင်းလိုက်တော့ ဒီသားသမီးတွေရလာတာပဲ။ လွန်ခဲ့တဲ့ သုံးနှစ်နွေကျောင်းမဖွင့်ခင်မေလထဲမှာ ကျွန်မတိုင်းစစ်ဆေးကနေပြီး အခြေခံပညာဘက်ကို အထက်တန်းပြရာထူးနဲ့ပြောင်းဝင်ခဲ့တယ်။ မိတ္ထီလာ ခရိုင်သာစည် အ.ထ.က(၁)မှာကျွန်မကဆယ်တန်းမြန်မာစာ ဆရာမဖြစ်လာခဲ့ပါတယ်။
ပထမဆုံးနှစ်မှာ ကျွန်မဆယ်တန်းဘီရဲ့ အတန်းပိုင်ပါ။ ဆယ်တန်းဘီမှာ ယောက်ျားလေး (၁၈)ယောက်နဲ့ မိန်းကလေး (၂၄)ယောက် စုစုပေါင်း(၄၂)ယောက်ရှိပါတယ်။ မဆိုးပါဘူး ကိုင်တွယ်ရတာ အဆင်ပြေပါတယ်။ ကျွန်မက အပြောလည်းကောင်း အသံလည်းကောင်းလို့ ဆိုပြီး သူတို့ကနာမည်ပေးထားကြတယ်။ အပြောကောင်းတဲ့အတွက် စာရေးဆရာမခင်ခင်ထူး နာမည်ရယ် အသံကောင်းတဲ့အတွက် အဆိုတော် ချိုပြုံးနာမည်ရယ်ရောပြီး ကျွန်မကို သူတို့က ဆရာမဒေါ်ခင်ခင်ထူးချိုပြုံးတဲ့။ နောက်တော့အတိုကောက် ဆရာမဒေါ်ထူးချိုတဲ့လေ။ အတန်းပိုင်ရော အတန်းမပိုင်ရော အားလုံး အေ ဘီ စီ ဒီ(၄)ခန်းသင်ရတာ တစ်ပတ်ကို အချိန်(၂၀)ပါပဲ။ သိပ္ပံဆရာတွေ ပုံနေတဲ့ကျောင်းမှာ မြန်မာစာဆရာဆိုတာ အချိန်များတတ်ပါတယ်။ ဒါပေမယ့် ကျွန်မပျော်တယ်။ ဘီအီးဒီဘွဲ့ရဲ့အတတ်တွေကို ဝါသနာနဲ့ပေါင်းပြီး အသုံးချခွင့်၊ ပေးဝေခွင့်ရလို့ပါပဲ။
အလယ်တန်းပြဆရာမ ဘဝတုန်းကကျွန်မစီစီအေသင်တန်းတွေတက်ခဲ့ရတာဒီမှာ အတော်အသုံးကျတယ်။စီစီအေဆိုတဲ့ကလေးဗဟိုချည်းကပ်သင်ကြားကိုကျွန်မကအထက်တန်းမျာအသုံးချကြည့်တယ်။ အခုခေတ်ကလေးတွေက ဆယ်တန်းဆိုပေမယ့် ပြင်ပစာပေကို မဖတ်ဖြစ်ကြဘူးလေ။ ဒီတော့သူတို့ဘဝထဲက အကြောင်းအရာတွေနဲ့ နှီးနှောချဉ်းကပ် သင်ကြားရတဲ့ ဒီနည်းကသုံးကြည့်တော့ တော်တော်တာသွားပါတယ်။ မြန်မာစာဆိုတာက ကျယ်ပြန့်လွန်းတော့ ပြောစရာတစ်ကွက်ရရင် "တစ်စပေါ်လျှင် ချည်စငင်သို့ "ဆိုသလို ပြောစရာတွေက မကုန်တော့ဘူး။ ကိုယ်ကချည်းပြောရရင်လည်း ဆရာဗဟိုပြုဖြစ်သွားမှာစိုးလို့ သူတို့ကို ဆွေးနွေးခွင့်၊ သုံးသပ်ခွင့်၊ ကောက်ချက်ချခွင့်တွေပေးရတယ်။ သူတို့ဒီလိုပြောရဲဆိုရဲ ရှိလာအောင်လည်း ဆရာတစ်ပည့်ရင်းနှီးကျွမ်းဝင်မှု့ကို အတိုင်းအတာတစ်ခုအထိ ဖန်တီးထားရပါတယ်။ မြန်မာစာက " ရွာနားမြက် "ဖြစ်နေတော့ အလာပသလ္လာပဆိုတဲ့ " မျက်မှန်စိမ်းလေး "တပ်ပေးမှ စိတ်ဝင်စားစရာ ကောင်းမယ်မဟုတ်လား။ အင်္ဂလိပ်လိုသင်ရတဲ့ တစ်ခြားဘာသာငါးခုရဲ့အလယ်မှာ မြန်မာလိုသင်ရတဲ့ တစ်ခုတည်းသော မြန်မာစာဘာသာဟာ သူတို့အတွက် မွန်းကျပ်မှု့ကိုဖြေဖျောက်တဲ့ ထွက်ပေါက်တစ်ခုလည်း ဖြစ်သင့်တာမို့ သူတို့စိတ်ကိုဖွင့်သင်လိုက်တာပဲ။ သင်ပြသင်ယူမှုထဲက အကွက်တစ်ကွက်လောက်တော့ သာဓက ပြပါရစေလား။
ဆယ်တန်းကဗျာလက်ရွေးစင်ထဲက"ရွှေနှင့်ယိုးမှား ပန်းစကား"ကဗျာကိုသင်တဲ့အကွက်တစ်ကွက်ပါ။
"သားတို့သမီးတို့ကြည့်စမ်း၊ ဒီပုလင်းထဲမှာ ဘာပန်းပွင့်တွေလဲ။
"စကားဝါပွင့်တွေပါဆရာမ။"
"ဘယ်ကရတယ်လို့ထင်လဲ။"
ပုပ္ပားမှာဒါမျိုးပုလင်းတွေရောင်းပါတယ် ဆရာမ။ အိမ်မှာလည်းရှိပါတယ်။"
"အေး - စကားဝါပန်းတွေကပုပ္ပားမှာပေါတယ်။ ဘာကြောင့်စကားဝါပန်းလို့ခေါ်ရသလဲဆိုတာရောသိကြလား။"
"မသိပါဘူး ဆရာမ။ပြောပြပါဆရာမ။"
"ပန်စေအပ်သောယောက်ကျာ်းမိန်းမတို့ကိုလှပတင့်တယ်စေတယ်။ ဒါ့ကြောင့် ပါဋ္ဌိလိုစမ္ပက၊ မြန်မာလိုကစကားပန်းလို့ခေါ်တယ်တဲ့။"
သူတို့ငြိမ်နေကြပေမဲ့ မျက်နှာတွေကတော့ဘဝင်မကျတာကိုအားနာပါးနာပြနေတယ်။
"ဒီပန်းပန်လိုက်တဲ့ ယောကျာ်းမိန်းမတွေ လှသွားသတဲ့၊ ဘယ်လိုသဘောရသလဲ။ ပြောကြည့်ပါ။"
"သမီးကတော့သဘောပေါက်တယ်ဆရာမ။ ဒါပေမဲ့ မောင်မဲလိုယောကျာ်းမျိုး ဒီပန်းကိုပန်လို့ကတော့ အကြောင်းမှထူးမယ်မထင်ပါဘူး ဆရာမ။ အဲ - သူ့ရဲ့အသားရောင်ဟပ်ပြီး စကားဝါကန်းတွေပဲ မည်းတုန်းတုံးတုံး ဖြစ်ကုန်လိမ့်မယ်ထင်ပါတယ်ရှင့်။"

#ထီလာဝင်းယုမာ #
Photo;credit

***လွမ်းစရာ့ရွှေ***                                                                  (ဇာတ်သိမ်းပိုင်း)          ကျွန်တော...
23/04/2020

