25/08/2022
တောင်ကုတ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၄ ဦးထက်မနည်းသေ ဆုံး
ရန်ကုန်၊ သြဂုတ် ၂၅
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာဖက်တွင် ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ ယနေ့သြဂုတ်လ ၂၅ ရက် ညနေပိုင်းအချိန်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း ဒေသသတင်းရင်းမြစ်များမှတစ်ဆင့်သိရသည်။
တိုက်ပွဲမှာ ညနေ ၄ နာရီအချိန်ခန့်က ချောင်းသုံးခွနှင့် ကြိမ်တောချောင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကြာချိန်အားဖြင့် မိနစ် ၂၀ ခန့်ရှိကြောင်း တောင်ကုတ် ချောင်းသုံးခွအနေိးတွင်နေထိုင်သူတစ်ဦးကပြောသည်။
"တိုက်ပွဲက ၄ နာရီလောက်ကစဖြစ်တယ်။ မိနစ် ၂၀ လောက်ကြာပါ်တယ်။ အဲ့ဖက်မှာတော့ ချောင်းသုံးခွရယ်၊ ကြိမ်တောချောင်းနဲ့ တစ်ခြားကျေးရွာတွေရှိပါတယ်။ အထိအခိုက်ကျဆုံးမှုကို မသိရဘူး"ဟုပြောသည်။
သတင်းရင်းမြစ်ပြောဆိုချက်အရ ရက္ခိုင့်တပ်တော် AA တပ်စခန်းရှိသည်နေရာကို စစ်ကောင်စီဖက် ဝင်ရောက် တိုက်ခိုက်ရာတွင် သတင်းပေးမြန်ဆန်သည့်အတွက် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီဖက်မှ ၁၄ ဦးခန့်အကျဆုံးရှိခဲ့ပြီး AA ဖကိ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိကြောင်း AA၏ သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ သံတွဲမြို့သို့အထွက် ကားလမ်းဖက်တွင်ဖြစ်ပြီး တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့်အကွာအဝေးရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့မှာ ပလက်ဝ၊ မောင်တော၊ ရသေ့တောင်ဖက်တို့တွင်သာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ထပ်တိုးအနေဖြင့် တောင်ကုတ်ဖက်တွင်လည်း ဖြစ်ပွားလာခြင်းဖြစ်သည်။
၎င်းတိုက်ပွဲသတင်းနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့်စစ်ကောင်စီ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ တို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိခဲ့ပေ။
ကျောက်တော်နယ်နှင့် မြောက်ဦးနယ်စပ်ကြားရှိ ကျောက်ကျပ်ကျေးရွာသို့ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုက ယနေ့ ဩဂုတ် ၂၅ ရက်နေ့ မွန်လွဲပိုင်းအချိန်ခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
အဆိုပါကျောက်တော် စကခ(၉) မှထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို နံနက် ၉ နာရီခွဲဝန်းကျင်က ကျောက်တော်မဟာမုနိသို့ ကား ၆ စီးဖြင့်လာရောက်ချထားခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မဟာမုနိစစ်ဘေးရှောင်စခန်းကို ဖြတ်ကာ ညောင်ချောင်းမှ တစ်ဆင့် ကျောက်ကျပ်ကျေးရွာသို့ ရောက်သွားခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေသည့် ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးအုပ်စုအတွင်းရှိသော ရက္ခိုင့်တပ်တော် AA၏ စခန်းများနှင့် စစ်ဆေးရေးဂိတ်စခန်းနေရာများကို ဩဂုတ် ၂၅ ရက်နေ့ နောက်ဆုံးဆုတ်ခွါဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီမှ ခေါ်ယူသတိပေးခဲ့သည်။
Khit Thit Media