05/12/2023
စခလေတပ် MAF ကနေ သယ်ယူပို့ဆောင်ရေးလေယာဉ် (utility/transport aircraft) တွေသုံးပြီး ဗုံးကြဲနေတယ်ဆိုတာ နိုဝင်ဘာလလယ်လောက်ကတည်းက သတင်းထွက်နေတဲ့ကိစ္စဖြစ်ပါတယ်။
Y-8 နဲ့ Y-12 အမျိုးအစားလေယာဉ်တွေသုံးတယ်လို့ပြောကြတယ်။ ဒီလေယာဉ်တွေက တိုက်ခိုက်ရေးလေယာဉ်တွေ မဟုတ်တဲ့အတွက် MAF အရမ်းကြိုက်တဲ့ rocket pod တွေ မပစ်နိုင်သလို ပေါင် 500, 1000 ဗုံးတွေ ချိတ်ဆွဲပြီး လေကြောင်းတိုက်ခိုက်မှုတွေမလုပ်နိုင်ဘူး။ ဒါ့ကြောင့် သူတို့ကို မြေပြင်တိုက်ခိုက်ရေးအတွက် သုံးချင်တဲ့အခါ improvise လုပ်ရတယ်။ Improvise လုပ်တယ်ဆိုပေမယ့် တကယ်ကတော့ တံခါးပေါက်ကနေ သင့်တော်သလိုပြုပြင်ထားတဲ့ ဗုံးတွေပစ်ချတာပါပဲ။ လက်ရှိမှာတော့ မော်တာဗုံးသီးတွေကို ပစ်ချတယ်လို့ ပြောကြတယ်။ 60, 81, 120 mm မော်တာဗုံးသီးအစုံ သုံးတယ်ပေါ့။
ဆီးရီးယားမှာလဲ အာဏာရှင်သမ္မတအာဆတ်ကနေ ဒီနည်းတွေသုံးပြီး အရပ်သားတွေပေါ်ကို ဗုံးကြဲချခဲ့တာ အင်မတန်နာမည်ကြီးပါတယ်။ Aleppo မြို့ပေါ်က Barrel bombs တွေအကြောင်းကို အလွယ်တကူရှာဖတ်လို့ရပါတယ်။ ဆီပီပါ၊ container တွေထဲကို သံတိုသံစ နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ ယမ်းတွေထည့်ပြီး ရဟတ်ယာဉ်ပေါ်ကနေ တွန်းချတယ်၊ အောက်ရောက်တော့ impact fuze (ထိကွဲစနက်တံ) နဲ့ ပေါက်ကွဲပါတယ်။ Barrel bomb တွေက ပဲ့ထိန်းစနစ်မပါပဲ ကျချင်တဲ့နေရာကျတဲ့အပြင် ပေါက်ကွဲအားပြင်းထန်တာကြောင့် ဆီးရီးယား အရပ်သားတွေ သောင်းနဲ့ချီပြီ သေဆုံးခဲ့ရပါတယ်။
စခလေတပ်က မော်တာဗုံးသီးပစ်ချတယ်၊ အာဆတ်ကတော့ Barrel bombs တွေပစ်ချတယ်။ အသုံးပြုတဲ့ လက်နက် အတိအကျမတူပေမယ့် သဘောတရားကအတူတူပါပဲ။ လေကြောင်းစိုးမိုးမှုအပြည့်အဝရထားတော့ utility aircraft တွေကို အသုံးပြုပြီး ပေါပေါ၊ လွယ်လွယ် ရနိုင်၊ထုတ်လုပ်နိုင်တဲ့ ဗုံးတွေ ပစ်ချတာပဲဖြစ်ပါတယ်။ ပဲ့ထိန်းစနစ်မပါတော့ တိကျမှုနည်းပြီး စစ်ရေးပစ်မှတ်တွေသာမက အရပ်သားတွေပါထိခိုက်ပြီး collateral damage အင်မတန် များတဲ့ indiscriminate bombing တွေဖြစ်ပါတယ်။
ဒီကိစ္စနဲ့ဆက်စပ်ပြီး မေးစရာဖြစ်လာတာက ဘာလို့ မြေပြင်တိုက်ခိုက်ရေးလေယာဉ်တွေကိုမသုံးပဲ utility လေယာဉ်တွေပေါ်ကနေ ဗုံးသီးပစ်ချနေရတာလဲပေါ့။
