- Myanmar troops retreat to Thai border bridge after days of fighting.
- Junta troops withdraw from border town.
- Myanmar troops withdraw from border town following clashes.
- Ethnic Karen Rebels Complete Capture of Strategic Myanmar Border Crossing.
"မနေ့ည ၁၀ နာရီကမြဝတီကိုသိမ်းပိုက်လိုက်ပြီ"လို့ဖဒိုစောတောနီးက AFP သတင်းဌာနကိုပြောကြားလိုက်တာကိုကိုးကားပြီးနိုင်ငံတကာသတင်းဌာနများစွာကဖော်ပြနေကြတယ်။မြဝတီကိုစွန့်လွှတ်လိုက်ရတာဟာဖက်ဆစ်တပ်အတွက်နိုင်ငံရေးအရအကြီးအကျယ်အထိနာသွားတာပါ။တရုပ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေစွန့်လွှတ်ရတုန်းကထက်မြဝတီကိုစွန့်လွှတ်လိုက်ရတာကစစ်ကောင်စီအတွက်နိုင်ငံရေးသိက္ခာပိုကျစေခဲ့တယ်။ထိုင်းကသတင်းလွတ်လပ်ခွင့်ရှိတော့သတင်းဌာနတွေကဘက်မလိုက်ဘဲဝေဖန်သုံးသပ်ဖော်ပြကြတယ်။ပြီးတော့ထိုင်းမှာနိုင်ငံတကာသတင်းဌာနများစွာအခြေစိုက်ထားတော့သတင်းထောက်တွေနယ်စပ်အထိဆင်းပြီးမြဝတီသတင်းကိုအနီးကပ်စောင့်ကြည့်ကြတယ်။
နိုင်ငံတကာသတင်းထောက်တွေက"စစ်ကောင်စီဟာစစ်ပန်းနေပြီးတိုင်းပြည်ကိုထိန်းချုပ်နိုင်လောက်တဲ့အင်အားမရှိတော့ဘူး၊စစ်သည်တွေဟာဗိုလ်ချုပ်တွေအပေါ်အယုံအကြည်ကင်းမဲ့သွားကြပြီးတိုက်ပွဲဝင်စိတ်မရှိကြတော့ဘူး၊စိတ်ဓါတ်ကျနေကြပြီးအလွယ်တကူလက်နက်ချကြတယ်"လို့သုံးသပ်ဖော်ပြကြတယ်။နွေဦးတော်လှန်ရေးကို Tipping point ရောက်သွားပြီလို့ပညာရှင်တွေသုံးသပ်တာတနှစ်လောက်ရှိသွားပါပြီ။အခုတော့ Ending point ကိုကူးပြောင်းနေပါပြီ။ဗိုလ်ချုပ်ထွန်းမြတ်နိုင်က"အဆုံးအဖြတ်တိုက်ပွဲအတွက်ပြင်ဆင်ကြ"လို့ရခိုင်ပြည်သူတွေကိုတပ်လှန့်လိုက်တာကြည့်ခြင်းအားဖြင့် Ending point ဟာထင်သာမြင်သာရှိနေပါပြီ။
10/04/2024
“စစ်တပ်ဟာအချိန်နဲ့အမျှအရှက်တကွဲဆုံးရှုံးမှုတွေကြုံနေရတယ်၊ရှင်းရှင်းလေးပါ၊စစ်တပ်ရဲ့ဗဟိုချက်မမှာအကြီးအကျယ်ပုပ်သိုးဆွေးမြေ့နေပြီးအာဏာကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူး၊လောလောဆယ်တော့စစ်တပ်တခုလုံးဟာအာဖဂန်နစ္စတန်လိုလုံးလုံးကြီးပြိုကျသွားတာတော့မဟုတ်သေးဘူးပေါ့၊ဒါပေမဲ့ရှေ့လျှောက်ဘယ်အတိုင်းအတာအထိဆုံးရှုံးမလဲဆိုတာခန့်မှန်းလို့တောင်မရတော့ပါဘူး၊တပ်တွင်းမှာစိတ်ဓါတ်ကျကုန်ကြပြီ၊တပ်စခန်းတွေကျဆုံးမှုကြောင့်နေပြည်တော်ကိုနိုင်ငံရေးအရသက်ရောက်မှုများစွာရှိစေတယ်"လို့ကမ္ဘာတဝှမ်းရှိပဋိပက္ခများကိုခွဲခြမ်းစိတ်ဖြာမှုပြုလုပ်နေတဲ့ Crisis Group ရဲ့အကြံပေး Richard Horsey ကပြောတယ်။တပ်တွင်းအာဏာသိမ်းမှု၊မင်းအောင်လှိုင်ကိုလုပ်ကြံသတ်ဖြတ်မှုတွေဖြစ်လာနိုင်တယ်လို့သုံးသပ်ထားတယ်။
09/04/2024
"less hope and more fear"
