Revolutionary Marxism

  • Home
  • Revolutionary Marxism

Revolutionary Marxism We are publishing a quarterly Marxist magazine, The Struggle.

We are fighting for genuine Marxism and for a socialist revolution in our lifetime to build a classless, stateless and moneyless society without any form of exploitation and oppression.

ဗမာပြည်မှာ အမေရိကန်နဲ့ နီးစပ်တဲ့ လစ်ဘရယ်အုပ်စု အာဏာရသွားမှာကို သူတို့ အဲသလောက် မကြောက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆ...
14/10/2024

ဗမာပြည်မှာ အမေရိကန်နဲ့ နီးစပ်တဲ့ လစ်ဘရယ်အုပ်စု အာဏာရသွားမှာကို သူတို့ အဲသလောက် မကြောက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လစ်ဘရယ် အစိုးရကို သူတို့ဆက်ဆံဖူးပြီးသားပဲ။ ဒါ့ကြောင့် ဗမာပြည်ကို ယူကရိန်းလို ဖြစ်သွားမှာ စိုးရိမ်လို့ စကစကို တရုတ်က ကာကွယ်ပေးနေတယ်ဆိုတဲ့ လက်ဝဲတချို့ရဲ့ သုံးသပ်ချက်ဟာ အပေါ်ယံဆန်လွန်းပါတယ်။ အမေရိကန်က ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းမှာ စစ်ကျွံနေတာနဲ့တင် ဗမာပြည်အရေးကို ကိုယ်ထိလက်ရောက် ဝင်မပါနိုင်ပါဘူး။ ယူကရိန်းလို ဖြစ်ရအောင် ဗမာပြည်မှာ အမေရိကန်အတွက် မဟာဗျူဟာမြောက် အကျိုးစီးပွား ဘယ့်လောက် ရှိလို့လဲ။ တရုတ်အတွက် အလွန်အရေးကြီးတဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ရှိတာ မှန်တယ်။ ဒါပေမယ့် အမေရိကန်က ဗမာပြည်မှာ proxy war ဆင်နွှဲရလောက်အောင် မဟာဗျူဟာမြောက် အကျိုးစီးပွား မရှိပါဘူး။ ဒါကို တရုတ်က မသိလို့ အစိုးရိမ်လွန်ပြီး အာဏာသိမ်း စစ်တပ်ကို ကျားကန်ပေးတယ်လို့ ယူဆမယ်ဆိုရင် naïve ဖြစ်လွန်းပါတယ်။

မှန်ကန်တဲ့ နားလည်မှုအပေါ် အခြေခံထားမှသာ မှန်ကန်တဲ့ နည်းနာ၊ ပေါ်လစီကို ချမှတ်နိုင်ပါလိမ့်မယ်။ အုပ်စိုးသူ လူတန်းစားတွေဟာ သူတို့အချင်းချင်း သတင်းလွေ့ကြသလို တရုတ်ပြည်က အဖိနှိပ်ခံ အလုပ်သမား လူတန်းစားရဲ့ ဆိုရှယ်လစ် တော်လှန်ရေးနဲ့ ဗမာပြည် ဆိုရှယ်လစ် တော်လှန်ရေးဟာလဲ အပြန်အလှန် အမှီသဟဲ ပြုနေကြောင်း တင်ပြလိုက်ရပါတယ်။

ဒီရက်ပိုင်းမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ မြန်မာနောင်း သတင်းဆောင်းပါးနဲ့ စချင်ပါတယ်။ ‘မင်းအောင်လှိုင် .....

အလုပ်သမား လွတ်မြောက်ရေး အင်အားစုရုရှားပြည်က တော်လှန်ရေး လှုပ်ရှားမှုဟာ အလုပ်သမားထုရဲ့ တော်လှန်ရေး လှုပ်ရှားမှုအနေနဲ့ပဲ အ...
13/10/2024

အလုပ်သမား လွတ်မြောက်ရေး အင်အားစု

ရုရှားပြည်က တော်လှန်ရေး လှုပ်ရှားမှုဟာ အလုပ်သမားထုရဲ့ တော်လှန်ရေး လှုပ်ရှားမှုအနေနဲ့ပဲ အောင်ပွဲရနိုင်မယ်။ ငါတို့အတွက် တခြားထွက်ရပ်လမ်း မရှိ၊ ရှိလဲမရှိနိုင်။ (Plekhanov – speech to the International Socialist Congress, Paris 1889.)

“အကိုင်းအခတ်၊ အရွက်တွေ ဝေဆာနေတဲ့ ကိုယ်ထည်ပြည့်ပြည့် ဝက်သစ်ချပင်ကို အလိုရှိချိန်မှာ ဝက်သစ်ချသီးလောက်နဲ့ ငါတို့မကျေနပ်နိုင်ဘူး”လို့ ဟေဂယ်က မှတ်ချက်ပြုခဲ့ဖူးတယ်။ (G.W.F. Hegel, The Phenomenology of Mind, p. 75.) သို့သော် သစ်တပင် (သို့) တိရစ္ဆာန်တကောင်ကောင်ရဲ့ မျိုးစေ့ထဲမှာ နောင်အခါကြီးထွားဖွံ့ဖြိုးလာဖို့ လိုအပ်သော ဗီဇအစိတ်အပိုင်းတွေ အားလုံး ပါဝင်နေပြီးသား ဖြစ်တယ်။ တော်လှန်ရေး အင်အားစုတရပ် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းမှာလဲ ဒီသဘောပဲ။ ဒီနေရာမှာ ‘ဗီဇအစိတ်အပိုင်း’ ဆိုတာ သီအိုရီပဲ၊ အတိတ်သမိုင်း အတွေ့အကြုံမှာ အခြေတည်ပြီး အနှစ်အသားကို ဆွဲထုတ်ထားတဲ့ ယေဘုယျ သဘောတရားတွေ အလျှံပယ် ကိန်းအောင်းနေတာ သီအိုရီပဲ။ သီအိုရီဟာ အဓိကဖြစ်တယ်၊ နောက်ပိုင်း ဖွံ့ဖြိုးမှု အားလုံးက သီအိုရီမှာ မြစ်ဖျားခံလာခြင်း ဖြစ်တယ်။ သူတို့လူစု အရေအတွက် အလွန်နည်းတယ်၊ အဖွဲ့အစည်း သက်တမ်းနုသေးသလို လုပ်နည်းလုပ်ဟန်လဲ မရင့်ကျက်သေးဘူး၊ သို့သော် လေဘာ လှုပ်ရှားမှုအတွက် သီအိုရီ အုတ်မြစ် ချပေးနိုင်ခဲ့တာ အလုပ်သမား လွတ်မြောက်ရေး အင်အားစုရဲ့ မဟာအကျိုးပြုချက်ပဲ။ အဲဒီကာလ လိုအပ်ချက်အရ ဒီအင်အားစုရဲ့ ဦးစားပေးအလုပ်ဟာ တယောက်ရ တယောက်၊ နှစ်ယောက်ရ နှစ်ယောက် စည်းရုံးပြီး ကေဒါဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးရေး၊ မာ့(က်စ်)ဝါဒအခြေခံမူတွေကို ရေရေလည်လည် ဖမ်းဆုပ်မိအောင် ပျိုးထောင်ရေး ဖြစ်ခဲ့တယ်။

“အလုပ်သမား-လယ်သမား လူထုကြီးတရပ်လုံး နားလည်နိုင်စေမယ့် စာပေတရပ် ဖန်တီးရေး ကျနော်တို့ အသည်းအသန် ကြိုးပမ်းကြတယ်။ သို့သော်လဲ ကျနော်တို့ရဲ့ အများနားလည်လွယ်သော စာပေ ထွက်ပေါ်လာရေး ကြိုးပမ်းချက်တွေဟာ အလုပ်သမား လူတန်းစားထဲက ‘ပညာတတ်’ ခေါင်းဆောင်ပိုင်းကြားမှာပဲ အချိန်တခုအထိ ရှိနေခဲ့တယ်” လို့ ပလက်ခနော့(ဗ်) ရေးခဲ့တယ်။ (Quoted in Istoriya KPSS, vol. 1, p. 132, my emphasis.)

ဒီကာလ ပလက်ခနော့(ဗ်)ရဲ့ စာပေလက်ရာတွေဟာ ပါတီ တည်ဆောက်ရေးအတွက် သီအိုရီ အုတ်မြစ် ဖြစ်လာခဲ့တယ်။ အဲဒီအရေးအသား အများစုဟာ ဒီကနေ့အထိ ဂန္ထဝင် လက်ရာတွေ ဖြစ်နေတုန်းပဲ၊ ဒါပေမယ့် မာ့(က်စ်)ဝါဒလေ့လာသူ အတော်များများ သိပ်အလေးမထားမိကြဘူး။ တော်လှန်ရေး အောင်ပြီးတော့ ပလက်ခနော့(ဗ်)ရဲ့ ဒဿနိကဗေဒဆိုင်ရာ စာပေလက်ရာတွေကို ပြန်ထုတ်ဝေဖို့ လီနင် အလေးအနက် တိုက်တွန်းခဲ့တယ်။ တကယ်တော့ အဲဒီအချိန်မှာ သူတို့နှစ်ဦး နိုင်ငံရေးအရ ရန်ဖက်တွေ ဖြစ်နေတာ ကြာခဲ့ပြီ။ ဆိုရှယ်လစ်ဝါဒနဲ့ နိုင်ငံရေး တိုက်ပွဲ၊ ငါတို့ရဲ့ ခြားနားချက်များ၊ အစရှိတဲ့ စာအုပ်တွေအပြင် ပလက်ခနော့(ဗ်)ရဲ့ အပြောင်မြောက်ဆုံး လက်ရာတခုဖြစ်တဲ့ ‘On the Development of the Monist View of History’ စာအုပ်။ ဒီစာအုပ်တွေထဲမှာ ဒိုင်ယာလက်တစ် ရုပ်ဝါဒနဲ့ သမိုင်းရေး ရုပ်ဝါဒရဲ့ အခြေခံ သဘောတရားတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှင်းလင်းတင်ပြထားတာ တွေ့ရလိမ့်မယ်။

ပလက်ခနော့(ဗ်)ရဲ့ တရစပ် ထိုးနှက်ချက်ကြောင့် နရော့နစ်(ခ်) ခေါင်းဆောင်တွေ ကစင့်ကလျား ဖြစ်သွားခဲ့တယ်။ မာ့(က်စ်)ဝါဒီရဲ့ ဝေဖန်ချက်ကို ကြောင်းကျိုးဆီလျော်အောင် ပြန်မချေပနိုင်တဲ့အခါ မကျေမနပ်ဖြစ်ပြီး မလိုတမာ စွပ်စွဲချက်တွေ ထုတ်လွှင့်လာကြတယ်။ (၁၈၈၄ ခုနှစ်ထုတ်၊ အမှတ် ၂ ) Vestnik Narodnoi Voli စာစောင်က အခုလို စွဲချက်တင်ထားတယ်၊ “သူတို့ [မာ့က်စ်ဝါဒီတွေ] အဖို့ ရုရှား ပြည်သူတွေအပေါ် သွေးစုပ် ခြယ်လှယ်နေသူတွေနဲ့ ရုရှား အစိုးရကို တိုက်ပွဲဝင်ရေးထက် လူထုဆန္ဒ အဖွဲ့နဲ့ စကားစစ်ထိုးရေး ကိစ္စက ရှေ့တန်းရောက်နေတယ်။ (Ibid., p. 136.)

