26/01/2024
(၁၉)
အဝါရောင် အစားအစာ အပုံလေး
သန်းပေါင်းများစွာသော အဖြူရောင်လိပ်ပြာ ညီအစ်မတို့ဟာ မရပ်မနား ကျဆင်းရင်း လေထဲမှာ မြူးပျော်ရွှင် ရယ်မောနေကြလေတော့ မြေကြီးပေါ်မှာ အပုံလိုက်ထူထဲနေပြီဆိုတာနဲ့ အစာရှာဖို့ရာက မဖြစ်နိုင်တော့တာမို့ ငှက်တွေအတွက်တော့ အဖြစ်ဆိုးပါပဲ။
သူတို့တတွေ ဘယ်လောက်ပဲ ကြိုးစားပြီး တူးဖယ်ရှားကြပါစေ မြေကြီးက မြင်တောင်မမြင်ရဘူးလေ။ ညနေတိုင်း အားလုံး ဆာလောင်ပင်ပန်းစွာနဲ့ ပြန်လာကြပြီဆိုရင် ပိကျိ နဲ့ တခြားငှက်ကလေးတွေဟာ ခေါင်မိုးပြားပေါ်မှာ နေရာယူနေကြတဲ့ အဖြူရောင်လိပ်ပြာကလေးတွေကို ဖယ်ရှားရတော့တာပဲ။
ပိကျိ နဲ့ စာကလေးမယ်တို့ဟာ အမွေးအတောင်တွေကို ဖွ၊ အေးစက်နေတဲ့ သူတို့ ကိုယ်ခန္တာနှစ်ခုကို ပူးကပ်ပြီး အဖြူရောင် ကပွဲသဘင်ကြီး တခါတည်း ပြီးသွားပါစေကြောင်း မျှော်လင့်ရင်း အိပ်ပျော်သွားကြတော့တယ်။
တစ်ညနေမှာဆို မောပန်းပြီး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ စာကလေးမယ် ပက်စာရီ ဟာ အသိုက်ပေါက်ထဲက ထွက်လာပြီး လိပ်ပြာဖြူအဖတ်လေးတွေကို ပြောလိုက်တယ်။
“ညည်းတို့ ကစားပွဲက လှတော့ လှပါတယ်အေ။ ဒါပေမဲ့ ကြာလွန်းသလားလို့။ ညည်းတို့က အရာအားလုံးကို လိုက်ပြီး ဖုန်းထားလိုက်တော့ တို့များ အငတ်ဘေးဆိုက်ပြီပေါ့။ စိတ်ချမ်းသာမှုလေး ပြန်ပေးပါဦးလား”
သူတို့ ကြားသွားကြသလား။ ဒါမှမဟုတ် သူတို့ မကြားကြဘူးလား။ ဘာပဲဖြစ်ဖြစ် နောက်တနေ့ မနက်မှာတော့ လိပ်ပြာဖြူတွေ ကောင်းကင်ပေါ်က ဝဲပျံလာတာ နည်းသွားတယ်။ တဖြည်းဖြည်း အားလျော့လာခဲ့တယ်။ သက်ပြင်းကလေးချလို့ “တို့များမှာလည်း ကံမကောင်းပါလား။ အောက်ကို ဆင်းဖို့ စောင့်ခဲ့ရတယ်။ ခုတော့ ဘယ်သူမှ တို့နဲ့ ပျော်ရွှင်မြူး ဆော့ကစားတာ မလုပ်ကြပါဘူးကွယ်” လို့ ပြောနေ သလိုလို။