မျက်မှောက်ခေတ်ကမ္ဘာ့အခြေအနေဟာမျှော်လင့်ချက်နည်းပါးပြီးကြောက်စရာပိုကောင်းနေပြီလို့ BlackRock ရင်းနှီးမြှပ်နှံမှုကုမ္ပဏီရဲ့စီအီးအို Larry Fink ကပြောခဲ့တယ်။ယူကရိန်းစစ်ပွဲအပြင်အစ္စရေး-ဟာမတ်စ်ပဋိပက္ခပါထပ်ဖြစ်လာတော့တောင်တရုပ်ပင်လယ်ကတရုပ်-ထိုင်ဝမ်အရေးဟာလည်းအချိန်မရွေးထပေါက်ကွဲနိုင်တယ်။ပီကင်းအိုလံပစ်နောက်ပိုင်းဖြစ်ရပ်အားလုံးဟာအစီအစဥ်တကျဖြစ်လာခဲ့တာပါ။
JPMorgen Chase ရဲ့အမှုဆောင်အရာရှိ Jamie Dimon (ပုံ)ကလည်းကမ္ဘာ့လက်ရှိအခြေအနေကိုစိုးရိမ်တကြီးသတိပေးလိုက်ပါတယ်။ကမ္ဘာကြီးဟာနှစ်ပေါင်းများစွာပိုမိုကောင်းမွန်တဲ့အနေအထားနဲ့ရွေ့လျားနေရာကနေပဋိပက္ခတွေ၊အကြပ်အတည်းတွေ၊ရန်စောင်နေတာနဲ့လက်တွေ့တိုက်နေတဲ့စစ်ပွဲ(cold and hot wars)တွေကြောင့်တကမ္ဘာလုံးရဲ့စီးပွါးရေးဟာအင်မတန်ဆိုးရွားတဲ့အခြေအနေတရပ်ဆီရောက်ရှိသွားတော့မယ်လို့သတိပေးလိုက်ပါတယ်။ဒီအမှုဆောင်အရာရှိကြီး ၂ ဦးစလုံးဟာဂုဏ်သိက္ခာအရအလွန်သြဇာကြီးမားသူတွေပါ။
သယံဇာတပေါကြွယ်ဝတဲ့ရုရှ၊အလွန်အမင်းစီးပွါးတိုးတက်လာတဲ့တရုပ်နဲ့အိန္ဒိယတို့ဟာအမေရိကန်ကြီးစိုးတဲ့လက်ရှိကမ္ဘာ့ဖြစ်စဥ်(World Order)ကိုလက်မခံချင်ကြတော့ပါဘူး။ကမ္ဘာ့အစီအစဥ်သစ်(New World Order)ကိုပြဌာန်းချင်ကြတယ်။လူအိုကြီး ၂ ယောက်ခွက်စောင်းခုတ်နေတဲ့အမေရိကန်နိုင်ငံရေးကိုဥရောပကလည်းစိတ်ကုန်နေပါပြီ။ထရမ့်ပ်သမတပြန်ဖြစ်လာမှာကိုတော့မဟာမိတ်အများစုကမလိုလားကြဘူး။ NATO ကနုတ်ထွက်မယ်လို့အကြိမ်ကြိမ်ခြိမ်းခြောက်ထားတဲ့ထရမ့်ပ်သာသမတပြန်ဖြစ်လာခဲ့ရင်အနောက်မဟာမိတ်တွေရဲ့လုံခြုံရေးစည်းပေါက်သွားနိုင်တယ်။အမေရိကန်တနိုင်ငံတည်းရပ်တည်ဖို့မဖြစ်နိုင်ဘူးလို့ပညာရှင်တွေသတိပေးနေပေမဲ့ထရမ့်ပ်ဘက်ကအကြိမ်ကြိမ်နှုတ်ကျွံခဲ့တယ်။
“လတ်တလောဖြစ်ရပ်တွေဟာဒုတိယကမ္ဘာစစ်ကတည်းကမတွေ့ရတော့တဲ့စွန့်စားခန်းတွေကိုဖန်တီးနိုင်ဖွယ်ရှိပါတယ်၊အဲဒါတွေကိုပေါ့ပေါ့တန်တန်သဘောမထားသင့်ပါဘူး၊ကျုပ်တို့ရဲ့အနာဂတ်လုံခြုံရေးဘယ်လိုဘယ်ပုံဖြစ်လာမယ်ဆိုတာမရေမရာတဲ့သမိုင်းအခိုက်အတန့်တခုကိုရောက်နေကြပါပြီ"လို့ Jamie Dimon ကစိုးရိမ်တကြီးသတိပေးတယ်။
05/04/2024
" NATO နဲ့ရုရှဟာစစ်အေးခေတ်ကိုပြန်ရောက်သွားပြီ"လို့ရုရှအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကပြောကြားခဲ့တဲ့စကားကိုခြိမ်းခြောက်မှုတခုအဖြစ်သုံးသပ်ကြတယ်။အထူးသဖြင့်အမေရိကန်နဲ့အနောက်နိုင်ငံတွေကယူကရိန်းကိုလက်နက်ခဲယမ်းကူညီနေတာတွေလက်တွန့်သွားစေချင်တာဖြစ်ပါလိမ့်မယ်။ရုရှဟာစစ်ပွဲကြီးတခုဆင်နွှဲဖို့ပြင်ဆင်နေပြီလို့အမေရိကန်တွေးခေါ်ပညာရှင်အဖွဲ့ (ISW) ကသတိပေးထားပါတယ်။ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးကရုရှဟာဥရောပကိုလာမယ့် ၃ နှစ်နဲ့ ၅ နှစ်အတွင်းကျူးကျော်တိုက်ခိုက်လိမ့်မယ်လို့ပြောကြားခဲ့သလိုဂျာမနီကာကွယ်ရေးဝန်ကြီးကလည်းလာမယ့် ၅ နှစ်နဲ့ ၈ နှစ်အတွင်းတိုက်ခိုက်လာနိုင်ကြောင်းသတိပေးခဲ့တယ်။ပိုလန်သမတဒူဒါကတော့ ၂၀၂၆ ခုနှစ်ကျရင်ရုရှကဥရောပနိုင်ငံတွေကိုကျူးကျော်တိုက်ခိုက်လာလိမ့်မယ်လို့ဟောကိန်းထုတ်ထားတယ်။ဥရောပနိုင်ငံတွေဘာ့ကြောင့်ဒီလောက်စိုးရိမ်နေကြတာလဲ။
