26/04/2024
On the Genealogy of Morality အား နားလည်သဘောပေါက်ခြင်း
----------------------------------------------------------------
နိချဟာ သူ့ရဲ့ "On the Genealogy of Morality" စာအုပ်မှာတော့ သူရှင်သန်နေထိုင်ခဲ့တဲ့ကာလအတွင်းအပြင် အရှေ့မှာဖြစ်ပေါ်ခဲ့တဲ့ ရှေးရိုးစွဲခရစ်ယာန်အယူဝါဒကြီးစိုးခဲ့တဲ့လူ့အဖွဲ့အစည်းရဲ့ ရှေးရိုးဆန်တဲ့ ရိုးရာဆန်ဆန် ကိုယ်ကျင့်တရားနဲ့ ထိုခေတ်အတွင်းမှာရှိတဲ့လူ့အဖွဲ့အစည်းအတွင်းမှ လူမှုကျင့်ဝတ်နှင့် လူတို့ပြုမူသဘောထားကြပုံများအား သရော်လှောင်ပြောင်ကာ ချေပတွန်းလှန်သော သူ့အယူအဆများစွာကို ရေးသားဖော်ပြခဲ့ပါတယ်။
နိချရဲ့ ကိုယ်ကျင့်တရားဆိုင်ရာဆင့်ကဲကျင့်သုံးပုံ၏ သမိုင်းဝင်ဇာစ်မြစ်များအားလေ့လာခြင်းဖြင့် စာဖတ်သူများရဲ့ စိတ်ထဲမှာ ကာလကြာရှည်စွာကိန်းအောင်းနေတဲ့ မွန်မြတ်ခြင်းနှင့် နိမ့်ပါးသိက္ခာမဲ့ခြင်း၊ Power Dynamics နှင့် လူတို့သတ်မှတ်ပြဌာန်းထားသော ကိုယ်ကျင့်တရားစံနှုန်းများနှင့်တိုင်းတာရာတွင် ရင်ဆိုင်ပွတ်တိုက်လေ့ရှိသော တစ်ဦးချင်းကိုယ်စားပြုမှုအခန်းကဏ္ဍများနှင့် ပတ်သက်၍ စာဖတ်သူများကို များစွာသော အတွေးများနှင့် သုံးသပ်မှုမေးခွန်းများဖြစ်စေမယ်လို့ ယူဆပါတယ်။
နိချရဲ့ ကျော်ကြားတဲ့ ငြင်းဆိုချက်တစ်ခုမှာ လူတို့နေ့စဥ်ကျင့်သုံး၍ လူတစ်ယောက်နဲ့တစ်ယောက်အား ဝေဖန်ကောက်ချက်ချရာတွင်အသုံးပြုသော "အကောင်းအဆိုး၊ မွန်မြတ်ခြင်းနှင့် နိမ့်ပါးသိက္ခာမဲ့ခြင်း" ကဲ့သို့သော အယူအဆများမှာ ပုံသေအမှန်တရားမဟုတ်ဘဲ ၎င်းတို့ဖြတ်သန်းနေထိုင်ကြီးပြင်းလာခဲ့ရသော လူ့အဖွဲ့အစည်းရဲ့ သမိုင်းဆိုင်ရာယဥ်ကျေးမှုနဲ့ စံနှုန်းများ၏ ပြယုဂ်တစ်ခုသာဖြစ်တယ် လို့ သူကဆိုပါတယ်။
သူကတစ်ဆက်တည်းမှာပဲ "စည်းမျဥ်းအာဏာသက်ရောက်သော မည်သည့်နေရာ၌မဆို တစ်ဦးတစ်ယောက်၏ဆန္ဒသည် လစ်လျူရှုစရာခြွင်းချက်ဖြစ်ပြီး အခြားသောတစ်ဘက်မှာ စည်းမျဥ်းနဲ့လွှမ်းမိုးချုပ်ကိုင်မှုသာဖြစ်သည်။" ဟု လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားတည်ဆောက်ရာတွင် ပျံနှံ့နေသော ပါဝါဒိုင်းနမစ် ၏ သဘောတရားကို မီးမောင်းထိုးပြထားသည်။ (Essay-1,Section-2)
