09/03/2022
မနေ့က ရွာနားဝန်းကျင် ဖြတ်သွားတဲ့ စစ်ကြောင်းဟာ ရွာမရောက်ခင် ရွာသား တစ်ဦးကို ပစ်သတ်ခဲ့တယ်။ ရွာက အထွက် တစ်ယောက် သတ်တယ်။ ကလေးတွေနဲ့ ထိတွေ့မှု ၂ ကြိမ်ဖြစ်တယ်။ စစ်ရှောင်စခန်းဖွင့်ထားတဲ့ နမ ရွာ ဘုန်းကြီးကျောင်း လက်နက်ကြီးကျတယ်။ ၅ ယောက်လောက် ဒဏ်ရာရတယ်။ တချို့ စိုးရိမ်စရာ။ လမ်းတစ်လျှောက် တွေ့တဲ့ ဝင်တဲ့ တဲ မွှေတယ်။ စားစရာတွေ ယူစားတယ်။ ဖျက်ဆီးစရာ ဖျက်တယ်။ ဒီစစ်ကြောင်း ထွက်လာချိန်ကစ သူ့စမှတ် ပြန်ဝင်သည်အထိ ဆယ်ရက် ဝန်းကျင်ပြည်သူတွေမှာ သောကနဲ့ ဖိစီးမှုအပြည့်။ အိမ်တွေမှာ ဆန်မထားရဲ။ ဆီမထားရဲ။ တဲတွေမှာ ဝမ်းစာ မစုထားရဲ။ တချို့တဲတွေ ကြိုဖျက်ထားကြပြီ။ တချို့ ကြမ်းနဲ့ အကာတွေ ခွါချပြီး မိုးကာနဲ့ ဖြစ်သလိုအိပ်တယ်။ မီးရှို့ခံရရင် ဆိုတဲ့ အတွေး မိသားစုတိုင်းမှာ ရှိတယ်။
အင်တာနက် ပိတ်ထားတယ်။ ဖုန်း mpt မရတာ ကြာ။ ကျန်တာတွေ ၃ ခါလောက်ခေါ်မှ ဝင်ကောင်း ဝင်တယ်။ ၂ မိနစ် ၃ မိနစ်ပြောပြီးတာနဲ့ အသံပျောက်၊ လိုင်းပြတ်ကျတယ်။ လျှပ်စစ်မီးလား။ စကားထဲ ထည့်တောင် မပြောဖြစ်ကြဘူး။
ဖျားနာကြတယ်။ ပြစရာ ဆရာဝန်မရှိ။ မြို့ကိုတက်မယ်ဆို ဖုန်းကအစ အကုန် ဖြဲ အစစ်ခံရတယ်။ ပြဿနာရှာတယ်။ ရစ်မယ်။ ပလက်စတစ်ရေဘူး အကြည်တွေ ဆီထည့်ဝေချင်လို့မှာတာ လိုင်းကားဆရာက မတင်ရဲလို့ ဒီအတိုင်းနေရတယ်။ ဆေးဝါး ဝေး။ ဘေထုပ်တောင် များရင် ပြဿနာရှာတယ်။
နေ့ ည အိပ်ကောင်းခြင်းမအိပ်ရ။ စိတ်သောကရောက်ရ။ အာ့တွေ ငြိမ်းချင်ရင် သူတို့နဲ့ပေါင်းပါတဲ့။ သူတို့လက်အောက် ငြိမ်ပါတဲ့။ ရွာဖျက်မခံချင်ရင် ရွာဖျက်မဲ့ကောင်တွေနဲ့ ပေါင်းဆိုတာမျိုးပေါ့။
အောင်မြင်ရမယ်ပေါ့ဆိုတဲ့စိတ်နဲ့ တောင့်ခံဖြတ်သန်းကြတယ်။ စိတ်ဓာတ်ကျမှာစိုးလို့ ရန်ကုန်မြို့ကြီးရဲ့အခြေအနေကို မမေးဘူး။ တချို့တပည့်တွေ ဘွဲ့ရပ်နားပြီး စလုံးမှာ အိမ်ဖော်လုပ်ဖို့ ဒီနယ်လေးကနေ ထွက်သွားကြပြီ။ ရန်ကုန်မှာ ခဏနားပေါ့။ ကိုယ် မမေးတဲ့ကြားက သူတို့တွေက ပြောဖြစ်အောင်ပြောသေး။
ဆရာတို့ မြို့က ဘာမှ မဆိုင်တော့သလိုပဲတဲ့။