ပိကျိနဲ့ ပက်စာရီ တို့ဟာ တစ်ဦးကို တစ်ဦး ပျော်ရွှင်စွာနဲ့ ဖက်ထားကြပြီး တခြားသူတွေကို လိုက်နိူးကြပါတယ်။ ပြီးတော့ သူတို့အတူတူ တောရွာဘက်ကို စူးစမ်းရှာဖွေ ပျံသန်းကြည့်ကြရင်း အစာအိမ်က တကြုတ်ကြုတ် မဖြစ် နေ သလို နဲ့ လှပတဲ့ မြင်ကွင်းတွေကို သွားကြည့်ကြလေရဲ့။ သစ်ပင်တွေပေါ်မယ် အဖြူရောင် အိမ်ကလေးတွေ တင်ထားသလိုလို၊ မြက်ရိုင်းတောဟာ ချည်ထိုး ပဝါကလေးတွေ လွှမ်းခြုံထားသလို၊ မီးခိုးခေါင်တိုင်တွေက ည ဦးထုပ်ကလေး ဆင်မြန်းထားသလိုလို၊ တိုင်ကလေးတွေဟာ ဦးထုပ်ကလေးတွေ ဆောင်းထားသလိုလိုနဲ့။
လူနေအိမ်တွေကတော့ ဘာမှန်းရယ်မသိ မှောင်မည်းမည်း မှုန်ကုပ်ကုပ်နဲ့ပေါ့။
ခဏလောက် ပျံပြီးတဲ့နောက်မှာ ချီကိုလာဂူ က အသံအကျယ်ကြီး အော်လိုက်တယ်။
“ရိက္ခာဟေ့”
ချက်ခြင်းပဲ သူတို့အားလုံးဟာ သူ့နောက်ကို လိုက်သွားကြလေတယ်။
ခြံဝန်းရဲ့ အလယ်နားမှာ အဝါရောင် တစ်လုတ်တစ်ဆုပ် စားစရာလေးတွေ ရှိနေတယ်။ “တို့ ဒီမှာဟေ့၊ လာစားလှည့်ပါကွယ်” လို့ ပြောနေသလိုပါပဲ။
“ငါအရင်တွေ့တာနော်။ ငါ့ဟာပဲ” လို့ ပြောရင်း ချီကိုလာဂူ ဟာ ခြံဝန်းထဲကို ဆင်းသွားတယ်။ ဒါပေမဲ့ ပိကျိ က သူ့ကို တားလိုက်ပါတယ်။
“ခဏ နေပါဦး။ အန္တရာယ်ရှိနေတယ်”
ချီကိုလာဂူ အပါအဝင် အားလုံးကို သတိပေးပြီးတဲ့အခါ ဆင်ဝင်အမိုးပေါ်ကို ပျံသွားကြပြီး ငြင်းခုန်ရတယ်။
“ဟိုလူ မရှိဘူးလေဟာ။ သူ့အိမ်က အဝေးကြီးမှာလေ” ချီကိုလာဂူ က အံ့အားသင့်စွာနဲ့ ပြောတယ်။
“ဟိုမှာ သူ့ခြေရာတွေလေ ကြည့်ပါလား” ပိကျိ က လှမ်းပြတယ်။
စာကလေးတိုင်းက အစာတစ်လုတ်တစ်ဆုပ် ဆီကနေ အကြည့်တွေခွါပြီး လူခြေရာတွေကို ကြည့်ပြီး စဉ်းစားခန်း ဝင်ကြတယ်။
“အဲဒီ အစာတွေ မနေ့တုန်းက ရှိလားပြော” ပိကျိ က မေးပြီလေ။
“မရှိဘူး” စာကလေး တစ်ကောင်က ပြန်ဖြေတယ်။
“သူငယ်ချင်းတို့ရေ ဒါဆို အန္တရာယ်ရှိနေတယ်ကွ” ပိကျိ က ပြောပြပါတယ်။ “တို့တွေ တခြားဝေးဝေးသွားကြတာ ပိုကောင်းမယ်ကွာ”
ဘယ်လိုတွေတောင် လှပတဲ့ ကြီးမားတဲ့ အစာတွေပါလိမ့်။ တချို့ စာကလေးတွေဆို နူတ်သီးကနေ သွားရည်တွေ ပါတွေ ကျလို့ပေါ့။
“ဒါဆို အဲဒီအစာတွေက ငါ့ဟာပဲ ငါကတော့ သွားစားမှာပဲ” ချီကိုလာဂူ က ပြောပြီ။
ဒီလို ပြောပြီးတာနဲ့ ပျံသန်းသွားပြီး အစာနားကို ဆင်းလိုက်တယ်။ ဒါပေမဲ့ ပိကျိက သူ့နောက်ကို လိုက်သွားပြီး ပြောတယ်။
“ဒီ အစာက ဟိုလူကြီးချထားတာဆိုရင် အန္တရာယ်ရှိကို ရှိတယ်။ သတိထားနော်”
