𝙹𝚘𝚑𝚗 𝚂 𝙺𝚊𝚢

𝙹𝚘𝚑𝚗 𝚂 𝙺𝚊𝚢 Who will have all men to be saved, and to come unto the knowledge of the truth. 1Tim 2:4

Pastor of Wichita Myanmar Christian Church
Founder of MGBCI
Director of Shwe Canaan TV
Director of Shwe Canaan Ministry

03/01/2025

ဘုရားသခင်အမြင်
~~~~~~~
တခြားသူတွေရဲ့ ထင်မြင်ယူဆချက်ထက် ဘုရားသခင်ရဲ့ ထင်မြင်ယူဆချက်ကို အလေးထားပါ။

သင့်ကိုအမိဝမ်းထဲ၌ ငါမဖန်ဆင်းမှီသင့်ကို ငါသိပြီ။ မဘွားမှီကပင် သင့်ကို ငါသန့်ရှင်းစေ၍၊ လူ အမျိုးမျိုးတို့အဘို့၊ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။ (ယေရမိ ၁း၅)

ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ် ဖြစ်ပါ၏ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင်ကို ငါ စေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင် စကားကို ငါမှာထား၏။ ထိုစကားကို သင်ဆင့်ဆိုရမည်။ (ယေရမိ ၁း၇)

ယေရမိက သူဟာ အသက်ငယ်ရွယ်သူဖြစ်ပြီး စကားကိုတောင်မှ ကျယ်ကျယ်လောင်လောင် မပြောတတ်တဲ့ အတွက်ကြောင့် သူ့ကို ဘုရားသခင်က ဘယ်လိုသုံးနိုင်မှာလဲ၊ သူပြောတဲ့စကားတွေကိုရော ဘယ်သူက နားထောင်မှာလဲ၊ သူ့မှာရှိတဲ့ အားနည်းချက်တွေနဲ့ သူ့ရဲ့ အတွေ့အကြုံမရှိတာတွေကို စဉ်းစားမိပြီး သူ့ကိုယ်သူ ကန့်သတ်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်အတွက်အရေးပါတဲ့အလုပ်ကို ပြီးမြောက်အောင် သူဘယ်လိုမှ စွမ်းဆောင်မှာမဟုတ်ဘူးလို့ သူခံစားခဲ့ရတယ်။

ဒါပေမယ့် ဘုရားသခင်ဆီမှာ ယေရမိနဲ့ မတူတဲ့ ကွဲပြားခြားနားတဲ့သဘောထားရှိတယ်။ ကိုယ်တော်က ယေရမိဘဝအတွက် အကြံအစည်ရှိနေတာကို ပြောပြီးမှ သူ့ကို ထူးခြားတဲ့တာဝန်ပြီးမြောက်ဖို့ ခေါ်ခဲ့တာဖြစ်တယ်။ ဘုရားသခင်က ယေရမိရဲ့ ကန့်သတ်ချက်တွေကို သိပေမယ့် စိတ်မဝင်စားပါဘူး။

ယေရမိရဲ့ လိုလားတဲ့ နာခံမှုနဲ့ သစ္စာရှိမှုကိုဘဲ လိုချင်တာဖြစ်တယ်။ ယေရမိကလည်း ဘုရားသခင်ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ပြီး သူ့ရဲ့ တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ်လည်း တစ်ခါတစ်လေမှာတော့ မသေချာမရေရာမှုတွေက သူ့ကို ဒုက္ခပေးနေခဲ့တယ်။ ဘုရားသခင်ကို ကိုးစားပြီး သူ့ရဲ့ကတိကိုစောင့်ရှောက်ဖို့ ယုံကြည်ချက်လိုအပ်သလို၊ ဘုရားသခင်စကားကို နာခံပြီး သစ္စာရှိနေဖို့လည်း အမြဲသတိရှိနေရမှာဖြစ်တယ်။

ဘုရားသခင်က ယေရမိလိုဘဲ သင့်ကို ထူးခြားတဲ့တာဝန်တွေ ပေးထားပါတယ်။ အဲဒီတာဝန်တွေဟာ မဖြစ်နိုင်ဘူးလို့ထင်ရတတ်တဲ့ အလုပ်တွေ ဖြစ်ပြီး အတားအဆီးတွေ အတိုက်အခံတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ တစ်ခါတစ်လေမှာ သင်လိုအပ်နေတဲ့ အရည်အချင်းတွေ၊ သင့်ဆီမှာ မရှိတော့မှာကို စိုးရိမ်သလို ခံစားလာရ တတ်တယ်။ ဒါပေမယ့် ဘုရားသခင်က သင့်ကို စိုးရိမ်ပူပန်မှုတွေ၊ ကြောက်ရွံမှုတွေနဲ့ သံသယတွေကနေ ကင်းဝေးစေချင်တယ်။

- အနာဂတ်ကို မျှော်ကြည့်လိုက်တဲ့အချိန်တိုင်းမှာ သင့်ကိုယ်ကိုဘဲ အာရုံစိုက်နေပြီး သင့်ရဲ့ ရှေ့ရေးကို မကန့်သတ်ပါနဲ့။ အဲဒီအစား ဘုရားသခင်ကိုဘဲ စူးစိုက်ပြီး သင့်ကိုပေးထားတဲ့ တာဝန်အပေါ်မှာ သစ္စာရှိပါ။

- ဘုရားသခင်ရဲ့ အမှုပြီးမြောက်ဖို့ ယုံကြည်ခြင်းနဲ့ ရှေ့တိုးပါ။
- ဘုရားသခင်နိုင်ငံတော်အတွက် သင့်ရဲ့အချိန်၊ ဘဏ္ဍာနဲ့ စွမ်းးရည်တွေကို အသုံးပြုခွင့်ပေးပါ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/28/2025

ဘုရားသခင်စကားနားထောင်ပါ
~~~~~~~~
ဘုရားသခင်စကားနားထောင်တယ်ဆိုတာ ဘာကိုဆိုလိုသလဲလို့ သင်တွေးဘူးပါသလား။

သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ၏ဟူ၍၎င်း၊ ကျောက်အားလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ၍၎င်း ဆိုလျက်၊ စင်စစ်ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှု ရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မ တော်မူပါဟု လျှောက်တတ်ကြ၏။ (ယေရမိ ၂း၂၇)

သင်ကလူတွေကို စကားပြောဖို့ ကြိုးစားတဲ့အခါ သင့်ကို နားမထောင်ဘဲ လျစ်လျူရှုခဲ့ရင် သင်ဘယ်လိုခံစားရသလဲ။

ဘုရားသခင်ကလည်း ဒီလိုအဖြစ်မျိုးကြုံခဲ့ရင် သူဘယ်လိုတုန့်ပြန်မယ်လို့ သင်ထင်သလဲ။

လူတွေက ဘုရားသခင်စကားကို နားထောင်ဖို့ အမြဲငြင်းဆန်တတ်ကြပြီး သူ့ကိုတောင် ကျောခိုင်းခဲ့ကြတယ်။ ကောင်းကြီးခံစားရတဲ့သူတွေဖြစ်စေဖို့၊ ဘုရားသခင်က ဘယ်လောက်ဘဲသွန်သင်ခဲ့ပေမယ့်လည်း နားထောင်ဖို့ငြင်းဆန်ခဲ့ကြတယ်။ သူတို့တွေ အန္တရာယ်ရှိတော့မယ့်အကြောင်းပြောရင်လည်းသတိပေးချက်တွေကို လျစ်လျူရှုခဲ့ကြတယ်။

