29/08/2024
ဘားအံမြို့မှာ အသက် ၃၅နှစ်မှ ၆၅နှစ်အရွယ်ရှိအမျိုးသားများကို ကျေးရွာလုံခြုံရေးလုပ်ရန် စစ်တပ်က အဓမ္မခေါ်ဆောင်နေ
Dawna News / ဩဂုတ် ၂၉
ကရင်ပြည် ဘားအံမြို့ ကော့ဂွန်း(ဘားကပ်) ကျေးရွာအုပ်စုအတွင်းရှိ အသက် ၃၅နှစ်မှ ၆၅နှစ်အရွယ်ရှိအမျိူးသားများကို စစ်တပ် ပြည်သူ့လုံခြုံရေး သို့မဟုတ် ကျေးရွာလုံခြုံရေး လုပ်ရန် အဓမ္မခေါ်ယူနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံက သိရပါတယ်။
ကော့ဂွန်း(ဘားကပ်) ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများရဲ့နေအိမ်သို့ အဓမ္မလုံခြုံရေးလုပ်ပေးရန်ပေးပို့တဲ့ ဖိတ်စာမှာ မပျက်မကွက် လာရောက်ရန်ဟုဆိုကာ အဓမ္မခေါ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မစစ်မှုထမ်းခေါ်ယူနေဆဲဖြစ်သလို ယခုအခါမှာလည်း လူကြီးပိုင်းတွေကိုပါ ၄င်းတို့ စစ်တပ်ယန္တားလည်ပါတ်နိုင်ရန် အဓမ္မခေါ်ယူစုဆောင်းနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူငယ်ပေါင်းမြောက်များစွာဟာ မြန်မာနိုင်ငံအတွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အလုပ်ကိုင်ရှာပါးမှုအခြေနေ ၊ စားဝတ်နေရေးခက်ခဲမှုအခြေနေတွေကို ရင်ဆိုင်နေကြရပါတယ်။