***လွမ်းစရာ့ရွှေ***
(ဇာတ်သိမ်းပိုင်း)

ကျွန်တော်တို့ ရှစ်တန်းဘီအခန်းထောင့်အကွယ်မှအသာစောင့်ကြည့်ကြသည်။
"......တိရစ္ဆာန်ညစ်၊ တောဝံဖြစ်ပြီ၊ သစ်သီးရှာဖွေ၊ စားပစေဟု၊ ရွှေပြည်မှလျှင်၊ တောသို့နှင်၏ တဲ့ကွ။ ခုနဆရာကြီးပြောတဲ့အတိုင်း ဝံနဲ့ဝန်၊ သေးသေးတင်နဲ့နသတ်ကို စာလုံးပေါင်းသတ်ပုံလွဲရေးလို့ ဘုရင်ကသူ့ဝန်ကြီးကို လူဝံ မျောက်ဝံ ဝက်ဝံဆိုတဲ့တိရစ္ဆာန်ဖြစ်ပြီဆိုပြီး တိုင်းပြည်က နှင်ထုတ်တာလေ။ မှတ်ထားကွ၊ ရှေးတုန်းကဆိုသတ်ပုံမှားရင်ပြည်နှင်ဒဏ်တောင် အပေးခံရတာနော။ အပြစ်ကြီးတယ်။ ခုခေတ်မှာ ဒီလိုအပြစ်မပေးပေမယ့် သတ်ပုံမှားယင် အဓိပ္ပါယ်လည်းမှားတာဆိုတော့ မကောင်းဘူးပေါ့။ ဒီတော့ ကလေးတို့ သတ်ပုံမှန်အောင် ကရုစိုက်ရမယ်နော်။"
"ဟုတ်ကဲ့ပါ ဘိုးဘိုးဆရာကြီး။"
"ပြီးတော့ မင်းတို့တစ်ချို့က စလုံးနဲ့ဆလိမ် မကွဲဘူးကွ။ ဆရာကြီးတပည့် တစ်ယောက်က ဝါကျဖွဲ့တာ ဒီလို(သင်ပုန်းဖြူတွင်ရေးပြရင်း) သရဲခြောက်သည်ဆိုသော ထိုအိမ်ကြီးမှာခြံနှင့် ဝန်းနှင့်ဖြစ်ပြီး မြက်ခင်းကျယ်ကျယ်နှင့် ဆိတ်ဝင်စားဖွယ်ကောင်းပါသည် . .တဲ့ကွ"
"ဟား . .ဟား . .ဟား . .ဆိတ်ကဝင်စားမှာ . .ဟား . .ဟား . .ဟား . .။"
ကလေးများ အားရပါးရ ရယ်မောကြပါသည်။
"မင်းတို့ အခု ကသတ်နဲ့တသတ်၊ ပသတ်လည်း တော်တော်မကွဲကြဘူးကွ။ အေး ဒီမှာ ကျောင်းကန်ဇရပ်ဒကာကြီး ဦးမြတ်ဆွေ၏ ရေချမ်းစင်လို့ ရေးရမှာကို တို့ရွာက သူကြီးသားရွှေလုံးက လူတတ်ကြီးလုပ်ပြီးရေးလိုက်တာ ဟောဒီလို(သင်ပုန်းဖြူတွင်ရေးပြပြန်သည်) ကြောင်ကန်းဇရက်ဒကာကြီး ဦးမြက်ဆွေး၏ ရေခြံဆင် တဲ့လေကွာ။"
ကလေးများ တသောသောရယ်ကြပြန်ပါသည်။
"ဘိုးဘိုးဆရာကြီးက စာသိပ်သင်ချင်လွန်းလို့ မင်းတို့ကိုလာသင်တာကွ။ ကဲကဲ ဒီသားရွှေဥကဗျာထဲက သတ်ပုံအမှားအမှန်နဲ့ အဓိပ္ပါယ်တွေသိပြီမဟုတ်လား။ သစ်စည်းနဲ့ သစ်စေး၊ စာထုပ်ပါနဲ့ စာထုတ်ပါ ဆိုတာလေ။ သဘောပေါက်တယ်နော်။ ကဲ ဘိုးဘိုးဆရာကြီးသွားမယ်။"
"မင်္ဂလာပါ ဘိုးဘိုးဆရာကြီး၊ နောက်လည်းလာသင်ပါဦး။"
"အေးအေး မင်္ဂလာပါ ကလေးတို့"
ပြောပြောဆိုဆိုပင် ဆရာအိုကြီးသည် တစ်ဖက်တံခါးမပေါက်မှ ထွက်သွားလိုက်သည်မှာ အရွယ်နှင့်မလိုက်အောင်ဖျတ်လတ်သွက်လက်လှတော့သည်။ ရှစ်တန်းဆောင်မှဆင်းပြီး ရုံးခန်းဘက်တည့်တည့်စင်္ကြံတွင် သူ့မြေးက ဆီးကြိုခေါ်ငင်၏။ ကျွန်တော်တို့လည်း ဆုံမိအောင် အပြေးတစ်ပိုင်းသွားရသည်။
"မောင်ကျောင်းအုပ်ရယ်၊ ဆရာကြီးကိုခွင့်လွှတ်ပါ။ ဆရာကြီးကတစ်ခါတစ်ခါကျရင် စာသင်ချင်တာစိတ်ထိန်းလို့မရဘူးကွယ်။ အခုတော့ပင်စင်ယူပြီး အသက်ကလည်း ကြီးလာတော့ စိတ်ကလွတ်လွတ်သွားလို့တစ်ခါတစ်လေဆိုကိုယ်မပျောက်ဘဲ စိတ်ပျောက်ပျောက်သွားတယ် ဆိုပါတော့ကွယ်။ နားလည်ပေးနော်။"
မျက်မှန်ထူထူအောက်မှ အနည်းငယ်တောက်ပသလိုရှိနေသော မှုန်ဝေဝေမျက်လုံးအစုံနှင့် နူးညံသောလေသံတို့ကဆရာအိုကြီး၏ လက်ရှိစိတ်အခြေအနေကိုပြနေပါသည်။
''ဟုတ်ကဲ့ပါဆရာကြီး၊ ဟုတ်ကဲ့ပါခင်ဗျာ။''
ကျွန်တော်ကလေးလေးစားပင်တုံ့ပြန်ရပါ၏။
"အေး - မှတ်ထားဖူးတာလေးပြောခဲ့ဦးမယ် မောင်ကျေင်းအုပ်လေးရဲ့၊ အင်း......."
"A tigress kills a dear because of her cubs,a fisherman catches fish because of his love on his family , but a teacher does not destroy anything because of his love fulfilled with peace. တဲ့။ Thank you."
"ကောင်းလိုက်သည့်အသံထွက်၊ ပီလိုက်သည့်လေယူလေသမ်း၊ နက်နဲလိုက်သည့် အဓိပ္ပာယ်၊ ဖြူစင်မြင့်မြတ်လိုက်သည့်နှလုံးသား။ နှမြောလိုက်ပါဘိ၊ ကျွန်တော်နှမြောလိုက်ပါဘိ။ သြော် - ဝင်လုဆဲနေရောင်ပေမယ့် ဝင်းအိလိုက်တာ၊ တကယ့်ကိုရွှေပါပဲလား"ဟုတွေးတော အောက်မေ့ရင်း ကျွန်တော့ရင်ထဲမှာသူ့စကားတွေကျွန်တော့်ရင်ထဲမှာ သူ့စကားတွေပဲ့တင်ပျံကျန်ခဲ့သည်။ ဝမ်းနည်းခြင်း၊ နှမြောခြင်း၊ လေးစားကြည်ညိုခြင်း၊ နှစ်သက်အားကျခြင်း ခံစားချက်များ ရောပေါင်းထွေးယှက် လျက် မျက်စိတစ်ဆုံးကြည့်နေမိပါသည်။ ဆရာအိုကြီးကတော့ ဖြေးညင်းတည်ငြိမ်စွာပင် မြေးဖြစ်သူခေါ်ရာနောက်သို့လိုက်ပါသွားခဲ့ပါပြီ။ ။

ပြီးပါပြီ။ ။
*ထီလာဝင်းယုမာ*
Photo;credit

***လွမ်းစရာ့ရွှေ***                                                (အပိုင်း-၂)          ဤဆရာအိုကြီးမှာအသက်(၈၀)ကျော်ပြီ။ ...
21/04/2020

