aung_myo_hla

aung_myo_hla University of computer studies yangon BcSc

22/01/2024

မင်္ဂလာမနက်ခင်းပါ
------------------
မနေ့ကအကြောင်းကို မညည်းညူပါနဲ့ ၊ ဒီနေ့ကို အကောင်းဆုံးဖြစ်အောင်လုပ်

ပါ ၊ မနက်ဖြန်ကို ပိုကောင်းအောင်လုပ်ပါ

| |

တစ်ခါက အမှတ်တရ များ---------------------------------------ကျွန်တော်တို့နှင့် ပါလာသည့်ထဲက ကောင်လေး ၂ ယောက်က ကျွန်တော်တို့...
16/08/2023

တစ်ခါက အမှတ်တရ များ
---------------------------------------
ကျွန်တော်တို့နှင့် ပါလာသည့်ထဲက ကောင်လေး ၂ ယောက်က ကျွန်တော်တို့၏ ပရိုဂရမ်မာ လီဒါ ကြီးကိုကျော်စွာ ကောင်း မှုဖြင့် ကောင်မလေး ၃ ယောက်ဖြင့် အီစီကလီတွေ ဖြစ်ကုန်ကြသည်။ ဒါကြောင့်လည်း ပရိုဂရမ်မာ လီဒါကြီးဖြစ်နေတာဖြစ်မည် ။ အတွက် အချက်တွေကောင်း သည် မဟုတ်ပါလား။

January 8, 2014 at 10:16 PM

ကျွန်တော် ပင်လယ် နှင့် အကောင်ကြီးကြီးအမြီးတိုတို
--------------------------------------------------------------
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေပိုင်းတွင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် နှစ်သစ်ကူးအကြို အဖြစ် ချောင်းသာ ကမ်းခြေကို အပျော်ခရီးထွက်ခဲ့ကြသည်။ သူငယ်ချင်းတော်တော်များများက လခစား၀န်ထမ်းတွေ ဆိုတော့ အလုပ်ပိတ်ရက် ကို သေချာရွေးချယ်ပြီး သွားဖို့ပြင်ခဲ့ကြခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၁ ရက်နေ့ပြီးလျှင် ဇန်နဝါရီ ၁ ရက်နေ့က ကရင်နှစ်သစ် ကူးနေ့ ဖြစ်နေခြင်းက ခရီးသွားဖို့အတွက် အဆင်ပြေစေခဲ့သည်။ ၃၁ ရက်နေ့က တော့ ရုံးကို နေ့တစ်၀က် တစ်ချို့ကလည်း ခွင့်ယူ လိုက်ကြသည်။ ညနေရောက်တော့ ချိန်းဆိုထားသည့် ဆုံမှတ်နေရာကို အရောက်လာခဲ့ကြသည်။ တစ်နှစ်ပတ်လုံး အလုပ်တွေနှင့် နပန်းလုံးနေရသော ကျွန်တော့်အဖို့ ဒီခရီးစဉ်ကို အလွန် သွားချင်နေခဲ့မိသည်။ ခရီးစရိတ် အချို့ကတော့ သူငယ် ချင်းတွေ ကောင်း မှုဖြင့် ကျွန်တော်အတွက် သက်သာ စေခဲ့သည်။ ဒီအတွက် လည်း ကျေးဇူး အထူး တင်မိပါသည်။

စေတနာများဖြင့် ချက်ပြုတ်တတ်သူ (Cooking Master)
-------------------------------------------------------------
ဒီခရီးစဉ်သွားကြမည်ဆိုတော့ လိုအပ်တာတွေကို အားလုံးစီစဉ်ကြသည်။ ကျွန်တော်တို့ မိတ်ဆွေကြီး ကိုသိန်းဟန်က ရခိုင်လူမျိုး ဟင်းချက် ကလည်း တော့်တော့်ကို ကောင်းသည် ။ သူက မသွားခင် ထမင်း ၊ ဟင်း တို့ကို ကြိုတင်ချက်ပြုတ် စီမံထားသည်။ ၀က်သားဟင်း ၊ ကြက်သားကျော် ၊ ထမင်း ၊ရုံးပတီသီးချက် တို့ဖြင့် ဖွယ်ဖွယ်ရာရာ စီမံထားသည်။ အချို့ကြိုရောက်နှင့် သည့် အပေါင်း အသင်းများက လည်း ပါ၀င်ကူညီ အားဖြည့်ပေးကြသည်။ ရင်းနှီးသည့် မိတ်ဆွေကြီးများ ကလည်း ရော့ မင်းတို့အတွက် ဆိုကာ ဝီကစီတွေက လည်းပါသေး သည်။ ဒီလိုနှင့် ကျွန်တော်တို့ခရီးစဉ်လေးသည် စိုစိုပြေပြေလေးဖြစ်သွားခဲ့သည်။

ခရီးစဉ်အစ
------------------
ညနေ ၆ နာရီခွဲမှာ ကျွန်တော်တို့ ရန်ကုန်ကနေ စထွက်ခဲ့ကြသည်။ ကားက Light Truck အမျိုးအစား ကားလေးဖြစ်သည်။ ကားကိစ္စ အစီအစဉ်ကတော့ ကျွန်တော့် ဘော်ဒါကြီး ကျော်စွာသန့်။ သူက ပရိုဂရမ်မာ လီဒါ (Programmer Leader) ကြီးဖြစ် သည်။ အထုတ်အပိုးတွေ တင်ပြီးတော့ စတင်ထွက်ခွာခဲ့ကြပြီဖြစ်သည်။ ဘုရင့်နောင်တံတားအသစ်ကြီးပေါ်ကနေ ဖြတ်ရသည်။ ကျွန်တော့်စိတ်ထင် ဒီတံတားကြီးပေါ်ကနေဆိုရင်တော့ အရင်လို ကားပိတ်တာတွေ တော်တော် သက်သာမှာပဲ ဟု တွေးနေမိသည်။ မှားသွားသည် ကျွန်တော့် အတွေးတွေ ချက်ခြင်းမှားယွင်းသွားကြောင်း ကျွန်တော်တို့ရှေ့က ယာဉ်တန်းရှည်ကြီးက သက်သေပြနေ သည်။ ဟုတ်ပေ သည် ကားတွေသည် ခရုတွေအလား တရွေရွေ့ဖြင့် ဘုရင့်နောင် ခုံးတံတားကြီးပေါ် တက်နေကြသည်။ မယုံလျှင် ပုံပြင်သာ မှတ်ပေတော့ဟု ဆိုရတော့မလိုပင် တံတားပေါ်တွင် အချိန် နာရီ၀က် ကျော်ကျော် ကြာသွား ခဲ့သည်။ ကျွန်တော်တို့ အစီအစဉ် က ချောင်းသာကို ညဘက် ၁၀ နာရီ ၁၁း၃၀ လောက် အရောက်ခရီးနှင်ကြမည် ဟိုရောက်လျှင် နယူးရီးယား နှင့် ကွက်တိ အော် ကြမည် ။ ဒီလို စီစဉ်ကြခြင်း။ အခုတော့မီမယ်မမီ မယ်မသိ ကားတွေကတော စပိတ်နေပြီဖြစ်သည်။

ကျွန်တော်တို့နှင့် ကျန်ခဲ့လေသော သူတစ်ယောက်
------------------------------------------------------------
သူငယ်ချင်းတစ်ယောက်က ဒီခရီးစဉ် မစခင်က လိုက်ဖို့ဟန်ပြင်ပြီးသားပြောပြီးသား ဆိုပြီးသား သွားကာနီးကြမှ ကိုယ်တော် က မလိုက်ဖြစ်တော့ဟု ဆိုလေသည်။ အကြောင်းကတော့ အလုပ်တွေအရမ်းများနေသဖြင့်ဟု ပြောလေသည်။ ဒီလိုဆိုတော့လည်း မတတ်နိုင်တော့ ကျွန်တော် ကတော့ ခေါ်သေးသည်။ သူကလည်း တကယ်ကိုမအား လို့ပါဟု သေသေချာချာကြီး ကို ပြောလေသည်။ ခရီးမသွားခင်တစ်ရက်က သူ့ဆီဖုန်း ဆက်တော့ သူက ကိစ္စတစ်ခုကိုပြောပြသည်။

“ချောင်းသာ သွားတဲ့လမ်းမှာ ညဘက်ဆို တောဆင်ရိုင်းတွေ ထွက်ထွက်လာတယ်တဲ့ကွ ငါ့ကို ငါ့ဦးလေးကပြောတယ် တစ်ချို့ သူငယ်ချင်းတွေက လည်းပြောတယ် ၊ အဲဒါ မင်းလည်းသေချာအောင်စုံစမ်းကြည့်ဦးကွ ၊ ငါတော့ ဆင်တွေ ဆိုတော့ နည်းနည်း စိုးရိမ်တယ်” ဟု သတိပေးစကား ဆိုသည်။

ကျွန်တော်လည်း သေချာအောင် ဟိုမေးဒီစမ်းလုပ်လိုက်တော့ သတင်းက အတည်ကြီးဖြစ်နေသည်။ ဒါပေမယ့် ဒီလိုဖြစ်ဖူးတာ ကြာတော့ ကြာပြီဟုဆိုကြသည်။
"အာ.. ခင်ဗျားသွားသာသွား ဘာမှ မဖြစ်ဖူး ကျွန်တော်လည်းသွားဖူးတယ် မတွေ့ဖူးပါဘူး" ဟု ကျွန်တော့်ရုံးက အယ်ဒီတာ ကိုသန့်ကျော်ဇင်က အားပါးတရ ပြောသည်။
အခုကျွန်တော့် သူငယ်ချင်း က ဒီခရီးကို မလိုက်ဖြစ်တော့ ကျွန်တော့်က သူ့ကို...
“သူရသန်းရေ .. မင်း ဆင်ကြောက်လို့ မလိုက်တာ မဟုတ်လားကွ ” ဟူ၍ စသည်။ တစ်ချို့သူငယ်ချင်းတွေကလည်း ဒါကိုသိတော့ "အလကား ပါကွာ ဒီလောက်ကားတွေသွားနေတာ ဆင်က ဘယ်ကလာရှိရမှာတုန်း " ဟု အငေါ်တူးသူ လည်း တူးကြသည်။