ဒုက္ခရောက်တဲ့အချိန်မှဘဲ သူတို့ကိုကယ်ဖို့ ဘုရားသခင်ကို မျှော်လင့်တတ်ကြတယ်။ အဲဒီဂျူးလူမျိုးတွေလိုဘဲ ကျွန်တော်တို့လည်း ဒုက္ခရောက်မှ ဘုရားသခင်ဆီ လှည့်ပြန်တတ်ကြတယ်။ ဘုရားသခင်စကားကို လျစ်လျူရှုပြီး သူ့စကားကို နားမထောင်ဘဲ၊ ပျက်စီးခြင်းတွေ၊ ဆုံးရှုုံးမှုတွေ ကြုံတွေ့ပြီး မှ ဘုရားသခင်ကို နောက်ကျစွာခေါ်တတ်ကြတယ်။

ကျွန်တော်တို့နေ့စဉ်အသက်တာအောင်မြင်ဖို့အတွက်နဲ့ ပြင်ဆင်နိုင်ဖို့ လက်နက်စုံကို ဝတ်ဆင်နိုင်ဖို့အတွက် ဘုရားသခင်က ကျွန်တော်တို့နဲ့ နေ့တိုင်း စကားပြောဖို့ အလိုရှိတယ်။

သင့်ရဲ့ အောင်မြင်တဲ့ အသက်တာအတွက် ဘုရားသခင်က သင့်ကို မစပေးဖို့ သင်နဲ့စကားပြောချင်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် လမ်းပြပြီး နှုတ်ကပတ်တော်အားဖြင့်လည်း နက်နဲတဲ့ သမ္မာတရားတွေကို သင့်ကို ဖွင့်ပြပေးချင်တယ်။ ဘေးအန္တရာယ်အမျိုးမျိုးကလည်း ကာကွယ်ပေးချင်တယ်။ ဒါပေမယ့် သင့်အနေနဲ့ ဘုရားသခင်စကားကို နားထောင်ဖို့တော့လိုအပ်တယ်။ အဲဒါကတော့ ဘုရားသခင်စကားကို သိရှိခြင်းဘဲဖြစ်တယ်။

- ကိုယ်ကဘဲပြောမနေဘဲ ဘုရားသခင်စကားကို နားထောင်ပါ။
- လောကကြီးရဲ့ ဆူညံသံတွေနဲ့ ဝေးဝေးနေပါ။
- စိတ်နှလုံးငြိမ်သက်ခြင်းရှိစေပါ။
- ဘုရားသခင်ကိုဘဲ အာရုံစိုက်ပါ။
- ဘုရားသခင်အသံတော်ကို ကြားဖို့ရှာဖွေပါ။
- သင့်ရဲ့ အသက်တာလန်းဆန်းဖို့နဲ့ ငြိမ်သက်ခြင်းရှိဖို့ ဘုရားသခင်ကို အခွင့်ပေးပါ။

- ဝိညာဉ်မျက်စိပွင့်ဖို့နဲ့ အရာရာကို ပိုမိုပြီး ပိုင်းခြားတတ်ဖို့အခွင့်ပေးပါ။
- လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေကို သိရှိဖို့နဲ့ သင့်အသက်တာမှာ ဘယ်လိုအသက်ရှင်မလဲဆိုတဲ့ ဥာဏ်ပညာပေးဖို့ ဘုရားသခင်ထံအပ်နှံပါ။
- သခင်ယေရှုနဲ့ ပိုပြီးတူလာတဲ့ အသက်တာဖြစ်ဖို့ ဘုရားသခင်ကို အခွင့်ပေးပါ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/27/2025