ဥရောပခေါင်းဆောင်တွေရဲ့အကဲဖြတ်ချက်နောက်ကွယ်မှာအမှန်တကယ်စိုးရိမ်လောက်တဲ့အခြေခံအကြောင်းတရားများစွာရှိနေတာပါ။ရုရှရဲ့ခြိမ်းခြောက်မှုပုံသဏ္ဍန်တွေဟာအချိန်နဲ့အမျှပိုမိုဆိုးရွားလာနေတာအမှန်ပါ။
၁။ ရုရှဟာစစ်အင်အားအကြီးအကျယ်တိုးချဲ့နေပြီးစစ်အသုံးစရိတ်ကို GDP ရဲ့ ၆% အထိသုံးစွဲနေတယ်။
၂။ တိုင်းပြည်ရဲ့စီးပွါးရေးကိုစစ်အတွင်းစီးပွါးရေးအသွင်ပြုပြင်ပြောင်းလဲခဲ့ပြီးအရပ်ဘက်ကုန်ထုတ်စက်ရုံတွေကိုစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံတွေအဖြစ်ပြောင်းလဲ့ခဲ့တယ်။အခုဆိုရင်ရုရှရဲ့လက်နက်ခဲယမ်းထုတ်လုပ်နိုင်မှုဟာဥရောပထက်အဆပေါင်းများစွာသာလွန်သွားပါပြီ။အမြောက်ကျည်ထုတ်လုပ်မှုမှာဥရောပထက် ၅ ဆခန့်ပိုများပြီးအခြားလက်နက်ထုတ်လုပ်မှုများမှာလည်းအလားတူပိုများနေပါပြီ။ဥရောပရဲ့ကာကွယ်ရေးစက်မှုထုတ်ကုန်စွမ်းရည်ဟာပြတ်ကျန်နေခဲ့ပါပြီ။
၃။ ရုရှမီဒီယာတွေက NATO ကိုတိုင်းပြည်ရဲ့ရန်သူအဖြစ်အကြီးအကျယ်ပုံဖော်ဝါဒဖြန့်ပြီးရုရှပြည်သူတွေကိုအမုန်းတရားတွေစနစ်တကျရိုက်သွင်းထားတယ်။ဘော်လ်တစ်နိုင်ငံတွေကိုလည်းယူကရိန်းအရေးမှာတို့မီးရှို့မီးလုပ်နေသူတွေအဖြစ်ဝါဒဖြန့်ထားတယ်။ရုရှဟာယူကရိန်းစစ်ပွဲမှာအကြီးအကျယ်အကျအဆုံးများနေပေမဲ့စစ်သားစုဆောင်းရာမှာရုရှပြည်သူတွေရဲ့ပြင်းထန်တဲ့ဆန့်ကျင်မှုမျိုးမတွေ့ရသေးဘူး။
၄။ ယူကရိန်းစစ်ပွဲအပေါ်အမေရိကန်ရဲ့ထောက်ခံမှုမရေမရာဖြစ်နေတာကလည်းရုရှကိုပိုမိုအတင့်ရဲလာစေတယ်။သောကြာနေ့(၅-၄-၂၄)ကယူကရိန်းအတွက်အကူအညီပေးရေးအစီအစဉ်အပေါ် မဲပေးမှုရွှေ့ဆိုင်းလိုက်ကြောင်းရီပတ်ဘလီကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson ကထပ်မံပြောကြားခဲ့တယ်။အမေရိကန်ရဲ့ယူကရိန်းအကူအညီဟာမသေချာမရေရာတော့ပါဘူး။ယူကရိန်းကိုဥရောပကပဲတာဝန်ယူရပါတော့မယ်။ယူကရိန်းကိုသာရုရှကနိုင်သွားခဲ့ရင်ရုရှကိုစိတ်ဓါတ်ခွန်အားမြှင့်တင်ပေးရာကျမှာဖြစ်ပြီးပိုမိုဆိုးရွားတဲ့ခြိမ်းခြောက်မှုအသစ်တွေရင်ဆိုင်ကြရပါတော့မယ်။
၅။ အမေရိကန်ဟာဥရောပရဲ့အရေးအရာတွေမှာဆက်လက်ပါဝင်ပတ်သက်ဖို့မသေချာတော့ပါဘူး။စစ်ဖြစ်လာခဲ့ရင်တောင်ဥရောပကိုအမေရိကန်စစ်သားတွေစေလွှတ်ဖို့မသေချာတော့ပါဘူး။ထရမ့်ပ်သာသမတပြန်ဖြစ်လာခဲ့ရင်အဖွဲ့ဝင်နိုင်ငံတိုင်းရဲ့မြေတလက်မချင်းကိုကာကွယ်ရမယ်လို့ပြဌာန်းထားတဲ့ NATO ရဲ့ Article 5 ကိုလေးစားလိုက်နာဖို့အာမခံချက်မရှိပါဘူး။ NATO စစ်မဟာမိတ်အဖွဲ့ရဲ့ကျောရိုးဖြစ်တဲ့အဆိုပါပြဌာန်းချက်ကိုမလိုက်နာတော့ဘူးဆိုရင်အဖွဲ့အစည်းလည်းဖရိုဖရဲဖြစ်သွားပါလိမ့်မယ်။အမေရိကန်သမတတယောက်ရဲ့ဆုံးဖြတ်ချက်ကိုအဖွဲ့ဝင်နိုင်ငံတွေကသံသယဖြစ်လာလို့ရှိရင်အဖွဲ့အစည်းပြိုကွဲပါလိမ့်မယ်။ဒီလိုအချိန်အခါကိုပူတင်ကစောင့်ဆိုင်းနေခဲ့တာပါ။ထရမ့်ပ်သာနိုင်ခဲ့ရင်ပူတင်မျှော်မှန်းတဲ့အနေအထားကိုရောက်သွားနိုင်တယ်။
