06/08/2021
ဝတ္ထုတိုတွေ မတင်ဖြစ်တာကြာပီ
ရေးထားတာတွေအများကြီး☺☺☺
မကြာခင်တင်ဦးမယ်🙂🙂🙂
အပျင်းပြေလေး ဖတ်ကြည့်ကြပါဦးနော်
😘😘😘😘
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hnin Si Phyu Lay, TV Network, .
ဝတ္ထုတိုတွေ မတင်ဖြစ်တာကြာပီ
ရေးထားတာတွေအများကြီး☺☺☺
မကြာခင်တင်ဦးမယ်🙂🙂🙂
အပျင်းပြေလေး ဖတ်ကြည့်ကြပါဦးနော်
😘😘😘😘
"ဘယ်တုန်းကမှ သူ ကျွန်မကို....."
တွေးကြည့်မည်ဆိုလျှင် အတော်ရယ်ဖို့ကောင်းသည်။ လရိပ် ရယ်နေသည်။ လရိပ် ရယ်နေရခြင်းသည် ပျော်လွန်း၍ရယ်နေခြင်းမဟုတ်။ နာကျင်လွန်း၍ ရယ်နေခြင်းသာဖြစ်သည်။ နာနာကျင်ကျင်နှင့် ရယ်နေရခြင်းပေါ့။
လရိပ်.... လရိပ်ဟာ တော်တော်မာနမရှိတဲ့မိန်းကလေးတစ်ယောက်ပဲဟု ပတ်ဝန်းကျင်က သမုတ်ကောင်းသမုတ်ကြလိမ့်မည်။ သို့သော် လရိပ် ဘာကိုမှ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ လရိပ်ကိုထိုသို့ပြောခဲ့လျှင် လရိပ်ပြုလုပ်မည့်အရာမှာ တစ်ခုသာရှိသည်။ လရိပ်ရယ်နေမိလိမ့်မည်။
လရိပ်သည် နာကျင်လေလေ ရယ်လေလေ ဆိုသော ဆောင်ပုဒ်တစ်ခုဖြင့် အသက်ဆက်နိုင်ခဲ့ပြီဖြစ်သည်။
သူ.....သူ,လရိပ်ကိုဘယ်တုန်းကမှ တန်ဖိုးမထားခဲ့ချေ။ သူ့အတွက် လရိပ်၏ဖြစ်တည်မှုသည် ဘာမှအရေးမကြီးသော အကြောင်းအရာတစ်ခုသာဖြစ်သည်။ သူသည် လရိပ်ကို ဘယ်တုန်းကမှမချစ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ လရိပ်သည် ရယ်မောခြင်းဖြင့်သာ နာကျင်မှုကိုဖုံးဖိခဲ့ပါသည်။
သူဟာ လရိပ်ကို ချစ်သာမချစ်ခဲ့တာ....ချစ်ဟန်တော့ဆောင်ခဲ့ပါသည်။ ဒါကိုလည်း လရိပ်သိသည်။ လရိပ်သည်သိသိကြီးနှင့်ပင် သူ့ကိုပေးဆပ်နေမိခြင်းသည် လရိပ်၏ သူ့အပေါ်တင်ခဲ့သောဝဋ်ကျွေးတစ်ခုဖြစ်မည်ထင်သည်။
သူ့အပြုံးကိုလရိပ်ချစ်သည်။ သူ့မျက်ဝန်းများကို လရိပ်မြတ်နိုးသည်။ လရိပ်၏အချစ်သည် သူတစ်ယောက်ထဲအပေါ်သို့ ရွာချသောကွက်ကျားမိုးလို သူ့တစ်ကိုယ်လုံးရွှဲရွှဲစိုခဲ့ပေမယ့် သူကတော့မဖျားနာခဲ့ပေ။
" လရိပ်..... "
သူ့ကိုငေးကြည့်နေသော လရိပ် မျက်လုံးများကိုသူကပြန်လည်စိုက်ကြည့်ကာ ခေါ်လိုက်လေသည်။ သူ့အကြည့်သည် အမြဲစိမ်းသစ်တောကဲ့သို့ နွေးထွေးမှုမရှိစိမ်းကားပြတ်တောက်လှသော်လည်း လရိပ်သည်ထိုမျက်လုံးများကို ရာစုနှစ်များစွာ တွယ်တာနေဦးမည်သာဖြစ်သည်။
" ဟင်..... ဘာလဲ ထွဋ်ပြောလေ...."
" မင်းကိုယ့်ကိုကြည့်နေတာပြောစရာတစ်ခုခုရှိလို့လား "
မက်မန်းသီးမှည့်ရောင် နှုတ်ခမ်းများမှ တစ်ခွန်းချင်းမေးလိုက်သောစကားကြောင့် လရိပ်ခဏတော့ဆွံ့ အသွားသည်။ လရိပ်သည် ကလေးငယ်လေးတစ်ယောက်ကဲ့သို့ ခေါင်းကိုခါယမ်းလိုက်ပါသည်။ လရိပ်ဟာ သူ့အနားမှာအမြဲတမ်းကလေးလေးတစ်ယောက်လိုသာ နေချင်ခဲ့တာလေ။
" ဟင့်အင်း...... လရိပ်မှာဘာမှပြောစရာမရှိပါဘူး ထွဋ်ရဲ့ "
လရိပ်စကားဆုံးသည်နှင့် သူကခေါင်းကိုညိတ်ကာ လရိပ်ထံမှအကြည့်လွှဲသွားခဲ့လေပြီ။ လရိပ်ထံသို့ သူ့အာရုံမရှိတော့ဘူးဟု သိလိုက်ရသောခဏ၌ခံစားရသောနာကျင်မှုသည် ကမ္ဘာပျက်မတတ်ပြင်းထန်လှပါသည်။ လရိပ်နှလုံးသား ၌အောင့်မျက်သွားခဲ့သည်။
" ကိုယ်ထမင်းစားပြန်တော့မယ်လရိပ်....မင်းကောမပြန်သေးဘူးလား "
ထိုထပ်မပိုသော သူ့မေးခွန်းသည် လရိပ်ကိုအပြန်တစ်ရာမက ထိုးနှက်နှိပ်စက်နိုင်ပါသည်။ အမှန်ဆို "ကိုယ်နဲ့ထမင်းအတူစားမလား" သို့မဟုတ်
"ကိုယ်လိုက်ပို့ပေးရမလား" ဆိုသောစကားလေး တစ်ခွန်းလောက်တော့ ပြောသင့်သည်မဟုတ်လား။ အခုတော့သူရယ်...... လရိပ် ရယ်လိုက်မိပြန်သည်။
" ဟင်းဟင်း....... လရိပ်ကိုဖေဖေလာကြိုမှာ ထွဋ်..... ထွဋ်ပြန်တော့လေ "
" အင်း...... ဒါဆိုပြန်တော့မယ် "
သူသည် လရိပ်အနားမှ အရိပ်ကလေးတစ်ခုလို ဆိုင်ကယ်မြင့်ကြီးအား အားရပါးရမောင်းကာထွက်ခွာသွားခဲ့သည်။ သူဆွတ်ထားသော ပြင်သစ်ရေမွှေးနံ့တို့ကတော့ လရိပ်အနီးတွင် မွှေးဖျာ၍ ကျန်ရစ်ခဲ့လေ၏။ လရိပ် ပိုင်ဆိုင်ခွင့်ရတာဆိုလို့ ထိုရေမွှေးရနံ့လေးတစ်ခုသာ........
လရိပ်နှင့်သူ တွေ့ဆုံခဲ့တာယခုဆိုလျှင် သုံးနှစ်ပင်ပြည့်တော့မည်။ First Year စတက်စဉ်ကတည်းကတစ်ခန်းတည်းအတူ ခုံချင်းလည်းအတူထိုင်ကာ စာမရလျှင်လည်း နှစ်ယောက်သားခေါင်းချင်းဆိုင်ဖြေရှင်းခဲ့သည်မှာ ယခု Third Year နှစ်လည်သို့ပင်ရောက်ရှိခဲ့ချေပြီ။ ထိုမျှလောက်သောရင်းနှီးမှုသည် လရိပ်နှင့်သူ့ကို အတူတွဲ၍မြင် သင့်ပြီမဟုတ်လား။ သို့သော်သူသည် လရိပ်အာ
းသူ့ဆိုင်ကယ်ပေါ်သို့တစ်ခါမှခေါ်မတင်ဖူးချေ။ သူနှင့်အတူ တစ်ခါမှကန်တင်းမထိုင်ဖူးချေ။ သူနှင့်အတူ လမ်းလျှောက်လျှင်လည်း ဆိုင်ကယ်ထားရာဌာနသို့ရောက်သည်နှင့် သူကဆိုင်ကယ်ထုတ်ကာ လရိပ်ကိုနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့သည်ချည်းသာဖြစ်သည်။ ဟန်ဆောင်ပန်ဆောင်ပင် သူမခေါ်ခဲ့ချေ။ ထို့ကြောင့် သူ့ဆိုင်ကယ်နောက်တွင် ထိုင်လိုက်ဖူးချင်သည့်ဆန္ဒသည် လရိပ်၏အိပ်မက်တစ်ခုလိုဖြစ်လာသည်။ သူနှင့်အတူ ကန်တင်းထိုင်ဖူးချင်သည်မှာ လရိပ်၏မျှော်လင့်ချက်တစ်ခုဖြစ်လာသည်။
" သမီး..... လရိပ် "
ဖေဖေ့အသံကြားသောအခါမှ လရိပ်သည် အတွေးများထဲတွင်နစ်မျောနေမိခြင်းကိုသတိထားမိတော့သည်။ လရိပ်က ပုခုံးလေးပုလျှာလေးထုတ်ကာရယ်လိုက်မိပြန်သည်။
" ဟုတ်.... ဖေဖေ....လာပြီ လာပြီ "
လရိပ်သည် ကားတံခါးကိုဖွင့်ကာ ဖေဖေ့ဘေး
ကားရှေ့ခန်းတွင်ဝင်ထိုင်လိုက်သည်။ ဖေဖေက လရိပ်ကို အကဲခတ်သလို တစ်ချက်ကြည့်ရင်း ကားစက်နှိုးပြီးကျင်လည်စွာမောင်းထွက်ခဲ့တော့သည်။ ဖေဖေ့ကို လရိပ် ရယ်ပြလိုက်မိသည်။ ထို့နောက်နာကျင်စွာ ပြုံးနေမိပြန်သည်။ လရိပ်မျက်လုံးထဲတွင် သူ့အကြည့်များကို အကြိမ်ကြိမ်အခါခါပြန်လည်မြင်ယောင်နေမိသောအခါ လရိပ်ခေါင်းကိုယမ်းခါလိုက်သည်။
လရိပ် အတွေးအာရုံတွေထဲက ထွက်သွားပါတော့ထွဋ်ရယ်......