မည်သို့ပင် ဆိုစေကာမူ ကျွန်တော်တို့ကတော့ ခရီးစဉ်ကိုစတင်ခဲ့လေပြီ။
လမ်းတွင် ကိုလာနှင့်ဝီ အရောအနှောလေး က အားလုံးကို မြူးတူးသွားအောင်လုပ်ချေပြန်သည်။ ဒီလိုနှင့် ထမင်းစားနားကြ။ ကိုသိန်းဟန်ကြီး ချက်လာသော ဟင်းတွေက အရသာတွေအလွန်ကောင်း ဆာဆာနှင့် ကြိတ်လိုက်ကြသည်။ သူကမေး သည် " ကောင်းရဲ့လား ကွ မင်းတို့ကောင်တွေ အားလုံးက ကောင်းတယ်ဗျို့ဆိုတော့ သူက ရီဝေ၀ နှင့် အဲဒါ စေတနာတွေပါ လို့ကောင်းတာကွ " ဟု ဆိုလေသည်။ ဒီလိုတွေကလည်း ပျော်စရာ တစ်မျိုးကောင်းနေပြန်သည်။ ထမင်းစားသောက်ပြီး ပြန် ထွက်တော့ အချိန်က ည ၉ နာရီ လောက်ဖြစ်နေပြီဖြစ်သည်။

အထင်နှင့် အမြင်လွဲ
----------------------------
တကယ်တော့ ချောင်းသာကို နယူးရီးယား အမီအရောက်သွားဖို့ ။ ကားဆရာကြီးသည် ချောင်းသာကို ယခုမှ မောင်းဖူးသည် ဟုဆိုသည်။ ထို့ကြောင့် အတိုချုံသော် ကျွန်တော်တို့ နယူးရီးယားကို မမီ ကားပေါ်တွင် နယူးရီးယားလုပ်ကာ အော် လိုက်ကြသည်။ တစ်ချို့ကလည်း ချောင်းသာမှာ မအော်ရလို့ မကျေမနပ် မချိတင်ကဲ။ ဘာပဲ ပြောပြော ချောင်းသာကို တော့ မနက် ၂နာရီ လောက်တွင် ရောက်ခဲ့လေသည်။

ဘယ်လိုအိပ်ကြမလဲ
-----------------------------
ကားကို ချောင်းသာဟိုတယ်တွေ အရှေ့မျက်နှာစာလမ်းမပေါ်တွင် ရပ်ထားပြီး ဟိုဟိုဒီဒီစုံစမ်းကြသည် ခနနေတော့ ဆိုင်ကယ်နှင့် သူတွေရောက် လာပြီး အကိုတို့အ ခန်းယူမလား တစ်ညကို ၃၀၀၀၀ ကျပ် ဟုပြောသည်။ ကျွန်တော်တို့ထဲက ကျော်စွာသန့် နှင့် ၀င်းထက် တို့ ဆိုင်ကယ်နောက်က ထိုင်လိုက်သွားပြီး အခန်းသွားကြည့်ကြသည်။ ခနနေပြန်လာတော့ အခန်းက သိပ်အဆင်မပြေ ဟု ဆိုသည်။ ဒါဖြင့်ဘယ်လို အိပ်ကြမည်နည်း ။ ရာသီချိန်ဆိုတော့ ရှိသမျှ ဟိုတယ်တွေ အခန်းတွေက က ပြည့်နေသည်။ လာကတည်းကလည်း ဒီလိုတွေဖြစ်မယ်မှန်းတော့ သိခဲ့ကြသည်။ သို့သော် ယောကျာ်းလေး တွေချည်း ၁၄ ယောက်လောက်စု သွားသည့် ခရီးလေးတစ်ခုဆိုတော့ ဒီကိုရောက်ရန်ကိုသာ အဓိက ထားခဲ့ကြ သည်။ ရောက်ကာမှ မီးစင်ကြည့်က ကြမည်ဆိုသော အတွေးဖြင့်။ အခုတော့လည်း မီးစင်ကို မနည်းကြည့် နေကြရ သည်။ ခနနေပြန်တော့ ဆိုင်ကယ်နှင့်သူတွေ ထပ်ရောက်လာပြန်သည်။ ဒီတစ်ခါကျတော့ တစ်မျိုး ….

မာဆတ်တဲ့
----------------
အကိုတို့ မာဆတ်ရှိတယ် လိုရင်ပြောနော် ဟု တိုးတိုး တိုးတိုး ဖြင့် လာလုပ်သည်။ ကျွန်တော့်ဘော်ဒါက ကျွန်တော့်ကို မင်းအ သာနေနော် ဆိုသည့် သဘောဖြင့် မျက်စိမှိတ်ပြပြီး သူမေးချင်တာတွေ စွတ်မေးတော့သည်။ ဟိုလူတွေက လည်း မေးသမျှဖြေလေ ၏။ စျေးက ဘယ်လို ဘယ်ဟာက ဖြင့်ဘယ်လောက် ဘာညာလား အကို အင်း ဘာညာလည်း ရှိတယ်။ အကုန်စုံ ကုန်သည်။

အော် ဒီနေရာတွေတောင် ဒီလိုတွေရှိလာနေပြီကိုးဟု တွေးမိသည်။ လွန်ခဲ့သော ၁၀ နှစ်လောက်က တစ်ခါရောက် ဖူးသေးသည်။ အရင်ကတော့ ဒါတွေ မကြားဖူး မသိတာလည်း ဖြစ်နိုင်သည်။ အခုတော့ အရာရာ သည်ပြောင်း လဲနေသည်။ ခနနေတော့ သူတို့ပြန်ထွက်သွားကြသည်။ သူငယ်ချင်းက ဒီကောင်တွေ ဒီလိုတွေ လျှောက်မေးလိုက်မှ ဝေးဝေးသွားမှာ ဟုပြောသည်။ အော် ရန်ကုန်တင် မာဆတ်ရှိသည် မဟုတ် ချောင်းသာတွင် လည်း မာဆတ်ဆိုတာက နေရာ ယူနေပြန်ပါပကော။ တော်ကြာနေတော့ ခုနက အခန်းလာပြောတဲ့သူ ဆိုင်ကယ်ဖြင့် ပြန်ရောက်လာပြီး နောက် တစ်ခန်းပြမည်ဆိုကာ ပြန်လာခေါ်ပြန်သည်။ အချိန်ကတော့ ၃ နာရီ ထိုးကာနီးနေပြီဖြစ်သည်။ ကားပေါ်မှာအိပ်ရန်လည်း စဉ်းစာနေကြပြီ။ အခုလာပြန်ခေါ်တော့ ကိုသိန်းဟန် လိုက်သွားပြီး အခြေအနေအကဲ ခတ်လိုက်သည်။ ၂ သောင်းခွဲ နှင့် စျေးတည့်သွားသည်။ ဒီလိုနှင့် ကျောတစ်နေရာစာရခဲ့ပြီဖြစ်သည်။ ကျွန်တော့်တို့က ၁၄ ယောက် အခန်းက အနည်းငယ်ကျဉ်းနေသည် ၁၀ ပတ်လည်လောက်ဖြစ်မည်။ ရေချိုးခန်းနှင့် အိမ်သာကိုတွဲ ထားသည့် ပျဉ်ထောင်ကာ တည်းခိုရန်နေရာဖြစ်သည်။ ရေတွေက မကောင်း အိမ်သာကတော့ သန့်သလိုလိုရှိသည်။ ဘာပဲပြောပြောရသည့်နေရာ တွင် ရသလိုနေရ တော့မည်ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်း ကိုဆုဝေ(ကုမဏီ လုပ်ငန်းပိုင်ရှင်) သည် ပင်ပန်းနွမ်း နယ်နေဟန်ရှိပြီး အနားယူချင် နေပုံဖြစ်နေသည်။ အချို့သောသူများကတော့ ခေါင်းအုံး နှင့်စောင်တွေ ရကတည်းက အလျိုလျို ၀င်နေရာယူ အိပ်လိုက်ကြတော့သည်။ ဆိုတော့ ကိုဆုဝေနှင့် ကိုကျော်စွာသန့် အပါအ၀င် အချို့သော ဘော်ဒါ များက ကားပေါ်တွင် ဒီတစ်ည (၂၀၁၄ ဇန်နဝါရီ ၁ ရက်နေ့ မနက်တစ်ပိုင်း) ကို မြန်မြန်ကုန်ဆုံးလိုက်ကြလေ သည်။