ရုရှစစ်တပ်ဟာယူကရိန်းစစ်ပွဲ ၂ နှစ်တာအတွင်းမြေပြင်တိုက်ခိုက်ရေးအတွေ့အကြုံကောင်းကောင်းရရှိခဲ့တယ်။အနောက်နိုင်ငံတွေဘက်ကယူကရိန်းကိုထောက်ပံ့တာလျော့ကျသွားလေလေ၊ရုရှရဲ့ခြိမ်းခြောက်မှုပိုတိုးလာလေလေဖြစ်ပါတော့မယ်။အမေရိကန်ရွေးကောက်ပွဲအပြီးပူတင်ရဲ့တွက်ချက်မှုအပြောင်းအလဲကိုမြင်ရပါလိမ့်မယ်။ဥရောပဟာမိမိရဲ့ကာကွယ်ရေးစွမ်းရည်ကိုမိမိကိုယ်တိုင်မြှင့်တင်မှရတော့မယ်လို့ Think Tank Europe ရဲ့အကြီးတန်းသုတေသီ Jacob Kaarsbo ကသုံးသပ်သတိပေးတယ်။ဥရောပဟာမရေရာတဲ့စစ်ကြိုခေတ်ကိုရောက်ရှိနေပါပြီ။
NATO တည်ထောင်ခြင်း ၇၅ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကိုဘရပ်ဆဲလ်မှာကျင်းပနေတယ်။ယူကရိန်းစစ်ပွဲအပေါ်အမေရိကန်ပြည်ထောင်စုရဲ့ရပ်တည်ချက်ယိုင်နဲ့သွားပြီလို့အဖွဲ့ဝင်နိုင်ငံအများစုကယူဆကြတယ်။ NATO အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က"ဥရောပဟာအမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးအတွက်လိုအပ်ချက်တခုပါ၊ကျုပ်တို့အတူတကွရှိနေခြင်းကသာလုံခြုံမှုပိုရှိစေပါလိမ့်မယ်၊ဥရောပမဟာမိတ်များရဲ့ကမ္ဘာ့အဆင့်မီစစ်ရေး၊ထောက်လှမ်းရေးနဲ့သံတမန်ရေးသြဇာလွှမ်းမိုးမှုများကြောင့်အမေရိကန်ကိုတန်ခိုးသြဇာပိုမိုတိုးပွားစေပါတယ်"လို့သတိပေးပြောကြားသွားတယ်။အမေရိကန်ရွေးကောက်ပွဲမှာထရမ့်ပ်သာအနိုင်ရခဲ့ရင် NATO အဖွဲ့ဝင်ဥရောပနိုင်ငံတွေနဲ့အမေရိကန်အကြားသဘောထားကွဲလွဲမှုများစွာဖြစ်လာနိုင်ချေရှိလို့ကြိုတင်သတိပေးနေတာပါ။
အခုအခမ်းအနားမှာအက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးတင်သွင်းတဲ့အဆိုကိုသာအတည်ပြုနိုင်ခဲ့ရင်ရုရှအတွက်သတင်းကောင်းမဖြစ်လောက်ဘူး။အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး Margus Tsahkna က" NATO အဖွဲ့ဝင်နိုင်ငံတိုင်းယူကရိန်းစစ်ပွဲအတွက်တိုင်းပြည် GDP ရဲ့ ၀.၂၅% ထည့်ဝင်ရမယ်"လို့အဆိုတင်သွင်းခဲ့တယ်။အဲဒီအဆိုသာလက်တွေ့ဖြစ်လာခဲ့ရင် NATO အဖွဲ့ဟာယူကရိန်းကိုအမေရိကန်ဒေါ်လာသန်းပေါင်း ၁၂၀ ဘီလီယံနှစ်စဥ်(ယူကရိန်းစစ်ပွဲမပြီးမချင်း)ထောက်ပံ့နိုင်ပါလိမ့်မယ်။ဒီငွေကြေးပမာဏနဲ့ဆိုရုရှကိုကောင်းကောင်းအံတုနိုင်ပါပြီ။မိတ်ဘက်ဧည့်သည်အဖြစ်တက်ရောက်လာတဲ့ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကတော့ပက်ထရော့လေကြောင်းကာဒုံးစနစ်လက်နက်နောက်ထပ် ၇ ခုလောက်အမြန်ဆုံးတပ်ဆင်ပေးဖို့တောင်းဆိုသွားတယ်။