“ငါဗိုက်ဆာနေပြီဟဲ့”
“တောင့်ထားပါဦးဟာ ချီကိုလာဂူ ရာ။ သေချာကြည့်ပါဦး။ အစာတွေက အပုံလိုက်လေး ဖြစ်နေတာ မမြင်ဘူးလား”
“ဟုတ်တယ်နော်”
“သေချာကြည့်ပါ။ အစာတွေက လာချထားတာ။ လိပ်ပြာဖြူကလေးတွေကို ဖယ်ပြီး ထိုးထည့်ထားတာ။
အဝေးသွားကြပါစို့ ချီကိုလာဂူ ရာ။ တခြားနေရာ ရှာကြတာပေါ့” ပိကျိ က လှမ်းပြရင်း ပြောတယ်။ တခြား စာကလေးတွေက အမိုးပေါ် ပြန်တက်သွားကြပြီ။
“သူငယ်ချင်းတို့ရေ ငါရှင်းပြမယ်နော်။ အဲဒီ အစာထုပ်က ထောင်ခြောက်ကွ။ ထားလိုက်ပါ။ သွားကြပါစို့” ပိကျိ က ဥပမာပေးရင်း ရှင်းပြတယ်။ စာကလေးတွေက မလိုက်နာကြဘူး။ သူတို့ကို အဝါရောင် အစာပုံက ပြုစား လိုက်ကြပြီ။
“အကယ်၍ မင်းပြောသလို မဟုတ်ဘဲ ကောင်းမွန်တဲ့ အစာတွေဆို ဘယ်လို လုပ်မလဲ”
ဒီလိုနဲ့ စာကလေးတစ်ကောင်ဟာ ဘယ်လိုမှ မတောင့်ထားနိုင်တော့ဘူး။ ဘာဆိုဘာမှ မပြောတော့ဘဲ အစာပုံ ဆီသွားလိုက်ပြီး အစာကောက်လိုက်တယ်။ ပြီးတာနဲ့ သူ အသက်ရှုကျပ်လာတော့ တာပဲ။ စာကလေးတွေကြား မှာ ထိတ်လန့်သွားကြတယ်။ ချီကိုလာဂူ ဆို တုန်ယင်လို့။ “သူငယ်ချင်းတို့ရေ ငါတို့တတွေ တောင့်ထားကြရမယ်” ပိကျိ က အမိုးပေါ်ကို လှမ်းအော်ပြောလိုက်တယ်။
ချက်ခြင်းဆိုသလိုပါပဲ ဟိုလူထွက်လာတယ်။ စာကလေးတွေက တွေ့လိုက်တာပေါ့။ သူက သေသွားတဲ့ ငှက်ကလေးကို ကောက်သွားတယ်။ တစ်လုပ်စာ အစာကလေးကို ငှက်ကလေးရဲ့ နူတ်သီးကနေ ပြန်ဖြုတ်ပြီး ထောင်ချောက်လို အစာပုံပေါ် ပြန်တင်လိုက်တယ်။ နှင်းလွှာပေါ်မှာ နေရာပြန်ချလိုက်တာပေါ့။
နူတ်ခမ်းမွေးနဲ့ သတ္တဝါ ကလည်း အဝေးတနေရာကနေ ကြည့်နေပြီး စပါးကျီပေါ်ကနေ ဆင်းလာရင်း တွေးနေတယ်။ “ပထမဆုံး အစာလာကောက်တဲ့ ကောင်ကို ငါစားမယ်” တဲ့။
တခြား ခြံဝန်းတွေထဲမှာလည်း အဝါရောင် အစာပုံလေးတွေကို ဟိုလူကြီး က ဆင်ထားသေးတယ်။ အကြာကြီး အစာငတ် ထားလို့ စိတ်ကုန်နေတဲ့ စာကလေး အချို့က ရှိစမြဲပဲလေ။ သူတို့ သေကုန်ကြတာပေါ့။
ဆောင်းရာသီ ဟာ ကြောက်စရာ ကောင်းလှတယ်။ အေးစက်တယ်။ ဆာလောင်မွတ်သိပ် ရတယ်။ ညသခင်ကြီးရဲ့ လျို့ဝှက်သဲဖို ဇာတ်လမ်းပါပဲ။ ပြန်ပြောရမယ်ဆိုရင်တော့ ပိကျိ တို့ ခေါင်မိုးပေါ်က စာကလေး တစ်ဝက်လောက် သေသွားခဲ့ရတယ်လေ။
