Winmg

Winmg Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Winmg, Video Creator, .

11/10/2021

ကြက်ဥ၊ ဘဲဥအသုံးပြု၍ အမိုင်နိုအက်ဆစ်ဖျော်ရည်ပြုလုပ်ခြင်း

- ဥ (၅)လုံး၊ သံပုရာသီး (၁၀)လုံးခန့်နှင့် ထန်းလျက် (၂၀)ကျပ်သားခန့် လိုအပ်သည်။

- ဥများကို ခွက်တစ်ခုအတွင်းထည့်၍ ၄င်းတို့နစ်မြုပ်သည်အထိ သံပရာအရည်များ ညှစ်ထည့်ပေးပါ။

- အဖုံးပိတ်၍ (၁၀)ရက်ခန့် ထားပေးပါ။

- (၁၀)ရက်ကြာပြီးနောက် ဥများကိုခြေ၍ ရောမွှေပေးပါ။

- ထို့နောက်တင်လဲရည် သို့မဟုတ် ထန်းလျက်ရည်ပျစ်ပျစ်ကို ကြက်/ဘဲဥဖျော်ရည်နှင့် ဆတူရောစပ်၍ (၁၀)ရက်ခန့် ထပ်မံထားပေးပါ။

- ထို့နောက် အရည်ကိုစစ်၍၊ ရေဖြင့် ၁း ၁၀၀၀ မှ ၄း ၁၀၀၀ အချိုး ရောစပ်ပက်ဖျန်းပေးနိုင်သည်။

- (၁၄)ရက်ခြား၍ အပင်ငယ်စဥ်မှ သီးပွင့်သည်အထိ ပက်ဖျန်းပေးပါ။

- ငါးအမိုင်နိုအက်ဆစ်ကဲ့သို့ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက်အထူးကောင်းမွန်သည်။

- ဟင်းသီးဟင်းရွက်များအား ကြီးထွားမှုမြန်ဆန်စေခြင်း၊ အသီးတင်မှုအားကောင်း၍ အသီးကြီးထွားခြင်း စသည့်ကောင်းကျိုးများကို ရရှိနိုင်သည်။

- ဖျက်ပိုးများအားတွန်းလှန်နိုင်စွမ်းရှိသည်။

သတိထားသင့်သည့်အချက်များ

- ဓာတုဖြစ်စေ အော်ဂဲနစ်ဖြစ်စေ ရွက်ဖျန်းအားဆေးသည် မြေသြဇာများကဲ့သို့ အာဟာရဓာတ်များပါဝင်မှု မမြင့်မားပါ။

- ရွက်ဖျန်းအားဆေးတစ်ခုထဲဖြင့် မလုံလောက်ပါ။

- ဖြည့်စွတ်အာဟာရအဖြစ်လည်းကောင်း၊ အမြစ်များမကျန်းမာချိန် သို့မဟုတ် ရေဝပ်ချိန် သို့မဟုတ် အာဟာရချို့တဲ့ချိန်တွင် အပင်၏အာဟာရလိုအပ်ချက်ကို ရွက်ဖျန်းအားဆေးများမှ အလျင်အမြန်ဖြည့်တင်းပေးနိုင်သည်။

- သုတေသနများအရ အမိုင်နိုအက်ဆစ်ရွက်ဖျန်းဆေးများသည် ပက်ဖျန်းပြီး (၂၄)နာရီအတွင်း အပင်၏အမြစ်ထိရောက်ရှိသွားသည်ကို တွေ့ရှိရပြီး (၃)ရက်အတွင်း အာနိသင်ပြကြောင်း တွေ့ရှိရပါသည်။

- သဘာဝမြေသြဇာများနှင့်အတူ အမိုင်နိုအက်ဆစ်များအား ပူးတွဲသုံးစွဲပေးခြင်းဖြင့် သီးနှံများအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်နိုင်မည်ဖြစ်ပါသည်။

ဒေါက်တာဝဏ္ဏထွန်း
References

26/07/2021

ငါးသလဲထိုးအိုးကပ်ချက်နည်း

ချက်နည်း ရေးပေးလိုက်ပါတယ်ရှင့်

ငါးသလဲထိုး ငါးလေးတွေကို သံပရာသီးညှစ်ထည့် ဖွဖွလေး ရေစင်အောင်ဆေးပါ(ငါးသလဲထိုးက ညှီစော်နံတတ်လို့ သံပရာသီးနဲ့ဆေးတာပါ)
ငါးလေးတွေကို ရေဆေးပြီး နနွင်းအနည်းငယ် ဆား ဟင်းခတ်မှုန့် ငရုတ်ကောင်းထည့်နယ် အရသာဝင်အောင် ခဏနှပ်ထား

ဆီပြန်ချက်မှာမို့ ဆီလေးပိုထည့် ကြက်သွန်ဖြူ နနွင်း အရောင်တင်(အစစ်)ထည့် ဆီအရင်သပ်
မွှေးပြီး အရောင်လေးလှလာရင် ခရမ်းချဉ်(2)လုံးလောက်စိပ်ထည့် ဆား ဟင်းခတ်မှုန်ထည့် အဖုံးအုပ် နှပ်ထားပါ
ခရမ်းချဉ်အိပြီး အနှစ်ရရင် ငါးနယ်ပြီးနှပ်ထားတာတွေထည့် ရေလေးအနည်းငယ်ထည့် တချက်လောက် နှံအောင်မွှေပြီး အဖုံးအုပ်နှပ်ထားပါ(ခဏ ခဏ မမွှေပါနဲ့နော် ငါးလေးတွေ ကျေကုန်မှာစိုးလို့)
အနံလေးမွှေးပြီး ဆီပြန် တဖျစ်ဖျစ်မြည်လာရင် ငရုတ်ပွစိမ်းလေးညှပ်ထည့် နံနံပင်အုပ် မဆလာကြိုက်ရင် မဆလာခပ် ငရုတ်ကောင်းခပ် ရပါပြီရှင့်

(၇)ရက်သားသမီးအားလုံး ကျန်းမာစေကြောင်း ဆန္ဒပြုလျှက်

ဖြိုး

23/06/2021

ပိန္နဲပင် အသီးသီးအောင်ပြုလုပ်နည်း

ဒီတစ်ပတ် ခြံစိုက် တောင်သူ လယ်သမားကြီးတွေကို ဆွေးနွေးတင်ပြလိုတဲ့ အချက်ကတော့ ပိန္နဲပင် အသီးသီးအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းပညာလေးပဲ ဖြစ်ပါတယ်။ အရင်တစ်လောက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်က ခြံစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက စာရေးသူဆီ ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်တာကတော့သူ့မှာ မချစ်စုနဲ့ ရင်ကွဲသရက်ခြံ လေးဧကရှိပါတယ်။

အဲဒီသရက်ခြံရဲ့ ခြံစည်းရိုးတွေမှာ ဗမာပိန္နဲ အိမ်မာမျိုး မျိုးကောင်းတာနဲ့ အပင် ၅၀ လောက် စိုက်ပျိုးထားပါတယ်။အပင်သက်တမ်း ၁၅ နှစ်ကျော်လာပေမယ့် ပိန္နဲသီး အသီးကောင်းကောင်း မသီးလို့ ဆရာ့ဆီ ဖုန်းဆက်အကြံဉာဏ် တောင်းခံတာပါလို့ ပြောပါတယ်။ ပိန္နဲပင်ဟာ နှစ်ရှည်သီးပင် ဖြစ်ပါတယ်။ ကိုင်းဆက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ သုံးနှစ်သားဆိုရင် အသီးစသီးပါတယ်။ စီးပွားဖြစ်တော့ မရနိုင်သေးပါဘူး။ အစေ့ စိုက်ပျိုးပင်နဲ့ စိုက်ပျိုးရင်တော့ ၁၀ နှစ်ဆိုရင် အသီးစသီးပါတယ်။

များများတော့ မသီးနိုင်သေးပါဘူး။ ပိန္နဲသီးဟာလည်း သရက်လို ရာသီစာဖြစ်တဲ့အတွက် မြန်မာတွေရဲ့ ခံတွင်းမှာ ခုံခုံမင်မင် စွဲမက်စွာစားသုံးတဲ့ အသီးတစ်မျိုးပါပဲ။ အနံ့မွှေးပြီး အရသာချိုလေးလေး၊ အသားလည်း နူးညံ့တော့ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါပဲ။
ရာသီပေါ်မှာ ပိန္နဲသီး ခပ်လတ်လတ် တစ်လုံးဆိုရင် ကျပ် ၃၀၀၀-၅၀၀၀ ထိ ဈေးပေါက်တာတွေ့ရပါတယ်။ ပိန္နဲပင်ကို မိမိအိမ်ခြံ၊ဒါမှမဟုတ် လယ်ကွင်း၊ ခြံတဲကုန်း စတဲ့မြေကွက်လပ်မှာ စိုက်ပျိုးထားမယ်ဆိုရင် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရနိုင်တဲ့အပင်ဖြစ်ပါတယ်။

ဒါပေမယ့် စိုက်တဲ့ပိန္နဲပင်က အသီးသီးဖို့ အရေးကြီးပါတယ်။ အသီးမသီးရင်တော့ အချိန်ကုန် လူပန်းဖြစ်နေမှာ သေချာပါတယ်။ပိန္နဲပင်ဟာ အကိုင်း၊ အခက်တွေက အသီးသီးတဲ့ အပင်မျိုးမဟုတ်ပါ။ ပင်မပင်စည်မှ ဖူးတံထွက်ပြီး အသီးသီးတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပင်မပင်စည်ကနေ အပွင့်ဖူးထွက်အောင် ဖန်တီးပေးဖို့ လိုပါတယ်။ တချို့ကတော့ ပိန္နဲပင်မပင်စည် အခြေမှ ငါးပေ၊ ခြောက်ပေလောက်မှာ ပင်စည်ကို ပတ်ပြီး ဓားနဲ့ထစ်ကာ ပိန္နဲပွင့်ဖူးထွက်အောင်လုပ်တဲ့ နည်းပညာကို အသုံးပြုကြပါတယ်။ ဒီနည်းပညာဟာလည်း နှစ်စဉ် ဓားနဲ့ထစ်ပါများလာတော့ အပင်နာပြီး သေလွယ်တယ်လို့ သိရပါတယ်။