The Irrawaddy ကတော့ လေယာဉ်တွေမှာတပ်ဆင်အသုံးပြုတဲ့ rocket တွေ၊ ပေါင် 500, ပေါင် 1000 ဗုံးတွေ နည်းလာတဲ့အတွက်ကြောင့် ဒီလိုမျိုး မော်တာဗုံးသီးတွေ ပစ်ချနေရတာဖြစ်မယ်လို့ ယူဆထားတယ်။
ရှမ်းမြောက်မှာ 1027 စစ်ဆင်ရေး စပြီးကတည်းက တစ်နေ့တစ်နေ့ လေယာဉ်ပစ်ကူပေးရတာတွေ ပိုများလာတယ်။ ဒီအတွက်ကြောင့် လက်နက်ခဲယမ်းနည်းလာပြီး improvise နည်းလမ်းတွေသုံးလာရတယ်ဆိုတာ ဖြစ်နိုင်ချေတော့များပါတယ်။
ထပ်စဉ်းစားရင်တော့ လက်နက်ခဲယမ်းနည်းတာအပြင် စခလေတပ်အနေနဲ့ တစ်နေ့တစ်နေ့ sortie အရေအတွက်များလာလို့ လေယာဉ်လုံလောက်မှုမရှိတာမျိုးလည်း ဖြစ်နိုင်တယ်။ တိုက်လေယာဉ်ဆိုတာ ပျံတက်ပြီးရင် နာရီပေါင်းများစွာ maintenance ပြန်လုပ်ရသေးတာကိုး။ ဒီအတွက် အခြားလေယာဉ်တွေ အစားထိုးပြီး close air support လိုအပ်ချက်ကို ဖြည့်ဆည်းတာမျိုးလည်း ဖြစ်နိုင်တယ်။
ဒါ့အပြင် နောက်ထပ်စဉ်းစားစရာက Yak-130 , K-8 တွေဆိုတာ အပေါ့စားလေယာဉ်တွေဖြစ်တယ်။ သူတို့သယ်နိုင်တဲ့ payload က ကန့်သတ်ချက်ရှိတယ်။ နည်းနည်းပစ်ပြီးရင် ကျည်ကုန်ပြီး စခန်းပြန်ရမယ်။ Mission area အပေါ် loitering time ကြာကြာမပေးနိုင်ဘူး။ Mig-29, Su-30SME တွေကျပြန်တော့လည်း ပျံသန်းစရိတ်ကြီးတယ်၊ အရှိန်မြန်တယ်။ သူတို့ကို CAS role အတွက် သုံးနိုင်တယ်ဆိုပေမယ့် အကောင်းဆုံး ရွေးချယ်မှုတော့မဟုတ်ဘူး။ စကစအနေနဲ့ ရုရှားကို ငုံမတတ် ဘောမထားပေမယ့် Counterinsurgency မှာ အသုံးဝင်တဲ့၊ CAS role မှာ အင်မတန်အားကိုးရတဲ့ Su-25 လို မြေပြင်တိုက်ခိုက်ရေးလေယာဉ်မျိုး မပိုင်ဆိုင်ထားနိုင်တာကလည်း ကိုယ်တွေအတွက် ဝမ်းသာစရာတစ်ခုပဲပြောရမယ်။
ဒီအချက်တွေကြောင့် Y-12 လို လေယာဉ်သုံးပြီး မော်တာဗုံးသီးတွေ ပစ်ချနေတာမျိုးလည်းဖြစ်နိုင်တယ်။ အရှိန်နှေးတယ်၊ စစ်မြေပြင်ပေါ် loitering time အချိန် ကြာကြာပေးနိုင်တယ်၊ မော်တာဗုံးသီးတွေလဲ များများသယ်နိုင်တယ်။ ပစ်မှတ် ဧရိယာပေါ် အကြိမ်ကြိမ်ဖြတ်ပျံပြီး ဗုံးပစ်ချတာမျိုး လုပ်နိုင်တယ်။ နှေးပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ လေယာဉ်ပစ်လောက်လောက်လားလားမရှိတော့ ပစ်ချခံရဖို့ risk လည်းအတော်နည်းတယ်။
မော်တာဗုံးသီးတွေကို လက်နဲ့ပစ်ချတာဖြစ်တဲ့အတွက် တိကျမှုကတော့ ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် အများကြီးပစ်ချပြီး တိကျမှုမကောင်းတာကို ဖာထေးနိုင်တယ်။
