River Ayar Family

  • Home
  • River Ayar Family

River Ayar Family ကြိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲတွေ ဇာတ?

 #အခန်း ဆယ့်တစ်           နေ့ချင်းညချင်း အောင်မြင်မှု                 (ဂျက်ကီချန်း၏ Never Grow Up ကိုပြန်ဆိုသည်)   ၁၉၇၈ ...
16/01/2023

#အခန်း ဆယ့်တစ်
နေ့ချင်းညချင်း အောင်မြင်မှု
(ဂျက်ကီချန်း၏ Never Grow Up ကိုပြန်ဆိုသည်)
၁၉၇၈ နဲ့ ၁၉၇၉ အကြားမှာ ကျွန်တော် အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ဇာတ်ကား သုံးကား ဆက်တိုက် ရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒါတွေကတော့ 'Snake in The Eagle's Shadow'၊ 'Drunken Master' နဲ့ 'Fearless Hyena' တို့ပါ။
ကျွန်တော် သွားလေရာတိုင်းမှာ ပရိသတ်ကတားပြီး အော်တိုရေးခိုင်း လက်မှတ်ထိုးခိုင်း ဓါတ်ပုံအတူတွဲရိုက်ခိုင်းကြနဲ့ပေါ့။ ဘယ်ကိုသွားသွား လူတွေက အရက်မူးသိုင်းသမားကားထဲကလက်သီးထိုးတဲ့ဟန်နဲ့ လုပ်ပြကြတယ်။ အတင်းအဖျင်းမဂ္ဂဇင်းနဲ့ ပါပါရာဇီ ဓါတ်ပုံသမားတွေကလည်း ကျွန်တော့်နောက်က တတန်းတန်းနဲ့ လိုက်နေကြပါတယ်။
အဲဒီမှာစပြီး ရုပ်ရှင်ကြယ်ပွင့်တယောက်ရဲ့ ဒုက္ခနဲ့ ခံစားချက်ကို စပြီးတွေ့ရတော့တာပါပဲ။ အစစ်အမှန်တွေက အားလုံးပြောင်းလဲကုန်ကြတယ် ဒီလူတယောက်အပေါ်မှာပဲ စကားအပြောအဆိုတွေကအစ အရင်ကနဲ့ လုံးဝမတူတော့ပါဘူး။ အဲဒီအချိန်ကျတော့မှ လူတွေရဲ့ ချီးကျူးဂုဏ်ပြုစကားသံတွေ သောသောညံအောင် ကြားလာရပါတော့တယ်။
"ဒီကောင်လေးက အတော်တော်တာပဲ လုပ်သမျှ ရွှေဖြစ်တဲ့သူဆိုတာ သူပဲ"
ကျွန်တော်ဟာ ဆယ့်ငါးနှစ်ကြာ ခက်ခဲပင်ပန်းစွာ ဆင်းရဲဒုက္ခခံခဲ့ရသမျှတွေဟာ အခုမှဘဲ နေ့ချင်းညချင်း တဟုန်ထိုးအောင်မြင်ခဲ့ရပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ ကွန်ဒိုတိုက်ခန်းကျဉ်းကျဉ်းလေးမှာပဲ နေထိုင်ခဲ့ပေမယ့် ရုပ်ရှင်တကားကို ဒေါ်လာ ၃၀၀၀လောက် ရနေပါပြီ။ ကျွန်တော့်ဓါတ်ပုံပိုစတာတွေလည်း သန်းနဲ့ချီပြီး ရိုက်နှိပ်ရောင်းချနေကြပါပြီ။ လိုဝေးကုမ္ပဏီနဲ့ ကျွန်တော်တို့ စာချုပ် သက်တမ်းစေ့သွားတော့ သူတို့ကပဲ ထပ်ပြီးကမ်းလှမ်းပြန်ပါတယ်။ အဲဒီအကြောင်းကိုတော့ ဇူမိုရေးတဲ့ အောက်ကစာမှာ ဖတ်ကြည့်ကြပါခင်ဗျ။
_________________________________________________
(ဇူမိုရေးတဲ့ နောက်ကွယ်ကဖြစ်ရပ်များ)
တနေ့ ဂျက်ကီဟာ လိုဝေးနဲ့ အတူတူရှိနေချိန်မှာ ကုမ္ပဏီညစောင့်အဖိုးကြီး စိတ်ဓါတ်ကျနေတဲ့ပုံကို သူသတိပြုမိခဲ့ပါတယ်။ ဒါနဲ့ သူက အဖိုးကြီးကို ဘာဖြစ်နေတာလဲလို့ မေးတော့ အဖိုးကြီးက သူအသက်ကြီးလို့ အနားယူပြီး သူ့အိမ်သူပြန်ချင်ကြောင်း ပြောပါတယ်။ ဒါကြောင့် စတူဒီယိုမှာ သူအလုပ်လုပ်ခဲ့တဲ့ နှစ်တွေအတွက် အငြိမ်းစားဆုကြေးငွေလေးနည်းနည်းပါးပါး ထုတ်ပေးလို့ ရမရလည်း မေးပါတယ်။ ဒါပေမယ့် သူတို့က မပေးနိုင်ဘူးလို့ ငြင်းဆိုကြပါတယ်။
ဂျက်ကီက အဲဒီအဖိုးအိုနဲ့ သိကြွမ်းခဲ့တာ တနှစ်လောက်ရှိပါပြီ။ သူတို့တတွေ စတူဒီယိုထဲကို ဝင်လိုက်ထွက်လိုက်လုပ်ရင်း မကြာခဏ စကားပြောဖြစ်ကြပါတယ်။ အဖိုးကြီးက သူ့ကိုဟာသတွေပြောလိုက် ဂျက်ကီကပြန်ပြီး အရွှန်းဖေါက်လိုက်နဲ့ အတော်လေးကို ရင်းနှီးခဲ့ကြတာပါ။ စတူဒီယိုက အဖိုးကြီးကို ဘာမှလုပ်ပေးမှာမဟုတ်ဘူးဆိုတာသိတော့ သူအတော်လေး စိတ်မကောင်းဖြစ်သွားပြီး သူမနေနိုင်တော့ပါဘူး။ ဒါနဲ့ ခဏအကြာမှာတော့ ဂျက်ကီက -
"ကျွန်တော့်ဘဏ်အကောင့်ထဲမှာ သုံးထောင်ရှိတယ် အဲဒါခင်ဗျားအကုန်ယူလိုက်ပါ" လို့ပြောလိုက်ပါတယ်။
အဖိုးကြီးလည်း အင်မတန်ကို စိတ်လှုပ်ရှားသွားတာပေါ့။ ဂျက်ကီရဲ့ငွေကို မယူချင်ကြောင်း အကြိမ်ကြိမ် ငြင်းဆန်ပေမယ့် ဂျက်ကီရဲ့ အခိုင်အမာပြောဆိုမှုကြောင့် နောက်ဆုံးတော့ အဖိုးကြီးလည်း အဲဒီငွေကို လက်ခံလိုက်ပါတယ်။
ဇာတ်ကားသုံးကား ဆက်တိုက်ရိုက်အပြီးမှာတော့ ဂျက်ကီဟာ ထင်ရှားတဲ့ ဟောင်ကောင်ရုပ်ရှင်ကြယ်ပွင့်တဦး ဖြစ်လာခဲ့ပါတော့တယ်။ သူ့ဇာတ်ကားတွေဟာ Box Office မှာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးတော့လည်း စတူဒီယိုတိုင်းက ငမ်းငမ်းတက် အလုအယက် လိုချင်ကြတဲ့ သက်ရှိပစ္စည်းတခုလည်း ဖြစ်လာခဲ့ပါတယ်။
မှန်ပါတယ်။ လိုဝေးကလည်း သူ့ရဲ့စာချုပ်ကို ဆက်ပြီး သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပြီး သူ့ကို စရံငွေအဖြစ် ဒေါ်လာ ၅၀,၀၀၀ ပေးမယ်ဆိုထားပေမယ့် တကယ်လို့သာ ဂျက်ကီက စာချုပ်ကိုဖေါက်ဖျက်ခဲ့ရင် ဒေါ်လာ ၁၀၀, ၀၀၀ ပြန်ပြီး ပေးလျော်ရမှာပါ။ ရိုးသားပြီး သစ္စာရှိတဲ့ ဂျက်ကီကလည်း စာချုပ်ပါစည်းကမ်းချက်တွေကို သဘောတူလိုက်တော့တာပေါ့။
လိုဝေးက စာချုပ်တခုပေးထားခဲ့ပေမယ့် အဲဒီအပေါ်မှာ စည်းကမ်းချက်တွေကို ဖြည့်ပေးမထားပါဘူး။ ဂျက်ကီကို လက်မှတ်ထိုးရမယ့်နေရာမှာ လက်မှတ်ထိုးပေးဖို့ပဲ တိုက်တွန်းခဲ့ပါတယ်။
"ငါကအခုမှ နိုင်ငံခြားကပြန်ရောက်ကာစဆိုတော့ စာချုပ်ပါအကြောင်းအရာတွေကို အပြည့်အစုံရေးမထားနိုင်သေးဘူး … နောက်မှ သေချာပြင်ဆင်ပြီး ဖြည့်လိုက်ပါ့မယ် … အခုတော့ မင်းလက်မှတ်ထိုးရမယ့်နေရာမှာ ထိုးသာပေးလိုက်ပေါ့ … အားလုံးရေးပြီး နောက်နေ့မှ မင်းအတွက် မိတ္တူတစောင်ပြန်ပေးလိုက်မယ်လေ"
ဂျက်ကီလည်း အများကြီးသိပ်စဉ်းစားမနေတော့ဘဲ လက်မှတ်ထိုးရမယ့်နေရာမှာ ထိုးပေးလိုက်ပါတော့တယ်။ လိုဝေးဟာ ထိပ်တန်းစီးပွါးရေးသမားတယောက်လည်းဖြစ်သလို သူ့ကိုဒီလောက်ထိ ကူညီလာခဲ့သူဆိုတော့ မဟုတ်တာမလုပ်လောက်ပါဘူးလို့ ယုံကြည်ခဲ့တာလည်း တကြောင်းပေါ့လေ။
နောက်ဖြစ်ပျက်လာမယ့်အကြောင်းအရာကတော့ မယုံနိုင်လောက်စရာပါပဲ။ လိုဝေးနဲ့ ပြိုင်ဘက် စတူဒီယိုတခုဖြစ်တဲ့ 'Golden Harvest' ကနေ ဂျက်ကီကို ဇာတ်ကားတကားကို ဒေါ်လာ တသန်းနဲ့ စာချုပ်ဖို့ ကမ်းလှမ်းလာပြီး နောက်တဖြည်းဖြည်းနဲ့ ဒေါ်လာ ၂.၄ သန်း နောက်ထပ် ဒေါ်လာ ၄.၈သန်းအထိ တိုးမြှင့်ပေးလာခဲ့ပါတယ်။
ဒီလိုငွေကြေးပမာဏဆိုတာက ဂျက်ကီအဖို့ အိပ်မက်တောင် မမက်ခဲ့ဘူးတဲ့ပမာဏပါ။ ဒါပေမယ့် Golden Harvest ရဲ့ကမ်းလှမ်းမှုကိုလက်ခံဖို့ဆိုရင် လိုဝေးနဲ့ ချုပ်ထားတဲ့ လက်ရှိစာချုပ်ကို ဖျက်သိမ်းပစ်ရမယ်မဟုတ်ဘူးလား။ ဒါဟာ လက်ရှိကုမ္ပဏီရဲ့အပေါ်မှာ သစ္စာဖေါက်ခြင်းပဲ ဆိုတော့ ဂျက်ကီက ဒီလိုလုပ်ရမှာကို မုန်းတီးပါတယ်။ ဒါကိုပဲ Golden Harvest ကသူ့ကို တသက်လုံးထိုင်စားလို့ရနိုင်လောက်တဲ့ ငွေပမာဏထပ်တိုးပြီး ကမ်းလှမ်းလာပြန်ပါတယ်။ ဒီတော့ သူ့အတွက် ရွေးချယ်ဖို့ အတော်ကို ခက်ခဲသွားပြီပေါ့။
သူ့ရဲ့မိတ်ဆွေအားလုံးကလည်း ရုပ်ရှင်သရုပ်ဆောင်တွေအတွက် စန်းထချိန်ဆိုတာ ခဏတာပဲ၊ လူကြိုက်များနေတုန်းမှာ ရနိုင်သလောက် ငွေကိုရှာထားရမယ်။ ဘာလို့တွေဝေနေတာလဲ စသည်ဖြင့် တိုက်တွန်းကြတာပေါ့လေ။ သူလည်း အမျိုးမျိုး စဉ်းစားခဲ့ပြီး နောက်ဆုံးကျမှ Golden Harvest နဲ့ စာချုပ်ဖို့ ဆုံးဖြတ်ခဲ့တော့တာပေါ့။
အဲဒါကို လိုဝေးလည်းကြားရော ဂျက်ကီကို စာချုပ်ဖေါက်ဖျက်မှုနဲ့ တရားစွဲမယ်လုပ်ပါလေရောဗျာ။ စာချုပ်ထဲမှာ သဘောတူထားခဲ့တာက ဒေါ်လာ တသိန်း (၁၀၀,၀၀၀) တင်ပါ။ ပိုပြီးတောင်းဆိုလိမ့်မယ်လို့ သိထားပေမယ့် တကယ်တောင်းတဲ့ အရေအတွက်ကျတော့ ဒေါ်လာ ဆယ်သန်း (၁၀,၀၀၀,၀၀၀) ကြီးများတောင် တောင်းဆိုခဲ့ပါတယ်။
လိုဝေးက စာချုပ်အလွတ်ပေါ်မှာ အရင်သဘောတူထားချက်အတိုင်း မဟုတ်တော့ဘဲ စာချုပ်ကို လိုတိုးပိုလျော့ သူထင်သလို ရေးလာခဲ့တာကိုးဗျ။ ဒါကြီးက ဂျက်ကီအတွက် အကြီးမားဆုံး ထိုးနှက်ချက်ကြီးဖြစ်ခဲ့ပါတယ်။ နောက်ပိုဆိုးတာက လိမ်လည်လှည့်ဖျားခံလိုက်ရတဲ့ ခံစားချက်ကြီးပေါ့ ဒီကိစ္စကြီးက သူ့စိတ်ထဲမှာ စွဲမြဲကျန်နေခဲ့ပါတော့တယ်။ တကယ်လို့သာ ဂျက်ကီက Golden Harvest နဲ့ စာချုပ်ချုပ်လိုက်မယ်ဆိုရင် ဒေါ်လာ ဆယ်သန်းက အလဟဿဆုံးရှုံးရတော့မှာပါ။
ဂျက်ကီအတွက် အဲဒီလို ဘေးကျပ်နံကျပ် ဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အစပိုင်းကပြောခဲ့တဲ့ အစောင့်အဖိုးအိုကြီးက ဂျက်ကီဆီကို ရောက်လာခဲ့ပါတော့တယ်။ သူကပဲ စတူဒီယိုမှာ လိုဝေးက အဲဒီစာချုပ်စာတန်းတွေကို စိတ်ကြိုက်ပြုပြင်ရာမှာ သူလည်းပါဝင်ကြောင်း၊ စာကို သူ့ကိုရေးဖို့ တာဝန်ပေးအပ်ခံရကြောင်း ပြောပြပါတယ် ။
အဲဒီစာချုပ်ပေါ်က လက်ရေးတွေက သူ့ကို လိုဝေးကရေးခိုင်းခဲ့တဲ့ သူ့လက်ရေးတွေဖြစ်ကြောင်းကို ပြန်ရေးပြပြီး သက်သေခံနိုင်ခဲ့ပါတယ်။ လိုဝေးက သူ့ကို စာချုပ်ပေါ်မှာရေးထားတဲ့ တရုပ်စာလုံး 'တဆယ်( 十 )' ကနေ 'တထောင် ( 千 )' အဖြစ်ကိုပြောင်းခိုင်းတာပါတဲ့။ အဖိုးကြီးက ပြောပါတယ် -
"မင်းစိတ်မပူနဲ့ငါ့တူ … သူမင်းကို တရားစွဲခဲ့ရင် မင်းအတွက်ငါ တရားရုံးမှာ သက်သေလိုက်ပေးမယ် … မင်းအတွက်ဆို ငါကအဆင်သင့်ပဲ" တဲ့။
ဒါပေမယ့်လည်း ဒီအမှုမှာ လောဘကြီးတဲ့လူက ကံကောင်းလို့ အနိုင်ရသွားပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဂျက်ကီကတော့ နစ်နာကြေးအနေနဲ့ ပေးလျော်လိုက်ရတဲ့အတွက် ဒေါ်လာ ဆယ်သန်းလောက် ဆုံးရှုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေ အပြီးမှာတော့ ဂျက်ကီဟာ Golden Harvest နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ဂျက်ကီချန်းရုပ်ရှင် ခေတ်တခေတ်ဟာ အစပျိုးပေါ်ပေါက်လာခဲ့ပါတော့တယ်။
__________________________________________________
အပေါ်က ဇူမိုရေးထားတာကတော့ ကျွန်တော် Golden Harvest ကိုပြန်မရောက်ခင် အကြောင်းဖန်လာတဲ့ စိတ်လှုပ်ရှားစရာ အကြောင်းတွေပါပဲ။ အဲဒီကိုမရောက်ခင်မှာ မရေတွက်နိုင်တဲ့ ရုပ်ရှင်စတူဒီယိုတွေမှာ လုပ်ကိုင်ခဲ့ရပြီး လုပ်ဖေါ်ကိုင်ဖက် သူငယ်ချင်းအပေါင်းအသင်းတွေ အများကြီးရခဲ့တာက အမြတ်ပေါ့ဗျာ။
Golden Harvest ဆိုတာ ကျွန်တော်ကလေးဘဝကတည်းက ငွေလေးတမူးတပဲရဖို့ အသက်ကိုရင်းပြီး စွန့်စားခဲ့ဖူးတယ် အလုပ်ကလေးတခုရဖို့ အကြာကြီး တန်းစီစောင့်ဆိုင်းနေခဲ့ရဖူးတဲ့နေရာပါ။ အခုအချိန်မှာ ဒီလိုဘဝမျိုးနဲ့ ပြန်ဝင်လာနိုင်လိမ့်မယ်လို့ တကယ်ကို မမျှော်လင့်ခဲ့ပါ။
