19/01/2021
အဆိပ်သင့်လက်ဖြင့် ပန်းမပျိုးစေလို
(၁)
"ဆရာမ...ဆရာမ
အောင်အောင့်အမေက သူ့သားကိုရိုက်လို့တဲ့၊ ဒေါသထွက်ပြီး ကျောင်းကိုလိုက်လာတယ်”
လက်ကလေးပိုက်ပြီး ပြောနေတဲ့ ဝေလင်းသူရဲ့စကားသံကို ကြားကြားချင်းမှာပဲ ပါးစပ်ထဲထည့်ဖို့
ချိန်ရွယ်နေတဲ့ ထမင်းလုတ်က ပန်းကန်ထဲ ပြန်ကျသွားခဲ့တယ်။ ပန်းကန်ထဲမှာ ကျန်နေသေးတဲ့ ထမင်းဟင်း
တချို့ကို ဝမ်းဗိုက်ထဲ ထပ်ဖြည့်ဖို့ ဆန္ဒမရှိလေတော့။ ဆက်စားချင်စိတ်မရှိတော့လောက်အောင်
ကြားလိုက်ရတဲ့စကားက သူ့ရင်ကို "ဟာ”ခနဲဖြစ်သွားစေတဲ့အထိ။ စားလက်စထမင်းကို ရပ်ပစ်လိုက်မိတယ်။
" ဆရာမ...အောင်အောင့်အမေ ဆရာမကြီး ရုံးခန်းထဲကို ဝင်သွားတာ သမီးတွေ့လိုက်တယ်”
ထပ်လောင်းလို့ လာပြောသူက မေဖြိုးလွင်။ ဆရာမကြီးရုံးခန်းထဲ ရောက်သွားပြီဆိုတော့ ခဏနေ လာခေါ်တော့မှာ သူကြိုသိနေနှင့်ပြီလေ။ မနက်က သူ အောင်အောင့်ကို ရိုက်ပြီးဆုံးမခဲ့မိတယ်။ ရိုက်ခဲ့တာကလည်းပြင်းပြင်းထန်ထန်မဟုတ်ခဲ့။ ၃ရက်လောက်ဆက်တိုက်မှာနေတဲ့ အင်္ဂလိပ်မီးနင်းလေး (၅)လုံးကို တစ်ရက်လာလည်းမကျက်ခဲ့၊တစ်ရက်လာလည်းမကျက်ခဲ့တာနဲ့ မှတ်လောက်သားလောက်လေးရှိပါစေတော့ဆိုတဲ့စိတ်နဲ့ ရိုက်မိခဲ့ခြင်းပါ။ ရိုက်တဲ့နေရာကလည်းတခြားနေရာမဟုတ်။ လက်ဝါးပြင်လေးကိုပါပဲ။ ဒါကို မိဘကိုယ်တိုင်က ကဲကဲလှုပ်ဖြစ်ရတယ်ဆိုတော့။ ဟုတ်ပါတယ်လေ။ စနစ်ကလည်း ကလေးတွေကိုမရိုက်ရဆိုတဲ့ ပညာရေးစနစ်ကြီး
ဖြစ်နေတာကိုး။ ဒီစနစ်ကြီးရှိနေမှတော့ မိဘတွေကဲကဲလှုပ်ဖြစ်ကြတာ ဘယ်ဆန်းတော့မလဲ။ ရိုက်ပြီးဆုံးမခဲ့တာဟာ အမှားကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုရင်တောင်
အဲဒီအမှားဟာ စေတနာအမှားဆိုတာ သူ့ကိုယ်သူအသိဆုံးပဲမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကျေနပ်အောင် တောင်းပန်ဆိုလည်း တောင်းပန်ရတော့မှာပေါ့။
(၂)
" ဆရာမ...