ဘုရားသခင်ထံပြန်လှည့်ပါ
~~~~~~~~~~
ဘယ်အချိန်အခါမဆို အချိန်တိုင်းဟာ ဘုရားသခင်ဆီကို နောင်တနဲ့ ပြန်လှည့်ရမယ့်အချိန်ဖြစ်တယ်။

တဖန်ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်ကား၊ သစ္စာပျက်သော ယုဒသည် ဖောက်ပြန်သော ဣသရေလထက် အပြစ်ကြီး၏။ သင်သည် သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘော ရှိ၏။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။ (ယေရမိ ၃း၁၁-၁၂)

ဣသရေလူမျိုးတွေဟာ ဆက်ပြီးတော့ သစ္စာမဲ့နေကြပြီး ဘုရားသခင်ရဲ့ လမ်းကနေ သွေဖယ်ခဲ့ကြပြီး သူတို့ရဲ့ ဘုရားသခင်ကို မေ့လျော့နေကြတာဖြစ်တယ်။ (အငယ် ၂၁) ရလဒ်ကတော့ သူတို့ခေါင်းဆောင်တွေဟာ သူတို့ကို လှည့်စားခဲ့ကြတယ်။ စီးပွါးရေးအခက်အခဲတွေနဲ့ မရေမတွက်နိုင်အောင်များပြားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ဘုရားသခင်က သူတို့ကို ကောင်းကြီးပေးဖို့ စိတ်ထက်သန်ခဲ့တယ်။ ဘုရားသခင်က သူတို့ကို ကျေးဇူးပြုခဲ့သလို အမျက်လည်းမထွက်ခဲ့ဘူး။ သူ့လူတွေ အသိဉာဏ်ရှိဖို့နဲ့ နားလည်တတ်တဲ့ သဘောထားတွေရှိဖို့လိုတယ်ဆိုတာ ဘုရားသခင်သိတယ်။

ဒါကြောင့် သူတို့အတွက် ဘုရားသခင်ရဲ့ နှလုံးသားမျိုးရှိတဲ့ သိုးထိန်းတွေကို ပြင်ဆင်ပေးမယ်လို့ ဘုရားသခင်က သူတို့ကို ကတိပေးခဲ့တယ်။ အဲဒီလိုသာ ဆိုရင် ငွေကြေးချို့တဲ့မယ့်အစား စည်းစိမ်ဥစ္စာကြွယ်ဝလာမယ်။ “ဆိုးညစ်တဲ့ စိတ်နှလုံး” ခိုင်မာမှုတွေနောက်မလိုက်တော့ဘဲ သူတို့အတွက် အလှပဆုံးဖြစ်တဲ့ သာယာတဲ့ ပြည်ကို ပေးခဲ့တဲ့အကြောင်းကို သူတို့ သဘောပေါက်လာကြလိမ့်မယ်။ (အငယ် ၁၇၊ ၁၉)

သူတို့တွေရဲ့ အသက်တာ အဲဒီလိုဂတိတွေနဲ့ပြည့်စုံလာဖို့ နဲ့ နောင်တရဖို့ဘဲ ဘုရားသခင်က လိုချင်တာဖြစ်တယ်။ “ဘုရားသခင်ထံပြန်လှည့်လာ” ဖို့ လိုတယ်ဆိုတာကို ဒီအခန်းမှာ သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ပြောခဲ့တယ်။ အကယ်၍သာ ဘုရားသခင်ရဲ့ လူတွေက ဘုရားသခင်ဆီ ပြန်လှည့်လာမယ်ဆိုရင် ဘုရားသခင်ကို “ကျွန်ုပ်တို့အဘ” လို့ ခေါ်ကြမှာဖြစ်ပြီး သူတို့ရဲ့ သစ္စာမဲ့ခဲ့မှုတွေကိုလည်း ဘုရားသခင်က ပြန်ပြီး ကုစားပေးမှာဖြစ်တယ်။ (အငယ် ၄)

သူတို့ဟာ မှားယွင်းတဲ့ ခေါင်းဆောင်နဲ့ လွဲမှားတဲ့ လမ်းကြောင်းကို လိုက်ခဲ့ကြတယ်ဆိုတာ နားလည်လာခဲ့ရင် ကယ်တင်ခြင်းကို ဘုရားသခင်ဆီမှာဘဲ တွေ့နိုင်တယ်လို့ သဘောပေါက်လာ ခဲ့ကြမှာ ဖြစ်တယ်။

ကျွန်တော်တို့ကော သူတို့ တွေ နဲ့ ဘယ်လောက်တာင် တူနေသလဲ။ ဘုရားသခင်က ကျွန်တော်တို့ကိုလည်းဘဲ “ငါထံပြန်လာပါ” လို့ လက်ယပ်ခေါ်နေပါတယ်။

- ယနေ့ သင်ဟာ ဘယ်သူလဲ၊ ဘာလုပ်ခဲ့သလဲဆိုတာထက် ဘုရားသခင်ရှေ့မှာ နှိမ့်ချပါ။ -
- သင့်အပြစ်ကို ဝန်ခံပါ။ ယေရှုကို သင့်ရဲ့ အရှင်သခင်ဖြစ်ကြောင်းကြွေးကြော်ပါ။
- ဘုရားသခင်ရဲ့ ဥာဏ်ပညာကိုရှာ ပါ။
- ကိုယ်တော်ကို သစ္စာရှိစွာ အစေခံဖို့ သင့်ရဲ့အသက်တာကို အပ်နှံပါ။

ဆင်ခြင်လုပ်ဆောင်ရန် - မိမိလူမျိုးများ နောင်တရဖို့ အတွက် ဆုတောင်းချက်ကို ရေးပါ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/26/2025

တရားကျင့်၍ သစ္စာစောင့်ခြင်း
~~~~~~~~~
သမ္မာတရားကိုရှာပြီး ဖြောင့်မတ်စွာကျင့်တဲ့ သူ တစ်စုံတစ်ယောက်ကို ရှာဖို့ဆိုတာ တကယ်မလွယ်ပါဘူး။

ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည် အကြောင်း၊ တရားသဖြင့် ကျင့်သောမြို့သား၊ သစ္စာစောင့် သောမြို့သား တစုံတယောက်မျှရှိလျှင်၊ ထိုသူကို တွေ့အံ့ သောငှါ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သော အရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။ သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။ (ယေရမိ ၅း၁-၂)

ဘုရားသခင်က သူတို့လူမျိုးစုထဲက ရိုးသားစွာကျင့်ပြီး ဖြောင့်မတ်စွာနေတဲ့ သူတစ်ယောက်ကို ရှာဖွေဖို့ ယေရမိကို စိန်ခေါ်ခဲ့တယ်။ အဲဒီတစ်ယောက်ကို ရှာနိုင်ခဲ့ရင် သူတို့ရဲ့ နိုင်ငံကို ခွင့်လွှတ်မယ်လို့ မိန့်တော်မူခဲ့တယ်။ ဒါပေမယ့် အဲဒီရှာဖွေမှုကလည်း အချည်းနှီးဘဲဖြစ်လိမ့်မယ်လို့ ဘုရားသခင်က သတိပေးခဲ့တယ်။ သူတို့ဟာ သမ္မာတရားကို ဝန်ခံရမည့်အစား ကိုယ်ကျိုးကိုဘဲ ငဲ့ကွက်ကြပြီး သက်သာမှုကို ရှာဖွေခဲ့ကြတယ်။ ဘုရားသခင်ရဲ့ထာဝရစံနှုန်းတွေကို လိုက်ရှောက်ရမယ့်အစား ယာယီဖြစ်တဲ့ လောကီသာယာပျော်ရွှင်မှုတွေကိုဘဲ ရှာကြတယ်။ နှုတ်ကပတ်တော်ကို လျစ်လျူရှုပြီး လောကီတရားနောက်ကိုဘဲလိုက်ကြတယ်။

ဘုရားသခင်က သူ့လူတွေရဲ့ ဝိညာဉ်ရေးဟာ အပေါ်ယံဘဲဖြစ်တယ်ဆိုတာကို သူသိနေတယ်လို့ ယေရမိကို ပြောပါတယ်။ သူတို့ကိုယ်သူတို့ ဘာသာရေးကိုင်းရှိုင်းနေသလို ပြောနေကြပေမယ့် သူတို့ရဲ့ နှလုံးသားကတော့ ငါနှင့် ဝေးနေတယ်လို့ ဘုရားသခင်က မိန့်တော်မူတယ်။