ကျွန်တော့်မန်နေဂျာ ဝီလီချန်းက Golden Harvest နဲ့ အပေးအယူကိစ္စနဲ့ ကျွန်တော့်အနာဂါတ်ရှေ့ရေး အလားအလာတွေအတွက် သဘောကျပါသတဲ့။ ပြီးတော့ အဲဒီစတူဒီယိုမှာ ဦးဆောင်နေတဲ့ 'လီယိုနာဒ်ဟို'(Leonard Ho) နဲ့ 'ရေမွန်ချောင်'(Raymond Chow) တို့ဟာ အတူလက်တွဲပြီး အလုပ်လုပ်လို့ကောင်းနိုင်မယ့် မိတ်ဆွေတွေ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ရပါတယ်။
သူတို့ဖက်ကလည်း ကျွန်တော့်အတွက် ဟောင်ကောင်နဲ့ အရှေ့တောင်အာရှတင်မကဘဲ နိုင်ငံတကာအထိ ထိုးဖေါက်ရင်း ပိုပြီး ကျယ်ပြန့်တဲ့ ဈေးကွက် ရှာဖွေပေးမယ်လို့ ကတိပြုကြပါတယ်။ သူတို့မျှော်လင့်ထားကြတာကလည်း ဘရုစလီပြီးရင် ကျွန်တော့်ကို နိုင်ငံတကာရုပ်ရှင်လောကမှ တရုပ်လူမျိုး ကြယ်ပွင့်တယောက် ဖြစ်လာဖို့အထိ မျှော်လင့်ထားကြတာပါ။
လီယိုနာဒ်ဟိုနဲ့ ရေမွန်ချောင်တို့နှစ်ယောက်ဟာ ဒီရုပ်ရှင်ကုမ္ပဏီကို အတူတူတည်ထောင်လာခဲ့ကြတာပါ။ သူတို့မှာရှိတဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို တယောက်နဲ့တယောက် ဖြည့်ဆည်းလုပ်ကိုင်ကြပြီး တယောက်ချင်းစီရဲ့ အလုပ်တွေကို ရှင်းရှင်းလင်းလင်းပဲ ခွဲခြားသတ်မှတ်ထားကြပါတယ်။
မစ္စတာချောင်က လုပ်ငန်းတိုးချဲ့ဖို့ တာဝန်ယူပြီး မစ္စတာဟိုကတော့ ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သတ်တာတွေကို တာဝန်ယူလုပ်ကိုင်ပါတယ်။ သူတို့နှစ်ယောက်လုံး ရှောဘရားသားကုမ္ပဏီမှာ အတူတူ လုပ်ရင်းနဲ့ စပြီးလက်တွဲဖြစ်ခဲ့ကြတာဆိုတော့ အရည်အချင်းပိုင်းပြည့်စုံမှု မှာတော့ ပြောစရာတောင်မလိုတော့ပါဘူး။ ဒါကြောင့်လည်း သူတို့နဲ့ လက်တွဲအလုပ်လုပ်ရမှာက အခွင့်အလမ်းအများကြီးရှိပြီး Golden Harvest နဲ့ သူတို့အပေါ်မှာ ယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်။
ကျွန်တော်တို့ အလွတ်သဘော တွေ့ဆုံမှုလုပ်ပြီး စကားနဲနဲပြောပြီးတဲ့အချိန်မှာ မစ္စတာဟိုက -
"ဂျက်ကီ … ဒီနေ့က ငါမင်းဆီက အကြံဉာဏ်တွေနဲ့ မင်းရဲ့တွေးခေါ်ပုံတွေ နားထောင်ဖို့လာတာ … ကဲ … လုပ်စမ်းပါဦး မင်းရဲ့ အကြံဉာဏ်လေးတွေ"
အဲဒီအချိန်မှာက ကျွန်တော့် အကြံဉာဏ်တွေ ထွက်လာဖို့ သိပ်ပြီးခဲယဉ်းနေတဲ့အချိန်ပါ။ အိပ်မက်တခုလို ရုတ်တရက် ထင်ပေါ်ကျော်ကြားလာတဲ့အဖြစ်ကြီးက စိတ်ထဲမှာ ချောင်ပိတ်မိသလိုဖြစ်နေပြီး အဝေးကိုကျော်ပြီး အများကြီး မစဉ်းစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူက အထင်တွေကြီးပြီး မျှော်လင့်ထားတုန်း ကျွန်တော် တခုခုတော့ပြောမှဖြစ်မှာလေ။ ကျွန်တော် နားအုံနားရင်းတွေ ထူပူလာပါတယ်။ ဗိုက်ထဲကပါ နာသလိုဖြစ်လာပြီး ကျွန်တော် မတ်တတ်ထရပ်လိုက်ရပါတယ်။
ဝီလီချန်းက ကျွန်တော့်အခြေအနေ ဆိုးဝါးနေပုံကို သတိပြုမိသွားပြီး ကြားဝင်ပြီးပြောရတော့တာပေါ့။
"ဂျက်ကီရဲ့ အရင်ဇာတ်ကားတွေဟာ အရမ်းအောင်မြင်မှုရခဲ့ပြီးတော့ ခင်ဗျားတို့ရဲ့ အသိအမှတ်ပြုလာမှုအပေါ်မှာ ကျွန်တော်တို့ အင်မတန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်ကားတွေအပေါ်မှာ ခင်ဗျားတို့အမြင်၊ ဝေဘန်ချက်နဲ့ ချီးကျူးစကားကို အရင်ကြားချင်တာဗျ … နောက်ပြီးတော့ ခင်ဗျားတို့ Golden Harvest က သူ့ရဲ့နောက်လာမယ့် ဇာတ်ကားတွေအပေါ် ဘယ်လိုဖြစ်စေချင်တယ်ဆိုတာ ပြောပြမှ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး အထောက်အကူဖြစ်နိုင်မယ်မဟုတ်ဘူးလား"
တော်ပါသေးရဲ့ ကိုယ့်ဆီ ရိုက်တင်လာတဲ့ဘောလုံးကို ဝီလီက ပြန်ပြီး သူတို့ဘက်ကို ပုတ်ထုတ်လိုက်နိုင်ပေလို့ပေါ့။
"ဂျက်ကီက ရုပ်ရှင်နဲ့နာမည်ကြီးဖြစ်မလာခင်ကတည်းက သူကသိုင်းပညာရှင်တယောက်အဖြစ် နာမည်ကျော်ပြီးသားလူပါ။ အဲဒီကာလတွေကတည်းက သူ့ကို သတိထားမိနေတာပါ။ အဲဒီဇာတ်ကားတွေမှာ မအောင်မြင်မထင်ရှားခဲ့ပေမယ့် သူ့ကိုယ်သူ အလားအလာရှိတဲ့လူတယောက်ဆိုတာ ထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျုပ်တို့ကလည်း သူ့ရဲ့ကိုယ်ပိုင်ဟန်ပန်နဲ့သူ ပေါ်လွင်ထင်ရှားတဲ့လူတယောက် ဖြစ်လာဖို့ သူ့ကိုကူညီဖို့ လာပြီးကမ်းလှမ်းတဲ့သဘောပါပဲ" လို့ မစ္စတာဟိုက ပြောခဲ့ပါတယ်။
နောက် သူကဆက်ပြီးတော့လည်း -
"ပြောရရင်တော့ဗျာ … သူက ဟာသနဲ့အက်ရှင်ပိုင်းကို ရောနှောပြီးတင်ပြတာသိပ်တော်တယ်ဗျ။ ဒီအချက်ကို စမှတ်တခုအနေနဲ့ စတင်ပြီး ပရိသတ်ကို အသစ်အဆန်း ဖျော်ဖြေမှုတခုပေးရာလည်းကျအောင် 'ဂျက်ကီချန်းစတိုင်' ဆိုတာကိုလည်း ကမ္ဘာကသိလာအောင် ကြိုးစားကြတာပေါ့"
သူပြောလိုက်တဲ့စကားတွေက ကျွန်တော့်ရင်ထဲကို အတော်ထိသဗျ။ ကျွန်တော့်စိတ်ထဲမှာရှိနေ၊ ပြောချင်နေတာတွေကို သူက ပြောချလိုက်သလိုပါပဲ။
"ကျုပ်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတာနဲ့ စပြီးငွေရှာကြတာပေါ့" သူကဆက်ပြောပါတယ် -
"နောက်ပြီး ငါတို့အာမခံနိုင်တာတခုကတော့ … မင်း Golden Harvest မှာ ဇာတ်ကားတွေ ရိုက်နေသမျှကာလပတ်လုံး မင်းရဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စိတ်ညစ်ရတာတို့၊ စွက်ဖက်ခံရတာတို့၊ ငွေမရတာတို့ဆိုတဲ့ စာရင်းအရှုပ်အရှင်း လုံးဝမရှိစေရဘူး … မင်းကို ရိုက်ကူးရေးနဲ့ ထုတ်လုပ်ရေးပိုင်းမှာ လုပ်ပိုင်ခွင့်အပြည့်နဲ့ လွတ်လွတ်လပ်လုပ် လုပ်ကိုင်ခွင့်ပေးတယ် … မင်းစိတ်ကြိုက် ဇာတ်ကားတွေ ဘယ်နှစ်ကားရိုက်ရိုက် ရိုက်ပါ … ငွေရေးကြေးရေးနဲ့ အချိန်ဇယားပိုင်းကို ငါတို့ လုံးဝကန့်သတ်မထားဘူး … မင်းစိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ရိုက်ကူးနိုင်တယ် … ဇာတ်ကားတွေ ထွက်လာအောင်သာရိုက် ... ငွေရှာဖို့ကိစ္စကိုတော့ ငါတို့တာဝန်ယူတယ်" တဲ့ဗျား။
ကျွန်တော် အတော်လေးတုန်လှုပ်သွားခဲ့ပါတယ်။ ဒါတွေက ကျွန်တော်မျှော်မှန်းထားတဲ့ စိတ်ကူးအိပ်မက်တွေထက်တောင် ကျော်လွန်နေပါပေါ့လား။ 'Golden Harvest' ကတော့ ကျွန်တော့်ကို နတ်ပြည်ကိုဇိကုပ်ပြီး ဆွဲတင်နေပြီပေါ့။ မစ္စတာချောင်က ပြောပြန်ပါတယ် -
"နောက်တခုကျန်သေးတယ် … အဲဒါက မင်းရဲ့နာမည်ပဲ"
'လာပြန်ပြီလား … ဒီနာမည်ကိစ္စကြီးက'။ ကျွန်တော်တို့ ဇာတ်ကားတွေကို အင်္ဂလိပ်စကားပြောနဲ့ ထိုးဖေါက်တဲ့နေရာမှာ ကျွန်တော့်မှာ အင်္ဂလိပ်နာမည်ကောင်းကောင်းတခု ရှိဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော့်နာမည် Jacky Chan ကို အပြောင်းအလဲ နည်းနည်းလုပ်ဖို့ အကြံပေးပါတယ်။ Jacky ကနေ နည်းနည်း နူးညံ့သွားအောင် Jackie လို့ပြောင်းခိုင်းပါတယ်။
"ဒီလိုလေးပြောင်းလိုက်တော့ ရုပ်ရှင်ပိုစတာတွေမှာ ထင်သာမြင်သာရှိပြီး ကြည့်ရဖတ်ရတာ ပိုပြီး ချောမွေ့သကွ"
ကျွန်တော် အဲဒီနာမည်ကို လက်ခံသဘောတူလိုက်ပါတယ်။ ဒါနဲ့ပဲ 'ဂျက်ကီချန်း'(Jackie Chan) ဆိုတာ မွေးဖွါးလာခဲ့ပါတော့တယ်ခင်ဗျာ။
ဒီအလွတ်သဘော တွေ့ဆုံပွဲလေးကအစပြုလို့ ကျွန်တော်တို့ရဲ့ ကာလရှည်ကြာတဲ့ ပူးပေါင်းဆောင်ရွက်မှုက စတင်ခဲ့ပါတော့တယ်။ ဒါပေမယ့် ရေမွန်ချောင်(Raymond Chow) ကကုမ္ပဏီသူဌေးလည်းဖြစ်ပြန် ဖြန့်ချိရေးနဲ့ ဈေးကွက်ပိုင်း တာဝန်ယူရတာဖြစ်တော့ နောက်ပိုင်း သိပ်ပြီးမဆုံဖြစ်ကြပါ။
လီယိုနာဒ်ဟို( Leonard Ho) နဲ့ကတော့ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းကို အဓိကတာဝန်ယူနေတာဆိုတော့ သူနဲ့အမြဲတမ်း မတွေ့မဖြစ် တွေ့ဆုံနေကြရတာပေါ့။ အပြင်ပန်းသွင်ပြင်လက္ခဏာကို ကြည့်လိုက်ရင်တော့ သူနဲ့ကျွန်တော်က ဖီလာဆန့်ကျင် တခြားစီပဲ။ သူက အမြဲတမ်းအော်ဒါချုပ်ဝတ်စုံနဲ့ နက်ကတိုင်နဲ့ ဝတ်စုံနဲ့လိုက်ဖက်ညီအောင်ဝတ်ဆင်ပြီး လက်ပတ်နာရီကအစ လိုက်ဖက်အောင် သေသေချာချာ သပ်သပ်ယပ်ယပ် ဝတ်စားထားတတ်တဲ့လူပါ။
ကျွန်တော်ကကျတော့ ကျွန်တော့်အဝတ်အစားဘီရိုကို ဖွင့်ကြည့်လိုက်တာနဲ့ မြင်တဲ့သူတိုင်းက တောသူဌေးရဲ့ ဘီရိုလို့ ပြောကြမှာ သေချာတဲ့လူစားမျိုးပါ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပုံစံတွေ ဘယ်လောက်ပဲမတူညီပေမယ့် ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကတော့ စပြီးတွေ့ဆုံကတည်းက အဆင်ပြေခဲ့ပြီး အမြဲတမ်းလည်း ပြေလည်ခဲ့သလို အခုချိန်ထိအောင်လည်း ခိုင်မြဲခဲ့ကြပါတယ်။
သူကလည်း ကျွန်တော့်အပေါ်မှာ သားအရင်းနဲ့မခြား ချစ်ခင်သလို ကျွန်တော်ကလည်း ကျွန်တော့်ဖခင်အရင်းထက် မလျော့တဲ့လေးစားချစ်ခင်မှုနဲ့ သူ့အပေါ်ကို လေးစားခဲ့ရပါတယ်။
Golden Harvest ကိုစရောက်ပြီး ပွဲဦးထွက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ 'The Young Master' ဆိုတဲ့ဇာတ်ကားပါ။ အဲဒီကားက ကျွန်တော့်သူဌေးနှစ်ယောက်ရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်နိုင်ဖို့ကတကြောင်း၊ ကျွန်တော့်အောင်မြင်မှုဟာ ကံကောင်းခြင်းသက်သက်ကြောင့်မဟုတ်ဘူးဆိုတာ ပြချင်တာကလည်းတကြောင်းကြောင့် ကျွန်တော့်ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှအားလုံးကို ထုတ်သုံးရင်းနဲ့ အကောင်းဆုံးကြိုးစားပြီး ရိုက်ခဲ့တဲ့ ကားပါပဲ။
ဒီကားထဲက ရိုက်ချက်တချက်စီတိုင်းဟာ အကြိမ်ငါးဆယ်မက အထပ်ထပ်အခါခါ ပြန်လုပ်ယူပြီး ကြိုးစားထားတာပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော့်ရဲ့ ချစ်ပရိသတ်တွေကို တကားဆိုတကား ထိုက်ထိုက်တန်တန် ကြည့်စေချင်တာရယ် ဒီဇာတ်ကားဟာ ဘယ်လောက်ပြီးပြည့်စုံတယ်ဆိုတာ ပြချင်တာရယ်ကြောင့်ပါပဲ။
ပြီးတော့ ရိုက်ကွင်းမှာသုံးတဲ့ ကုန်ကျစားရိတ်တိုင်းကိုလည်း ဘယ်ရွေ့ဘယ်မျှကုန်တယ်ဆိုပြီး သူတို့ တခွန်းမှ မညည်းငြူကြဘူးဗျ။
ကိုင်း … ဒီတော့ ဒီဇာတ်ကားက ဘယ်လောက်တောင် ပြည့်စုံခမ်းနားလိုက်သလဲလို့နော်။
(နောက်နေ့မှ ဆက်ပြီးတင်ပါ့မယ် ဘာသာပြန်ရင်းစာရိုက်ရတာလေး အားရှိသွားအောင် Like & Share လေးလုပ်ပြီး အားပေးတော်မူခဲ့ကြပါဦး)