💙💙💙💙💙💙💙
ယနေ့ သူအတန်းမတက်ပေ။ သူအတန်းမတက်ဖြစ်မည့်အကြောင်းလည်း လရိပ်ကိုဘာတစ်ခုမှမပြောခဲ့ပေ။ လရိပ်စာသင်ရတာစိတ်မပါ။ လရိပ်၏အာရုံသည် သူ့ထံ၌သာရှိနေသည်။ သူဘာလုပ်နေမလဲ....သူအခုဘယ်မှာရှိနေမလဲဟူသောမေးခွန်းပေါင်းများစွာဖြင့် လရိပ်ခေါင်းတစ်ခုလုံးချာချာလည်လျက်ရှိသည်။
လရိပ်မျက်လုံးထဲမှ မျက်ရည်ကြည်လေးများစိမ့်အိုင်လာသောခဏ၌ လရိပ်သည် ကို့ ကိုယ်ကိုယ်ကြောက်လန့်သွားမိသည်။ လရိပ်ဘာကြောင့်မိုက်မဲရတာလဲ....လရိပ်ကို မချစ်သည့်လူတစ်ယောက်ကိုလရိပ်ဘာကြောင့်ရူးရူးမူးမူးတမ်းတနေရတာလဲ.....လရိပ်သည်ရူးသွပ်နာကျင်စွာ ရယ်လိုက်မိပြန်ပါသည်။
ထိုအချိန်တွင် လရိပ်၏ကျောပြင်သို့ တစ်ခုခုလာ ရောက်ထိမှန်ခြင်းကို သတိထားမိလိုက်သည်။ သို့သော် လရိပ်လှည့်မကြည့်မိပေ။ လရိပ်၏ခံစာ
းမှုထပ်ဘယ်အရာကမှအရေးမကြီးပေ။ ထို့နောက် လရိပ်ကျောပြင်ကို တစ်ခုခုဖြင့်ထပ်မံအပေါက်ခံလိုက်ရပြန်သည်။ ဒီတစ်ခါတော့လရိပ်ဒေါသထွက်သွား၏။ ထို့ကြောင့်လရိပ်ရန်တွေ့ရန်လှည့်ကြည့်လိုက်ပါသည်။ ထိုအခါမြင်လိုက်ရသောမြင်ကွင်းကြောင့် လရိပ်ရှော့ခ်ဖြစ်ချင်သွားသည်။
ဘုရားရေ.....သူ။ စံပယ်လိုဖွေးဖွေးလှုပ်ဖြူသောအဖြူရောင်အင်္ကျီ နှင့် ဂျင်းပြာရောင်ဘောင်းဘီကိုရိုးစင်းစွာဝတ်ဆင်ထားသောသူသည် တောက်ပကြည်လင်သောမျက်လုံးအစုံဖြင့် လရိပ်ကိုငေးကြည့်ပြီး လက်ယပ်ခေါ်နေခဲ့သည်တဲ့။ လရိပ်ပျော်ရွှင်စွာ သူ့အနားသို့အပြေးသွားခဲ့ပါသည်။
" ထွဋ်..... ဒီနေ့အတန်းလဲမတက်ဘူး၊ အခုလဲထွဋ်ဘာလုပ်ဖို့ခေါ်တာလဲ "
ဆံပင်များဝဲပျံဖျာကျအောင် ပြေးလွှားခုန်ပေါက်ရောက်ရှိလာသော လရိပ်ကိုသူက ရိုးသားစွာစိုက်ငေးကြည့်နေ၏။ ထို့နောက်သူပြုံးပြပါသည်။ သူ့အပြုံးသည် ကမ်းစပ်မှလှိုင်းကြက်ခွပ်များလို တစ်ခဏအတွင်းပျောက်ကွယ်သွားသည်။
" ကိုယ့်ကို တစ်ခုလောက်ကူညီပါလား "
သူ့စကားဆုံးဆုံးခြင်းလရိပ်ခေါင်းညိတ်လိုက်သည်။ သူဘာကိုအကူအညီတောင်းမလဲလရိပ်မသိသေးပါပဲ ခေါင်းညိတ်လိုက်ခြင်းသည် သူ့အပေါ်ထားသောလရိပ်၏ သဘောထားကိုကွင်းကွင်းကွက်ကွက်မြင်ရစေသည်။ သူရယ်.....မိန်းမတွေရဲ့အချစ်ဟာ အမြဲတမ်းသူချစ်ရတဲ့သူအတွက်အဆင်သင့်ဖြစ်နေခဲ့တယ်ဆိုတာသူနားလည်ပါရဲ့လား။
" အွန်း.... ပြောလေ ထွဋ် "
" ဟိုလေ..... ကိုယ်ကျောင်းတစ်ပတ်နားမလို့...... ကိုယ့်ကိုစာတွေကူးထားပေးမလားလို့ "
လရိပ် ရင်ထဲတွင်ဆွေးလျသွားသည်။ လမင်းမရှိလျှင် ငိုချင်သော ကြယ်ကလေးများကဲ့သို့ လရိပ် နှလုံးသားတစ်ခုလုံး လွင့်မျောဟာလှပ်သွား၏။ သို့သော် လရိပ်ရယ်နေမိပြန်သည်။
" အဲ့ဒါလေးများထွဋ်ရယ်..... ဖုန်းဆက်ပြီးပြောလိုက်ရင်ရရက်သားနဲ့ လူကိုယ်တိုင်လာနေသေးတယ်.....လရိပ်စာအုပ်ကိုမိတ္တူ ကူးထားပေးမယ်လေ ထွဋ်ရယ် "
လရိပ်ကပေါ့ပေါ့ပါးပါးသဏ္ဍာန်ဖြစ်အောင် ပြောနေသော်လည်း လရိပ်ခံစားချက်ကိုလရိပ်သာသိသည်။ ဒါကိုသူတော့ဘယ်တော့မှသိနိုင်လိမ့်မည်မဟုတ်ချေ။
" လူကိုယ်တိုင်လာချင်လို့ကိုလာတာပါ....အခုလိုမျိုးလရိပ်ရဲ့ ခင်မင်မှုတွေကိုနောက်ဆုံးရတာလဲဖြစ်နိုင်တာပဲလေ....လရိပ်သာ ကိုယ့်ကိုမုန်းသွားခဲ့ရင် ကိုယ်လရိပ်ကိုအခုလို လွတ်လွတ်လပ်လပ်စကားပြောလို့ရတော့မှာမဟုတ်ဘူး "
ထူးဆန်းစွာစကားများများပြောနေသော သူ့ကိုလရိပ်အံ့အားသင့်စွာကြည့်လိုက်ပါသည်။ သူ့ဆီမှယခုလိုစကားများများ မကြားခဲ့ဖူးချေ။ ပြီးတော့ လရိပ်ကသူ့ကိုမုန်းသွားရင်တဲ့....လရိပ်ဆိုသောမိန်းမဟာ ထွဋ်ခေါင်မိုး ဆိုသောသူ့ကိုဘယ်တော့မှမုန်းသွားလိမ့်မည်မဟုတ်ခြင်းကို သူမသိပါလား။
" ဘယ်လို....ဘယ်လို ထွဋ်....လရိပ်ကထွဋ်ကိုမုန်းသွားရင် ဟုတ်လား....ဟားဟား....လရိပ်ကဘာလို့ထွဋ်ကိုမုန်းရမလဲ "
သူကရွှန်းလက်စွာကြည့်သည်။ ပါးသိုင်းမွှေးရိပ်ပြီးခါစ သူ့မျက်နှာသည် စိမ်းဖန့်ကြည်လင်ကာ တစ်မျိုးလေးကြည့်ကောင်းနေသည်။ သူ့မျက်ဝန်းများသည် ထူးဆန်းသောအရောင်တစ်ချို့ လက်ဖြာနေသည်ဟု လရိပ်ထင်ပါသည်။ သူ လရိပ်ကိုဘယ်လိုအကြည့်မျိုးနဲ့ကြည့်နေတာလဲ....အို... လရိပ်ရူးတော့မှာပဲကွယ်.....
" ဒါဆို ကိုယ့်ကိုမုန်းမသွားဘူးလို့ကတိပေးနိုင်မလား "
" ထွဋ်ဘာတွေပြောနေတာလဲ... ထွဋ်ကိုဘာလို့မုန်းရမလဲ "
" ကတိပေးနိုင်မလား "
" လရိပ်ကလေ.... လူတစ်ယောက်ကိုဘယ်တော့မှလွယ်လွယ်မမုန်းတတ်ဘူးသိလား၊တကယ်လို့မုန်းမိသွားရင်လည်းဘယ်လိုတောင်းပန်တောင်းပန်ခွင့်မလွှတ်တတ်ဘူးရှင့် "
လရိပ်က ဘာရယ်မဟုတ်ပြောလိုက်သော်လည်း သူ့မျက်နှာမှူန်မှိုင်းသွားလေသည်။ ထွဋ်ကို မုန်းမသွားဖို့ဆိုရင် လရိပ်ရဲ့အချစ်တွေကို ဥပေက္ခာပြုမထားပါနဲ့ထွဋ်ရယ်။ လရိပ်ချစ်နေတာသိရက်သားနဲ့ ထွဋ်လရိပ်ကိုဘယ်တော့မှထားမသွားပါနဲ့နော်။ လရိပ်သက်ပြင်းချလိုက်မိပါသည်။
" ဟုတ်ပါပြီ လရိပ်..... အဲ့ဒါလာပြောတာ ကိုယ်သွားတော့မယ် "
သူကဘောင်းဘီအိတ်ထဲမှ ဆေးလိပ်ဗူးကိုထုတ်ကာ ဆေးလိပ်ကိုမီးညှိ၍ ခပ်ပြင်းပြင်းဖွာရှို က်ရင်းပြောလိုက်ခြင်းဖြစ်သည်။ ဘယ်တုန်းကမှ ဆေးလိပ်မသောက်ဖူးသောသူ့အား ဆေးလိပ်သောက်နေပုံကိုမြင်ရသောအခါ လရိပ်ရင်ခုန်သွားမိသည်။
" ဟာ....ထွဋ် ကျောင်းခန်းထဲမှာဆေးလိပ်မသောက်ရဘူးလေ....ဘာလို့သောက်နေတာလဲ "
" အင်းပါ....ကိုယ်သွားတော့မယ် "
ထိုသို့ပြောပြီးသည်နှင့် သူလျင်မြန်စွာထွက်ခွာသွားလေသည်။ လရိပ်ရင်ထဲ၌ဟာ၍ကျန်ရစ်ခဲ့ပါသည်။ လရိပ်မရှိပဲနေနိုင်သောသူ့အား သူမရှိပဲမနေနိုင်သည့်အကြောင်းများကို လရိပ်ရင်မဖွင့်လိုပါ။ လရိပ်အေး ဆိုသော မိန်းကလေးတစ်ယောက်သည် ဘယ်လိုဝဋ်ကျွေးမျိုးကြောင့်များ ထွဋ်ခေါင်မိုး ကိုစွဲလမ်းရူးသွပ်ခဲ့ရပါသလဲ။
ဆေးလိပ်နံ့နှင့်ရေမွှေးနံ့ရောစပ်နေသော ပတ်ဝန်းကျင်သည် လရိပ်ကို သတိရစိတ်ပိုအောင် နှိုးဆွ၍ဒဏ်ရာအသစ်များကိုမညှာမတာပေးခဲ့ပြန်လေပြီ။
သူနင်းခဲ့သော သံမံတလင်းမှသူ့ခြေရာများကို အငမ်းမရရှာဖွေနေမိသော လရိပ်မျက်ဝန်းထဲတွင် မျက်ရည်စလေးများစိမ့်အိုင်နေပါ၏။ သူ့အရိပ်သူ့
အယောင်၊သူ့အသံများဖြင့်ဝေးကွာရဦးမည်ဖြစ်သည်။ လရိပ်၏ ခံစားချက်သည် ပြင်းထန်လှပါသည်။
💙💙💙💙💙💙💙
ဒီနေ့သည် လရိပ်၏ လွမ်းခဲ့ရသော.....တမ်းတခဲ့ရသော.....ငိုကြွေးခဲ့ရသောအချိန်ကာလများကိုအဆုံးသတ်ရမည့်နေ့ဖြစ်သည်။ သူခွင့်ယူခဲ့သည့် တစ်ပတ်ပြည့်သောနေ့ဖြစ်သည်။ လရိပ်သည် ချစ်ရသူအား လွမ်းဆွတ်ခဲ့ဖူးပြီ။ ချစ်ရသူကြောင့်ငိုကြွေးခဲ့ဖူးပြီ။ ချစ်သူ၏ပုံရိပ်ကိုအကြိမ်ကြိမ်အခါ
ခါတမ်းတခဲ့ဖူးချေပြီ။
မိဘမောင်နှမသည် အေးမြသောမေတ္တာကိုသာပေးသော်လည်း ချစ်သူသည်ပူလောင်နာကျင်စေသော အဆိပ်မီးကဲ့သို့ဒဏ်ရာဒဏ်ချက်များကိုပေးတတ်သူဟု လရိပ်စာထဲတွင်ဖတ်ဖူးပါသည်။ သူ လရိပ်ကိုဘယ်လိုနာကျင်မှုမျိုးပဲပေးပေး လရိပ်ခံယူဖို့အသင့်ဖြစ်နေခဲ့သည်။
လရိပ်သည် သူ့အတွက်ကူးပေးထားသော မိတ္တူ စာရွက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သူဘယ်နားကပေါ်လာမလဲဟုစောင့်နေမိသည်။ ဒီနေ့ မိတ္တူ ဆွဲဖို့အတွက် လရိပ်အိမ်မှစောစောထွက်လာခဲ့ခြင်းဖြစ်သည်။ ဖေဖေ့မေးခွန်းကိုပင် လရိပ်ဖြေခဲ့ရပါသေးသည်။
" သမီး.... ဒီနေ့မနက်စာတောင်ကုန်အောင်မစားပဲ ဘာလို့အလျင်လိုနေတာလဲ "
" ဟုတ်ဖေဖေ...... သမီး မိတ္တူ ကူးပေးစရာလေးရှိနေလို့လေ....စာမေးပွဲ နီးပြီဆိုတော့ စာကိုသေချာလုပ်ရမှာမလို့ဖေဖေ"
လရိပ်ဟာ သူ့အတွက်အဲ့လို ဝီရိယရှိသူဖြစ်သည်။ သူ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးချင်ခဲ့ပါသည်။ ဒါတောင်မှ လရိပ်ဟာဘာကြောင့် သူ့အတွက် ဘောင်မဝင်ခဲ့ရပါသလဲ.....