ဘုရားသခင်ရဲ့ သမ္မာတရားနှင့် ထိတွေ့နေတဲ့အချိန်မှာတောင် ဒီလူတွေဟာ မပြောင်းလဲကြဘူး။ “ကျောက်ထက်မာကျောတဲ့ မျက်နှာတွေရှိကြပြီး နောင်တရဖို့ ငြင်းပယ်ကြတယ်။ (အငယ် ၃)” ရလဒ်ကတော့ ဘုရားသခင်က သူတို့ကို တရားစီရင်ပြီး သူတို့အားလုံးကို လှုပ်ခါစေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနည်းလမ်းကလွဲပြီး တခြားရွေးချယ်စရာမရှိတော့တာကြောင့်ဖြစ်တယ်။

ဘုရားသခင်ကတော့ ဖြောင့်မတ်စွာကျင့် ပြီး သမ္မာတရားနဲ့ လိုက်လျှောက်နေတဲ့သူတွေကို ဆက်လက်ရှာဖွေနေဆဲပါဘဲ။

- သင်ကကော အဲဒီလူတွေထဲက တစ်ယောက်ဖြစ်နေမလား။
- သင့်အသက်တာကို သခင်ယေရှုဆီမှာ အပ်နှံပြီးပြီလား။
- ဘုရားသခင်စံနှုန်းအတိုင်း အသက်ရှင်ပြီး နိုင်ငံတော်ကို ရှေးဦးစွာရှာဖွေနေလား။
- ဒါမှမဟုတ် အပေးအယူတွေကြောင့် စိတ်မလှုံခြုံဘဲ အပြစ်ရှိနေသလို ခံစားနေရသလား။
- ဘုရားသခင်ရဲ့ အသံကို နားထောင်ပါ။
- ဘုရားသခင်ကို ကျေနပ်စေတဲ့ စိတ်ဆန္ဒဇောရှိပြီး သမ္မာတရားအတိုင်းကျင့်ပါ။

- တရားကို ကျင့်ပြီး သစ္စာစောင့်တဲ့သူ တစ်ယောက်တည်းဘဲ ရှိခဲ့ရင်တောင် အဲဒီတစ်ယောက်က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို တားဆီးစေနိုင်သလို၊ လူမျိုးစု နိုးထလာစေဖို့လည်း သိသာတဲ့ ထူးခြားမှုကို ဖြစ်စေတဲ့သူဘဲဖြစ်မယ်။ လို့ ဘုရားသခင်က ယေရမိကို မိန့်တော်မူခဲ့တယ်။

- အဲဒီတစ်ယောက်ဆိုတာ သင်ဖြစ်နေမလား။

ဆင်ခြင်ရန်မေးခွန်း -
သင့်နေ့စဉ်အသက်တာမှာ ဖြောင့်မတ်စွာကျင့်ဖို့နဲ့ သမ္မာတရားကို ရှာဖွေဖို့ ဘယ်လို လုပ်ဆောင်မလဲ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/25/2025

