19/08/2023
နွေဦးတော်လှန်ရေး မှတ်စုများ( ၄)
မည်သည့်တော်လှန်ရေးတွင်မဆို,,တော်လှန်ရေးထဲ၌ကိုယ်တိုင်ကိုယ်ကျ အချိန်ပြည့်ဇောက်ချ, စိတ်ပါကိုယ်နှစ် ဘဝတစ်ခုလုံးကိုရင်းနှီးမြှုပ်နှံပြီးတော်လှန်ရေးထဲတွင် ထဲထဲဝင်ဝင်ပါဝင်နေကြသည့်တော်လှန်ပုန်ကန်နေကြသောသူများသည်အခြားသူများထက် ပိုပြီးပေးဆပ်ရလေ့ရှိကြသည်။
ထို့အတူ တော်လှန်သူကာယကံရှင်များနှင့်ဆက်စပ်နေကြသော မိသားစု၊ ဆွေမျိုး၊ ချစ်သူရည်းစား၊ ဇနီးသားသမီးများသည် တော်လှန်ရေးကအလိုအလျောက်ပေးအပ်ချီးမြှင့်လာသည့် ဆွေးဒဏ်၊ ဆိုးကျိုး၊ဆိုးမှုမှန်သမျှကို အခြားသူများထက် အဦးဆုံးရှေ့ဆုံးတန်းမှနေ၍ ပို၍ခံစားကြရသည်။
တော်လှန်ရေးအောင်ပွဲနှင့်အရသာဆိုသည်မှာနောက်မှရ လာမည့် အသီးအပွင့်သာဖြစ်သည်။ လောလောဆယ်တွင် တော်လှန်ရေး Side Effects နှင့် ရန်သူ၏ တန်ပြန်တော်လှန်ရေးကိုအလူးအလဲခံနေရသည်မှာ သူတို့သာလျှင်အရင်ဆုံးဖြစ်သည်။ မသကာလျှင်,, တော်လှန်ရေးသမားများ၏ အသက်၊ ခန္ဓာ၊ ဘဝတို့သာမက သူနှင့် ပတ်သက်နေသူများ၏ အသက်၊ ခန္ဓာ၊ ဘဝတို့သည် အချိန်မရွေး ပေးဆပ်စွန့်လွှတ်သွားရလေ့ရှိသည်ကို ဤနိုင်ငံ၏ နေရာအများစု၌မျက်ဝါးထင်ထင်တွေ့မြင်ကြရပြီးဖြစ်သည်။
နောက်ထပ်လည်း အချိန်မရွေး မည်သူမဆို ဈေးဦးပေါက်သွားနိုင်သည့် အရိပ်အယောင် လက္ခဏာများကိုနေရာတိုင်းတွင်တွေ့မြင်နေရဆဲဖြစ်သည်။ တော်လှန်ရေး မပြီးမရှင်းဤသည်များကို ကြားမြင်နေရ၊ တွေ့မြင်နေရအုံးမည်သာဖြစ်သည်။
တော်လှန်ရေးကို မှန်ကန်သောစိတ်နှင့်အနစ်နာခံပြီးလုပ်နေကြသောတော်လှန်ရေးသမားများကို အားမလို၊အားမရခြင်းများစွာနှင့်အတူ အားမနာ၊ လျှာမကျိုး၊ဆဲဆိုစော်ကားနေကြသူများအားလုံး ၊တော်လှန်ရေးကို ရိပ်စောင်းပုတ်ခတ် ငါတော်၊ငါတတ်၊ငါသိ သီအိုရီသမားတချို့အတွက် စာနာနားလည်တတ်စေရန် ရည်ရွယ်၍ ဤစာကိုရေးပါသည်။
သူပုန်ဖြူ
၂၀၂၃ ခုနှစ်၊ ဩဂုတ်(၁၉)ရက်၊ စနေနေ့။
Crd- Original uploader