 #အခန်း ၁၀                                 #နဂါးတကောင်ဖြစ်လာခြင်း                 (ဂျက်ကီချမ်း၏ Never Grow Up ကို ပြန်ဆိ...
14/01/2023

#အခန်း ၁၀
#နဂါးတကောင်ဖြစ်လာခြင်း
(ဂျက်ကီချမ်း၏ Never Grow Up ကို ပြန်ဆိုသည်)
လစာက နည်းတာမှန်ပေမယ့် 'New Fist of Fury' ဇာတ်ကားက အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရတဲ့ ကျွန်တော့်ရဲ့ ပထမဦးဆုံးဇာတ်ကားပါ။ ဒါရိုက်တာ လိုဝေးဆိုတာကလည်း ဘရုစ်လီကို ကမ္ဘာကျော်အဖြစ် မွေးဖွါးဖန်တီးပေးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာကြီးပါ။
သူ့ရဲ့ Fist of Fury နဲ့ Big Boss တို့လို ဇာတ်ကားတွေက ဂန္တဝင်မြောက် ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူနဲ့လက်တွဲပြီး အလုပ်လုပ်ရတာက အင်မတန်မှ စိတ်လှုပ်ရှားစရာပါပဲ။
ဒီလိုစိတ်လှုပ်ရှားတာက ကျွန်တော့ဘက်တင်တဖက်တည်းမဟုတ်ပါခင်ဗျာ။ ဒါရိုက်တာလိုဝေးကလည်း ကျွန်တော့်ရဲ့ ရုပ်ရည် သိပ်ပြီး မခန့်ညားတာနဲ့ နှာခေါင်းကြီး ကြီးလွန်းနေတာအပေါ်ကို သံသယဖြစ်နေမိပါတယ်၊ ဒါပေမယ့် သူလည်း အဲဒီသံသယကို ဘေးဖယ်ထားပုံရပါတယ်။
သူ ဒီဇာတ်ကား (New Fist of Fury) ကို ရိုက်ကူးခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဒီဇာတ်ကားနဲ့အတူ ကွန်ဖူးရုပ်ရှင်ကြယ်ပွင့်တယောက်ပေါ်ထွန်းလာဖို့အထိ ရည်ရွယ်စိတ်ကူးထားပုံရပါတယ်။ နောက်ပြီး မူရင်းဇာတ်ကားက သရုပ်ဆောင်အတော်များများကိုပါ ပြန်ခေါ်ထားပြီး 'Fist of Fury Team' အဖွဲ့တဖွဲ့ကိုတောင် ပြန်ပြီး ဖွဲ့စည်းလိုက်ပါသေးတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းကိုတော့ အရင်ဇာတ်ကားနဲ့ လုံးဝမတူအောင် ကွဲပြားခြားနားထားပါတယ်။
သူပြောနေတဲ့ သူ့စကားတွေကို နားထောင်ရင်းနဲ့ ကျွန်တော့်ရင်တွေ တထိတ်ထိတ် ခုန်နေမိပါတယ်။ ကျွန်တော်ကရော သူတို့မျှော်လင့်ထားတဲ့ အနာဂါတ်ရဲ့ ကြယ်ပွင့်ဖြစ်နိုင်တဲ့ အရည်အချင်းရော တကယ်ရှိပါ့မလား၊ ငါလုပ်နိုင်ပါ့မလားဆိုတဲ့ သံသယစိတ်နဲ့ပေါ့။
လိုဝေးရဲ့ ရုံးခန်းထဲမှာပဲ ကျွန်တော့်ရဲ့ အဓိကသရုပ်ဆောင်အဖြစ် စာချုပ်ချုပ် လက်မှတ်ထိုးခဲ့ပါတယ်။ စာချုပ်သက်တမ်းက နှစ်နှစ်၊ လစာက တလကို ဟောင်ကောင်ဒေါ်လာ ၃၀၀၀၊ ဇာတ်ကားတကားရိုက်ရင် အပိုထပ်ဆောင်းငွေအဖြစ် ဒေါ်လာ ၃၀၀၀ ရပါမယ်။ လိုဝေးရုပ်ရှင်က ရိုက်တဲ့ ဇာတ်ကားမှန်သမျှ ကျွန်တော်က ကျရာဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ရပါလိမ့်မယ်။ ကျွန်တော် လက်ခံလိုက်ပါတယ်။
အခုမှ ပြန်စဉ်းစားကြည့်တော့ ဒီစာချုပ်က တဖက်သတ်ဆန်နေပေမယ့် အဲဒီအချိန်တုန်းကတော့ တရားမျှတ,တဲ့ စာချုပ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ပုံမှန်ဝင်ငွေလေးတခုနဲ့ တည်ငြိမ်တဲ့ အလုပ်တခုရှိသွားပြီမဟုတ်ပါလား။
ကျွန်တော် လိုဝေးစတူဒီယိုရဲ့ တရားဝင်ဝန်ထမ်းဖြစ်သွားပြီးဆိုတော့ ကျွန်တော့်ရဲ့ သူဌေးအသစ်က ကျွန်တော့်ကို အကြံဉာဏ်ပေးပါတယ်။ ကျွန်တော့် အသွင်အပြင်နဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို သူသဘောကျ ထောက်ခံပေမယ့် ကျွန်တော့်ရဲ့ ပုံသဏ္ဍာန်မမှန် ကျဲပြီး ကောက်ကွေ့နေတဲ့ သွားနဲ့ မှေးနေတဲ့မျက်လုံးတို့ကို ပလတ်စတစ်ဆာဂျရီနည်းနဲ့ ပြုပြင်ဖို့ ပြောပါတယ်။
ကံကောင်းထောက်မစွာပဲ အဲဒီအချက်ကို ရှောင်လွှဲခွင့် ရခဲ့သဗျ။ အကြောင်းပြချက်ကတော့ ဒါတွေကို ခွဲစိတ်ပြီး အနားယူနေရစဉ်မှာ ကျွန်တော် ဇာတ်ဆောင်နေရာကနေ ဖိုက်တင်ခန်းတွေ ရိုက်နိုင်မှာမဟုတ်ဘူး ဒါကြောင့် အလျင်စလိုမလုပ်သင့်သေးဘူးလို့ ပြောရတာပေါ့။
လိုဝေးနောက်ထပ် ပြောင်းချင်တာကတော့ ကျွန်တော့်နာမည်ပါ။ ငယ်ငယ်တုန်းက မိဘတွေက ကျွန်တော့်ကို အမြောက်ဆံလေး ဒါမှမဟုတ် ရှန်းတုံးအမြောက် (Shandong Cannon) လို့ခေါ်ကြပါတယ်။
အဖေ့ရဲ့ နာမည်ပြောင်က Old Shandon (ရှန်းတုန်းကြီး) ဆိုတော့ ကျွန်တော့်ကိုလည်း ရှန်းတုန်းကလေး (Little Shandon) လို့ တခါတလေခေါ်ကြပါတယ်။ ကျွန်တော့်နာမည်ရင်းက မန်ဒရင်းစကားနဲ့ဆို ချန်ကန်းရှဲန်(Chen Gangsheng )၊ ကန်တုံလိုဆိုရင် ချန်ကောင်းဆန် (Chan Kong-Sang) ပါ။
အနုပညာကျောင်းကိုရောက်တော့ ကျွန်တော့ဆရာကြီးက ကျွန်တော့်ကို ယွင်လူး (Yuen Lou) လို့အမည်ပေးပြန်တယ်။ နောက်ပိုင်း ဆာမိုဟောင်ကျောင်းကထွက်သွားတော့ သူ့နာမည် ယွင်လုံ (Yuen Lung) ကို ကျွန်တော်က အပိုင်စီးလိုက်ပြန်တယ်။
ဒီတော့ ရုပ်ရှင်လောကရောက်တော့ သရုပ်ဆောင်နဲ့ ဖိုက်တင်ဒါရိုက်တာအဖြစ် ပထမဆုံး စာတမ်းထိုးတဲ့ နာမည်မှာ ချန်ယွင်လုံ ( Chan Yuen Lung) ဖြစ်ပြန်ရော။ ဩစတေလျမှာကျတော့ ကျွန်တော်က စတီဗင်၊ ပေါ်လ်၊ ဂျက် နဲ့ ဂျက်ကီတို့ ဖြစ်ခဲ့ပါတယ်။ ဘယ်လိုလူမှာများ ဒါလောက်များတဲ့ နာမည်တွေရှိမှာလဲနော်။
သူတို့ကလည်း သရုပ်ဆောင်အသစ်အဖြစ် ပြန်ဝင်ဖို့အတွက် နာမည်အသစ်တော့ မရှိမဖြစ်လိုတယ်လို့ ဇွတ်ပြောနေကြပါတယ်။ ဒါနဲ့ ဒါရိုက်တာလိုဝေးနဲ့အတူ နာမည်ကြီး စာရေးဆရာမကြီး ဖန်လုထိုင်(Pan Liudai) ဆီ သွားပြီး အမည်သစ်ဘယ်လိုပေးသင့်ကြောင်း အကြံဉာဏ်သွားတောင်းကြည့်ပါတယ်။
သူ့သား ကင်ချန်း (Kam Chang) ကလည်း သရုပ်ဆောင်ပဲ ကျွန်တော်နဲ့ တွဲပြီး အလုပ်လုပ်ဖူးတယ်။ သူ့အိမ်ရောက်တော့ သူက လုံ( နဂါး) ပါတဲ့နာမည်တွေ အများကြီးချရေးပြီး ကျွန်တော်ကြိုက်တဲ့ နာမည်တခုကို ရွေးခိုင်းပါတယ်။ ပြီးတော့ သူက -