ဘုရားသခင်ကို စွန့်ခွါခြင်း
~~~~~~~~~~
လူတွေဘုရားသခင်ကို စွန့်ခွါသွား တဲ့အခါ ဘာဖြစ်သွားမလဲ။

ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသ ရေလအမျိုး၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည်။ (ယေရမိ ၅း၁၅)

သို့ရာတွင်၊ ထိုကာလ၌ ငါသည် သင်၏အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရားမိန့်တော်မူ၏။ (ယေရမိ ၅း၁၈)

ဘုရားသခင်ရဲ့ လူတွေဟာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ အင်အားကြီးတဲ့ရန်သူတွေက သူတို့နားမလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ သူတို့ကိုတိုက်ခိုက်ခဲ့ကြတယ်။ “သူတို့မျှားတောင့်သည် ဖွင့်ထားသောသင်္ချိုင်းဖြစ်၏။

ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူဖြစ်ကြ၏။” လို့ ဘုရားသခင်က သတိပေးထားတယ်။ (အငယ် ၁၆) စားသောက်ကုန်ထုတ်လုပ်ခြင်း၊ ကလေးများဖွံ့ဖြိုးရေး၊ စီးပွါးရေးနဲ့ ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ၊ ဘေးကင်းလုံခြုံမှုနှင့် လုံခြုံစိတ်ချမှု စတဲ့နယ်ပယ်တိုင်းမှာ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း အကျိုးဆက်တွေကို သူတို့ခံစားကြရတယ်။ “သင်ခိုလှုံ၍ ခိုင်ခံ့သော မြို့တို့ကိုလည်း တိုက်၍ လုပ်ကြံကြလိမ့်မည်။” (အငယ် ၁၇)

ပြဿနာတွေက အလွန်ပြင်းထန်လာလို့ ကြုံတွေ့ရတဲ့ အရာအားလုံးကို ဆန်းစစ်ပြီးတဲ့အခါမှာ “ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့်စီရင်တော်မူသနည်း။ (အငယ် ၁၉) လို့ သူတို့ကိုယ်သူတို့ မေးခွန်းထုတ်ခဲ့ကြတယ်။

ဘုရားသခင်ရဲ့ အဖြေကတော့ ရှင်းပါတယ်။ “ သင်တို့သည် ငါ့ကို စွန့်ပစ်၍ ကိုယ်ပိုင်သောပြည်၌ တစ်ကျွန်းတစ်နိုင်ငံဘုရားတို့၏ အမှုကို ဆောင်ရွက်သကဲ့သို့ _______ ။ (အငယ် ၁၉)

သူတို့ဟာ ဘုရားသခင်ဆီက လှည့်ထွက်သွားသလို ဘုရားသခင်ရဲ့ စကားကိုလည်း နားမထောင်ခဲ့ကြဘူး။ နောင်တနဲ့ ဘုရားသခင်ဆီ ပြန်လှည့်လာပြီး အသက်တာတွေပြောင်းလဲပစ်ဖို့ကိုလည်း ငြင်းပယ်ခဲ့ကြတယ်။ ဘုရားသခင်က သူ့ကို ဆက်ကပ်ပြီး ဝတ်ပြုနေတဲ့အချိန်မှာကွယ်ကာပေးခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်ဆီက လှည့်သွားခဲ့ရင်တော့ ကောင်းကြီးတွေ ပြန်ရုတ်သိမ်းမယ်လို့ သတိပေးခဲ့တယ်။ ဘုရားသခင်က သူတို့ကို “ သင်တို့သည် ငါ့ကို စွန့်ပစ်၍ ကိုယ်မပိုင်သောပြည်၌ တစ်ကျွန်းတစ်နိုင်ငံဘုရားတို့၏ အမှုကို ဆောင်ရွက်ရကြလိမ့်မည်။ (အငယ် ၁၉)

အကျိုးသက်ရောက်မှုကတော့ ကြီးမားမှာဖြစ်သလို တရားစီရင်ခြင်းကလည်း တကယ့်ကို ကြောက်စရာဘဲဖြစ်တယ်။

- ဘုရားသခင်ရှေ့မှာကိုယ့်ကိုကိုယ်နှိမ့်ချပါ။
- ဒီလောကကို မယုံပါနဲ့။
- သင့်အသက်တာကို ကိုယ်တော်ထံအပ်နှံပါ။
- သင့်တိုင်းနိုင်ငံနှင့် လူမျိုး ပြန်လည်နိုးထလာဖို့အတွက် ဆုတောင်းပါ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/24/2025

နောက်သို့ပြန်သွားခြင်း
~~~~~~~~~~
ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။
သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက် နေကြ၏။ (ယေရမိ ၇:၂၃-၂၄)