NATO အဖွဲ့ရဲ့ ၇၅ နှစ်မြောက်အခမ်းအနားကိုမနက်ဖြန်(၄-၄-၂၄)ကျင်းပပါမယ်။ ၄-၄ ၁၉၄၉ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ NATO ဟာအခုဆိုရင်အဖွဲ့ဝင် ၃၂ နိုင်ငံရှိနေပါပြီ။ဒီအခမ်းအနားမှာယူကရိန်းကိုစစ်ရေးအကူအညီအမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀ ဘီလီယံပေးအပ်ဖို့ဆွေးနွေးကြပါလိမ့်မယ်။ဝါရှင်တန်မှာကျင်းပမယ့် NATO ညီလာခံမတိုင်မီကြိုတင်သဘောတူညီမှုရရှိအောင်လုပ်ကြပါလိမ့်မယ်။ NATO အထွေထွေအတွင်းရေးမှူးချုပ် Stoltenberg ကတော့ယူကရိန်းဟာအနာဂတ်မှာ NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့သေချာပြီးလိုအပ်သမျှအကူအညီပေးရမယ်လို့ပြောသွားတယ်။
ယူကရိန်းကိုသန်းပေါင်း ၁၀၀ ဘီလီယံပေးမယ်သတင်းထွက်လာတာနဲ့ရုရှနိုင်ငံခြားရေးဌာနပြောခွင့်ရအမျိုးသမီး Maria Zakharova ကရုရှနဲ့ NATO အကြားစစ်အေးခေတ်ပြန်ရောက်သွားပြီလို့ဆိုတယ်။အမေရိကန်ရွေးကောက်ပွဲမှာထရမ့်ပ်အနိုင်ရရှိသွားခဲ့ရင်ယူကရိန်းကိုအကူအညီပေးရေးအခက်ကြုံလာနိုင်တာကို NATO အဖွဲ့ဝင်နိုင်ငံတွေကစိုးရိမ်ကြတယ်။ဒါ့ကြောင့်အမေရိကန်ရွေးကောက်ပွဲမတိုင်မီအမေရိကန်ဒေါ်လာသန်းပေါင်း ၁၀၀ ဘီလီယံကိုအတည်ပြုကြပါလိမ့်မယ်။
02/04/2024
ပြီးခဲ့တဲ့တော်လှန်ရေးနေ့စစ်ရေးပြအခမ်းအနားကိုရုရှလက်ထောက်ကာကွယ်ရေးဝန်ကြီး Alexander Fomin တက်ရောက်ခဲ့ပြီးရုရှကာကွယ်ရေးဝန်ကြီး Sergei Shoigu (ပုံ)ပေးပို့တဲ့အမိန့်ပြန်တမ်းအမှတ် ၇၇ ကိုဖတ်ကြားခဲ့တယ်။အဆိုပါအမိန့်ပြန်တမ်းအရမြန်မာအရာရှိအများအပြားကို"အပြည်ပြည်ဆိုင်ရာစစ်ရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့တိုက်ပွဲဝင်ညီရင်းအကို"ဆုတံဆိပ်များပေးအပ်ခဲ့ပါတယ်။မြန်မာဘက်ကလည်းရုရှအရာရှိတွေကိုဆုတံဆိပ်များပေးအပ်ခဲ့တယ်။
ရုရှရဲ့အခုလိုပြုမူချက်ဟာမေးခွန်းထုတ်စရာဖြစ်လာနေကြောင်းတရုပ်အင်တာနက်နည်းပညာကုမ္ပဏီရဲ့အီးမေးလ်မှာမေးခွန်းထုတ်ဖော်ပြခဲ့တယ်။မြန်မာနိုင်ငံရဲ့လက်ရှိဝရုန်းသုန်းကားအခြေအနေကြောင့်စစ်ကောင်စီဟာတရုပ်နိုင်ငံအပါအဝင်နိုင်ငံများစွာနဲ့ဆက်ဆံရေးတင်းမာနေကြောင်း၊အခုလိုရုရှရဲ့ကြားဝင်လာမှုကြောင့်တရုပ်ကိုစိုးရိမ်ပူပန်မှုဖြစ်စေကြောင်းဖော်ပြထားတယ်။တဘက်နဲ့တဘက်ဆုတံဆိပ်တွေပေးအပ်ဖလှယ်ကြတဲ့အထိဆက်ဆံရေးတိုးမြှင့်ရလောက်အောင်ရုရှရဲ့ဒေသတွင်းကြားဝင်လာမှုဟာမေးခွန်းများစွာဖြစ်စေကြောင်းဖော်ပြထားတယ်။
နိုင်ငံတကာကပစ်ပယ်ထားတဲ့မြန်မာနဲ့နီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်နေတာရုရှတနိုင်ငံတည်းသာရှိကြောင်း၊ဒါဟာတရုပ်အတွက်အံ့အားသင့်စရာဖြစ်ကြောင်းတရုပ်မီဒီယာတွေကလည်းဖော်ပြကြတယ်။ရုရှရဲ့အခုလိုအပြုအမူဟာတရုပ်-ရုရှ ၂ နိုင်ငံရဲ့ကျယ်ပြန့်တဲ့ပထဝီနိုင်ငံရေးအကျိုးစီးပွါးအတွက်ပြန်လည်သုံးသပ်စရာဖြစ်လာလိမ့်မယ်လို့ NetEase ကသုံးသပ်ဖော်ပြခဲ့တယ်။