Good Morning ချောင်းသာ
-----------------------------------------
မနက်လင်းတော့ကမ်းခြေဘက်ကို စောစောထွက်သွားသူက ကိုဆုဝေ။ ကျွန်တော်သူ့ကိုလိုက်ရှာတော့ သူက ဘော်ဒါလေး ယောက်နှင့် ကမ်းခြေ ဘက်ကို ထွက်သွားသည်။
ကမ်းခြေသည် မရောက်တာကြာပြီဖြစ်သည့် ကျွန်တော့်စိတ်တွေ ကို ချက်ခြင်း လန်းဆန်းစေတော့သည်။ ပင်လယ်လေတို့ဖြင့် လတ်ဆတ်နေသော ကမ်းခြေ… မရောက်တာကြာပြီဖြစ်သည့် ကမ်းခြေ … ကျွန်တော် အခုရောက်နေပြီ။ အားလုံးစုံကြတော့ ဓာတ်ပုံတွေရိုက် ရေတွေကူး အားလုံးပျော်မဆုံးကြ။ အစားအသောက် အတွက်ကတော့ ကိုသိန်းဟန်ချက်လာသော ကြက်သားကြော် နှင့် ၀က်သားဟင်းလောက်ပဲ ကျန်တော့သည်။ ကားဆရာကြီး က လာပြောသည့် စားသောက်ဆိုင် တစ်ဆိုင်က သူနှင့် ချိတ်ကာ ညနေစာအတွက် ဟင်းတွေ မှာလိုက်ကြ သည်။ ပင်လယ်ကိုရောက်တော့လည်း ပင်လယ်စာတွေပဲ မှာလိုက်ကြတော့သည်။
မထင်မှတ်ပဲတွေ့သည့်သူတို့ ဇနီးမောင်နှံ
---------------------------------------------------------
ချောင်းသာတွင် ကျွန်တော်နှင့် ခင်မင်ရင်းနှီး သိကျွမ်းသည့် မိတ်ဆွေ ဇနီးမောင်နှံရောက်နေကြောင်းကို သူတို့ ဖုန်းဆက် သဖြင့် သိလိုက်ရသည်။ သူတို့ခေါ်သဖြင့် မနက်ပိုင်းက သဲဖြူကျွန်း ဘက်ကို မော်တော်ဘုတ်ဖြင့် ကူးခဲ့သည်။ စျေးက တော့ တစ်ယောက် ၆၀၀၀ ကျပ်။ သူတို့က Hotel Max တွင်တည်းကြသည် ကျွန်တော်တို့နှင့် ရှေ့ဆင့်နောက်ဆင့်။ ဒါကလည်း လောကကြီးက တိုက်ဆိုင်မှုတွေ ရှိတတ်တယ်ဆိုတာ ပြောနေပြန်သလိုလို။

ပင်လယ်ကို ဖြတ်၍
-------------------------------
ပင်လယ်ပြင်ကြီးကို မော်တော်ဘုတ် ဖြင့် ဖြတ်ကာ ဟိုတစ်ဘက်က လှမ်းမြင်နေရသည့် သဲဖြူကျွန်းဆီကိုသွားကြတော့ မည်ဖြစ်သည်။ ပင်လယ်ကို ဖြတ်ကာ Speed Boat စီးရသည့် အရသာက စိတ်လှုပ်ရှားစရာ အလွန်ကောင်းသည်။

သဘာ၀တရားကြီးသည် ဆန်းကျယ်လှသည်။

သဲဖြူကျွန်းဆိုသည့် အတိုင်း သဲသောင်ဖြူဖြူတွေက နေရာအနှံ့ ထိုနေရာတွင် ပယ်လယ်ရေတွေက ကြည်လင်အေးမြနေ သည်။ ရေအောက်ကြမ်းပြင်ကို မြင်တွေ့နေရသည်။ ဂဏာန်းကောင်တွေ အငှားခန္ဒာမြောင်သည့် ၀င်ကစွပ် ကောင်တွေ ပင်လယ် ခရုခွံတွေ ကျောက်တန်းကျောက်ဆောင်တွေ နှင့် ကြည်ညိုစရာ ဘုရားစေတီကလည်းရှိသေးသည်။ ဒီကိုရောက်တော့ အလိုလို သူ့ကိုသတိရသည်။ အော်… သူသာပါရင်သိပ်ကောင်းမှာပဲ ဟု.. အတွေးရေ ယာဉ်ကြောမှာ စီးမြောမိသည်။
လွမ်းစရာ ကောင်းပေစွ။သဲဖြူကျွန်းတွင် နေ့လည်ပိုင်းအချိန်ထိ နေခဲ့ပြီး အပြန်အတွက် Speed Boat ကိုဖုန်းဆက်ခေါ် ရသည်။
“အခုလွှတ်လိုက်ပါ့မယ် နောက် ၅ မိနစ်လောက်ဆိုရောက်လာပါလိမ့်မယ်” ဟု တစ်ဘက်ကမ်းက ပြန်ပြောသည်။ တကယ်ပဲ လှမ်းမြင်နေရသည်။ ငါးမိနစ်သာသာတွင် တကယ်ရောက်လာသည်။ ကျွန်တော့်မိတ်ဆွေကြီး speed boat မောင်းသူ ကို မေးခွန်းထုတ် နေတာကြားရသည်။
“ညီလေး မင်းဒါမောင်းက တစ်လ ဘယ်လောက်ရလဲ..”
“အကိုရာ ကျွန်တော်တို့ က အခုလိုရာသီချိန်လောက်ပဲ မောင်းရတာပါ။ ကျန်တဲ့အချိန်တော့ ပုံမှန်ပါပဲ..တစ်လကို ရှစ်သောင်း ကိုယ့်ဘာကိုစားလေ… ” ဟု လက်ထဲက ဘီယာဘူးကို တစ်ကြိုက်မော့ရင်းဖြေသည်။
“အော် ဟုတ်လား အေးကွာ ကိုယ်တို့ကို သေချာမောင်းပေးနော် ဖြည်းဖြည်းပဲလုပ် ကိုယ့်မိန်းမ က ကြောက် တတ်တယ်ကွ ရော့ မင်းဖို့”
ကျွန်တော့်မိတ်ဆွေကြီးက ပြောပြောဆိုဆို သူ့လက်ထဲကို ငွေနှစ်ထောင်ထည့်ပေးလိုက်တော့ ကိုယ်တော်က ပျော် သွားပြီး မော်တော် ဘုတ် ကို အရှိန်တင်လိုက်တော့သည်။ ပင်လယ်ထဲတွင် ရုပ်ရှင်တွေ ဗွီဒီယိုတွေထဲကလို speed boat ကို ဘယ်ဝိုက် ညာဝိုက်တွေ မောင်းတော့သည်။ သူပျော်ပုံက ကိုယ်တွေ က လန့်နေရသည်။ ကိုယ်တော်က သူ့ကိုယ်သူ ဂျိန်းစ်ဘွန်းလို့များ မှတ်နေလားတော့မသိ။ ပြီးတော့ သူက ဘီယာလေး ကလည်း စုပ်ထား သေးသည် မဟုတ်ပါလား။ တစ်ဘက်ကမ်းကိုလည်း မြင်နေရပြီဖြစ်လို့ ဘာမှတော့ မပြောဖြစ်တော့ အသက်ကယ်အကျီတွေလည်း အားလုံးက ၀တ်ထားကြသည်ပဲ။ ဒီလိုစိတ်ကတင်းကာ နှင့် ဘယ်လိုပဲဖြစ်ဖြစ် တစ်ဘက်ကမ်းကိုတော့ အေးချမ်း စွာပြန်ရောက် ခဲ့ပြီဖြစ်သည်။ သူတို့က နေ့လည်စာ စားသွားဖို့ ပြောသည်။ ကျွန်တော်က မစားဖြစ်တော့ ကျွန်တော့် သူငယ်ချင်းတွေပါလို့ မစားဖြစ်တော့ ပါဟု ပြောပြီးပြန်ထွက်ခဲ့သည်။ သူတို့ကိုလည်း အမှတ်တရ ကျေးဇူးတင်ရပါသည်။ သူတို့ကြောင့် ကျွန်တော် သဲဖြူကျွန်းဘက် ကို ရောက်ဖူးခဲ့ခြင်းဖြစ်ပြီး ပင်လယ်ပြင်ကို Speed Boat ဖြင့် ပထမဦးဆုံးအကြိမ် ဖြတ်ဖူးခဲ့ခြင်းဖြစ် သည်။စိတ်လှုပ်ရှားစရာကောင်း လှပါသည်။

အတွဲလေးတွေ ကိုယ်စီကိုယ်စီ ချိတ်
-----------------------------------------------------
ကျွန်တော်တို့နှင့် ပါလာသည့်ထဲက ကောင်လေး ၂ ယောက်က ကျွန်တော်တို့၏ ပရိုဂရမ်မာ လီဒါ ကြီးကိုကျော်စွာ ကောင်း မှုဖြင့် ကောင်မလေး ၃ ယောက်ဖြင့် အီစီကလီတွေ ဖြစ်ကုန်ကြသည်။ ဒါကြောင့်လည်း ပရိုဂရမ်မာ လီဒါကြီးဖြစ်နေတာဖြစ်မည် ။ အတွက် အချက်တွေကောင်း သည် မဟုတ်ပါလား။ သူတို့တွေ အတွဲလေးတွေကိုယ်စီဖြစ်ကာ ကျောက်မောင်နှမ ဘက်သွားကြပြန် သည်။ ကျွန်တော်တို့ကတော့ ကမ်းခြေက စားသောက်ဆိုင်လေးမှာ ကိုဆုဝေ ၊ ကိုကျော်စွာ တို့ နှင့်တူတူ ထိုင်နေခဲ့ကြသည်။ သူများတွေ ဆိုင်ကယ်စီး တာမြင်တော့ ဆိုင်ကယ်စီးချင်သည့် ပိုးက ပြန်ထလာသည်။ ဒီလိုနှင့် ငှားစီးဖြစ်သည်။ လွတ်လပ်ပေါ့ပါးမှု အရသာကို အပြည့်အ၀ ခံစားရသည်။ ကျွန်တော် ဒီလို မပျော်ဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီဖြစ်သည်။ နောက်တစ်ကြိမ်တော့ ကျွန်တော်လည်း ကျွန်တော် ချစ်ရသူနှင့် အတူလာ နိုင်အောင်ကြိုးစား ရဦးမည်။
ခွဲခွာချိန်ညနေ
-----------------------
ပင်လယ်ပြင် နှင့် ညနေဆည်းဆာသည် လွန်စွာ ပနာရလှသည်။ လိမ္မော်ရောင် နေလုံးကြီးသည် တဖြည်းဖြည်းနှင့် ပင်လယ်ကြီးထဲ ၀င်သွားသည်။ ညနေသည် လှပစွာ ကုန်ဆုံးတော့မည်။ ဒီမြင်ကွင်းတွေကို အမိအရ မှတ်တမ်း တင်ကြသူတွေ က ကျွန်တော် နှင့် ကိုဆုဝေ။ ကိုဆုဝေကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကိုတွေးနေဟန်…။