***လွမ်းစရာ့ရွှေ***
(အပိုင်း-၂)

ဤဆရာအိုကြီးမှာအသက်(၈၀)ကျော်ပြီ။ အငြိမ်းစားယူပြီးကတည်းက သားသမီးတွေထံမှာ တစ်လှည့်ဆီလိုက်နေသည်။ တရားဓမ္မ၌မွေ့ပျော်သည်။ ယခုအသက် (၈၀)ကျော်တွင်လမ်းလျှေက်ရာမှအပြန် အိမ်အဝင်၌ချော်လဲရာ တံခါးတိုင်ကိုခေါင်းနှင့်ဆောင့်မိပြီးဒဏ်ရာရခဲ့၍ ဆေးကုသရသည်။ ထိုအဖြစ်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်လေ့ရှိလာသည်။ ကြည်တစ်ခါနောက်တစ်လှည့်ဖြစ်နေရှာသည်။ ယခုအခါသူ၏သားကြီးကဤစစ်တပ်တွင်တာဝန် ကျ၍သူလည်းပါလာခဲ့သည်။ ဤတွင်စစ်တပ်နှင့်အနီးဆုံးဖြစ်သောကျွန်တော့်ကျောင်းသည် ဟိုးယခင်ကသူ၏ကျောင်းဖြစ်ခဲ့ဖူးသောကြောင့်ငယ်စိတ်ဝင်ကာယခုသူ၏ကျောင်းမှာသူက ကျောင်းအုပ်ဆရာကြီးပြန်လုပ်နေခြင်းဖြစ်လေသည် ဟု ကျွန်တော်သိလာရသည်။
"ဆရာကြီး ဦးသက်တင်လို့ခေါ်ပါတယ်ရှင့်။ ကျွန်မတို့ဆရာကြီးပါ။ ဒီကျောင်းမှာ ကျွန်မတို့ ရှစ်တန်းတုန်းက ဆရာကြီးကိုယ်တိုင် အင်္ဂလိပ်စာ နဲ့ မြန်မာစာကို တစ်ချိန်စီယူပြီးသင်ပေးခဲ့ပါတယ်။ အသင်အပြသိပ်ကောင်းပါတယ်ရှင့်။ မကြာသေးခင်ကမှ သူ့သားကြီးစစ်ဗိုလ်ပြောင်းလာတော့ ဆရာကြီးလည်းပါလာတာ။ ကျွန်မတို့တပည့်ဟောင်းတွေသွားကန်တော့ကြတော့ဆရာကြီးကစိတ်ကြည်နေတုန်းမို့ ဆုံးမစကားပြော၊ ဆုတွေပေးနဲ့ကျွန်မတို့ဝမ်းသာလိုက်ကြတာ။ အခုတော့ဆရာကြီးက....."
ရှစ်တန်းမြန်မာစာဆရာမကြီး ဒေါ်ခင်ခင်မိုးက ပြောပြရင်း ဝမ်းပန်းတနည်းငိုရှာပါတယ်။
"ဟုတ်တယ်ဗျ၊ ဆရာကြီးကတစ်ခါတစ်ရံ စိတ်ကြည်ရင်တရားခွေနဲ့ တရားနာနေ တတ်တယ်တဲ့။ စိတ်မကြည်ရင်တော့လျှေက်ထွက်သွားပြီး မသိတဲ့လူတွေကိုလည်း နုတ်ဆက်နေတော့တာ။ ကျွန်တော့အမျိုးသမီးတောင်ဈေးထောင့်မုန့်ဟင်းခါး
ဆိုင်မှာ ဆရာကြီးနဲ့တွေ့လို့ ဆရာကြီးက တပည့်မကြီးဆိုပြီးနုတ်ဆက်လို့ အလိုက်အထိုက် ပြန်နှုတ်ဆက်ပြီးမုန့်ဟင်းခါးကျွေးခဲ့သတဲ့။ သူ့သားစစ်ဗိုလ်ကြီးကတော့ပတ်ဝန်းကျင်ကိုအားနာတာပေါ့လေ။ ကိစ္စမရှိပါဘူးဗျာ၊ အားလုံးက ဒီဆရာကြီးအကြောင်းသိနေကြပြီပဲ။"
ဆရာဦးသိန်းဆွေကလည်းသူ့အတွေ့အကြုံကိုဝင်ပြောပြသည်။
"သြော် - အ.လ.က ပန်းတော်ဝင် ရွာရဲ့တစ်ခါတုန်းကကျောင်းအုပ်ဆရာကြီးရယ်" ဟုသာကျွန်တော်ညည်းမိရင်းစိတ်ထဲမှာ ကရုဏာသက်၍မဆုံးတော့ပါ။
"ဆရာကြီးရှင့်။ ရှစ်တန်းဘီမှာ.....ဟို..ဆရာကြီးဦးသက်တင်ဝင်သင်နေပါတယ်ရှင့်။"
"ဟုတ်လား၊ ဘယ်သူ့အချိန်လဲ ဆရာမ။
"ဆရာမကြီး ဒေါ်ခင်ခင်မိုးအချိန်ပါရှင့်။ အဲဒါကျွန်မအစားဝင်ပေးဖို့ အောက်ထပ်ကနေတက်လာတာ။ အဲဒီအတန်းကထွက်လာတဲ့ ဆရာဦးဝင်းမောင်ဆွေကိုရှောင်ပြီးသူကအရင်ရောက်သွားတာပါဆရာကြီး။ မမမိုး ဒီနေ့ခွင့်ယူထားပါတယ်။"
(၇)တန်းသမိုင်းဆရာမလေးဒေါ်နွဲ့နွဲ့ချိုကသတင်းပို့လာတယ်။
"အေးဗျာ၊ ကျွန်တော်ကဒီဆရာကြီး မတားဖို့ ဦးလေးချစ်ထူးတို့ဂိတ်အဖွဲ့ကို ပြောထားတာ။ ခါတိုင်းတော့ ရုံးခန်းကိုတန်းလာတာဗျ။ ကျွန်တော်နဲ့ကော်ဖီတူတူသောက်ပြီး သူ့မြေးလာခေါ်ရင်ပြန်လိုက်သွားတာ။ ဒီတစ် ခါဘယ့်နှယ့်ကြောင့် ရှစ်တန်းဘီကိုရောက်သွားရပါလိမ့်။ လာ ဆရာမ၊ ကျွန်တော်တို့အခြေအနေသွားကြည့်ကြတာပေါ့။

*(ထီလာဝင်းယုမာ)*
Photo;credit ***လွမ်းစရာ့ရွှေ***
(အပိုင်း-၂)