ဒီကိစ္စက အပေါ်ယံကြည့်ရင် ရယ်စရာဖြစ်ပေမယ့် လျော့တွက်တာမျိုးတော့ မဖြစ်စေချင်ဘူး။ တိကျမှုမကောင်းပေမယ့် အများအပြားပစ်ချတဲ့ဒီဗုံးသီးတွေထိရင် ရဲဘော်တွေ၊ပြည်သူတွေရဲ့ အသက်တွေသေကြေပျက်စီးစေနိုင်တယ်။
ရုရှားဆိုရင်လည်း ယူကရိန်းကိုဝင်တိုက်ပြီး မနိုင်လို့ T-54/55 လို အိုဟောင်းနေတဲ့ တင့်ကားတွေပါ ထုတ်သုံးလာလို့ ဝိုင်းရယ်ကြတယ်။ ဒါပေမယ့် တကယ့်စစ်မြေပြင်မှာတော့ တင့်အိုကြီးတွေရဲ့ အမြှောက်ကျည်က အခြားခေတ်မီလက်နက်တွေလိုပဲ အန္တရာယ်ပေးနိုင်ဆဲပဲဖြစ်ပါတယ်။ တင့်အိုကြီးဆိုပြီး မေ့ထားလို့မရဘူး။ ယူကရိန်းစစ်သားတွေအနေနဲ့ effort စိုက်ထုတ်ပြီး၊ ခွဲတမ်းနဲ့ရတဲ့လက်နက်ခဲယမ်းတွေသုံးပြီး တင့်အိုကြီးတွေကို ဖျက်ဆီးရတယ်။
ယူကရိန်းစစ်ပွဲကနေ သင်ခန်းစာယူလာရတာက လက်နက်စနစ်တစ်ခုက acurracy မကောင်းဘူး၊ ခေတ်မမီဘူး ဆိုပေမယ့် အရေအတွက် များများ သုံးနိုင်တယ်ဆိုရင် အသုံးဝင်လာတာပါပဲ။ လျော့တွက်လို့မရဘူး၊ ထိုက်သင့်တဲ့ respect ပေးဖို့လိုတယ်။
နောက်ထပ် တွေးမိတာတစ်ခုကတော့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ လေယာဉ်ပစ်မရှိဘူးဆိုပြီး စခလေတပ်က အရှိန်နှေး၊ manoeuvrability မကောင်းတဲ့ utility aircraft တွေကို အတင့်ရဲပြီး စစ်မြေပြင်ပေါ် သုံးနေတာဖြစ်ပါတယ်။။ ဒီအခြေအနေမှာ Y-8, Y-12 တွေ ပျက်ကျတယ် ဒါမှမဟုတ် ပစ်ချလိုက်နိုင်တယ်ဆိုရင်တော့ စခလေတပ်ရဲ့ airlift capability တော်တော်လေးထိခိုက်သွားနိုင်တယ်။ ဒီလို utility လေယာဉ်တွေဆိုတာ အစီးရေလုံလုံလောက်လောက် မရှိကြတာများတယ်။ High demand , low availability ဖြစ်နေတာပါ။
အဆုံးသတ်ပြန်ပြောရရင်တော့ စခလေတပ်အနေနဲ့ မော်တာဗုံးသီးတွေပစ်ချနေရတယ်ဆိုတာ လေယာဉ်သုံးလက်နက်ခဲယမ်းတွေ နည်းနေလို့လည်းဖြစ်နိုင်တယ်။ တခြားလိုအပ်ချက်တွေကြောင့် improvise လုပ်ပြီး သုံးလာတာလည်းဖြစ်နိုင်တယ်။ ခပ်ပေါပေါသုံးလို့ရလို့ သုံးလာတာဖြစ်နိုင်တယ်။ မော်တာဗုံးသီးကနေ ပိုပြီး desperate ဖြစ်လာရင် အာဆတ်လို Barrel bombs တွေအထိ သုံးလာတာမျိုးပါ ဖြစ်လာနိုင်သေးတယ်။ တဖြည်းဖြည်း ချောင်ပိတ်မိလာတဲ့ စခတွေရဲ့ ယုတ်မာမှုကို လျော့မတွက်ထားစေချင်ဘူး။
Tactical Raptor
Raptorone