လရိပ်သည် တစ်ခါတရံ တွင်စိတ်ကူးယဉ်မိသည်။ ရုပ်ရှင်ကားတွေထဲကလို သူသာနှလုံးအစား ထိုးကုရမည်ဆိုလျှင် လရိပ်သည် လရိပ်အသေခံပြီးမှ လရိပ်၏နှလုံးသားတစ်ခုလုံးကို သူ့အတွက်ပေးဆပ်လိုက်ချင်သည်။ သူ့ကို လရိပ်ထိုမျှလောက်ချစ်ရပါသည်။
လရိပ်သည် မိတ္တူ စာရွက်များကိုကိုင်ကာ တက်ကြွစွာစောင့်နေမိလေသည်။ လရိပ်မျက်နှာပေါ်၌
ဖြစ်ပေါ်နေမည့် အရိပ်အယောင်များကို သူမသိအောင်ဖုံးဖိရဦးမည်ဖြစ်သည်။ ဟင့်အင်း.....လရိပ်ဘာကြောင့်ဖုံးကွယ်ရမလဲ။ လရိပ်သူ့ကိုလွမ်းနေမိတာ အပြစ်တစ်ခုမှမဟုတ်တာ....ဝန်ခံလိုက်ရလျှင်လည်း လရိပ်အတွက်ကိစ္စမရှိပါ....
ထိုအခိုက်တွင် လရိပ်၏အာရုံထဲသို့ မွှေးပျံ့သောရနံ့တစ်ခုတိုးဝင်လာသည်။ ထိုရနံ့ကြောင့် လရိပ် အထူးစိတ်လှုပ်ရှားပျော်ရွှင်သွားသည်။ လရိပ်လှည့်ကြည့်လိုက်လျှင်ပဲ လရိပ်မျှော်လင့်တောင့်တနေခဲ့သော လရိပ်တွေ့ဆုံချင်နေခဲ့သော မျက်နှာတစ်ခုကို လရိပ် လွမ်းဆွတ်စွာ ကြည်နူးစွာ တမ်းတစွာ တွေ့ခွင့်ရလိုက်ပါသည်။
သို့သော် သူ့မျက်နှာသည် ညှိုးနွမ်းမှောင်မိုက်နေသည်။ ပြုံးရယ်ခြင်းလဲမရှိ....သူဘာဖြစ်နေတာလဲ...သူ့မှာဘာအခက်အခဲရှိနေတာလဲ.... လရိပ်သိချင်သွားသည်။
" ထွဋ်...... "
" လရိပ်....ကိုယ်...."
သူကစကားကို မဆက်ပဲ လရိပ်ကိုငေးကြည့်နေ၏။ လရိပ်သည်သူဘာပြောချင်သည်ကိုနားမလည်သောကြောင့် သူ့ကိုငေးမော့ကြည့်နေမိ၏။
" ကိုယ်...... ကျောင်းနားရတော့မယ်....လာနှုတ်ဆက်တာပါ "
သူ့စကားတစ်ခွန်း၌ အရာရာကိုရှူံးနိမ့်သွားခဲ့သည်။ သူ့စကားသည် လရိပ်ကို တုန်လှုပ်ခြောက်ချားဖွယ် ချောက်နက်တစ်ခုထဲသို့ တွန်းပို့လိုက်သကဲ့သို့။ ထိုချောက်နက်သည် နာကျင်ရခြင်း တမ်းတမွတ်သိပ်ရခြင်းတို့ ရောပြွမ်းနေမည့် ဒဏ်ရာအနာတရ များစုစည်းနေသော ချောက်နက်တစ်ခုဖြစ်သည်။
လရိပ် နာကျင်စွာ ခွေယိုင်နွဲ့သွားသည်။
💙💙💙💙💙💙💙
ကြေကွဲနာကျင်စွာ လရိပ် သူ့ကိုငေးကြည့်မိလိုက်သည်။ သူ့မျက်နှာ၌ ထူးဆန်းသောနာကျင်ကြေကွဲမှု ကိုမတွေ့ရပေ။ လရိပ်သာ ကမ္ဘာပျက်နေသလိုပင်။ သူကတော့ခပ်အေးအေးလေးသာ....
" ဘာလို့လဲ ထွဋ်ရယ် "
လရိပ် စကားတို့ကတစ်ခွန်းချင်း ထွက်ပေါ်လာသည်။ ဒါကိုသူကနားလည်စွာ ပြုံးပြပါသည်။ လရိပ်သူ့ကိုဘယ်လိုအင်အားနဲ့ပြန်လည်ပြုံးပြနိုင်မည်လဲ။ လရိပ်ငိုချင်လာသည်။ ထို့နောက်လရိပ်အမှန်တကယ်ငိုချလိုက်မိသည်။
" ကိုယ် ကျောင်းတစ်နှစ်အောက်တော့မလို့ "
"ဘာလို့လဲ.... ဘာဖြစ်လို့လဲထွဋ် "
" ကိုယ် လက်ထပ်တော့မယ် "
ကောင်းကင်ပေါ်မှ မိုးကြိုးအစင်းလိုက်ပစ်ချခံလိုက်ရသကဲ့သို့ လရိပ်ကမ္ဘာသည်ချာချာလည်သွားပါသည်။ လရိပ် မူးမေ့ချင်သွားသည်။ ရက်စက်လိုက်တာသူရယ်......
" ထွဋ်...... ထွဋ်ကို လရိပ်ကြောက်တယ်"
လရိပ်ခြေလှမ်းတို့နောက်သို့ဆုတ်လိုက်မိသည်။ လရိပ်သည်သွေးရူးသွေးတမ်းဖြင့် သူ့ကို ကြည့်နေမိ၏။ သူသည် လရိပ်ရင်ကိုအစိမ်းလိုက်ခွဲခဲ့သော ကျားတစ်ကောင်ကဲ့သို့။ လရိပ်နှလုံးသားတို့ကွဲကြေသွားသည်။
" လရိပ် ဘာဖြစ်တာလဲ "
" ထွဋ်ကို လရိပ်ချစ်နေတာ ထွဋ်သိတယ်မဟုတ်လား"
သူ့မျက်နှာတွင် ဘာမှပြောင်းလဲမသွားပေ။ သူဟာလရိပ်သူ့ကိုချစ်နေမှန်း ကြိုသိနေခဲ့ပြီးသားဖြစ်မှာပါ.....သူကပကတိ ကြည်လင်သောအကြည့်ဖြင့် လရိပ် ကိုငေးကြည့်လာပါသည်။
" လရိပ်..... ကိုယ့်မှာချစ်သူရှိတယ်..... မင်းနဲ့မတွေ့ခင်ကတည်းက "
လရိပ်အသည်းသည်ဒုတိယအကြိမ်ကွဲသွားရပြန်သည်။ လရိပ်နှင့်မတွေ့ခင်ကတည်းက ချစ်သူရှိနေခဲ့သော သူသည် လရိပ်ကိုဘာအိပ်မက်မှမပေးခဲ့ပေ။ ဒါဟာ သူ့အမှားမဟုတ်ခဲ့ဘူးမလား။သို့သော်လရိပ်လက်မခံနိုင်ပေ။
" ဒါဆို လရိပ်ကိုဘာလို့မပြောခဲ့တာလဲ "
" လရိပ်ကို ကိုယ်ဘာပြောရမှာလဲ "
" ထွဋ်မှာ ချစ်သူရှိတယ်ဆိုတဲ့အကြောင်းလေ"
" ကိုယ်ဘယ်လိုပြောထွက်မှာလဲ.... လရိပ်ရယ်၊ ကိုယ့်ကိုလရိပ်စိတ်ဝင်စားနေတာကိုယ်သိတယ်လေ.....အဲ့လိုမျိုးမိန်းကလေးတစ်ယောက်ကို ကိုယ်ကအရင်ချစ်သူရှိတယ်လို့ပြောရမှာက မင်းကိုစော်ကားသလိုဖြစ်မှာပေါ့ "
" ထွဋ် ရက်စက်တယ် "
" ကိုယ် မရက်စက်ခဲ့ပါဘူးလရိပ် သေချာစဉ်းစားကြည့်ပါဦး လရိပ်ရယ်"
" လရိပ်လေ ထွဋ်ကိုချစ်တယ် "
" ဒါပေမယ့်ကိုယ်ကလက်ထပ်တော့မှာလေ ၊လရိပ်အတွက် မကောင်းဘူး လရိပ်နောက်ဆုတ်လိုက်ပါနော်"
လရိပ်နှလုံးသားတို့ပြင်းပြစွာနာကျင်သွားသည်။ လရိပ်၏အချစ်သည် သူ့အငြင်းစကား၌ တန်ဖိုးမဲ့သွားသလို ခံစားရလေသည်။
" လရိပ် ဘယ်သူ့ကိုမှမချစ်ခဲ့ဖူးဘူး "
" ဒါပေမယ့် လရိပ်ချစ်ခဲ့တဲ့ကိုယ်က ချစ်သူရှိနေပြီးသားလေ....ကိုယ့်ကိုမေ့လိုက်ပါလရိပ်ရယ်..... ကိုယ်လရိပ်အတွက်စိတ်မကောင်းဘူးနော်လရိပ်.... လိမ္မာပါတယ်လရိပ်ရယ်"
" လရိပ်ကို ချော့မော့နေစရာမလိုပါဘူး ထွဋ် လရိပ်နားလည်ပါပြီ "
လရိပ်သည် အချစ်၏ပြင်းပြစွာနာကျင်ရမှုကို ခံစားသိလိုက်ရပြီးနောက် လရိပ်သိပ်ချစ်ရပါသည်ဆိုသော သူ့ကိုပင် ကြောက်မိသွားလေသည်။
ဟုတ်ပါသည်။ ဘယ်တုန်းကမှ သူလရိပ်ကို မချစ်ခဲ့ပါ။ ဘယ်တုန်းကမှ သူလရိပ်ကိုမမြတ်နိုးခဲ့ပါ။လရိပ်သာတစ်ဖတ်သတ် ကြိတ်ချစ်နေခဲ့မိတာမဟုတ်လား။
လရိပ်၏ခံစားချက်သည် လရိပ်တွင်သာတာဝန်ရှိသည်။မည်သူတစ်ဦးတစ်ယောက်၏ ပယောဂမှမပါဝင်ချေ။ လရိပ် ချစ်ခဲ့သည်။ မြတ်နိုးခဲ့သည်။
လရိပ် သူ့ရှေ့တွင် ဆက်မနေသင့်တော့သောကြောင့် သူနှင့်ဝေးရာသို့ လှည့်ထွက်ခဲ့ပါသည်။ လရိပ်နှလုံးသားသည် တစ်စစီလွင့်စင်ပဲ့ကျပျက်စီးနေသော်လည်း လရိပ်အားတင်းကာကျောခိုင်းခဲ့သည်။
ဒါဟာ လရိပ်၏ဆုံးဖြတ်ချက်တစ်ခုကို လရိပ်တစ်သက်လုံးကျေနပ်နေတော့မည် မဟုတ်လား.....
သူဟာ လရိပ်ကိုဘယ်တုန်းကမှမချစ်ခဲ့သူ....
လရိပ်၏တန်ဖိုးကို ဘယ်တော့မှ မမြင်နိုင်သူ....
လရိပ်နားထဲသို့ အနီးအနားဆိုင်ထဲမှ ဖွင့်ထားသောသီချင်းစာသားတစ်ပိုင်းတစ်စ ဝင်ရောက်လာသည်။
" မင်းငါ့ကိုမချစ်ဘူး......."
