12/05/2023
လက်နက်ဝယ်ယူရန် ပခုက္ကူ PDF ထံမှ ရယူထားသော ထိုင်းဘတ်ငွေ ၁၇ သိန်းကို ဗိုလ်စလုံး ပြန်ပေးရန် ပြည်သူများ တောင်းဆို
+++++++++++++
မကွေးတိုင်း၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ထံမှ လက်နက်ဝယ်ယူပေးမည်ဟုဆိုကာ ရယူထားသော ထိုင်းဘတ်ငွေ ၁၇ သိန်းကို ဗိုလ်စလုံးပြန်ပေးရန် Thwaythauk Revolution Force နှင့် ရေစကြိုပြည်သူများက တောင်းဆိုလိုက်သည်။
ဘတ် ၁၇ သိန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ ရယူခဲ့ပြီး လက်နက်ဝယ်ယူပေးမည်ဟုဆိုကာ ဗိုလ်စလုံးနှင့် ဇနီးဖြစ်သူအေးနိုင်ဖောတို့က ၁ နှစ်ကျော်ကြာသည်အထိ ဝယ်ယူပေးခြင်းမရှိကြောင်း၊ ငွေလည်း ပြန်ပေးမှုမရှိကြောင်း ရေစကြိုပြည်သူများက ပြောဆိုကြသည်။
ရေစကြိုပြည်သူများက စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများ၊ စစ်ကြောင်းထိုးမှုများ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကြောင့် အလုပ်ပင် ကောင်းကောင်းမလုပ်နိုင်တော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ပြည်သူများက လက်နက်ဝယ်ယူရန် ထိုင်းဘတ်ငွေ ၁၇ သိန်းကို ခက်ခက်ခဲခဲ ရှာဖွေလှူဒါန်းထားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။