အဲသလို စွပ်စွဲချက်တွေကို သမိုင်းတလျှောက်မှာ မာ့(က်စ်)ဝါဒီတွေ ဘယ့်လောက်တောင် ကြားခဲ့ရပြီလဲ။ သဘောတရားရေး ရှင်းလင်းပြတ်သားမှုကို အခိုင်အမာ တောင်းဆိုခြင်းဆိုတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့လို့၊ မာ့(က်စ်)ဝါဒနဲ့ တခြားသော နိုင်ငံရေး တိမ်းညွှတ်မှု ရေစီးကြောင်းတွေကြား နယ်နိမိတ်မျဉ်းကို ရှင်းရှင်းလင်းလင်း ပိုင်းခြားထားလို့ မာ့(က်စ်)ဝါဒကို ဂိုဏ်းဂဏစွဲဝါဒ၊ ‘လက်ဝဲ ညီညွတ်ရေး’ ဆန့်ကျင်တဲ့ ဝါဒရယ်လို့ အမျိုးမျိုး စွပ်စွဲလေ့ရှိတယ်။ ပလက်ခနော့(ဗ်)တို့ အစုကို တော်လှန်ရေး ညီညွတ်မှု ဖျက်စီးသူတွေ၊ ‘အရင်း’ ထမ်းပိုးအောက် ပြားပြားဝပ် ငြိမ်ခံသူတွေလို့ စွပ်စွဲပြီး အပြင်းအထန် ဝေဖန်လေ့ရှိတဲ့ နရော့နစ်(ခ်) တီခိုမစ်ရော့(ဗ်)ဟာ နောင်အခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလားတဲ့ ဖောက်ပြန်ရေး အုပ်စုဆီ ဘက်ပြောင်းသွားခဲ့တယ်။ သေသပ်လွန်းတဲ့ သမိုင်းရဲ့ လှည့်ကွက်တခုပါပဲ။ မူမဲ့ ‘ညီညွတ်ရေး’ကို ထောက်ခံအားပေးသူတွေ အဆုံးသတ်ကျ အလုပ်သမားထု ရန်သူတွေနဲ့ ပေါင်းသွားကြတာ ဒီတကြိမ် ပထမဆုံး မဟုတ်သလို နောက်ဆုံးလဲ မဟုတ်ပေ။

သို့သော်လဲ ရုရှားပြည်တွင်းက လှုပ်ရှားမှုကို ထိုးဖောက်ဝင်ရောက်ရေးဟာ အလွန်ခက်ခဲခဲ့တယ်။ စာအုပ်စာတမ်းတွေ ခိုးသွင်းရတဲ့ ကိစ္စကလဲ အတော်အန္တရာယ်များပါတယ်။ ပြည်ပမှာ ပညာသင်နေတဲ့ ကျောင်းသားတွေ၊ ပရော်ဖက်ရှင်နယ် ပုဂ္ဂိုလ်တွေ အားလပ်ရက် အလည်ပြန်ကြတဲ့အခါ တရားမဝင် စာအုပ်စာတမ်းတွေ ထည့်ပေးလိုက်ရတယ်။ ပြည်တွင်းနဲ့ အချိတ်အဆက်ရဖို့ ပလက်ခနော့(ဗ်) အဖွဲ့သားတွေကို လွှတ်လိုက်ရတဲ့ အခေါက်တွေလဲ ရှိတယ်။ အဲဒီခရီးတွေဟာ အလွန်အန္တရာယ်ကြီးပါတယ်။ အဖမ်းခံရတာက ခပ်များများပါပဲ။ ရုရှား ပြည်တွင်းမှာနေပြီး သူတို့လူစုနဲ့ တိုက်ရိုက်ချိတ်ဆက်မိသူ အလွန်ရှားလာတယ်၊ အဆက်အသွယ်လဲ အတော်ကျဲပါတယ်။ ဒီလို ရှားရှားပါးပါး အချိတ်လေးတွေဟာ ခက်ခက်ခဲခဲ တူးဖော်ယူရတဲ့ ရွေတုံးလေးတွေလိုပါပဲ။ ၁၈၈၇-၈၈ ခုနှစ်က ပြည်ပရောက် ရုရှား ဆိုရှယ် ဒီမိုကရက် သမဂ္ဂတခုဖွဲ့ဖို့ ကြိုးပမ်းခဲ့သေးတယ်။ ၁၈၈၄ မှာ ရုရှားက ထွက်လာခဲ့တဲ့ ကျောင်းသား ရာဖေး(လ်) ဆိုလိုဗေးချစ်(ခ်) ဦးဆောင်ဖွဲ့ဖို့ လုပ်ခဲ့တာ။ ဒါပေမယ့် ရာဖေး(လ်)က ပလက်ခနော့(ဗ်)တို့ အုပ်စုနဲ့ ပဋိပက္ခဖြစ်ပြီး ရုရှားကို ပြန်သွားခဲ့တယ်။ ၁၈၈၉ ခုနှစ်မှာ ရာဖေး(လ်) အဖမ်းခံရပြီး ထောင်နှစ်ရှည်ကျသွားခဲ့တယ်။ ထောင်ထဲမှာ စိတ်ကျန်းမာရေး ယိုယွင်းပျက်စီးပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်။ ဇူးရစ်(ချ်)က ကျောင်းသားလူငယ် ဂရစ်ဂေါ ဂူကော့စကီး ဆိုတဲ့ အဖွဲ့ဝင် နောက်တဦးလဲ အားခင်မြို့မှာ အဖမ်းခံခဲ့ရတယ်။ ဇာဘုရင့် အစိုးရဆီ လွှဲအပ်ခံရပြီး သူလဲ အကျဉ်းထောင်ထဲမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်။ ဒီလို ဖြစ်ရပ်တွေ မနည်းမနော ရှိခဲ့တယ်။ ဇာဘုရင့် အာဏာပိုင်တွေရဲ့ လက်တံက ရှည်လျားပါတယ်။ အလုပ်သမား လွတ်မြောက်ရေး အင်အားစုအတွင်း သတင်းပေးတွေ၊ အစိုးရဘက်တော်သား သူလျှိုတွေ ထိုးဖောက်ဝင်ရောက်တဲ့ အန္တရာယ်ကို မပြတ်ရင်ဆိုင်ခဲ့ရတယ်။ ခရစ်ရှန် ဟွတ် ဆိုတဲ့ အလုပ်သမားက အဲလို စပိုင်မျိုးပဲ။ ပြည်ပရောက် ရုရှား ဆိုရှယ် ဒီမိုကရက် အဖွဲ့အစည်းတွေထဲ တိုးဝင်သူလျှိုလုပ်ဖို့ ဇာဘုရင့် ရဲတပ်ဖွဲ့က လွှတ်ထားတဲ့သူ။ ဂျာမန် ဆိုရှယ် ဒီမိုကရက်တွေက ဟွတ်ကို ရဲသတင်းပေးမှန်း သိသွားတဲ့အခါ ဆွစ်ဇာလန်ကနေ မောင်းထုတ်လိုက်တယ်။

အဆိုးဆုံးက နိုင်ငံရေးအရ လုံးဝ ထီးတည်းဖြစ်နေတဲ့ ခံစားမှုပဲ။ ဒီကြားထဲ ပြည်ပရောက် နိုင်ငံရေးသမားတွေ တကျက်ကျက် စကားများ ငြင်းခုန်နေကြတော့ ပိုဆိုးပါတယ်။ ပလက်ခနော့(ဗ်) ဝေဖန်ချက်ကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်နေသော ပြည်ပရောက် နရော့နစ်(ခ်)တွေက သူတို့ကို ‘ဘာကူနင်ဝါဒီတွေ’လို့ ခေါ်ရပါ့မလားဆိုပြီး ဒေါသပေါက်ကွဲကြတယ်၊ လူသိရှင်ကြား ဝန်ချတောင်းပန်ခိုင်းတယ်။ ပြည်ပရောက် နိုင်ငံရေးသမားတွေထဲ အများစုက နရော့နစ်(ခ်)တွေ။ သူတို့က ပလက်ခနော့(ဗ်)တို့ လူစုကို သစ္စာဖောက်တွေ၊ ခွဲထွက်သူတွေလို့ သတ်မှတ်ပြီး မကျေချမ်းနိုင်လောက်အောင် ရန်လိုမုန်းတီးနေကြတယ်။ နောင်အခါ ပလက်ခနော့(ဗ်) ဇနီးက အခုလို ပြန်ပြောခဲ့တယ်၊ “လူထု ဆန္ဒပါတီက လူတွေနဲ့ မစ်ခေးလော့စကီး တို့က အဲဒီကာလ ဂျနီဗာမှာ ခိုလှုံနေတဲ့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ရုရှား ကျောင်းသားတွေကြား အတော် ဩဇာညောင်းခဲ့တယ်။” (G.V. Plekhanov, Perepiska GV Plekhanova i PB Aksel’roda, p. 87.)

(ဇာဘုရင်) အလက်ဇန်းဒါး - ၂ အသတ်ခံရပြီးနောက် ရုရှား တပြည်လုံးမှာ မျှော်လင့်ချက် ဆိတ်သုဉ်းနေသော ကာလတခု ကျရောက်လာခဲ့တယ်။ အလက်ဇန်းဒါး - ၃ အစိုးရဲ့ ရဲ့ ခဲကွပ်ထားသော ခေါင်မိုးတွေ [အကျဉ်းထောင်တွေ] မှာ မရဏရဲ့ တိတ်ဆိတ်မှုမျိုး ခိုအောင်းနေခဲ့တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ ပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားသလို တော်လှန်ရေး လှုပ်ရှားမှုအားလုံးလဲ အရာမထင် ဖြစ်နေတယ်၊ ဒီတော့ ရုရှား လူ့အဖွဲ့အစည်းအတွင်း စိတ်ပျက်အားငယ်ပြီး လက်လျှော့လိုစိတ်တွေပဲ ကြီးစိုးမင်းမူနေခဲ့တယ်။ ဒီလို ရပ်ဝန်းမှာ ရုပ်လွန်၊ စိတ်တန်ခိုးဆိုင်ရာ တိမ်းညွှတ်မှုတွေပဲ ထွက်ပေါ်လာနိုင်တယ်။ (J.P. Nettl, Rosa Luxemburg, vol. 1, p. 44.)

ဒါကတော့ စိတ်ဓာတ်ကျဆင်းဖွယ် ဖောက်ပြန်ရေး ဆယ်စုနှစ်ကို ရိုဆာ လူဇင်ဘတ် ပြန်ပြောင်းအမှတ်ရခဲ့ပုံ ဖြစ်ပါတယ်။ ဇာဘုရင်အသစ် အလက်ဇန်းဒါး - ၃ ဟာ ဧရာမ လူထွားကြီးတယောက်ပါ၊ မြင်းသံခွာကို ကွေးသွားအောင် လက်နဲ့ဖြစ်နိုင်တဲ့သူ၊ သို့သော် အသိဉာဏ်ပညာပိုင်းမှာတော့ လူပုလေးတယောက်ပါပဲ။ တကယ်တော့ ဇာဘုရင်ရဲ့ ကျူတာဟောင်း ပိုဘီဒိုနော့(စ်)ဆက်(ဗ်) ဆိုသူက ရုရှားကို မင်းမူနေတာပါ။ သူဟာ ရုရှား အော်သိုဒေါ့(ခ်စ်) ခရစ်ယာန် ကျောင်းတော်ရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သော the Holy Synod ရဲ့ ဂိုဏ်းချုပ်ရာထူးကို ရရှိထားတယ်။ ပိုဘီဒိုနော့(စ်)ဆက်(ဗ်)က အနောက်တိုင်း ဒီမိုကရေစီဟာ ဟောင်းမြင်းပုပ်သိုးနေပြီ၊ ရုရှား ပေထရီအာခီ စနစ်ကသာ ကောင်းတယ်၊ မီဒီယာတွေကို နှိပ်ကွပ်ရမယ်၊ စာသင်ကျောင်းတွေကို ဘာသာရေးကျောင်းတော်ရဲ့ အထိန်းအကွပ်အောက်မှာပဲ ထားရမယ်၊ ဇာဘုရင် အုပ်စိုးမှုဟာ အကြွင်းမဲ့ဖြစ်ရမယ်လို့ စွဲမြဲယုံကြည်ထားတယ်။ ကျေးလက်က ခရစ်ယာန် ဘုန်းတော်ကြီးတွေအနေနဲ့ သူတို့အသင်းတော်ပိုင်နက်အတွင်း နေထိုင်သူတွေထဲမှာ နိုင်ငံရေးအရ သံသယရှိသူ တယောက်ယောက် တွေ့ခဲ့ရင် ရဲဘက်ကို သတင်းပို့ပေးရတယ်။ သူတို့ဟောကြားမယ့် ဒေသနာတွေကိုတောင် ဆင်ဆာတင်ရတာမျိုး ရှိခဲ့တယ်။ အော်သိုဒေါ့(ခ်စ်) မဟုတ်သော၊ ခရစ်ယာန်မဟုတ်သော ဘာသာရေးအားလုံးကို နှိပ်ကွပ်ပစ်ခဲ့တယ်။ တော်စတွိုင်းဂိုဏ်းသားတွေကို နိုင်ငံတော်နဲ့ ခရစ်ယာန် ကျောင်းတော်အတွက် အန္တရာယ်လို့ သဘောထားခဲ့တယ်။ တော်စတွိုင်းကို ခရစ်ယာန် အသိုင်းအဝိုင်းကနေ ကြဉ်ထားခဲ့တယ်။ ကျောင်းသား ဆန္ဒပြပွဲ မှန်သမျှကို ရက်ရက်စက်စက် ချေမှုန်းပစ်ခဲ့တယ်။

ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေ ဖြစ်ပါတယ်။ မျက်နှာစာအသီးသီးမှာ ခွာစစ်ကို ကြုံနေရတယ်၊ သဘောတရားရေးဆိုင်ရာ ဒုံရင်းပြန်ဆိုက်မှုနဲ့ နိုင်ငံရေး ရပ်တည်ချက်ကို သရဲဘောကြောင်စွာ စွန့်ခွာမှုတွေ အတော်များခဲ့တယ်။ အရင် နရော့နစ်(ခ်) လမ်းကြောင်းမှာ ထွက်ပေါက်မရှိတော့ဘူး။ အကြမ်းဖက် လုပ်ကြံရေးဝါဒကို မဆင်မခြင် သွားလုပ်ပြီး အထိနာထားတဲ့ ‘ရဲရဲတောက် တော်လှန်ရေးသမားကြီးတွေ’ဟာ ၁၈၀ ဒီဂရီ ကျွမ်းပစ်ပြီး လစ်ဘရယ် ဒုံးဝေးသူများဘက်ကို ရောက်သွားခဲ့တယ်။ အခုတော့ ‘အလုပ် သေးသေးလေးတွေ’ နဲ့ ယဉ်ကျေးမှု-ပညာရေးဆိုင်ရာ အလုပ်တွေ နိုင်သလောက် လုပ်ကြဖို့ပဲ သူရဲဘောကြောင်စွာ ဆွယ်တရားဟောနေကြပြီ။ နရော့နစ် လှုပ်ရှားမှု ယိုယွင်းပျက်စီးပုံကို မှတ်ချက်ပြုရင်း မားတော့(ဗ်)က အခုလို ရေးခဲ့တယ် -

တော်လှန်သော ပြည်သူ့လွတ်လပ်ရေး အဖွဲ့ ပြိုလဲသွားခြင်းဟာ ပေါ်ပြူလစ်ဇင် တခုလုံး ပြိုလဲသွားခြင်းလဲ ဖြစ်တယ်။ ဒီမိုကရက်တစ် ပညာတတ် လူတန်းစား အသိုင်းအဝိုင်းမှာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းသွားပြီး ‘နိုင်ငံရေး’ ဆိုသောအရာနဲ့ သူတို့ရဲ့ သူရဲကောင်းဝါဒ မစ်ရှင်ကို စိတ်ကုန်သွားကြတယ်။ ဓနရှင်လူတန်းစားထဲက လစ်ဘရယ် အစိတ်အပိုင်း အကျိုးငှာ အသင့်အတင့် ပျိုးထောင်ပေးခြင်း တမျိုးပါပဲ၊ ဒါဟာ ပေါ်ပြူလစ်ဇင်ကို သစ္စာရှိနေသေးတဲ့ ပညာတတ် အစိတ်အပိုင်းတချို့ ၁၈၈၀ ခုနှစ်များရဲ့ ငြီးငွေ့ဖွယ် ခေတ်ကို ချဉ်းနင်းဝင်ရောက်သွားခဲ့ပြီ ဆိုတဲ့ လက္ခဏာပဲ။ (Quoted in F. Dan, The Origins of Bolshevism, p. 141.)

အလုပ်သမား လွတ်မြောက်ရေး အင်အားစု စတင်ထူထောင်ပြီး ဆယ်နှစ်လောက်ကြာတဲ့အထိ လက်ပန်းလုနီးပါး ပင်မရေစီးကို ဆန်တက်ခဲ့ရတယ်။ လူငယ်မျိုးဆက်ဆီ လမ်းဖောက်ဖို့ရာ ပလက်ခနော့(ဗ်)အနေနဲ့ နရော့နစ်(ခ်) အယူအဆတွေ မကင်းစင်သေးသော၊ ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်း မရှိသော လူတွေနဲ့ လက်တွဲလုပ်ခဲ့ရတယ်။ အဲဒီလို အုပ်စုတစုက ရုရှား လွတ်လပ်ရေး အမည်ရ ဂျာနယ်လေးတစောင် ထုတ်ခဲ့တယ်။ အဲဒီဂျာနယ် အမှတ်စဉ် ၁ ရဲ့ ခေါင်းကြီးပိုင်းမှာ “အလုပ်သမားနဲ့ လယ်သမားများကို တော်လှန်ရေး လှုပ်ရှားမှု အခြေခံပြီး စည်းရုံးလို့ မဖြစ်နိုင်ကြောင်း”၊ ဒါ့အပြင် မိမိတို့ကို ထောက်ခံအားပေးနေသူ လစ်ဘရယ်များ နောက်တွန့်သွားစေနိုင်သော အယူအဆတွေ ထုတ်ဖော်တင်ပြခြင်းကိုလဲ ကန့်ကွက်ကြောင်း ရေးထားတယ်။ ရုရှားနဲ့ လှမ်းဆက်သွယ်ရတာကလဲ ပုန်းစလုတ်တောက်တဲ့ ကစားနည်းလိုပါပဲ။ ပြည်ပရောက် အုပ်စုတွေရဲ့ အခြေအနေဟာ ဆိုးသထက်ဆိုးလာခဲ့တယ်။ သူတို့လူစုရဲ့ ခံပြင်းစိတ်ပျက်မှုတွေကို ပလက်ခနော့(ဗ်)နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကြား ပေးစာပြန်စာတွေမှာ တွေ့ရမယ်။ သူတို့လူစုရဲ့ စာပေ ထုတ်ဝေရေး အလုပ်မှာကို အခက်အခဲတွေက တင်းကျမ်းပဲ။ အလုပ်သမား လွတ်မြောက်ရေး အင်အားစုဟာ ငွေကြေး အကျပ်အတည်းကို တောက်လျှောက်ရင်ဆိုင်ခဲ့ရတယ်။ အုပ်စုဝင် အရေအတွက်ကလဲ နည်းသလို ရန်ပုံငွေ ရှာနိုင်စွမ်းလဲ သိပ်မရှိ။ ဒီတော့ သူတို့စာပေလက်ရာတွေ ထုတ်နိုင်အောင် အမေရိကန် ပြဇာတ်လောကမှာ ‘အိန်ဂျယ်တွေ’လို့ ခေါ်လေ့ရှိတဲ့ စာနာထောက်ခံသူ လူချမ်းသာတွေရဲ့ ငွေကြေးအထောက်အပံ့ကို မှီခိုခဲ့ရတယ်။ တချို့ဆိုရင် ဆိုရှယ်လစ်လို့တောင် ခံယူမထားသူတွေ။ ဥပမာ၊ ‘သုံးလတကြိမ်ထုတ်’ Sotsial Demokrat စာစောင်အတွက် ငွေကြေးစိုက်ထုတ်ပေးဖူးတဲ့ ဂူရီယက်(ဗ်)။ များသောအားဖြင့် စာစောင်စာတမ်းတွေကို ပုံမှန်မထုတ်နိုင်ခဲ့ဘူး။ လုပ်သာလုပ်နေရတယ်၊ မျှော်လင့်ချက်မဲ့သလို ဖြစ်သွားတာလဲ မကြာခဏ။ ၁၈၈၅ နွေရာသီမှာ ပလက်ခနော့(ဗ်)က အေဇယ်ရော့(ဒ်)ဆီ အသည်းအသန်ဖြစ်ကာနီး အခြေအနေကို စာလှမ်းရေးတယ် - “အခုဆို ငါတို့တတွေ အသူတရာနက်တဲ့ ကြွေးမြီချောက်နဖူးပေါ် ရောက်နေပြီ၊ ပြုတ်ကျမသွားအောင် ဘာကို လှမ်းဆွဲထားရမလဲ မသိဘူး၊ တွေးလဲ မတွေးနိုင်တော့ဘူး။ အခြေအနေက ဆိုးရွားလွန်းတယ်။” (Perepiska GV Plekhanova i PB Aksel’roda, p. 66 and p. 21.)

၁၈၈၀ ပြည့်နှစ်တွေရဲ့ အမှောင်နေ့ရက်များမှာ ပလက်ခနော့(ဗ်)နဲ့ သူ့မိသားစု အလွန်ဆင်းရဲကျပ်တည်းခဲ့တယ်။ တခါတလေ လစာလေး မဆိုစလောက်ရဖို့ ရုရှား စာပေကို သီးသန့် သင်ကြားပေးတာမျိုး ပလက်ခနော့(ဗ်) လုပ်ခဲ့ရတယ်။ သားသတ်သမားတဦးပိုင်တဲ့ ဈေးပေါပေါ အဆောင်ကလေးမှာ ပလက်ခနော့(ဗ်) ငှားနေခဲ့တယ်။ အဆောင်ရှင် သားသတ်သမားက အသားပြုတ်နဲ့ ဟင်းချိုချည်း နေ့တိုင်းချက်ကျွေးခဲ့တယ်။ အစားဆင်းရဲ၊ အနေဆင်းရဲမို့ ပလက်ခနော့(ဗ်) ကျန်းမာရေး ယိုယွင်းလာတယ်။ အချိန်အတော်ကြာအောင် အဆုတ်အမြှေးရောင် ရောဂါကြောင့် အသည်းအသန် နာမကျန်း ဖြစ်ခဲ့သေးတယ်။ အဲဒီဒဏ်ကို သူ့တသက်လုံး ခံစားသွားခဲ့ရတယ်။ အလုပ်သမား လွတ်မြောက်ရေး အစုဟာ ဘက်ပေါင်းစုံကလာတဲ့ အညှာအတာကင်းမဲ့လှသော ဖိအားတွေကို ခံခဲ့ရတယ်၊ အလွန်ကြီးမားလှတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒါတောင် ပြိုကွဲမသွားခဲ့ဘူး။ အဲသလို ပြိုကွဲမသွားတာဟာ သူတို့စွဲကိုင်ထားတဲ့ အတွေးအခေါ် အယူအဆတွေကို အခိုင်အမာ ယုံကြည်လို့ ဖြစ်သလို ပလက်ခနော့(ဗ်)ရဲ့ နိုင်ငံရေး ဩဇာ၊ အကျင့်သိက္ခာပိုင်း ဩဇာ အလွန်ကြီးမားလို့လဲ ဖြစ်တယ်။ သူတို့အုပ်စုအတွင်း ပလက်ခနော့(ဗ်)က အချုပ်အခြာပဲ။ နိုင်ငံရပ်ခြားမှာ အထီးတည်း ရပ်တည်နေရတာမို့ သူတို့ချင်း နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး ချည်နှောင်မှု အလွန်အားကောင်းခဲ့တယ်။ ဒီတော့ အလွန်ကျစ်လစ်သိပ်သည်းတဲ့ အသိုင်းအဝိုင်းလေးတခု ဖြစ်လာခဲ့တယ်။ သူတို့လူစုကို ‘မိသားစု’ လို့ ချစ်စနိုးနဲ့ နာမည်ပြောင်ပေးထားကြတာ အလကား မဟုတ်ဘူး။ ပလက်ခနော့(ဗ်)က အဲဒီ ‘အိမ်ထောင်’ရဲ့ ဦးစီး တယောက် ဖြစ်ခဲ့တယ်။ အသိဉာဏ်ပညာပိုင်းမှာ ပလက်ခနော့(ဗ်)က ကျန်လူအားလုံးကို လွှမ်းမိုးထားခဲ့တယ်၊ သို့သော် အရေးတော်ပုံ တခုအတွက် နှစ်ပေါင်းများစွာ ပေးဆပ်ရင်း၊ အတူလက်တွဲ တိုက်ပွဲဝင်ရင်း ပေါက်ဖွားလာတဲ့ အပြန်အလှန် အမှီသဟဲပြုမှု သူတို့ကြားမှာ အခိုင်အမာ အမြစ်တွယ်နေတယ်။ ဒီလို အခြေအနေမှာ ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေး ပြဿနာတွေ ရောထွေးကုန်တာ မထူးဆန်းတော့။ အဖွဲ့ဝင်အားလုံး အရေးအကြောင်းရှိလာရင် အားထားရသူဟာ ပလက်ခနော့(ဗ်)ပဲ။ သူတို့တတွေ တွေဝေလာတဲ့အခါ၊ ပုဂ္ဂိုလ်ရေး ဘဝ အကျပ်အတည်း ဆိုက်လာတဲ့အခါ ပလက်ခနော့(ဗ်)ကပဲ စိတ်ဓာတ်ရေးရာ အကူအညီပေးပြီး ဆွဲခေါ်ခဲ့တယ်။