" မင်းအသစ်တွေ့တဲ့အခါ မေ့ပစ်လိုက်စမ်းပါ"
လရိပ်ရယ်မိသွားသည်။ မျက်ရည်များဖြင့်ရယ်နေသော မိန်းကလေးတစ်ယောက်သည် ဤမျှလောက် ကြည့်ကောင်းနေလိမ့်မည်ဟု မည်သူမှထင်မည်မဟုတ်ပေ။ လရိပ် ရယ်နေမိပါသည်။
နာကျက်စွာတမြေ့မြေ့ ရယ်နေမိပါတော့သည်။
နှင်းဆီဖြူလေး
7.8.2020
" ရွက်ကြွေ "
ကျွန်မသည် ပြင်ဦးလွင် မြို့၏တိတ်ဆိတ်အေးချမ်းသော ဆေးရုံတစ်ခုထက်ဝယ် သူပြန်အ
လာကိုစောင့်မျှော်နေမိသည်။ သူ ကျွန်မကိုပစ်
ထားခဲ့ခြင်းမဟုတ်ပါ။ ကျွန်မအတွက် စားစရာအ
ချို့သွားဝယ်ခြင်းသာဖြစ်ပါသည်။ သို့သော် သူဘာလို့ပြန်မလာသေးတာလဲ။
ကျွန်မကိုသူထားရစ်ခဲ့ပြီလား။ ကျွန်မမှာသူကလွဲပြီး တစ်ယောက်မှ မရှိခြင်းကိုသူကောင်းကောင်းသိပါသည်။ ' ကိုယ်မင်းဘေးမှာအမြဲရှိနေမှာပါ ' ဟူသောသူပြောခဲ့သောစကားသည် ကျွန်မဘယ်တုန်းကမှ သံသယမဝင်ခဲ့သော စကားတစ်ခွန်းဖြစ်ခဲ့သည်။ မြန်မြန်ပြန်လာပါတော့ကိုယ်ရယ်။
" အဲ့ဒီမိန်းမကို နင်ဘယ်လိုစိတ်ကူးနဲ့ယူလာတာလဲ ငါတော့စဉ်းစားလို့ကိုမရဘူး "
" ပြီးတော့ ရောဂါသည် ရှူနာရှိုက်ကုန်းမိန်းကလေးကိုမှနင်က ပြုစုချင်လို့ယူလာတာလား"
" နင့်မိန်းမဟာလေ အမြဲတမ်းအိပ်ယာပေါ်မှာပဲ ရောဂါသည်လာလုပ်နေတာနင်သိလား၊နင်ပြုစုမှန်းသိလို့ အဲ့ကောင်မကန်းတက်နေတာကြားလား"
ထိုစကားများဖြင့် ကျွန်မကိုအကြိမ်ကြိမ်ထိုးနှက်ခဲ့ဖူးသော်လည်း ယခုလိုကျွန်မဆေးရုံပေါ်ရောက်လာတော့ ကျွန်မအနားကိုပြုစုယုယပေးခဲ့သူမှာ သူတစ်ယောက်သာရှိပါသည်။ ထိုကဲ့သို့ ကြင်နာယုယတတ်လွန်းသော ယောင်္ကျားတစ်ယောက်သည် ကျွန်မလိုလူနာတစ်ယောက်ကို ဘယ်သောအခါမှ ထားရစ်ခဲ့လိမ့်မည်မဟုတ်ပေ။
တစ်နာရီ....နှစ်နာရီ....သုံးနာရီ။ မိုးပြာရောင်မျက်နှာကျက်သည် ကျွန်မကို သနားညှာတာနေသယောင်။ တဆစ်ဆစ်ထိုးကိုက်နေသော ခေါင်းထဲမှ ဝေဒနာသည် ကိုယ် ပြန်အလာကိုစောင့်မျှော်နေရသော ဝေဒနာလောက်တော့ မနာကျင်ခဲ့ပါ။ ထိုအချိန်တွင် ကျွန်မနားထဲသို့ ခြေသံတိုးဖွဖွကို ကြားလိုက်ရပါသည်။ ကိုယ်ပြန်လာပြီ
လား။ ကျွန်မရင်ထဲတွင် လှိုက်ခနဲပျော်သွားသည်။
" ဆေးသောက်ချိန်ရောက်ပါပြီ... "
ကြည်လင်နေသောကောင်းကင်သည် ရုတ်ချည်းညိုမှောင်သွားသကဲ့သို့ ကျွန်မရင်ထဲမှ အကြောက်တရားသည် နာကျင်စွာရုန်းကြွလာပါသည်။ တစ်ဖက်သို့ ကျွန်မလှည့်လိုက်သည်။
" ကိုယ်ရောဟင် ဆရာမ.... ကိုယ်ပြန်မလာသေးဘူးလား "
" ဘယ်က ကိုယ်လဲ၊ဘယ်သူလဲ "
" ကျွန်မယောင်္ကျားလေ....မနေ့ကတောင်ဆရာမကို မုန့်ဖိုးပေးသေးတယ်မှတ်မိလား၊ အသားဖြူဖြူ ၊အရပ်မြင့်မြင့်....... "
" တော်တော့...... မပုလဲငွေ၊ ရှင်အခုဆေးသောက်ရမယ်....ထ "
" ဟင့်အင်း ....သူမလာမချင်းကျွန်မစောင့်နေမှာ...."
" သူပြန်မလာတော့ဘူး၊ ရှင့်ကိုကျွန်မတို့ဆီအပ်သွားတယ်ဟုတ်ပြီလား.....ရှင်နေကောင်းသွားမှ သူလာခေါ်မယ်တဲ့ "
" ဘယ်လို..... အမှန်ပဲလား"
" ဟုတ်တယ်....ဒီတော့ဆေးသောက်လိုက်ပါ.....မြန်မြန်ကောင်းတော့ရှင့်ယောင်္ကျားလာခေါ်လိမ့်မယ် "
ကျွန်မနှလုံးသားများ တစ်စစီကွဲကြေသွားခဲ့လေပြီ။ ကျွန်မသည် ပူလောင်ပြင်းပြသော ဝေဒနာဖြင့် ကိုယ်လုပ်ရက်လိုက်လေခြင်းဟု တွေးနေမိပါသည်။
" ကိုယ်ရယ်....."
ကျွန်မပါးစပ်ထဲသို့ လက်တစ်ခုပ်ခန့်ရှိသော ဆေးကို ထည့်လိုက်သည်။ထို့နောက်ရေဖြင့်မျှောချလိုက်သည်။ ကျွန်မအား သွေးခုန်နှုန်း၊နှလုံးခုန်နှုန်းစမ်းသပ်ပြီးသောအခါ သူနာပြုဆရာမကျွန်မအနားမှ ထွက်ခွာသွားခဲ့သည်။
ကျွန်မ အိပ်ယာပေါ်သို့ လှဲချလိုက်ပါသည်။ ကျွန်မအသိတရားများချာချာလည်နေသည်။ ကိုယ် ကျွန်မကို ရက်ရက်စက်စက်ခွဲခွာထားရစ်ခဲ့လေပြီ။ နှစ်ရှည်လများဝေဒနာခံစားနေရသော ရောဂါသည်မိန်းမတစ်ယောက်အား ကိုယ်စိတ်ပျက်သွားခဲ့ချေပြီ။ကိုယ့်ကိုစိတ်ပျက်အားလျော့စေခဲ့ခြင်းအတွက် ကျွန်မယူကြုံးမရအောင် ဝမ်းနည်းစိတ်နာမိလေသည်။ ကျွန်မကိုခွင့်လွှတ်ပါ ကိုယ်ရယ်။
" ပုလဲကိုကိုယ်ဘယ်တော့မှ မထားခဲ့ဘူးသိလား....မမကြီးတို့ပြောတာတွေခေါင်းထဲမထည့်နဲ့နော် ပုလဲ....ပုလဲကိုမငြိုမငြင်အမြဲတမ်းချစ်တယ်နော် ကြားလား ပုလဲ "
ကျွန်မပြုံးလိုက်မိသည်။ ကိုယ်ပြောခဲ့သောစကားများကိုတစ်ခွန်းမကျန်မှတ်မိနေသော ကျွန်မအတွက်တော့ ကိုယ်ကျွန်မကိုထားရစ်ခဲ့သည်ဆို
ခြင်းမှာ မယုံနိုင်စရာပင်။
တစ်လ.....နှစ်လ....သုံးလ။ အို....ကျွန်မသေဆုံးသွားချင်ပြီ။ သေမင်းသည် ကျွန်မကိုမခေါ်ဆောင်သေးပေ။ ကျွန်မဘဝမှာ ဘာများကျန်သေးလို့လဲ။ ကျွန်မမှာဘာများ အသက်ရှင်ဖို့အကြောင်းပြချက်ရှိနေသေးလို့လဲ။ ပြောစမ်းပါ....ကျွန်မကိုပြောကြစမ်းပါ။ကျွန်မသွက်သွက်ခါအောင်ရူးသွပ်သွားလိုက်ချင်သည်။ အိုး.... ကျွန်မသေပါရစေတော့။
" ဆေးသောက်ချိန်ရောက်ပါပြီ..... "
" မသောက်ဘူး...."
" ကဲ.... ဆေးသောက်ချိန်ရောက်ပါပြီ "
" မသောက်ဘူး၊ ကျွန်မသေချင်တယ်.....ကျွန်မကိုသေခွင့်ပေးပါ...."
" အရူးမထနဲ့....ဆေးသောက်လိုက်နော်အခု "
" ဟင့်အင်း.....ထွက်သွားကျွန်မအနားဘယ်သူမှမလာပါနဲ့.... ဘာဆေးမှမသောက်ဘူး "
" အေး.... သဘောပဲ၊နင်ကနင့်ယောင်္ကျားနဲ့မတွေ့ချင်တော့ဘူးထင်တယ်"
" ဟုတ်တယ်....ကျွန်မမတွေ့ချင်တော့ဘူး၊ကျွန်မသေသွားမှ ကျွန်မရဲ့သေနေတဲ့ခန္ဓာကိုယ်ကိုသူတွေ့စေရမယ် "
" ရှင်အရူးပဲ.... ပုလဲငွေ၊ဆေးသောက်ပါတော့နော် "
" မသောက်ဘူး....ထွက်သွား.....ထွက်သွား၊ထွက်သွားပါ "
ကျွန်မသည် အားအင်ချိနဲ့နေသော်လည်း ရှိသမျှအားအင်လေးနှင့် အော်ဟစ်လိုက်မိပါသည်။
" ကောင်းပြီ.... ကျွန်မရှင့်အကြောင်းကိုဆေးရုံအုပ်ဆီတင်ပြလိုက်ပါမယ် "
ကျွန်မသူနာပြုဆရာမကို ကျောပေးလိုက်သည်။ ကျွန်မအသိတရားများ ပျောက်ဆုံးတော့မတက် အာရုံများလွင့်မျောနေသည်။ ဟိုမှာ...ကျွန်မကိုကျောပေးရပ်နေတာ ကိုယ်လား။
" ကိုယ်...."
လှည့်ကြည့်လာသော ကိုယ့်မျက်ဝန်းနက်နက်များသည် ကျွန်မဘဝတစ်ခုလုံးတွင် ကျွန်မအချစ်ရဆုံးသော အရာဖြစ်သည်။
" ပုလဲ... "
" ကိုယ်..."