ရုရှစစ်တပ်နဲ့မြန်မာအကြမ်းဖက်စစ်တပ်တို့ဟာယခုနှစ်အတွင်းပူးတွဲစစ်ဆင်ရေးပေါင်း(joint military cooperation activities) ၅၀ ကျော်ပြုလုပ်ဖို့စီစဉ်ထားကြောင်းရုရှကာကွယ်ရေးဝန်ကြီးဌာနကကျေညာခဲ့ပြီးသားပါ။အခုနောက်ပိုင်းမအလရဲ့ဒရုန်းစွမ်းရည်အလျင်အမြန်တိုးတက်လာနေတာကိုသတိပြုမိကြပါလိမ့်မယ်။ရုရှကနည်းပညာနဲ့လေ့ကျင့်မှုအကူအညီတွေပေးအပ်နေပြီလို့ယူဆရတယ်။မြန်မာစစ်ကောင်စီနဲ့ရုရှရဲ့နီးကပ်တဲ့ဆက်ဆံရေးကိုတရုပ်ဘက်ကလုံးဝမလိုလားကြောင်းထင်ရှားပါတယ်။တရုပ်မြန်မာနယ်စပ်မှာတရုပ်စစ်တပ်ကကျည်အစစ်နဲ့စစ်ရေးလေ့ကျင့်မှုမကြာခဏလုပ်လာနေတာဟာလည်းအကြောင်းမဲ့တော့မဟုတ်တန်ရာဘူး။
အခုလိုတရုပ်မီဒီယာတွေကပေါ်ပေါ်ထင်ထင်ဝေဖန်လာကြတာကြောင့်ရုရှဘက်ကအရှိန်သတ်သွားနိုင်ချေရှိပါတယ်။ယူကရိန်းစစ်ပွဲမှာတရုပ်ရဲ့ရပ်တည်မှုဟာရုရှအတွက်သေရေးရှင်ရေးပါ။
ဆီးရီးယားနိုင်ငံ၊ဒမတ်စကတ်ကအီရန်ကောင်စစ်ဝန်ရုံးဗုံးကြဲတိုက်ခိုက်ခံရပြီးအီရန်တော်လှန်ရေးအစောင့်တပ်မှူးဗိုလ်ချုပ်ကြီး Mohammed Reza Zahedi နဲ့ဗိုလ်မှူးချုပ် Mohammad Hadi Rahimi တို့သေဆုံးသွားတယ်။အစ္စရေးက F-35 တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့အီရန်ကစွပ်စွဲလိုက်ပါတယ်။ဒီတိုက်ခိုက်မှုအတွက်အနောက်နိုင်ငံတွေမှာရှိတဲ့အစ္စရေးသံရုံးတွေကိုလက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့အီရန်ကကျေညာပါတယ်။အနောက်နိုင်ငံတွေရဲ့ထောက်ခံမှုကျဆင်းနေတဲ့အစ္စရေးဟာအီရန်ကိုစစ်ပွဲထဲဆွဲခေါ် ဖို့လုပ်နေပြီလားလို့သုံးသပ်ကြတယ်။
"ဆီးရီးယားနိုင်ငံရှိကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုကိုတုံ့ပြန်သည့်အနေဖြင့်အီရန်ကအစ္စရေးကိုတိုက်ခိုက်ရန်ရွေးချယ်ပါကအမေရိကန်နှင့်အနောက်အုပ်စုတို့သည်ပဋိပက္ခတွင်ပါဝင်လာနိုင်သည့်အန္တရာယ်ရှိသည်၊အရှေ့အလယ်ပိုင်းသည်ထိန်းချုပ်၍မရနိုင်သောအခြေအနေသို့ရောက်ရှိသွားနိုင်သည်၊အရှေ့အလယ်ပိုင်းတွင်စစ်ပွဲကြီး(major war)စတင်လာနိုင်ပြီးထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်သည်"လို့ဒိန်းမတ်စစ်ရေးသုတေသီ Kristian Mouritzen ကလူမှုကွန်ယက်ပေါ်သတိပေးရေးသားထားတယ်။
31/03/2024
၁၆ ရာစု၊မေရီဘုရင်မကြီးလက်ထက်အင်္ဂလန်နိုင်ငံမှာသင်္ချာပညာ၊နက္ခတ္တဗေဒပညာ၊ဗေဒင်ပညာ၊ဂမ္ဘီရပညာနဲ့အဂ္ဂိရတ်ပညာတွေမှာအင်မတန်ထူးချွန်တဲ့ John Dee ဆိုသူရှိခဲ့တယ်။အင်မတန်ရက်စက်လွန်းလို့သွေးစွန်းသောမေရီ(Bloody Mary)လို့နာမည်ဆိုးတွင်တဲ့ဘုရင်မကြီးကို"မြုံ(သန္ဓေမထွန်းကားနိုင်)အပြင်သူမုန်းတဲ့ညီမကိုထီးနန်းလွှဲပေးရလိမ့်မယ်"လို့ဟောကိန်းထုတ်ခဲ့တယ်။အဆိုပါဟောကြားချက်ကြောင့်မေရီဘုရင်မကြီးကသူ့ကိုအကျဥ်းချခဲ့တယ်။သူ့ရဲ့ဟောကြားချက်ဟာသွေးထွက်အောင်မှန်တယ်လို့ဆိုရမယ်။မေရီဘုရင်မကြီးဟာထီးနန်းဆက်ခံမယ့်ရင်သွေးမရှိဘဲသေဆုံးသွားခဲ့လို့ညီမ(ဖအေတူမအေကွဲ)ဖြစ်သူအယ်လီဇဘက်ကထီးနန်းဆက်ခံခဲ့ရတယ်။