၎င်းဆိုလိုရင်း၏ အတွင်းသဘောသည် လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာဝေဖန်အပြစ်တင်မှုများ၏နောက်ကွယ်တွင်ရှိသော သဘောတရားများ၏ အကြောင်းအရာများကို သဘောပေါက်နားလည်ရန်နှင့် တစ်ဦးချင်းစီ၏ ကြီးပြင်းနေထိုင်ရာပတ်ဝန်းကျင်ပေါ်လိုက်၍ကိန်းအောင်းနေသော မွေးရာပါအတွင်းစိတ်သဘော၏ ကိုယ်ကျင့်တရားစံနှုန်းများကို သတိပြုမိရန် အသိပေးပေသည်။
နိချ၏ "Slave-Revolt in Morality" ဆိုသော ခွဲခြမ်းစိတ်ဖြာမှုသည် ထိုခေတ်က ဂျူး-ခရစ်ယာန်လူ့အဖွဲ့အစည်း၏ ဘာသာတရားဆိုင်ရာ ကျင့်ဝတ်များနှင့် ဘာသာတရား၏အဆုံးအမဟူသော စည်းမျဥ်းတင်းကြပ်နေထိုင်ခြင်း ပညတ်များ၏ မူလဇာစ်မြစ်နှင့် ၎င်းတို့၏ လူ့စိတ်သဘောတရားအပေါ်သက်ရောက်မှုကို ရည်ညွှန်းဖော်ပြထားသည်။ သူက ရိုးရာယဥ်ကျေးမှုကိုယ်ကျင့်တရားဟူသည် အရှေ့ခေတ်က လူတွေအား သနားစရာသတ္တဝါအဖြစ်၊ ၎င်းတို့ထက်နိမ့်ကျသောဖြစ်တည်မှုများအဖြစ် သနားညှာတာဟန်ဆောင်ပြီး ခွဲခြားဖိနှိပ်ဆက်ဆံတတ်သော မင်းမျိုးမင်းနွယ်များ၏ "အရှင်သခင်ကိုယ်ကျင့်တရား" များအား ဆန့်ကျင်တော်လှန်သောအနေဖြင့် ဖော်ထုတ်ကျင့်သုံးလာခဲ့ဟန်ရှိသည် ဟု ယူဆသည်။
နိချက "တစ်ယောက်သောသူ၏ ကောင်းကျိုးမင်္ဂလာသည် အခြားသူအတွက် ယုတ်ညံ့ခြင်းအမင်္ဂလာဖြစ်သကဲ့သို့ သူချမ်းသာ၏ အဖိုးထိုက်ရတနာသည် သူဆင်းရဲအတွက် ကျိန်စာသာဖြစ်သည်" ဟု ရေးသားဖော်ပြပြီး တုယှဥ်ပြိုင်ဆိုင်ခြင်းကြောင့်ဖြစ်ပေါ်လာသော လူတွေကြားက ကိုယ်ကျင့်သိက္ခာရှုထောင့်အရ မွေးရာပါ ပဋိပက္ခများကို မီးမောင်းထိုးပြထားလေသည်။ (Essay-1,Section-10)
၎င်းအပြင် နိချရဲ့ "Will to Power" အယူအဆသည်လည်း လူတစ်ဦးချင်းစီရဲ့ ဆန္ဒနဲ့ လိုအင်ကို အသိအမှတ်ပြု ဆင်ခြင်ပြီး ကိုယ့်အတွက်၊ ကိုယ့်အတ္တကို အကောင်အထည်ဖော်ရန်အတွက် အဆုံးစွန်သော အားထုတ်မှုကိုပြုလုပ်ပြီး အရယူရန်ဆိုသည့်အယူအဆဖြစ်သည်။ ဤအတွေးသည် တစ်ဦးချင်းစီရဲ့ ပန်းတိုင်နှင့် ရည်မှန်းချက်ကိုအရယူနိုင်ရန်ဖြစ်ပြီး ထိုသို့အရယူရန်အတွက် ကိုယ့်ကိုယ်ကို ကတိကဝတ်ခံပြီး ကြိုးစားအားထုတ်ရန်အတွက် underlying motivations သာဖြစ်သည်။