(၂၀)
ည သခင်ကြီး
အေးစက်တဲ့ ညနေခင်းတစ်ခုမှာ ပိကျိဟာ အမိုးပြားပေါ်ကနေ အိပ်ခါနီး ထွက်ခဲ့တုန်း ထူးဆန်းတာ တစ်ခုကို တွေ့လိုက်ရတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ အမဲရောင် မှောင်မဲနေတဲ့ အပေါက်ကြီး တစ်ခုရှိတယ်။ ရုတ်တရက်ဆိုသလိုပါပဲ အဲဒီအပေါက်ထဲကနေ ဝင်းဝင်းတောက်နေတဲ့ အလင်းရောင် နှစ်ခုကို မြင်လိုက်ရတယ်။ ဒီအလင်းရောင်ဟာ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေသလို ကျယ်ပြီးရင်း ကျယ်လာတာမို့ ပိကျိ တစ်ယောက် မျက်စိကျိန်း မူးဝေမိပါတယ်။
“ပက်စာရီရေ လာကြည့်ပါဦး။ အမဲရောင် အပေါက်ကြီးထဲမှာ အလင်းရောင်နှစ်ခုတွေ့လား။ ခုတော့ ပျောက်သွားပြီ” ပိကျိ က ညည်းညည်းညူညူ လေးနဲ့ ပြောတယ်။
သူဟာ အမိုးပြား အပြင်ဘက်ကို ထွက်လိုက်ပြီး ခေါင်မိုးပေါ်ပျံတက်ရင်း သွားစစ်ကြည့်တယ်။ ဘာဆိုဘာမှ မတွေ့ရဘူး။
“အလင်းရောင်တွေက အဲဒီမှာ ရှိပါတယ်ဆို” သူက အံ့ဩတကြီး ပြောလိုက်ရင်း အပေါက်ကြီးကို လှမ်းပြနေတယ်။
စာကလေးမယ် က သူ့ကို ရယ်လိုက်တယ်။
“ညသခင်ကြီးရဲ့ စံအိမ်က အဲဒီမှာလေ။ စကားပြောတဲ့ မျက်လုံးတွေနဲ့ ပညာရှိအဘိုးကြီးပေါ့”
“ပညာရှိ အဘိုးကြီးဆိုတာ ဘယ်သူလဲ”
“ကြည့်ပါဦးဟယ်။ နင်က စကားတွေ များနေပြီး ဘာမှလည်း မသိဘူး” ပက်စာရီ က ရယ်မောကာနဲ့ ပြောတယ်။
“ပညာရှိ အဘိုးကြီးက အဲဒီမှာနေတာ ကြာလှပြီလေ။ သူက အဲဒီမှာပဲ အမြဲတမ်းရှိခဲ့တာတဲ့။ ငါ့အမေရဲ့ အမေ က ပြောခဲ့တာ။ သူတို့ ဘိုးဘေးဘီဘင် တွေက ညသခင်ကြီးကို သိတယ်တဲ့။ သူက ဟောဒီကမ္ဘာကြီးလောက်ကို သက်တမ်း ရှိနေပြီး သေမှာလည်း မဟုတ်ဘူးတဲ့”
“အလို တယ်လှပါကလား။ ဒါနဲ့ သူက ဘယ်သူလဲ” ပိကျိ က ပြောပြီ။
“ပြောကြတာကတော့ သူဟာ တို့လို သနားစရာ ငှက်ကလေးတွေကို စောင့်ရှောက်ဖို့ ကမ္ဘာမှာ ရှိတာတဲ့။ သနားစရာ ငါ့အမေကတော့ သူ့ဆီ မကြာခဏသွားတဲ့အခါ သူက သည်းခံနိုင်မှု ရှိအောင် ဆုံးမစကားလေးတွေ ပြောပေးတယ်တဲ့”
“အလို တယ်လှပါကလား။ ဒါနဲ့ သူဘယ်သူလဲဆိုတာ ဘယ်သူက သိလဲ”
“သူက ငှက်တစ်ကောင်ပဲပေါ့” ပက်စာရီ က ပြောတယ်။