နောက် အခုခေတ်ပေါ် နောက်တစ်နည်းကတော့ ပိန္နဲပင်စည်အပင်ခြေမှ ငါးပေ၊ခြောက်ပေအမြင့်ပေလောက်မှာ ပင်စည်ပတ်ပတ်လည် သစ်သားသပ်ရိုက်သွင်းတဲ့ နည်းစနစ်ပါပဲ။ ဒီနည်းဟာ ထိုင်းနိုင်ငံမှာလည်း အသုံးပြုတာတွေ့ရပါတယ်။ ပိန္နဲပင် သက်တမ်းဟာအနည်းဆုံး ၁၀ နှစ်ရှိပါတယ်။ ပင်စည်လုံးပတ် အချင်း ရှစ်လက်မ၊ ၁၀ လက်မကျော်ခန့်ရှိဖို့ လိုပါတယ်။

သပ်ရိုက်တဲ့ရာသီကတော့ မိုးဦးကျ၊ မိုးစရွာတဲ့ မေလ၊ ဇွန်လမှာ ပိန္နဲပင်ကို သပ်ရိုက်သွင်းရပါမယ်။ ပိန္နဲပင်ကို သပ်ရိုက်မသွင်းမီ အပင်ကို နွားချေး၊ မြေဆွေးနဲ့ ၁၅း၁၅း၁၅ အချိုး ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် ဓာတ်မြေသြဇာတွေကို တစ်ပင် နို့ဆီဘူးတစ်ဘူးနှုန်းရောပြီး နှစ်ပတ်ကြိုတင်အစာကျွေးထားဖို့ လိုပါတယ်။

ရိုက်သွင်းမယ့်သပ်ကို အသားမာတဲ့ (မဆွေးသွားနိုင်တဲ့) ပျဉ်းကတိုးသစ်လို သစ်မာကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သပ်အရွယ်အစားကတော့ အရှည်သုံးလက်မခန့်၊ အလုံးဝါးတူခန့် (ထမင်း၊ ဟင်း စားတဲ့တူ) ပြုလုပ်ပြီး ထိပ်တစ်ဖက်ကို ချွန်ပေးရပါမယ်။ ၎င်းချွန်ထားတဲ့ သပ်ချောင်းလေးများကို ပိန္နဲပင်အခြေမှ ငါးပေ၊ ခြောက်ပေခန့်အမြင့်မှာ သပ်တစ်ချောင်းနဲ့တစ်ချောင်း ရှစ်လက်မ၊ ၁၀လက်မခန့်ခွာပြီး ကျပန်းရိုက်သွင်းရပါမယ်။ ပိန္နဲတစ်ပင်ကို အနည်းဆုံး ခြောက်ချောင်း၊ ရှစ်ချောင်းထိ ရိုက်သွင်းနိုင်ပါတယ်။ သပ်ကို ရိုက်သွင်းတဲ့အခါမှာ သပ်ရဲ့အရှည်အားလုံး ပင်စည်ထဲထိ မြုပ်သွားအောင် ရိုက်သွင်းဖို့လိုပါတယ်။ ရိုက်တဲ့ကိရိယာ (တူ သို့လက်ရိုက်တုတ်) နဲ့ ပင်စည်ထိပြီး အခေါက်ဒဏ်ရာမဖြစ်အောင် ဂရုစိုက်ရိုက်သွင်းဖို့ လိုပါတယ်။

ပင်စည်အခေါက် ဒဏ်ရာရရင်အဲဒီနေရာကနေရေဝင်ပြီး အခေါက်ပုပ်သွားနိုင်ပါတယ်။ ဒီပိန္နဲပင်စည်ကို သပ်ရိုက်ထားပြီး နှစ်ပတ်ကြာလာရင် သပ်ရိုက်ထားတဲ့ဝန်းကျင်ပင်စည်ကနေ အဖူး၊ အစို့များ ထွက်လာပြီး အပွင့်ပွင့်၊ အသီးသီးမှာ ဖြစ်ပါတယ်။ ကဲ . . . စမ်းကြည့်လိုက်ပေါ့ဗျာ။

အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်

ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share လုပ်ထားပါ။

ပိန္နဲ စိုက်ပျိုးနည်း၊ အခြား သီးနှံစိုက်ပျိုးနည်းများ အတွက်
ထွက်တိုးကို Download လုပ်ပါ- www.bit.ly/fbhtwettoe

22/06/2021

#ငါးသလောက်ပေါင်းနည်း/ငါးအရိုးနူးပေါင်းနည်း
------------------------------------------------



ထမင်းမြိန်ပြီး လူကြိုက်များတဲ့ ငါးသလောက်ပေါင်း/ ငါးအရိုးနူးပေါင်းနည်းလေး ဖြစ်ပါတယ်။ တချို့ ငါးသလောက်မတည့်သော သူများအတွက်လည်း အခြားငါးတို့နဲ့ အစားထိုးပြီး ချက်နိုင်ပါတယ်။ ကျွန်မကတော့ ဒီတစ်ခါ ငါးသလောက်မရနိုင်တဲ့ အရပ်မှာမို့Milkfish ကို အစားထိုးချက်ထားပါတယ်။ မြန်မာပြည်မှာတော့ ငါးကြင်းကို အစားထိုး ချက်လေ့ရှိကြပါတယ်။ ချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
ငါးသလောက်/ငါးကြင်း/Milkfish -၆၀ဝ ဂရမ် (၄၀ ကျပ်သားခန့်)
ကြက်သွန်နီ-၅ လုံး
ကြက်သွန်ဖြူ-၁၀ မြွှာ
ချင်း-၁ တက်
နနွင်းမှုန့် -လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဟင်းခတ်မှုန့်-အနည်းငယ်
ဆား-စားပွဲဇွန်း ၁ ဇွန်း
ရှလကာရည်-ရေနွေးပန်းကန်လုံး ၁ လုံး
ငရုတ်သီးခြောက်-၁၀ တောင့်
စပါးလင်-၂ ချောင်း
ဆီ-လိုသလောက်

ပြုလုပ်နည်း
၁။ ငါးသလောက် သို့မဟုတ် မိမိနှစ်သက်ရာငါးကို ရေဆေးသန့်စင်၍ လိုသလို လှီးဖြတ်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ရှလကာရည်၊ ချင်းထောင်း တစ်ဝက်၊ ကြက်သွန်ဖြူ ၅ မြွှာ၊ ကြက်သွန်နီ ၃ လုံး ခြမ်း၍ ထည့်ပြီး နယ်ထားပါ။ မီးဖိုမှာ တိုက်ရိုက်မပေါင်းဘဲ ချက်ပါက စပါးလင်ကို ထုပြီး အိုးအောက်ခြေမှာ ခင်းပါ။ ကြံကိုလည်း အသုံးပြုနိုင်ပါတယ်။
၂။ အရသာနယ်ပြီးပါက ထမင်းပေါင်းအိုးထဲ ထည့်ပြီး ရေဖုံးအောင် ထည့်ပါ။
၃။ လက်ကျန် ကြက်သွန်နီ ၂ လုံးကို ပါးပါးစိတ်ပြီး ကြက်သွန်ဖြူ ၅ မြွှာကို ထောင်းထားပါ။ ငရုတ်သီးခြောက်ကို ရေစိမ်ပြီး ထောင်းထားပါ။ စပါးလင်ကို ထုပြီး လှီးဖြတ်ထားပါ။
၄။ အဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲ ဆီထည့်ပြီး စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း လက်ကျန်တစ်ဝက်နှင့် ငရုတ်သီးထောင်းထားသည်တို့ကို ဆီသတ်ပြီး ဆား အနည်းငယ် ထည့်ပါ။
၅။ ပြီးလျှင် ငါးသလောက်ပေါင်းမည့် အိုးထဲ ရောထည့်ပြီး အရိုးနူးသည်အထိ တည်ပေးပါ။ ၄ နာရီခန့်ကြာမြင့်တတ်ပြီး လိုအပ်ပါက ရေ ထပ်ထည့်ပါ။ အရိုးနူး ပါက ရေခန်း ဆီပြန်သည်အထိ ထားပြီး အရသာအပေါ့အငန်မြည်းကာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။
၆။ ထမင်းပေါင်းအိုးကို အသုံးပြုခြင်းဖြင့် အိုးကပ်တူးခြင်းမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မီးဖိုမှာ တိုက်ရိုက်ချက်ပါက မီးအနေအထားကို အထူးဂရုပြု
ရမှာ ဖြစ်ပါတယ်။ အရိုးနူးပေါင်းအိုး ဏမနျကမန ဃသသုနမ ဖြင့် ချက်ပါက အချိန်ကုန်သက်သာပြီး မီးအားကုန်သက်သာစေမှာ ဖြစ်ပါတယ်။
---------------------------------------------------------------
Crd.Sofia

11/06/2021

#နိဗ္ဗာန်ကို တကယ်မျက်မှောက်ပြုချင်တယ်ဆိုရင်
ကမ္ဘာ့ပညာရှင် ဖားအောက်တောရဆရာတော်ကြီး
ဖြေကြားလိုက်ပြီး...........