သို့သော် တပြိုင်တည်းမှာပဲ နိချက ထိုသို့ အားထုတ်ရည်မှန်းရာတွင် "Will to power" အယူအဆ၏ ကောင်းကျိုးဆိုးပြစ်များကို နားလည်သဘောပေါက်ဖို့လည်း သတိပေးခဲ့သည်။ ဆိုလိုရင်းမှာ အကျိုးရလဒ်အနေဖြင့် တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဆန်းသစ်တီထွင်တွေးခေါ်နိုင်မှု၊ အဆုံးစွန်သောပုံသဏ္ဍာန် နှင့် နက်ရှိုင်းကြီးမြတ်ခြင်းတို့ကို ခံစားနိုင်သော်လည်း သဘောပေါက်လွဲမှားမှုနှင့် ကိုယ့်ကိုယ်ကိုဆန်းစစ်သုံးသပ်မှု ပျောက်ဆုံးပါက လွှမ်းမိုးချုပ်ကိုင်လိုခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် နတ္ထိကအယူအဆကဲ့သို့သော အခြေအနေများအထိရောက်ရှိနိုင်ကြောင်းကိုလည်း သတိပေးလေသည်။
ဤသို့သော ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း၊ ကိုယ့်အတ္တကိုယ်နားလည်သဘောပေါက်ခြင်းနှင့် တာဝန်ယူမှုတာဝန်ခံမှု အယူအဆများသည် နိချနှင့်မရှေးမနှောင်းတွင် ပေါ်ပေါက်ခဲ့ဖူးသည့် ဂျာမန်အတွေးအခေါ်ပညာရှင် Max Stirner (1806-1856) ၏ "Unique One" (or) "Egoism" အယူအဆနှင့်အတော်လေးဆင်တူသည်။ အထူးသဖြင့် - ပါဝါလွှမ်းမိုးလိုသောဆန္ဒရှိခြင်းမှ လွဲရင် အများစုသောအယူအဆများသည် ဆင်တူသည့်သဘောရှိသည်။ Max Stirner ကမူ တစ်ဦးပေါ်တစ်ဦး လွှမ်းမိုးချုပ်ကိုင်မှုအားလုံး (နိုင်ငံတော်၊ အစိုးရအပါအဝင်) ကို ငြင်ဆန်လေသည်။
နိချက တစ်ဆက်တည်း သူ၏ ကိုယ့်ကိုယ်ကိုထိန်းကြောင်းပြုပြင်မှုနှင့် ကိုယ့်ကိုယ်ကိုပြဌာန်းမှုနှင့်ပတ်သက်ပြီး " မြင့်မြတ်တန်ဖိုးကြီးသောလူဟူသည် ကိုယ့်ကိုယ်ကို တန်ဖိုးသတ်မှတ်သူဖြစ်ပြီး ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်ကိုယ်တိုင် ဖန်တီးတည်ဆောက်သူသာဖြစ်သည်။ " ဟု အလေးပေးပြောဆိုလေသည်။ (Essay 3, Section 260).ဤ အယူအဆသည် လူ့အဖွဲ့အစည်းက သမိုင်းစဥ်ဆက်ပြဌာန်းထားသော စံနှုန်းတန်ဖိုးများကိုကျော်လွန်ပြီး ကိုယ့်ရဲ့အတ္တနဲ့ ကိုယ့်အယူအဆကိုဖန်တီးပြုပြင်ဖို့အတွက် လူတို့ကို တွန်းအားပေးတိုက်တွန်းသည့် သဘောမျိုးဖြစ်သည်။