အေဇယ်ရော့(ဒ်)နဲ့ ဇာဆူးလစ်(ဂျ်)တို့ရဲ့ ဘဝအဖြစ်ဆိုးကို ကြည့်ရင် ဝိသေသ နှစ်မျိုးတွေ့ရမယ်။ ပင်ကိုယ်စွမ်းရည်ရှိတဲ့ သူတို့လို လူတွေဟာ တခြားသော သမိုင်း အခြေအနေတွေမှာဆို ဖြစ်ရပ်တွေကို ပုံဖော်ရာမှာ အလွန်ကြီးမားသော ကဏ္ဍကနေ ပါဝင်လှုပ်ရှားနိုင်ခဲ့လိမ့်မယ်။ နှစ်ပေါင်းများစွာ ပြည်ပမှာပဲ ထီးတည်းနေရခြင်းဟာ သူတို့ရဲ့ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်မှုရှိခဲ့တယ်။ ပလက်ခနော့(ဗ်) အရိပ်အောက်မှာ အလုပ်လုပ်ရင်း သူတို့ရဲ့ တိုးတက်မှုဖြစ်စဉ်ဟာ ငြီးငွေ့စရာ ဖြစ်လာခဲ့တယ်၊ အတွေးသစ်တွေကို စိတ်မကူးနိုင်တော့ဘူး၊ အခြေအနေတွေ ပြောင်းလဲသွားပေမယ့် လိုက်ပါပြောင်းလဲနိုင်ခြင်းမရှိဘဲ တော်လှန်ရေးမှာ လမ်းပျောက်သွားခဲ့တယ်။ သူတို့လူစု ဆယ်စုနှစ်ချီ အလုပ်လုပ်ခဲ့ရတဲ့ အခြေအနေတွေကြောင့် သဘောတရား ဖြန့်ချိရေး အဝန်းအဝိုင်း ကျဉ်းကျဉ်းလေးတွေမှာ ဖြစ်ပေါ်နေကျ စိတ်နေသဘောထားမျိုး မလွှဲမရှောင်သာ ပေါ်ပေါက်လာလိမ့်မယ်။ လူနည်းနည်းနဲ့ သဘောတရားရေး ဖြန့်ချိမှုတွေ ဦးစားပေးလုပ်နေရတဲ့ ဖြေးဖြေးနှေးနှေး အစောပိုင်း နှစ်များမှာ အဲဒီလို အကြောင်းအချက်တွေက သိပ်အရေးမကြီးလှသေးဘူး။ ရုရှား မာ့(က်စ်)ဝါဒ လှုပ်ရှားမှုအနေနဲ့ ဝါဒဖြန့်ချိရေး အဆင့်ကိုကျော်ပြီး နောက်ထပ်ခြေလှမ်းအသစ်တွေ ထပ်လှမ်းဖို့ လိုအပ်လာချိန်မှာတော့ အလုပ်သမား လွတ်မြောက်ရေး အင်အားစုရဲ့ အပျက်သဘောဆောင်သော ဝိသေသတွေဟာ ထင်ရှားပေါ်ပေါက်လာတော့တယ်။

ဆယ်စုနှစ် နှစ်ခုကြာတဲ့အထိ သူတို့အဖွဲ့ဝင် အရေအတွက်က ဒီအတိုင်းပဲ။ ကနဦး တည်ထောင်သူ တဦးဖြစ်တဲ့ ဗွီအန် အစ်ညာတော့(ဗ်)က စောစောစီးစီး ကွယ်လွန်သွားတာမို့ စွဲထင်ကျန်ရစ်တဲ့အရာ သိပ်များများစားစား မရှိလှဘူး။ (ကနဦး တည်ထောင်သူ နောက်တဦးဖြစ်တဲ့) လီယို ဒူး(ခ်ျ)က စည်းရုံးစီစဉ်ရတဲ့ အလုပ်တွေမှာ အလွန်အားကိုးရသူ ဖြစ်ပါတယ်၊ စာအုပ်စာတမ်း ထုတ်ဝေရေး၊ ဖြန့်ချိရေးဆို သူပဲ ဒိုင်ခံစီစဉ်သွားတယ်။ အေဇယ်ရော့(ဒ်)ဆိုရင် ပင်ကိုယ်အရည်အချင်းရှိတဲ့ ဝါဒဖြန့်ချိရေးသမားကောင်းတယောက်။ လူငယ်အရွယ် လီနင်နဲ့ ထရော့စကီးတို့ သူ့ကိုအထင်ကြီးခဲ့ရတယ်။ အချိန်အတော်ကြာတဲ့အထိ သူ့အမည်ကို ပလက်ခနော့(ဗ်)နာမည်နဲ့ တွဲမြင်ခဲ့ကြတယ်။ ဇာဆူးလစ်(ချ်)က ရိုးသားဖြူစင်သူ၊ ကြင်နာသနားတတ်သူ၊ စိတ်လိုက်မာန်ပါ လုပ်တတ်သူ၊ ပြည်ပြေးဘဝရဲ့ ထရော်မာကို အလူးအလဲ အခံစားရဆုံးသူ။ အလုပ်သမား လွတ်မြောက်ရေး အင်အားစုနဲ့ ရုရှားပြည်တွင်းက တော်လှန်ရေး မျိုးဆက်သစ်ကြားက ကွာဟချက်ကို အမြန်ဖြည့်လိုတဲ့ ဇာဆူးလစ်(ချ်)က လူငယ်တွေဘက်က အပြင်းအထန် ခုခံပြောဆိုပေးလေ့ရှိတယ်။ ပလက်ခနော့(ဗ်)ရဲ့ တင်းခံမှုကို ကျော်လွှားပြီး ပြည်ပရောက် လူငယ် အုပ်စုတွေနဲ့ ပဏာမခြေလှမ်း အသစ်တွေ စမ်းကြည့်ဖို့ အားပေးခဲ့သူလဲ ဖြစ်တယ်။ (သို့သော် မအောင်မြင်ခဲ့တာက ခပ်များများ)။

မာ့(က်စ်)ဝါဒီတွေ စိတ်ရှည်လက်ရှည် ကြိုးပမ်းခဲ့ခြင်းရဲ့ အသီးအပွင့်ကို နောက်ဆုံးမှာ မြင်လာရတယ်။ ‘ဂိုဏ်းဂဏစွဲဝါဒ’ နဲ့ ‘သင်းခွဲရေးသမားတွေ’ဆိုပြီး နရော့နစ်(ခ်)တွေ တအီအီညည်းတွားနေရတဲ့ တကယ့် အကြောင်းရင်းက မာ့(က်စ်)ဝါဒ သဘောတရားတွေက သူတို့နောက်လိုက်တွေအပေါ် လွှမ်းမိုးမှု ရှိလာလို့ပဲ။ ချောင်ပိတ်မိနေသော နရော့နစ် လှုပ်ရှားမှုကနေ ထွက်ရပ်လမ်း ရှာဖွေနေကြတဲ့ ရုရှား ပြည်တွင်းက လူငယ် တော်လှန်ရေးသမားတွေအပေါ် ကျွန်ုပ်တို့၏ ခြားနားချက်များ (၁၈၈၅) လို လက်ရာတွေရဲ့ ဩဇာသက်ရောက်မှု ဘယ့်လောက် ရှိခဲ့မလဲဆိုတာ သိဖို့ခက်ပါတယ်။ အဲဒီကာလမှာ နရော့နစ် လှုပ်ရှားမှုရဲ့ ယိုယွင်းပျက်စီးမှုကို အထင်အရှား မြင်နေရပြီ။ (နရော့နစ်(ခ်) ခေါင်းဆောင်တဦးဖြစ်သော) တစ်ခိုမစ်ရော့(ဗ်)က ၁၈၈၈ ခုနှစ်မှာ ကျွန်ုပ် ဘာ့ကြောင့် တော်လှန်ရေးသမား မဟုတ်တော့သလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်တခု ရေးသားထုတ်ဝေခဲ့တယ်။ (ပလက်ခနော့ဗ် စကားထိုးစစ် အတော်များများရဲ့ ပစ်မှတ်ဖြစ်ခဲ့သော) တစ်ခိုမစ်ရော့(ဗ်)ရဲ့ ပြောင်ပြောင်တင်းတင်း သစ္စာဖောက်လုပ်ရပ်နဲ့အတူ နရော့နစ်(ခ်) ခေါင်းဆောင်တွေရဲ့ လက်ယာဘက် ကူးပြောင်းမှုဟာ အထွတ်အထိပ် ရောက်သွားခဲ့တယ်။

နရော့နစ် တော်လှန်ရေး လှုပ်ရှားမှုအဟောင်း ပြိုလဲသွားခြင်းဟာ ရုရှားပြည်တွင်းက လူငယ်တွေကြား အကြီးအကျယ် ရိုက်ခတ်မှုရှိခဲ့တယ်။ လစ်ဘရယ်ဘက်ယိမ်းသော ပြုပြင်ရေးဝါဒီတွေနဲ့ တော်လှန်ရေး လမ်းကြောင်းသစ်ကို ရှာဖွေလိုသော အထက်မြက်ဆုံး လူငယ်တွေဆိုပြီး ပြတ်ပြတ်သားသား ကွဲထွက်သွားခဲ့တယ်။ ၁၈၈၇ နှစ်အကုန်လောက်မှာ ရုရှားက ပြန်ရောက်လာသော အက်(စ်)အန် ဂျင်း(စ်)ဘာ့(ဂ်)က နရော့နစ်(ခ်) ခေါင်းဆောင် လပ်(ဗ်)ရော့(ဗ်)ဆီ စိုးရိမ်မကင်း လေသံနဲ့ စာလှမ်းရေးခဲ့တယ်။

ကျွန်ုပ်တို့၏ နိုင်ငံရေး ခြားနားချက်များ နဲ့ ဆိုရှယ်လစ်ဝါဒနဲ့ နိုင်ငံရေးတိုက်ပွဲ စာအုပ်တွေက ဩဇာအတော်ရှိနေတယ်။ ကျနော်တို့ ပြတ်ပြတ်သားသား ရင်ဆိုင်ရလိမ့်မယ်။ လူပုဂ္ဂိုလ်တဦးချင်းရဲ့ အရေးပါမှု၊ တော်လှန်ရေးမှာ ပညာတတ် လူတန်းစားရဲ့ အရေးပါမှု၊ ဒါတွေအားလုံးကို အဲဒီစာအုပ်တွေက အပြီးတိုင် ဖျက်စီးပစ်လိုက်ပြီ။ သူ့သဘောတရားတွေနဲ့ ချေဖျက်ခံလိုက်ရသူတွေကို ကျနော်ကိုယ်တိုင် မြင်ခဲ့ရတယ်။ အဓိကက သူ့လေသံပဲ၊ သူ့သဘောတရားတွေ မှန်ကန်ကြောင်း တထစ်ကျ ယုံကြည်ပြီး ရဲတင်းလှတယ်။ ရှေ့မျိုးဆက် လျှောက်ခဲ့တဲ့လမ်းနဲ့ သူတို့ရဲ့ သင်ကြားချက်အားလုံးကို ချေမှုန်းပစ်လိုက်တယ်။ သူ့သဘောတရားတွေ ဩဇာသက်ရောက်မှု ရှိနေတာတော့ အသေအချာပဲ။ (Ibid., p. 61.)

ဂျင်း(စ်)ဘာ့(ဂ်) စာမှာ တွေ့ရသလိုပဲ ပြည်ပရောက် မာ့(က်စ်)ဝါဒီတွေ မသိသေးသော်ငြား ရုရှား ပြည်တွင်းမှာ စုဖွဲ့မှုအသစ်တွေ အလျှိုလျှိုပေါ်ထွန်းနေပြီ၊ အဲဒီလူငယ်တွေဟာ အတိတ်က အရေးနိမ့်မှုတွေအကြောင်း ဆွေးနွေးပြီး နိဂုံးချုပ်ချက်ဆွဲကြတယ်၊ လမ်းကြောင်းအသစ်ကို ရှာဖွေကြတယ်။ အဲဒီမှာ ပလက်ခနော့(ဗ်)ရဲ့ အတွေးအခေါ်တွေ မြေဩဇာကောင်းသော မြေလွှာပေါ် ကျရောက်သွားခဲ့တယ်။ ၁၈၉၀ ခုနှစ်များလောက်မှာပဲ သူတို့အင်အားစုရဲ့ ဩဇာဟာ တနေ့တခြား တိုးပွားလာသော မာ့(က်စ်)ဝါဒီ လူငယ်တွေကြား ကြီးထွားလာခဲ့တယ်။ ပလက်ခနော့(ဗ်)ရဲ့ နာမည်ကို သဘောတရား လေ့လာရေး ယူဂျီ အစုတိုင်းက သိလာသလို ရုရှားပြည်တွင်း ရဲစခန်းတိုင်းကလဲ သိခဲ့တယ်။

လင်းလက် မြန်မာပြန်သည်။ ဆက်လက်ဖော်ပြပါမည်။

မာ့က်စ်ဝါဒ ဘောဂဗေဒ အခြေခံ အပိုင်း (၁)ရေးသားသူ Rob Sewellမာ့က်စ်ဝါဒ ဘောဂဗေဒဆိုတာ ဘာလဲ______________________အရင်းရှင် စနစ်...
11/10/2024

မာ့က်စ်ဝါဒ ဘောဂဗေဒ အခြေခံ အပိုင်း (၁)