စင်္ကာပူတရားပွဲ၊ တရား အမေးအဖြေ (၁)

တနေ့ (05/05/18) ရက်က စင်္ကာပူမှာ တရားဟောအပြီး အမေးအဖြေကဏ္ဍမှ ကောက်နှုတ် ဘာသာပြန်ဖေါ်ပြလိုက်ပါတယ်။

တရားနာပရိတ်သတ် အမျိုးသားတဦး။ ။ တပည့်တော် အခု ဆရာတော်ရဲ့ တရားတွေကိုနာပြီး လေးစားမှုအပြည့်နဲ့ ယုံကြည်သဒ္ဓါတရား ဖြစ်မိပါတယ်ဘုရား ။ အင်မတန်မှ နက်နဲလှတဲ့ နိဗ္ဗာန်ရောက်ကြာင်းတရားတွေကို နာလိုက်ရတော့ တပည့်တော် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုတဲ့ အာသီသ ဖြစ်စေပါတယ်ဘုရား။ (အင်္ဂလိပ်လို အမေး)

ဖားအောက်ဆရာတော်။ ။ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ရင် သင်ဘာလုပ်သင့််သလဲ။ သစွာလေးပါးကို သိအောင် ကြိုးစားရမယ်။ သစ္စာလေးပါးကို သိအောင် ဘယ်လိုလုပ်မလဲ။ (ပါဠိရွတ်) ဘုရားရှင်က (နိဗ္ဗာန်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ) ဒီလိုဟောခဲ့ပါတယ်။ ဘုရားရှင်က အဲဒီအချိန်က ဝေသာလီပြည်တဝိုက်မှာ အရေးကြီးတဲ့ တရားတွေ အကြိမ်များစွာ ဟောခဲ့ပါတယ်။ အဲဒီထဲက တခုက ကောဋိဂါမသုတ္တန်ပါ။ ကောဋိဂါမ ရွာမှာ ဟောခဲ့ပါတယ်။ (ပါဠိပြန်ရွတ်) အဓိပ္ပာယ်က ဘာလဲဆိုတော့ သစ္စာလေးပါးကို မရှုမြင်နိုင်ကြတဲ့အတွက် သင်တို့ငါတို့ဟာ ဒီသံသရာကြီးထဲမှာ တဝဲလည်လည်နဲ့ ရှိနေကြတယ်။ ဒီသံသရာကြီးထဲမှာ ဘာကြောင့် ဒီလိုလည်ပတ်နေရတယ်ဆိုတာကို ငါတို့ မသိခဲ့ကြဘူး။ ဒါကြောင့် သစ္စာလေးပါးကို သိဖို့အတွက် ငါတို့ ကြိုးစားရမယ်၊ ဒီသစ္စာလေးပါးကတော့

နံပါတ် (၁) ဆင်းရဲခြင်းအမှန် -ဒုက္ခသစ္စာ
(၂) ဆင်းရဲခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းအမှန် သမုဒယသစ္စာ၊
(၃) ဆင်းရဲခြင်းမှ လွတ်မြောက်ကြောင်းအမှန် နိရောဓသစ္စာ၊
(၄) ဆင်းရဲခြင်းမှ လွတ်မြောက်ရာ လမ်းအမှန် မဂ္ဂသစ္စာ၊ ဒီသစ္စာလေးပါးကို သင်ကိုယ်တိုင် ထိုးထွင်းသိမြင်ရမယ်။

ဒုက္ခသစ္စာက ဘာလဲ။ ဓမ္မစင်္ကြာသုတ္တန်ထဲမှာ ဘုရားရှင်က ခနွာငါးပါးကို ဒုက္ခသစ္စာလို့ ဟောထားပါတယ်။ အဲဒီခန္ဓာငါးပါးကတော့ ရူပက်ခန္ဓာ၊ ဝေဒနာက်ခန္ဓာ၊ သညာက်ခန္ဒာ၊ သင်္ခါရက်ခန္ဓာ၊ ဝိညာဏက်ခန္ဓာ ဆိုပြီးခန္ဓာငါးခု ရှိပါတယ်။

ရူပက်ခန္ဓာက ဘာလဲ။ ခန္ဓ၀ဂ္ဂသံယုတ်ထဲမှာ ခန္ဓသုတ္တန်ဆိုတဲ့ သုတ္တန်တခု ရှိပါတယ်။ အဲဒီသုတ္တန်ထဲမှာ ရူပက်ခန္ဓာဘာလဲလို့ ဘုရားရှင်က ရှင်းလင်းဟောကြားထားပြီးပါပြီ။ (ပါဠိရွတ်ဖတ်) ဒီလိုရှင်းလင်းထားပါတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ရုပ်၊ ကိုယ်တွင်းရုပ်၊ ကိုယ်ပြင်ရုပ်၊ ယုတ်ညံ့တဲ့ရုပ်၊ မြင့်မြတ်တဲ့ရုပ်၊ သိမ်မွေ့တဲ့ရုပ်၊ ကြမ်းတမ်းတဲ့ရုပ်၊ အနီးမှာရှိတဲ့ရုပ်၊ အဝေးမှာရှိတဲ့ရုပ်ဆိုပြီး အားလုံး ၁၁ မျိုးရှိပါတယ်။ ဒီ ၁၁ မျိုးသော အချင်းအရာတွေဟာ ရူပ (ရုပ်) ခန္ဓာဖြစ်တယ်။
အလားတူပဲ ဝေဒနာ၊ သညာ၊ စေတသိက် (သင်္ခါရ)၊ ဝိညာဏက် ခန္ဓာတွေမှာလည်း ၁၁ မျိုးစီ ရှိပါယတ်။ စုစုပေါင်း ခန္ဓာငါးပါးလုံးရဲ့ အတိတ်၊ ပုစ္စုပ္ပန်၊ အနာဂတ်၊ ကိုယ်တွင်း၊ ကိုယ်ပြင်၊ အယုတ်၊ အမြတ်၊ အနု၊ အကြမ်း၊ အနီး၊ အဝေးအားလုံးသော ရုပ်တွေဟာ ရူပခန္ဓာဖြစ်တယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်အရ ဒီ ၁၁ မျိုးသော အချင်းအရာရှိတဲ့ ခန္ဓာငါးပါးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

ဘုရားရှင်ရဲ့ ဟောပြောချက်အရ ရုပ်ဟာ အနုမြူအသေးစား အမှုန် (Sub Atomic Particles) အနေနဲ့ ရှိပါတယ်။ အဲဒါကို ပါဠိလိုနဲ့ ကလာပ ရုပ်ကလာပ်) လို့ ခေါ်ပါတယ်။ ဒီရုပ်ကလာပ်တွေကို မြင်နိုင်ဖို့ ဘယ်လိုကြိုးစားရမလဲ။ ဒီရုပ်ကလာပ်လေးတွေက (ဘုရားဆိုလိုတဲ့) ရုပ်မဟုတ်သေးဘူး။ ရုပ်ရဲ့ အသေးငယ်ဆုံး အဖွဲ့အစည်းတခုမျှသာ ဖြစ်တယ်။ ဒီ ရုပ်ကလာပ်တွေကို ပြန်ပြီး ခွဲခြမ်းစိတ်ဖြာရသေးတယ်။ အဲလို ခွဲလိုက်ရင် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ အဆင်း၊ အနံ့၊ အရသာ၊ သြဇာ ဆိုပြီး အစိတ်အပိုင်း ၈ မျိုးရပါတယ်။ တခါတလေး ၁၀ မျိုး ၁၁ မျိုး၊ ၁၂ မျိုးအထိ ရှိနိုင်ပါတယ်။ ဒါကို ပရမတ္တရူပ ပရမတ်ရုပ်လို့ ခေါ်ပါတယ်။

ငါတို့ တဦးစီမှာ ကြည့်လိုက်ရင် ဒီရုပ်တွေကို မမြင်ရဘူး။ မြင်နေရတာတွေဟာ ပညတ်ရုပ်တွေသာ ဖြစ်တယ်။ ဒါကြောင့် ပရမတ်ရုပ်၊ ပရမတ်နာမ်တွေကို မြင်နိုင်အောင် ကြိုးစားရမှာ ဖြစ်တယ်။

ဘယ်လိုကြိုးစားရမလဲ၊ သစ္စာသံယုတ်ထဲက သမာဓိသုတ္တန်မှာ ပရမတ်ရုပ်၊ ပရမတ်နာမ် မြင်အောင် ဘယ်လိုကြိုးစားရမယ်ဆိုတာ ဘုရားရှင်က ဟောထားပြီး ဖြစ်ပါတယ်။ (ပါဠိရွတ်) ရဟန်းတို့ သမာဓိကို ထူထောင်ကြပါ၊ သမာဓိရှိတဲ့ စိတ်သည်သာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ မဂ္ဂသစ္စာဆိုတဲ့ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်း သိမြင်နိုင်မှာဖြစ်တယ်။
ဒါကြောင့် သမာဓိကို ထူထောင်ရ မှာဖြစ်တယ်။
သမာဓိ ရှိတဲ့ စိတ် (Concentrated Mind) ဟာ အလင်းကို ထုတ်ပေးနိုင်တဲ့ ပါဝါရှိတယ်။
အဲဒီ အလင်းနဲ့ သင်ဟာဓတ်ကြီးပါး ကမ္မဋ္ဌာန်းကို စနစ်တကျနဲ့ ရှုရင် သင် (ပရမတ်ရုပ်) ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ အလင်းမရှိရင်တော့ ရှုဖို့မလွယ်ဘူး။
ဒီတော့ ဒီလိုရုပ်ကို မြင်နိုင်ဖို့အတွက် သင်သမထကို အားထုတ်ရမယ်။ ဘုရားပေးခဲ့တဲ့ သမထ ကမ္မဋ္ဌာန်း (၄၀) ရှိပါတယ်။

