30/04/2023
KNU ညီလာခံကျင်းပနေစဉ် တပ်မဟာ (၅)နှင့်
တပ်မဟာ(၂)တို့မှ ရုတ်တရက် ထွက်ခွာသွားသည့်
အတွက် ညီလာခံအား
ယာယီရပ်ဆိုင်းခဲ့ရ
==================================
ရန်ကုန် ဧပြီ ၂၉
ကရင်အမျိုးသားအစည်းအရုံး(KNU) ညီလာခံ
ကျင်းပနေစဉ် တပ်မဟာ(၅)နှင့် တပ်မဟာ(၂)
ဦးဆောင်သူများက ရုတ်တ ရက် ထွက်ခွာခဲ့သည့်
အတွက် ညီလာခံအား ယာယီရပ်ဆိုင်းခဲ့ရကြောင်း
သတင်းရရှိသည်။
(၁၇)ကြိမ်မြောက် KNU ညီလာခံကို ဧပြီ ၂၄ ရက်မှ
စတင်ကာ တပ်မဟာ(၇)နယ်မြေ၌ ကျင်းပနေခြင်း
ဖြစ်ပြီး ဥက္ကဋ္ဌဗိုလ်ချုပ် ကြီးစောမူတူးစေးဖိုး ကိုယ်တိုင်တက်ရောက်လျက်ရှိကာ တပ်မဟာခေါင်းဆောင်အချို့မှာလည်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် KNU ညီလာခံအတွင်း၌ ငြိမ်းချမ်းစွာဖြင့် NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးလိုသည့်အဖွဲ့နှင့် တပ်မတော်အား အမြစ်ပြတ်ချေမှုန်းလိုသည့်အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲနေလျက်ရှိကြောင်း KNU ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က
NP News ကို ပြောသည်။
ထိုသို့ညီလာခံ ကျင်းပနေစဉ်အချိန် ဧပြီ ၂၈ ရက်တွင် KNU တပ်မဟာ(၅)နှင့် တပ်မဟာ(၂)တို့အား ဦးဆောင်သူများက ညီလာခံအစည်းအဝေးအတွင်းမှ လုံခြုံရေးအပါအဝင် အကြောင်းပြချက်များဖြင့် ရုတ်တရက် ထွက်ခွာသွားခဲ့ကြောင်း အထက် ပါ သတင်းအရင်းအမြစ်က ဆိုသည်။
“မနေ့က ညနေ နောက်ဆုံးပိတ် ရလာဒ်က
တပ်မဟာ(၅)က NCA သမားတွေနဲ့ ဆက်ဆွေးနွေးစရာ အကြောင်းမရှိတော့ဘူး ဆိုပြီးတော့မှ အွန်လိုင်းပေါ်က နေထွက်သွားလိုက်တာ ...
သူနဲ့အတူတူ တပ်မဟာ(၂)ကပါ ပါသွားတယ်...
လောလောဆယ် တော့ Congress က ယာယီရပ်ဆိုင်း သွားတယ်ပေါ့ ... ” ဟု ၎င်းက ဆက်လက်ပြောသည်။
KNU ဥက္ကဋ္ဌစောမူတူးစေးဖိုးအပါအဝင်
တပ်မဟာ (၇) တို့သည် နိုင်ငံရေးပြဿနာများကို
ငြိမ်းချမ်းစွာဖြင့် NCA လမ်းကြောင်းအတိုင်း
ဖြေရှင်းဆောင်ရွက်လိုကြောင်း သိရသည်။
ထို့ပြင် KNU ၏ လက်အောက်ခံအဖွဲ့များဖြစ်သော
တပ်မဟာ(၁)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)နှင့်
တပ်မဟာ(၆)တို့၏ ဦး ဆောင်သူများထဲတွင်လည်း
နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြင့် NCA
လမ်းကြောင်းအတိုင်း ဖြေရှင်းဆောင်ရွက်လိုသူများ ရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။
“တပ်မဟာ(၇)ကတော့ မတိုက်ဘူး ...
NCA အတိုင်းပဲ သွားမယ် ...
ကျန်တဲ့ တပ်မဟာ(၄) ခုမှာလည်း
NCA သမားတွေ အများ ကြီးရှိတယ် ...
ညီလာခံအစည်းအဝေးအတွင်းမှာ
တပ်မဟာ ၁၊ ၃၊ ၄၊ ၆ က NCA သမားတွေ
ထွက်လာတယ် ...
(၇)ကတော့ ပြတ်ပြတ်သားသားပဲ
သူက NCA ပဲလေ ...” ဟု
၎င်းက ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် (၁၇)ကြိမ်မြောက် KNU ညီလာခံကို
ယနေ့(ဧပြီ ၂၉ ရက်) နှင့် ဧပြီ ၃ဝ ရက်တို့တွင် ယာယီရပ်နားထားကြောင်း သိရပြီး မေလ ၁ ရက်တွင် ညီလာခံကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“အဲဒီတော့
တပ်မဟာ(၅)နဲ့ တပ်မဟာ(၂)တို့က
အချိန် (၂)ရက် ရထားတယ် ...
ဒီနေ့ စနေနဲ့ တနင်္ဂနွေ နှစ်ရက်ရထားတယ် ...
တနင်္လာနေ့မှာ ပြန်တက်မလာတော့ဘူးဆိုရင်
ဒီဘက်ကတော့ ပြတ်ပြတ်သားသား ကြေညာတော့မယ့် သဘောရှိတယ် ...” ဟု KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သူက ဆိုသည်။
ထို့ကြောင့် (၁၇)ကြိမ်မြောက် KNU ညီလာခံကို
လာမည့် မေလ ၁ ရက်နေ့တွင် ဆက်လက်ကျင်းပ
သွားမည်ဖြစ်ကာ KNU ၌ ဆက်လက်တာဝန်
ထမ်းဆောင်မည့် ထိပ်ပိုင်းခေါင်းဆောင်များစာရင်းကိုလည်း ထုတ်ပြန်ကြေညာသွားဖွယ်ရှိကြောင်း
သိရသည်။
Source - NP News