ကိုယ့်ရင်ခွင်သည် နွေးထွေးငြိမ်သက်နေသည်။ ဟင့်အင်း..... ကျွန်မခေါင်းမှီနေသောအရာသည် ကိုယ့်ရင်ခွင်တစ်ခုမဟုတ်....ခေါင်းအုံးကဲ့သို့ ပျော့အိအိအရာတစ်ခုသာ။
" ကိုယ်တောင်းပန်ပါတယ် ပုလဲ....ကိုယ့်ကိုခွင့်လွှတ်တယ်မဟုတ်လား "
ကျွန်မ ကိုယ့်ကိုမော့ကြည့်လိုက်သည်။ ပါးသိုင်းမွှေးပါးပါးလေးသည် ဖြူသောကိုယ့်မျက်နှာ၌
မြစိမ်းရောင်သမ်းနေပါသည်။
" ခွင့်လွှတ်တာပေါ့..... ကိုယ် "
ထို့နောက်တစ်ဖန် ကိုယ်သည် ကျွန်မအားယုယနွေးထွေးစွာ ထွေးဖက်လိုက်လေသည်။
" ပုလဲငွေ....ပုလဲငွေ၊ မင်းနားထောင်နေလား "
" ကျွန်မကိုသူအော်ထုတ်တယ်...ဆေးတိုက်တိုင်းလည်းဘယ်တော့မှမသောက်ဘူး "
" သူ့မှတ်တမ်းငါ့ကို တစ်ချက်ရွတ်ပြစမ်း "
" မပုလဲငွေ၊ အသက်၂၇နှစ်၊ အိမ်ထောင်ရှိ၊ အမျိုးသားအမည် နေပိုင်၊ သူ့အမျိုးသားက သူ့ကိုကျွန်မတို့ဆီအပ်သွားပါတယ်....သူနေကောင်းမှ ပြန်လာခေါ်မယ်တဲ့......"
" အိုး..... ရက်စက်လိုက်တဲ့ယောင်္ကျား၊သူ့မိန်းမကိုတကယ်ပဲ နေပြန်ကောင်းမယ်ထင်လို့
လားမသိဘူး "
" ဒီမိန်းကလေးကို သူ့သဘောအတိုင်းထားလိုက်ပါတော့ သူဘယ်လောက်မှမနေရတော့ဘူး...."
" ဟုတ်ကဲ့ "
ကျွန်မပြုံးလိုက်မိသည်။ ကျွန်မနှုတ်ခမ်းများသည် ပါးလှပ်လွင့်မျောကာ ကျွန်မတစ်ကိုယ်လုံးသည်လည်း လေတိုက်လျှင်ပင်လွင့်ထွက်သွားတော့မည့်ချည်မျှင်စတစ်ခုလို။ ကျွန်မဦးခေါင်းထက်မှဆံပင်များသည် လေးလံလွန်းလှသည်။
အို...ကျွန်မဘယ်ရောက်နေတာလဲ။ လေစိမ်းများတိုက်ခတ်ကာ လူသူကင်းမဲ့သောကုန်းမြင့်တစ်ခုထက်တွင်ကျွန်မရောက်ရှိနေခြင်းဖြစ်သည်။ ကျွန်မနှလုံးသားအား ကျွန်မပြန်မြင်နေရသည်။ ကျွန်မခန္ဓာကိုယ်အားကျွန်မပြန်မြင်နေရသည်။ ကျွန်မတစ်ကိုယ်လုံးကိုကျွန်မပြန်မြင်နေရသည်။ ကျွန်မလက်ချောင်းများသည် အသက်ရှူ
လိုက်တိုင်းမျောလွင့်နေသည်။
အို..... ဘုရားရေ။ ဖေဖေနဲ့မေမေ....ကျွန်မကိုပြုံးရယ်မောကာ လက်ယပ်ခေါ်နေပါလား။ကျွန်မလိုက်သွားလိုက်တော့မည်။ ကျွန်မလိုက်ချင်လှသည်။ စောင့်ခေါ်ပါဦးဖေဖေနဲ့မေမေ။ ကျွန်မလက်များပြန်ကမ်းထားမိသည်။ ဖေဖေနဲ့မေမေခေါ်ရာသို့ကျွန်မလိုက်သွားတော့မည်ဖြစ်သည်။
ကျွန်မလက်ကိုဆုပ်ကိုင်လိုက်သော ကျွန်မမိဘနှစ်ပါး၏လက်သည် နှစ်များစွာကြာပြီဖြစ်သော်လည်း နွေးထွေးနေဆဲပင်။ ကျွန်မသူတို့ခေါ်ရာသို့လိုက်သွားတော့မည်ဖြစ်သည်။ သွားကြစို့ဖေဖေနဲ့မေမေ။
ကျွန်မခန္ဓာကိုယ်သည် သိမ့်ခနဲတုန်သွားခဲ့ပြီး ဝုန်းခနဲလွင့်မျောသွားကာ အထိန်းအကွပ်မရှိမျောလွင့်သွားလေသည်။ ငှက်တောင်လေးတစ်ခုကဲ့သို့ လွင့်မျောသွားခဲ့သည်။
🖤🖤🖤🖤🖤🖤
" အမေတို့ကျေနပ်တယ်မလား....အခုလိုဖြစ်သွားတာအမေတို့ပျော်နေတယ်မလား"
" သား နေပိုင် အမေတို့ကိုမစွပ်စွဲနဲ့နော်....မဟုတ်လည်းမင်းမိန်းမကရောဂါသည် သေမှာကသေမှာပဲ "
" သူမသေခင်ပြုစုခွင့်တွေကို အမေနဲ့မမကြီးပဲပိတ်ပင်ခဲ့တာလေ.... အမေတို့ သူ့ကိုသေစေချင်နေကြတာကျွန်တော်သိတယ်....ကျွန်တော့ကိုသူမျှော်နေရှာမှာဗျ.... ကျွန်တော့အသည်းတွေကွဲပါပြီ "
သူမ၏အုတ်ဂူဖြူဖြူလေးရှေ့တွင်သူဒူးထောက်ထိုင်ချလိုက်သည်။ သူဟာသူမကို အပြည့်အဝလုံခြုံမှုမပေးနိုင်ခဲ့သူတစ်ယောက်အဖြစ်သူ့ကိုယ်သူယူကြုံးမရဖြစ်ရင်းငိုကျွေးနေမိသည်။ သူမဝိညာဉ်လေးငြိမ်းချမ်းပါစေ.....
သူ့နှလုံးသားများ တစ်စစီဆုတ်ဖြဲခံလိုက်ရသူလို အဆုံးမရှိနာကျင် နွမ်းလျနေသည်။ သူသည် သူမအား အလွန်ချစ်မြတ်နိုးလှပါသည်။ သို့သော် သူမသည် သူ့အချစ်ကို အသိအမှတ်ပြုလိမ့်မည်မဟုတ်ချေ။
သူမသည် သူ့အားစိတ်နာပြီး သူ့ကိုဘယ်တော့မှခွင့်လွှတ်ပေးတော့လိမ့်မည်မဟုတ်ချေ။ ကိုယ့်ကိုခွင့်လွှတ်ပေးပါ ပုလဲရယ်။ ထိုကဲ့သို့တောင်းပန်နေသော်လည်း သူ့ရင်သည်နာကျင်မြဲနာကျင်နေသည်။
တစ်နေ့နေ့တော့ကိုယ်လည်းမင်းနောက်လိုက်လာခဲ့မှာပါ ပုလဲရယ်။ အဲ့ဒီနေ့ကိုစောင့်နေနော်။
မိုးစက်မိုးပေါက်များသည် သည်းထန်လှိုက်လှဲစွာ ရွာသွန်းလာခဲ့သော်လည်း သူသည်နေရာမှတစ်ဖဝါးမခွာမိချေ။ သူ သူမအနားမှာနေချင်သေးသည်။ သူမမျက်တောင်ဖျားလေးတွေစိုစွတ်နေမည်လား။
မိုးစက်များ ရွာသွန်းနေဆဲ.....သူငိုနေမိဆဲ......အရာရာသည် ထုံထိုင်းအေးစက်ကာ တစ်စုံတစ်ခု၏ ငိုညည်းသံတို့ ပတ်ဝန်းကျင်တွင်ရိုက်ခတ်နေဆဲ.....
9.7.2020
နှင်းဆီဖြူလေး
"စိမ်းညို့လင်း" ၏ ကားလေးသည် ကတ္တရာလမ်းဖြူးဖြူးတစ်လျှောက်တွင် လျင်မြန်စွာဖြတ်သန်းမောင်းနှင်နေ၏။ စိမ်းညို့လင်း သည် အလွန်တရာပျော်ရွှင်ကြည်နူးနေပါသည်။ အကြောင်းမှာသူသည် သူ၏သတို့သမီးလေးထံသို့ မင်္ဂလာ ဆောင်နှင်းရန် သွားနေခြင်းကြောင့်တည်း။ ပန်း
နုရောင်သတို့သားဝတ်စုံနှင့် သူသည် သူချစ်ရသောမိန်းမတစ်ယောက်အား လက်ထပ်ယူရတော့မည်ဟု တွေးမိသောအခါ ကြည်နူးပီတိတို့ဝေဖြာနေရပါသည်။
ဟိုးအရှေ့ဆီမှ ရဲစွတ်စွာနီမြန်းနေသော စိန်ပန်းနီပင်ကြီးကို လှမ်းမြင်နေရပြီဆိုလျှင်ပဲ စိမ်းညို့လင်း၏ ရင်ခုန်သံတို့ မြန်ဆန်လှုပ်ရှားလာခဲ့သည်။ အကြောင်းမှာ ထို စိန်ပန်းနီ ပင်ကြီးရှိသော လမ်းထောင့်မှခြံဝင်းကျယ်ကြီးသည် သူ၏ သတို့သမီးတည်ရှိရာ နေအိမ်ဖြစ်သောကြောင့်
ဖြစ်ပါသည်။
စိမ်းညို့လင်း၏ ကားကလေးသည် စိန်ပန်းနီ ပင်ကြီးအောက်တွင်ရပ်လိုက်သည်။ ထို့နောက်ကားပေါ်မှ လျင်မြန်စွာဆင်းကာ စေ့ရုံသာစေ့ထားသောခြံတံခါးကို တွန်းဖွင့်ဝင်ခဲ့ပါသည်။ သူ့ သတို့သမီးလေး၏ နေအိမ်တွင်လည်း ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများဖြင့် ပြည့်နှက်နေလေ၏။ သို့သော်သူရောက်လာသည်ကို တွေ့သောအခါ လူအုပ်ကြီးသည် လှုပ်လှုပ်ရှားရှားဖြစ်၍သွားကြပါသည်။
"အို..... မွှေးရနံ့ရဲ့ သတို့သားကသိပ်ချောတာပဲ.... မင်းသားတောင်ရှူံးတယ် "
" ဟုတ်ပ..... ကြည့်ပါဦး၊ မှန်းစမ်းအရပ်အမောင်းကလည်း ခြောက်ပေလောက်ရှိမယ်ထင်တယ်....မျက်နှာထားတည်တည်တံ့တံ့နဲ့သိပ်ကြည့်လို့ကောင်းတာပဲ "
ထိုမှတ်ချက်ပေးသံများကို ကြားနေရသောသူသည်ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးနေမိပါသည်။ မဆိုင်သောမိန်းမများကတောင် ဒီလိုမှတ်ချက်တွေပေးနေရင် သူ့ကိုသိပ်ချစ်သော သူမသာဆိုလျှင် သူ၏ချောမောခန့်ညားမှုကို မည်မျှပင်အံ့သြမှင်သက်သွားမည်နည်း။ သူ့အတွေးဖြင့်သူ ကြည်နူးကျေနပ်မဆုံးပေ။