အဲဒီ (၄၀) ထဲက ကြိုက်တဲ့တခုခု၊ ကြိုက်တဲ့ ဈာန်တစ်ခုခုဆိုက်အောင် သင်အားထုတ်နိုင်ပါတယ်။ အထူးသဖြင့် သုတ္တန်အတော်များများထဲမှာ

ဘုရားရှင်က စတုတ္ထဈာန်ကို ဆိုက်အောင် အားထုတ်ဖို့ အားပေးပါတယ်။

စတုတ္တဈာန်ကို အခြေခံပြီး သင်ဟာ ဓာတ်ကြီးလေးပါး ကမ္မဋ္ဌာန်းကို စနစ်တကျ အားထုတ်လို့ရပါတယ်။
(သမာဓိထူထောင်ဖို့အတွက်)
ဘုရားက သမထပိုင်းမှာ ကမ္မဋ္ဌန်းလေးဆယ် နည်းပေးခဲ့ပေမဲ့ ဝိပဿနာပိုင်းကို ရောက်တော့ ဘုရားက ရုပ်ကမ္မဋ္ဌာန်းနဲ့ နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးပဲ ပေးခဲ့ပါတယ်။ (ပါဠိရွတ်) ဗုဒ္ဓဘုရားရှင်ရဲ့ သင်ကြားချက်အရ ရုပ်ကမ္မဋ္ဌာန်းကို အရင်အားထုတ်ပြီး ပရမတ်ရုပ်ကို မြင်ပြီးမှ နာမ်ကမ္မဋ္ဌာန်းကို ကူးရပါမယ်။

ရုပ်ကမျွဋ္ဌာန်းကို အားမထုတ်သေးဘဲ ပရမတ်ရုပ်ကို မမြင်သေးဘဲ နာမ်ကမ္မဋ္ဌာန်းကို ကူးလို့ လုံး၀မဖြစ်နိုင်ပါဘူး။
ဒါကြောင့်မို့ စနစ်တကျ အားထုတ်ရမှာ ဖြစ်တယ်။

(ဘုရားပေးတဲ့နည်းအတိုင်း) စနစ်တကျ တဆင့်ပြီးတဆင့် အားထုတ်ရင် နိဗ္ဗာန်ကို သင်တနေ့ မျက်မှောက်ပြုနိုင်လိမ့်မယ်။
သင့်ရဲ့ ဝိပဿနာဉာဏ်တွေရင့်ကျက်လာပြီးတဲ့ အဆုံးမှာ မဂ်ဉာဏ်ဖိုလ်ဉာဏ်က သင့်ကိုနိဗ္ဗာန်ကို မျက်မှောက်ပြုစေမှာ ဖြစ်တယ်။

ရည်ညွန်းချက်

ကိုကောင်းထက်ညွန့် Kaung Htet Kaung Htat Nyunt တင်ထားတဲ့ စင်္ကာပူတရားပွဲအပြီး အမေးအဖြေ live မှ ဘာသာပြန် ပြန်ရိုက်ပြီး ဖေါ်ပြပါတယ်။ https://www.facebook.com/kaunghtat.nyunt/videos/797528920451660/?notif_id=1525518373520455¬if_t=live_video_inviteoGoogle မှ ကူးယူဖေါ်ပြထားပါတယ်။
=================================================

# # #ဖားအောက်ဆရာတော်ရဲ့ နိဗ္ဗာန်ရောက်ကြောင်း ပဋိစ္စသမုပ္ပါဒ် တရားတော် # # #

ပို့စ်မိတ်ဆက်။ ။ မနေ့ည (17/03/17) က သီတာဂူ ဆရာတော် ဓမ္မသဘင်မှာ သီတာဂူဆရာတော် အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဖားအောက်တောရ ဆရာတော်ကြီး ဟောကြားခဲ့တဲ့ တရားတော်ကို စာရိုက်ပြီး ပြန်လည်မျှဝေပါတယ်။

ဒီပို့စ်မှာ ဆရာတော် ဟောထားတာ အကုန်လုံးထည့်ရင် မဆံ့မှာစိုးလို့ အကုန်မထည့်ဘဲ ကောက်နှုတ်ပြီး ဖေါ်ပြဖို့ စဉ်းစားခဲ့ပေမဲ့ ဆရာတော်ကြီး ဟောထားတာတွေ အကုန်လုံးက ချန်ရစ်လို့မရလောက်အောင် အရေးကြီးတဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေတယ်။ ဒါကြောင့်မို့ စကားလုံးတလုံးပဲ ကွဲပြီး ဝါကျပါ အကြောင်းအရာတွေ တူနေတာတွေကို ဖြုတ်ကာ စကားလုံး၊ စကားစုတွေကို ဝါကျတကြောင်းတည်းမှာ လာပေါင်းထည့်ပြီး ချူပ်ပစ်လိုက်တဲ့ တချို့ကလွဲရင် အားလုံးကို ဆရာတော်ကြီး ဟောထားတဲ့အတိုင်း ပြန်ရိုက်ထားပါတယ်။ ဒါကြောင့်မို့ ကောက်နှုတ်တင်ပြတာ မဟုတ်ဘဲ ဆရာတော် ဟောထားတာ အကုန်လုံးပါတဲ့အတွက် ပို့စ်က ပုံမှန်ထက် အနည်းငယ် ပိုရှည်သွားတယ်။ ဒါပေမဲ့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ပြီး သံသရာ၀ဋ်ဆင်းရဲမှ လွတ်မြောက်အောင် ဘယ်လို အားထုတ်ရမယ်ဆိုတာ တိကျတဲ့ ကျမ်းအကိုးအကား၊ စိတ်၀င်စားဖွယ် အချက်အလက်တွေနဲ့ ရှင်းလင်းတဲ့ ဥပမာတွေပေးပြီး ပြောကြားပြသထားလို့ အင်မတန် အနှစ်သာရနဲ့ ပြည့်၀တဲ့ တရားတပုဒ် ဖြစ်တယ်။ ဆရာတော် အရင်ကဟောခဲ့တဲ့ တရားတွေကို အွန်လိုင်းမှာ ကျွန်မနေ့စဉ် နာဖြစ်နေပေမဲ့ အခုဒီတရားက ဆရာတော်ကိုယ်တိုင် ဟောနေစဉ် ကျွန်မ ပထမဦးဆုံးတိုက်ရိုက် (Live) နာဖူးတဲ့တရားဖြစ်ပြီး နာခဲ့ဖူးတဲ့အထဲမှာ ဆရာတော်ရဲ့ အတိုဆုံးနှင့် အချက်အလက် ကျစ်လစ်သိပ်သည်းမှု အကောင်းဆုံးသော နိဗ္ဗာန်ရောက်ကြောင်းတရား အနှစ်ချူပ်ဖြစ်တယ်။

(Nge Naing – 18/03/17)

ဆရာတော်ကြီးရဲ့ ဟောပြောချက်

သံသရာခရီးမှာ ကျင်လည်နေရတာ ဘာကြောင့်လဲဆိုရင် အရိယာသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ အနုဗောဓဉာဏ်ဖြင့် ထိုးထွင်း၍ မသိမမြင်ခြင်း၊ ပဋိဝေဓဉာဏ်ဖြင့်လည်း မဂ်ဆိုက် ဖိုလ်ဆိုက်အောင် ထိုးဖောက်၍ မသိမမြင်ခြင်းကြောင့် ဤသို့ကလောက် ရှည်လျားလှသော သံသရာခရီး ကာလပတ်လုံး ငါဘုရားရှင်သည်လည်းကောင်း၊ အသင်ချစ်သားတို့သည်လည်းကောင်း ထိုဘ၀မှ ဤဘ၀၊ ဤဘ၀မှ ထိုဘ၀ တပြောင်းတပြန် ကျင်လည်ကျက်စားပြီး သွားခဲ့ရလေပြီ။ တခုသောဘ၀မှာလည်းပဲ ထပ်ခါထပ်ခါ ကျင်လည်ကျက်စားပြီး သွားခဲ့ရလေပြီ ဆိုပြီး ဒီလိုဘုရားရှင်က မိန့်ကြားထားတယ်။ သံသရာခရီးက ဆုံးချင်တယ်ဆိုရင် အနုဗောဓဉာဏ်ဖြင့်လည်း ထိုးထွင်းသိမြင်အောင် ကြိုးစားရမယ်။ ပဋိဝေဓဉာဏ်ဖြင့်လည်း မဂ်ဆိုက်ဖိုလ်ဆိုက် ထိုးထွင်းသိမြင်အောင် ကြိုးစားရမယ်။ နာမရူပ ပရိစ္ဆေဒဉာဏ်ကနေ ဝိပဿနာဉာဏ်အားလုံးကို အနုဗောဓဉာဏ်လို့ ခေါ်ပါတယ်။ ပဋိဝေဓဉာဏ်ဆိုတာက အရိယမဂ်ဉာဏ်ကို ဆိုလိုပါတယ်။ အရိယမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်အထိ ထိုးထွင်းသိမြင်ခြင်းကို ပဋိဝေဓဉာဏ်လို့ ခေါ်ပါတယ်။ ဒီတော့ သံသရာခရီးမှ ကျွတ်လွှတ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ဘာလုပ်ရမလဲ မေးရင် အရိယာသစ္စာလေးရပ် တရားမြတ်ကို အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးဖောက်သိအောင် ကြိုးစားအားထုတ်ကြရမယ်။

အဲဒီတော့ ဒုက္ခသစ္စာက ဘာလဲ။ အားလုံးကြားဖူးကြတယ်နော်။ ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ ဆိုတဲ့ ဘုရားရှင် ဟောကြားထားတဲ့အတိုင်း လိုရင်းတိုရှင်း ပြောမယ်ဆိုရင်တော့ ဥပါဒါနက်ခန္ဓာငါးပါးသည် ဒုက္ခ အရိယသစ္စာ ဖြစ်တယ်။