ဤဆရာအိုကြီးမှာအသက်(၈၀)ကျော်ပြီ။ အငြိမ်းစားယူပြီးကတည်းက သားသမီးတွေထံမှာ တစ်လှည့်ဆီလိုက်နေသည်။ တရားဓမ္မ၌မွေ့ပျော်သည်။ ယခုအသက် (၈၀)ကျော်တွင်လမ်းလျှေက်ရာမှအပြန် အိမ်အဝင်၌ချော်လဲရာ တံခါးတိုင်ကိုခေါင်းနှင့်ဆောင့်မိပြီးဒဏ်ရာရခဲ့၍ ဆေးကုသရသည်။ ထိုအဖြစ်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်လေ့ရှိလာသည်။ ကြည်တစ်ခါနောက်တစ်လှည့်ဖြစ်နေရှာသည်။ ယခုအခါသူ၏သားကြီးကဤစစ်တပ်တွင်တာဝန် ကျ၍သူလည်းပါလာခဲ့သည်။ ဤတွင်စစ်တပ်နှင့်အနီးဆုံးဖြစ်သောကျွန်တော့်ကျောင်းသည် ဟိုးယခင်ကသူ၏ကျောင်းဖြစ်ခဲ့ဖူးသောကြောင့်ငယ်စိတ်ဝင်ကာယခုသူ၏ကျောင်းမှာသူက ကျောင်းအုပ်ဆရာကြီးပြန်လုပ်နေခြင်းဖြစ်လေသည် ဟု ကျွန်တော်သိလာရသည်။
"ဆရာကြီး ဦးသက်တင်လို့ခေါ်ပါတယ်ရှင့်။ ကျွန်မတို့ဆရာကြီးပါ။ ဒီကျောင်းမှာ ကျွန်မတို့ ရှစ်တန်းတုန်းက ဆရာကြီးကိုယ်တိုင် အင်္ဂလိပ်စာ နဲ့ မြန်မာစာကို တစ်ချိန်စီယူပြီးသင်ပေးခဲ့ပါတယ်။ အသင်အပြသိပ်ကောင်းပါတယ်ရှင့်။ မကြာသေးခင်ကမှ သူ့သားကြီးစစ်ဗိုလ်ပြောင်းလာတော့ ဆရာကြီးလည်းပါလာတာ။ ကျွန်မတို့တပည့်ဟောင်းတွေသွားကန်တော့ကြတော့ဆရာကြီးကစိတ်ကြည်နေတုန်းမို့ ဆုံးမစကားပြော၊ ဆုတွေပေးနဲ့ကျွန်မတို့ဝမ်းသာလိုက်ကြတာ။ အခုတော့ဆရာကြီးက....."
ရှစ်တန်းမြန်မာစာဆရာမကြီး ဒေါ်ခင်ခင်မိုးက ပြောပြရင်း ဝမ်းပန်းတနည်းငိုရှာပါတယ်။
"ဟုတ်တယ်ဗျ၊ ဆရာကြီးကတစ်ခါတစ်ရံ စိတ်ကြည်ရင်တရားခွေနဲ့ တရားနာနေ တတ်တယ်တဲ့။ စိတ်မကြည်ရင်တော့လျှေက်ထွက်သွားပြီး မသိတဲ့လူတွေကိုလည်း နုတ်ဆက်နေတော့တာ။ ကျွန်တော့အမျိုးသမီးတောင်ဈေးထောင့်မုန့်ဟင်းခါး
ဆိုင်မှာ ဆရာကြီးနဲ့တွေ့လို့ ဆရာကြီးက တပည့်မကြီးဆိုပြီးနုတ်ဆက်လို့ အလိုက်အထိုက် ပြန်နှုတ်ဆက်ပြီးမုန့်ဟင်းခါးကျွေးခဲ့သတဲ့။ သူ့သားစစ်ဗိုလ်ကြီးကတော့ပတ်ဝန်းကျင်ကိုအားနာတာပေါ့လေ။ ကိစ္စမရှိပါဘူးဗျာ၊ အားလုံးက ဒီဆရာကြီးအကြောင်းသိနေကြပြီပဲ။"
ဆရာဦးသိန်းဆွေကလည်းသူ့အတွေ့အကြုံကိုဝင်ပြောပြသည်။
"သြော် - အ.လ.က ပန်းတော်ဝင် ရွာရဲ့တစ်ခါတုန်းကကျောင်းအုပ်ဆရာကြီးရယ်" ဟုသာကျွန်တော်ညည်းမိရင်းစိတ်ထဲမှာ ကရုဏာသက်၍မဆုံးတော့ပါ။
"ဆရာကြီးရှင့်။ ရှစ်တန်းဘီမှာ.....ဟို..ဆရာကြီးဦးသက်တင်ဝင်သင်နေပါတယ်ရှင့်။"
"ဟုတ်လား၊ ဘယ်သူ့အချိန်လဲ ဆရာမ။
"ဆရာမကြီး ဒေါ်ခင်ခင်မိုးအချိန်ပါရှင့်။ အဲဒါကျွန်မအစားဝင်ပေးဖို့ အောက်ထပ်ကနေတက်လာတာ။ အဲဒီအတန်းကထွက်လာတဲ့ ဆရာဦးဝင်းမောင်ဆွေကိုရှောင်ပြီးသူကအရင်ရောက်သွားတာပါဆရာကြီး။ မမမိုး ဒီနေ့ခွင့်ယူထားပါတယ်။"
(၇)တန်းသမိုင်းဆရာမလေးဒေါ်နွဲ့နွဲ့ချိုကသတင်းပို့လာတယ်။
"အေးဗျာ၊ ကျွန်တော်ကဒီဆရာကြီး မတားဖို့ ဦးလေးချစ်ထူးတို့ဂိတ်အဖွဲ့ကို ပြောထားတာ။ ခါတိုင်းတော့ ရုံးခန်းကိုတန်းလာတာဗျ။ ကျွန်တော်နဲ့ကော်ဖီတူတူသောက်ပြီး သူ့မြေးလာခေါ်ရင်ပြန်လိုက်သွားတာ။ ဒီတစ် ခါဘယ့်နှယ့်ကြောင့် ရှစ်တန်းဘီကိုရောက်သွားရပါလိမ့်။ လာ ဆရာမ၊ ကျွန်တော်တို့အခြေအနေသွားကြည့်ကြတာပေါ့။

*(ထီလာဝင်းယုမာ)*
Photo;credit

***လွမ်းစရာ့ရွှေ***                                                     (အပိုင်း-၁)         ဧည့်သည်ကရုံးခန်းးသို့တန်းဝင်...
21/04/2020

***လွမ်းစရာ့ရွှေ***
(အပိုင်း-၁)

ဧည့်သည်ကရုံးခန်းးသို့တန်းဝင်လာသည်။ ကြည့်လိုက်တော့ ဆံပင်ဖြူဖြူခေါင်းတုံးနှင့်။ လည်ကတုံးအင်္ကျီအဖြူလက်ရှည်၊ တိုက်ပုံအင်္ကျီအဝါနု၊ ပုဆိုးစိမ်းသပ်သပ်ရပ်ရပ်ဝတ်ထားသည်။ လက်မှာလည်းထီးကောက်ကြီး ချိတ်လို့။ ကျွန်တော်သည်ကျောင်းကိုရောက်သည်မှာမကြာသေး၍ဤဒေသခံလူတော်တော်များများကိုမသိသေးပါ။ ဤဧည့်သည်ကြီး၏အရွယ်ကလည်းအနည်းဆုံး(၇၀)ကျော်အရွယ်။
"ဆရာကြီး၊ ကြွပါခင်ဗျာ၊ ထိုင်ပါ။ ကျွန်တော်ကခင်မောင်ဇော်ပါ။ ဒီကျောင်းက...."
"အို - တပည့်ကြီးမောင်ထွေးက ဒီမှာတာဝန်ကျသလား။ ကောင်းတာပေါ့ကွာ၊ ဆရာကြီးကဒီမှာကျောင်းအုပ်လုပ်နေတာကြာပြီ။ ဒါနဲ့ မင်းမေဂျာကဘာလဲကွယ့်၊ (၇)တန်းနဲ့(၈)တန်းမှာ မြန်မာစာအတွက်ဆရာမလုံလောက်ဘူး။ လောလောဆယ်တော့မင်းရဲ့မေဂျာကိုအသာထား၊ မင်း (၈)တန်းမြန်မာစာသင်ရမယ်ကွာ။"
"ခင်ဗျာ"ဟုမအော်မိအောင် ကျွန်တော်မနည်းကြီးထိန်းထားလိုက်ရသည်။ ဆရာကြီးဟုကျွန်တော်ခေါ်လိုက်သည်မှာ ကွက်တိမှန်သော်လည်းဟုတွေးမိတုန်း စာရေးကြီးဦးသာလှပျာပျာသလဲရောက်လာသည်။ ကျွန်တော်ခင်မောင်ထွေးက သူ့တပည့်ဆိုလား။
"ကျွန်တော် မမြင်လိုက်ဘူးဆရာကြီး၊ ပြီးတော့ သူမလာတာလည်း ကြာသွားပြီဆို တော့လာမယ်မထင်ဘူးခင်ဗျ။ ကျောင်းစောင့်ကြီးကဖျားနေလို့။ ရုံးအကူကောင်လေးကလည်းအမှိုက်သွားသွန်နေတုန်းသူဝင်သွားလိုက်တာ။သြော်လာလာဆရာကြီး၊ဆရာကြီးရဲ့ရုံးခန်းကဟိုထောင့်မှာလေ။ ရွှေ့ထားတာ ဆရာကြီးမေ့သွားတယ်ထင်တယ်။ လာပါဆရာကြီး၊ ကျွန်တော်လိုက်ပို့ပေးပါ့မယ်။ အဲ့ဒီမှာဆရာကြီးစာရင်းတွေစစ်ပြီးလက်မှတ်ထိုးရမှာလေ။'' စာရေးကြီးကကျွန်တော့ကိုမျက်စိမှိတ်ပြရင်းတို့ဆရာကြီးကိုခေါ်သွား၏။ကျွန်တော်အသာလိုက်ကြည့်တော့ကျောင်းထောင့်ချိုးကဆယ်ပေခန်းကလေးထဲမှာမီးရှိုှု့မည့်စာရွက်ဟောင်းအပုံလိုက်ကိုဘောပင်နှင့်လက်မှတ်ထိုးဖို့ပြင်နေတော့သည်။ အသားလတ်လတ်၊အရပ်မြင့်မြင့်၊လက်ပြင်အနည်းငယ်ကိုင်းပြီးမျက်မှန်ထူထူနှင့်ဆရာအိုကြီးမှာဥပဓိရုပ်အတော်ကောင်းလှသည်။ အငြိမ်းစားကျောင်းဆရာကြီးဟောင်းတစ်ယောက်၏စတိုင်အပြည့်နဲ့ပါကလား။
ခဏနေတော့သူ့မြေးဆိုသည့်လူငယ်တစ်ယောက်ကလာခေါ်သွားသည်။
''မောင်ခင်မောင်ထွေးရေ၊ဆရာထမင်းစားပြန်လိုက်ဦးမယ်ကွ။ ပြီးတော့မှမင်းနဲ့အေးအေးဆေးဆေးစကားပြောကြမယ်။ ကြားလား။ ဒီမှာမြေးကြီးရဲ့၊သူကအဖေကြီးရဲ့တပည့်မောင်ခင်မောင်ထွေးတဲ့၊ဒီကျောင်းမှာတာဝန်ကျလို့ဆရာတပည့်ပြန်ဆုံကြတာလေကွာ၊ ဝမ်းသာတယ်ဟေ့၊ သွားလိုက်ဦးမယ် ဟဲ...ဟဲ...ဟဲ။''
မြေးလူငယ်ကကျွန်တော့်ကိုတောင်းပန်သောမျက်လုံးများဖြင့်ကြည့်ရှာသည်။
''အေး၊ဆရာနားလည်ပါတယ်ငါ့ညီ။ အားမနာပါနဲ့ကွာရပါတယ်။ သြော် ဟုတ်ကဲ့ဆရာကြီး၊ ဟုတ်ကဲ့ခင်ဗျ၊ ဝမ်းသာပါတယ်ခင်ဗျ။''
ကျွန်တော့်မှာမြေးအဘိုးနှစ်ဦးလုံးကိုလေသံတစ်မျိုးစီပါသောစကားလုံးများဖြင့်နှုတ်ဆက်တုံ့ပြန်ရပါ၏။ ''သြော်ငါကကျောင်းဆရာဖြစ်နေတဲ့သရုပ်ဆောင်မင်းသားပါလား''ဟုပင်တွေးမိလိုက်ပါ၏။
*ထီလာဝင်းယုမာ*