ကျွန်တော် က ဘာများဖြစ်နေလို့လဲ ဟု စကားစတော့ သူက ဖြည်းဖြည်းချင်းစဉ်းစားပြီးမှ သူ့ဘ၀ တစ်စိတ်တစ်ဒေသကို ကျွန်တော့်ကို ပြောပြသည်။

သြစတြေးလျမှာ အလုပ်လုပ်တုန်းက ကျွန်တော့် က ကျွန်းမှာ နေရတယ်လေ အိမ်ရှေ့ကနေကြည့်ရင် ဒီလိုပင် လယ်ပြင်ကြီး ပဲ ညနေဆို ဒီလိုနေ၀င်ချိန် ကျွန်တော် တစ်ယောက်တည်း ကြာတော့ တစ်ယောက်တည်း အထီးကျန်သ လိုတွေဖြစ် လာတယ် ဒါနဲ့ မြန်မာပြည်ပြန်လာခဲ့တာပဲ ဒီမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်တာပဲ ကောင်းပါတယ်။ ဒါကြောင့် အခုဒီချောင်းသာ ညနေခင်းကိုကြည့်ပြီး အရင်နေ့တွေ ပြန်သတိရသလိုဖြစ်နေလို့ ပါ။ ကျွန်တော်လည်း သူ့ခံစားချက် ကိုနားလည်မိသည်။ ကျွန်တော်တို့တွေ အကြောင်းကြောင်းကြောင့် အမိမြန်မာပြည်နှင့်ခွဲခွာကာ ရေမြေခြားတွင် သွားရောက် လုပ်ကိုင်နေရပေမယ့် စိတ်တွေကတော့ မိမိတို့တိုင်းပြည်ဆီကိုသာ။ အော် ကျွန်တော်တို့ မြန်မာပြည်ကြီး ဒီထက်မက တိုးတက်ပါစေတော့။
တစ်ခုမဟုတ် တစ်ခုဖြစ်ပြန်ပေါ့
--------------------------------------------===
ကဲ ကဲ အားလုံး လူစုံပြီလား လူစုံရင် ထမင်းစားဖို့ပြင်ကြမယ်။ ကိုကျော်စွာ က ဆော်သြလိုက်သည်။
ညနေပိုင်း ပင်လယ်လေ တဖြူးဖြူးနှင့် ဝီစကီလေး ၀င်ထားတော့ ကိုကျော်စွာ အာသွက်နေသည်။ ခနနေတော့ ကားဆရာကြီးရောက် လာပြီး ညီလေးတို့ အခန်းပြန်အပ်ရမယ်လေ ဟိုမှာလာပြောနေပြီ။ ကိုကျော်စွာက ကျွန်တော့်ကို လက်ကုတ်ပြီး သယ်ရင်း မင်းလိုက်သွားလိုက်ပါကွာ ဒီမှာ ငါနည်းနည်းကောင်းနေလို့။ ဟု ဆိုတော့ ကျွန်တော် လိုက်သွားပြီး ဘော်ဒါအချို့နှင့် ကားပေါ်တက် အထုပ်အပိုးတွေ နေရာချ။အားလုံးခပ်မြန်မြန်လုပ်လိုက်ကြသည်။
ကိုသိန်းဟန်က ကဲကဲ ကိုယ့်ပစ္စည်းတွေစုံပြီလား သေချာကြည့်ကြနော် အကုန်ယူခဲ့ မမေ့စေနဲ့။ သူလည်းရခိုင်သံဝဲ၀ဲ နှင့် အာတွေသွက်နေသည်။

အကို ကျွန်တော့်ဖုန်းမတွေ့တော့ဘူး…. ဟင် ဒီအပေါက်၀နားက တန်းလေးမှာ ကျွန်တော်အားသွင်းပြီး တင်ထားတာ အကိုတွေ့မိလားဟင်…။ ဒီလိုမေးလာသူက ကျွန်တော်တို့ထဲက စိုးသူ ဆိုသည့်ကောင်လေး။ အဲဒီမှာ အကုန်ထူပူကာ ဟိုလှန်ဒီလှော နှင့် ရှာကြဖွေကြ။ ဟန်းဆက် ကဆိုနီ အဲရစ်ဆင် …
အင်း သေချာပြီငါ့ကောင်ရေ မင်းခုနက အိပ်နေတုန်းမှာ အပေါက်၀ ကနေ နှိုက်သွားတာပဲဖြစ်ရမယ်။ မင်းတို့ အပေါက်မပိတ်ကြ ဘူးလေ… ဒီလိုဆိုတော့လည်း ဘာမှ မတတ်နိုင်တော့ ရှာကြည့်တော့လည်း မတွေ့။
ဒါနှင့် ကိုသိန်းဟန် လည်း တည်းခိုဆောင်က တာ၀န်ရှိသူကိုခေါ်ပြီး ဖုန်းကိစ္စပြောပြထား လိုက်သည်။ ပြန်တွေ့လျှင် ဆက်သွယ်ရန်။ ဒါပေမယ့်လည်း ပြန်ရတော့မည် မထင်။ ဒီလိုအချိန်မှာ ဒါမျိုးတွေကို လိုက်ချောင်းနေသည့် တောကောင်လို ကောင်တွေက ခပ်များများ ကိုယ်က သတိရှိနိုင်မှ တော်ကာကြမည်ဖြစ်သည်။ တည်းခိုဆောင် စတည်းတော့ စိတ်မချလို့ဆိုကာ ကိုသိန်းဟန်တို့ သော့ခလောက်သွား၀ယ်ကြသေးသည်။ ဒီလိုတွေ သေချာပြင်ဆင်ပြီးကာမှ တံခါးမပိတ်ဘဲ အိပ်မိသဖြင့် ကိုယ့်ကိုယ့်သာ အပြစ်တင်ရုံရှိတော့သည်။ ဘယ်သူမပြု မိမိမှု မဟုတ်တုံလော။ ခနနေ ထမင်းစား ဝိုင်း ကို ပြန်လာတော့ အားလုံးက ငြိမ်နေကြသည်။ အားလုံးက စိတ်မကောင်းကြ။ အချိန်ကလည်း အတန်ငယ်လင့်လာပြီမို့ စားစရာရှိတာ စားပြီး ခရီးဆက်ကြရတော့မည်။ ညစာကိုတော့ ပင်လယ်စာ ဟင်းတွေဖြစ်သည့် ပြည်ကြီးငါး ၊ ဂုံးသုပ်တို့နှင့် ပြီးဆုံးလိုက်ကြသည်။

နှုတ်ဆက်ခဲ့ပြီ ချောင်းသာ
---------------------------------------
ကျွန်တော်တို့ ည ၇ နာရီ လောက်တွင် ချောင်းသာ ကို နှုတ်ဆက်ခဲ့ထွက်ခွာခဲ့ကြသည်။ ကားပေါ်တွင်လည်း ဖုန်းကိစ္စက ဆက်ပြောဖြစ်ကြပြန်သည်။ ကောင်လေးအတွက် နယူးရီးယားကပေးသော အမှတ်တရ လက်ဆောင်ဖြစ်သွားသည်။ ဒီတော့ ရန်ကုန်ပြန်ရောက်ရောက်ခြင်း လုပ်ရမှာက ဖုန်းလိုင်းပိတ် ကဒ်ပျောက်လျှောက် ဟန်းဆက်အသစ်၀ယ်။ ဒါပဲရှိတော့သည်။
ညသည် တိတ်ဆိတ်နေသည် …. ပင်လယ်ဘက်မှလာသည့်လေများနှင့် ကားလေး၏ အရှိန်ကြောင့်လေအေးတွေ တိုးဝှေ့၀င်လာသည်။ ကားပေါ်မှာ ကိုကျော်စွာက ရယ်စရာတွေ ပြောကာ အားလုံးကိုပျော်ရွှင်စေသည်။ ဖုန်းပျောက်သည့် သူတောင် စိတ်ညစ်တာတွေ ပျောက်သွားအောင် ဆရာသမားက ရယ်စရာတွေစွတ်ပြောသည်။ ဓာတ်ပုံတွေကို ဘယ်လိုရိုက်တာ ဘယ်ဟာကဖြင့် ဘယ်လို အို စုံလို့ အားလုံးက ရီဝေဝေ ညနေချမ်းကို ဖြတ်သန်းနေကြသည်။

အောင်မလေးဗျ
----------------------
ဒီလိုနှင့် ဥတိုချောင်းတံတားအကျော် တောင်ပေါ်တက်လမ်း အကွေ့တစ်နေရာတွင် ရုတ်တရက် ဟိုင်းလတ် ကားတစ်စီးက အရှိန်ပြင်းပြင်းနှင့် မျက်နှာချင်းဆိုင်မှ ဖြတ်မောင်းကာကျော်တက်၍
ဗျိုးးး ရှေ့မှာ….###x