ဘာကို သမုဒယသစ္စာလို့ မေးရင်တော့ မြတ်စွာဘုရားက တဏှာကိုလည်း သမုဒယသစ္စာလို့ သစ္စာဝိဘင်းပါဠိတော်မှာ ဟောကြားထားခဲ့ပါတယ်။
တဏှာနှင့်တကွ ကိလေသာ အားလုံးကိုလည်း သမုဒယသစ္စာဆိုပြီး ဒုတိယအကြိမ် ထပ်မံဟောထားပါတယ်။
နောက်တခု တဏှာနှင့်တကွ ကိလေသာအားလုံး ကြွင်းနေတဲ့အကုသိုလ် သမုဒယသစ္စာဆိုပြီး ဒီလိုဟောထားပါတယ်။ နောက်တနည်းကျတော့ ဘုရားရှင်က တဏှာ၊ ကိလေသာနှင့်တကွ ကြွင်းအကုသိုလ်တရား အားလုံးကိုလည်းကောင်း၊
သံသရာကို လည်ပတ်စေတတ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟ ဦးဆောင်နေတဲ့ ကုသိုလ်တရား အားလုံးကိုလည်း သမုဒယသစ္စာဆိုပြီး ဒီလိုဟောကြားထားတော်မူပါတယ်။

နောက်ဆုံးနည်းအနေနှင့် ပြောရင်တော အဋ္ဌကထာများက ဒီဟောကြားချက်ကို ကြည့်ပြီးတော့ (ပါဠိ) စေတနာနှင့်င့်ယှဉ်ပြီးတော့ သမ္ပယုတ္တရားလို့ ဒီလိုအထူးမပြောတော့ဘဲ သံသရာကို လည်ပတ်စေတဲ့ ကုသိုလ်ကံ အကုသိုလ်ကံမှန်သမျှကို သမုဒယသစ္စာလို့ မြတ်စွာဘုရားက သစ္စာဝိဘင်းပါဠိတော်မှာ ဟောကြားတောမူတဲ့အကြောင်းကို သမ္မောဟဝိနောဒနီ အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာတို့မှာ ဖွင့်ဆိုထားပါတယ်။
နောက်တခုကတော့ (အဂုတ္တိုရ်တိကနိပတ် တိဋ္ဌာယတန သုတ္တန်) မှာ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာဆိုတာ ဘာလဲဆိုပြီး မေးခွန်းထုတ်ပြီးတော့ ဘုရားဟောထားပါတယ်။
အဝိဇ္ဇာ ပစ္စယာသင်္ခါရာ၊ သင်္ခါရာ ပစ္စယာ ဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ။ နာမရူပ ပစ္စယာ သဠာယတနံ၊ သဠာယတန ပစ္စယာ ဖေဿ ာ၊ ဖဿ ပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသာ သမ္ဘ၀န္တိ ဆိုပြီးတော့ အကြောင်းအကျိုး ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ကို သမုဒယသစ္စာဆိုပြီး ဟောထားတယ်။

အလားတူပဲ အဝိဇ္ဇာ နိရောဓော သင်္ခါရာ၊ သင်္ခါရ နိရောဓော ဝိညာဏံ စသည်ဖြင့် အကြောင်းအကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ရဲ့ ချူပ်စဉ်ကို ဒုက္ခနိရောဓ အရိယသစ္စာဆိုပြီး ဟောထားပါတယ်။ အားလုံးကြားဖူးတဲ့အတိုင်း ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို အကျဉ်းချူပ်လိုက်ရင် အကြောင်းတရားနှင့် အကျိုးတရားပါပဲ။ အကြောင်းတရားပိုင်းမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါ၊ သင်္ခါရ၊ ကံဆိုပြီး ငါးပါး၊ အကျိုးတရားပိုင်းမှာ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ ၊ ဝေဒနာဆိုပြီး ငါးပါး၊ အကြောင်းတရား ငါးပါးကြောင့် ဒီအကျိုးတရားငါးပါး ဖြစ်ပေါ်လာတယ်။ အကျိုးတရားငါးပါးဆိုတာကလည်း တနည်းအားဖြင့် ပြောရရင်တော့ ဒုက္ခသစ္စာ အမည်ရတဲ့ ဥပါဒါနက်ခန္ဓာငါးပါးပဲ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီ သစ္စာလေးရပ် တရားမြတ်ကို အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးဖေါက်၍ မသိမမြင်ခြင်းကြောင့် ငါဘုရားရှင်သည်လည်းကောင်း၊ ချစ်သားတို့တွေသည်လည်းကောင်း ဤသို့ကလောက် ရှည်လျားလှသော သံသရာခရီး ကာလပတ်လုံး ထိုဘ၀မှဤဘ၀၊ ဤဘ၀မှ ထိုဘ၀သို့ တပြောင်းတပြန် သံသရာ ကျင်လည်ကျက်စားပြီး သွားခဲ့ရလေပြီ။ တခုသောဘ၀မှာလည်း ထပ်ခါထပ်ခါ ကျင်လည်ကျက်စားပြီး သွားခဲ့ရလေပြီ ဒီလိုဟောကြားထားတော်မူခဲ့ပါတယ်နော့်။ ဒါကြောင့် သံသရာခရီးမှ ကျွတ်လွှတ်ထွက်မြောက်ချင်ရင် ဘာလုပ်ရမလဲ။ သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်စွာ သိမြင်အောင် ကြိုးစားရမယ်။

ဒီသစ္စာလေးပါးထဲမှာ သမ္မောဟဝိနောဒနီ အဋ္ဌာကထာ ဝိဘင်းသစ္စာ ပါဠိတော်မှာ ရှင်းထားတာက ဒုက္ခသစ္စာ၊ သမုဒယသစ္စာ ရှေ့သစ္စာ နှစ်ခုက သံသရာထဲမှာ လည်ပတ်နေတဲ့အတွက် ၀ဋ သစ္စာခေါ်ပြီး၊ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာ ဒီနှစ်မျိုးက သံသရာမှ ထွက်မြှောက်ရာ ဖြစ်တဲ့အတွက် ဝိ၀ဋ သစ္စာ ဆိုပြီးခေါ်ပါတယ်။ ဒီနှစ်မျိုးရှိတဲ့အနက်က ၀ဋသစ္စာသာလျှင် ဝိပဿနာ ဘာ၀နာစည်းဖြန်းရမှာ ဖြစ်ပါတယ်တဲ့။

ဒါကြောင့် ဝိပဿနာဆိုတာ ဘာလဲ?၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာက စာမျက်နှာ (၁၇၅) မှာ ဖွင့်ဆိုထားပါတယ်။ (ပါဠိပိုဒ်) အနိစ္စ စသည်တို့၏အစွမ်းဖြင့် အထူးထူးအပြားပြားသော အခြင်းရာတို့ဖြင့် ခေါ်ဆိုအပ်သော သင်္ခါရ ဓမ္မတို့ကို သိအောင်မြင်အောင် ရှုတတ်၏ ထို့ကြာင့် ဝိပဿနာမည်၏တဲ့။ အဲဒီတော့ ဝိပဿနာ ဘာခေါ်လဲလို့ မေးရင် ဒုက္ခသစ္စာလို့ ခေါ်ဆိုအပ်တဲ့ ရုပ်တရား၊ နာမ်တရား၊ သမုဒယသစ္စာလို့ ခေါ်ဆိုအပ်တဲ့ အကြောင်းတရားနှင့် အကျိုးတရား အဲဒီ အသင်္ခါရ ဓမ္မတွေကို ဖြစ်ပြီး ပျက်နေတဲ့သဘောကိုကြည့်ပြီး အနိစ္စ၊ ဖြစ်ခြင်းပျက်ခြင်းဖြင့် အနှိပ်စက်ခံနေရတဲ့ သဘောကိုကြည့်ပြီး ဒုက္ခ မပျက်စီးပဲ အကြိတ်အခဲ အခိုင်အမာအနှစ်သာရအားဖြင့် တည်ရှိတဲ့ အတ္တမဟုတ်တာကို ကြည့်ပြီး အနတ္တ၊ ဒီလို အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲလို့ အမျိုးမျိုးသော အခြင်းအရာအားဖြင့် ရှုပွားသုံးသပ်တတ်တဲ့ ဉာဏ်ကိုသာလျှင် ဝိပဿနာလို့ ခေါ်ဆိုပါတယ်လို့ ဒီလိုရှင်းထားပါတယ်နော်။

အဲဒီတော့ ဝိပဿနာရှုချင်တဲ့ ပုဂ္ဂိုလ်က ဘာလုပ်ရမလဲ၊

နံပါတ် (၁) ဥပါဒါနက် ခန္ဓာငါးပါးခေါ်တဲ့ ရုပ်တရား၊ နာမ်တရားတွေကို သိအောင် ကြိုစားရမယ်။