***ခါတော်မီထမင်းလုပ်များ *****ကိုရိုနာဗိုင်းရပ်စ် ဒဇီး    ကိုဗစ်ဆယ့်ကိုးကြီးနဲ့    ဖြတ်သန်းနေရတဲ့ ဒီအချိန်   စိတ်တွေလည်း...
20/04/2020

***ခါတော်မီထမင်းလုပ်များ ***

**ကိုရိုနာဗိုင်းရပ်စ် ဒဇီး
ကိုဗစ်ဆယ့်ကိုးကြီးနဲ့
ဖြတ်သန်းနေရတဲ့ ဒီအချိန်
စိတ်တွေလည်း ပိန်လှီဖျော့တော့
ဝမ်းဗိုက်လည်း ပရိုတင်းတွေလျော့
ထပ်ကျော့ချက်ရတဲ့ ကန်စွန်းရွက်ရေ
နင်ကတော့ ကိုဗစ်နဲ့သေလို့မဖြစ်
ဒီနှစ်သင်္ကြန် ဟင်းကတော့
မင်းနဲ့ မန်ကျည်းရွက်ပဲ ကြီးစိုးတယ်။
*ဘယ့်နှယ့်ကြောင့်လဲ မမေးလေနဲ့
ငါ့အဖေက နေ့စားအလုပ်သမား
ငါ့မားသားက ကုန်စိမ်းရောင်း
မိသားစုပေါင်း ခုနစ်ယောက်လည်း
လပ်ကီးဆဲဗင်း မဟုတ်၊
ငုတ်တုတ်မေ့သွားရတဲ့ ငါ
ဆယ်တန်းဖြေပြီးတဲ့အခါမှ
အားပါးတရ ဂိမ်းနှိပ်ဖို့
လိုင်းပေါ်မှာ အရိပ်ဖမ်းဖို့
တို့ခေတ်ရဲ့ ရသသစ်တွေကို
မျှေ၀ "တို့ထိ" စားသုံးဖို့
တစ်အားကျုံးပြီး မျှော်မက်ခဲ့သမျှ
အပျော်ဖျက်တဲ့ ဒီဗိုင်းရပ်စ်ကြောင့်
ထမင်းနပ်မှန်ဖို့က ပထမဖြစ်သွားတော့
အားးးးးဘာလုပ်ရမလဲတွေး
အရေးထဲမှာ သူတို့ကလည်း
"အိမ်မှာပဲနေပါ၊အိမ်မှာပဲနေပါ " နဲ့
တကယ့်ကို စိတ်ကမကြည်....
သင်္ကြန်လည်း (မကဲရဘဲ) ပြီးသွားပြီ
ဒါတောင် တီဗွီအစုတ်ကလေးထဲမှာ
ခင်ဗျားတို့ဘဲ မင်းမူပါ.....
အိမ်မှာပဲနေနေရတဲ့ ကျုပ်တို့ဒုက္ခ
ခင်ဗျားတို့မှ မသိရှာဘဲ
"အိမ်မှာပဲနေပါ"
"အိပ်ရေး၀၀အိပ်ပါ "
"အားဖြစ်မည့် အာဟာရတွေကိုစားပါ "
"လက်ဆေးပါ၊ မက်စ်တပ်ပါ "
"လက်သန့်ဆေး ဆောင်ထားပါ "ဆိုတဲ့
အဲ့ဒိ့အသံတွေ အချိန်တိုင်းပဲ
ကျုပ်နားထဲ ပဲ့တင်ရိုက်နေပေါ့....။
*အစိန္တေယျ ဘဂဝါသခင်
ဗုဒ္ဓဘုရားရှင်ရဲ့ ဒေသနာတော်အရ
ကမ္မသကာ အားပြုတဲ့၊ ကျုပ်ရဲ့အမေကတော့
ရတနသုတ်ကို ပူဇော်သရဇ္ဈာယ်
ဟင်းရွက်သယ် ဂုဏ်ပုဒ်နဲ့
ထမင်းလုတ်တွေကို ဖန်ဆင်းဖို့
မနက်ခင်းတိုင်း အချိန်အခါမလွဲ
အိမ်မှာပဲ . . . .နေဘူးလေ. . . .။ ။
နားကျောင်းသား
Photo;credit

***ဆူးစည်း***                                     (ဇာတ်သိမ်းပိုင်း )       ''နင်မှန်တယ်ပဲထားပါ။ဒါပေမယ့်အသံကြောင့်ဖားသေခဲ...
20/04/2020

***ဆူးစည်း***
(ဇာတ်သိမ်းပိုင်း )

''နင်မှန်တယ်ပဲထားပါ။ဒါပေမယ့်အသံကြောင့်ဖားသေခဲ့ပြီတည်ကြည်ရဲ့။ဟိုအဲ့ဒီရဲ့ညိုလဲ့ဆိုတဲ့ကလေးမလေးအတွက်တို့စဉ်းစားရမ ယ်။ သူ့အနာဂတ်ကနင်ဖြစ်နေပြီ။ ငါတို့မိန်းကလေးတွေရဲ့ဘဝဆိုတာနာမည်ပျက်ရှိသွားရင်တစ်ဘဝလုံးနာတော့တာ။ အမှန်တရားကို ကိုယ်ကချပြနိုင်ပေမဲ့လည်းပတ်ဝန်းကျင်ကယုံဦးမှခိုင်မာတာ။ တို့မိန်းကလေးတွေအတွက်ပတ်ဝန်းကျင်ကအရေးကြီးတယ်။ နင် ညိုလဲ့ကိုလက်ထပ်လိုက်ပါ။"
မေဖွေးကသူ့ကိုအပြတ်ပြေပြီဆိုတော့တည်ကြည်ခေါင်းငိုက်ကျသွားတယ်။
"နင်ကိုငါနုတ်ဆက်တယ်သူငယ်ချင်း။" ဆိုပြီးမေဖွေးကထွက်သွားတော့တယ်။
"သူငယ်ချင်းတဲ့လားဆိုတဲ့။"စကားလုံးတွေကသူ့ရင်ထဲမှာ ပဲ့တင်ပျံလို့ကျန်ခဲ့တယ်။


