18/01/2023
တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ် အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ (၅)
■ Written by : နရီမင်း၊ မိုးဧအောင်
တရုတ်၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ပါကစ္စတန်၏ နိုင်ငံရေး၊ စစ်ရေးနှင့် ပြည်ပဆက်ဆံရေးဆိုင်ရာ အတိုးအဆုတ်၊ အတက်အကျများစွာတွင် အမေရိကန်ပြည်ထောင်စု၏ ပါဝင်ပတ်သက်မှုမှာ ဩဇာ ကြီးမားခဲ့သည်။ အထင်ရှားဆုံးမှာ ပါကစ္စတန်နိုင်ငံတွင် အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ရာ၌ အမေရိကန်တို့ သိသိသာသာ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုအများစုသည် ကမ္ဘာအင်အားကြီးနိုင်ငံများက ကြိုတင်မီးစိမ်းပြမှသာ အကောင်အထည်ဖော်နိုင်ခဲ့သည်က များ၏။ ဥပမာအားဖြင့် ဆိုဗီယက်/ရုရှားနှင့် တရုတ်တို့သည်လည်း အာဏာသိမ်းမူများတွင် ပါဝင်ပတ်သက်ခဲ့ကြဖူးသည်။ သို့သော် ဆိုဗီယက်/ရုရှားနှင့် တရုတ်တို့သည် ၎င်းတို့၏ မူဝါဒအတိုင်း ဘက်တစ်ဘက်သို့သာ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပေမည်။ အမေရိကန်သည်ကား မူဝါဒနှင့် ဘက်အသေမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကြည့်လျက် မလိုတစ်မျိုး လိုတစ်မျိုး ပြုခဲ့သည်သာဖြစ်၏။ ထို့ပြင် အမေရိကန်၏အကြိုက် အာဏာသိမ်းမှုများမှာ အားပေးအားမြှောက်ပြုခံရခြင်းနှင့် မသိချင်ယောင်ဆောင် မျက်နှာလွှဲခြင်းတို့ ကြုံရပြီး အမေရိကန်၏ အကြိုက်မဟုတ်သည့် အာဏာသိမ်းမှုများမှသာ ပြင်းထန်စွာ ဆန့်ကျင်ခံရလေသည်။ အကျိုးတရားအနေဖြင့် နိုင်ငံမတည်မငြိမ်ဖြစ်ခြင်းမှသည် ပြည်တွင်းစစ်ဖြစ်ပွားခြင်းအထိ ရလဒ်များကို ကြုံတွေ့ရသည်။
‘ဒီမိုကရေစီ’ဟု တတွင်တွင် အော်နေသည့် အမေရိကန်သည် အာဏာသိမ်းမှုတိုင်းကို ဆန့်ကျင်ခဲ့သည်မဟုတ်ကြောင်း အနီးစပ်ဆုံးအနေဖြင့် ထိုင်းနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့မှ အာဏာသိမ်းမှုများကို ဥပမာအနေဖြင့် ကြည့်နိုင်သည်။ ၂၀၁၄ ခုနှစ် မေ ၂၂ ရက်တွင် ထိုင်းတော်ဝင်လက်နက်ကိုင်တပ်မတော်မှ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရထံမှ အာဏာသိမ်းခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အစောပိုင်းတွက် ရှုတ်ချစကားကို ဝတ်ကျေတန်းကျေ ဆိုခဲ့ပါသေးသည်။ သို့သော် ထိုအချိန်၌ပင် ထိုင်းစစ်တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သော Cobra Gold ကို မဖျက်သိမ်းဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုင်းအာဏာသိမ်းအစိုးရအပေါ် ပြင်းထန်သော အရေးယူမှုများ မပြုလုပ်ခဲ့ရုံသာမက နောက်ပိုင်းတွင် ပရာရွတ်အစိုးရနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သည်သာဖြစ်ပါ၏။