"မင်းရဲ့ မူလနာမည် 'ယွင်လုံ' က မကောင်းဘူးမဟုတ်ဘူး ကောင်းပါတယ် … ဒါပေမယ့် ယွင်(Yuen) ဆိုတာက စက်ဝိုင်းလို့ အဓိပ္ပါယ်ရပြီ စက်ဝိုင်းလို အစကနေပြန်စနေရတယ် … ရှောင်လုံ (နဂါးလေး) ကတော့ ဘရုစ်လီပဲ သူကသေသွားပြီဆိုတော့ မင်းနာမည်ကို 'တလုံ (နဂါးကြီး) လို့မှည့်ရင်ရော … ဘယ်လိုသဘောရလဲ"

ကျွန်တော်က 'စာပေနဂါး' (Literary Dragon) ဆိုတဲ့နာမည်တခုကို ရွေးလိုက်ပါတယ် ။ ဒါပေမယ့် သူက 'စာပေ' ဆိုတဲ့စကားလုံးက ကျွန်တော့အတွက် အဟန့်သေးလွန်းတယ်လို့ အဆိုပြုပြန်ပါတယ်။
ဒါနဲ့ပဲ ကျွန်တော်က 'Romence of Three Kingdoms' ဇာတ်ကားထဲက ဗိုလ်ချုပ်ကြီး 'ကျောက်ကျိလုံ' ရဲ့နာမည် 'ကျိလုံ (Chi Lung) ကိုရွေးမယ်ပြောတော့လည်း အဲဒီနာမည်ထက် ပိုကောင်းတာရွေးခိုင်းပြန်ရော၊ ရည်မှန်းချက်ကြီးကြီးထားသူအတွက် ဒီနာမည်က ငယ်ပြန်ရောတဲ့။ ဒါနဲ့ သူချရေးထားတဲ့နာမည်တွေထဲက 'ရှင်းလုံ (becoming the dragon) ဆိုတဲ့နာမည် ရွေးပေးတယ်။ကျွန်တော်က မကြိုက်ပြန်ဘူး။

"ဒါဆို တိမ်နဂါး (Yun Lung) ဆိုရင်ရောဗျာ"

သူကမကြိုက်ပြန်ဘူးတဲ့ ငြင်းပြန်ပါရောဗျာ။

"မင်းနာမည် တိမ်နဂါးလို့မှည့်ရင် နဂါးရဲ့ ဦးခေါင်းတွေရော အမြီးပါ တိမ်တိုက်ထဲမှာပဲ ဖုံးကွယ်နေသလို မင်းလည်း မြူခိုးတွေထဲမှာ အမြဲတိမ်မြုပ်နေလိမ့်မယ်ကွယ့်"

"ဒါပေမယ့် ကျွန်တော် တိမ်နဂါးဆိုတဲ့နာမည်ကြိုက်သားပဲ"

"ဒါဆိုရင် မင်းက ငါ့ဆီဘာလို့ နာမည်လာရွေးခိုင်းသေးလဲ ကိုယ့်ဖါသာမှည့်ပါလား ကိုင်း ဒီလိုလုပ် … ရှင်းလုံ (Shing Lung – Becoming the Dragon) ပဲရွေးလိုက်တော့ ဒီနာမည်က မင်းနဲ့အကိုက်ဆုံးပဲ" သူကအခိုင်အမာပြောပြန်ပါရော။

"မကြိုက်ပါဘူး ဒီနာမည်ကြီးက ကျွန်တော့အတွက် ကြီးလွန်းပါတယ်"

"တခြားဟာတွေက မင်းနဲ့ တခုမှ မသင့်တော်ဘူးကွ … ကဲမရှည်နဲ့တော့ ... အခု မင်းနာမည် ရှင်းလုံ(Shing Lung) ဖြစ်သွားပြီ ဒါပဲ …"

ကျွန်တော့်စိတ်ထဲ မအီမလည်ကြီးနဲ့ ဒီနာမည်ကို လက်ခံလိုက်ရပါတော့တယ်။ တကယ်တမ်းကျတော့ သူပြောတဲ့အတိုင်း မှည့်ခေါ်တဲ့နာမည်က သိပ်အရေးမကြီးဘူးလို့ ကျွန်တော်ထင်တာပဲ။
လိုဝေးကတော့ ကျွန်တော် ဒီလိုပြောလိုက်လို့ ကြေကွဲသွားပါတယ်။ သူကတော့ သူဌေးဆိုတော့ ဒါတွေကိုယုံကြည်ပုံရပါတယ်။
တခါတလေလည်း သူဈေးဝယ်ထွက်ရင် သူနဲ့အတူလိုက်ရပါတယ်။ သူကတော့ လိုချင်တဲ့ပစ္စည်းတွေကို စိမ်ပြေနပြေကြည့်ပြီးမှ ဝယ်လေ့ရှိပါတယ်။ ကျွန်တော်ကတော့ ထောင့်ကလေးတနေရာမှာ ထိုင်စောင့်နေရတာပေါ့။ အဲဒီဆိုင်တွေက ပစ္စည်းတွေအားလုံးက ဈေးအကြီးသားမို့ ကျွန်တော့်မှာ ထိတောင်မထိရဲပါ။
တခါမှာတော့ ထိုင်စောင့်လို့ ငြီးငွေ့လာတာနဲ့ မတ်တပ်ထရပ်ပြီး အဝတ်အစားတွေရှိတဲ့ဖက်ကို သွားကြည့်မိပါတယ်။ အင်္ကျီလေးတထည် မျက်စေ့ထဲမှာ သဘောကျမိတာနဲ့ ဆိုင်ကအရောင်းစာရေးမလေးကို ကြည့်လို့ရမလားလို့ မေးကြည့်မိပါတယ်။

"ဒီဟာက ဈေးကြီးတယ် ရှင်တတ်နိုင်မယ်မထင်ဘူး"
ကျွန်တော့်ကို အထင်အမြင်သေးတဲ့မျက်နှာနဲ့ ကြည့်ပြီး ပြောလိုက်ပါတယ်။ ကျွန်တော်လည်း လုံးဝ စိတ်ဓါတ်ကျသွားပြီး ထိုင်နေတဲ့ခုံကလေးဆီကို ပြန်ထိုင်လိုက်ရပါတော့တယ်။ ဒီအင်္ကျီလေးက ဈေးကြီးမှန်း ကျွန်တော်သိသားပဲလေ ကိုင်ပြီး ကြည့်ခွင့်လေးတောင် မရှိတော့ဘူးလားဗျာ။
လိုဝေးကတော့ သူ့အာရုံနဲ့သူ သည်းကြီးမည်းကြီး ဈေးဝယ်နေတုန်းမို့ ဒီစာရေးမလေးရဲ့ ရိုင်းပြမှုကို သူ့ကိုမပြောတော့ပါဘူး။
ကျွန်တော် ထိုင်ခုံပေါ်မှာ ထိုင်ပြီး အဲဒီအရောင်းစာရေးမလေးကို တတ်နိုင်သလောက် မုန်းတီးတဲ့ မျက်လုံးနဲ့ စိုက်ကြည့်ရင်းကြည့်ရင်း သောက်မြင်ကပ်တဲ့စိတ်က ပိုပိုလာပါတယ်။ သူကလည်း ပစ္စည်းတွေ တိုက်ချွတ်နေရင်းနဲ့ ကျွန်တော့်ဘက်ကို မကြာခဏ စောင်းမြောင်းပြီး ကြည့်ပါတယ်။
သူ့စိတ်ထဲတော့ ဘာမှဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ် ဒါပေမယ့် ကျွန်တော်ကတော့ သူငါ့ကို အထင်သေးအမြင်သေးနဲ့ ကြည့်နေတာပဲလို့ ထင်နေမိပါတယ်။
လိုဝေးက ဝယ်ချင်တာဝယ်ပြီးလို့ ပြန်လည်းရောက်လာရော အဲဒီကလေးမက အူလျားဖါးလျား ပြေးပြီး -

"ဒါရိုက်တာကြီး အဆင်ပြေခဲ့ရဲ့လား … လိုချင်တာရခဲ့တယ်မဟုတ်လား"
လို့ဖေါ်လံဖါးပြီး မေးပါတော့တယ်။ အတော်ဆိုးဝါးတဲ့ ကောင်မလေးပါလား။
ဇာတ်ကားစရိုက်တဲ့နေ့မှာ ကျွန်တော် မနက်အစောကြီး ရိုက်ကွင်းကိုရောက်သွားတဲ့အချိန်မှာ အဖွဲ့သားတွေအားလုံး မျက်စေ့မျက်နှာ ပျက်နေကြတာကို တွေ့ရပါတယ်။ သူတို့ဆီက ဖိုက်တင်ဒါရိုက်တာက စောစောကလေးကတင် အဆင်မပြေဖြစ်ပြီး ထွက်သွားလို့တဲ့။
ဒါနဲ့ ဒီတာဝန်ကို ကျွန်တော်လုပ်မယ်လို့ ကမ်းလှမ်းလိုက်တော့ သူတို့အားလုံး ချက်ခြင်းပဲ သဘောတူလိုက်ကြပါတယ်။ တကယ်တမ်းကျတော့ ဖိုက်တင်ဒါရိုက်တာလုပ်လို့ ရတဲ့ငွေက ကျွန်တော်မင်းသားအဖြစ် ရတဲ့ သရုပ်ဆောင်ခထက် သုံးဆလောက်တောင် ပိုများပါတယ်။ ပြီးတော့ စဉ်းစားကြည့်ရင် ကျွန်တော်က ဖိုက်တင်ဒါရိုက်တာအလုပ်မှာ ကျွမ်းကျင်နေပေမယ့် သရုပ်ဆောင်အနေနဲ့ကျတော့ အသစ်ဖြစ်နေတာကိုး။
'New Fist of Fury' ဇာတ်ကားရိုက်ရတာ သိပ်တော့ ပျော်စရာမကောင်းလှပါ။
ဒါရိုက်တာလိုဝေးက ကျွန်တော့်ကို ဒုတိယဘရုစလီအဖြစ် ဖန်တီးအသက်သွင်းချင်ခဲ့ပါတယ်။ ဒီကားထဲမှာ ကျွန်တော်က ဒေါသအပြည့်နဲ့ လက်စားချေဖို့ လိုက်ရှာနေတဲ့ သွေးအေးလူသတ်သမားအဖြစ် သရုပ်ဆောင်ရတာ။ ကျွန်တော့်မှာ အဲဒီလို ကာရိုက်တာမျိုး မရှိဘူးလို့ အားလုံးက ဝိုင်းပြီး ထောက်ပြကြပါတယ်။ ကျွန်တော်ကလည်း ဝီလီချမ်းကို နှစ်ကိုယ်ကြား ဆွေးနွေးကြည့်ပါသေးတယ်။

"ကျွန်တော်ကဒီဇာတ်ရုပ်နဲ့ သိပ်ပြီး မသင်တော်လောက်ဘူး … ဒါရိုက်တာကလည်း ကျွန်တော့်ကို ဒုတိယဘရုစလီအဖြစ် ပုံဖေါ်ချင်နေတာ ပြီးတော့ ဒါကကျွန်တော်သွားချင်တဲ့ လမ်းကြောင်းလည်းမဟုတ်ဘူး"

ဇာတ်ကားရိုက်ရင်း စောစောစီးစီး အဆင်မပြေလောက်တဲ့ အခြေအနေတွေ တွေ့လာရတယ်။ ရိုက်ကွင်းမှာလည်း တီးတိုးဝေဘန်သံတွေ ကြားနေရတာပေါ့။
"လူသေခန်းက ရိုက်လာတဲ့ ဒီကောင်ကတော့ နဂါးပဲဖြစ်လာမလား တီကောင်ပဲဖြစ်သွားမလား … တီကောင်ဖြစ်ဖို့က ပိုများပါတယ်လေ"

ဒီဇာတ်ကားကို အသံရောတဲ့အချိန်ကျတော့ ကျွန်တော် မသိမသာသွားပြီး ဘာများပြောကြမလဲဆိုတာ တိတ်တိတ်ကလေး သွားနားထောင်ကြည့်မိပါတယ်။
အသံသရုပ်ဆောင်တွေ အသံဖမ်းတဲ့အခန်းဘေးက အခန်းလေးထဲကနေ ခိုးနားထောင်တာဆိုတော့ သူတို့ကျွန်တော်ရှိနေတာကို မသိကြပါဘူး။ သူတို့အတော်များများက ညဉ့်နက်ပိုင်းကျမှ အဲဒီအလုပ်တွေ လုပ်ကြတာများပါတယ်။ ကျွန်တော့်မျက်နှာကြီး မော်နီတာပေါ်မှာ ပေါ်လာတာနဲ့ သူတို့က ပြောကြပါတော့တယ်။