***ဆူးစည်း***

*အိုငှက်ကလေး
မင်းချီပြေးတဲ့မြက်ခြောက်၊ အသိုက်ဆောက်ဖို့။
*အိုချောင်းကလေး
မင်းသယ်ပြေးတဲ့နုံးတွေး၊ မြေသြဇာဖြစ်ဖို့။
*အိုပျားကလေး
မင်းငုံပြေးတဲ့ဝတ်ရည်၊ ပျားအုံတည်ဖို့။
*သူကကျေးငှက်တို့ကမြက်ခြောက်
အသိုက်တစ်မြုံဆောက်ဖို့။
*သူကချောင်းရေ၊ တို့ကနုံးမြေ
သီးနှံခင်းကြီးဝေစေမတဲ့။
*သူကတော့ပျား၊ တို့ကဝတ်ရည်
ပျားအုံကလေးတည်မတဲ့။
*မြက်ခြောက်ဖွဲ့အသိုက်မှာ
စာကလေးမိသားစု၊ အခုရှိနေတယ်။
*ချောင်းနဘေးမြေမှာ
သြဇာအဆီအနှစ်၊ သီးနှံခင်းကြီးဖြစ်နေတယ်။
*ရွှေရည်ပျို့ပျို့
ပျားလဖိုတစ်အုံ၊ အသိုက်အမြုံကြီးဖြစ်နေတယ်။
*တို့ကတော့ကွယ်
ကလိမ်နွယ်ချုံအနီး
အလင်္ကာဆူးဆည်းမှာ
တစ်ဦးတည်းရှိရစ်တယ်။ ။
မေဖွေးကတည်ကြည်ကိုဒီကဗျာလေးနဲ့နှုတ်ဆက်သွားတယ်။
"နင်နဲ့ငါဘဝချင်းစည်းခြားသွားပြီပေါ့။ အဲဒီစည်းကဆူးဆည်းပေါ့ဖွေးရေ။
တည်ကြည်ကတော့ဒီစကားတွေကိုအရုးတစ်ယောက်လိုထပ်တလဲလဲရွတ်နေတော့တယ်။ ။
ပြီးပါပြီ။ ။
(ထီလာဝင်းယုမာ)
Photo;credit

***ဆူးစည်း***                                    အပိုင်း ( ၃ ) "ဟုတ်တယ်၊ခွေးတွေဟောင်နေတဲ့နေရာကရွာပဲ။ ပြန်ချင်ယင် အစ်ကိုပ...
19/04/2020

***ဆူးစည်း***
အပိုင်း ( ၃ )
"ဟုတ်တယ်၊ခွေးတွေဟောင်နေတဲ့နေရာကရွာပဲ။ ပြန်ချင်ယင် အစ်ကိုပြန်တော့။ ညီမနေခဲ့မယ်။ ဒါပေမယ့် ညီမဒီမှာရှိနေတာကိုတော့ အစ်ကိုလုံးဝမပြောလိုက်နဲ့နော်။ ညီမကြောင့် ဘုရားပွဲပျက်ရတာ အရမ်းရှက်တယ်။ ညီမ ကိုယ့်ကိုယ်ကိုသတ်သေရဲတယ်။ "
တည်ကြည်တော်တော်စိတ်ပျက်သွားတယ်။ ဒါ့ကြောင့် တဲအပြင်ထွက်ပြီးရပ်နေမိတယ်။ မြောက်လေကအေးလိုက်တာ။ ရင်ထဲမှာတော့ ပူနေတယ်။ "ဖွေးရေ "လို့ တဖွဖွခေါ်နေမိတယ်။
ကြက်တွန်သံကြားပြီး မကြာခင်မှာပဲ လက်နှိပ်ဓာတ်မီးတွေတဝင်းဝင်းနဲ့ လူတစ်စုရောက်လာတယ်။
"ကျွန်တော့်ဧည့်သည်ဗျာ၊ ဘယ်မှမသွားတတ်မလာတတ်နဲ့၊ ဒုက္ခပါပဲ။"
ကိုလူတင့်အသံကိုကြားလိုက်ရတော့ တည်ကြည်ခုန်လိုက်ရတယ်။ ချက်ချင်းပြောလိုက်တယ်။ "ကိုလူတင့်၊ ကျွန်တော်ဒီမှာဗျ။"
"ဟောဗျာ၊ ဆရာက ဒီကိုဘယ်လိုရောက်နေတာလဲ၊ ကျွန်တော်တို့ကကျောင်းဘက်ထင်လို့။"
"ကိုလူတင့် - ဒီ - ဒီတဲထဲမှာခင်ဗျားညီမတဲ့ဗျ၊ကျွန်တော့လက်ကိုသူကဆွဲပြေးတော့ကျွန်တော်ဘုမသိဘမသိလိုက်ခဲ့တာ။ ခင်ဗျားတစ်မျိုးမထင်နဲ့နော် . .ကျွန်တော် . ."တည်ကြည်စကားမဆုံးလိုက်ပါ။
"အစ်မပျောက်သွားတာကိုအမေကအိမ်ရောက်ပြီးအိပ်နေပြီလို့လိမ်ထားတယ်ဗျ၊ အဖေလည်းမသိဘူး၊ ကြည့် - စမ်းခင်ဗျားကကျုပ်အစ်မနဲ့ဒီမှာ . . ။"
ကောင်လေးကပြောပြောဆိုဆိုဒေါသတကြီးနဲ့တည်ကြည်ကိုဝင်ထိုးတယ်။
ကိုလူတင့်တို့ကကောင်လေးကိုဝိုင်းဆွဲထားကြတယ်။ ကောင်လေးသူ့အမကိုတဲထဲကဆွဲထုတ်လာတယ်။
"ဒီအကို့မှာဘာအပြစ်မှမရှိပါဘူး" လို့ကောင်မလေးပြောပြီးငိုပဲငိုနေတော့တယ်။
"ဆရာ့သိက္ခာကိုကျွန်တော်ယုံတယ်။ ဆရာ့မှာမဖွေးလည်းရှိနေတာဘဲ။ "တဲ့။
ဒါပေမဲ့နံနံက်လင်းတော့ရွာထဲမှာသတင်းကမကောင်းဘူး။
မြို့ကလျှပ်စစ်အရာရှိနဲ့ညိုလဲ့ညကဘကြီးထွန်းတဲမှာတဲ့။ ကိုလူတင့်တို့နဲ့တွေ့လို့ဘာမှမဖြစ်ဘူးလို့ဝိုင်းဖုံးကျပေမယ့်မပြေးသော်ကန်ရာရှိပါပဲတဲ့၊
မိုးမြင့်မောင်နဲ့ထူးအောင်လည်းညကဘာမှမဖြစ်ဘူးတဲ့၊ မူးပြီးထိုးကြကြိတ်ကြတာတဲ့၊
ဘာဓားမှမပါဘူးတဲ့။ ဆရာတော်နဲ့ရွာလူကြီးသူတို့ကိုပွဲဖျက်မှုနဲ့တာတူးခိုင်းတယ်တဲ့၊
ညိုလဲ့အမေကပြောလိုက်တာ အဆိုးဆုံးပါပဲ။
"အမိုက်မရဲ့၊ နင်ပျောက်နေတော့ငါဘာလုပ်ရမှန်းမသိဘူး။ လူတင့်ကသူ့ဆရာပျောက်လို့ဆိုတော့ငါငြိမ်နေရတယ်။ အခုတော့နင့်ဇာတ်ပျက်ပြီလား။ ပန်းကောင်းအညွန့်ကျိုးမရဲ့။"
ဒီလိုပြောပြီးညိုလဲ့အမေကငိုတော့ညိုလဲ့မာင်လေးကအံတကြိတ်ကြိတ်။
အချိန်နည်းနည်းပေးဖို့တောင်းပန်ပြီးတည်ကြည်ဇော်ပြန်ခဲ့ရတယ်။

#ထီလာဝင်းယုမာ #
Photo;credit

***ဆူးစည်း***                      အပိုင်း (၂ )   အညာရွာဘုရားပွဲတွေရဲ့ထုံးစံအတိုင်းညမှာဇာတ်ပွဲပါတယ်။ ကို့လူတင့်ကလည်း ဇာတ...
18/04/2020