အားလုံးက ရုတ်တရက်ဆိုတော့ ဘာမှန်းမသိ အသံကိုတော့ ကြားလိုက်ရသည်။
ရှေ့မှာ ရှေ့မှာ လို့ကြားလိုက်တယ် ရှေ့မှာက ဘာတုန်း။ အင်း သူတစ်ခုခုကြောင့် အော်သွားတာနေမှာပါ ဟု ကျွန်တော်နှင့် မျက်နှာချင်းဆိုင်က သူငယ်ချင်းတို့ ပြောဖြစ်လိုက်ကြသည်။တစ်ချို့ကလည်း ကြားသည်။ တစ်ချို့ကလည်း မကြား အိပ်တဲ့သူက အိပ်နေသည်။ ခနနေတော့ ကားက ရုတ်တရက် ရပ်သွားသည်။ ဘာဖြစ်လို့ဘာလိမ့် ကျွန်တော်နှင့် ဆု၀ က ကားခေါင်းနောက်နား က ထိုင်တော့ ရှေ့မှန်က ကားမီးရောင်ဖြင့် မြင်ကွင်းကိုလှမ်းကြည့်လိုက်သည်။
လားလား…. ကျွန်တော့မျက်လုံးတွေများ မှားသွားသလား မမှားပါ လုံး၀မမှားပါ…
ကားမီးရောင်အောက်တွင် အထင်းသားမြင်နေရသည့် မြင်ကွင်းက….

“ဟာ… ဆင်ကြီး ဆင်ကြီး ဟေ့ တိုးတိုး တိုးတိုးနေ ဆင်ကြီးကွ”
ကျွန်တော် စိုးရိမ်တကြီးပြောလိုက်မိသည်။ အားလုံးငြိမ်သွားကာ ကျွန်တော်တို့နားကို ကပ်ကာကြည့်ကြသည်။

ဟုတ်သည် ဆင်ကြီး တောဆင်ရိုင်းကြီးဖြစ်သည်။ တစ်ကောင်တည်း မျက်စေ့လည်ကာ ကားလမ်း အလယ်ပေါ် ရောက်နေ သည်။ ပြောရလျှင် ဆင်ကြီးက ကားလမ်းအလယ်တွင် ကန့်လန့်။ ကားပေါ်ကလူတွေ အကုန်လုံး ဆင်တွေ့ သဖြင့် ခနတော့ ငြိမ်သွားကြပြီ။
ကျွန်တော်တို့ထဲမှ ညီငယ် ရဲထွဋ် နှင့် ကိုကျော်စွာတို့ ကားနောက်ခြေနင်းခုံပေါ်ကနေ တက်ကြည့်ကြ သည်။

ဆင်ကြီး က ဘယ်သွားရမှန်းမသိသေး။ ကားဆရာက မီးကို ခန ထွန်းထားသေးသည်။ ထိုအချိန်တွင် တစ်ဖက်တောင်ကြော ဘက်က လေအိတ် ကားကြီးတစ်စီး ဆင်းလာသည်။ သူတို့ကား လည်း ရှေ့က ကိုယ်တော်ကြီးကို မြင်လိုက်သဖြင့် ကားမီးကြီးတွေကို မှိတ်လိုက်ကြသည်။ ဒီတော့ ဟိုဘက်မီး ဒီဘက်ကားမီးတွေ မှိတ်ကုန်ပြီး မှောင်မှောင်ကြီး ဖြစ်နေတော့သည်။
ဖုန်းတွေထုတ်ပြီး ဓာတ်ပုံရိုက်မည် ပြင်ကြသေးသည်။ ဒါပေမယ့်မရ အလွန်မှောင်နေသည်။
ရဲထွဋ်က ကားနောက်မြီးကနေပြီးအော်နေပြန်သည်..
“ဟုတ်တယ် ဟုတ်တယ် ဆင်ကြီး အစွယ်ကြီးနဲ့ အစွယ်ကြီးနဲ့”
“ဟာ ဟေ့ အစွယ်မပါပါဘူးကွ” ကိုဆုဝေကပြောသည်။ ခမြာ ဆင်ကြီးမြင်ပြီး ဘာတွေအော်နေသည်မသိတော့။
ဒီအချိန်တွင် ကျွန်တော်တို့ကားဆရာကြီး က ကားမီးကိုတစ်ချက် ထွန်းလိုက်သည်။ ရှေ့ကိုနည်းနည်းချင်းစမ်းတိုးကြည့်သည်။ ကျွန်တော်တို့ဘာလုပ်ရမည်နည်း ဆင်ကြီးက လမ်းအလယ် ခေါင်တွင် ရှိနေသေးသည်။ ကိုသိန်းဟန်က ကားရှေ့ကိုနည်းနည်း တိုးသွားတာတွေ့တော့ အလန့်တကြား အော်သည်။
“ဟာ ဟေ့ ဟေ့ ရှေ့မတိုးနဲ့ ရှေ့မတိုးနဲ့ နော် နောက်ပြန်ဆုတ် နောက်ပြန်ဆုတ် ….
အား ဟေ့ ရှေ့တိုး လို့ မရဘူး မီးမထွန်းနဲ့လေ ဟာ ….နောက်ဘက်ကလူတွေကလည်း ရှေ့ကိုနည်းနည်းချင်းတိုး နည်းနည်းချင်းတိုး ” ဟု အော်သည်။
ကျွန်တော်တို့အဖွဲ့ သည် ပထမဆင်ကြီးကိုတွေ့တော့ လန့်ပြီး ငြိမ်သွားပြီး နောက်တွင် အကုန်ကားထဲတွင် ဆူညံပွက်ကုန် သည်။ ခုနေ နောက်က ဆင်တစ်ကောင် ဘွားကနဲ ထပ်ပေါ်လာလျှင် မည်သို့လုပ်ကြမည်နည်း။

ကျွန်တော်လည်း မစဉ်းစား တတ်တော့ ကြောက်ကြောက်နှင့် ဘုရားစာ တွေလှိမ့်ရွတ်နေမိသည်။ ဒုက္ခတွေ့မှ ဘုရားတမိခြင်း ကောင်းလေစွ။
နေရင်းထိုင်ရင်း ရန်ကုန်တွင် ကျန်ခဲ့သည့် သူငယ်ချင်း သူရသန်း မျက်နှာကြီးပေါ်လာသည်။
ကဲ… အခုတော့ ဘယ်နှယ့်ရှိစ… မင်းတို့ကိုငါပြောသားပဲ ဟု ပြောနေ သယောင်ယောင် ။
ကားရှေ့ခန်းမှ ကားဆရာကြီးနှင့် မောင်၀င်းထက်တို့ မည်သို့ရှိသည်မသိ နောက်ခန်းထဲတွင်တော့ ကမ္ဘာပျက်နေသ လိုပင် ။ ရှေ့က လေ အိတ်ကားကြီးကလည်း မီးမှိတ်ပြီးသာရပ်နေတော့သည်။ ထိုအချိန်တွင် ဓာတ်မီးရောင်တ၀င်း၀င်းနှင့် လူနှစ်ယောက် ကို လှမ်းမြင်လိုက်သည်။ ကျွန်တော့်တို့ကားနှင့် ခပ်လှမ်းလှမ်းတွင် ဖြစ်သည်။

တော်ပါသေးရဲ့
-----------------------
ခနနေတော့ ကိုယ်တော်ချောကြီးက ကားလမ်းဘေးက လျိုကြီးထဲ ဆင်းသွားတော့သည်။
တော်ပါသေး ရဲ့ ဆင်ကြီး စိတ်ကူးကောင်းပေလို့ နို့မဟုတ်ရင် ဘာလုပ်လို့ဘာကိုင်ရမှန်းကို မသိတော့။ ထိုအခါကြမှာ ကားကိုစရွေ့လို့ရသည်။ အရေးထဲ ရှေ့က လေအိပ်ကားက ယာဉ်နောက်လိုက်က
“အကို အဲကောင်ကြီး ဘယ်ဘက်ဆင်းသွားတာလဲ” ဟု လာမေးနေသေးသည်။
“ခင်ဗျားတို့ရှေ့ကပဲ ဖြတ်ဆင်းသွားတာလေ ဟိုဘက်ကို မမြင်ဘူးလား” ဟု ဘောက်ဆတ်ဆတ်ပြောပြစ်လိုက်ကြသည်။ ဟုတ်ပ တကတည်း သူတို့ကားကြီးကဖြင့် အကြီးကြီး ကိုယ်တွေက ကားက သေးသေးလေး ဟိုက ဘော်ဒီဖိန့် တစ်ချက် လုပ်လိုက် ရင် ဘေးက လျိုထဲ ကြသွားနိုင်သည့် အနေအထား ။ ခုနက ဓာတ်မီးတ၀င်း၀င်းနှင့် လူနှစ်ယောက်လည်း ကျွန်တော်တို့ကားနား ရောက်လာကာ ဆင်ကြီး ဘယ်ဘက်ဆင်းသွားလဲ လာမေးပြန်သည်။ သူတို့အပြောအရ ဒီအနီးအနားက ရွာသားတွေဖြစ်သည်။ စိုက်ခင်းတွေ ဘက်သွားလျှင် ခြောက်ထုတ်ရမည် ဟု ပြောသွားတာကြား လိုက်ရသည်။ ကျွန်တော်တို့လည်း ထိုအခါမှ ဟင်းချ နိုင်တော့သည်။