“နင်နဲ့ငါလိုပဲ ငှက်တစ်ကောင်ပဲပေါ့”
“ဘယ်ဟုတ်မလဲ။ သူ့မျက်လုံးတွေက နေ နှစ်စင်းလိုပဲ။ သူ့ရဲ့ နူတ်သီးဆိုရင် ကောက်နေရောပဲ။ ခေါင်းက နူးညံ့သတဲ့။ ငှက်မွေးတွေ အပြည့်ပဲ။ သူ့အတောင်ကို ဖြန့်ပြီး ပျံသန်းနေချိန်ဆို တိမ်တွေ လွင့်မျောသလို တိတ်ဆိတ်နေရောပဲ တဲ့”
“အလို တယ်လှပါကလား” ပိကျိ က ပြောပြန်ပြီ။ “သူပျံသန်းနေတာကို ငါဖြင့် မမြင်ဖူးပါဘူး။ နင်ရော မြင်ဖူးလား”
“သူက ငါတို့လို ပျံစရာ မလိုဘူးကွ။ သူ့ရဲ့ ရဲတိုက်ထဲမှာပဲ ပိတ်ပြီးနေတာလေ။ သူဟာ ဟောဒီလောက ကမ္ဘာကြီး ရဲ့ အလင်းရောင်ကို မုန်းတီးသတဲ့”
“ဒါဆို သူက ဘာမှ မစားဘူးလား”
“အမေတို့ ပြောတာကတော့ သူက လရောင်ကိုသာ စားသုံးသတဲ့။ မီးခိုခေါင်တိုင်တွေရဲ့ အရိပ်ကနေ ပေါ့။ သူ ရေဆာတယ်ဆိုရင် ကြယ်တွေရဲ့ ရောင်ခြည်ကို သောက်သုံးတာတဲ့”
“အလို တယ်လှပါကလား” ပိကျိက ပိုပိုပြီး အံ့ဩလာတဲ့ ဟန်နဲ့ ပြောတယ်။ “ဒါပေမဲ့လေ သူက တို့လို မစားမသောက် ဘူးဆိုရင် သူ့မှာ နူတ်သီးက ဘာလို့ရှိတာလဲ”
“စကားပြောဖို့ နေမှာပေါ့တော်”
“ဒါပေမဲ့ သူက မျက်လုံးတွေနဲ့ စကားပြောတာဆို”
“ပိကျိရယ် နင်က အတော်စပ်စုတာပဲ” ပက်စာရီ က ပြောလိုက်ရင်း ပြန်အိပ်သွားတယ်။
ပိကျိကတော့ ဒါကို စိတ်ဝင်တစားနဲ့ ညည်းညူပြောဆိုနေတုန်းပဲ။ “သူ့မှာ နူတ်သီးအကောက်ကြီး ရှိနေတာက စကားပြောဖို့ ပဲ ဆိုတာကို ငါယုံကြည်ရခက်နေတယ်။ ငါမှားချင်လည်း မှားပေမပေါ့။ ဒါပေမဲ့ ဒီမှာ လျို့ဝှက်ဆန်းကြယ်တာတော့ ရှိနေတယ်။ ဒါကို ငါ ဖော်ထုတ်ချင်လိုက်တာ”
(၂၁)
ရဲစုံထောက်ပိကျိ
နောက်တစ်နေ့ကြတော့ ခေါင်မိုးပေါ်က ငှက်တွေကို သူ လိုက်မေးတော့တယ်။ “ဟိုနားလေးမှာရှိနေတာ ဘယ်သူလဲကွာ” သူက ဖယ်သာလိုက် ကို မေးလိုက်တယ်။
ဟို စာကလေး က ပြန်ဖြေတယ်။ “ညသခင်ကြီးရဲ့ အိမ်လေကွာ” တဲ့။
“အဲဒီ ညသခင်ကြီး က ဘယ်သူလဲ”
“သူက မပျော်ရွှင် ဖြစ်နေတဲ့သူတွေကို ကာကွယ်ပေးတယ်။ နာကျင်နေတဲ့သူတွေကို နှစ်သိမ့်ပေးတယ်။ လိုအပ်နေသူ တွေ ကို ကူညီပေးတယ်”