***ဆူးစည်း***
အပိုင်း (၂ )

အညာရွာဘုရားပွဲတွေရဲ့ထုံးစံအတိုင်းညမှာဇာတ်ပွဲပါတယ်။ ကို့လူတင့်ကလည်း ဇာတ်ပွဲဝါသနာအိုး။ ဘုရားကုန်းတော်ရဲ့ အခြေမှာကွင်းကြီးကအကျယ်ကြီး။ ဇာတ်ခုံကြီးကလည်းဟီးလို့။ပွဲကြည့်ပရိတ်သတ်ကလည်းလူတွေရောနွားလှည်းတွေရောပြည့်ကျက်လို့။ဘုရားစေတီကလည်းရောင်စုံမီးတွေပူဇော်ထားတာ သပ္ပာယ်လိုက်ပါဘိ။ ဇာတ်ခုံကြီးမှာလည်းမီးတွေထိန်လို့ပေါ့လေ။ ဗေထိဗေထိဆိုတဲ့ပတ်မကြီးရဲ့ ပွဲခေါ်သံကလည်းမြိုင်ပါပေ့။ တည်ကြည်အဖို့တော့တကယ့်ကိုကျေးလက်အရသာပါပဲ။
ပွဲကြည့်ရတာကလည်း အတွေ့အကြုံအဆန်းတွေပဲ။ ဆိုင်းဝိုင်းရှေ့က ဖျာတစ်ချပ်ကျော်မှာထိုင်ရတယ်။ ပွဲကြည့်ရင်းစားစရာတွေကလည်းအပြည့်။ မြေပဲလှော်၊ လက်ဖက်သုပ်၊ မုန့်ဆီကျော်၊ မုန့်လေပွေဆီကျော်။
ပြဇာတ်ကလည်းကြည့်လို့ကောင်းတယ်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးနောက်ခံနဲ့။ ဂျပန်ဗိုလ်လုပ်တဲ့လူကြမ်းသရုပ်ဆောင်ကလည်း မာန်ပါတယ်။ တော်လှန်ရေးရဲဘော်လုပ်တဲ့ ပြဇာတ်မင်းသားကိုဖမ်းမိတော့နှိပ်စက်တာများ ပရိသတ်တွေက သူ့ကိုအမြင်ကပ်ပြီး ခဲနဲ့ပောက်ကြတဲ့အထိပဲ။ စိတ်ဝင်စားစရာ ကောင်းပါရဲ့။
ပြဇာတ်ပြီးတော့ကိုလူတင့်နဲ့ နှစ်ယောက်သား မုန့်ဈေးတန်းဘက်အထွက်မှာ ပွဲခင်းက ရုတ်ရုတ်သဲသဲဖြစ်တယ်။ "ရန်ဖြစ်တယ်။ ဓားနဲ့ထိုးတယ်" ဆိုတဲ့ အသံတွေနဲ့အတူ အားလုံးဝရုန်းသုန်းကားပြေးလွှားကြတယ်။ တည်ကြည်တို့ လူချင်းကွဲကုန်တယ်။ မျက်စိလည်းလည်နေတော့ တည်ကြည်က ဘုရားဂေါပကအဖွဲ့ရဲ့ တန်ဆောင်းထဲကိုပြေးဖို့ပြင်တယ်။ သည်တုန်းမှာပဲ မီးစက်သံတထုတ်ထုတ်က ရပ်သွားပြီး မှောင်ကျသွားတယ်။ တန်ဆောင်မုန်းလဆန်းစမို့ ကောင်းကင်မှာ လမရှိတော့ဘူး။
" လာ . . လာ . .အစ်ကို ညီမနဲ့လိုက်ခဲ့ပါ။ "
ဘယ်မှမသွားတတ်တော့ ခေါ်တဲ့သူနောက်ကိုပဲ တည်ကြည်လိုက်ခဲ့ရတယ်။ ပထမတော့ ရွာဘက်ကိုပြန်နေတယ်လို့ထင်တာ၊ နောက်မှထန်းတဲတစ်လုံးရှေ့ကို ရောက်လာမှန်းသိရတယ်။ ထန်းတဲမှာလူမရှိဘူး။
မိန်းကလေးက တဲထဲဝင်ပြီး ဖယောင်းတိုင်တစ်တိုင်ထွန်းတယ်။
"လာ အစ်ကို အထဲဝင်၊ အစ်ကိုမြင်ရအောင် မီးထွန်းပေးတာ။ သူတို့လိုက်လာမှာစိုးလို့ မီးကိုငြှိမ်းထားရမှာ။ "
တဲထဲမှာ ကွပ်ပျစ်နဲ့၊ တစ်ခြမ်းကအုတ်ဖိုခနောက်သုံးလုံးနဲ့ မီးဖို၊ ရေနွေးကရား၊ အကြမ်းပန်းကန်၊ လင်ပန်းနဲ့ဂျိုင့်။ မီးရောင်မှိန်မှိန်မှာ ကောင်မလေးချောချောက ရှိလှယင် (၁၈ )နှစ်ပဲ။
"နေပါဦး၊ မင်းကဘယ်သူလဲ၊ ငါ့ကိုဘာလို့ဒီခေါ်လာတာလဲ။ သူတို့ဆိုတာက ဘယ်သူတွေလဲ "
"ညီမက ညိုလဲ့ပါ။ ကိုလူတင့်ရဲ့ ညီမဝမ်းကွဲပါ။ သူတို့ဆိုတာက မိုးမြင့်မောင်နဲ့ ထူးအောင်ပါ။ ပြဇာတ်ပြီးတော့ညီမတို့ အကြော်ထွက်စားတုန်း မိုးမြင့်မောင်က ရောက်လာတယ် အဲဒိ့မှာထူးအောင်ရောက်လာပြီး စကားများယင်း ရန်ဖြစ်ကြတာပဲ။ သူတို့နှစ်ယောက်လုံးက ညီမလိုပဲ ဆယ်တန်းနှစ်ခါကျတွေ။ ညီမကို အပြိုင်လာဝဲနေကြတာ။ ညီမမောင်လေးက ဆယ်တန်း၊ မောင်လေးက သူတို့ကိုရန်စောင်နေတာ။ သူတို့က အမူးကောင်တွေ၊ ဖဲရိုက်ကြက်တိုက်နဲ့ ညီမ မကြိုက်ဘူး။ မောင်လေးနဲ့ရန်ဖြစ်မှာစိုးတယ်။ အခုလို ညီမပျောက်နေတော့ သူတို့ရှာကြဖွေကြနဲ့ ရန်မဖြစ်အားတော့ဘူးပေါ့။ အစကတော့ အစ်ကိုလူတင့်တို့အိမ်လိုက်ပြီး ပုန်းနေဖို့ပါ။ အစ်ကိုလူတင့်ကိုမတွေ့တာနဲ့၊ အစ်ကိုကလည်း မပြေးတတ်မလွှားတတ်ဖြစ်နေတဲ့အတူတူ ခေါ်လာခဲ့လိုက်တာ။ ညီမကို စိတ်မဆိုးပါနဲ့နော်။"
"ဒုက္ခပါပဲညီမရယ်၊ အခုသုံးနာရီကျော်နေပြီ။ ဒီလိုနေလို့မတော်ဘူးထင်တယ်။ ရွာပြန်ကြရအောင် ကိုလူတင့်တော့ တို့နှစ်ယောက်လုံးအတွက် စိတ်ပူရှာရော့မယ်။ ဟော - ရွာဘက်ကလား . .ခွေးဟောင်သံတွေ "
မိန်းကလေးက ဖယောင်းတိုင်မီးကို ငြှိမ်းပစ်လိုက်တယ်။

# ထီလာဝင်းယုမာ #
Photo:credit

*** ဆူးစည်း***                                          အပိုင်း ( ၁ )          "နဂါးရုံဗောဓိစေတီတော်ကြီးမှ ာယနေ့ည အလင်းက...
10/04/2020

