19/01/2024
အကြမ်းဖက် စစ်တပ်နဲ့ စစ်အာဏာရူးများ၏ လာရာနှင့် လားရာကို သုံးသပ်ခြင်း (၁)
ဗိုလ်သိုးဆောင်း
မင်းအောင်လှိုင် ရာထူးမှ ဆင်းဖို့ မဘသဘုန်းကြီးတွေနဲ့ တပ်ထောက်ခံသူတွေက ပြင်ဦးလွင်မှာလုပ်တဲ့ စစ်တပ်ထောက်ခံပွဲမှာ တောင်းဆိုကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အွန်လိုင်းမှာလည်း စစ်အုပ်စု လော်ဘီတွေက အခုလို စစ်တပ်ကျရှုံးနေရတာတွေ အားလုံးဟာ မင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုညံ့ဖျင်းချက်၊ မပြတ်သားမှု၊ တွေဝေမှု စတာတွေကြောင့်ဆိုပြီး စကားသံပစ်လာကြတယ်။ မနေ့နဲ့ ဒီနေ့မှာတော့ နေပြည်တော်မှာ စိုးဝင်းကပဲ မင်းအောင်လှိုင်ကို ဖြုတ်ချပြီး စစ်အာဏာ ထပ်သိမ်းလိုက်သလိုလို ဘာလိုလို သတင်းစကားတွေ ပျံ့လွင့်လို့နေတယ်။ စစ်လော်ဘီတွေ မဘသတွေက မင်းအောင်လှိုင် တစ်ယောက်ထဲကြောင့် ဖြစ်ရသလိုလို ပုံဖော် ပြောဆိုနေကြပေမယ့် မြန်မာပြည် အဖက်ဖက်က ယိုယွင်းပျက်ဆီး နိမ့်ကျ သိက္ခာကျ တိုင်းရင်းသားပြည်သူပြည်သား သန်းပေါင်းများစွာ ဒုက္ခဆင်းရဲရောက်ကြ သေကြေပျက်စီးကြရတဲ့ တရားခံဟာ မိစ္ဆာခေါင်းဆောင် မင်းအောင်လှိုင် တစ်ယောက်ထဲကြောင့် မဟုတ်ဘဲ စစ်တပ်နဲ့ အစွန်းရောက် စစ်ဝါဒီတွေကြောင့် ဆိုတာကို နားလည်ကြရပါမယ်။ ဒီကောင်တွေရဲ့ ခြေလှမ်းနဲ့ ယုတ်မာတဲ့ အကြံဆိုးတွေကို နားလည်ဖို့ဆိုတာ ဒီကောင်တွေ တစ်ယောက်ချင်းစီ အကြောင်းနဲ့ လုပ်ရပ်တွေကို သိနားလည်ထားဖို့လည်း လိုတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီး မင်းအောင်လှိုင်ဟာ စစ်တပ်၊ နစကလို့ခေါ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နဲ့ အိမ်စောင့်အစိုးရလို့ခေါ်တဲ့ ပြည်ထောင်စုအစိုးရ စတဲ့ နေရာသုံးရပ်မှာ သူနဲ့ သူ့လူတွေကို ဖြန့်ချပြီး အာဏာကို ချုပ်ကိုင်ထားခဲ့တယ်။ ဖွဲ့စည်းပုံဟာ ကျယ်ပြန့်သလို၊ ရှုပ်ထွေးလွန်းတာကြောင့် သူတို့ကိုယ်တိုင်တောင် အခါပေါင်းများစွာ ပြင်ဆင် ပြောင်းလဲဖွဲ့စည်း၊ လူတွေရွှေ့လဲ စတာတွေ လုပ်ခဲ့ကြရသလို အခုထိ လုပ်နေရတုန်းပဲ။
စစ်တပ်
စစ်တပ်အကြောင်း ပြောမယ်ဆိုရင် ဘာမှစမပြောခင်မှာပဲ စစ်တပ်နဲ့ စစ်သားတွေ၊ သူတို့မိသားစုတွေ၊ သူတို့ အောက်ဆွဲတွေကလွဲလို့ ကျန်ပြည်သူပြည်သားအားလုံး လက်ခံနားလည် ရွံရှာကြတဲ့ အောက်က အချက်တွေကို မှတ်တမ်းပြုထားဖို့ လိုပါတယ်။
☠️ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ မပါဝင်သင့်ဘဲ ပါဝင်ပြီး အာဏာကို ချုပ်ကိုင်ထားတယ်။
☠️ စစ်တပ်ဟာ နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံတော်ကာကွယ်ရေး အမည်တပ် အလွဲသုံးစားလုပ်ပြီး အာဏာရှင်တွေ ကိုယ်ကျိုးစီးပွား တိုးတက်အောင် လုပ်ခဲ့တယ်။
☠️ စစ်တပ်ဟာ ကာကွယ်ရေး အကြောင်းပြပြီး နိုင်ငံတော်ပိုင် မြေရာအဆောက်အဦး အများပြားကို သိမ်းယူခဲ့ပြီး အဓိကနေရာတွေ အများအပြားမှာ တပ်တွေတည်ပြီး အာဏာကိုချဲ့ထွင်ခဲ့တယ်။ ဒီလိုသိမ်းယူခဲ့တဲ့ နေရာ၊ အဆောက်အဦးများစွာထဲက အတော်များများကိုလည်း ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ အဖြစ် အာဏာသုံး ပြောင်းလဲပြီး ရယူပိုင်ဆိုင်ခဲ့ကြတယ်။
☠️ စစ်တပ်အတွင်းမှာ အထက်နဲ့အောက်ခြေ၊ အရာရှိနဲ့ အရာခံအကြပ်တပ်သား မိသားစုတွေကြား အင်မတန်ကွာခြားတဲ့ အဆင့်ခွဲခြား ဆက်ဆံမှုတွေ ရှိသလို လူမှုဘဝကွာခြားချက်တွေ ရှိနေတယ်။