(၂) သမုဒယသစ္စာခေါ်တဲ့ ကြောင်းကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ရဲ့ ဖြစ်စဉ်မှာ ရှိတဲ့အကြောင်းတရားနှင့် အကျိုးတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေး သုံးတန်တင်ပြီးတော့ ရှုရမှာဖြစ်ပါတယ်နော်။ အဲဒီလို ရှုတဲ့အပိုင်းမှာ ဘုရားရှင်ဟောကြားတဲ့ ရုပ်တရားတို့ မည်သည်မှာ ကလာပ်လို့ ခေါ်ဆိုအပ်တဲ့ ရုပ်ကလပ်အမှုန်လေးတွေ ဖြစ်ပါတယ်။ ဒီရုပ်ကလာပ်အမှုန်လေးတွေကို စာပေနယ်အရ ပြောရမယ်ဆိုရင်တော့ ပရမာအနုမြူခန့် သေးငယ်တယ်လို့ ခေါ်ပါတယ်။ အဲဒီတော့ ဒီရုပ်ကလာပ်လေးတွေကို သိရေး၊ မြင်ရေးအတွက် ဘာလုပ်ရမလဲ။ မြတ်စွာဘုရားက ရုပ်ကလာပ် မြင်ရုံနှင့်လည်း ရုပ်တရားကို မသိသေးဘူး ရုပ်ကလာပ်တွေမှာ (၈-၉-၁၀) ခုအထိ ရှိတဲ့ ရုပ်သဘောတရားလေးတွေကို ဆက်လက်ပြီး သိအောင် ကြိုးစား (ဓာတ်ခွဲ) ရမှာ ဖြစ်ပါတယ်။ အဲဒီလို ကြိုးစားနိုင်ရေးအတွက် ဘာ (အရင်) လုပ်ရမလဲ။

မြတ်စွာဘုရားက သစ္စာသံယုတ်မှာ နံပါတ်တစ် သုတ္တန်က သမာဓိသုတ္တန်ဖြစ်တယ်။ ထိုသမာဓိသုတ္တန်မှာ မြတ်စွာဘုရားက (ပါဠိပိုဒ်)

ရဟန်းတို့ သမာဓိရှိတဲ့ ပုဂ္ဂိုလ်ဟာ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိနိုင်ပါတယ်၊ ဒါကြောင့် သင်ချစ်သားတို့ သမာဓိကို ထူထောင်ကြပါလို့ ဒီလိုတိုက်တွန်းထားပါတယ်။ ဘယ်တရားတွေကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြားသိပါသလဲလို့ မေးပြီး ဘုရားရှင်က ပြန်ဖြေထားပါတယ်။ (ပါဠိပိုဒ်)

သမာဓိရှိတဲ့သူဟာ ဤကား၊ ဒုက္ခအရိယာသစ္စာ၊ ဤကား ဒုက္ခကိုဖြစ်စေတဲ့အကြောင်း သမုဒယအရိယာသစ္စာ၊
ဤကား ဒုက္ခချုပ်ငြိမ်းရာ နိရောဓအရိယာသစ္စာ၊
ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ကျင့်စဉ်ဖြစ်တဲ့ မဂ္ဂအရိယာသစ္စာတရားလို့ ဟုတ်တိုင်းမှန်စွာ သိရမယ်၊ ဒီလိုသိမြင်ရေးအတွက် သင်ချစ်သားတို့တတွေ သမာဓိကို ထူထောင်ကြပါလို့ ဒီလိုတိုက်တွန်းထားပါတယ် နော်။

ဘာကြောင့်သမာဓိ ထူထောင်ရသလဲဆိုတဲ့အကြောင်းက
ဒီပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန် ခေါ်ဆိုရတဲ့ ဒီဈာန်သမာဓိတွေရဲ့ စွမ်းအားကြောင့် ဉာဏ်ရောင်ခေါ်တဲ့ အရောင်အလင်းတွေ ထွက်ပေါ်လာပါတယ်။ အမှောင်ထဲမှာရှိတဲ့ အရာ၀တ္တုတွေကို မမြင်ရလို့ရှိရင် မီးရဲ့အကူအညီနဲ့တော့ မြင်နိုင်တဲ့သဘောရှိတယ်။ အလားတူပဲ ဒီရုပ်တွေ နာမ်တွေကို ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိရေးအတွက် ဒီဈာန်သမာဓိတွေနှင့် ယှဉ်နေတဲ့ ဉာဏ်ကြောင့် ဖြစ်ပေါ်တဲ့အရောင်နှင့် ဒီဉာဏ်ရောင်လို့ ခေါ်တဲ့ အရောင် အလင်းရဲ့ အကူအညီ လိုအပ်ပါတယ်။ ထိုအရောင်အလင်းရဲ့ အကူအညီ ရှိခဲ့ရင် ဒီရုပ်ကလာပ်တွေကိုလည်း မြင်နိုင်တယ် နာမ်တရားတွေကိုလည်း သိမြင်နိုင်ပါတယ်။ ဒါကြောင့် ဒီရုပ်ကလာပ်လေးတွေကို သိမြင်ရေးအတွက် သမာဓိကို ထူထောင်ဖို့ လိုတယ်။

ယေဘုယျအားဖြင့် သုတ္တန်တော်တော်ခပ်များများမှာ မြတ်စွာဘုရားက (ပါဠိပိုဒ်)
စတုတ္ထဈာန်ကို ချီးမွမ်းမြှောက်စားပြီး ဟောကြားတော်မူခဲ့ပါတယ်နော်။

သမာဓိရှိလို့ စတုတ္ထဈာန် သမာဓိနှင့် တည်ကြည်သော စိတ်ဓာတ်ရှိခဲ့ရင်တဲ့ ပြိုးပြိုးပြက်အရောင် တလက်လက် ထွက်ပေါ်လာမယ်၊ စိတ်ဓာတ်တွေဟာလည်း အလွန်ဖြူစင်သွားမယ် နီ၀ရဏ ကိလေသာအညစ်အကြေးတွေမှ ဖြူစင်သွားတဲ့အတွက် အရောင်လေးတွေ ထွက်ပေါ်လာတယ်။ အဲဒီထွက်ပေါ်လာတဲ့ အရောင်အလင်း အကူအညီဖြင့် ကြိုးစားအားထုတ်မယ်ဆိုရင် အရိယာသစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိမယ်လို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်နော်။ ဒါကြောင့် သစ္စာလေးပါး သိရေးအတွက် သမာဓိရှိဖို့ မလိုအပ်ဘူးလား လိုအပ်ပါတယ်။
မဂ္ဂင်ရှစ်ပါးထဲမှာ သမ္မာသမာဓိဆိုတဲ့ မဂ္ဂင်ကိုလည်း ထည့်သွင်းဟောကြားထားတော်မူခဲ့ပါတယ်နော်။

မဂ္ဂင်ရှစ်ပါး စုံညီပါမှ နိဗ္ဗာန်ရမယ်ဆိုတာကို သဘောပေါက် လက်ခံနိုင်ခဲ့မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးရဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့ သမ္မာသမာဓိကို နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်တခုအဖြစ် လက်ခံဖို့ လိုအပ်ပါတယ်နော်။
ဘုန်းကြီးတို့ နာမည်ကျော်ဖြစ်တဲ့ ဒီမဟာသတိပဋ္ဌာန သုတ္တန်မှာ ဘုရားရှင်က မဂ္ဂင်ရှစ်ပါးကို တလုံးစီ ရှင်းထားပါတယ်။

ပထမဈာန်သမာဓိ၊ ဒုတိယဈာန်သမာဓိ၊ တတိယဈာန်သမာဓိ စတုတ္ထဈာန် သမာဓိတခုစီကို သမ္မာသမာဓိလို့ ခေါ်ဆိုကြောင်း ရှင်းထားပါတယ်နော်။ ဒီရှင်းလင်းချက်ကို ဘုန်းကြီးတို့ စာပေနယ်သုံး ဝေါဟာရနှင့် ပြောမယ်ဆိုရင် မဇ္ဈေဒီပကနည်းလို့ ခေါ်ပါတယ်။ သမာဓိက သုံးမျိုးရှိတယ် ဥပစာရသမာဓိခေါ်တဲ့

ကာမာ၀စရသမာဓိကတမျိုး၊

ပထမဈာန်/ဒုတိယ/ တတိယ/ စတုတ္ထဈာန် ခေါ်တဲ့ ရူပါ၀စရ သမာဓိကတမျိုး၊

အာကာသာနဉ္စာယတနဈာန်၊ ဝိညာဏဉ္စာယတနဈာန်၊ အာကိဉ္စညာယတနဈာန်၊ နေ၀သညာနာသညာယတနဈာန်ခေါ်တဲ့ အရူပါ၀စရသမာဓိကတမျိုး ဒီလို ကာမာ၀စရသမာဓိ၊ ရူပါ၀စရသမာဓိနဲ့ အရူပါ၀စရသမာဓိဆိုပြီး သုံးမျိုးရှိတဲ့အနက် ဘုရားရှင်က အလယ်ခေါင်ပေါ်မှာ ရှိနေတဲ့ ရူပါ၀စရသမာဓိကို သမ္မာသမာဓိအဖြစ် ရှင်းထားတယ်။

ဒီလိုရှင်းလင်းချက်ကို မဇ္ဈေဒီပကနည်းလို့ ခေါ်ပါတယ်။ မြွှေတကောင်ကို ခါးလယ်ကနေကိုင်ပြီး မြှောက်ပြရင် ခါးလယ်ကိုသာ မြင်တာမဟုတ်ဘူး တကောင်လုံးကို မမြင်နိုင်ဘူးလား၊ မြင်နိုင်ပါတယ်။ အဲဒီနည်းစနစ်နဲ့ မြတ်စွာဘုရားက မဇ္ဈေဒီပကနည်းအားဖြင့် မဟာသတိပဋ္ဌာန သုတ္တန်မှာ ရူပါ၀စရသမာဓိ လေးပါးကို သမ္မာသမာဓိ ဖြစ်ပါတယ်ဆိုပြီး ဒီလိုရှင်းထားပါတယ်နော်။ ဒါကြောင့် (ဝိပဿနာရှုဖို့အတွက်) သမာဓိတခုခုကိုတော့ ထူထောင်ဖို့ လိုအပ်ပါတယ်နော်။ သမာဓိထူထောင်ပြီးတော့ ဘာလုပ်မလဲလို့ မေးရတယ် ဘုန်းကြီးတို့ သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိတာမှန်တယ်၊ ဝိပဿနာပိုင်း ရောက်လာပြီဆိုရင် ရုပ်ကမ္မဋ္ဌာန်းနဲ့ နာမ်ကမ္မဋ္ဌာန်းဆိုပြီး ကမ္မဋ္ဌာန်းက နှစ်မျိုးပဲရှိတယ်။ ရုပ်ကမ္မဋ္ဌာန်းကို မြတ်စွာဘုရား ဟောပြီဆို ဘယ်လိုဟောသလဲ။ (ပါဠိပိုဒ်) ရုပ်ကမ္မဋ္ဌာန်းကို ဟောတဲ့အခါမှာ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း (သို့) အကျယ်နည်း နည်းလမ်းတမျိုးမျိုးနဲ့ ဟောမြဲဓမ္မတာ ဖြစ်ပါတယ်ဆိုပြီး ဒီလိုပဲ မဟာသတိပဋ္ဌာနသုတ္တန် အဋ္ဌကထာက ရှင်းထားတယ်နော်။

ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကို မြတ်စွာဘုရားက နာမည်ကျော်ဖြစ်တဲ့ မဟာသတိပဋ္ဌာန သုတ္တန်မှာ ဟောကြားထားတော်မူတယ်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် ရှုပွားနည်းကိုတော့ မဟာရာဟုလောဝါရ သုတ္တန်၊ ဓာတုဝိဘဂ္ဂင်္သုတ္တန်၊ အဘိဓမ္မာ ဝိဘင်းပါဠိတော် စသည်တို့မှာ ဟောကြားထားတော်မူခဲ့ပါတယ်။ ဒါကြောင့် ရုပ်တရားကို ဟုတ်တိုင်းမှန်စွာ သိရှိချင်တယ်ဆိုရင် ဘာလုပ်ရမလဲ၊ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းကြိုက်လည်း အကျဉ်းနည်း အကျယ်နည်းကြိုက်လည်း အကျယ်နည်း ကိုယ်ကြိုက်တဲ့ နည်းလမ်းနဲ့ ရှုပါ။

ဓာတ်ကမ္မဋ္ဌာန်း ရှုနည်းကတော့ ဆရာသမားဆီမှာ စနစ်တကျ သင်ယူဖို့ လိုအပ်ပါတယ် နော်။

ဆရာမရှိဘဲနဲ့ အားထုတ်မယ်ဆိုရင်တော့ လမ်းချော်သွားတတ်ပါတယ်နော်။ ဘာဖြစ်လို့လဲ၊ ဒီဓာတ်တလုံး/နှစ်လုံး/သုံးလုံး သော်လည်းကောင်း ရှုပွားနိုင်ပြီးပြီဆိုရင် ထိုယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒီဓာတ်ကမ္မဋ္ဌာန်းကို အာရုံယူပြီး ရှုပွားသုံးသပ်နေတဲ့ သမာဓိရဲ့စွမ်းအားကြောင့် ဉာဏ်ရောင်ခေါ်တဲ့ အရောင်အလင်းတွေ ထွက်ပေါ်လာတတ်ပါတယ်။ အဲဒီအရောင်အလင်းကိုပဲ တခါတလေ နိဗ္ဗာန်လို့ အယူအဆ လွှဲမှားသွားတတ်ပါတယ်နော်။ ဒါကြောင့် ဆရာသမားနဲ့ စနစ်တကျ ချဉ်းကပ်ပြီး လေ့လာဖို့တော့ လိုအပ်ပါတယ်နော်။

မြတ်စွာဘုရားက ဒီသုတ္တန်ကို ဘယ်လိုဆက်လက် ဟောကြားတော်မူလဲ။ (ပါဠိပိုဒ်) ငါဘုရားရှင်သည် အခုအခါမှာ အရိယာ သစ္စာလေးရပ် တရားမြတ်ကို အနုဗောဓဉာဏ်ဖြင့််လည်း ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိပြီး ပဋိဝေဓဉာဏ်ဖြင့်လည်း မဂ်ဆိုက် ဖိုလ်ဆိုက်အောင် ထိုးထွင်းသိပြီ။ ဒီလိုထိုးထွင်းသိမြင်ခဲ့ခြင်းကြောင့် ငါဘုရားမှာ ဘ၀အပေါ်မှာ တွယ်တာတပ်မက်နေတဲ့ ဘ၀တဏှာကို ငါဘုရားသည် ပယ်သတ်ပြီးပြီ။ ဘ၀တခုနဲ့ တခုကို ကြိုးကဲ့သို့ သွယ်တန်းပြီး ချည်နှောင်တတ်တဲ့ တဏှာတရားသည်လည်း ကုန်ဆုံးပျက်ပြားခဲ့လေပြီ။ ငါဘုရားရဲ့သန္တန်မှာ ဘ၀နိတိဖြစ်တဲ့ တဏှာတရားကုန်ဆုံးပြီ ဖြစ်တဲ့အတွက်ကြောင့် နောက်ထပ်တဖန် ဘ၀ဆိုတာ ငါဘုရားမှာ မရှိတော့ပြီလို့ ဒီလိုမိန့်ကြားသွားပါတယ်နော်။ ဒါကြောင့် သစ္စာလေးရပ် တရားမြတ်ကို ဟုတ်တိုင်းမှန်ရာ မသိရင်တော့ သံသရာခရီးကို ကျင်လည်နေရမှာ ဖြစ်တယ်နော်။

ဟုတ်တိုင်းမှန်ရာဆိုတာ ဘယ်လိုသိရမလဲ။ နာမရူပ ပရိစ္ဆေဒဉာဏ်ကနေ ဝိပဿနာဉာဏ်အားလုံးဖြစ်တဲ့ အနုဗောဓဉာဏ်ဖြင့်လည်း ထိုးထွင်းသိမြင်ရမည်၊ ပဋိဝေဓဉာဏ်ဖြင့်လည်း အရိယာမဂ်ဉာဏ် ဖိုဉာဏ်အထိထိုးထွင်း သိရမည်။ အဲဒီလို ထိုးထွင်းသိမြင်မှ သံသရာခရီးမှ ကျော်လွှားလွှတ်မြှောက်နိုင်မှာ ဖြစ်တယ်၊ သံသရာခရီး ဆုံးမှာဖြစ်တယ်။ သံသရာခရီး ဆုံးတဲ့အထိ သွားချင်တဲ့ပုဂ္ဂိုလ် ဘာလုပ်ရမလဲ အရိယာသစ္စာလေးရပ် တရားမြတ်ကို အနုဗောဓဉာဏ်၊ ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထိုးဖောက်သိမြင်အောင် ကြိုးစားရမယ်နော်။

ဘယ်ပုံဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ကြိုးစားရမလဲဆိုရင်တော့ နံပါတ် (၁) ဥပစာရသမာဓိဖြစ်စေ၊ ရူပါ၀စရ သမာဓိဖြစ်စေ၊ အရူပါ၀စရသမာဓိဖြစ်စေ သမာဓိတခုခုကိုတော့ ထူထောင်ရမယ်။ ထူထောင်ပြီးတဲ့အချိန်မှာ ရုပ်တရားကို ဟုတ်တိုင်းမှန်စွာ ထွင်းဖောက်သိမြင်ရေးအတွက် ဓာတ်ကမ္မဋ္ဌာန်းကို ရှုရမယ်။ ဓာတ်ကမ္မဋ္ဌာန်းကို ရှုပြီးတော့ ရုပ်တွေကို ဟုတ်တိုင်းမှန်စွာ သိပြီးတဲ့အခါကျမှ နာမ်တရားကို ပြောင်းရှုရမယ်၊ ရုပ်တရားကို မသိမမြင်သေးဘဲနဲ့ နာမ်တရားကို ပြောင်းရှုရင်တော့ သိဖို့တော်တော်လေး ခက်ခဲပါတယ်နော်။ အဲဒါကြောင့် သမာဓိ ထူထောင်တဲ့အပိုင်းမှ စပြီးတော့ စနစ်တကျ ဆရာသမားဆီမှာ လေ့လာကြိုးကုပ် ပွားများအားထုတ်ကြရမှာ ဖြစ်တယ်။

အဲဒီလို (သမာဓိကို) အားထုတ်ပြီးတဲ့အချိန်မှာ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျအားထုတ်ပါ။ အားထုတ်ရင် ရုပ်တရားတွေ ရုပ်ကလာပ်တွေကို မြင်မယ်၊ ရုပ်ကလာပ်အတွင်းမှာ ရှိတဲ့ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ အဆင်း၊ အနံ့ ရသ၊ သြဇာ စသည့် ရုပ်ပရမတ်သဘောတရားတွေကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမှာ ဖြစ်တယ်။ အဲဒီလို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ရေးအတွက် သမာဓိအားကောင်းဖို့တော့ လိုအပ်ပါတယ်နော်။ အဲဒီလို အားကောင်းတဲ့သမာဓိကို ဆရာသမားနဲ့ စနစ်တကျ အားထုတ်ပြီး ဓာတ်ကမ္မဋ္ဌာန်းကိုလည်း အားထုတ်နိုင်မယ်ဆိုရင်တော့ ရုပ်တရားတွေကိုလည်းသိမယ်၊ ရုပ်တရားတွေကို မှီတွယ်၍ ရုပ်တရားကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့ နာမ်တရားတွေကိုလည်း ဟုတ်တိုင်းမှန်စွာ သိနိုင်မယ်။ ရုပ်တွေ နာမ်တွေကို ပရမတ်သို့ဆိုက်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်း သိမြင်ပြီးတဲ့အချိန်အခါမှာ ဒီရုပ်တရား နာမ်တရားတွေ ဘာကြောင့် ဖြစ်ပေါ်နေရပါသလဲဆိုတဲ့ အကြောင်းတရားတွေကို တဆင့်တက် ရှာဖွေမယ်ဆိုရင်တော့ ရှာဖွေလို့ ရနိုင်ပါတယ်နော်။