ရေးသားသူ Rob Sewell

မာ့က်စ်ဝါဒ ဘောဂဗေဒဆိုတာ ဘာလဲ
______________________

အရင်းရှင် စနစ်ဟာ သိမီသူများ မှတ်မိသလောက် ကာလအတွင်း အဆိုးဝါးဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတယ်၊ သမိုင်းတလျှောက် အဆိုးဝါးဆုံး အကျပ်အတည်းလို့ ပြောရင်လဲ ရလိမ့်မယ်။ အကျိုးဆက်အနေနဲ့ ဒီစနစ် အလုပ်လုပ်ပုံကို နားလည်လိုသူတွေ များလာတယ်၊ အထူးသဖြင့် မာ့က်စ်ဝါဒ ဘောဂဗေဒကို ပိုစိတ်ဝင်စားကြတယ်။

ရုတ်တရက် ကြည့်လိုက်ရင် မာ့က်စ်ဝါဒ ဘောဂဗေဒက နားလည်ဖို့ ခက်သလိုပဲ။ အစပိုင်းမှာ ဘာသာစကား အသုံးအနှုန်းတွေကိုက ခက်နေသလိုပဲ။ ဒါကတော့ သိပ္ပံပညာရပ် အားလုံး ဒီလိုပါပဲ။ ဘာသာရပ်အလိုက် သူ့ကိုယ်ပိုင် အတိုကောက် သုံးနှုန်းတဲ့ ဝေါဟာရဆိုတာ လိုအပ်မြဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံသဘောတရားတွေ နားလည်သွားပြီဆိုရင် အတော်လေး လွယ်ကူရှင်းလင်းသွားပါလိမ့်မယ်။ အားထုတ်ရကျိုးလဲ နပ်ပါလိမ့်မယ်။ ပြောရရင် ပြန်ရမယ့် အကျိုးကျေးဇူးတွေက တကယ့်ကို မယုံနိုင်စရာပါပဲ။ မသိ နားမလည်နိုင်ဘူးလို့ ထင်ရတဲ့ မေးခွန်း အမြောက်အများကို မာ့က်စ်ဝါဒက အဖြေပေးပါလိမ့်မယ်။ အထူးသဖြင့် အလုပ်သမားတွေ ဘယ်လို သွေးစုပ်ခံနေရသလဲ၊ အရင်းရှင်စနစ်ဟာ ဖွတ်ဖွတ်ညက်ညက် ကြေစေနိုင်တဲ့ အကျပ်အတည်းတွေ ဘာကြောင့် ပုံမှန် ဖြစ်နေရသလဲ၊ ဒီလို အရေးကြီး မေးခွန်းပေါင်းများစွာကို မာ့(က်စ်)ဝါဒက အဖြေပေးနိုင်တယ်။

မာ့က်စ်က စီးပွါးရေးစနစ်ကို ပုဂ္ဂလဓိဋ္ဌာန် ရှုထောင့်ကနေ ဘယ်တော့မှ မကြည့်ဘူး၊ ဓမ္မဓိဋ္ဌာန်ကျကျပဲ ရှုမြင်ခဲ့တယ်။ ပျားအုံတအုံ ဘယ်လို အလုပ်လုပ်သလဲ လေ့လာတဲ့ သဘာဝ သိပ္ပံပညာရှင်တွေရဲ့ ချဉ်းကပ်နည်းနဲ့ အတူတူပါပဲ။ ကျုပ်တို့နေတဲ့ လူ့အဖွဲ့အစည်းကို ကြည့်လိုက်မယ်ဆိုရင် အရာအားလုံးကို ငွေကြေးနဲ့ ကုန်ပစ္စည်း အရောင်းအဝယ် ဆက်ဆံရေးတွေက လွှမ်းမိုးထားသလိုပဲ။ ပိုက်ဆံရှာရေးဟာ အရာအားလုံးရဲ့ မောင်းနှင်အား ဖြစ်နေတယ်။

ငွေကြေး ဆက်ဆံရေးဟာ နေ့စဉ်ဘဝနဲ့ အသိစိတ်ထဲအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ထားတယ်။ လူကို ငွေနဲ့ တိုင်းတာ အကဲဖြတ်နေချိန် ငွေကြေးကို လူအဖြစ် ခိုင်းနှိုင်းတင်စားလာကြတယ်။ “ကနေ့ ငွေဈေးကွက်မှာ ပေါင်ဈေး ထူထူထောင်ထောင် ဖြစ်လာပြီ” ဆိုတာမျိုး ငွေကြေး သတင်းတွေမှာ ပြောတတ်ကြတယ်။ မသိရင် လူတယောက် ဖျားနေလို့ ကျန်းမာရေး အခြေအနေကို ပြောနေသလိုမျိုးပဲ။ တဘက်မှာတော့ သန်းကြွယ်သူဌေး မြေရှင် ဝက်စ်မင်စတာ မြို့စားကြီးကို သန်းပေါင်းများစွာ “တန်သူ” လို့ ပြောနေကြတယ်။ “ရောင်းကုန် ကိုးကွယ်မှု” လို့ မာ့က်စ် ပြောတဲ့ ဒီထူးထူးဆန်းဆန်း အခြင်းအရာက ဘာကြောင့် ဖြစ်ရတာလဲ။

ရိုးရိုးရှင်းရှင်း ပြောရရင် ဈေးကွက် စီးပွါးရေး စနစ်ကြောင့် ဒီလို ကြောင်တောင်တောင်နိုင်တဲ့ အယူအဆမျိုး ထွက်ပေါ်လာတာပဲ။ ဒီစနစ်အောက်မှာ လူမှု ဆက်ဆံရေးတွေ အားလုံး ပုံပျက်သွားပြီး ငွေပေးချေမှု ဆက်ဆံရေးတွေလို့ပဲ မြင်ကုန်ကြတယ်။ ဒီလို ဆက်ဆံရေးတွေ ကြီးစိုးမင်းမူနေတဲ့ လောကမှာ ရှင်သန်နေကြတာ ဖြစ်လို့ ကျုပ်တို့ရဲ့ အတွေးအခေါ်နဲ့ ရှုမြင်ပုံတွေထဲအထိ ဒီအရာတွေက စိမ့်ဝင်ပျံ့နှံ့နေတယ်။ နမူနာ ပြောရရင် ကျုပ်တို့ကိုယ်တိုင် ပါဝင်လုပ်ကိုင်နေတဲ့ စီးပွါးရေး လုပ်ဆောင်ချက်တွေကိုပါ အမှန်အတိုင်း မမြင်နိုင်လောက်အောင် ဒီအမြင်က ဖုံးကွယ်ထားတယ်။ ကျူပ်တို့ရဲ့ နေ့စဉ် ဘဝတွေကို ဘာမှန်းမသိနိုင်တဲ့ စွမ်းအားတွေက ချုပ်ကိုင် ခြယ်လှယ်နေတယ်။ ကျုပ်တို့ နောက်ကွယ်မှာ ဖြစ်ပျက်နေတဲ့ ဒီအင်အားစုတွေကို ကောင်းကောင်း နားမလည်ကြဘူး။ သက်မဲ့ အရာဝတ္ထုတွေကို ကိုးကွယ်ပသခဲ့တဲ့ ရှေးဦး လူသားတွေနဲ့ သဘောချင်း အတူတူပဲ။ ကျုပ်တို့ နေထိုင်တဲ့ လောကကို သဘာဝလွန် တန်ခိုးသိဒ္ဓိတွေ ရှိနေသယောင် ထင်ရတဲ့ ငွေကြေးနဲ့ ရောင်းကုန် ပစ္စည်းတွေက စိုးမိုးခြယ်လှယ်နေတယ်။ ဈေးကွက်ကို ချုပ်ကိုင်နိုင်သူ မရှိပေမယ့် ဈေးကွက်ကတော့ လူတိုင်းကို လွှမ်းမိုးထားတယ်။

ဒီလို အခြေအနေတွေက အမြဲတမ်း ရှိခဲ့တာတော့ မဟုတ်ဘူး။ ဥပမာ ဆိုကြပါစို့၊ မြေရှင်ပဒေသရာဇ် ခေတ်မှာဆိုရင် လူမှုဆက်ဆံရေးတွေဟာ ဗြောင်ကျပြီး အတိုင်းသား ထင်ရှားတယ်။ သူတို့ခေတ်က လူမှု ဆက်ဆံရေးတွေဟာ လောကဝတ်တွေအပေါ် အခြေခံတယ်။ အဲဒီ လောကဝတ်တွေဆိုတာလည်း မြေယာပိုင်ဆိုင်မှု အထက်အောက် ဆက်ဆံရေးအပေါ် အခြေတည်ပြီး ထွက်ပေါ်လာတာပဲ။ ဘယ်သူက ဘယ် အဆင့်အတန်းဆိုတာ သတ်သတ်မှတ်မှတ် ရှိပြီးသား၊ ဒီတော့ ကိုယ့်အဆင့်က ဘယ်နေရာလဲဆိုတာ လူတိုင်း သိတယ်။ လူ့အဖွဲ့အစည်းက ပုံသေကားချပ် ဆန်တယ်။

ဒါပေမဲ့ အရင်းရှင်တွေက မြေရှင်ပဒေသရာဇ် စနစ်တခုလုံးကို ရက်ရက်စက်စက် ဇာတ်သိမ်းပစ်လိုက်ပြီး အရင်းရှင် လူတန်းစား အုပ်စိုးမှုကို ထူထောင်ခဲ့ကြတယ်။

“ဓနရှင်တို့သည် ၎င်းတို့အသာစီးရသည့် နေရာတိုင်းတွင် ပဒေသရာဇ်ဆန်သော၊ ယောက်ျား ကြီးစိုးသော၊ ကျေးလက်ဆန်သော ဆက်ဆံရေး အားလုံးကို အဆုံးသတ်ပစ်လိုက်သည်။ ‘သဘာဝ အရှင်သခင်များ’ က တုပ်နှောင်ထားသည့် ပဒေသရာဇ် အနှောင်အဖွဲ့ အမျိုးမျိုးကို ရက်စက်စွာ ဖြတ်တောက်ပစ်လိုက်သည်။ ထိုအခါ ဗြောင်ကျသော ကိုယ်ကျိုးစီးပွား၊ စာနာမှုကင်းမဲ့သော ‘လက်ငင်း ငွေပေးချေမှု’ တို့မှတပါး လူလူချင်း ဆက်ဆံရေးတွင် မည်သည့်အရာမှ မထားရှိတော့ပေ” လို့ မာ့က်စ်နဲ့ အန်ဂယ်(လ်စ်)က ကွန်မြူနစ် ကြေညာစာတမ်းမှာ ဆိုထားပါတယ်။

အတိတ်က လူ့အဖွဲ့အစည်းတွေနဲ့ ယှဉ်ကြည့်ရင် အရင်းရှင်စနစ်က ကုန်ထုတ် စွမ်းအားစုတွေကို တော်လှန်ပြောင်းလဲပစ်တယ်။ ဒါပေမယ့် အရင်းရှင်စနစ်မှာ သူ့ကိုယ်တွင်း ပဋိပက္ခတွေနဲ့ ကိုယ်ပိုင် နိယာမတွေ တသားတည်း ပါလာခဲ့တယ်။ အင်အား ကြီးထွားလာတဲ့ အရင်းရှင် လူတန်းစားက လယ်သမားတွေကို လယ်မဲ့ယာမဲ့ ဖြစ်သွားအောင် လုပ်ပစ်လိုက်တယ်။ လယ်သမားတွေကို သူတို့ဘာသာ အမှီအခိုကင်းကင်း လုပ်ကိုင်စားသောက်နိုင်မယ့် ကုန်ထုတ် ပစ္စည်းတွေ ဆုံးရှုံးသွားအောင် အရင်လုပ်ပစ်ပြီး အခစား အလုပ်သမား ဘဝကို တွန်းပို့လိုက်တယ်။ အရင်းရှင်တွေက ကုန်ထုတ် ပစ္စည်းတွေကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားတယ်။ ဒီအခါ မြေကျွန် ဖြစ်ခဲ့ဖူးသူတွေ၊ ပစ္စည်းမဲ့ အလုပ်သမားတွေဟာ (ကုန်ထုတ် ပစ္စည်း) ပိုင်ဆိုင်မှုရှိတဲ့ ပိုင်ရှင်အသစ် (အရင်းရှင်) လက်အောက် အလုပ်ဝင်လုပ်ရတဲ့ ဘဝကို ရောက်ရှိသွားကြတယ်။ ဒီလို ပုံစံအသစ်နဲ့ လူတန်းစား ကွဲထွက်သွားခြင်းဟာ လူမှု စနစ်သစ်ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ဒါဟာ မာ့(က်စ်) ပြောခဲ့တဲ့ “ရှေးဦး အရင်း စုစည်းမှု” ကာလပါပဲ။ ဒီလိုနည်းနဲ့ ပေါ်ထွန်းလာတဲ့ အရင်းရှင်စနစ် ကိုယ်ထည်ကြီးကို လက်နဲ့ စမ်းကြည့်လိုက်မယ်ဆိုရင် “ရှိသမျှ ချွေးပေါက်တိုင်းက သွေးတွေ ယိုစီးနေတာ” တွေ့ရလိမ့်မယ်။ ဒီလို ရက်စက်ကြမ်းကြုတ်လှတဲ့ ဖြစ်စဉ်ကနေ အလုပ်သမား လူတန်းစားနဲ့ သူကြွယ်အသစ် အရင်းရှင် လူတန်းစားတို့ ပေါက်ဖွားလာခဲ့တယ်။ သူတို့မှာ သီးခြား လူတန်းစား အကျိုးစီးပွါးတွေ ရှိကြတယ်။ အင်အားကြီး လူတန်းစားဖြစ်တဲ့ အရင်းရှင်တွေက အလုပ်သမားထုကို မညှာမတာ သွေးစုပ်ခြယ်လှယ်ပြီး အစွန်းထွက် တန်ဖိုး၊ ဓနဥစ္စာနဲ့ စီးပွါးရေး ဩဇာတို့ကို ရရှိသွားခဲ့တယ်။