ခြေလှမ်းများစွာလှမ်းပြီးနောက် သူသည်သူမရှိနေသောအခန်းရှေ့သို့ရောက်လာခဲ့တော့သည်။ သူ့ရင်ခုန်သံများ အထိန်းအကွပ်မဲ့ဆူညံနေ
ပြီး သူမလည်းမည်သို့ရှိမည်ကို သိချင်နေပြီဖြစ်သည်။
အနည်းငယ် တုန်ယင်နေသောလက်ဖြင့် သူကတံခါးလက်ကိုင်ဘုကို ကိုင်လိုက်သည်။ သွေး
ကြောမျှင်စိမ်းများ ဖြတ်ပြေးနေသော သူ့လက်ခုံ ဖြူ များသည် မိန်းကလေးတစ်ယောက်၏ လက်
တစ်စုံကိုထာဝရဆုပ်ကိုင်လိုက်ရန် အဆင်သင့်
ဖြစ်နေခဲ့ပြီးဖြစ်သည်။ သူသည် ညင်သာစွာတံခါး
ကိုဖွင့်လိုက်လေသည်။
ထိုအခါ တစ်ဖက်သို့လှည့်ကာသူ့ကိုကျောပေးရပ်နေသော ပန်းနုရောင်သတို့သမီးဝတ်စုံဖြင့် သူမကိုတွေ့လိုက်ရသည်။ သူ့နှလုံးသား၌ ဒိန်းခနဲနေအောင် ရင်ခုန်နင့်သီးသွားသည်။ သူ့နှုတ်ခမ်းများသည် ကြည်နူးစွာပြုံးနေ၏။
" ရနံ့..... ကိုယ့်ကိုကြည့်ပါဦး "
တိုးတိတ်တမ်းတစွာ သူရေရွတ်လိုက်သောခဏဝယ် သူမသည် သူ့ဘက်သို့ဖြည်းညင်းညင်သာစွာ လှည့်လာပါသည်။ အိုး.... မြတ်စွာဘုရား။ ပန်းသွေးရောင်ကြွကာ ဖူးသစ်စပန်းကလေးတစ်ပွင့်လို ရက်စက်စွာလှနေသောသူမကြောင့်သူပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားခဲ့သည်။ ဒါကိုသတိထားမိသော သူမက
ရှက်စနိုးလေးပြုံးရယ်နေလေသည်။ သူကလျင်မြန်ပေါ့ပါးစွာ သူမအနားသို့တိုးကပ်သွားလိုက်သည်။
" လှလိုက်တာ.....ရနံ့ရယ်....မင်းသိပ်လှတယ်....မင်းကကိုယ့်ဘဝမှာကိုယ်အမြတ်နိုးရဆုံးမိန်းကလေးတစ်ယောက်ပဲ "
သူ၏ လတ်ဆတ်ချို မြသော ပထမဆုံးအနမ်
းတစ်ပွင့်ကို သူမ၏ပန်းနုရောင်ပါးပြင်ပေါ်သို့ မွမွ ညင်သာ အခြေချလိုက်ပါသည်။ အေးစက်နေေ သာ သူမပါးပြင်လေး နွေးထွေးသွားခဲ့သည်။
" ကို့ ကိုယ်လည်း ရနံ့ဘဝမှာ အယုံကြည်ရဆုံး အားအကိုးရဆုံး အချစ်ရဆုံးလူတစ်ယောက်အဖြစ် မှတ်ကျောက်တင်ပါရစေ "
နေနှင့်လရွှေနှင့်မြလို လိုက်ဖက်ညီလွန်းသော သူတို့နှစ်ယောက်သည် ဘဝအဆက်ဆက်မှဖြည့်ဆည်းအပ်သော ရေစက်တို့ကြောင့် အလွန်ချစ်ခင်ကြင်နာတတ်သော စုံတွဲလေးတစ်တွဲဖြစ်၍နေပါတော့သည်။
စိမ်းညို့လင်းနှင့်မွှေးရနံ့တို့ လက်ချင်းတွဲ၍ ထွက်လာကြလျှင်ပဲ လူအုပ်ကြီးထံမှ အာမေဋိတ်
သံများ၊ ချီးကျူးသံများ၊ ဝမ်းမြောက်ဂုဏ်ယူသံများ
ထွက်ပေါ်လာကြပါသည်။
" နတ်ဖတ်တဲ့စုံတွဲပဲ.... သတို့သမီးလေးကလှရက်လိုက်တာ "
" သတို့သားရယ်..... ခန့်ညားလိုက်တာ "
စသဖြင့် သူတို့နှစ်ယောက်အပေါ်သို့ အာရုံစိုက်နေကြသည်ကို ကြည်နူးကျေနပ်မဆုံးနိုင်အောင်ဖြစ်နေမိပါသည်။ ကင်မရာ သမားများ၏တောင်းဆိုချက်အရ သူနှင့်သူမသည်ဖြည်းညင်းစွာလမ်းလျှောက်လာပြီး မင်္ဂလာကားတံခါးကိုသူကအလျင်အမြန်ဖွင့်ပေးလိုက်သည်။ သူမကားပေါ်သို့ လှပသေသပ်စွာတက်ထိုင်လိုက်ပြီးနောက်မှ သူလည်းကားပေါ်သို့တက်လိုက်ပါသည်။ထို့နောက်သူတို့နစ်ယောက်၏ကားလေးဦးဆောင်၍ အနောက်ဘက်တစ်လျှောက်တွင် ကားတန်းကြီးသည် ကပ်လိုက်လာကြပါတော့သည်။ ဝီလျံမင်းသားနှင့်ကိတ်မစ်ဒယ်တန်တို့၏ ခမ်းနားထည်ဝါမှုနှင့်အပြိုင် သူနှင့်သူမသည်လည်း ကျက်သရေမင်္ဂလာအပေါင်းနင့် ခြံရံလျက်ရှိနေပါသည်။
' ဆေးမှင်ရည်စုပ်ထိုး အိမ်ထောင်ပြုဘုရားတည်' ဟူသော သူ့ဖေဖေဆုံးမဖူးသည့်စကားကိုသူပြန်လည်တွေးတောဆင်ခြင်မိကာ သူမလေးအားတစ်သက်လုံးမခွဲမခွာ ကြင်နာယုယတန်ဖိုးထားပါမည်ဟု သူ့ကိုယ်သူကတိပေးလိုက်မိသည်။ ထိုအသံတိတ်ကတိနှင့်အတူ သူ့နှုတ်ခမ်းများသည် ကျေနပ်စွာပြုံးလျက်ရှိ၏။ သူမလည်းသူ့ကို တစ်စိမ့်စိမ့်ကြည့်နေခြင်းကို သူသတိထားမိပါ၏။ သူသည် သူမကိုချစ်ခင်မြတ်နိုးသကဲ့သို့ သူမသည်လည်း သူ့ကိုတန်ဖိုးထားမြတ်နိုးမည်မှာမလွဲပေ။ သူမနားသယ်စပ်မှ ခွေကျလျက်ရှိသော ဆံနွယ်စလေးများကို ချစ်ခင်မြတ်နိုးစွာ သူငေးမောနေမိလေသည်။
သိပ်မကြာသောအချိန်တွင် မင်္ဂလာခန်းမသို့ ရောက်ရှိခဲ့လေသည်။ မင်္ဂလာခန်းမကြီးသည် ခမ်းနားထည်ဝါစွာဖြင့် ဖိမ့်ဖိမ့်တုန်အောင် စည်ကာ
းသိုက်မြိုက်လျက်ရှိ၏။ အရှိန်အဝါကြီးမားလှသောပြင်ဆင်မှုကြောင့် သူနှင့်သူမ၏ဂုဏ်ရှိန်ထည်ဝါမှုကို အလွယ်တကူမြင်တွေ့နိုင်ပါသည်။ ကားကလေးသည်သိမ့်ခနဲရပ်တန့်သွားသည်နှင့် သူသည်ကားတံခါးကိုဖွင့်ကာ ကားပြင်သို့ထွက်လိုက်သည်။ ထိုအခြင်းအရာကို ကင်မရာအဖွဲ့သည်မလစ်ဟင်းအောင် ရိုက်ကူးနေပါသည်။သူကသူမရှိရာသို့လာကာ ကားတံခါးကိုဖွင့်ပေးလိုက်လျှင်ပဲ ပန်းနုရောင်နတ်သမီးလေးသည် ဖြည်းနှေးစွာဆင်းသက်လာခဲ့ပါသည်။ ပြုံးရိပ်သမ်းနေသောသူမမျက်နှာလေးသည် မျက်လွှာချထားရာမှမျက်လုံးများကိုပင့်၍ သူ့ကိုတမ်းတမက်မောစွာငေးစိုက်ကြည့်လာသောအခါ သူ့ရင်သည်မြင်းရိုင်းတစ်ကောင်၏မိုင်ပေါင်းများစွာပြေးလွှားလာခဲ့ရသော မောပမ်းမှုလိုနိမ့်ချည်မြင့်ချည်ခုန်ပေါက်လှုပ်ရှားလာ၏။
ထို့နောက်မင်္ဂလာအခမ်းအနားစတင်လေသည်။ မင်္ဂလာအဖွင့်သီချင်းများဖြင့် စီစီညံအောင် မြိုင်ဆိုင်နေသောသူတို့နှစ်ယေါက်၏မင်္ဂလာပွဲလေးသည် နှစ်ဘက်မိဘများ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများ စသည်ဖြင့် စည်ကားအသက်ဝင်လျက်ရှိပါသည်။ စိမ်းညို့လင်းနှင့်မွှေးရနံ့တို့ ၏ပျော်ရွှင်မှုသည်လည်း မိုးကုတ်စက်ဝိုင်းတစ်ဖက်သို့ကျော်လွန်၍ မိမိတို့တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသေးသော ကမ္ဘာသစ်ကလေးတစ်ခုသို့ ရောက်ရှိနေသူများလို အံ့သြ
ကြည်နူးနေမိကြပါသည်။
ထိုမျှချစ်ရသော ချစ်သူနှစ်ဦးသည် မည်သည့်အကြောင်းနှင့်မှ ကွဲကွာသွားရန်မဖြစ်နိုင်တော့ဟု ကံကြမ္မာကို ယုံကြည်ထားပါသည်။
💚💚💚💚💚💚
( တစ်ပတ်ခန့်ကြာသော်.....)
စိမ်းညို့လင်းသည် ဒေါသတကြီးဖြင့် သူအစဉ်အမြဲမြတ်နိုးခဲ့ရသော မွှေးရနံ့ ကိုစိုက်ကြည့်နေမိသည်။ သူမမျက်နှာသည် တစ်စုံတစ်ခုကိုဖုံးကွယ်ထားသည့် မလုံမလဲဖြစ်နေသော မျက်နှာထားမျိုးဖြစ်နေပါသည်။
" ရနံ့..... ကိုယ်မေးနေတယ်လေ ၊ အဲ့ဒါဘယ်သူလဲလို့"
" ပြီးရင် ကျွန်မရှင်းပြပါ့မယ် ကို...."