☠️ စစ်တပ်ဟာ ကမ္ဘာ့အခက်အခဲ အကျပ်အတည်းကာလဖြစ်တဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြောင့် မြန်မာပြည်သူတွေ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး စတဲ့ ကဏ္ဍစုံမှာ ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေရချိန်မှာ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ အာဏာသိမ်းခဲ့ပြီး ဒီအာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေကိုလည်း အကြမ်းဖက်နှိမ်နင်းခဲ့တယ်။
☠️ စစ်တပ်ဟာ လူမျိုးရေးနဲ့ ဘာသာရေးကို အလွဲသုံးစားလုပ် ခုတုံးလုပ်ပြီး ပြည်သူပြည်သားတွေတင်မက စစ်တပ်အတွင်းမှာကို ခွဲခြားဆက်ဆံခဲ့တယ်။ ဗမာအမျိုးသားကြီးဝါဒကို ထူထောင်ခဲ့ရုံသာမက အခုနောက်ဆုံးမှာ ဗမာပြည်သူတွေကိုယ်တိုင်ကိုပါ အစွမ်းကုန်ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ပြီး နိုင်ငံအနှံ့စစ်မီးကို မွှေးခဲ့သူဖြစ်တယ်။
☠️ စစ်တပ်ဟာ ပြည်သူနဲ့ စစ်ဖြစ်တာကို ဖုံးကွယ်မသိချင်ဟန်ဆောင်ပြီး ပြည်သူကို အကြမ်းဖက်သောင်းကျန်းသူလို့ အမည်တပ်ပြီး ပြည်သူတွေရဲ့ အိုးအိမ်တိုက်တာတွေကို အကြမ်းဖက်ဖျက်ဆီး၊ မတရားသိမ်းဆည်းရုံသာမက ရွာတွေ မြို့တွေ၊ ကိုပါ ဖျက်ဆီးပစ်ခဲ့တယ်၊ အဓမ္မသိမ်းဆည်းပစ်ခဲ့တယ်။
☠️ စစ်တပ်ဟာ တပ်တွေအတွင်းနဲ့ တပ်သားတွေ၊ သူတို့မိသားစုတွေကို မှန်ကန်တဲ့ အတွေးအမြင်၊ အသိပညာ၊ သတင်းအချက်အလက်တွေ မရအောင် နည်းမျိုးစုံသုံး ဟန့်တား ပိတ်ဆို့ထားပြီး လွဲမှားတဲ့ အချက်အလက်တွေနဲ့ ဦးနှောက်ဆေးကြောတဲ့ ကိစ္စတွေ လုပ်ခဲ့တယ်။
☠️ စစ်တပ်ကြောင့် မြန်မာပြည် ဖွံ့ဖြိုးတိုးတက်လာတာ ဘာတစ်ခုမှမရှိခဲ့ဘဲ၊ ပြည်သူတွေအားလုံးသာ ချွတ်ချုံကျခဲ့ရတယ်၊ ဆင်းရဲတွင်းနက်ခဲ့တယ်၊ နိုင်ငံတော်ဟာ အကြွေးပင်လယ်ဝေပြီး အစစအရာရာ ခေတ်နောက်ကျခဲ့ရတယ်။
☠️ စစ်ခေါင်းဆောင် အာဏာရှင်တွေဟာ ပြည်သူလူထုကိုသာမက စစ်တပ်အတွင်းက အောက်ခြေတပ်သားတွေရဲ့ လစာငွေတွေကို မတရား အလွဲသုံးစားလုပ် ကိုယ်ကျိုးစီးပွားတွေကိုသာ လုပ်ဆောင်ခဲ့တယ်။
☠️ စစ်ခေါင်းဆောင် အားလုံးလိုလိုနဲ့ သူတို့မိသားစုတွေဟာ မလျော်ကန်စွာ ရရှိထားတဲ့ အာဏာကို ခုတုံးလုပ် ကိုယ်ကျိုးစီးပွား အဓိကလုပ်ဆောင်နေပြီး ကြီးမားကျယ်ပြန့်တဲ့ ကြွယ်ဝချမ်းသာမှု ရှိကြတယ်။
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ
မင်းအောင်လှိုင်နဲ့ အာဏာရူးတစ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အတွင်းမှာ အပြောင်းအလဲ များစွာ လုပ်ခဲ့တယ်။ အပြောင်းအလဲများစွာ ဆိုရာမှာ ကောင်းတဲ့ ပြောင်းလဲမှုမျိုးတောင် မဟုတ်ဘဲ သူတို့နဲ့ ပတ်သက်တဲ့ သူတို့ အလွမ်းသင့်တဲ့ သူတို့ အမိန့်ကို နာခံတဲ့ လူတွေကိုသာ ရာထူးနေရာတွေ ပေးခဲ့ပြီး သူတို့အလိုမကျတဲ့သူတွေကိုတော့ ဖြုတ်ထုတ်သတ်လုပ်ခဲ့တယ်။ သူတို့ကိုယ်တိုင်လည်း မတရား ကိုယ်ကျိုးစီးပွားတွေ လုပ်ကိုင်နေကြပေမယ့် အဂတိလိုက်စားမှုကို တိုက်ဖျက်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ထိပ်ပိုင်းရာထူးကြီး များစွာကိုလည်း အပြောင်းအလဲ လုပ်ခဲ့တယ်။ တစ်တိုင်းပြည်လုံးရဲ့ တော်လှန်ရေးအရှိန်အဟုန် မြင့်တက်လာမှုနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်သမိုင်းမှာ တခါမှမရှိခဲ့ဖူးတဲ့ အကြီးအကျယ် ဆုံးရှုံးမှု၊ ကျဆုံးမှုတွေကို လက်တွေ့ရင်ဆိုင်ခဲ့ကြရတဲ့ သူ့တပ်မှူး စစ်ဗိုလ်ချုပ်တွေကိုပါ ပြင်းပြင်းထန်ထန် အပြစ်ပေးတာတွေလည်း လုပ်ခဲ့တာ တွေ့ရတယ်။
နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ စစ်တပ်က ထိပ်တန်း အရာရှိကြီး ၂၄ ယောက်စာရင်းကို ဒီလိုတွေ့ရပါတယ်။
1. မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး၊ စတသ-၁၉၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
2. စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီး၊ စတသ-၂၂၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
3. မောင်မောင်အေး၊ ဗိုလ်ချုပ်ကြီး၊ စတသ-၂၅၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ)
4. ဇွဲဝင်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၂၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)
5. ထွန်းအောင်၊ ဗိုလ်ချုပ်ကြီး၊ စတသ-၂၉၊ ကာကွယ်ရေးဦးစီးချုပ်(လေ)
6. ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၈၊ အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး
7. အောင်အောင်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၆၊ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး
8. တေဇကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗသက-၇၃၊ အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူး
9. ညွန့်ဝင်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၆၊ အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး
10. သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၂၉၊ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှူး
11. အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့မှူး
12. စိုးမင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၁၊ စစ်ရေးချုပ်
13. ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၅၊ စစ်ထောက်ချုပ်/စစ်ဦးစီးအရာရှိချုပ်(ကြည်း)
14. ထိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၈၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
15. ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗသက-၇၇၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်/ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်
16. မျိုးမိုးအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၂၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်
17. ကံမြင့်သန်း၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗသက-၆၆၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်
18. လင်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၂၇၊ စစ်ရာထူးခန့်ချုပ်
19. မျိုးသန့်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၂၊ စစ်ဥပဒေချုပ်
20. စိုးတင့်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ ဗသက-၇၅၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်
21. တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ)
22. ကျော်စွာလင်း၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၅၊ စစ်ထောက်ချုပ်/စစ်ဦးစီးအရာရှိချုပ်(ကြည်း)
23. စစ်ဦးစီးအရာရှိချုပ်(ရေ)
24. ဇော်ဝင်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး၊ စတသ-၃၂၊ စစ်ဦးစီးအရာရှိချုပ်(လေ)
ဆက်လက်ဖော်ပြပါမည်။
(မှတ်ချက်။ ကိုယ်ပိုင်နံပါတ်နှင့် အသေးစိတ် အချက်အလက်များကို FB တွင်ဖော်ပြလျှင် ဖယ်ရှားခံရတတ်သောကြောင့် ဖျက်ထားပါသည်။ လိုအပ်လျှင် တောင်းယူနိုင်သည်)