23/08/2023
ကလေးမြို့မှာ ဓားပြတိုက်မှုတွေခပ်စိတ်စိတ်ဖြစ်လာ
စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ အခုရက်ပိုင်းတွင်း ဓားပြတိုက်မှုတွေခပ်စိတ်စိတ်ဖြစ်နေတာကြောင့် ဒေသခံတွေအကြားစိုးရိမ်မှုတွေရှိလာနေတယ်လို့ မြို့ခံတွေကပြောကြပါတယ်။
ဩဂုတ်လ ၁၉ရက်နေ့ကစပြီး၂၁ရက်နေ့ညနေပိုင်းအထိကလေးမြို့အ ရှေ့ပိုင်းရပ်ကွက် တွေဖြစ်တဲ့အောင်သစ္စာနှင့်အောင်မင်္ဂလာရပ်ကွက်မှာ ဓားပြတိုက်မှု ၅ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။
ဓားပြတိုက်သူတွေဟာ လမ်းမကြောင်းပေါ်မှာတားတိုက်တာ၊အိမ်တွေထဲထိဝင်တိုက်တာတွေပြုလုပ်နေတာလို့ မြို့ခံတွေကပြောပါတယ်။
ဓားပြတိုက်တဲ့သူတွေမှာ လက်နက်တွေ၊ဗုံးတွေပါတယ်လို့သိရပြီး အချို့ကဓားထောက်တာတွေလည်းရှိပြီး ကား၂စီးနဲ့အိမ်တွေထဲဝင်တိုက်တာရှိသလို ဆိုင်ကယ်နဲ့လာပြီးအိမ်ထဲဝင်တိုက်တာတွေရှိတယ်လို့ ဆိုကြပါတယ်။
ဓားပြးတိုက်ခံရတဲ့ဖြစ်စဉ်တွေကတော့မဟာသံသာရုံဘုန်းကြီးကျောင်းရှေ့က မင်းရဲကျော်စွာလမ်းမပေါ်မှာတစ်ကြိမ်၊ဘုရင့်နောင်လမ်းမပေါ်က မနု၊မပေါက်ကုန်စုံဆိုင်၊စကားလှတောင်ဘက်ဂရုဏာရုံးမျက်စောင်းထိုးကအမျိုးသမီးတွေနေတဲ့အိမ်၊ဒေါ်အေး(၂)မုန့်တီဆိုင်လမ်းကြားကနေအိမ်၊ဒကစအနီးကဖြိုးဖြိုးကြွယ်ကုန်စုံဆိုင်တွေဖြစ်တယ်လို့သိရပါတယ်။
ဓားပြတိုက်ခိုက်ရတဲ့ နေအိမ်အချို့ကိုဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိကြသလို မည်မျှပါသွားကြောင်းလည်းပြောဆိုတာတွေမရှိပါဘူး။
ဓားပြတိုက်မှုတွေဆက်တိုက်ဖြစ်ပေါ်လာတဲ့အပေါ်ကကလေးမြို့ခံတစ်ဦးက"မြို့ခံတွေကတော့စိုးရိမ်ကြတာပေါ့။လမ်းမပေါ်တွေကစ ဓားပြတိုက်တယ်။အိမ်ထဲတွေဝင်တိုက်တယ်။ကိုယ့်ရှိတဲ့ပစ္စည်းဥစ္စာတောင်စိတ်မချကြရဘူး။"လို့ပြောပါတယ်။
ဓားပြတိုက်တဲ့အမှုတွေ ဆက်တိုက်ဖြစ်လာတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က စစ်ဆေးဖမ်းဆီးစောင့်ကြည့်အ ရေးယူတာတွေမရှိသလို့ ဓားပြတိုက်ခံရတဲ့နေအိမ်တွေကလည်း တိုင်ကြားတာတွေမရှိကြဘူးလို့သိရပါတယ်။
"နေ့ခင်းကြီးဓားပြတိုက်တာစဉ်းစားကြည့်ဗျာ။ကျနော်တို့Pdfတွေကမြို့ထဲကို ကားနဲ့ဝင်လို့ရပါ့မလား။သူတို့ပးအချင်းချင်းပဲရိုက်စားလုပ်နေကြတာ။တိုက်ခံရတဲ့နေအိမ်အများစုကလည်းသုဌေးအိမ်တွေချည်းပဲ။"လို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အဲ့ဒီဓားပြတိုက်တဲ့အဖွဲ့တွေဟာ စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့တွေဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကပြောဆိုပေမဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။