*** ဆူးစည်း***
အပိုင်း ( ၁ )

"နဂါးရုံဗောဓိစေတီတော်ကြီးမှ ာယနေ့ည အလင်းကုသိုလ်ရှင်အဖြစ်လျှပ်စစ်မီးပူဇော်သူအလှူရှင်များကတော့ ဦးတည်ကြည်ဇော်နဲ့ဒေါ်မေဖွေးနုမိသားစုတို့ဖြစ်ပါတယ်ခင်ဗျာ။"
သူငယ်ချင်းတွေက အလှူငွေကိုတည်ကြည်နဲ့ဖွေးနုဆီက တစ်ယောက်တစ်ဝက်စီညာတောင်းပြီး အဲဒီလိုလျှပ်စစ်မီးပူဇော်ပေးတာ။ ဘုရားလူကြီးကိုလည် းအသံချဲ့စက်ကနေအဲဒီလိုအော်ခိုင်းတာ တည်ကြည်နဲ့ဖွေးနုကတော့ စိတ်မဆိုးတဲ့အပြင်ပျေ်ာတောင်ပျော်သွားကြသေးတယ်။ သူတို့နှစ်ယောက်က ဘယ်တော့မှမခွဲတဲ့ငယ်ချစ်တွေ။ သူတို့မိဘတွေကဝန်ထမ်းတွေဖြစ်ပြီးတော်တော်ရင်းနှီးကြတယ်။ ဒါ့ကြောင့်သူတို့နှစ်ယောက်စလုံးကို အခါလည်ကျော်ကျော်မှာပဲနေ့ကလေးထိန်းဌာနပို့ထားကြတာ။ သူတို့နှစ်ယောက်ကို ကျွန်းပုခက်ကြီးထဲမှာခြေပြန်ခေါင်းပြန်သိပ်ပြီ းပုခက်နဲ့တကွအပ်နှံလိုက်ကြတာ။ ဒါကြောင့်တည်ကြည်နဲ့မေဖွေးက ပုခက်တွင်းကတည်းက တွဲလာကြတဲ့ငယ်ချစ်တွေ။
မူကြိုကနေပြီးတော့ဆယ်တန်းအောင်တဲ့အထိလည်းအတူတူပဲ။ ဆယ်တန်းအောင်တော့မေဖွေးကစစ်ကိုင်းတက္ကသိုလ်တက်တယ်။ တည်ကြည်ကလည်းမန္တလေးဂျီတီစီတက်တယ်။အတွဲ မပျက်ကြပါဘူး။ အလုပ်ဝင်ကြတော့မေဖွေးကကျောက်ပန်းတောင်းအ.ထ.က(၁)မှာအထက်တန်းပြဆရာမ။တည်ကြည်ကပျော်ဘွယ်လျှပ်စစ်ရုံးမှာ။ကျောင်းအားရက်ရုံးအားရက်တွေမှာ မိဘတွေရှိတဲ့ မိတ္ထီလာမြို့ကိုပြန်ပြီး ဆုံကြတွေ့ကြတာပေါ့။ ကလေးစိတ်မကုန့်တကုန်နဲ့ ဆယ်တန်းအောင်ပြီးမှ ချစ်သူပီပီသသဖြစ်ခဲ့ကြတာ။ ပတ်ဝန်းကျင်ကတော့ တည်ကြည်နဲ့မေဖွေးကို အလယ်တန်းလောက်ကတည်းက အတွဲလေးတစ်တွဲအဖြစ် မြင်ခဲ့ကြတာကလား။ မိဘချင်းကလည်း အတွင်းသိအစင်းသိတွေဆိုတော့ အချိန်တန်ယင် ဒါနဲ့ဒါပဲပေါ့။
သူငယ်ချင်းတွေကဆို လွန်လွန်ကဲကဲကို စကြနောက်ကြတာ။
"နင်တို့လင်မယား အဲလေ. . .ယောင်လို့ နင်တို့ချစ်သူတွေများ တစ်ခါတစ်လေ ရန်ဖြစ်ကြ စိတ်ကောက်ကြပါဦးဟ။"
"ဟေ့ကောင် အာလူး၊ မင်းကတို့ကျွေးတဲ့မုန့်ကိုလည်း စားသေး၊ တို့ကိုလည်းရန်တိုက်ပေးသေး တော်ပြီ၊ မင်းကိုအဝမကျွေးဘူး၊ အဲဒိ့ပန်းကန်ကုန်ယင် မင်းပြန်တော့။"
"ဟုတ်တယ် အာလူး၊ နင်မကောင်းဘူး။ တို့ကမိတ်ဆွေပဲအလိုရှိတာ မိတ်ပွေအလိုမရှိဘူး"
"အောင်မလေး ယူနတီရှိလိုက်ကြပုံကတော့ ဟိုခေန်ကပြောသလို နမူနာပါပဲဗျာ။"
အာလူးတို့ ခင်ကြည်လင်းတို့အဖွဲ့တွေက တည်ကြည်တို့ကို မုန့်ဟင်းခါးကျွေးခိုင်းပြီး ဒီလိုစကြတာ။ ခင်ကြည်လင်းတို့ မိန်းကလေးအဖွဲ့ကလည်း တီတီထွင်ထွင်ကိုစကြသေးတယ်။ တည်ကြည်တို့အိမ်မှာ မွေးနေ့ပွဲလုပ်တော့ ခင်ကြည်လင်းက အခွေတစ်ခွေဖွင့်ပါရော။
"ဖွေး - ငှက်ကလေးတစ်ကောင် မြက်ခြောက်ကလေးကို ချီလာတာက. . . "
"အသိုက်ဆောက်ဖို့ပေါ့ တည်ကြည်ရဲ့. . ."
"ဖွေး - ချောင်းကလေးကတော့ နုံးမြေတွေသယ်တာ. . . "
"အဲ့ဒါက သီးနှံခင်းကြီးစိုက်ရအောင်လို့ပါ. . . "
"ဖွေး - ပျားကောင်ကလေးက ကျတော့. . . "
"သူက ဝတ်ရည်တွေ - ပန်းဝတ်ရည်တွေသယ်တာ၊ ပျားအုံလုပ်မလို့တဲ့လေ. . ."
" ဖွေး - တည်ကြည်ဆိုတဲ့ကောင်လေး ဘဏ်မှာ. . . . "
" မေဖွေးဆိုတဲ့ ကောင်မလေး ဘဏ်မှာငွေစုနေတာကရော. . . "
" ဟားဟား. .ဟား. . . .ခစ် . ခစ် . ခစ် . . . "
ခွေထဲကအသံက ရပ်သွားတယ်။ အာလူးတို့က တည်ကြည့်ကို ချုပ်ထားကြတယ်။ ခင်ခင်ငြိမ်းတို့က မေဖွေးကို ဖက်ထားကြတယ်။ အားလုံး ဝိုင်းရယ်ကြတယ်။
"မိန်းမတွေ ၊ နင်တို့တော်တော် ညစ်ကြတာပဲ။"
"ငါတို့ကညစ်ပေမယ့် နင်တို့အသံတွေက ကြည်ပါတယ်။ စာကြည့်ခန်းထဲမှာဆိုတော့ အသံကိုလုံလို့ ဟဲ ဟဲ ဟဲ...။"
"မင်းတို့စကားပြောတာကလည်း ကဗျာစပ်နေသလားမှတ်ရတယ်။ ဟိုဒင်းတော့ မလုပ်ဘူး အဲ . အဲ မင်္ဂလာဆောင်ဖို့ တိုင်ပင်တာတို့၊ ဘဝရှေ့ရေးဆွေးနွေးတာတို့ ဘာတို့ ပြောတာပါ အဟဲ။"
"စတဲ့သူတွေကော အစခံရတဲ့သူတွေကော အားလုံး ရယ်ကြရတာပါပဲ။
---------------- XX ------------------
"ဟဲလို - ဖွေး၊ နင်ဒီတစ်ပတ်အားလား ပြန်လာမှာလား။"
"ငါ မအားဘူးတည်ကြည်၊ တိုင်းစစ်ဆေးရေးလာမှာမို့ ကျောင်းမှာပဲရှိနေရမှာ။"
"ဒါဆို ငါပျင်းတယ်ဟာ။ ငါ ကိုလူတင့်တို့ရွာကို လိုက်သွားမယ်။ ဘုရားပွဲရှိလို့တဲ့ ဟ၊ ငါ့ကိုခေါ်နေတာ။ ငါက နင်ပြန်လာမှာဆိုယင် မလိုက်ဘူးလို့ ပြောထားလို့။"
"နင်က အိမ်တော့ မပြန်ပဲနဲ့။"
"နင်မှ အိမ်မပြန်တာ။ မိတ္ထီလာမှာ ငါတစ်ယောက်တည်း ငေါင်နေမှာပေါ့ ဖွေးရ။"
"အင်းပါ။ နင် ကိုလူတင်ကြီးနဲ့ပဲ လိုက်သွားပါ။ ဟဲ့ နင် ရွာမှာ ထန်းရည်တွေမသောက်နဲ့ဦး။"
"ရွာက ကျောက်ပန်းတောင်းနယ်ထဲမှာဆိုတော့ နင်နဲ့ပိုနီးသလို ခံစားရလို့ပါဟာ။"
"ပိုပြမနေနဲ့ ကိုယ်တော်ချောရေ့၊ ကျုပ် ရှေ့တစ်ပတ်ကျပြန်ခဲ့မှာနော့။"
"အိုခေ ချစ်ရေ အိုးခေ။"
"ရိုးရိုးပြောပါ ရွာသားရယ်။ ရွာသူ ဖုန်းချလိုက်ပြီနော်။"
ဖုန်းထဲမှာ ဒီလိုတွေပြောနေကြပေမယ့် နှစ်ယောက်စလုံးရဲ့ရင်ထဲမှာ လွမ်းငွေ့တွေဝေနေကြတာ။

# ထီလာဝင်းယုမာ #
Photo:Credit

Address


Website

Alerts

Be the first to know and let us send you an email when ံHtila Win Yu Mar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share