“မီးခိုးခေါင်တိုင်တွေရဲ့ အရိပ်တွေကို စားသုံးပြီး၊ ကြယ်ကလေးတွေရဲ့ မှိတ်တုပ် မှိတ်တုပ် အလင်းရောင်ကို သောက်သုံးနေတယ်ဆိုရင် သူ့မှာ ဘာလို့ ထက်မြတဲ့ နူတ်သီး ရှိနေရသလဲ ငါသိချင်တယ်ကွာ” ပိကျိ က စာကလေးကြီးကို မေးလိုက်တယ်။
“မကြောက်ပါနဲ့ကွာ”
“မင်းရဲ့ စာကလေးငယ်တွေနဲ့အတူသာ ပျော်ပျော်ရွှင်ရွှင် နေစမ်းပါ။ သူ့ကို ထားလိုက်။ သူက ပူပန် ဒုက္ခရောက် နေကြသူတွေကို ပုံပြင်ကလေးတွေ ပြောပြတဲ့ ထူးဆန်းသူကြီးပေါ့ကွာ။ ဘယ်သူ့ကိုမှတော့ ဒုက္ခပေးနေတယ် လို့ မထင်လိုက်ပါနဲ့”
“ငါကတော့ သူ့ကို မကြိုက်ဘူးကွာ” ပိကျိ က ညည်းညူရင်း ပြောပါတယ်။
“သူက နေ့ခင်းတွေမှာ ဘာဖြစ်လို့ ထွက်မလာရတာလဲ။ သူ့မှာ ချွန်ထက်တဲ့ နူတ်သီးရှိလို့ တို့လို မစားသောက်တာများလား။ အဲဒီမှာ ထူးဆန်းတာ တစ်ခုတော့ရှိနေတယ်။ မကြာခင်တော့ ငါအဖြေထုတ်နိုင်မှာပဲ”
ဒီလိုနဲ့ ပိကျိ ဟာ ဘက်ကိုဒိုချီ တို့ နားကနေ ထွက်သွားပါတော့တယ်။
ဘက်ကိုဒိုချီက ဝမ်းနည်းနေပါတယ်။ ဘာကြောင့်ဝမ်းနည်းနေရသလဲ ဆိုတာကိုလည်း ပြောတယ်။
“ငါ့ရဲ့ အငယ်ဆုံးကလေး အိမ်ကထွက်သွားတာ သုံးရက်ရှိပြီဟယ်။ သူ့ကို မတွေ့ရတော့ဘူး။ သူ့ကို အမိုးပေါ်ဆီ ကြယ်ကလေး နှစ်ပွင့်က ဖိတ်ခေါ်လို့ စကားစမြည်ပြောဖို့ရာ တက်သွားတာလေ။ သူပြန်မလာတော့ဘူး”
“ညနေတုန်းက ဟုတ်လား။ ကြယ်ကလေးနှစ်လုံးနဲ့။ ပြီးတော့ သူက ပြန်မလာတော့ဘူးလား” ထပ်ကာ ထပ်ကာ ပိကျိက ပြောရင်း သံသယတွေ ဖြစ်နေတယ်။
သူက ချက်ခြင်းပဲ မေးလိုက်ရဲ့။ “နင် ညသခင်ကြီး ကို သိလား”
“သိတာပေါ့။ သူ့ဆီ တခါသွားဖူးတယ်”
“သူက ဘာပြောသလဲ”
“သူဘာပြောသလဲဆိုတော့ ကလေးတွေဟာ မိသားစုကို စွန့်ခွါပြီး ပျော်ရွှင်မှုရှိရာဆီကို သွားတတ်ကြပြီး ဘယ်တော့မှ ပြန်မလာကြဘူးတဲ့။ ငါခံနိုင်ရည်ရှိအောင်လို့ စကားလုံးလှလှလေးတွေ အများကြီး သူက ပြောပေးတယ်။ ဒါပေမဲ့ဟာ ငါ့နှလုံးသားက ကြေကွဲနေတာမို့၊ မငြိမ်းချမ်းခဲ့ရပါဘူး”
“ပျော်ရွှင်မှုကို ရှာတယ် ဟုတ်လား” ပိကျိ က ရေရွတ်လိုက်ရင်း လူကြီးလူကောင်းကြီး ရှိရာကို အပေါက်ကနေ လှမ်းကြည့်လိုက်တယ်။ ချီကိုလာဂူး ဆီကို အမြန်သွားတာပဲ။
“ကလေးတွေ ထွက်ပြေးတာမျိုး ကြုံဖူးလား” ပိကျိက သူ့ကို တဲ့တိုးပဲ မေးလိုက်တော့တယ်။