နမူနာလေးတခု နည်းနည်းလေး ပြောမယ်နော်၊ ယောဂီတဦးကို ဘုန်းကြီး ဒီလိုရှာဖွေခိုင်းလိုက်တဲ့အချိန်မှာ လက်ရှိပစ္စုပ္ပန်မှာ ရှိနေတဲ့ ရုပ်တွေ နာမ်တွေကို အဇ္ဈတ္တ (အတွင်း)၊ ဗဟိဒ္ဓ (အပြင်) သိမ်းဆည်းရတယ်၊ သိမ်းဆည်းပြီး အောင်မြင်မှု ရတဲ့အခါမှာ အတိတ်ဘက်ကို တာဆူပြီး ရုပ်တွေ နာမ်တွေကို တဖြည်းဖြည်း သိမ်းဆည်းသွားတဲ့အခါမှာ နောက်ဆုံး အမိ၀မ်းထဲ ကာလလရေကြည် တည်စအခိုက်ထိ သိမ်းဆည်းလို့ရပြီ၊ အဲလိုသိမ်းဆည်းလို့ရပြီ ဆိုတဲ့အချိန်ကျမှ အတိတ် မရဏသန္နဇောကျတဲ့အချိန် ဖြစ်နေတဲ့ရုပ်တွေနာမ်တွေကို ဆက်လက်ပြီး သိမ်းဆည်းခိုင်းလိုက်တဲ့အခါမှာ ဒီမရဏာသန္နဇောရဲ့ အာရုံက ဘာတွေလဲဆိုတာ သိအောင် သူ့ကိုမြင်အောင် ရှုခိုင်းတဲ့အချိန်အခါမှာ ကျိုက်ထီးရိုးစေတီတော်မှာ ဆီမီးပူဇော်နေတဲ့ အာရုံပေါ်လာတယ်။ ဆီမီးပူဇော်နေတဲ့အချိန်မှာ ဘာဆုတွေတောင်းသလဲလို့ မေးပြီးသေသေချာချာ ပြန်ရှုခိုင်းလိုက်တဲ့အခါမှာ ကျိုက်ထီးရိုးမှာ မီးပူဇော်နေတာက သူတယောက်တည်းမဟုတ်ဘူး။ ပရိတ်သတ်က တော်တော်ခပ်များများ ရှိတယ်။ အဲဒီပရိတ်သတ်တွေထဲမှာ ခန့်ခန့်ချောချော ဘီးဆံပတ်ထုံးထားတဲ့ အမျိုးသမီးကြီးတယောက် ရှိတယ်။ ဒီအမျိုးသမီးကြီးကို သူကအားကျပြီးတော့ နောင်တချိန်မှာ ဒီအမျိုးသမီးကြီးလို ခန့်ခန့်ညားညား အမျိုးကောင်းသမီးကြီး ဖြစ်ပါစေလို့ သူကဆုတောင်းပန်ထွာလိုက်တယ်။

အဲဒီမှာ အမျိုးကောင်းသမီးဆိုတဲ့ သိနေတဲ့အသိက မှားနေတယ်ဘာဖြစ်လို့လဲ။ ရုပ်တရားအစုအပုံ၊ နာမ်တရားအစုအပုံလို့ သိမယ်၊ အနိစ္စတရား၊ ဒုက္ခ တရား၊အနတ္တတရားဆိုပြီး သိမယ်ဆို ဒီအသိကမှန်တယ် ဒါက သမ္မာဒိဋ္ဌိဝိဇ္ဇာဉာဏ်ပဲ။ အမျိုးသမီးလို့ သိတာက အသိမှားနေတဲ့အတွက် အဝိဇ္ဇာ၊
အမျိုးသမီးဘ၀ကို တွယ်တာနေတဲ့ သဘောက တဏှာ၊ ကပ်ပြီးစိတ်ကပ်စွဲနေတဲ့ သဘောလေးက ဥပါဒန်၊ ဒီအဝိဇ္ဇာ၊ တဏှာ၊ ဥပါဒန် ခြံရံပြီးတော့ ဘုရားမှာဆီမီးပူဇော်ပြီး ဆုတောင်းလိုက်တဲ့ ကုသိုလ် သင်္ခါရတရားဆိုတဲ့ ကုသိုလ်တွေကို ဆောင်ရွက်လိုက်တယ်။ ဒီသင်္ခါရတရားကလည်း အနိစ္စတရား ဖြစ်တယ်။ ဖြစ်ပြီးရင် ပျက်သွားပေမဲ့ နောင်တချိန်မှာ သူမျှော်လင့်နေတဲ့ အမျိုးကောင်းသမီးဆိုတဲ့ ခန္ဓာငါးပါးဆိုတဲ့ စွမ်းအင်ကမ္မ သတ္တိလေးကို စိတ်အစဉ်မှာ မြှပ်နှံပြီးမှ ချူပ်ပျက်သွားတယ်။ အဲဒီကမ္မသတ္တိလေးကို ကံခေါ်တယ်။ အဲဒီကံကြောင့် အမိ၀မ်းတွင်းမှာ ကာလလရေကြည်တည်အခိုက် ရုပ်တွေ နာမ်တွေ ဖြစ်မဖြစ် ဆန်းစစ်ခိုင်းလိုက်တဲ့အခါမှာ ဒီကံကြောင့်ပဲ ရုပ်တွေ နာမ်တွေ အထင်အရှား ဖြစ်နေတာကို သွားတွေ့ပါတယ်။

အဲဒီအခါကျတော့မှ ပဋိစ္စသမုပ္ပါဒ် သဘောတရား အကြောင်းတရား အကျိုးတရားတွေကို သိမ်းဆည်းရပါတယ်။ အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်တယ်။
အဝိဇ္ဇာ၊ တဏှာ၊ သင်္ခါရက အကြောင်းတရား၊ ပဋိသန္ဓေကမ္မဇရုပ်က အကျိုးတရား၊
ကံဖြစ်ခြင်းကြောင့် ပဋိသန္ဓေကမ္မဇရုပ် ဖြစ်တယ် ကံကအကြောင်းတရား၊ ကမ္မဇရုပ်က အကျိုးတရား ဒီလိုအကျိုးတရားအကြောင်းတရားတွေကို သိမ်းဆည်းရပါတယ်နော်။ အဲဒီလိုသိမှ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိတယ်လို့ ခေါ်တယ်နော်၊ ဆရာအပြောနဲ့ လွမ်းရုံနဲ့တော့ မပြီးပါဘူး၊ ကိုယ်တိုင်မျက်မှောက် အနုဗောဓဉာဏ် ပဋိဝေဒဉာဏ်ဖြင့် ကိုယ်တိုင်သိအောင် ကြိုးစားရမည့် အရာဖြစ်ပါတယ်နော်။ အဲဒီတော့ ဒီနေ့ တရားနာပရိတ်သတ်အပေါင်း သူတော်ကောင်းတို့လည်း သံသရာ၀ဋ်ဆင်းရဲ ဒုက္ခမှ ကျွတ်လွှတ်ထွက်မြောက်ရာ ဖြစ်တဲ့ နိဗ္ဗာန်ကို အလိုရှိတယ်ဆိုရင် ဘာလုပ်ရမလဲ။ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိအောင် ကြိုးစားအားထုတ်ရမှာ ဖြစ်တယ်နော်။

ကမ္ဘာ့ပညာရှင်
ဖားအောက်တောရဆရာတော်
၁၇-၀၃-၁၇


Credit to .Bibliography:

https://www.facebook.com/sitagulivedhamma/videos/594308670761252/?pnref=story (အစမှ မိနှစ် ၃၀ အထိ)

=================================================

# အနုပုဗ္ဗနိရောဓသုတ္တန် # (အံ၊၃၊၂၀၇)

နဝယိမေ ဘိက္ခဝေ အနုပုဗ္ဗနိရောဓာ ။ ကတမေ နဝ-
၁။ မဌမံ ဈာနံ သမာပန္နဿ ကာမသညာ နိရုဒ္ဓါ ဟောတိ၊
၂။ ဒုတိယံ ဈာနံ သမာပန္နဿ ဝိတက္ကဝိစာရာ နိရုဒ္ဓါ ဟောန္တိ၊
၃။ တတိယံ ဈာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ၊
၄။ စတုတ်ထံ ဈာနံ သမာပန်နဿ အဿာသပဿာသာ နိရုဒ်ဓါ ဟောန်တိ၊
၅။ အာကာနဉ္စာယတနံ သမာပန္နဿ နိရုဒ္ဓါ ဟောန္တိ၊
၆။ ဝိညာဏဉ်စာယတနံ သမာပန်နဿ အာကာသာနဉ်စာယတနသညာ နိရုဒ်ဓါ ဟောတိ၊
၇။ အာကိဉ်စညာယတနံ သမာပန္နဿ ဝိဉာဏဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊
၈။ နဝေသညာနာသညာယတနံ သမာပန်နဿ အာကိဉ်စညာယတနသညာ နိရုဒ်ဓါ ဟောတိ၊
၉။ သညာဝေဒယိတနိရောဓံ သမာပန္နဿ သညာ စ ဝေဒနာ စ နိရုဒ္ဓါ ဟောန္တိ။
ဣမေ ခေါ ဘိက္ခဝေ နဝ အနုပုဗ္ဗနိရောဓာ"တိ။

# အနုပုဗ္ဗနိရောဓသုတ္တန် #
ရဟန်းတို့.....အစဉ်အတိုင်း ချုပ်ငြိမ်းခြင်းတို့သည် ဤကိုးမျိုးတို့တည်း။
အဘယ်ကိုးမျိုး

Address


Website

Alerts

Be the first to know and let us send you an email when Winmg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share