ပြောမယုံကြုံမှသိ
-------------------------
ကိုကျော်စွာက ပြောသည်။
“သူရသန်းပြောတုန်းက ငါကမယုံဘူး အခုမှ လက်တွေ့ ဘယ် ဒီကားလမ်းတွေပေါ် ဆင်ဘယ်လိုရှိမလဲ ပဲထင်ခဲ့တာလေ အခုလို အကောင်လိုက်ကြီး မြင်မှပဲယုံတော့တယ်”
ဟုတ်သည် ကျွန်တော်လည်း အစက သိပ်တော့မယုံ အရင်ကလည်းရောက်ခဲ့ဖူးသည် ဒီလိုအဖြစ်မျိုးကို ကြားလည်းမကြားဖူး ကြုံလည်း မကြုံဖူး အခုမှ နဖူးတွေ့ ဒူးတွေ့ ကြုံရလေသည်။ စဉ်းစားနေမိသည်။ ဒီဆင်တွေ သည် ဘယ်က ဘယ်လို မျက်စေ့လည် လမ်းမှားလားသနည်း အနီးအပါးတွင်လည်းရွာ အချို့ရှိသည်။ သစ်တောကြိုးဝိုင်းတွေ ဘက်ကများ ထွက်လာသလား … တကယ်တန်း စဉ်းစားကြည့် လျှင် အန္တာရယ် မဖြစ်လို့သာ မဖြစ်ခဲ့ခြင်း မဟုတ်တုံလော။ ဆင်ရိုင်းတွေ ဒီလိုသာ ဖြစ်နေလျှင် ခရီးသွားပြည်သူများ တစ်ခုမဟုတ်တစ်ခု အန္တာရယ်ကြုံနိုင်သည်ကို သတိထား ရမည်ဖြစ်သည်။
ကျွန်တော်တို့ကားလေးသည်လည်း ဆင်အန္တာရယ်မှ လွတ်လေသော် လေကိုခွင်းသည့် မြားတစ်စင်းအလား တရိပ်ရိပ်မောင်းလေတော့ သည်။ ဒါတောင် ပတ်၀န်းကျင်ကို အမြဲ သတိထားကြည့်နေရသည်။ နောက် ထပ်ဖြစ်မှာကို စိတ်ကပူနေသည်။ အားလုံးကလည်း ဆင်ကြီးအကြောင်းပြောမဆုံးတော့။ ဒီလိုနှင့် ပုသိမ်မြို့ကို နံနက် ၁ နာရီခွဲ(ညဘက်) တွင် ရောက်သည်။ ၀င်းထက်က ပုသိမ်တွင် အလုပ်လုပ်သဖြင့် သူ့ကို ပုသိမ်တွင် ၀င်ပို့ပေးခြင်းဖြစ်သည်။

ရင်ခုန် အဖွင့် ၂၀၁၄
-----------------------------
၂၀၁၄ ခုနှစ်အစသည် ကျွန်တော်တို့အတွက် အမှတ်တရအကြီးကြီးဖြစ်ခဲ့ပြီဖြစ်သည်။ ကိုကျော်စွာကပြောသည်။
“ဆင်ကြီးတွေ့တာ အားလုံးဘာမှမဖြစ်ဘူး တို့တွေ ၁၄ ယောက်လုံးကံကောင်းတယ်လို့ယူရမယ်” ဟုဆိုသည်။
ကျွန်တော် လည်း စဉ်းစားနေ မိ သည်။ တစ်ခါတစ်ရံတွင် ဆန်းကြယ်လှသောနိမိတ်များ ကံကြမ္မာများကိုတွေးနေမိသည်။ ကျွန်တော်တို့ ရန်ကုန်က စမထွက်ခင်က ဆင်တွေကားလမ်းပေါ်ဖြတ်သွားတတ်ကြောင်း သူငယ်ချင်းက သတိပေး စကားဆိုခဲ့ သည်။ ဟော သူလည်း ကျွန်တော်တို့နှင့် မလိုက်ဖြစ်။ အပြန် သူပြောတဲ့ ဆင်ကိစ္စနှင့် တည့်တည့် ကိုတိုးသည်။
အံသြ ကုန်နိုင်ဖွယ် ပင်။
ကျွန်တော်လည်း ပြန်ရောက်တော့ ကျွန်တော့်မိတ်ဆွေ နက္ခတ်ဗေဒများကိုလေ့လာသူ တဲရော့ ပညာရှင် တစ်ယောက်ဖြစ်သည့် ကိုစကြာကိုမေးကြည့်တော့ ဒါမျိုးက လာဘ်ကြီးကြီး၀င်တတ်တယ်ဗျ ဟု ပြောသည်။ မည်သို့ပင် ဆိုစေ ကျွန်တော်တို့ သည် ဘေးအန္တာရယ်မှ အားလုံး လွတ်မြောက်ခဲ့ သည်။ ကျော်လွှားနိုင်ခဲ့သည်။ ပြောရလျှင် ကိုယ်တွေ ဘာမှ မလုပ်လိုက်ရဘဲနှင့် (ဘာလုပ်ရမှန်းလည်းမသိ) သူ့အလိုလို ဆင်ကြီးက လျိုထဲဆင်းသွားသည်။ ဒီလိုပဲ မိမိတို့ဘ၀တွင် အခက်အခဲများသည်လည်း ကံကောင်းစွာနှင့် အောင်မြင်ကျော်လွှားနိုင်ကြပါစေဟု အားလုံးကိုယ်စား ဆုတောင်း မိပါသည်။ ဒီလိုနှင့် ည ၂ နာရီတွင် ရန်ကုန်ကိုပြန်၀င်လေပြီ။ ၂၀၁၄ သည် ကျွန်တော်တို့ ကို စိတ်လှုပ်ရှားစရာ တွေ ပျော်စရာတွေ နှင့် အစပြုလိုက်လေသည်။
သူငယ်ချင်း မိတ်ဆွေများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

၃၁-၁၂-၂၀၁၃ နှင့် ၁-၁-၂၀၁၄ (ချောင်းသာ တစ်ညအိပ်နေ့ချင်းပြန် ခရီး) အမှတ်တရရေးဖွဲ့သည်။

မှတ်ချက် - ကျွန်တော်နှင့် ရင်းနှီးသူများကို အမည်ရင်းများအတိုင်း သုံးထားပါသည်။ ဒီအတွက်လည်း တစ်စုံတရာစိတ်အနှောက့်ယှက်ဖြစ်ခဲ့လျှင်ခွင့်လွှတ်ပါ မိတ်ဆွေ သူငယ်ချင်းများခင်ဗျာ။
အားလုံးကိုကျေးဇူးတင်ပါသည်
လူဇော်

ဘဝမှာ အမှတ်တရ တွေထဲက တစ်ခု------------------------------------ဆရာ ကာတွန်းအောင်အောင် နဲ့ကျနော်ဆုံခဲ့တုန်းက ဆရာ့ရဲ့နာမည်ကျ...
16/08/2023

ဘဝမှာ အမှတ်တရ တွေထဲက တစ်ခု
------------------------------------
ဆရာ ကာတွန်းအောင်အောင် နဲ့ကျနော်ဆုံခဲ့တုန်းက ဆရာ့ရဲ့နာမည်ကျော်ဇာတ်ကောင် ရွှေဂေါင်းပြောင် ပုံတူကို လက်ဆောင်ဆွဲပေးတဲ့အပြင် အဲဒီချိန်က
သကြ်န်ကာလ ဆိုတော့ ရေကစားနေကြတဲ့မောင်မယ် ပုံလေးပါထပ်ဆွဲပေးလိုက်ပါသေးတယ်
ဆရာဟာတကယ်ခင်ဖို့ကောင်းပါတယ် ကျနော်နဲ့ဆုံပုံက တခုသောသကြန်မှာ ကျနော်ပဇင်းဝတ်ပါတယ် တောင်မြောက်လမ်းဆုံက မြို့ဦးစေတီမှာပါ အဲဒီမှာဆရာနဲ့ စတင်ဆုံဖြစ်တာပါ ဆရာလည်း တရားစခန်းဝင်ရင်း ဦးဇင်းဘဝနဲ့ ဆုံကြတာပါ
အခုပုံလေးတွေက ဆရာဘုန်းကြီးဘဝနဲ့ကျနော့်
လည်းဦဇင်းဝတ်ကြီးနဲ့ ဆုံကြတုန်းဆွဲပေးခဲ့တာပါ
ဆရာရဲ့ရွှေဂေါင်းပြောင် ကာတွန်း ဇာတ်လမ်းကို ဗီဒီယိုရိုက်ဖြစ်ပုံ နောက်ပိုင်းကားကြီးအထိ ရုပ်ရှင်အထိ ရိုက်ပြီး အင်းတဝက်လောက်လားပြီးကာနီးလားတော့သိပ်မမှတ်မိတော့ပါ အဲလိုချိန်မှာ ကြုံရတဲ့အခက်ခဲတွေ ရပ်လိုက်ရတာတွေ အဆင်မပြေတာတွေ ကို ဆရာ့ဆီကကြားရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့်ဆရာကအဲဒီချိန်မှာလောကဓံရဲ့အထုထောင်းကိုအတော် နှောကြေနေပုံပါပဲ အရာအားလုံးအေးဆေးပုံစံနဲ့ပဲ ပြောဆိုသွားခဲ့တာပါ။
အဲဒါဆရာနဲ့ကျနော်ဆုံခဲ့တာ အပြီးပါပဲ အခုဆရာလည်း ဘယ်မှာမှန်းကျနော်မသိတော့ပါ
ဓမမိတ်ဆွေတွေ ဆုံကြခင်ကြနဲ့
အဲတုန်းကလိပ်စာတွေပေးကြမှတ်ကြသေးတယ် ကျနော့်ပေါ့ဆမှုကြောင့် မှတ်စုစာအုပ်ပျောက်သွားရာက လိပ်စာတွေရှာမရတော့ပါဘူး