"လိုဝေးကတော့ ဘယ်လိုစိတ်ကူးနဲ့များ ဒီကောင့်ကို မင်းသားတင်ရိုက်တယ်မသိပါဘူးကွာ … ကြည့်ပါဦး ဒီလိုနှာခေါင်းကြီးကြီး မျက်လုံးမှေးမှေးနဲ့ကောင်ကိုများ … ဒီမျက်ခွက်မျိုးနဲ့ သူ့ကိုယ်သူများ ရှင်းလုံ(Shing Lung) ဆိုတဲ့နာမည်တောင် မတန်မရာ မှည့်ထားလိုက်သေးတယ် … အလကားငွေတွေဖြုန်းပစ်တာနဲ့အတူတူပဲ" တဲ့။

ကျွန်တော် နားထောင်နေရင်းနဲ့ပဲ ပါးပြင်ပေါ်ကို မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။ ပြီးတော့ တိတ်တိတ်ကလေး ပြန်ထွက်လာခဲ့ပါတယ်။ မျှော်လင့်ထားသမျှ သဲထဲရေသွန်ဖြစ်သွားပြီလေ။
Box Office (ကြိုတင်လက်မှတ်အရောင်းစာရင်း)က ကိန်းဂဏန်းတွေ ထွက်လာတော့ အင်မတန်ကို စိတ်ပျက်စရာကောင်းလွန်းလှပါတယ်။
အဲဒီစာရင်းတွေကြည့်ပြီး ကျွန်တော် ဩစတေလျကို ချက်ခြင်းပြန်ပြေးချင်စိတ်ပေါက်သွားမိခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်စိတ်ဖိစီးမှု လျော့လိုလျော့ငြား အကယ်ဒမီမှာတုန်းက လုပ်ခဲ့တဲ့ အလေ့အထအတိုင်း လိုဝေးကုမ္ပဏီရုံးခန်းထဲမှာ တံမြက်စည်းလှည်း၊ အမှိုက်ကောက် လုပ်နေမိပါတယ်။
ကံကောင်းချင်တော့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့အလုပ်ဆိုတော့ လိုဝေးက ကျွန်တော့်ကို တခြားဇာတ်ကားတွေမှာ ထပ်ရိုက်ပါသေးတယ်။ ဒါရိုက်တာ 'ချန်ချီဟွား' (Chen Chi Hwa) ရိုက်တဲ့ 'Shaolin Wooden Men' ဇာတ်ကားမှာပါ။ သူက လူငယ်လေးတယောက်ဖြစ်ပြီး သူနဲ့ကျွန်တော်အလွန်ရင်နှီးခဲ့ပြီး အတူတွဲပြီး ကောင်းကောင်းလုပ်ပြနိုင်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာ သူ့ဆီကနေ ပညာတွေ အများကြီးရခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထွက်လာတော့ ထုံးစံအတိုင်း ဂွမ်းတာပါပဲဗျာ။
ဒီအတိုင်းပဲ ဆက်သွားနေရင်းနဲ့ လအတော်ကြာတော့ စူပါစတားဒါရိုက်တာ ဂျင်မီဝမ်နဲ့ 'Killer Meteors' ဇာတ်ကားမှာ တွဲပြီးရိုက်ဖြစ်ခဲ့ပါတယ်။ နောက်ထပ် 'To Kill with Intrigue' နဲ့ 'Snake and Crane'၊ 'Arts of Sholin'၊'Half a Loaf of Kung Fu'၊ Spiritual Kung Fu' နဲ့ 'Dragon Fist' ဇာတ်ကားတွေမှာ အဓိကဇာတ်ဆောင်နေရာကနေ ရိုက်ခွင့်ရခဲ့ပါတယ်။
ကျွန်တော်လည်း ကျွန်တော့်ကား တကားထွက်တိုင်း ကျွန်တော့်အကြောင်းပြောတာကို သိချင်လို့ ရုပ်ရှင်အသံတည်းဖြတ်ခန်းထဲကလူတွေရဲ့ စကားသံတွေကို ခိုးဝင်ပြီးနားထောင်လေ့ရှိပါတယ်။
အကြိမ်တိုင်းလည်း ပက်ပက်စက်စက် ဝေဘန်တဲ့ မှတ်ချက်ပေးတဲ့ အသံတွေ ကြားခဲ့ရတာချည်းပဲ။ နားထောင်ဖြစ်တဲ့ အကြိမ်တိုင်းလည်း မျက်ရည်ကျပြီး ထိုင်ငိုခဲ့ရပါတယ်ခင်ဗျာ။ အခုတော့ နားလည်သွားခဲ့ပါပြီ။
အသံထပ်တယ်( Dubbing) ဆိုတာ ရိုက်ကွင်းတခုချင်းတခုချင်းစီကို အပြန်ပြန်အလှန်လှန် ကြည့်ပြီးလုပ်ရတဲ့အလုပ်ဆိုတော့ ကျွန်တော့်မျက်နှာကြီးကို သူတို့ မကြည့်ချင်လည်း အကြိမ်ကြိမ်အခါခါ ကြည့်ရလွန်းတော့ ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်ပုံရပါတယ်။
ကြာတော့လည်း ကျွန်တော့်အတွက် ကျင့်သားရပြီး ဒီဝေဘန်မှုတွေက ရိုးသွားပါတော့တယ်။ တခါတလေဆို သူတို့ ဝေဘန်လေကန်နေတာကို နားထောင်ရင်း တဖက်အခန်းလေးထဲမှာ အိပ်ပျော်သွားပါသေးတယ်။
ဒီဇာတ်ကားတွေရဲ့ ကျောရိုးက တခါလာလည်း 'မဲပြာပုဆိုး'ဆိုသလို လက်စားပြန်ခြေတဲ့ ဇာတ်လမ်းအကြောင်းအရာ တခုထဲနဲ့ပဲ ထပ်ကာထပ်ကာ လည်နေပါတော့တယ်။
ဘယ်လောက်ပဲ ရှုံးရှုံး ဒီဘောင်ထဲကကို မထွက်နိုင်ခဲ့ပါဘူး။ ဒီတော့ ကျွန်တော့် နာမည်ကလည်း ပုံမှန်လေးပဲ ဆက်သွားနေသလို Box Office မှာလည်း လက်မှတ်ရောင်းနှုန်းက ပိုလို့သာကျလာပါတယ်။

__________________________________________

အခုချိန်ထိ ကျွန်တော့်စာကိုဖတ်နေကြတဲ့ ပရိသတ်ကြီးလည်း 'ဒီကောင် မအောင်မြင်ခင်မှာ ဘယ်နှစ်ကြိမ်လောက်တောင် ကျရှုံးနေမှာလဲ' လို့ စိတ်ထဲမှာ တွေးနေကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်ခင်ဗျာ။ ကျွန်တော်လည်း ဒီအတွေးကို နေ့တိုင်းနေ့တိုင်း မိနစ်၊စက္ကန့်မလပ် တွေးနေခဲ့မိတယ်ဆိုတာကို ယုံပါ။
အဲဒီအချိန်အထိ လုပ်ခဲ့ရတာတွေက သိုင်းပညာရှင်၊ ဖိုက်တင်ဒါရိုက်တာ၊ဇာတ်ပို့ ဇာတ်ရံအလုပ်တွေ အမျိုးမျိုး စုံအောင်ကြိုးစားနေခဲ့ပြီး ကိုယ့်နာမည်က ငရဲတွင်းထဲကျနေသလို လူမသိသူမသိပဲ ရှိနေခဲ့ပါသေးတယ်။
ကျွန်တော့်အတွက်တော့ 'လိုဝေး'ကုမ္ပဏီနဲ့ စာချုပ်ထားတဲ့ ကာလတခုလုံးဟာ ဇာတ်ကားတွေ တကားပြီးတကားသာ ရိုက်ပြီးသွားပေမယ့် ဘဝက ခက်ခဲကြမ်းတမ်းနေဆဲပါ။
ကျွန်တော်နဲ့ သူတို့နဲ့ကြားက ပြဿနာကို ရှင်းရှင်းလင်းလင်းသိပါတယ် ဒါပေမယ့် သူတို့က ကျွန်တော်ဘာပြောပြော နားမထောင်တော့ ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူး။ ဘယ်ဇာတ်ကားမှာပဲဖြစ်ဖြစ် ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက အကြီးပိုင်းအားလုံးက ကျွန်တော့်ကို သူတို့နဲ့ ငြင်းခုံဆွေးနွေးခွင့် လုံးဝမပေးခဲ့ကြပါဘူး။
ဒီလိုနဲ့ တနေ့မှာတော့ 'Independent Film' က ရုပ်ရှင်ထုတ်လုပ်သူ မစ္စတာဝူရှီးယွင် (Mr. Ng See-Yuen) ကျွန်တော့်ကိုလာတွေ့ပြီးတော့ သူ့ကုမ္ပဏီက ဇာတ်ကားအသစ်တကားရိုက်ဖို့ 'လိုဝေး'ကနေ ကျွန်တော့်ကို ငှါးရမ်းလိုကြောင်း ပြောလာပါတယ်။
ဒီထုတ်လုပ်သူအသစ်နဲ့ ရိုက်ရမယ်ဆိုရင် ကျွန်တော့်စိတ်ထဲမှာ ပူပန်နေမိတာက သူတို့ကလည်း လိုဝေးရဲ့ ပုံစံဟောင်းဖေါ်မြူလာကြီးအတိုင်းလိုက်ရိုက်ပြီး ထိုးဖေါက်မထွက်နိုင်မှာကိုပါ။

"မင်းမှာရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဘယ်လိုဇာတ်ကားမျိုး ရိုက်ချင်လဲ" လို့ သူက ပွင့်ပွင့်လင်းလင်း မေးလာပါတယ်။

ကျွန်တော် အဲဒီမေးခွန်းကို ချက်ခြင်းမဖြေခဲ့ပါ။ အရင်ထုတ်လုပ်သူတိုင်းကို ကျွန်တော် ပြောဖူးလှပါပြီ။ ကျွန်တော့်ထင်မြင်ချက်နဲ့ အကြံဉာဏ်တွေကို ဘယ်သူမှ တန်ဖိုးမထားကြတာမို့ အမြဲတမ်း တိတ်ဆိတ်နေခဲ့ဖူးပေါင်းလည်း များလှပြီလေ။
ကျွန်တော် အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ -

"ဆရာဝူ … အရင်ထုတ်လုပ်သူတိုင်းက ကျွန်တော့်ကို ဒုတိယဘရုစ်လီအဖြစ်နဲ့ အသက်သွင်းဖို့ ကြိုးစားနေကြတာချည်းပဲ … ကျွန်တော့်ကို အဲဒီပုံစံအတိုင်း မဖြစ်ဖြစ်အောင် ပုံသွင်းနေကြတာ … ဒါပေမယ့် ဒါကဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူးဗျ … ဒီလိုဂန္တဝင်ဆန်တဲ့ ပုဂ္ဂိုလ်တယောက်ကို ဘယ်သူမှ ကျော်လွန်အောင် လုပ်နိုင်ကြမှမဟုတ်ဘူး …ဒီတော့ ကျွန်တော်တို့ သူနဲ့ လုံးဝ မတူညီ ခြားနားတဲ့ လမ်းကြောင်းတခုကို စမ်းပြီး မလျှောက်သင့်ပေဘူးလား …"

ကျွန်တော် အဲလိုပြောလိုက်တော့ မစ္စတာဝူက သဘောတူပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အားတက်သရောဖြစ်လာပြီး -

"ဥပမာဗျာ လှုပ်ရှားမှုပိုင်းဆိုပါတော့ … ဘရုစလီရဲ့ ကန်ချက်တွေက အမြဲတမ်း အမြင့်ကန်ချက်တွေချည်းသုံးလေ့ရှိတယ် … ဒီတော့ ကျွန်တော်က အောက်ပိုင်း အနိမ့်ကန်ချက်တွေချည်း သုံးပြမယ်ဗျာ … နောက်ပြီး ဘရုစလီဆိုရင် အမြဲတမ်း ဖိုက်တင်ခန်းတွေမှာ သူ့ရဲ့စွမ်းအားနဲ့ ဒေါသကို သရုပ်ဖေါ်တဲ့အနေနဲ့ မျက်နှာအမူအရာလုပ်ပြီး မာန်သွင်းအော်ဟစ်ပြတတ်တယ် …
ကျွန်တော်ကတော့ ဒီလိုမလုပ်ချင်ဘူး ကျွန်တော့်မျက်နှာမှာ နာကျင်မှုကို မခံစားနိုင်တဲ့ပုံစံနဲ့ အော်ငြီးပြီး ရှုံ့မဲ့နေမယ် … ပရိသတ်ရဲ့ မျက်စေ့ထဲမှာ ဘရုစလီဟာ စူပါလူသားတယောက်အဖြစ် မြင်နေကြပေမယ့် ကျွန်တော်ကတော့ သာမာန်လူတယောက်အဖြစ်ပဲ လုပ်ပြချင်တယ် … သာမာန်လူဆိုတော့ တိုက်ရင်းခိုက်ရင်းနဲ့လည်း အမှားတွေ တလွဲတချော်တွေ ဖြစ်သွားနိုင်တယ် သူမလုပ်နိုင်တာတွေလည်း ရှိချင်ရှိတာမျိုးကို ပြချင်တာဗျ"

ကျွန်တော့်ရဲ့ အမူအရာသရုပ်ပြမှုနဲ့ အားတက်သရောပြောလို့အပြီးမှာတော့ မစ္စတာဝူက ကျွန်တော့်လက်ကို ဖက်လှဲတကင်းလာနှုတ်ဆက်ပြီး -
"မင်းပြောတာ သိပ်မှန်တယ် … ဒါ ငါတို့လုပ်မယ့်ဇာတ်ကားမျိုးပဲ"
ကျွန်တော့်ရဲ့ အဲဒီစိတ်နဲ့ပဲ မစ္စတာဝူနဲ့အတူ ပူးပေါင်းဖြစ်လာခဲ့ပါတော့တယ်။ လျင်လျင်မြန်မြန်ပါပဲ ကျွန်တော်တို့ဟာ 'Eagle's Shadow' နဲ့ 'Drunken Master' ဇာတ်ကားတွေကို ရိုက်ဖြစ်ခဲ့ကြပါတယ်။ နှစ်ကားစလုံးဟာ ကြီးကြီးမားမား အောင်မြင်မှုတွေရရှိလာခဲ့ပြီး ဘရုစလီရဲ့ အရိပ်အောက်ကနေ လွတ်မြောက်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ပဲ Box Office မှာ ကျွန်တော်ဟာ စံချိန်ချိုးခဲ့ပါတယ်။
ဒီလောက် နှစ်တွေကြာအောင် အလဲလဲအကွဲကွဲ ရှုံးနိမ့်ခဲ့တဲ့ ကျွန်တော်ဟာ နာမည်ကျော်တယောက် ဖြစ်လာခဲ့ပါတော့တယ်ခင်ဗျာ။