တဖန် နိချ၏ အခေါ်အရ "တန်ဖိုးများပြောင်းလဲသတ်မှတ်ခြင်း အယူအဆ" (transvaluation of values) အရ ကျွန်ုပ်တို့သည် အစဥ်အလာကိုယ်ကျင့်တရားစံနှုန်းများ (Conventional Morality) ကို ကိုယ့်ရဲ့သမာစိတ်အရ မေးခွန်းထုတ် သုံးသပ်သင့်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်အမြင်နဲ့အယူအဆများအရ ပိုပြီး စစ်မှန်သောအတ္တ (Authentically Ego) နှင့် ကိုယ့်ကိုယ် ကိုယ်စားပြုသောဖြစ်တည်မှုအစစ်အမှန် (Self-Directed Existence) ကိုရှာဖွေရန်ဖြစ်ပါတယ်။
ဒါကိုနိချက "ကိုယ့်ရဲ့စစ်မှန်သောဝိသေသလက္ခဏာတွေကို ကိုယ်တိုင်အောင်မြင်စွာဖန်တီးယူဆောင်နိုင်သော တန်ဖိုးအရှိဆုံးလူသားအား ငါ့အနေနဲ့ အမြင့်မြတ်ဆုံးရိုသေမှုနှင့် ဂုဏ်ပြုအပ်ပါသည်။" ဟု ရေးသားပြီး ကြီးကျယ်လွှမ်းမိုးမှုအားကြီးသော လူ့အဖွဲ့အစည်း၏လွှမ်းမိုးမှုစံနှုန်းများကို စိန်ခေါ်ရင်ဆိုင်ဝံ့သူအား ဂုဏ်ပြုရေးသားခဲ့ပါသည်။ (Essay 3, Section 27).
အချုပ်အားဖြင့် နိချ၏ "On the Genealogy of Morality" စာအုပ်သည် လူတို့၏ လွတ်လပ်စွာပြုမူတွေးခေါ်တတ်သော ဥာဏ်ပညာနှင့် သဘောသဘာဝကို လွှမ်းမိုးချုပ်ကိုင်က ကွန့်မြူးတွေးခေါ်တတ်သောသဘောတရားများကိုအကျဥ်းချထားသော ရိုးရာအစဥ်အလာ ကိုယ်ကျင့်တရားစံနှုန်းများ၊ စံသတ်မှတ်ချက်မှုများနှင့် လူတို့ရဲ့ဘောင်ခတ်ပြစ်တင်ရှုံ့ချမှု ကို မေးခွန်းထုတ် ငြင်းပယ်ပြီး ကိုယ့်ဘဝရဲ့စံနှုန်းနှင့် သဘောတရားများကို ကိုယ်ကိုယ်တိုင်ဖန်တီးတည်ဆောက်ပြီး ဘဝ၏အနှစ်သာရအား ကိုယ်တိုင်ဖန်တီးကာ နေထိုင်လက်ခံရန်လှုံ့ဆော်သောစာအုပ်ဖြစ်သည့်အလျောက် စာဖတ်သူ၏ မူလအယူအဆနဲ့ခံယူမှုပေါ်လိုက်ကာ မတူညီသောအမြင်နဲ့ အယူအဆများကိုဖြစ်စေမှာသေချာပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဤစာအုပ်သည် ဒဿနိကဗေဒအားစိတ်ဝင်စားသူ ဘယ်သူမဆိုလေ့လာဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်သည်ဆိုသည်မှာတော့ အသေအချာပင်ပြောဝံ့ပါသည်။
- Hmrd