ဆရာကျန်းမာပါစေဆုတောင်းပါတယ်

2021 , September - 8

ပထမဆုံး ရေးသားခဲ့သည့် ‌ဆောင်းပါးတစ်ပုဒ် အခုချိန်နှင့်ဆိုလျှင် အချိန် အားဖြင့် ကာလအားဖြင့် (၁၂)  နှစ်တာ ရှိခဲ့ပြီဖြစ်သည်။...
11/08/2023

ပထမဆုံး ရေးသားခဲ့သည့် ‌ဆောင်းပါးတစ်ပုဒ် အခုချိန်နှင့်ဆိုလျှင် အချိန် အားဖြင့် ကာလအားဖြင့် (၁၂) နှစ်တာ ရှိခဲ့ပြီဖြစ်သည်။
-------------------------------------

တစ်ခါဆီက သင်္ကြန်
-------------------------------------
သင်္ကြန်… ဟုတ်သည် သင်္ကြန်ကာလ သို့ရောက်ပေဦးမည် တစ်ခါ။ … ဒီအချိ်ဒီကာလလေးကိုရောက်တိုင်း တစ်ချိန်က သင်္ကြန်ကာလများကို ပြန်လွမ်းဆွတ်တမ်းတ လာမိသည်။

ကျွန်တော် နယ်မြို့လေး တစ်မြို့တွင် နေထိုင်ခဲ့ဖူးစဉ်က ဖြစ်သည်။ မှတ်မိနေသေးသည် ကျွန်တော်တို့ နေထိုင်ရာ အစိုးရရုံးဝန်း ထဲမှ ပိတောက်ပင်ကြီး ကိုမျက်ဝန်းထဲတွင် ပြန်မြင် ယောင်လာမိသည်။ မေလအကုန် ဧပြီလ အဝင်သို့ ရောက်လျှင် သင်္ကြန် လက်ဆေးမိုးက တဖြိုက်ဖြိုက် နှင့် ရွာလေသည်။

မြေသင်းနံ့ သင်းသင်း ပျံ့ပျံ့ကို ရှူရှိုက်ရ သည်မှာ အရသာ တစ်မျိုးပင်ဖြစ်သည်။ သင်္ကြန် လက်ဆေးမိုးနှင့် အတူ ပိတောက်တို့ လည်း ဖူးပွင့်ဖို့ရာ ဟန်ပြင်ကြ တော့သည်။ မကြာမီ ပန်းပိတောက်တွေ ပွင့်တော့မည် ဖြစ်သည်။ လူကြီးတွေ လည်းပျော် ၊လူငယ်တွေ လည်းပျော် ၊ကလေးတွေလည်း ပျော် ၊အရွယ်စုံ ပျော်ကြတော့ မည်ဖြစ်သည်။ သင်္ကြန်သည် မြန်မာတို့၏ ချစ်စရာ ကောင်းသော ဓလေ့နှင့် မြန်မာ နှစ်သစ်ကူး ပွဲတော်ကြီး တစ်ခုလည်း ဖြစ်သည်။

သင်္ကြန် တေးသီချင်း သံများကိုလည်း နေရာ အနှံကြား နေကြရပြီဖြစ်သည်။

“တူစုံမောင်မယ်ပျော်သည် သင်္ကြန်ခါတော်ချိန်မှီ ၊ ရေကစားကြဖို့ထွက်လာပြီ ၊ စိုပါစေဘာမထီ ပက်နိုင်ပါတယ် ခင်မဒီ ရေ ရေ.. ရေတွေစိုကုန်ပြီ”….

ကဗျာဆန်တဲ့ အညာသင်္ကြန်
-------------------------------------
နယ်က သင်္ကြန်ဆိုတော့ ရန်ကုန်က သင်္ကြန်နှင့်တော့ ပုံစံမတူ။ နယ်မှာက စက်ဘီး တစ်စီးလောက်ရှိလျှင် အလုပ် ဖြစ်သည်။ စက်ဘီးနှင့် မြို့ကိုသူငယ်ချင်းတွေ စုပြီးပတ်ကြည့်ကြသည်။ ကလေးတွေက ဆိုက်ကား တစ်စီးနှင့် အပြည့်ဖြစ်သည်။ ရေစည်လှည်းသည် (နွားနှင့်ဆွဲသည့်) ကလည်း ရေမရောင်းနိုင်တော့ သူ့လှည်း ပေါ်မှာ တက်လိုက်တဲ့ ကလေးတွေက ရေတွေယူပက် သူကလည်း ပက်နှင့် အညာသင်္ကြန်သည် ကဗျာဆန် နေသေး တော့သည်။ အညာသူညိုချော တွေကို အသင့် ယူဆောင် လာသည့် ရေသန့်ဘူးနှင့် လိုက် လောင်းကြ သည်။ ရေကုန်လျှင် လမ်းက မဏ္ဍပ် တစ်နေရာမှာ ရေဝင်ဖြည့် လိုက်ကြ၊ ပျော်လိုက်ကြနှင့် မောရ ကောင်းမှန်း ပင် မသိကြတော့။

ချစ်သူတို့ အတွက် ပိတောက်
-------------------------------------
တစ်ချို့လည်း သင်္ကြန်မှာ ဇာတ်လမ်းဖြစ်သွား ကြတာတွေရှိသည်။ လူငယ်တို့ ရင်ခုန်ကြသည့် သင်္ကြန်လည်း ဖြစ်သည်။ ကောင်လေးက ပိတောက် တစ်ခက်ခူးပြီး ကောင်မလေးကို ပေးလိုက်သည်။ ကောင်မလေးက ရှက်ပြုံးလေး နှင့် မူယာပိုနေသည်။ ချစ်ရေး ဆိုရာ တွင်လည်း ပိတောက်က ပါလိုက်ပြန်သေးသည်။ ပိတောက် သည် သင်္ကြန် ကာလတွင်တော့ နေရာတိုင်းမှာ စိုးမိုး နိုင်လွန်း လှသည်။ သူမပါလျှင်မပြီး။ ပိတောက် သည် အတန်း အစား မရွေး အသုံး ပြုနိုင်သည်။ သူမှာ ဟန်မရှိ သဘာဝကပေးသော အလှရနံ့တို့ နှင့်ပင် တင့်တယ် နေသည်။ ပိတောက်နှင့် သင်္ကြန်သည် ခွဲလို့မရ ၊ ပိတောက် မပွင့်သော သင်္ကြန်သည် လည်း ဟာတာ တာနှင့် ဖြစ်နေမှာ အသေအချာ ပင်ဖြစ်သည်။

အလှပြယာဉ် နှင့် မဏ္ဍပ်တွေ
-------------------------------------
မဏ္ဍပ်ဆိုလို့ သိပ်အကြီးကြီး မဟုတ် ရေကစားကြသည့် အိမ်ရှေ့ ပတ်ဝန်း ကျင်တွင် အုန်းလက်များ နှင့် ပြုလုပ်ထား သည်။ ရေစည်ကြီးတွေ ချပေးထားသည်။ အဲဒီလို မဏ္ဍပ် လေးများ ကျွန်တော်တို့ နယ်မြို့လေးမှာ အများ အပြား ဖြစ်သည်။ ဌာနဆိုင်ရာ မဏ္ဍပ်များကတော့ ရှိသင့် သလောက် ရှိကြသည်။ မဏ္ဍပ်များက နေ့လည် စတုဒီသာကျွေး၊ မုန့်လုံးရေပေါ်တွေ လုပ်ကြ သီချင်းတွေဆိုကြ နှင့် ပျော်စရာ တစ်မျိုး ကောင်း နေသည်။

မဏ္ဍပ်ကြီးကြီး ဆိုလို့ မြို့လည်က ဗဟိုမဏ္ဍပ်ကြီး တစ်ခုရှိသည်။ သူကတော့ အကြီးဆုံး လည်းဖြစ်သလို ဌာနဆိုင်ရာ မဏ္ဍပ်များ ၏ အကအလှ ပြိုင်ပွဲ ကျင်းပရာ နေရာလည်း ဖြစ်နေသည်။

သံချပ်တွေက မြိုင်မြိုင် ၊ အကတွေက လှလှ နှုတ်ဆက်တော့မယ့်ည

ဘယ်အဖွဲ့က အကောင်းဆုံး ဆုရမလဲ ဆိုတာကလည်း စိတ်ဝင်စရာ ကောင်းနေသလို သံချပ်ပြိုင်ပွဲ များကလည်း ခေတ်တစ်ခေတ် ၏ သရုပ် သဏ္ဍန် ကို ထင်ဟပ်စေသည်။ သင်္ကြန် အတက်နေ့ နောက်ဆုံးနေ့မှာ ဆုပေးပွဲကို ကျင်းပပြုလုပ်သည်။ မြနန္ဒာ သီချင်း နှင့် ပွဲကို လှလှပပ အဆုံးသတ်သည်။ အနိုင်ရသည့် အဖွဲ့ကို ငွေသားနှင့် ဆုဖလား ချီးမြှင့်သည်။ သပြေခက် နှင့် ရေဖြန်း ဆွတ်ကာ ဂုဏ်ပြုကြသည်။