(နောက်နေ့မှ နောက်တပိုင်း ဆက်တင်ပါ့မယ် ကျွန်တော်ဘာသာပြန်ရတာ အားရှိသွားအောင် Like & Share လုပ်ပြီး အားပေးတော်မူကြပါဦးခင်ဗျာ)

 #အခန်း ၉ "ဩစတေးလျသို့ ဒုတိယအကြိမ်"(ဂျက်ကီချမ်း၏ Never Grow Up ကို ပြန်ဆိုသည်) ဟောင်ကောင်ကို ပြန်ရောက်လို့ ကျွန်တော့်တို...
11/06/2022

#အခန်း ၉
"ဩစတေးလျသို့ ဒုတိယအကြိမ်"
(ဂျက်ကီချမ်း၏ Never Grow Up ကို ပြန်ဆိုသည်)
ဟောင်ကောင်ကို ပြန်ရောက်လို့ ကျွန်တော့်တိုက်ခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ အတော်လေး ထိတ်လန့်သွားမိပါတယ်။ လအတော်ကြာအောင် လူမနေခဲ့တဲ့အတွက် တခန်းလုံးမှာ ဖုန်တွေ ပင့်ကူမျှင်တွေ ရှုပ်ပွလို့ပါလား။ ပရိဘောဂတွေလည်း ပျက်စီးတဲ့ဟာတွေကလည်း ပျက်စီးကုန်ပါပြီ။
ပထမဦးဆုံး အခန်းကို သန့်ရှင်းရေးပြန်လုပ်ပြီး ပစ္စည်းတွေကို နေသားတကျ ပြန်ထားရပါတယ်။ ပြီးကာမှာ ကျွန်တော် ဆာမို့ဆီကို ဖုန်းဆက်ပြီး အလုပ်တခုခု ရှာပေးဖို့ ပြောပါတယ်။
သူ ကျွန်တော့်အတွက် လုပ်ပေးရှာပါတယ်၊ ဒါနဲ့ပဲ ကျွန်တော် Golden Harvest ရုပ်ရှင်ကုမ္ပဏီမှာ အလုပ်တခု ရခဲ့ပါတယ်။ ကွန်ဖူးရုပ်ရှင် ရိုက်ကူးရေးမှာ ရိုက်ကွင်းတွေကအစ အရင်လိုမဟုတ်တော့ပါဘူး အချိန်တိုအတွင်းမှာ အများကြီးပြောင်းလဲသွားခဲ့ပါတပြီ။ ကျွန်တော့်အတွက်လည်း စတူဒီယိုကို ပြန်ရောက်လာခဲ့တဲ့အချိန်မှာ လူသစ်တယောက်လို ပြန်ဖြစ်နေခဲ့ပါတယ်။
ကုမ္ပဏီက လက်ရှိရိုက်နေတဲ့ ဇာတ်ကားနာမည်က 'Hand of Death' တဲ့။ ဒီကားမှာ ဆာမိုက ဖိုက်တင်ဒါရိုက်တာဖြစ်ပြီး ကျွန်တော်က သူ့လက်ထောက်ပါ။ နောက်ပြီး ဇာတ်ရံအဖြစ်လည်း ပါရပါတယ်။ ဒါရိုက်တာရဲ့ နာမည်က 'John Woo' တဲ့။ ကျွန်တော် ဆာမို့ကို မေးမိပါတယ် -
"John Woo ဆိုတာ ဘယ်သူလဲကွ … ငါတော့ သူ့အကြောင်း တခါမှ မကြားဖူးသေးဘူး"
"သူက အသစ်ကွ" လို့ပြန်ပြောပါတယ်။
ဒီနေ့ခေတ်မှာတော့ ဂျွန်ဝူးဟာ ကမ္ဘာကျော် ရုပ်ရှင်ကြီးတွေ ဒါဇင်ပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ ကျော်ကြားတဲ့ ဒါရိုက်တာတဦးဖြစ်နေပါပြီ။ ၁၉၇၀ ပတ်ဝန်းကျင်တုန်းကတော့ သူဟာ လူမသိသေးတဲ့ အစိမ်းသက်သက်ပေါ့။ ကျွန်တော်လည်း အတူတူပါပဲလေ။
ဒါရိုက်တာအတော်များများကတော့ ဖိုက်တင်ခန်းရိုက်မယ်ဆိုရင် သူတို့လိုချင်တာတွေကို ဖိုက်တင်ဒါရိုက်တာကို လုံးလုံးလျားလျား တာဝန်လွှဲလိုက်ပြီး သူတို့က တော်ရာမှာ သွားအိပ်နေလေ့ရှိပါတယ်။ ဒါပေမယ့် ဂျွန်ကတော့ အဲဒီလိုမဟုတ်ဘူး။
သူက အားလုံးကို အသေးစိတ်လိုက်ကြည့်တယ်၊ အနီးကပ်လေ့လာတယ်၊ ပြီးတော့ ရိုက်ချက်တခုစီတိုင်းကို အဆက်အစပ်ကောင်းဖို့ ရုပ်လုံးပေါ်လာအောင် ဘယ်လိုအခန်းခွဲရိုက်ရမယ်ကအစ ဆွေးနွေးပါတယ်။ သူက အားလုံးနဲ့အဆင်ပြေအောင်ဆက်ဆံတတ်သူပါ၊ အရင်တုန်းကကျွန်တော့်ကို တိုက်ပေါ်က အကြမ်းပတမ်းကြီး ခုန်ချခိုင်းတဲ့ ဝုန်းဒိုင်းကျဲနေတဲ့ ဒါရိုက်တာမျိုးနဲ့ တခြားစီပါပဲ။
ရိုက်ကွင်းပြီးလို့ နားနေတဲ့အချိန်တိုင်းမှာလည်း သူက ကျွန်တော့်ကို ဒါရိုက်တာအလုပ်အကြောင်းတွေ အများကြီး သင်ကြားပေးခဲ့ပါတယ်။ တချိန်မှာ ကိုယ်တိုင်ဒါရိုက်တာဖြစ်လာခဲ့ပြီး ကောင်းကောင်း လုပ်နိုင်လာခဲ့တာဟာ သူ့ကျေးဇူးတွေကြောင့်ပါပဲ။
အားလုံးကို ခြုံပြောရရင်တော့ သူဟာ အင်မတန်တော်ပြီး ကျွန်တော် အထင်ကြီးလေးစားရတဲ့ ပုဂ္ဂိုလ်တယောက်ပါပဲခင်ဗျာ။ နောင်နှစ်ပေါင်းများစွာကြာခဲ့ပြီး ကျွန်တော်တို့ ဟောလီးဝုဒ်မှာ ပြန်ဆုံကြတော့ Hand of Death ဇာတ်ကားရိုက်တုန်းကအကြောင်းတွေ ပြန်ပြီး စမြုံ့ပြန်ဖြစ်ကြပါသေးတယ်။ ရယ်စရာမောစရာလေးတွေ ပြန်ပြောဖြစ်ကြပြီး ကြည်နူးစရာပါပဲ။ ကျွန်တော်တို့နှစ်ယောက် ဒီခရီးအထိ ခက်ခဲခဲခဲ ရောက်လာခဲ့ကြတာဆိုတော့ ပြောမဆုံးပေါင် တောသုံးတောင်ပေါ့ဗျာ။
အဲဒီ ဇာတ်ကားက အညံ့ကြီးမဟုတ်ပေမယ့် ကျွန်တော်တို့ ကောင်းကောင်း မရိုက်လိုက်ရပါဘူး။ ဘရုစ်လီ ကွယ်လွန်ပြီးနောက်မှာ ရုပ်ရှင်လုပ်ငန်းတွေဟာ လုံးဝကို ထိုးကျသွားခဲ့ပါတယ်။ ဆာမို့အဆက်အသွယ်နဲ့ အလုပ်ကလေးရလို့ ကောင်းကောင်း လုပ်ရမယ်လို့မျှော်လင့်ထားခဲ့မိတာ သူက ကျွန်တော့်ကို စိတ်ပျက်စရာ သတင်းတချို့ကို ပြောပါတယ်။
"စတူဒီယိုက နောက်ထပ် ဆက်လုပ်မယ့်ပရောဂျက်အတော်များများကို ဖျက်သိမ်းလိုက်ပြီ" တဲ့။
သူပြောတဲ့ စကားအဓိပ္ပါယ်ကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားဆိုတာကို လက်ခံဖို့ အင်မတန်ခက်ခဲလွန်းလှပါတယ်။
"မင်းကိုဆက်ပြီး အလုပ်ပေးမထားနိုင်တာ စိတ်မဆိုးပါနဲ့ကွာ … ဒါကငါ့ကိုယ်ပိုင်အလုပ်မဟုတ်တော့လည်း မင်းကို ဆက်ခေါ်ထားလို့မရဘူးလေ"
ကျွန်တော် ထိုင်ခုံပေါ်ကို ခြေပစ်လက်ပစ်နဲ့ ထိုင်လိုက်မိပါတယ်။ ရုပ်ရှင်စတူဒီယိုတွေမှာလည်း သူတို့အတိတ်က အောင်မြင်မှုကို ဖေါ်ပြခဲ့တဲ့ ရုပ်ရှင်ပိုစတာတွေသာ ချိတ်ဆွဲလျက် ကျန်နေပါတော့တယ်။ သူတို့အားလုံးမှာ အနာဂါတ်ဆိုတာ ရှိသေးရဲ့လား။
ရုပ်ရှင်လုပ်ငန်းကြီး ဘာဆက်ဖြစ်မယ်ဆိုတာ ကျွန်တော် လုံးဝမမှန်းဆတတ်တော့ပါဘူး။ ကျွန်တော်ရှေ့ဆက်ပြီး လျှောက်စရာလမ်းလည်း ပျောက်ကွယ်သွားသလိုပါပဲ။ ဝင်ငွေကလည်း ကျွန်တော့ခန္ဒာကိုယ်ကြီးတခုလုံး ရင်းပြီး လုပ်တာတောင်မှ တရက်ကို ဒေါ်လာ ၅၀ ထက်ပိုမရနိုင်တော့ပါဘူး။ ဆိုးလိုက်တဲ့ ဘဝကြီးပါလားနော်။
ကျွန်တော် လုံးဝကျရှုံးသွားပြီဆိုတော့ မိဘတွေဆီ ပြန်ရုံကလွဲလို့ ဘာလုပ်ဖို့ ကျန်တော့မှာလဲ။
ကျွန်တော် ဟောင်ကောင်ကို ပြန်လာရတဲ့ ရည်ရွယ်ချက်က အလုပ်တွေ ပြန်ကြိုးစားရင်း အောင်မြင်အောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာခဲ့ခြင်းပါ။ အခုတော့ အဲဒီအစား အရှုံးကို ရင်ဝယ်ပိုက်ပြီး ဩစတေလျကို အရှက်တကွဲနဲ့ ပြန်ရပါတော့မယ်။
စိတ်ထဲမှာ လုံးဝမကောင်းပါ။ ကျွန်တော့် ပိုက်ဆံရှိသမျှလေးကလည်း ကုန်လုကုန်ခင်နဲ့ စားရေးသောက်ရေးတောင် ခက်ခဲလာခဲ့ပါတယ်။ ကျွန်တော့်အသက် ငယ်ငယ်လေးကတည်းက ကျွန်တော်တတ်တဲ့ပညာဆိုလို့ အကယ်ဒမီမှာသင်ကြားခဲ့တဲ့ ကွန်ဖူးပဲရှိပါတယ်။ ကျွန်တော် နောက်တကြိမ် ရှုံးနိမ့်ပြီး ဆုတ်ခွါရတော့မှာလား။ တခြားနည်းလမ်းလည်း ရွေးစရာရှိပုံမပေါ်တော့ပါဘူးလေ။
အိမ်အပြန်လမ်းတလျှောက်မှာ လမ်းဘေးတဖက်တချက်က မိုးမျှော်တိုက်ကြီးတွေနဲ့ တောက်ပနေတဲ့ မြို့ပြမီးရောင်တွေကို အဓိပ္ပါယ်မဲ့ ငေးမောကြည့်နေမိပါတယ်။ ဒါတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်သလိုပါပဲလား။ ရုပ်ရှင်ကား ဒါဇင်ပေါင်းများစွာ ရိုက်ခဲ့ဖူးတာတောင်မှ ကျွန်တော်က အရှုံးသမားတယောက်ဖြစ်နေတုန်းပါပဲ။
တိုက်ခန်းပြန်ရောက်လို့ စုဆောင်းထားတဲ့ ငွေလေးတွေ ရေတွက်ကြည့်လိုက်တော့ ဩစတေလျကိုပြန်ဖို့ လေယာဉ်လက်မှတ်ခတောင် မပြည့်တော့ပါဘူး။
အဲဒီအတောအတွင်းမှာပဲ ကျွန်တော့်ရဲ့ ရည်းစားလေး 'ချန်း' ဟာပုံပြင်ထဲက နတ်သမီးလေးတပါးလို ပေါ်လာခဲ့ပါတယ်။ သူ ကျွန်တော့ ဒုက္ခတွေအကြောင်း ကြားပုံရပါတယ် ကျွန်တော့်ရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ ကျွန်တော့လက်ထဲကို ဟောင်ကောင်ဒေါ်လာ နှစ်သောင်းလာထည့်ပေးသွားခဲ့ပါတယ်။
ဒီလောက်ငွေပမာဏအများကြီးကို ကျွန်တော်မယူရက်လို့ အမျိုးမျိုးငြင်းပါသေးတယ်။ ဒါပေမယ့် သူက ဒီငွေက ချေးတာသာဖြစ်ပြီး တချိန်ကျရင် ပြန်ဆပ်ပါလို့ ပြောပြီး ပေးသွားခဲ့ပါတယ်။ ပိုက်ဆံကို ယူသာယူထားလိုက်ရတယ် စိတ်ထဲကတော့ လုံးဝမကောင်းပါဘူး။
ကျွန်တော်မထွက်ခွါခင်မှာ အဖေနဲ့အမေတို့ဖို့ နာရီဆိုင်တဆိုင်က ဖန်စီနာရီလေးတွေဝယ်သွားပါတယ်။ ပြီးတော့ ကျွန်ဒိုတိုက်ခန်းက မန်နေဂျာအတွက်ရောပေါ့။ အဲဒါက ထောင်ဂဏန်းလောက်တော့ ကုန်သွားပါတယ်။ ကျွန်တော် ဟောင်ကောင်ကို တိတ်တိတ်ကလေးနှုတ်ဆက် ထွက်ခွါခဲ့ပါတော့တယ်။
(ဒါလောက်ဆိုရင် ကျွန်တော့်ရည်းစားလေး ချန်းနဲ့ပတ်သက်ပြီး ကျွန်တော် သူ့အပေါ် ဘယ်လောက်တောင် မကောင်းခဲ့ဘူးဆိုတာ အားလုံး သိသွားလောက်ပါပြီနော်။ ဒါကြောင့်လည်း ကျွန်တော် ချမ်းသာလာတော့ သူ့ရဲ့ စေတနာ မေတ္တာနဲ့ ကျေးဇူးကြွေးတွေကို ကျွန်တော် ပြန်ပြီးပေးဆပ်ဖို့ အမျိုးမျိုး ကြိုးစားခဲ့တာပါ။)