သူယခုကဲ့သို့ စိတ်ဆိုးနေရခြင်းမှာ သူနှင့်သူမနေအိမ်ထိအောင် ရောက်လာသောသူမသိဖူးသည့် လူတစ်ယောက် ကြောင့်ဖြစ်သည်။ ထိုလူသည် သူမအားအလွန်ရင်းနှီးနေသူလို ဆက်ဆံခြင်းကိုသူမကြိုက်ပေ။ သူမနှင့် ထိုလူ၏ပက်သတ်မှုသည် မည်မျှပင် ရင်းနှီးမှုရှိခဲ့သနည်း။
" အော..... မွှေး ဘာမှပြောမထားဘူးလား၊ဘာလဲ မွှေးကလှည်းကျိုးထမ်းခိုင်းတာလား "
ထိုလူသည် ထီမထင်သောမျက်နှာဖြင့် ပြုံးစိစိပြောကာ သူ့ဘက်သို့အထင်တသေးလှမ်းကြည့်၏။ သူတို့နှစ်ယောက်၏ပြောစကားများကို သူဘာတစ်ခုမှနားမလည်ပေ။ လှည်းကျိုးထမ်းခိုင်းတာလားဟူသည့်စကားသည် ဘာကိုဆိုလိုခြင်းလဲ။
" ဒီမယ်...ခင်ဗျားဘာတွေပြောနေတာလဲ.....ပြီးတော့ကျွန်တော့်အမျိုးသမီးကိုအခုလိုရင်းရင်းနှီးနှီးဆက်ဆံနေတာကျွန်တော်မကြိုက်ဘူး "
" ကိုထူးရတု.... ရှင်ဘာတွေပြောနေတာလဲ "
" အဟား ဟားဟား.... "
သူ့စကားကို ကြားကြားချင်း ထူးရတုသည် ကျယ်လောင်စူးရှစွာ အော်ဟစ်ရယ်မောနေရင်း သူ့ကိုသနားစရာသတ္တဝါတစ်ကောင်လို ကြည့်လေ၏။
" မင်းပြောသလိုပါပဲ.... အခုမင်းအမျိုးသမီးဖြစ်နေတဲ့မွှေးက တစ်ချိန်ကကိုယ့်အမျိုးသမီးဖြစ်ခဲ့ဖူးပါတယ် "
" ဘာ... "
နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ခံလိုက်ရသလို သူ့ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။ သူသည် အံ့သြမယုံကြည်နိုင်ခြင်းနှင့်အတူ သူမကိုကြည့်လိုက်မိသည်။ သူမသူ့ကိုဘာလို့မကြည့်တာလဲ.... ထိုစကားကို သူမဘာလို့မငြင်းတာလဲ။ သူ့နှလုံးသား၌ နာကျင်စူးရှသွား၏။
" ရနံ့..... အဲ့ဒါအမှန်ပဲလား "
သူ့အသံများတုန်ရီနေသည်။ သူလည်ချောင်းတစ်လျှောက်ခြောက်ကပ်စို့နင့်နေ၏။ သူမမျက်လုံးများသည် ဘာကိုမှငြင်းဆိုခြင်းမရှိပဲ အေးစက်တိတ်ဆိတ်နေခြင်းကို သူအံ့အားတသင့်ကြည့်နေမိ၏။ သူကသူမအနားသို့ တိုးကပ်သွားလိုက်ပြီးသူမပုခုံးများကို ကြမ်းတမ်းစွာလှုပ်ရမ်းပစ်လိုက်သည်။
" ရနံ့..... ကိုယ်မေးနေတယ်လေ၊ အဲ့ဒါတကယ်ပဲလားလို့"
တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းတစ်ခုဖြစ်သည်ဟုသူကြားဖူးပါသည်။ သူမသည်နှုတ်ခမ်းများကိုတင်းတင်းစေ့ထားရုံမျှမကပဲ တင်းမာပြင်းထန်သောမျက်နှာမျိုးဖြင့် ထူးရတုကိုကြည့်နေပါသည်။ သူသည်ပထမဆုံးအကြိမ်သူမကို ရှိန်သွားပါသည်။ နုညံ့ပြေပြစ်သောသမင်မလေးလို အပြစ်ကင်းစင် သောသူမသည်ယခုတော့ သွေးအေးရက်စက်တော့မည့်ကျားမလေးတစ်ကောင်လို တစ်ရွေ့ရွေ့ပြောင်းလဲနေခြင်းကို သူမြင်တွေ့နေရသည်။
" သူ့ကိုမမေးပဲကိုယ့်ကိုမေးရင်မင်းအမှန်တိုင်းပိုသိရတာပေါ့ငါ့ညီ......သူကတစ်ချိန်ကကိုယ်နဲ့လက်ထပ်ခဲ့ဖူးတယ်၊ ကိုယ်သူ့ကိုအရမ်းချစ်လို့တောင်းရမ်းလက်ထပ်ခဲ့တာပါ၊ သူကတော့ကိုယ့်ကိုလုံးဝမချစ်ခဲ့ပါဘူးတဲ့လေ.....ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ၊ကိုယ့်ရဲ့စည်းစိမ်ချမ်းသာတွေ၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာတွေအားလုံးသူ့ကိုပေးပြီးကိုယ်လက်ထပ်ခဲ့တာ....ဒါပေမယ့် သူကကိုယ့်ကိုမချစ်ခဲ့ဘူးဆိုတဲ့အကြောင်းပြချက်လေးတစ်ခုထဲနဲ့ ကိုယ့်နောက်ကွယ်မှာ သူကအပျို တစ်ယောက်လို ယောင်္ကျားတွေနဲ့ပက်သတ်နေခဲ့တယ်...
ကိုယ်သိတော့လည်း သူကခပ်တည်တည်ပဲ....သူကိုယ့်ကိုလက်ထပ်ခဲ့တာချစ်လို့မဟုတ်ဘူးလေတဲ့ဒါကြောင့်သူဘယ်သူ့ကိုမဆိုကြိုက်လိုက်ဖို့ဝန်မလေးဘူးတဲ့ ....သိပ်ကြောက်စရာကောင်းတဲ့မိန်းမ ငါ့ညီရ..... မင်းလည်းသတိထားပေါ့ ....ကိုယ်နိုင်ငံခြားကပြန်လာလာချင်းသူ့သတင်းကြားလို့ လာနှုတ်ဆက်တာပါ...ညီ့ကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့ရင် ဆောရီးပါ "
သူ့ခြေသလုံးများယိုင်နဲ့လာသောကြောင့် ဘေးတွင်ရှိသော ဆိုဖာပေါ်သို့သူခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ သူသည်အိပ်မက်ဆိုးကြီးတစ်ခုကိုမက်နေရသူလို မနိုးထနိုင်ပဲ တဝဲလည်လည်ဖြစ်နေရပါသည်။
" ဘာလဲ..... ကိုထူးရတု ရှင်က ကျွန်မတို့အဆင်ပြေနေတာကို မနာလိုလို့ပွဲလာဖျက်တဲ့သဘောလား "
သူမနှုတ်ခမ်းမှ ချို သာသောစကားသံများကိုသာကြားဖူးခဲ့သောကြောင့် သူမယခုလိုခက်ထန်စွာပြောလိုက်သောခဏဝယ် သူကြောင်အစွာငေးမိသွားသည်။
" အဟက်..... ကိုယ်ကဘာလို့မနာလိုရမှာလဲ မွှေးရယ်....."
" ဒါဆို ဘာလို့ဒီလိုအချိန်ဒီလိုနေရာမှာ.... အချိန်ကိုက်ရှင်ရောက်လာခဲ့ရတာလဲ.... ရှင်ကျွန်မကိုသက်သက်အရှက်ခွဲချင်လို့လာနှောက်ယှက်တာမလား ကိုထူးရတု "
ထူးရတုသည် ပုခုံးကိုဆတ်ခနဲတွန့်လိုက်လေ၏။ သူမမျက်လုံးများသည် ထူးဆန်းစွာနာကျင်မုန်းတီးနေသည့်အရိပ်အယောင်များကိုမြင်တွေ့နေရပါသည်။
" မင်းထင်ချင်သလိုထင်လေ.....ကိုယ်မတတ်နိုင်ဘူး၊ တကယ်တော့မင်းအခုလိုကိုယ့်ကိုမုန်းနေစရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ကိုယ်ကမှအမှန်အကန်ဆုံးရှူံးခဲ့ရတဲ့သူမလို့ပဲ၊ ကိုယ်မင်းကိုကွာရှင်းတုန်းက ကိုယ့်ပိုက်ဆံတွေပိုင်ဆိုင်မှုတွေအများကြီးကိုမင်းလက်ထိုးအပ်ခဲ့ရလို့လေ အဟက်ဟက် "
" တောက်! ရှင်အခုချက်ချင်းထွက်သွားတော့ထူးရတု.... ရှင်ဟာကျွန်မဘဝမှာအမုန်းရဆုံးလူတစ်ယောက်ပဲဆိုတာရှင်မြဲမြဲမှတ်ထား"
သူမက ထူးရတု၏ရင်ဘတ်ကို အားဖြင့်စောင့်တွန်းကာပြောလိုက်ခြင်းဖြစ်သည်။
" အောင်မာ....မင်းကိုယ့်ကိုမောင်းထုတ်စရာမလိုဘူး မွှေးရနံ့ ၊ ကိုယ်သွားမှာပါ၊ကိုယ်ကမင်းရဲ့အမျိုးသားအသစ်လေးကို မင်းအကြောင်းလေးတွေသိစေချင်လို့လာပြောပြပေးတာပါ...အဟားဟား...
ငါ့ညီရေ မင်းလည်းကြပ်ကြပ်သတိထားနေနော် သူမင်းကိုလက်ထပ်တာချစ်လို့ဟုတ်ချင်မှဟုတ်လိမ့်မယ် ဟားဟား.....ကဲ ကိုယ်သွားပြီ "
ထို့နောက် ထူးရတုသည် လျင်မြန်သောခြေလှမ်းကြဲများဖြင့် ထွက်ခွာသွားခဲ့လေသည်။ တောင့်တင်းစွာ ရပ်ငေးလျက်ရှိသော သူမသည်ပူလောင်ပြင်းပြသော ဝေဒနာတစ်ခုဖြင့် သူ့ဘက်သို့လှည့်လိုက်ပါသည်။ သူ့မျက်လုံးများသည် မျက်ရည်များဝဲနေပြီး အံကိုတင်းတင်းကြိတ်ထားမိသည်။
💜💜💜💜💜💜
" မင်းကိုယ့်ကိုဘာလို့မပြောခဲ့တာလဲ.... ဟင်....ပြောစမ်း၊ မင်းကိုကိုယ်ကအင်မတန်အဖိုးတန်တဲ့ရတနာတစ်ခုလို့ထင်နေခဲ့တာ...... အခုတော့.... တောက်! .....ကဲကွာ....."
ဖြောင်း ခနဲမည်သောအသံနှင့်အတူ သူမပါးပြင်နုနုလေးပေါ်သို့ ကျရောက်လာသောသူ၏ရိုက်ချက်ကြောင့် သူမမူးမေ့တော့မတတ် စပ်ဖျဉ်းနာကျင်သွားရသည်။ နှုတ်ခမ်းထောင့်မှ သွေးစများဖျာကျလာလေသည်။ ထိုသွေးစများကို ခပ်ကြမ်းကြမ်းလက်ဖြင့်ပွတ်သုတ်လိုက်သော သူမသဏ္ဍာန်သည် သူ့အတွက်ဒေါသသွေးများပို၍ဆူလာစေသည်ကိုသူမသိမည်မဟုတ်ချေ။
သူသည် တစ်ချိန်ကသူ မတို့ရက်မထိရက်အောင် မြတ်နိုးကြင်နာရသောသူမပါးပြင်လေးအားအားပြင်းပြင်းဖြင့်ရိုက်လိုက်မိခြင်းကြောင့် စိတ်မကောင်းဖြစ်သွားမိသည်။ သို့သော်လည်း သူ့ကိုလိမ်ညာလှည့်စားရက်သော သူမအကြောင်းကိုတွေးမိလေလေ သူ့ဒေါသတို့ပိုဆူလေလေဖြစ်နေရသည်။
" ကျွန်မဘယ်လိုပြောရက်မှာလဲ ကို ရယ်၊ ကို...ကျွန်မကိုဘယ်လောက်ထိချစ်တယ်ဆိုတာကျွန်မသိတယ်လေ.....ကျွန်မလည်းကိုယ့်တစ်ယောက်ထဲကိုပဲ ချစ်ခဲ့မိတာပါကိုရယ်...ကျွန်မသစ္စာဆိုရဲပါတယ်"
" တိတ်စမ်း! မွှေးရနံ့..... မင်းကိုယ့်ကိုလိမ်တယ်ညာတယ်၊ ကိုယ့်ရဲ့ရိုးသားမှုကိုမင်းလွယ်လွယ်လေး စော်ကားလိုက်တယ် "
သူမခြောက်ချားတုန်ယင်စွာ ခေါင်းရမ်းငြင်းဆန်လိုက်သော်လည်း သူ့နာကျင်မှုတို့လျော့ပါးမသွားခဲ့ပေ။ သူသည်သူ့အဖြစ်ကိုသူ ရှက်ရွံ့ နာကျင်မိပါသည်။ ထိုအကြောင်းအရာများအားလုံးကို သူ့မိဘများ သူ့အသိုင်းအဝိုင်းများသိသွားလျှင် သူတို့နှစ်ယောက်ဘဝရှေ့ဆက်၍ရတော့မည်မဟုတ်ပေ။ သူသေချင်လောက်အောင် စိတ်ညစ်နေမိသည်။
" ကို.... ကျွန်မတောင်းပန်ပါတယ်..... ကိုရယ်....ကျွန်မကိုခွင့်လွှတ်ပါနော် "
" ခွင့်မလွှတ်နိုင်ဘူး.... မွှေးရနံ့..... မင်းကိုကိုယ်စိတ်နာတယ် "
သူ့မျက်လုံးများသည် နီရဲစိုစွတ်ကာ တောက်ပစူးရှနေ၏။ သူ့နှလုံးခုန်သံများသည် ဆူညံခုန်ပေါက်နေသည်။ သူ့နှုတ်ခမ်းများကတော့ တင်းကျပ်ပိတ်လှောင်ကာ သူမကိုနစ်နာသောစကားများပြောပစ်ချင်နေခဲ့သည်။
" ကျွန်မလည်း လူတစ်ယောက်ပဲ...ကျွန်မချစ်တဲ့သူကိုချစ်တယ်လို့ပြောပြီးမချစ်တဲ့သူကိုမချစ်ဘူးလို့ငြင်းရဲရမှာပေါ့..... ကျွန်မမချစ်တဲ့လူတစ်ယောက်ကိုယူခဲ့မိပြီးအဲ့ဒီလူတစ်ယောက်အနားမှာနေခဲ့ရတုန်းက ကျွန်မဘယ်လောက်တောင်ငရဲခံခဲ့ရသလဲဆိုတာ ကျွန်မကိုဘယ်သူမှကိုယ်ချင်းစာပေးမယ်မထင်ပါဘူး၊ ဟုတ်တယ်မလား ကို..."
