22/06/2023
ခင်များတို့တော့ မသိဘူးဗျ။ ကျွန်တော်က ငယ်ငယ်ကတည်းက နယ်မှာပဲ နေလာခဲ့တဲ့လူဆိုတော့ မြို့ပြရဲ့လူနေမှုထူထပ်တာကို သေအောင်ကြောက်တာ။ နယ်မှာဆိုရင် ခြံကျယ်ကျယ်ထဲမှာ သီးပင်စားပင်တွေစိုက်၊ နွေဦးမှာတိုက်ခတ်တဲ့ လတ်ဆက်တဲ့လေ၊ ပူအိုက်တဲ့ နွေရာသီမှာ အပူရှောင်စရာ သစ်ရိပ်ဝါးရိပ်၊ မိုးဦးမှာရတဲ့ မြေသင်းနံ့၊ မိုးရွာချိန်တွေမှာ လွတ်လွတ်လပ်လပ် ပြေးလွှားရင်းကစားလို့ရတဲ့အတွေ့အကြုံ၊ ဆောင်းတွင်းမှာ ရိုးပြတ်တွေရှိတဲ့ လယ်ကွင်းတွေကနေ ဖြတ်ပြီးတိုက်ခတ်လာတဲ့ ခပ်သင်းသင်းရနံ့ ၊ အဲ့အရာတွေက လူတွေထူထပ်တဲ့ မြို့ပြမှာ မရနိုင်တဲ့အရာတွေပေါ့။
ဒါပေမယ်လည်းလေ ကျွန်တော်တို့က တဖြည်းဖြည်းပြောင်းလဲလာတဲ့ ခေတ်အခြေနေမှာ နေထိုင်မှုအဆင့်အတန်းတွေလည်း ပြောင်းလဲလာကြတယ်မလား။ အခုဆို ကျွန်တော်လည်း အိပ်မက်တွေ၊ ရုန်းကန်စရာတွေ၊ ဖြစ်ချင်တာတွေများတဲ့ လူငယ်တစ်ယောက်ဖြစ်လာပြီ။ အဲ့တော့ မြို့ပြမှာနေပြီး မြို့ပြရဲ့ လူနေမှုပုံစံကို ခံစားချင်လာတယ်။
နေ့ဘက်မှာအလုပ်လုပ်ပြီး အလုပ်ကပြန်လာချိန်မှာ မုန့်ပတ်စားချင်စားမလား။ ဒါမှမဟုတ် အပြန်လမ်းမှာ Wine ဝင်ဝယ်ပြီး အိမ်မှာပဲ တိတ်ဆိတ်စွာစာဖတ်ရင်း ဖြတ်သန်းမလား။ ဝရန်တာမှာ စားပွဲတစ်လုံး၊ ခုံတစ်လုံး၊ Laptop ချရင်း စာရေးလိုက်၊ ကိုယ်ဝါသနာပါတဲ့ စီးပွားရေးလုပ်လိုက်နဲ့နေရင်း ဖြတ်သန်းသွားနေတဲ့ ကားတွေ၊ လူတွေကို ကြည့်ပြီးပြုံးနေမလား။
ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ Hangout လုပ်ရင်း အတွေ့အကြုံသစ်တွေ၊ ပျော်ရွှင်စရာတွေကို ဖန်တီးမလား။ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ အဖွဲ့အစည်းတွေနဲ့ချိတ်ပြီး ပတ်ဝန်းကျင်ကို တစ်နိုင်တစ်ပိုင်ကာကွယ်မလား။ ကလေးငယ်တွေကို စာသင်ချင်မလား။ မိဘမဲ့ကျောင်းကိုသွားပြီး ကလေးတွေနဲ့ ပျော်ရွှင်စရာ အချိန်တွေဖန်တီးမလား။ အပင်စိုက်ပျိုးတဲ့နေရာတွေကိုသွားပြီး လုပ်အားပေးရင်း သင်ယူရင်း လုပ်မလား။
ဘဝအတွက် တိုးတက်ရာတိုးတက်ကြောင်း သင်တန်းတွေတက်ရင်း၊ လေ့လာရင်း၊ သင်ယူရင်း အချိန်တွေကို ကောင်းကောင်းစီမံခန့်ခွဲရင်း၊ မိသားစုနဲ့ သူငယ်ချင်းတွေကို အချိန်ပေးရင်း၊ ကိုယ်ပိုင်အလုပ်တွေ လုပ်ရင်း ဘဝကိုပိုပိုပြီးနေပျော်စရာဖြစ်အောင် ဖြတ်သန်းချင်လာတယ်။ အရမ်းပင်ပန်းတဲ့ အခါနယ်ပြန်ပြီး ငယ်ဘဝအတွေ့အကြုံတွေကို တစ်ခါပြန်ခံစားရင်းပေါ့။