“ငါ့ ကလေးတွေ ထွက်ပြေးတာ တော့မကြုံဖူးပါဘူး။ သူက ခေါင်းပေါ်ကျနေတဲ့ ငှက်မွေးတွေကို တချက် ပင့်တင်လိုက်ပြီး ခပ်တင်းတင်းဟန်အမူအရာနဲ့ ပြောသေးတယ်။ “ သူတို့ ပြေးဖို့ ကြိုးစားရင် ငါသိမှာပေါ့”
“ငါတို့ ခေါင်မိုးပေါ်မှာ အိမ်ကနေ ထွက်ပြေးသွားကြတယ်ဆိုတာ ခေတ်တော့ စားလိုက်သေးတယ်။ ဒါပေမဲ့ ငါကလေးတွေ လုပ်ရဲလုပ်ကြည့်စမ်း”
လျို့ဝှက်နက်နဲတဲ့ ပုံစံအမူအရာနဲ့ ပိကျိက မေးလိုက်တယ်။ “တခြား ခေါင်မိုးတွေက စာကလေးတွေရော ထွက်ပြေးကြသေးလား”
“တောအုပ်ထဲက တစ်ကောင်ကတော့ ပြောဖူးတယ်။ တစ်ယောက်မှ ထွက်မပြေးကြပါဘူးတဲ့”
“တယ်ဟုတ်ပါလား” ပိကျိက စဉ်းစားလိုက်တယ်။ “ကိစ္စကတော့ နက်နဲလာပြီ”
ပြီးတော့ ဟိုဟာကို မေးတော့တာပဲ။ “နင်ရော ညသခင်ကြီး ကို သိသလား”
ချီကိုလာဂူ က ရယ်တော့တာပဲ။ “အမှောင်ထဲမှာပဲ နေတဲ့သူတွေကို သတိထားဟ” ပိကျိ က ပြောလိုက်တယ်။ ခဏနေတော့ ရဲစုံထောက်စာကလေး ဟာ ချီပီချီပီ ဆိုတဲ့ စာကလေးဆီကို ရောက်သွားတယ်။
“နင်ကလေး ဘယ်နှစ်ယောက်လောက် မွေးထားလဲ” ပိကျိ က မေးလိုက်တယ်။
“သုံးဒါဇင် မွေးထားတယ်ဟယ်” စာကလေးမ က ပြန်ပြောတယ်။ ဒါပေမဲ့ ချက်ချင်း ဝမ်းနည်းသွားပုံ ပေါက်သွားပြီး ဆက်ပြောတယ်။ “နှစ်ကောင်ကိုတော့ နူတ်ခမ်းမွေး သတ္တဝါကောင်က ဆွဲသွားတယ်။ ၆ ကောင်ကတော့ ထွက်သွားတာ ပြန်မလာတော့ဘူး”
“ညနေပိုင်း ထွက်သွားတာလား”
“အေး ဟုတ်တယ်”
“ကြယ်ကလေးတွေနဲ့ စကားသွားပြောမယ်ဆိုပြီး ထွက်သွားတာလား”
“ဟုတ်တယ်။ ဒါနဲ့ နင်က ဘယ်လိုသိတာလဲ”
ပိကျိက ပြန်မဖြေပါဘူး။ အမိုးအောက်ကို ပြန်သွားလိုက်ပြီး သူ့ အဖော်တွေကို သွားပြောတယ်။
“စာကလေး အပေါင်းတို့ရေ။ ကြယ်ကလေးတွေနဲ့ စကားသွားပြောမယ်ဆိုပြီး ထွက်သွားရာကနေ ပြန်မလာတော့တဲ့ စာကလေးတွေရှိနေတယ်။ တို့များရဲ့ ခေါင်မိုးထက်မှာ မင်းတို့ အကူအညီနဲ့ ဖော်ထုတ်ရမယ့် လျို့ဝှက်ဆန်းကြယ် အရာတစ်ခုရှိတယ်”
သူ့ စကားလုံးတွေ ရပ်တန့်သွားခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထူးခြားဆန်းကြယ် အံ့ဩဖွယ် ပရိသတ် တစ်ဦးက သူ့ရှေ့မှာ ပေါ်လာလို့ပါပဲ။
#ပိကျိ
#သံလွင်မြင့်