ဆရာမကြီးက ရုံးခန်းထဲ ခဏလာခဲ့ပါဦးတဲ့”
လာခေါ်တော့မယ်ဆိုတာ မျှော်လင့်ထားပြီးသားမို့ ရုံးခန်းရှိရာကို ချက်ချင်းထထွက်လာခဲ့လိုက်တယ်။ ရုံးခန်းထဲဝင်လိုက်တာနဲ့ သူ့ကို အသင့်စောင့်နေသူတွေကတော့ ဆရာမကြီးရယ်၊ အောင်အောင့်အမေ မချောစုရယ်၊ ပြီးတော့ အောင်အောင်ရယ်ပါ။ ဆရာမကြီး မျက်နှာကတော့
ပြောသမျှကို လောလောဆယ် ငြိမ်သာခံနေလိုက်ဆိုတဲ့သဘော။ ထိုင်ခုံပေါ် စထိုင်လိုက်ပြီဆိုတာနဲ့
မချောစုရဲ့ဒေါသက ဆီးကြိုတော့တာပါပဲ။
" ရှင်းရှင်းပြောရရင် ကျွန်မသားလေးကို
လက်ဖျားလေးနဲ့တို့တာတောင်မကြိုက်ဘူး။ ငယ်ငယ်က
သစ်ပင်ပေါ်ပြုတ်ကျထားပြီးကတည်းက အနာဟောင်းပြန်ပေါ်မှာစိုးလို့ ကျွန်မတို့မှာ အဲဒီလက်ကို ဂရုစိုက်နေခဲ့ရတာ။ ခု သားလေးကလက်ပြန်နာတယ်လို့
ပြောတော့မှ ဘာဖြစ်လဲလို့မေးတော့ ဆရာမရိုက်တာပါတဲ့။ အနာဟောင်းပြန်ပေါ်တဲ့အထိတောင်ရိုက်တာ
တော့ မကောင်းပါဘူးဆရာမ”
မချောစုပြောလာခဲ့တဲ့စကားကို သူ စောဒကပြန်မတက်ရဲတော့။ ဒါပေမဲ့ အနာဟောင်းပြန်ပေါ်လာအောင်အထိ
မရည်ရွယ်ခဲ့ဘူးဆိုတဲ့ အကြောင်းကိုတော့ သူမ သိအောင်ပြောပြရမှာပဲလေ။
" ဟုတ်...မချောစု။ အောင်အောင့်မှာ ညာလက်က ဒဏ်ရှိခဲ့တယ်ဆိုတာ ကျွန်မတကယ်မသိခဲ့လို့ပါ။ နောက်ပြီး သူ့လက်ဝါးပြင်လေးကို ၂ချက်ပဲ ဖြည်းဖြည်းရိုက်ခဲ့တာပါ။ အသိတရားနဲ့ဆုံးမတာမရတော့ အကြောက်တရားနဲ့ ဆုံးမလို့များ ရမလားလို့ ပညာပေးခဲ့ရုံသက်သက်ပါပဲ။ ဒဏ်ရာရပါစေတော့ ဆိုတဲ့စိတ်နဲ့ မုန်းပြီးရိုက်ခဲ့တာမဟုတ်ပါဘူး ။ ရိုက်ခဲ့မိတဲ့အတွက် ကျွန်မတောင်းပန်ပါတယ်။ နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူး နော်”
တောင်းပန်စကားတွေပြောထွက်နေရပေမယ့်
ရင်ထဲကမကောင်း။ ငိုချင်စိတ်က တားမရ။ မငိုမိအောင်ထိန်းချုပ်ထားရင်းကနေ ပါးပြင်ပေါ်ကို မျက်ရည်တစ်ပေါက် လိမ့်ဆင်းကျသွားတာကို သူသတိပြုမိလိုက်တယ်။ အောင်အောင့်အတွက် ဆရာမတစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်မိတာတော့အမှန်။ တချို့ကလေးတွေက အသိတရားနဲ့အုပ်ချူပ်လို့ရတယ်။ တချို့ကလေးတွေကျတော့အကြောက်တရားနဲ့မှအုပ်ချူပ်လို့ရတယ်။ ဒီကလေးအကြောင်းကို သူအသိဆုံး။ ဘယ်လောက်ပဲ ပါးစပ်က နားလည်အောင်ပြောပြော ၊ ဂရုမစိုက်တတ်တဲ့ကလေး။ ဘာပဲဖြစ်ဖြစ် မိခင်က မကြိုက်ဘူးဆိုတော့လည်းနောက်တစ်ခါ ရိုက်ပြီးမဆုံးမတော့ဘူးပေါ့။ ဒါပေမဲ့ သူဟာဥယျာဉ်မှူးကောင်းတစ်ယောက်ဖြစ်