အယ်လီဇဘက်ဘုရင်မကြီးနန်းတက်ချိန် John Dee အခါတော်ပေးတာတွေကိုအထူးဂရုပြုလိုက်နာခဲ့သတဲ့။ကမ္ဘာကျော်ဂျိမ်းစဘွန်းအမှတ်သင်္ကေတဖြစ်လာမယ့် "007" ဟာဂျွန်ဒီးကအယ်လီဇဘက်ဘုရင်မကိုပေးခဲ့တဲ့အထူးကုဒ်နံပတ်လို့သိရတယ်။သုည ၂ လုံးကမျက်လုံး(only for your eyes)ကိုကိုယ်စားပြုပြီး ၇ ကတော့ဖိုထိုးရာမှာကံကောင်းစေတဲ့ဂဏာန်းကိုဖော်ညွန်းတာလို့ဆိုတယ်။အဲဒီခေတ်အင်္ဂလန်နိုင်ငံဆိုင်ရာရုရှသံအမတ်ကြီးက"ဂျွန်ဒီးဟာထူးခြားတဲ့အသွင်အပြင်၊နူးညံ့ပြီးညှို့ယူဖမ်းစားနိုင်တဲ့စွမ်းအင်နဲ့တကွတုန်လှုပ်စဖွယ်အသံသြဇာရှိတဲ့လူထူးလူဆန်း"လို့မှတ်တမ်းတင်ရေးသားခဲ့တယ်။
ဂျွန်ဒီးမှာအနက်ရောင်မှန်တချပ်နဲ့တကွဂမ္ဘီရအသုံးအဆောင်ပစ္စည်းတွေရှိတယ်။အနက်ရောင်မှော်မှန်ကိုကြည့်ပြီးအနာဂတ်ဟောကိန်းတွေကိုဟောကြားလေ့ရှိတယ်။နောက်ပိုင်းမှာရုရှဇာဘုရင်ကဂျွန်ဒီးကိုအလည်အပတ်ဖိတ်ခေါ် ခဲ့တယ်။ဂျွန်ဒီးဟာသူ့ရဲ့ဂမ္ဘီရအသုံးအဆောင်ပစ္စည်းတွေအကူအညီနဲ့အခြားကမ္ဘာကိုအဆက်အသွယ်လုပ်တယ်လို့ရုရှတွေကမှတ်တမ်းတင်ခဲ့တယ်။
၂၀၂၁ ခုနှစ်ကမန်ချက်စတာတက္ကသိုလ်မှရှေးဟောင်းသုတေသနပညာရှင် Stuart Campbell နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်ကြတဲ့ Elizabeth Healy၊ Yaroslav Kuzmin၊ Michael Glaskok တို့ကဂျွန်ဒီးရဲ့ဂမ္ဘီရအသုံးအဆောင်ပစ္စည်းတွေကိုခေတ်သစ်ဘူမိဓာတုဗေဒသိပ္ပံနည်းနဲ့ခွဲခြမ်းစိတ်ဖြာမှုလုပ်ခဲ့ကြတယ်။ဂျွန်ဒီးရဲ့ပစ္စည်းတွေဟာမက္ကဆီကိုနိုင်ငံမီးတောင်ဝန်းကျင်မှာသာတွေ့ရှိနိုင်တဲ့၊အင်မတန်ရှားပါးတဲ့မီးသင့်ကျောက်အမျိုးအစားတွေဖြစ်ကြောင်း၊မက္ကဆီကိုရှိ Aztec လူမျိုးစုတွေရဲ့ရှေးဟောင်းဂမ္ဘီရပညာနဲ့ဆက်စပ်နိုင်ကြောင်း Stuart Campbell ကရှင်းပြခဲ့တယ်။ဂျွန်ဒီးဟာအိန္ဒိယကဂမ္ဘီရပညာရှင်တွေနဲ့လည်းအဆက်အသွယ်ရှိခဲ့လိမ့်မယ်လို့သုံးသပ်ထားတယ်။အိန္ဒိယကဂမ္ဘီရပစ္စည်းတွေဘယ်လိုလုပ်ပြီးအင်္ဂလိပ်လူမျိုးတယောက်လက်ထဲရောက်ရှိနေတာလဲဆိုတာနဲ့ပတ်သက်ပြီး Stuart Campbell က"အမည်မသိဓလေ့ထုံးတမ်းများနဲ့ရှေးဟောင်းပစ္စည်းများဟာစပိန်ကတဆင့်အင်္ဂလန်ကိုရောက်ရှိခဲ့တယ်"လို့အဖြေပေးတယ်။
အဆောင်လက်ဖွဲ့တွေရဲ့အစွမ်းသတ္တိကိုတော့သိပ္ပံနည်းနဲ့ဖြေရှင်းနိုင်ဟန်မတူပါဘူး။
28/03/2024
ရုရှဟာရှေ့တန်းစစ်မျက်နှာတကြောမှာအလွန်ကြီးမားတဲ့စစ်အင်အားစုဖွဲ့နေပြီးယူကရိန်းကိုပြင်းထန်တဲ့ထိုးစစ်ကြီးတရပ်ဆင်နွှဲဖို့အသင့်ဖြစ်နေပြီလို့ The Economist သတင်းစာကသတိပေးလိုက်ပါတယ်။အခုတကြိမ်ရင်ဆိုင်ရမယ့်ရုရှရဲ့ထိုးစစ်ကြီးကိုခုခံနိုင်ဖို့ယူကရိန်းစစ်တပ်ရဲ့စွမ်းရည်ဟာမေးခွန်းထုတ်စရာဖြစ်နေပြီလို့ဆိုတယ်။ယူကရိန်းဟာတပ်သားသစ်စုဆောင်းမှုအားနည်းခဲ့ပြီးခံစစ်ပြင်ဆင်မှုလုံးဝနောက်ကျနေပြီလို့သုံးသပ်ထားတယ်။