လူတန်းစား လူ့အဖွဲ့အစည်းတိုင်းမှာ သွေးစုပ်သူ လူတန်းစားတွေ ရှိစမြဲ၊ နာမည်တပ် ပြောရရင် ကျွန်ပိုင်ရှင်တွေ၊ ပဒေသရာဇ် မြေရှင်ကြီးတွေနဲ့ အရင်းရှင်တွေ။ ကျေးပိုင်ကျွန်ပိုင် လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်သူတွေ (ကျေးကျွန်တွေ) ဟာ ကျွန်ပိုင်ရှင်များရဲ့ ပိုင်ဆိုင်မှု ဖြစ်ခဲ့တယ်။ ပဒေသရာဇ် စနစ်မှာဆိုရင် လယ်ယာစိုက်ပျိုးရေး လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံး ကုန်ထုတ် ပစ္စည်းဖြစ်တဲ့ မြေယာကို ပဒေသရာဇ် မြေရှင်ကြီးတွေက ပိုင်ဆိုင်ထားကြတယ်၊ ဒီမြေယာတွေနဲ့ မြေကျွန်တွေကို ပူးချည်ထားခဲ့တယ်။ အရင်းရှင်စနစ်မှာကျ စက်ပစ္စည်း၊ စက်ရုံ အစရှိသော ကုန်ထုတ် ပစ္စည်းတွေကို အရင်းရှင်တွေက ပုဂ္ဂလိက ပစ္စည်းအဖြစ် ပိုင်ဆိုင်ကြတယ်။ အဲဒီလို ကုန်ထုတ် ပစ္စည်းတွေ မပိုင်တဲ့ အလုပ်သမားတွေကတော့ ဘဝရှင်သန်ရေးအတွက် သူတို့ကိုယ်သူတို့ ရောင်းစားရတယ်၊ ဒီထက် တိတိကျကျ ပြောရရင် သူတို့ရဲ့ လုပ်အားကို ရောင်းစားရတယ်။

ဖလှယ်ဖို့သက်သက် ကုန်ထုတ်လုပ်တဲ့ စနစ် တွင်ကျယ်လာပြီး ကုန်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်လာတဲ့အခါ အလုပ် ခွဲဝေမှု ပေါ်ပေါက်လာတယ်။ ကုန်ထုတ်လုပ်တယ် ဆိုတာ ဘယ်လူ့အဖွဲ့အစည်းမှာမဆို ပုံမှန်ရှိတဲ့အရာ ဆိုပေမယ့် ဖလှယ်ဖို့ ကုန်ထုတ်လုပ်တာကတော့ လူ့အဖွဲ့အစည်းတိုင်းမှာ ပုံမှန်လို ရှိနေတာ မဟုတ်ပါဘူး။ လယ်သမား လူ့အဖွဲ့အစည်းတွေမှာ ကိုယ်ထုတ်တဲ့ သီးနှံ ကိုယ့်ဘာသာ စားသုံးပြီး ရှင်သန်နေကြတာပဲ၊ ကုန်ဖလှယ်မှုဆိုတာ မရှိခဲ့ဘူး။ ပဒေသရာဇ် စနစ်မှာဆိုရင် ကံကျွေးချ မြေယာတွေပေါ် မြေကျွန်တွေ အလုပ်လုပ်ရာက ထွက်လာတဲ့ ပိုလျှံ ထုတ်ကုန်တွေကို မြေရှင်ကြီးတွေက အသာလေး သိမ်းယူသွားတာပဲ၊ (ဖလှယ်မှု ဆိုတာ မရှိခဲ့ဘူး)။ အရင်းရှင် စနစ်ရောက်မှ ဖလှယ်ဖို့သက်သက် ထုတ်လုပ်ခြင်းဟာ အဓိက ပုံစံ ဖြစ်လာခဲ့တယ်။

မာ့က်စ်က ယေဘုယျသဘော ကုန်ထုတ်လုပ်ခြင်းနဲ့ ဖလှယ်ဖို့သက်သက် ကုန်ထုတ်လုပ်ခြင်းကြား ခြားနားချက်ကို ထင်ထင်ရှားရှားဖြစ်သွားအောင် အသုံးဝင် တန်ဖိုးနဲ့ ဖလှယ်ရ တန်ဖိုး ဆိုပြီး ဝေါဟာရတွေ သီးသန့် ခွဲသုံးခဲ့တယ်။ တန်ဖိုး ဆိုတဲ့ အသုံးအနှုန်းမှာ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ တမျိုးက အသုံးဝင် တန်ဖိုး။ လူသားရဲ့ လိုအင်ဆန္ဒကို ပြည့်ဝစေတဲ့ အရာဖြစ်လို့ အသုံးဝင် တန်ဖိုးလို့ ခေါ်ပါတယ်။ သူ့မှာ အသုံးဝင်ခြင်းဆိုတဲ့ အရည်အသွေး ရှိပါတယ်။ မိုဘိုင်းဖုန်းဟာ ဖုန်းသုံးသူ အချင်းချင်း စကားပြောလို့ရအောင် ဆက်သွယ်ပေးနိုင်တဲ့ စက်ပစ္စည်းတခု ဖြစ်နေလို့ အသုံးဝင် တန်ဖိုးတခု ဖြစ်တယ်။ ဒါပေမဲ့လည်း အသုံးဝင် တန်ဖိုးဆိုတာ ရုပ်အကောင်အထည်အားဖြင့် ရှိနေဖို့ မလိုအပ်ဘူး။ သီဆိုခြင်းဟာ လူတယောက်ကို စိတ်ပျော်ရွှင်မှု ပေးနိုင်လို့ သူ့မှာ အသုံးဝင် တန်ဖိုး ရှိတယ်။ ဒါပေမဲ့ သီဆိုပြီးသွားရင် ကိုင်တွယ်ထိတွေ့နိုင်တဲ့ အရာဝတ္ထုရယ်လို့ မကျန်ခဲ့ဘူး။ တခါ အသုံးဝင် တန်ဖိုးရှိတဲ့ အရာတိုင်းဟာ လူ့အလုပ်နဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး။ လေမှာ အသုံးဝင် တန်ဖိုး ရှိပါတယ်။ လေမရှူရရင် လူသားတွေ သေကုန်မှာပါ။ ဒါပေမဲ့ (သဘာဝ) လေရရှိဖို့ ဘာအလုပ်မှ မလိုပါဘူး။ ဒါပေမဲ့လည်း လူ့အလုပ်နဲ့ ဖန်တီးထားတဲ့ ထုတ်ကုန် အားလုံးနီးပါးဟာ အသုံးဝင် တန်ဖိုးတွေပါပဲ။

ဒုတိယ တမျိုးကတော့ ဖလှယ်ရ တန်ဖိုး ဖြစ်ပါတယ်။ ရောင်းကုန်တခုကို အခြား ရောင်းကုန်တခုနဲ့ ဖလှယ်တဲ့အခါ ထင်ဟပ်ပြတဲ့ အရာက ဖလှယ်ရ တန်ဖိုး ဖြစ်ပါတယ်။ ဖိနပ် အရံပေါင်း များစွာကို ဘောင်းဘီ အထည်ပေါင်း များစွာနဲ့ ဖလှယ်လို့ ရပါတယ်။ ရောင်းကုန်ဆိုတာ ရောင်းဖို့ ထုတ်လုပ်တဲ့ ပစ္စည်းတမျိုး ဖြစ်ပါတယ်။ အဲဒီအရာဟာ ဖလှယ်ရ တန်ဖိုး ရှိတဲ့ အသုံးဝင် တန်ဖိုး ဖြစ်ပါတယ်။ မြင်အောင်ပြောရရင် ဈေးကွက်မှာတင်ပြီး ရောင်းချလို့ရတဲ့ အရာတခုခုပေါ့ဗျာ။ ရောင်းကုန်ကို ရောင်းချတဲ့ သူဟာ ဖလှယ်ရ တန်ဖိုးကိုပဲ စိတ်ဝင်စားတယ်။ အဲဒီ ရောင်းကုန်ကနေ ရလာမယ့် ဈေးနှုန်းကလွဲပြီး အခြားဘာမှ စိတ်မဝင်စားဘူး။ ဝယ်သူဘက်ကတော့ အသုံးဝင် တန်ဖိုး (ဒီပစ္စည်း ဘယ်နေရာမှာ အသုံးတည့်မလဲ) နဲ့ ဘယ်လောက် ကျသင့်မလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ်။ ရောင်းကုန်တခုရဲ့ ဖလှယ်ရ တန်ဖိုးကို အဲ့ရောင်းကုန်ရဲ့ တန်ဖိုးက ဆုံးဖြတ်ပါတယ်။

ရောင်းကုန်တခုရဲ့ စရိုက်လက္ခဏာ နှစ်ခုဖြစ်တဲ့ အသုံးဝင် တန်ဖိုးနဲ့ ဖလှယ်ရ တန်ဖိုးတွေဟာ အချင်းချင်းလည်း ယှက်နွယ်နေပါတယ်။ ထုတ်လုပ်လိုက်တဲ့ ရောင်းကုန်တခုက ဘယ်သူ့အတွက်မှ အသုံးမဝင်ဘူးဆိုရင် ဘယ်သူမှ ဝယ်မှာ မဟုတ်လို့ ဖလှယ်လို့ မရနိုင်ပါဘူး။ အဲ့လို အခြေအနေမျိုးမှာ ဖလှယ်ရ တန်ဖိုးဟာလည်း အဓိပ္ပါယ် မရှိတော့ဘူး။ ဒါကြောင့် အဲဒီရောင်းကုန် ထုတ်လုပ်ရာမှာ ထည့်ဝင်ထားတဲ့ အလုပ်ကလည်း အသုံးမဝင်တဲ့ အလုပ် ဖြစ်သွားပါတယ်။

မာ့က်စ်ရဲ့ အလုပ်က ဒီဆက်နွှယ်ချက်တွေကို နားလည်ဖို့ ဖြစ်တယ်။ ဒီလို နားလည်ထားလို့ အရင်းရှင် စနစ်အောက်မှာ အလုပ်သမား လူတန်းစားကို ဘယ်လို သွေးစုပ်ခြယ်လှယ်နေသလဲ ဆိုတာတွေ သူ ဖေါ်ထုတ်ပြနိုင်ခဲ့တယ်။ အလုပ် တန်ဖိုး သီအိုရီကို မာ့(က်စ်)က တိုးတက်ချဲ့ထွင်ခဲ့လို့သာ ဒီလို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်တယ်။ အလုပ် တန်ဖိုး သီအိုရီဟာ အဒမ် စမစ်သ်နဲ့ ‌‌ဒေးဗစ် ရီကာဒို တို့လို အစောပိုင်း ဘူဇွာ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်တွေရဲ့ အုတ်မြစ် ဖြစ်ခဲ့သလို မာ့က်စ်ဝါဒ ဘောဂဗေဒရဲ့ အုတ်မြစ်လဲ ဖြစ်လာခဲ့တယ်။

ဒီသီအိုရီရဲ့ အခြေခံ သဘောတရားက ရှင်းရှင်းလေးပါ။ ဒီသီအိုရီရဲ့ အဓိက ဆိုလိုရင်းက အလုပ်ဟာ တန်ဖိုး အားလုံးကို ဖန်တီးပေးတဲ့ ရင်းမြစ် ဖြစ်တယ်။ လုပ်အား စိုက်ထုတ်ပြီး အသုံးဝင် တန်ဖိုးတွေ ထုတ်လုပ်နိုင်မှသာ လူ့အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ်၊​ ဒီတော့မှသာ လူသားတွေ အသက်ရှင် ရပ်တည်နိုင်မယ်။ အသက်ရှင်ဖို့ အလုပ် လုပ်မှကို ရပါမယ်။ မှန်ပါတယ်၊ အရင်းရှင် စနစ်မှာလို ကိုယ်တိုင် အလုပ်မလုပ်ဘဲ တခြားသူရဲ့ လုပ်အား အသီးအပွင့်ကို ထိုင်စားနေတဲ့ သွေးစုပ်သူ လူတန်းစားမျိုးလဲ ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် အလုပ် မလုပ်ရင် ကျုပ်တို့ အားလုံး ပျက်သုဉ်းသွားလိမ့်မယ်။ “ဘယ်နိုင်ငံမဆို တနှစ် မပြောနဲ့၊ တပတ် နှစ်ပတ်လောက် အလုပ် မလုပ်ဘဲ နေလိုက်ရင် ပျက်သုဉ်းသွားနိုင်ကြောင်း ကလေးတွေတောင် သိတယ်” လို့ မာ့(က်စ်) ရေးခဲ့ဖူးတယ်။