နောက်ဆုံးနေ့ ဆိုတော့ အလှပြယာဉ်များ ကလည်း သူ့ထက်ငါ အပြိုင်အဆိုင် အလှခြင်း ပြိုင်နေကြသည်။ မှတ်မိသေးသည် လောင်းလှေကြီး ပုံစံပြုလုပ်ထားသော အလှပြယာဉ်ကြီး၊ ထိပ်ပိုင်းမှာ “လှသူဇာ” ယိမ်းအဖွဲ့က ကပြ ဖျော်ဖြေ သည်။သံချပ်အဖွဲ့က သံချပ်တိုင် ကြသည်။ အလွန်တရာမှ မျက်စိပသာဒ ဖြစ်စရာကောင်းသည်။ ကြည့်ရသူ ရင်ကို အေးမြစေသည်။ သံချပ်များ က စိတ်ကိုတက်ကြွစေသည် ဇာတိမာန် တွေပါသည်။ နောက်ဆုံး နေ့ဆိုတော့ ဥဉ့်နက်သည်အထိ မပြီးနိုင်ကြ ဒီနေ့လေး ကုန်ဆုံးသွားမှာကို တသသ ဖြစ်နေကြသည်။ သင်္ကြန်သည် ကျွန်တော်တို့ကို ဒီညတွင် နှုတ်ဆက် တော့မည် ဖြစ်သည်။ မဏ္ဍပ်မှ တေးသံများက ပျံ့လွင့်လို့ လာနေပြန် သည်။

“နောင်နှစ်ကိုလည်း ဆီးလို့ကြိုကွယ် မောင်ကြီးလာပါမယ်၊ သာယာစေကွယ် သဒ္ဒါတွေပိုတယ် ဆီးကြို လို့နေကွယ် ၊ ပြန်ပါဦးမယ် ပြန်ဦးမယ် နှုတ်ခွန်းဆက်ပါတယ်”

သံဝေဂ
-------------------------------------
နှစ်ဆန်း တစ်ရက်နေ့သည် အများသူငါ ကောင်းမှု ကုသိုလ်ယူကြသော နေ့တစ်နေ့ဖြစ်သည်နှင့် အညီ မြို့ဦး စေတီ တွင်လည်း ရဟန်း ရှင်လူများ နှင့်ပြည့်နှက် နေပြီဖြစ်သည်။ အလှူဒါနတွေပြုကြသည်။ ကုသိုလ်ပြုကြသည်။

ကျွန်တော် ပိတောက်ပင်ကြီးကို ပြန်ကြည့် မိလိုက်သည် ကုန်ခဲ့သည့် နေ့တွေကမှ အပွင့်ဖူးတွေ ဝေေ၀ဆာဆာနှင့် တင့်တယ်ခဲ့သော ပိတောက် ပင်ကြီးသည် အခုတော့ မညီမညာ တွေဖြစ်နေ သည်။ ရွက်ကြွေတွေ အပွင့်တွေ မြေမှာ ပြန့်ကျဲနေသည်။ ရင်ထဲမှာ အမျိုးအမည် မသိ ပြင်းရှရှ ဝေဒနာ ခပ်စူးစူး လေးခံစား လိုက်ရသည်။ ကျွန်တော်တို့ ပိတောက်ကို အသုံးချခဲ့ကြသည်။ ပိတောက်သည် အားလုံး ပျော်ကြရာ တွင် တစ်ခန်း တစ်ကဏ္ဍ ပါဝင် အသုံးတော်ခံ သွား သည်။ တစ်ခါတစ်ရံ သဘာဝကို သဘာ၀ အတိုင်းထား လိုက်ခြင်း သည် အကောင်းဆုံး ဖြစ်မည်ဟု စဉ်းစားနေမိသည်။ အခု သင်္ကြန်ကျပြန်ပေ ဦးတော့မည်။ ပိတောက်တို့ တစ်ကျော့ပြန် ပွင့်ဖူးကြပေဦးမည်။ ခူးတဲ့ သူတွေ လည်း ခူးကြ ပန်ကြဦးမှာ ဖြစ်သည်။ ပိတောက် ကလည်း သူ့တာဝန်သူ ကျေဦးမည်သာ ကျွန်တော်တို့ လူသား တွေကော ကိုယ့်တာဝန် ကိုယ် ကျေကြပြီလား၊ မပြီးပြတ် သေးသည့် ဘဝတာဝန် တွေကို ထမ်းကြရဦးမည်။ ဘာပဲပြောပြော သင်္ကြန်က တော့ ရောက်ပေ တော့ မည်။

တစ်ခါက နယ်သင်္ကြန် အမှတ်တရရေးဖွဲ့သည်။

--------------------------------
၅-၄-၂၀၁၂ ည၁၂ နာရီတွင်ရေး၍ ၆-၄-၂၀၁၂ နံနက် ၂ နာရီတွင်ပြီးသည်။
--------------------------------

My son with Rakhine Traditional dress
10/02/2023

My son with Rakhine Traditional dress

People Daily သတင်းစာတိုက် မှာ ဖြစ်ပါိယ် ၂၀၁၉ ခုနှစ်ကပါ။ နောက် က tv screen ကြီးက တကယ့် live user traffic တွေကိုပြပေးနေတာဖ...
15/05/2022

People Daily သတင်းစာတိုက် မှာ ဖြစ်ပါိယ် ၂၀၁၉ ခုနှစ်ကပါ။

နောက် က tv screen ကြီးက တကယ့် live user traffic တွေကိုပြပေးနေတာဖြစ်ပါတယ်။

တရုတ်ပြည် က ဝီချက် တခုတည်းနဲ့တင် user သန်းနဲ့ချီရှိနေပါတယ် Digital payment system တွေလည်းအကုန်အဆင်ပြေတယ်ဆိုတာသိရပါတယ်

ကျနော်တို့ မှီပါ့ဦးမလား

တခါကည များ-----------ငယ်ဘဝက မီးပျက်ရင် လရောင်အောက်မှာ ဆော့ကစားခဲ့ကြတယ် တချို့ကပုရစ်တွေဖမ်းကြ တစ်ချို့က ဝိုင်းကြီးပတ်ပတ်ဒ...
29/04/2022

တခါကည များ
-----------

ငယ်ဘဝက မီးပျက်ရင် လရောင်အောက်မှာ ဆော့ကစားခဲ့ကြတယ်

တချို့ကပုရစ်တွေဖမ်းကြ

တစ်ချို့က ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ

တချို့ကြတော့ အရူးမကြီးမစာဥ

တချို့ကျတော့ တုပ်စည်းတိုး ကစားကြတယ် အမျိုးစုံပေါ့ ငယ်ငယ်ကမီးပျက်တာ ဆိုတာ လည်းဘာကြောင့်ပျက်မှန်း မသိ မီးလာရင်ဟေး ဆိုအော်ကြတာ ပဲ ပျော်တာကိုး

အခုခေတ် ကလေးတွေကတော့ ညောင်ပင်တစေ ဝေလေလေ လည်း သိရဲ့လားမပြောတတ် အရူးမကြီးမစာဥ ဆိုရင် ဘာလား ဆိုပြီးပြန်ကြည့်လောက်တယ် ပြောရရင်ဒီခေတ်က ခေတ်မီလွန်းလှတယ်
ဆိုရှယ်မီဒီယာတွေ မျိုးစုံ ဘာလိုချင်လည်း ဘာသိချင်လည်းအွန်လိုင်းမှာအကုန်ရှိ စာသင်တာတောင်
အွန်လိုင်းနဲ့ သူတို့မေးရင်ကစားနည်းတော့မသိဘူး Five little ducks swimming one day over the hill and far away mother duck says quack quack quack လို့တော့ဆိုပြတတ်နေကြပြီ နှစ်နှစ်ကျော်သုံးနှစ် သားလေးတွေကလည်း ဒီစမတ်ဖုန်းတွေနဲ့ ရင်းနှီးလာကြပြီ ပြောချင်တာက ခေတ်ရဲ့အရွေ့ ပေါ့

ခက်တာက အခု ခေတ်နဲ့ အရင်ခေတ် တူနေတာ
တစ်ခု ရာသီတွေပြောင်းပေမယ့် မဟောင်းသေးတဲ့
အဟောင်းဇာတ်လမ်းလို့ဆိုရမလားအဲဒါကတော့ လျှပ်စစ်မီး ပါပဲ ။

ငယ်ငယ်ကတော့ မီးပျက်ရင်ဆော့ရတယ် မီးလာရင် ဟေးလို့အော် ပြီးပျော်ကြတယ်

အခုရော မီးပျက်ရင် အောက်ဆင်းဆော့ချင်စိတ်လည်း အသက်အရွယ်အရ မရှိတော့ ၊ မီးပျက်ရင် စိတ်ညစ်တာပဲသိတော့တယ်

ဒါပေမယ့်ထူးခြားတာက မီးလာရင် ဟေး လို့ ရပ်ကွက်ထဲက ကလေးတွေ
ကအော်ကြတာတော့တူနေသေးသလို လူကြီးတွေအချို့လည်း မီးလာရင် ဟေးလို့အော်ကြတာ ကြားရပြန်တယ်။

မီးလာရင် ဝမ်းရေးအတွက်လည်းရှိသေးတော့ချက်ရပြုတ်ရ လျှော်ရဖွတ်ရ နေ့ဒဓူဝ ကိစတွေကလည်းအများသားမဟုတ်လား။

အခုမီးပျက်နေတုန်း ဒီစာလေးရေးလိုက်တယ်

ကျနော်လား မီးလာရင် ဟေး လို့မအော်မိပေမယ့် မီးလာပြီ ဟေ့ လို့တော့ပြောနေဆဲပါ။ အလှမ်းမဝေးတဲ့ဝမ်းရေးကရှိသေးတာကိုး။

လူဇော်

Address


Alerts

Be the first to know and let us send you an email when aung_myo_hla posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share