" ကျွတ်စ်..... ကိုယ်တစ်ယောက်ထဲနေချင်တယ်၊ ကိုယ်မင်းအသံကိုလည်းမကြားချင်ဘူး မွှေးရနံ့..... ကိုယ့်အနားကထွက်သွားပေးပါ "
သူကသူမအား အော်ဟစ်ကာပြောလိုက်လေသည်။ ထိုအခါသူမသည် သူ့ကိုတွေဝေစွာငေးကြည့်နေပြီးနောက် သူ့အနားမှထွက်ခွာသွားခဲ့လေသည်။ သူ့ရင်ထဲတွင် နက်ရှိုင်းစွာနာကျင်နေသောခံစားချက်သည် သူ့ကိုလေးလံထိုင်းမှိုင်းစေပါသည်။
သူမအားအပြစ်ကင်းစင်သော မိန်းကလေး တစ်ယောက်ဟုသူထင်ထားခဲ့မိသည်။ သို့သော် သူမသည်သူထင်သလို မဟုတ်ပဲ ကြီးမားသောအပြစ်ကို ကျူးလွန်ထားခဲ့သူတစ်ယောက်ဖြစ်နေပါသည်။
ဤသို့ဖြင့် သူနှင့်သူမသည် တစ်လလောက်အဆက်အသွယ်ပျက်နေခဲ့ကြပါသည်။ သူသည် သူမအားဆက်သွယ်လိုစိတ်မရှိခဲ့ပါ။ သူမကိုသူ စိတ်ပျက်မိသည်။ သူတစ်ယောက်ထဲသာပိုင်သည်ဟု ကြွေးကြော်မည့်ဆဲဆဲတွင် သူ့အရင်ပိုင်ဆိုင်သူတစ်ယောကိရှိနေခဲ့ခြင်းသည်......အိုး..... သွားစမ်းကွာ....မတွေးနဲ့တော့ စိမ်းညို့လင်း။
သူ့နှုတ်ခမ်းများကို ခပ်တင်းတင်းစေ့ပိတ်ထားလိုက်၏။ သူမကို သူတတ်နိုင်သလောက်မေ့ပစ်လိုက်တော့မည်။ ဖူးစာပါသော်လည်း ရေစက်နည်းခဲ့သော သူတို့နှစ်ယောက်၏ကံတရားကိုသာသူကျိန်ဆဲလိုက်ချင်သည်။ ကံဆိုသည်မှာ မိမိကိုယ်တိုင်ဖန်တီးသည်ဆိုခြင်းကိုတော့ သူမေ့လျော့နေခဲ့ပါသည်။
သူသည် ကားကိုကျွမ်းကျင်စွာမောင်းလာရင်း သူ့မြင်ကွင်းထဲသို့တိုးဝင်လာသော အရာတစ်ခုကြောင့် ကားကိုရပ်လိုက်ရသည်။ ကားများဥဒဟိုသွားလာနေသော လမ်းမလယ်ခေါင်တွင် အရုပ်တစ်ရုပ်လို ရပ်နေသောသူမကြောင့်ဖြစ်သည်။ သူမဘာလုပ်နေတာလဲ....။ ဘုရားရေ....သူမသတ်သေဖို့ကြိုးစားနေတာလား။
သူမသည် ကားများ၏ရှေ့တွင်ပိတ်ရပ်ကာ သူမကိုယ်သူမသေကြောင်းကြံစည်နေခြင်းဖြစ်သည်။ ဘုရား ဘုရားသူမဘာမှမဖြစ်ပါစေနဲ့....သူအမြန်ကယ်မှဖြစ်တော့မည်။ သူမမျက်လုံးများကိုမှိတ်ထားသည်။
သူကားပေါ်မှအလျင်အမြန်ဆင်းလိုက်၏။ ကားများသည် သူမရှေ့တွင်ရပ်ကာ ဟွန်းများတတီတီလျက်ရှိသည်။ သူကသူမအနားသို့ ရောက်သွားခြင်းသည် အလွန်လျင်မြန်လှသည်။
" မွှေးရနံ့...... မွှေးရနံ့ ၊ မင်းဘာလုပ်နေတာလဲ....အခုချက်ချင်းကိုယ်နဲ့လိုက်ခဲ့"
သူ့အသံကိုကြားသောအခါ သူမမျက်လုံးများပွင့်လာသည်။ သူမမျက်လုံးများသည် မျက်ရည်များပြည့်အိုင်နေပြီး သူမနှုတ်ခမ်းများကဝမ်းနည်းမှုကြောင့်တဆတ်ဆတ်တုန်ယင်နေသည်။ သူ သူမကိုသနားသွားမိသည်။
" ဟင့်အင်း.... ကျွန်မသေပါရစေတော့၊ ကျွန်မကိုထားခဲ့ပါ"
" တီ..တီ..တီ..တီ"
" ရူးနေလား မွှေးရနံ့..... မင်းမသေရဘူး၊လာခဲ့ပါ ကိုယ်နဲ့လိုက်ခဲ့....ကိုယ်မင်းနဲ့စကားပြောစရာရှိတယ်"
" တော်ပြီ....မလိုက်ဘူး၊ ရှင်ကျွန်မကိုမုန်းသွားပြီမလား၊ ကျွန်မကရှင်ထင်သလိုဖြူစင်တဲ့မိန်းကလေးတစ်ယောက်မဟုတ်ခဲ့ဘူးလေ၊ရှင့်ကိုကျွန်မဖုံးကွယ်ခဲ့မိတယ်လေ....ကျွန်မကလူယုတ်မာတစ်ယောက်မဟုတ်လား....ရှင်မချစ်တော့တဲ့ဘဝမှာကျွန်မအသက်မရှင်ပါရစေနဲ့တော့ ကိုစိမ်းညို့လင်း "
သူခေါင်းကိုခါရမ်းလိုက်သည်။ သူသည် သူမမရှိတော့မည့်ဘဝကို အတွေးဖြင့်ပင်ငြင်းဆိုလိုက်ပြီး သူမမျက်နှာအား အရူးအမူးငေးကြည့်လိုက်သည်။ နာကျင်ဝမ်းနည်းနေသောသူမသည် သူ့အကြည့်များကိုလည်း ဂရုမစိုက်တော့ပေ။
" တီ..တီ..တီ..တီ"
" လာပါ....ရနံ့ရယ်၊ လိမ္မာပါတယ်နော်...ကိုယ်နဲ့လိုက်ခဲ့ပါ၊ လူတွေဝိုင်းကြည့်နေကြပြီ မင်းမရှက်ဘူးလား"
သူမခေါင်းမှဆံနွယ်ထူထူများကို သူကလက်ဖြင့်သပ်တင်ပေးနေရင်း ချော့မော့ဖျောင်းဖျနေမိသည်။ သူ့ကိုယ်သူလည်းအံ့သြမိပါသည်။ သူဘာကြောင့်သူမကိုမုန်းနေသည့်စိတ်တို့မရှိရတာလဲ။ သူမကိုခွင့်မလွှတ်နိုင်အောင် ဒေါသမီးတို့တောက်လောင်နေခြင်းတို့ရှိမနေပဲ သူ့စိတ်တို့သည်ပုံမှန်လည်ပတ်နေခဲ့လေပြီ။ အချစ်သည် အရာရာကိုမေ့ပစ်နိုင်စွမ်းသည်လား....ချစ်တယ်...ရနံ့ ရယ်........
" ကျွန်မကိုရှင်သိပ်ရွံရှာနေမှာပေါ့နော်....တကယ်တော့ကျွန်မရှင်တစ်ယောက်ထဲကိုပဲချစ်ခဲ့တာပါ....ကျွန်မဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ရှင့်ကိုပဲချစ်ခဲ့မိတာပါ"
"တီ..တီ..တီ..တီ"
" ဟေး..... ရုပ်ရှင်ရိုက်နေကြတာလား၊ လမ်းလည်ခေါင်မှာဘာဖြစ်နေကြတာလဲ....ရဲတိုင်လိုက်ရမလား..... "
" ပွမ်.... ပွမ်.... ပွမ်"
"မြင်လားရနံ့......ကိုယ်တို့ကိုလူတွေအော်နေကြပြီ... ရှက်စရာကြီးလာပါကွာ....သွားရအောင်နော် "
ဂရုဏာကြီးသော သူ့အကြည့်များကို သူမအံ့သြမှင်သက်နေမိသည်။
" ကျွန်မကိုထားခဲ့ပါ.....ကျွန်မရှင်မချစ်တော့တဲ့ဘဝမှာ....."
" ကိုယ်မင်းကိုအရမ်းချစ်တယ်ရနံ့.....အရင်ကလည်းချစ်ခဲ့တယ်....အခုလည်းချစ်တယ်...နောက်လည်းမင်းတစ်ယောက်ထဲကိုပဲချစ်နေမိဦးမှာ......ကဲရှင်းပြီလား "
သူမမျက်ရည်များကို သုတ်လိုက်လေသည်။ထို့နောက်သူမနှုတ်ခမ်းများပြုံးလာလေသည်။ သူမသည် သူ့အချစ်ကြောင့်ပြန်လည် လန်းဆန်းဖူးပွင့်လာသောပန်းကလေးနှင့် တူချေတော့သည်။
" တကယ်နော်...ဘယ်တော့မှ မမုန်းရဘူးနော်"
သူခေါင်းညိတ်လိုက်၏။ ထို့နောက်သူမပုခုံးကိုဖက်လိုက်သည်။ ဤကမ္ဘာလောကကြီးထဲတွင် သူတို့နှစ်ယောက်သာရှိတော့သလို။
သူတို့နှစ်ယောက်ကိုစောင့်နေသော ကားများရှေ့မှ ထွက်လာခဲ့ပါသည်။
တကယ်တော့ အချစ်သည်အင်မတန်ရိုးရှင်းပါသည်။ အချစ်သည် အတိတ်မှအမှားများကိုမေ့ပျောက်ပစ်နိုင်စွမ်းရှိရမည်။ မိမိချစ်ရသောသူအား ပြင်ဆင်မရတော့သည့်အမှားတစ်ခုကြောင့် ထားရစ်ခဲ့မည်လား။ ပစ္စုပ္ပန်သာအရေးကြီးသော မျက်မှောက်ခေတ်၌ အတိတ်မှအမှားကို အပြစ်ဖွဲ့ကာ မိမိချစ်ရသော သူတစ်ယောက်အား မနာကျင်စေမိပါနှင့်။ ခွင့်လွှတ်တတ်သောနှလုံးသားသည် ဆိတ်ငြိမ်အေးချမ်းလှပါသည်။
သူသည် သူ့ရင်နှင့်အမျှချစ်ရသော သူမအား ငြိုငြင်မိခဲ့ခြင်းကို နောင်တရမိပါသည်။ သူသည်သူမကိုချစ်သကဲ့သို့သူမလည်းသူ့ကိုချစ်သည်မဟုတ်လား။ ဒါဆိုပြီးပြီပေါ့....
ထို့ကြောင့် သူမကို ခွင့်လွှတ်လိုက်ပါသည်။
ယခုသူနှင့်သူမသည် အရင်လိုပင် အလွန်ချစ်ခင်ကြင်နာသော စုံတွဲလေးတစ်တွဲအဖြစ်မြင်တွေ့ရမည်ဖြစ်သည်။ ရင်ခုန်နှစ်သက်ခြင်းများဖြင့် ဖွဲ့စည်းထားသော သူတို့နှစ်ယောက်၏ နှလုံးအိမ်လေးသည် သံမဏိကဲ့သို့ ခိုင်မာလွန်းသောကြောင့် မည်သူဖျက်ဖျက်ပျက်တော့မည်မဟုတ်ချေ။
ချစ်သည်...... စိမ်းညို့လင်းသည် မွှေးရနံ့ အားရင်ခုန်မူးမိုက်စွာချစ်ခင်မြတ်နိုးရပါသည်။
နှင်းဆီဖြူလေး
4.6.2020
Be the first to know and let us send you an email when Hnin Si Phyu Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Want your business to be the top-listed Media Company?