အီဂျစ်နိုင်ငံ အာဏာသိမ်းမှု၌ကား အမေရိကန်၏ ရပ်တည်ချက်က သာ၍ပင် ဆိုးရွားလှပါသေးသည်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် အီဂျစ်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာ အယ်စီစီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော သမ္မတ မိုဟာမက် မော်စီထံမှ အာဏာသိမ်းယူခဲ့ပြီး အီဂျစ်နိုင်ငံ၏ ၂၀၁၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းခဲ့သည်။ စစ်တပ်က မော်စီနှင့် မွတ်စလင်ဘရားသားဟုဒ်မှ ခေါင်းဆောင်များကိုလည်း ဖမ်းဆီးလိုက်သည်။ ရယ်စရာကောင်းပုံမှာ “အီဂျစ်စစ်တပ်သည် မော်စီကို အာဏာမှ ဖယ်ရှားခြင်းဖြင့် ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းလိုက်သည်”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အရှက်မဲ့စွာ ပြောကြားခဲ့ခြင်း ဖြစ်ပါ၏။
ထိုင်းနှင့် အီဂျစ် နိုင်ငံနှစ်ခုစလုံး၌ အာဏာသိမ်းမှုနှစ်ရပ်စလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြင့် တက်လာသော အစိုးရများကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။ ယင်လက်ရှင်နာဝပ်ထရာ ခေါင်းဆောင်သော ဖြူထိုင်းပါတီသည် ၂၀၁၁ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် အဘီဆစ် ဦးဆောင်သော ဒီမိုကရက်ပါတီကို အမတ်နေရာ ၂၆၅ - ၁၅၉ ဖြင့် အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သကဲ့သို့ မဲသမာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု စိုးစိမျှပင် အသံမထွက်ခဲ့ပါ။ ထို့အတူ မွတ်စလင်ဘရားသားဟုဒ်မှ မိုဟာမက်မော်စီသည်လည်း ၂၀၁၂ ခုနှစ် အီဂျစ်သမ္မတရွေးကောက်ပွဲတွင် မဲ ၁၃.၂ သန်း (၅၁ ရာခိုင်နှုန်း) ဖြင့် အာဏာရခဲ့ခြင်း ဖြစ်သည်။ အကြောင်းပြချက် မယ်မယ်ရရ မရှိခဲ့သည့် ယင်းအာဏာသိမ်းမှုနှစ်ရပ်စလုံးသည် အမေရိကန်၌ ဒီမိုကရက်တစ်ပါတီမှ သမ္မတ ဘာရက်အိုဘားမားနှင့် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင် (ယခု သမ္မတ) တို့ အာဏာရစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းအာဏာသိမ်းမှုများကို အမေရိကန်ဒီမိုကရက်များက (ထိုင်းကိစ္စ၌ ဝတ်ကျေတန်းကျေ ပြောရုံမှတစ်ပါး) နှာစေးခဲ့ကြပြီး ဖိအားမပေးရုံမျှမက အားပေးအားမြှောက်ပင် ပြုခဲ့ကြသေး၏။
အီဂျစ်သမ္မတ မော်စီသည် (ပါကစ္စတန်သမ္မတ အလီဘူတိုကဲ့သို့ပင်) အာဏာသိမ်းခံရရုံမက သေဒဏ်ပါ အပြစ်ပေးခံခဲ့ရသည်။ သို့သော် အမေရိကန်က မလိုလားသူများဖြစ်သောကြောင့် ၎င်းတို့အား လွှတ်ပေးရန် သို့မဟုတ် အပြစ်ဒဏ်လျှော့ပေါ့ပေးရန် အမေရိကန်က ဖိအားပေးခဲ့ခြင်းမျိုး မရှိခဲ့ပါ။ (ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုသည် သေဒဏ်စီရင်ခြင်း ခံခဲ့ရသော်လည်း မော်စီမှာမူ သေဒဏ်ကို ဖယ်ရှားလျက် အမှုပြန်လည်စစ်ဆေးနေစဉ် တရားရုံး၌ လဲကျသေဆုံးခဲ့ရသည်။ အကျဉ်းထောင်အတွင်း နေထိုင်ရသည့် အခြေနေရပ်များမှာ ဆိုးရွားလွန်းလှသည့်အပြင် ဆေးကုသမှုခံယူရန် တောင်းဆိုမှုလည်း ငြင်းပယ်ခံရသောကြောင့်ဟု ဆိုကြသည်။)