ယခင်ယူကရိန်းစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဇာလူဇနီနဲ့သမတဇာလန်စကီးအကြားစစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့အယူအဆကွဲလွဲခဲ့တာကြောင့်အရေးပေါ်တပ်သားသစ်စုဆောင်းရာမှာအခက်အခဲများစွာကြုံခဲ့ရတာပါ။အခုထိတပ်သားသစ်စုဆောင်းရေးမူဝါဒဝေဝါးနေဆဲပါ။ယူကရိန်းစစ်တပ်အတွက်အထိအနာဆုံးကတော့အမေရိကန်ရဲ့အကူအညီရပ်ဆိုင်းလိုက်ခြင်းပါ။ရုရှထိုးစစ်ကိုခုခံနိုင်လောက်တဲ့အမြောက်ကျည်၊ဒုံးကျည်တွေယူကရိန်းစစ်တပ်မှာမရှိတော့ပါဘူး။
"အမေရိကန်နဲ့အနောက်မဟာမိတ်တွေကကာကွယ်ရေးစနစ်နဲ့အမြောက်လက်နက်တွေအလုံအလောက်မထောက်ပံ့ပေးရင်ရုရှရဲ့ထိုးစစ်ကြီးကိုမိမိတို့ခုခံနိုင်ဖို့မသေချာဘူး"လို့ဇာလန်စကီးကိုယ်တိုင်က CBS သတင်းဌာနကိုဝန်ခံပြောကြားတယ်။"လောလောဆယ်တော့ကျုပ်တို့ယူကရိန်းကျူးကျော်ခံနေရပြီ၊ပြီးတော့ကာဇက်စတန်အလှည့်လာမယ်၊နောက်ပြီးဘောလ်တစ်နိုင်ငံတွေ၊ပိုလန်၊ဂျာမနီအရှေ့ခြမ်း၊တခုပြီးတခုလာလိမ့်မယ်"လို့ဇာလန်စကီးကသတိပေးပြောကြားသွားတယ်။
ဆွီဒင်ကတော့ယူကရိန်းစစ်ပွဲမှာ NATO ရဲ့ချဥ်းကပ်မှုဟာပျော့ညံ့လွန်းတယ်လို့ဝေဖန်တယ်။လူဦးရေ ၃၃ သန်းကျော်ရှိပြီးဥရောပရဲ့စစ်သည်အင်အားအကြီးဆုံးဖြစ်လာတဲ့ယူကရိန်းသာကျဆုံးသွားခဲ့ရင်ဥရောပရဲ့ခံစစ်တံတိုင်းအတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်သွားမှာပါ။
28/03/2024
မော်စကိုအကြမ်းဖက်မှုဖြစ်နိုင်ချေကိုအမေရိကန်ထောက်လှမ်းရေးစီအိုင်အေဘက်ကကြိုတင်ထောက်လှမ်းသိရှိခဲ့ပေမဲ့ရုရှကိုသတင်းအချက်အလက်အပြည့်အစုံမပေးပို့ခဲ့ဘူးလို့ New York Times သတင်းစာကဖော်ပြလိုက်ပါတယ်။စီအိုင်အေအနေနဲ့ရရှိထားတဲ့သတင်းအချက်အလက်အပြည့်အစုံပေးလိုက်ရင်ရုရှဘက်ကသတင်းအရင်းအမြစ်(သတင်းရရှိတဲ့နည်းလမ်း)တွေဖော်ထုတ်လိုက်မှာစိုးရိမ်ဟန်ရှိကြောင်းသုံးသပ်ထားတယ်။ရုရှထောက်လှမ်းရေး FSB ဒါရိုက်တာ Alexander Bortnikov က"မော်စကိုမှာအကြမ်းဖက်မှုဖြစ်နိုင်ချေရှိတယ်လို့မတ်လအစောပိုင်းက(အမေရိကန်က)ယေဘုယျဆန်တဲ့သတင်းအချက်အလက်အချို့ပေးပို့ခဲ့ကြောင်း၊အမေရိကန်တွေပေးတဲ့သတင်းအားလုံးလိုလိုဟာမှန်ကန်လေ့မရှိကြောင်း၊ဒါ့ကြောင့်ယခုသတင်းပေးပို့မှုကိုလည်းရှေးယခင်နည်းတူသာဖြစ်လိမ့်မယ်လို့ယူဆခဲ့ကြောင်း"ဝန်ခံပြောကြားလိုက်ပါတယ်။အဆိုပါအကြမ်းဖက်မှုကြောင့်သေဆုံးသူ ၁၄၃ ဦးအထိရှိသွားပါပြီ။
Be the first to know and let us send you an email when Revolution News - Mindat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.