အရင်းရှင်စနစ် မပေါ်ခင်က ထုတ်လုပ်မှုရဲ့ အများစုက ကိုယ်တိုင်စားသုံးဖို့ပဲ ဖြစ်ပါတယ်။ လယ်သမားတွေက ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီးတော့ သူတို့ လိုအပ်တဲ့ အရာတွေကို ထုတ်လုပ်တယ်။ ပိုလျှံ ထုတ်ကုန် အနည်းအကျဉ်းကိုပဲ ဒေသတွင်းက ဈေးကွက်တွေမှာ ရောင်းချတယ်။ ဒါပေမဲ့ အဲ့လို ရောင်းချတာက သာမညလောက်ပါပဲ။ ဒါပေမဲ့လည်း ဈေးကွက် ကြီးစိုးလာတဲ့အခါ ထုတ်လုပ်သူ အများစုက ရောင်းကုန်တွေကို သူတို့စားသုံးဖို့ ဆိုတာထက် သူများအတွက်၊ ပြောရရင် ဖလှယ်ဖို့သက်သက် ထုတ်လုပ်လာကြတယ်။ ခေတ်သစ် အရင်းရှင် ကုန်ထုတ် ဆက်ဆံရေးတွေက ဒီမှာ သန္ဓေတည်ခဲ့ခြင်း ဖြစ်တယ်။ လူ့အဖွဲ့အစည်းဆိုင်ရာ အလုပ် ခွဲဝေမှုကြောင့် တဦးကိုတဦး အပြန်အလှန် မှီခိုလာရတယ်။ ဆိုလိုတာက လူတိုင်းက တခြားလူတွေ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို လိုအပ်တယ်။ ကုန်ဖလှယ်ခြင်းဟာ လူတွေကြားက လူမှု နှောင်ကြိုးပါပဲ။ ဒါဟာ ဖလှယ်ရ တန်ဖိုးတွေ အလုံးအရင်းလိုက် ထုတ်လုပ်နေတဲ့ အထွေထွေ ရောင်းကုန်ထုတ် စနစ်ကြီးရဲ့ အခြေခံပါပဲ။

ရောင်းကုန် ဖလှယ်မှုကို တန်ဖိုးတူချင်း ဖလှယ်ခြင်းဆိုတဲ့ ယူဆချက်အပေါ် အခြေခံပါတယ်။ ပစ္စည်းတခုကို တန်ဖိုးတူ အခြားတခုနဲ့ လဲလှယ်တာပါ။ တချို့ကုန်သည်တွေက ဈေးပေါပေါနဲ့ ဝယ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းတာမျိုး ရှိပေမယ့် နောက်ဆုံးမှာ အရှုံးနဲ့အမြတ် ထေမိသွားတာပါပဲ။ ရောင်းသူဘက်က ရလိုက်တဲ့ အမြတ်ဟာ ဝယ်သူဘက်က ကြည့်ရင် အရှုံး ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ရောင်းသူအနေနဲ့ ရလိုက်တဲ့ ဒီအမြတ်ဟာ ဝယ်သူနေရာ ရောက်သွားရင် အရှုံး ပြန်ဖြစ်သွားပါတယ်။ လူ့အဖွဲ့အစည်းအနေနဲ့ ကြည့်ရင် ဒီနည်းနဲ့ တန်ဖိုး အသစ် တိုးလာတာ မရှိဘူး၊ ဒါက ရှိပြီးသား (တန်ဖိုးတွေ)ကို ခွဲဝေနေတာ သက်သက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ပစ္စည်းချင်း တိုက်ရိုက် လဲလှယ်တဲ့ ဘာတာ ခေတ်ကစလို့ တန်ဖိုးတူ ကုန်ပစ္စည်းချင်း ဖလှယ်ဖို့သာ ရှေးရှုကြိုးပမ်းခဲ့ကြတယ်။

ကျုပ်တို့ ရှင်းပြခဲ့ပြီးသလိုပဲ ရောင်းကုန်ဆိုတာ ဖလှယ်ဖို့အတွက် ထုတ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ အဲ့ဒီမှာ မေးခွန်း ပေါ်လာတယ်။ “ဖလှယ်တယ်ဆိုတာ ဘာကို ဖလှယ်နေကြတာလဲ”။ အရာဝတ္ထုတွေက တခုနဲ့တခု များစွာ ကွဲပြားခြားနားသလို အသုံးဝင်တဲ့ အရာတွေကလည်း တခုနဲ့တခု မတူဘူး။ အဲ့တော့ သူတို့အချင်းချင်း ဘုံတူညီတာ ဘာရှိသလဲ။ တခုနဲ့တခုကို နှိုင်းယှဉ်လို့ရအောင် ဘယ်အရာက လုပ်ပေးနေသလဲ။

သိကြတဲ့အတိုင်းပဲ အဲဒီ ဘုံဝိသေသက အလေးချိန်၊ အရောင်၊ အရွယ်အစား၊ ဒါမှမဟုတ် အခြား ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး တခုမှ မဟုတ်ပါဘူး။ အဲ့ဒါတွေက ရောင်းကုန် တခုနဲ့တခုကြား သိသိသာသာကို ကွဲပြားပါတယ်။ ဖိနပ်တရံဟာ ဘောင်းဘီတထည်နဲ့ဆို အများကြီး ကွာခြားပါတယ်။ သူတို့ချင်း ဖလှယ်တဲ့အခါ ဘုံတူတာဆိုလို့ သူတို့အားလုံး လူ့ အလုပ်ရဲ့ ထုတ်ကုန်တွေ ဖြစ်ကြတယ် ဆိုတဲ့ အချက်ပဲ ရှိတယ်။

“သဘာဝတရားသည် စက်ယန္တရား၊ မီးရထား စက်ခေါင်း၊ ရထားလမ်း၊ လျှပ်စစ်ကြေးနန်း၊ ချည်ငင်စက် အစရှိသည်တို့ကို တခုမျှ ဖန်တီးမပေး။ ယင်းတို့သည် လူအများ စုပေါင်းထုတ်လုပ်မှုမှ ထွက်လာသော ပစ္စည်းများ ဖြစ်ပေသည်” လို့ မာ့က်စ် ရှင်းပြခဲ့ဖူးတယ်။ ဒီအရာတွေ ဖန်တီးဖို့ လိုအပ်တဲ့ ကုန်ကြမ်းကို သဘာဝက ပေးထားတာ မှန်ပေမယ့် အဲဒီ ကုန်ကြမ်းတွေကို အသုံးဝင် တန်ဖိုးနဲ့ တန်ဖိုးတွေ ဖြစ်လာအောင် ပြောင်းလဲဖန်တီးပေးတာ အလုပ်ပဲ ဖြစ်ပါတယ်။ သဘာဝက အခမဲ့ ပေးထားတဲ့ ရုပ်ပစ္စည်းတွေမှာ ဘာတန်ဖိုးမှ မရှိသေးဘူး။ အချိန်နဲ့လူအားကို သုံးပြီး လူ့အလုပ်က ဖန်တီးလိုက်မှ တန်ဖိုး ထွက်ပေါ်လာခြင်း ဖြစ်တယ်။

ဒါ့ကြောင့်လဲ ကုန်ဖလှယ်တဲ့အခါ ရောင်းကုန်တခုမှာ ထည့်ဝင်ထားတဲ့ ယေဘုယျ အလုပ် ပမာဏကို အခြား ရောင်းကုန်တခုမှာ ထည့်ဝင်ထားတဲ့ ယေဘုယျ အလုပ် ပမာဏနဲ့ ချိန်ထိုးကြည့်နိုင်ခြင်း ဖြစ်တယ်။ လက်ပတ်နာရီ ဘယ်နှလုံးကို ရှူးဖိနပ် ဘယ်နှရံနဲ့ ဖလှယ်လို့ရမလဲ ဆိုရင် ဒီပစ္စည်းတွေ ထုတ်လုပ်ရာမှာ အလုပ်ချိန် ဘယ့်လောက်ကြာသလဲ ဆိုတဲ့ အချက်ပေါ် မူတည်တယ်။ ဒါ့ကြောင့် ဖလှယ်မှုပြုတဲ့အခါ ရောင်းကုန်တွေကို ပုံဆောင်ခဲဖွဲ့ထားတဲ့ အလုပ်ချိန် ပမာဏ တစုံတရာ ရှိသော ပစ္စည်းတွေအဖြစ် မှတ်ယူနိုင်တယ်။ လူ့ လုပ်အား စိုက်ထုတ်ရခြင်းဟာ ထုတ်လုပ်ရေးမှာ ပါဝင်တဲ့ အစစ်အမှန် ကုန်ကျစရိတ် ဖြစ်ပါတယ်။

အစောပိုင်းကာလ ဘူဇွာ ဘောဂဗေဒ ပညာရှင်တွေတောင် ဒီသဘောတရားကို လက်ခံကြပါတယ်။ တန်းဖိုးရဲ့ အများလက်ခံပြီးဖြစ်သော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အဒမ်စမစ်(သ်)ရေးတဲ့ Wealth of Nations (တိုင်းနိုင်ငံတို့၏ ဓနဥစ္စာ) ကျမ်းမှာ မာ့(က်စ်) ပထမဆုံး ဖတ်ခဲ့ရတယ်။ အဲဒီဖွင့်ဆိုချက် စာကြောင်းကို သူ့မှတ်စုစာအုပ်ထဲ အခုလို ကူးထားခဲ့တယ် - “လောကမှာ ရှိသမျှ ဓနဥစ္စာ အားလုံးကို ကနဦး ဆောင်ကျဉ်းပေးခဲ့တာ ရွှေလဲမဟုတ်၊ ငွေလဲမဟုတ်၊ အလုပ်သာ ဖြစ်တယ်။ ဓနဥစ္စာ ပိုင်ဆိုင်ထားသူအဖို့ ဓနရဲ့ တန်ဖိုးဆိုတာ သူရယူပိုင်ဆိုင်နိုင်သော အလုပ် ပမာဏနဲ့ ထပ်တူကျတယ်။”

သို့သော် တန်ဖိုးဟာ လူ့အဖွဲ့အစည်းဆိုင်ရာ ဆက်နွှယ်မှုတခု၊ လူအချင်းချင်း ဆက်နွှယ်မှုတခု ဖြစ်တယ်ဆိုတဲ့ အရေးကြီး အမှန်တရားကို မာ့(က်စ်) ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်။ အရင်းရှင်စနစ်အောက်မှာတော့ ဒီဆက်နွှယ်မှုက ရုပ်ပစ္စည်းတွေအချင်းချင်း ဆက်နွှယ်မှုအဖြစ် “ဆန်းဆန်းပြားပြား အသွင်” ဆောင်နေတယ်။ လူတွေက ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် သက်မဲ့ပစ္စည်းတွေကို ရောင်းရေးဝယ်မှု ပြုလုပ်နေကြခြင်း ဖြစ်တယ်။ သက်မဲ့ပစ္စည်းတွေက သူတို့ချင်း ထိစပ်ချင်လို့ လူတွေကို ကြားခံအဖြစ် သုံးနေတာ မဟုတ်ဘူး။ ရောင်းကုန်တွေ သူ့အလိုလို ခြေထောက်ပေါက်ပြီး ဈေးကွက်ထဲ ရောက်သွားတာလဲ မဟုတ်ဘူး။

ရုပ်ပစ္စည်းတွေရဲ့ ပြင်ပ အသွင်သဏ္ဍာန်ကို ကျော်မြင်နိုင်မှသာ မျက်နှာပြင်အောက် အမှန်တကယ် တည်ရှိနေတဲ့ ဆက်နွှယ်ချက်တွေကို နားလည်နိုင်မယ်။ အရင်းရှင်စနစ်ကို ပဲ့ကိုင်ခြယ်လှယ်နေတဲ့ နိယာမတွေက လူ့အဖွဲ့အစည်း နောက်ကွယ်မှာ ထင်ရာစိုင်းနေတယ်။ သိပ္ပံပညာရပ် စစ်စစ်ဖြစ်သော မာ့(က်စ်)ဝါဒရဲ့ ရည်ရွယ်ချက်က အဲဒီ အောက်ခံ ဆက်နွှယ်ချက်တွေနဲ့ နိယာမတွေကို ရှာဖွေတူးဖော်ဖို့ ဖြစ်တယ်။

လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော အလုပ်ချိန်
_______________

မာ့က်စ်ဝါဒ အနက်အဓိပ္ပါယ်နဲ့ ပြောတဲ့ တန်ဖိုးဆိုတာ တော်တော်ထူးဆန်းတဲ့ အရာတခုလို့ ထင်ရတယ်။ တန်ဖိုးဟာ ရောင်းကုန်တခုရဲ့ သဘာဝ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးတခု မဟုတ်ပါဘူး။ အဲ့ဒါကြောင့်ပဲ တန်ဖိုးဆိုတဲ့ အရာကို အားကောင်းလှတဲ့ မိုက်ခရိုစကုပ်တွေနဲ့တောင် မမြင်နိုင်ပါဘူး။ ထိတွေ့ကိုင်တွယ်လို့၊ အနံ့ခံကြည့်လို့လဲ မရပါဘူး၊ သူ့မှာ ရုပ်အသွင် မရှိလို့ပါ။ ဒါပေမဲ့ ဖလှယ်ရ တန်ဖိုး (ဒါမှမဟုတ် “တန်ဖိုး”) က ဒြပ်ဆွဲအားလိုပဲ အမှန်တကယ် ရှိတယ်။ စိတ်ကူးပေါက်သလို ထင်ရာမြင်ရာ သတ်မှတ်လို့ ရတဲ့ အရာ မဟုတ်ဘူး။

မာ့(က်စ်) ရှင်းပြခဲ့သလိုပဲ တန်ဖိုးဆိုတာ တိကျတဲ့ လူမှု အရည်အသွေးတခု ဖြစ်ပြီး ရောင်းကုန်တွေ အချင်းချင်း ဖလှယ်မှု လုပ်မှသာ ထွက်ပေါ်လာတယ်။ တန်ဖိုးတွေ ဖလှယ်တဲ့အခါ တိကျသော ယေဘုယျ အလုပ် ပမာဏကို လက်ပြောင်းလက်လွှဲ လုပ်လိုက်တာပဲ။ ဆိုကြပါစို့၊ ဖလှယ်တဲ့အခါ စက်ချုပ်သမားတယောက်နဲ့ ဆောက်လုပ်ရေး သမားတယောက်ရဲ့ အလုပ်ကို အတူတူလို့ပဲ သဘောထားတယ်။ သူတို့နှစ်ဦးရဲ့ ခြားနားတဲ့ အလုပ် ပုံစံတွေကို ဘေးဖယ်ထားလိုက်ပြီး ဒီပစ္စည်းတွေဟာ ရိုးရှင်းတဲ့ ယေဘုယျ အလုပ်ရဲ့ ထုတ်ကုန်တွေအဖြစ် သဘောထားလိုက်တယ်။ ဖလှယ်တဲ့အခါ (ရိုးရှင်း၊ မကျွမ်းကျင်၊ ကျွမ်းကျင်မှု မပြည့်စုံ ဒါမှမဟုတ် ကျွမ်းကျင်အလုပ်) အစရှိတဲ့ အလုပ် အမျိုးအစား အားလုံးကို ပျမ်းမျှ အလုပ် ပမာဏ အသီးသီးအဖြစ် လျှော့ချလိုက်တယ်။ ဒီအခါ ကျွမ်းကျင် အလုပ် ဆိုတာ မကျွမ်းကျင်သော အလုပ် ပမာဏကို ဆတိုး ပွားထားခြင်းသာ ဖြစ်သွားတယ်။ တန်ဖိုးဟာ လူမှု ဆက်ဆံရေး တခုအနေနဲ့ မတူကွဲပြားသော ကုန်ထုတ်လုပ်သူ အသီးသီးရဲ့ အလုပ်တွေကြားက ဆက်ဆံရေးအဖြစ် ထင်ဟပ်ဖော်ပြနေခြင်း ဖြစ်တယ်။ အဲ့ဒါကြောင့်ပဲ တန်ဖိုးဆိုတာ သီးခြား အလုပ် ပုံစံ တမျိုးမျိုးရဲ့ ရလဒ် မဟုတ်ဘဲ အကောင်အထည်မဲ့ လူ့အလုပ် (တနည်းအားဖြင့်) ယေဘုယျ အလုပ်ရဲ့ ရလဒ်သာ ဖြစ်တယ်။

အရင်းရှင်တွေက ကုန်ပစ္စည်းတွေကို သူတို့ရဲ့ ကျသင့်တဲ့ တန်ဖိုးအတိုင်း ရောင်းမှာ မဟုတ်ဘူး။ သူတို့က အမြတ်အစွန်း ရှာဖွေနေတာ။ ကုန်ထုတ်လုပ်မှု ဖြစ်စဉ်အတွင်း အလုပ်ကပဲ တန်ဖိုးကို ထုတ်လုပ်ပေးတယ်။ စက်ပစ္စည်းတွေက တန်ဖိုးကို ထုတ်လုပ်ပေးတာ မဟုတ်ဘူး။ သူတို့က ရောင်းကုန် အသစ်တွေထဲကို အပွန်းအပါးခံ၊ တနည်းဆိုရရင် တန်ဖိုး အကျခံပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုး နည်းနည်းချင်းစီကို လွှဲပြောင်းပေးရုံပဲ လုပ်တယ်။ ဘယ်အခြေအနေမှာမဆို စက်ပစ္စည်းတွေကို အလုပ်သမားတွေက အသုံးပြုရပါတယ်။ မဟုတ်ရင် ဒီအတိုင်းချည်း ငုတ်တုတ်ထားလို့ကတော့ သူတို့လဲ ဘာမှ ထုတ်မပေးနိုင်ဘူး။ ဒီသဘောပဲ၊ ကုန်ကြမ်းတွေကို ထုတ်လုပ်ရေး ဖြစ်စဉ်အတွင်း သုံးစွဲလိုက်တဲ့အခါ သူတို့ရဲ့ နဂိုရှိပြီးသား တန်ဖိုးကို ထုတ်ကုန် အသစ်တွေဆီ လွှဲပြောင်းပေးတာပဲ လုပ်နိုင်တယ်။ ဥပမာ၊ စက်ချုပ်သမားတယောက် ချုပ်လုပ်နေတဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှိမယ်။ ဒီပစ္စည်းတွေက သူတို့မှာ နဂိုရှိပြီးသား တန်ဖိုးတွေကို ထုတ်ကုန်အသစ်ဆီ လွှဲပြောင်းပေးလိုက်တယ်။ အဲဒီလို လွှဲပြောင်းပေးထားတဲ့ တန်ဖိုးတွေထဲကို စက်ချုပ်သမား ဖြတ်/ညှပ်၊ ချုပ် လုပ်အား စိုက်ထုတ်လိုက်လို့ ထွက်ပေါ်လာတဲ့ တန်ဖိုးအသစ်တွေ ထပ်ပေါင်းထည့်ပေးလိုက်တယ်။

ဥပမာပေးရရင် အိမ်တလုံးရဲ့ ကုန်ကျစရိတ်ထဲမှာ အုတ်၊ ဘိလပ်မြေ၊ သစ်၊ ပလာစတာ အစရှိတဲ့ ဆောက်လုပ်ရေး လိုအပ်ချက် ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်အပြင် ဆောက်လုပ်ရေး လုပ်သားတွေရဲ့ အလုပ်လည်း ပါတယ်။ သူတို့ရဲ့ စျေးနှုန်းကို ဘယ်အရာက သတ်မှတ်သလဲ။ အုတ်တွေ၊ သစ်တွေ၊ ဘိလပ်မြေ အစရှိတဲ့ အရာတွေ အားလုံးကို လူ့အလုပ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကုန်ကျစရိတ်ဆိုတာ သူတို့ကို ထုတ်လုပ်ရာမှာ ထည့်သွင်းလိုက်ရတဲ့ အလုပ်ချိန် ပမာဏအဖြစ် လျှော့ချပြီး ရှုမြင်လို့ ရပါတယ်။ ဒါ့ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်၊ အတိအကျပြောရရင် အဲ့ဒီအရာတွေကို ထုတ်လုပ်ဖို့ လိုအပ်တဲ့ အလုပ်ချိန်က ဈေးနှုန်းကို သတ်မှတ်ပြဋ္ဌာန်းပေးတယ်။ အဲ့ဒီအရာဟာ ပစ္စုပ္ပန်နဲ့ အတိတ် အလုပ် (မာ့က်စ် ပြောသလို ပြောရရင် အလုပ်သေနဲ့ အလုပ် အရှင်) တို့ရဲ့ ပေါင်းစပ်မှု ဖြစ်ပါတယ်။

ဒီထက် တိတိကျကျ ပြောရမယ်ဆိုရင် ရောင်းကုန်တခုရဲ့ တန်ဖိုးကို တဦးချင်း အလုပ်ချိန်နဲ့ တိုင်းတာတာ မဟုတ်ဘူး၊ အဲဒီ ကုန်ပစ္စည်း ထုတ်လုပ်ရာမှာ ထည့်ဝင်ထားရတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော အလုပ်ချိန်နဲ့ တိုင်းတာခြင်း ဖြစ်တယ်။ မာ့က်စ်က “အလုပ်ချိန်” နဲ့ “လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော အလုပ်ချိန်” တို့ရဲ့ အဓိက ခြားနားချက်ကို သေချာ ခွဲပြောခဲ့တယ်။ တန်ဖိုးဆိုတာ ထုတ်လုပ်ရာမှာ ပါဝင်တဲ့ အလုပ် ပမာဏသက်သက်ကိုပဲ ကြည့်လို့မရဘူး။ အဲ့လိုသာဆို အပျင်းထူတဲ့၊ အလုပ်ကို သွက်သွက်လက်လက် မလုပ်တတ်တဲ့ လုပ်သားတွေက ကုန်ထုတ်လုပ်ရေးမှာ အချိန်ပိုကြာတာနဲ့ သူတို့ထုတ်ကုန်တွေက တန်ဖိုး ပိုကြီးသွားလိမ့်မယ်။ ဒါကြီးက အမှားဆိုတာ ထင်ရှားပါတယ်။ “လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော အလုပ်” က တန်ဖိုးကို ထုတ်လုပ်ပေးခြင်း ဖြစ်တယ်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း ရှိနေတဲ့ နည်းပညာ အဆင့်အတန်းနဲ့ ပျမ်းမျှ လူမှု အခြေအနေတွေအရ ကုန်ပစ္စည်း ထုတ်လုပ်ဖို့ ပျမ်းမျှ သုံးစွဲလိုက်ရတဲ့ အလုပ်ကို လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော အလုပ်လို့ ခေါ်ခြင်း ဖြစ်တယ်။ ရောင်းကုန်တခုမှာ လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော အလုပ် ပါ/မပါ ဆိုတာကိုတော့ ဈေးကွက်ထဲမှာ အဲ့ရောင်းကုန်တွေကို ရောင်းရလား၊ အပယ်ခံရလား ဆိုတာက ဆုံးဖြတ်ပေးပါလိမ့်မယ်။

ရောင်းကုန်တခုကို ပျမ်းမျှ လိုအပ်သော အချိန်ထက် ပိုကြာအောင် ထုတ်ရတယ်ဆိုရင် ပိုသုံးလိုက်ရတဲ့ အလုပ် ချိန်တွေဟာ အသုံးမဝင်တဲ့ အလုပ်ပါပဲ။ ဈေးကွက်ထဲမှာ အဲ့လို “တန်ဖိုးမြင့်” (ပုံမှန်ထက် ဈေးပိုနေသော) ရောင်းကုန်တွေဆို ဝယ်သူ ရှိမှာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းဆိုင်ရာ ပျမ်းမျှ ကုန်ကျစရိတ်ထက် ပိုကျထားတဲ့ ရောင်းကုန်မှန်သမျှ ရောင်းမစွံ ဖြစ်သွားမယ်၊​ မဟုတ်ရင်လဲ အရင်းရှင်ဘက်က အရှုံးခံ ရောင်းရလိမ့်မယ်။ ကုန်ထုတ်သတ္တိမဲ့ အလုပ်တွေ စေခိုင်းနေတဲ့ အရင်းရှင်တွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို အများ “ပေါက်ဈေး” အတိုင်း လိုက်မရောင်းနိုင်ရင် မကြာခင် လွင့်ထွက်သွားမှာပဲ။ ဈေးနှုန်းတွေဟာ ထုတ်လုပ်ရေးမှာ သုံးလိုက်ရတဲ့ “လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော” အလုပ်ချိန်ကို ထင်ဟပ် ဖော်ပြလေ့ရှိပါတယ်။

ဆက်လက်ဖော်ပြသွားမည်။

မြန်မာပြန်သူ သီအို

Address


Alerts

Be the first to know and let us send you an email when Revolutionary Marxism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Revolutionary Marxism:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share