ဩစတေလျကို သွားတဲ့ ဒုတိယအခေါက်ကတော့ ပထမအကြိမ်ကထက် ပိုပြီးချောမွေ့လွယ်ကူခဲ့ပါတယ်။ ကျွန်တော်ဝယ်လာတဲ့ နာရီလေးကို အမေ့ကိုပေးတော့ အမေငိုရှာတယ်။ ဒါဟာ အမေ့အတွက် ပထမဆုံး ကျွန်တော့်ရဲ့ လက်ဆောင်လေးပါ။ အဖေကလည်း ဘာမှတော့မပြောပေမယ့် အဲဒီနာရီကို လက်မှာတန်းပတ်ပြီး အဝတ်နဲ့ ပွတ်တိုက်နေတာ ရပ်ကို မရပ်တော့ပါဘူး။ သူတို့နှစ်ယောက်လုံး ကျွန်တော်ပြန်လာတာကို အင်မတန်ကျေနပ်နေကြတယ်ဆိုတာ သိသာပါတယ်။ အခုမိသားစု စုံစုံညီညီ ပြန်နေလို့ရပြီလေ။
ဒီတကြိမ်မှာတော့ ကင်ဘာရာမှာ ကျွန်တော့်ဘဝကို သေသေချာချာ ပြန်ပြီး တည်ဆောက်ပါ့မယ်လို့ လေးလေးနက်နက် သံန္နိဌာန်ချထားလိုက်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကိုလည်း ညနေပိုင်းသင်တန်းတက်ပြီး လေ့လာပါတယ်။ အဲဒီအတန်းမှာ ဆရာမက ကျွန်တော့်ကို နာမည်မေးပါတယ်။
"ကျွန်တော့်နာမည် 'ချန်ကောင်းဆန် (Chan Kong-Sang)' ပါ"
"အဲဒီနာမည်နဲ့တော့ မဖြစ်သေးဘူး ငါတို့ မင်းကို 'စတီဗင်' လို့ခေါ်မယ်"
အဖေအလုပ်လုပ်တဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးတရုံးလုံးကတော့ ကျွန်တော့်ကို 'ပေါလ် (Paul)' လို့ခေါ်ကြပါတယ် အစောင့်စစ်သားတွေကအစပေါ့။
အဖေတို့ ကျွန်တော့်ကို ခေါ်တဲ့နာမည်ကို ကြားကြလို့ထင်ပါရဲ့။ ကျွန်တော့်ကို အဖေတို့က အမြောက်ဆံလေးလို့ခေါ်ကြတာလေ။ အမြောက်ဆံလေး ဆိုတာကို ကန်တုံစကားသံနဲ့ဆိုရင် 'အားပေါင် (Ah Pau)' လို့အသံထွက်ပါတယ်။ ပေါလ် ဆိုတဲ့နာမည်ဟာ အင်္ဂလိပ်နာမည်မှာလည်းရှိတယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ ဒါနဲ့ပဲ အိမ်မှာနေရင် ပေါလ်၊ စာသင်ခန်းမှာတော့ စတီဗင်ဖြစ်ခဲ့ပါတော့တယ်။
ဆရာမရဲ့ စကားပြောက အင်မတန်မြန်လွန်းတော့ ကျွန်တော် မလိုက်နိုင်တော့ပါဘူး။ ဒါနဲ့ပဲ ကျွန်တော် အင်္ဂလိပ်စကားပြောသင်တန်းကို ဆက်မတက်တော့ပါဘူး။
ဒီမှာနေထိုင်ရင်း ဘဝသစ်တခုတည်ဆောက်ဖို့ နောက်ထပ်ခြေလှမ်းတလှမ်းကတော့ အလုပ်တခုရဖို့ပါပဲ။ သံရုံးကို အပြင်ကလာအလုပ်လုပ်တဲ့ ထိုင်ဝမ်ယာဉ်မောင်းကြီးရဲ့ အဆက်အသွယ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ ဘိလပ်မြေဖျော်တဲ့ အလုပ်တခုရပါတယ်။
အလုပ်ဆိုက်ထဲကိုရောက်တော့ အလုပ်ကြီးကြပ်ရေးမှူးက ကျွန်တော့်နာမည်ကိုမေးတော့ ထိုင်ဝမ်ကားဆရာကြီးက 'ဂျက် (Jack)' လို့ပြောလိုက်ပါတယ်။ တကယ်တော့ သူ့နာမည်ကမှ ဂျက်။ အဲဒီနေ့ကစလို့ အလုပ်ထဲမှာဆိုရင် ကျွန်တော့နာမည်က 'ဂျက်' ဖြစ်သွားပါတော့တယ်။
ကျွန်တော့် အင်္ဂလိပ်စကေးကလည်း အဲဒီအချိန်မှာ နည်းနည်းတော့ တိုးတက်လာပြီဆိုတော့ 'ဂျက်ချမ်း' ဆိုတာကြီးက နားထဲမှာ ထောင့်နေတယ်ဆိုတာ သိလာပါပြီ ခေါ်လို့လည်းမကောင်းဘူး။ ဒါနဲ့ပဲ 'Jack' (ဂျေအေစီခေ) ရဲ့နောက်မှာ 'y' ဝိုင်' လေးတလုံး ထပ်ဖြည့်ပစ်လိုက်တာပေါ့။ ဒါနဲ့ပဲ 'Jacky' (ဂျက်ကီ) ဆိုတာဖြစ်လာခဲ့တာပါ။
နေ့တိုင်း မနက်ငါးနာရီဆိုရင် အိပ်ယာကထပြီး ဆိုက်ထဲသွားဖို့ လမ်းဘေးမှာ ကားစီးဖို့ ရောက်နေရပါပြီ။ အလုပ်ထဲကိုရောက်တာနဲ့ မနက်ခင်း ချမ်းချမ်းဆီးဆီး လေတိုက်ကြီးထဲမှာ ဘိလပ်မြေတွေ ဖျော်ပြီး လက်တွန်းလှည်းကလေးနဲ့ တွန်းနေရပါပြီ။
ကွန်ဖူးလေ့ကျင့်ခဲ့တာတွေရဲ့ အကျိုးဆက်က အဲဒီမှာ အလုပ်ကို ပိုပြီးမြန်ဆန် တွင်ကျယ်အောင် လုပ်နိုင်ခဲ့တာပေါ့။ ဒါပေမယ့်လည်းဗျာ တနေကုန်လို့ အလုပ်ပြီးချိန်ဆိုရင် တကိုယ်လုံးကို မလှုပ်ချင် မသယ်ချင်တော့အောင် ပင်ပန်းခဲ့ပါတယ်။
အုတ်တံတိုင်းလုပ်နေတဲ့ ပန်းရန်အဖွဲ့တွေဆီကနေ လေးလေးစားစားသင်ယူရင်း အတွေ့အကြုံလေးနည်းနည်းရလာတော့ ပန်းရန်ပိုင်းကို ဝင်လုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာလည်း ဆက်ပြီး သူတို့ဆီက ရသလောက် ကြိုးစားပြီး သင်ယူခဲ့ပါသေးတယ်။
အဲဒီကာလတွေတုန်းက ကျွန်တော့်ဘဝဟာ စနစ်တကျ ပုံမှန်လည်ပတ်နေပြီး ပျော်ရွှင်မှုကတော့ လုံးဝမရှိလှပါ။ တရက်ပြီးတရက် အိပ်ယာက နိုးလာတဲ့ အချိန်တိုင်းမှာ ကျွန်တော့်ရဲ့ ပျက်စီးခဲ့ရတဲ့ အိပ်မက်တွေနဲ့ အတိတ်အကြောင်းတွေးပြီး ကျွန်တော့်နှလုံးသားက နာကျင်ကြေကွဲနေခဲ့ရပါတယ်။ ဒါနဲ့ပဲ တမျိုးစဉ်းစားမိတယ်။
'ငါနောက်ထပ် အလုပ်တခုလောက် ဆက်လုပ်နေလိုက်ရင် နေ့ရက်တွေက လွယ်လွယ်နဲ့ ကုန်သွားပြီး ဒီအကြောင်းတွေကို ပြန်တွေးဖြစ်နေမှာမဟုတ်ဘူး' လို့။
နောက်ပြီး 'အလုပ်နှစ်ခုလုပ်လို့ ငွေပိုရရင် အပျော်အပါးနဲ့ ကိုယ်လုပ်ချင်တာလေးလည်း လုပ်လို့ရနိုင်မှာပဲ' လို့။ ဒါနဲ့ပဲ အဖေ့သူငယ်ချင်းတယောက်ဖွင့်ထားတဲ့ 'Lotus' ဆိုတဲ့ စားသောက်ဆိုင်မှာ ဒုတိယအလုပ်တခု လုပ်ခဲ့ပါတော့တယ်။
ကျွန်တော့်ရဲ့ နေ့စဉ်အလုပ်ဇယားအသစ်က နေ့ဘက် ပန်းရန်နဲ့ ဘိလပ်မြေဖျော်လုပ်ငန်းလုပ်၊ ညနေ လေးနာရီခွဲ အလုပ်သိမ်းပြီး အိမ်ကို ရေချိုးဖို့ပြန်၊ ညနေငါးနာရီမှာ စားသောက်ဆိုင်ကို အလုပ်လုပ်ဖို့ ထွက်လာခဲ့ပါတယ်။
အဲဒီဆိုင်မှာ လခက တလကို ဒေါ်လာ ၈၀၀ ရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ အိမ်ပြန်လာရင် လမ်းမှာ တောအုပ်ကလေးတခုကို ဖြတ်လျှောက်ရပါတယ်။
ကျွန်တော့်အိမ်အပြန်ကို အမေက စောင့်ကြိုနေတာဖြစ်တဲ့အတွက် လမ်းခုလတ်တောအုပ်ကလေးကိုရောက်ရင် ကျွန်တော့်ကိုယ်ခန္ဓာမှာ ကပ်နေတဲ့ ဖုံတွေ သဲတွေ ဘိလပ်မြေတွေကို ပြောင်စင်သွားအောင်သုတ်၊ မျက်နှာအမူအရာကိုလည်း ပင်ပန်းလာတဲ့ ရုပ်မပေါ်အောင် ပြုပြင်ပြီးမှ အိမ်ကိုသွားပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ကျနေပါစေ ဘယ်လောက်ပဲ ပင်ပန်းနွမ်းနယ်နေပါစေ ကျွန်တော် အိမ်ရှေ့ကိုရောက်တာနဲ့ လေကလေးတချွန်ချွန်နဲ့ အိမ်တံခါးဝကို လျှောက်သွားပြီး ပြန်အလာကို စောင့်ကြိုနေတဲ့ အမေ့ကို ပွေ့ဖက်ထားလိုက်ပါတယ်။
"ငါ့သား မင်းအလုပ်ထဲမှာ အတော်ပင်ပန်းသလား" လို့မေးလာရင် -
"မပင်ပန်းပါဘူး … ဒါလောက်တော့ အေးအေးဆေးဆေးပါ" လို့ပြောလေ့ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော် အဆင်ပြေနေတယ်လို့ အမေ ယုံကြည်နေမယ်ထင်ပါတယ်။
စားသောက်ဆိုင်မှာ ကျွန်တော့်ရဲ့ အဓိကတာဝန်ကတော့ အသီးအရွက်တွေကို လှီးဖြတ်ပြင်ဆင်ပြီး ရေဆေးရတာပါ။ အဲဒါပြီးသွားရင်တော့ မီဖိုချောင်ထဲက တခြားလူတွေရဲ့ အလုပ်တွေကို ဝိုင်းကူရပါတယ် အဲဒါက ဟင်းပွဲအမှာအော်ဒါတွေ မရှိတော့လို့ ဆိုင်ပိတ်တဲ့အချိန် ညဆယ်နာရီလောက်အထိပေါ့။
မီးဖိုချောင်မှာ ဘာမှကူလုပ်စရာမရှိတော့ဘူးဆိုရင်တော့ ရှေ့ကထမင်းစားခန်းကိုထွက်ပြီး ဧည့်သည်တွေမှာတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ရေခဲမုန့် စတဲ့ တောက်တိုမယ်ရလေးတွေ ကူညီပြီး စားပွဲထိုးပေးပါတယ်။
ကျွန်တော်က လူတွေကို ကူညီလေလေ၊ သူတို့က သဘောကျလေလေ၊ သူတို့ရဲအလုပ်ကို သင်ပေးလေလေပါပဲ။ သိပ်မကြာခင်မှာပဲ စားသောက်ဆိုင်က အလုပ်တွေအကြောင်းကို အတော်လေး နားလည်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ပဲ သိပ်မကြာခင်မှာ ကျွန်တော်ဟာ ရာထူး တဆင်ပြီးတဆင့် တိုးလာပြီး စားဖိုမှူးကြီးတွေ စိတ်ချလက်လွှဲနိုင်တဲ့ လက်ထောက်စားဖိုမှူးတယောက် ဖြစ်လာခဲ့ပါတယ်။
'Lotus' စားသောက်ဆိုင်ဟာ နာမည်ကြီးပါတယ်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေလို အားလပ်ရက်တွေဆိုရင် အော်ဒါတွေ ပိုများပြီး အင်မတန် အလုပ်ရှုပ်လေ့ရှိပါတယ်။ ကျွန်တော်က ဟင်းခတ်အမွှေးအကြိုင်တွေ နဲ့ ပါဝင်ပစ္စည်းတွေကို အမြန်ဆုံးနဲ့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီး စားဖိုမှူးကြီးနှစ်ယောက်ကို ပေးရပါတယ်။
ကျွန်တော်က အင်္ဂလိပ်စာမတတ် သူတို့စကား နားမလည်ပေမယ့် လိုအပ်တဲ့ပစ္စည်းစာရင်းထဲက နားလည်တဲ့ အင်္ဂလိပ်စာ တလုံးစနှစ်လုံးစကို ကြည့်ပြီးအဓိပ္ပါယ်ဖေါ်ရတာပေါ့။