အောင်ကြိုးစားနေသူမို့ ဒီကလေးအပေါ်မှာတော့ ဥပေက္ခာပြုပစ်မှာ မဟုတ်ဘူးဆိုတာတော့ အသေအချာပါပဲလေ။
" ဟုတ်ပါပြီ။ ကျွန်မသား စာရသည်ဖြစ်စေ၊မရသည်ဖြစ်စေ ရိုက်ပြီးမဆုံးမပါနဲ့။ နောက်တစ်ခါရိုက်ရင်တော့
ကျွန်မသားကို ဒီလိုရိုက်တဲ့ကျောင်းမှာလည်း ထားမနေတော့ဘူး။ ကျောင်းထုတ်ပစ်မယ်။ စာမတတ်လည်းထမင်းမငတ်ဘူး။ ကျွန်မသားအတွက်
သူ့အဖေ၊အမေတွေရှိနေပါတယ်”
မချောစုရဲ့ပြောစကားကို သူဘာမှ ပြန်မပြောဘဲ
"နောက်မဖြစ်စေရပါဘူး”ဆိုတဲ့ကတိနဲ့ ခေါင်းကိုတွင်တွင်ညိတ်ပေးလိုက်ပါတယ်။ လွဲမှားနေတဲ့သူမအယူအဆကိုလည်းစောဒက ပြန်တက်ဖို့ ဆန္ဒမရှိလေတော့။ ရုံးခန်းထဲက ထွက်သွားတဲ့မချောစုရဲ့ နောက်ကျောပြင်ကို ငေးမောရင်း ငယ်ငယ်ကနားထောင်ဖူးခဲ့တဲ့ "နားရွက်ပြတ်”ပုံပြင်လေးကိုသာ ပြေးသတိရမိပါတော့တယ်။
(၃)
တစ်ခါတုန်းက တက္ကသိုလ်ပြည်မှာ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ ပညာလာသင်ကြတာပေါ့။ အဲဒီအထဲမှာ မုဆိုးမရဲ့သားတစ်ယောက်လည်း ပါခဲ့တယ်။
အဲဒီမုဆိုးမရဲ့သားဟာ ကျောင်းတက်ဖို့လာတိုင်း ဆီသည်မ လှမ်းထားတဲ့နှမ်းတွေကို ယူစားသတဲ့။ ဆီသည်မ တွေ့သွားတော့ ဆရာကြီးကို တိုင်တော့တာပေါ့။
အဲဒီအခါ ဆရာကြီးက မုဆိုးမသားကိုရိုက်ပြီးအပြစ်ပေးခဲ့တာပေါ့။ ဒါကိုမုဆိုးမက ရိုက်ရကောင်းလားဆိုပြီး သူ့သားကို ကျောင်းထုတ်သွားခဲ့တယ်တဲ့။ ဒီလိုနဲ့...နှစ်တွေကြာလေတော့ ပညာမတတ်ခဲ့တဲ့မုဆိုးမသားဟာ အသိညဏ်ဗဟုသုတတွေမရှိတော့ လူဆိုးတွေနဲ့ပေါင်းမိပြီး သူခိုးကြီးဖြစ်သွားတော့တာပေါ့။ မင်းကြီးက သူခိုးဓားပြတွေကို ဖမ်းဆီးဖို့အမိန့်ထုတ်တော့ မုဆိုးမရဲ့သားကို ဖမ်းမိခဲ့တယ်။ သူ့ကိုမကွပ်မျက်ခင်မှာ ဘာတောင်းဆိုချင်သလဲမေးတော့ သူက နောက်ဆုံးအနေနဲ့ သူ့အမေမုဆိုးမကိုတွေ့ချင်ကြောင်းပြောခဲ့တယ်။ သားသမိနှစ်ယောက်ကိုပေးတွေ့တော့ သားဖြစ်သူက တီးတိုးမှာခဲ့စရာလေးရှိလို့ဆိုပြီး သူ့အနားကို ကပ်ခိုင်းခဲ့တယ်။ အမေဖြစ်သူဟာ သူ့အနားကိုရောက်တာနဲ့ သူ့အမေရဲ့နားတစ်ဖက်ကိုကိုက်ဖြတ်ပြီး စကားတွေမှာခဲ့လေတယ်။
" ပညာရှင်တွေရဲ့ဆုံးမသြဝါဒကို မခံရအောင် ကျောင်းထုတ်ခဲ့တာက အမေပါ။ အမေသာ အဲဒီတုန်းက ကျောင်းမထုတ်ခဲ့ဘူးဆိုရင် ခုလိုလူဆိုးကြီးဘဝကိုလည်း
ရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်သားလို
လူဆိုးလူမိုက်တွေမဖြစ်ရလေအောင်၊ အမေ့လိုနားရွက်ပြတ်တဲ့မိခင်မျိုးတွေ ထပ်များမလာအောင်ကိုပဲ အမေကတစ်ဆင့် လမ်းပြပေးလိုက်ပါ” တဲ့။
NEC Online class