ဥပမာ - 'ကြက်ဥဖူယောင်( Egg Fu Young)' ဆိုရင် ကြက်ဥကို ဖတ်တတ်တယ်လေ။ 'ယုံချောင်ထမင်းကြော် ( Yueng Chow Fried Rice)' ဆိုရင် ထမင်း (Rice) ကိုဖတ်တတ်တော့ ဒီလိုပဲ မှန်းဆပြီး လိုအပ်တာတွေ ပြင်ဆင်ပေးလိုက်တော့ အဆင်ပြေသွားတာများပါတယ်။
စားသောက်ဆိုင်မှာ လိုင်ချီးသီး နှစ်လုံးလောက်နဲ့ ရေခဲမုန့်သေးသေးတခွက်ကို ဩစတေလျန်းဒေါ်လာ နှစ်ဒေါ်လာခွဲလောက်ပေးရပေမယ့် တကယ့်ကုန်ကျစားရိတ်က တကယ်တမ်းကျတော့ တပြားနှစ်ပြားထက် ပိုမကျဘူးဗျ။
ဒါတောင် 'ဘာလို့များ အဲဒီလောက် ဈေးအများကြီးပိုယူထားတာလဲ' ဆိုတာ စဉ်းစားလို့ကိုမရဘူး။ ဒါကြောင့် အနားမှာ ပြောမယ့်ဆိုမယ့်သူ မရှိတဲ့အချိန်ဆို ကျွန်တော်က ဖေါက်သည်တွေအတွက် ရေခဲမုန့်တွေကို အများကြီးပိုပြီးထည့်ပေးတယ်။ အဲဒါကို သူဌေးကမြင်တော့ စည်းကမ်းအတိုင်းပဲ ထည့်ပေးဖို့ သတိပေးတာ ခံရပါတယ်ခင်ဗျာ။
တရုပ်စားသောက်ဆိုင်မှာ လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံကြောင့် ဒီနေ့အထိပဲ ကျွန်တော် တရုပ်စားသောက်ဆိုင်မှာ စားတဲ့အခါတိုင်း အဲဒီဆိုင်က စားဖိုမှူးနဲ့ မသိရင်၊ ဒါမှမဟုတ် အစားအသောက် မလတ်ဆတ်ဘူးလို့ထင်ရင် ကျွန်တော် ထမင်းကြော်ကို တခါမှ မှာပြီးမစားတော့ပါဘူး။
တရုပ်စားသောက်ဆိုင်အတော်များများက ဘယ်လိုလုပ်သလဲဆိုတော့ ရောင်းမကုန်လို့ ကျန်နေတဲ့ သားငါးနဲ့ အသီးအရွက်တွေကို ကြော်ပြီးတော့ ရေခဲသေတ္တာထဲမှာ တပါတ်နှစ်ပါတ် ထားတော့တာပဲဗျ။ ဒါကြောင့် တခါတလေ ထမင်းကြော်မှာစားရင် စားပွဲထိုးကို -
"ငါ့ထမင်းကြော်ထဲကို အရင်တပါတ်လောက်က ချန်ထားတဲ့ ပုဇွန်တို့ ဝက်သားအကျန်တို့ ဆိုရင် လုံးဝထည့်မလာခဲ့နဲ့" လို့ သေချာပြောပြီး မှာရပါတယ်။ ဒါမှ သူတို့က အရင်တပါတ်လောက်က စားကြွင်းစားကျန်တွေကို ထည့်မကြော်တော့မှာလေ။
ဩစတေလျမှာ အလုပ်လုပ်ရင်းနဲ့ ကျွန်တော် မိတ်ဆွေတွေ အများကြီး တိုးပွါးခဲ့တယ်။ ကျွန်တော့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ကျွန်တော့်ကို အမြဲစ,ကြတယ်။
"ဆိုင်ကို အမျိုးသမီးတွေ အတော်များများ လာစားကြတာက မင်းကိုသဘောကျလို့ကွ" တဲ့။
ကျွန်တော်ကလည်း ဟုတ်နိုးနိုးထင်ပြီး ကျေနပ်နေတာပေါ့။ ကျွန်တော်တို့တတွေ မီးဖိုချောင်မှာ စ,နောက်ဆူညံနေပြီး ကျွန်တော် ဟာသတွေလုပ်နေရင် အားလုံးက အလုပ်လုပ်နေတာကို မေ့သွားတတ်ကြတယ်။
ဒါနဲ့ ကျွန်တော်တို့သူဌေး 'တူးရွက်ချောင် (To Yuet Cheung)' ကပြောတော့တာပေါ့။
" ဂျက်ကီရာ … ငါတောင်းပန်ပါတယ်ကွာ .. မင်းဟာသတွေပြောနေရင် ငါ့ကောင်တွေ အလုပ်မလုပ်နိုင်တော့ဘူး ကျေးဇူးပြုပြီး သူတို့ကို ငါ့ဆိုင်အတွက် အလုပ်လုပ်ကြပါစေဦး … ပြီးမှ မင်းတို့ဘယ်လောက်ပြောပြော ပြောကြပါ "
အဲဒီနေ့တွေတုန်းကတော့ ကျွန်တော် အင်မတန် အလုပ်များခဲ့ပြီး အိမ်ရောက်လို့ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားလေ့ရှိပါတယ်။ အဖေကတော့ ကျွန်တော် ဒီလိုနေထိုင်နေတာကို စိတ်ချမ်းသာတယ်လို့ ပြောပါတယ်။
အမေကတော့ ကျွန်တော့်ခံစားချက်ကို ပိုသိပုံရတယ်။ အားလုံးကိုလည်း လေ့လာသင်ကြားနေတယ်၊ မိတ်ဆွေအပေါင်းအသင်းတွေလည်း ရှိနေပြီ ဒါပေမယ့် ကျွန်တော့စိတ်ခံစားချက်ကတော့ ပျော်မနေပါဘူး။ ဟိုးအရင်က အိပ်မက်ဟောင်းတွေက ခေါင်းထဲကထုတ်ပစ်လို့ လုံးဝမရနိုင်သေးပါ။ တနေ့တော့ အမေက ထုတ်ပြောလာပါတော့တယ် -
"သားလေး … မင်းအခုလုပ်နေတာတွေက မင်းစိတ်ထဲက လုပ်ချင်တဲ့အလုပ်တွေမဟုတ်ဘူး … ပြီးတော့ မင်းလုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်ဘူး"
အမေက ကျွန်တော့်ကို ကောင်းကောင်းနားလည်ပါတယ်။ အမေ တခွန်းခြင်းပြောလိုက်တဲ့ အဲဒီ စကားတွေက ကျွန်တော့်ရင်ထဲကို ထိုးထွင်းသိမြင်နေပြီး ကျွန်တော်ကြေကွဲဝမ်းနည်းသွားမိပါတော့တယ်။
" ကျွန်တော် ကွန်ဖူးပညာကို နှစ်ပေါင်းများစွာ ကြိုးစားသင်ခဲ့ရတာ အခုဘာမှလည်း အသုံးမဝင်ဘူး … ကျွန်တော့်မှာ တခြားဘာမှလည်း မရှိဘူး … သားဘာဆက်လုပ်ရမယ်မှန်းလည်း မသိတော့ပါဘူး" လို့ အမေ့ကို ဝန်ခံမိပါတယ်။
အမေကျွန်တော့်ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးဖို့ ကြိုးစားပေမယ့်လည်း တကယ်တမ်းကျ သူလည်းဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဘယ်သူမှလည်း ကျွန်တော့်ရင်ထဲက ခံစားချက်တွေကို ပြေပျောက်အောင် ဘယ်သူမှလည်း နှစ်သိမ့်ပေးနိုင်မယ်မထင်ပါဘူးခင်ဗျာ။
ကျွန်တော် ဩစတေလျမှာနေထိုင်ရင်း ကွန်ဖူးပညာကို မေ့ပစ်ပြီး ရုပ်ရှင်ရိုက်ကွင်းတွေအကြောင်းကို စိတ်ထဲက မောင်းထုတ်ပစ်ဖို့ကြိုးစားနေပေမယ့် ဟောင်ကောင်က ရုပ်ရှင်အဖွဲသားတွေ အက်ရှင်ဇာတ်ကားတွေက မိတ်ဆွေ အပေါင်းအသင်းတွေကတော့ ကျွန်တော့်ကို မေ့မေ့ပျောက်ပျောက်နဲ့ ပစ်မထားကြပါဘူး။
ဟောင်ကောင်က 'လိုဝေး (Lo Wei)' ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ 'ဝီလီချမ်း' (Willie Chan) က ကျွန်တော့်ဆီကို ကြေးနန်းတစောင် ပို့လာပါတယ်။
သူနောက်ထပ် ဇာတ်ကားတကား ရိုက်ဖို့ ပြင်ဆင်နေကြောင်း၊ ဇာတ်ကားနာမည်က 'New Fist Of Fury' (စကားချပ် - ဘရုစလီရိုက်ခဲ့တဲ့ Fist Of Fury ရဲ့အဆက်) ဖြစ်ကြောင်း ကျွန်တော့်ကို စာချုပ်ချုပ်ဖို့ ကမ်းလှမ်းလိုကြောင်း ရေးထားပါတယ်။
အစကတော့ စိတ်ထဲမှာထင်နေတာက သူစတန့်သမားလိုလို့ လှမ်းခေါ်နေတာဖြစ်မှာပါ၊ ဒါကြောင့် ကျွန်တော်က အခုဟောင်ကောင်မှာမရှိတော့ဘဲ အဝေးကြီးကိုရောက်နေပြီလို့ ကြေးနန်းပြန်ရိုက်မလို့ စိတ်ကူးလိုက်ပါတယ်။
ကြေးနန်းစာရဲ့ နောက်တကြောင်းကို သေချာဖတ်ကြည့်လိုက်တော့မှ ကျွန်တော် လုံးဝကို အံ့အားသင့်သွားခဲ့ရပါတော့တယ် -
'ငါတို့က မင်းကို အဓိကမင်းသားနေရာကနေ သရုပ်ဆောင်စေချင်တယ်' တဲ့။
နောက်ပြီးတော့ ကျွန်တော့အတွက် အခကြေးငွေက ဟောင်ကောင်ဒေါ်လာ ၃၀၀၀ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၃၅၀ ဆိုပါလား။
စက္ကန့်အနည်းငယ်စဉ်းစားပြီး ဒီအလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်မိပါတော့တယ်။ ဒါပေမယ့် ကျွန်တော့်အနာဂါတ်က မသေချာ မရေရာသေးပါ။
ဒီငွေကြေးက ကျွန်တော့အတွက် ရေရှည်အတွက် လုံလောက်တာမှမဟုတ်တာ တကယ်လို့ ဒီရုပ်ရှင်က ပျက်သွားခဲ့ရင် ဘယ့်နှယ်လုပ်ပါ့မလဲ။ အရင်တုန်းကလို အချိန်မရွေးပြန်ဖြစ်သွားနိုင်တာပဲလို့ သံသယစိတ်နဲ့ တွေးနေမိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်နှလုံးသားရဲ့ အလိုကိုလိုက်နာခဲ့ပါတော့တယ်။ ဒါဟာ ငါ့ရဲ့နောက်ဆုံးဇာတ်ကားပဲ။ မထူးပါဘူး လက်ခံလိုက်တာပဲကောင်းပါတယ်လေ။
ကျွန်တော် ဟောင်ကောင်ကို ပြန်မသွားခင်မှာ စားသောက်ဆိုင်သူဌေးက သားရေပိုက်ဆံအိတ်တလုံးနဲ့ အဲဒီအထဲကို ၁၀ဒေါ်လာထည့်ထားပြီး လက်ဆောင်ပေးပါတယ်။ ကျွန်တော် ဟိုမှာ ငွေတွေအများကြီးရှာပြီး အဲဒီအိတ်ထဲမှာ ပိုက်ဆံအပြည့်ထည့်ပြီး ပြန်လာမယ်လို့ မျှော်လင့်တယ်လို့လည်း သူက အားပေးလိုက်ပါတယ်။
မိဘတွေကို နောက်တခါထပ်သွားမယ်လို့ ပြောလိုက်တော့ သူတို့ကလည်း မတားကြရှာပါဘူး။ အမေကတော့ ကျွန်တော့်အိပ်မက်စိတ်ကူးအတိုင်း လုပ်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာနေပါတော့တယ်။ အဖေကတော့ ကျွန်တော့်ကို နောက်ဆုံးရက် သတ်မှတ်ပေးလိုက်ပါတယ်။
"မင်း နောက်ထပ်နှစ်နှစ်တိတိ သွားလုပ်လို့ မအောင်မြင်ဘူးဆိုရင် ဩစတေလျကို အပြီးအပိုင် ပြန်လာခဲ့မယ်လို့ ကတိပေးပါ" တဲ့။
အဲဒီတုန်းက ကျွန်တော့်အသက် နှစ်ဆယ်။ အဖေ့ကို ကတိပေးလိုက်ပါတယ် ဟောင်ကောင်မှာနောက်ထပ် နှစ်နှစ် ဆက်ကြိုးစားကြည့်မယ်လို့။

(နောက်တပိုင်း မကြာမီလာမည်)
#ဂျက်ကီချန်း၏ Never Grow Up

Address


Alerts

Be the first to know and let us send you an email when River Ayar Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to River Ayar Family:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share