သင့်ရဲ့ ခရစ်ယာန်အသက်တာဟာ အရှေ့ကို ဦးတည်နေလား၊ ဒါမှမဟုတ် နောက်ကို ပြန်သွားနေလား။ ဘုရားသခင် လူတွေရဲ့ အသက်တာဟာ ရှေ့ကို သွားနေတာမဟုတ်ဘဲ မှားယွင်းတဲ့ ဦးတည်ချက်နဲ့ နောက်ကို ပြန်သွားနေကြတယ်။ ဘုရားသခင်က သူတို့လိုအပ်ချက်မှန်သမျှကို ပေးခဲ့တာကြောင့် ဘုရားသခင်ကို နာခံပြီး တရားလမ်းအတိုင်း လျှောက်သွားရမှာဖြစ်တယ်။ ဘုရားသခင်က သူ့လူတွေ အရာအားလုံးအဆင်ပြေပြီး ကောင်းကြီးခံစားရစေဖို့နဲ့ ချမ်းသာကြွယ်ဝစေဖို့ အလိုရှိတယ်။

ဒါပေမည့် သူတို့ဟာ ရေပန်းစားနေတဲ့ အတွေးအခေါ်တွေ၊ မက်မောလောက်တဲ့ ကတိစကားတွေရဲ့ လွှမ်းမိုးမှုကိုဘဲ ဆက်ပြီး နားထောင်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို လျစ်လျူရှုခြင်းအားဖြင့် သူတို့ရဲ့ ဆိုးညစ်တဲ့ နှလုံးသားထဲမှာ ခိုင်မာတဲ့ စိတ်တွေက အမြစ်တွယ်လာကြတယ်။ (အငယ် ၂၄) ရလဒ်အနေနှင့်ကတော့ ပြဿနာတွေကို တစ်ခုပြီးတစ်ခုရိတ်သိမ်းလာကြရတယ်။

ဘုရားသခင်က ကောင်းကြီး ဆက်ပေးချင်လို့ သူတို့အသက်တာတွေကို ပြောင်းလဲစေချင်ခဲ့ပေမယ့် သူတို့ကတော့ ဘုရားသခင်ဆီကို ပြန်လှည့်လာဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဒါကြောင့် သူတို့နိုင်ငံအတွင်း အခြေအနေကလည်း တိုးတက်လာခြင်းမရှိဘဲ၊ ဆက်လက်ဆိုးယုတ်လာခဲ့တယ်။ ဘုရားသခင်ကို ကျောခိုင်းလိုက်တာဟာ အလွန်ကြောက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဘဲဖြစ်တယ်။ သူတို့ရဲ့ လိုအပ်မှုတွေအတွက် ထောက်ပံ့မှုတွေရဖို့ ကိုယ်တော့်ကို မမျှော်ကြည့်ရင် ဘယ်လိုကောင်းကြီးပေးလို့ရမှာလဲ။ သူတို့ရဲ့အသက်တာ ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့အတွက် ဘုရားသခင်က သူတို့မျက်နှာကို မြင်ချင်တာဘဲဖြစ်တယ်။

လောကီဆုံးမစကားတွေကို နားထောင်ရတာက ကျွန်တော်တို့အတွက် အလွန်လွယ်ကူပါတယ်။ ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ကမ်းလှမ်းနေတဲ့ အသံတွေကလည်း ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှုပ်ထွေးသံတွေနှင့် အတူ ကြားနေရပါတယ်။ ဒါပေမယ့်အလုပ်တော့မဖြစ်ပါဘူး။ ဘုရားသခင်ကို လျစ်လျူရှုဖို့နဲ့ အသက်တာကို ကိုယ့်စိတ်ကြိုက် လျှောက်လှမ်းဖို့ သွေးဆောင်ကြတယ်။ နှုတ်ကပတ်တော်ကို လျစ်လျူရှုပြီး သူတို့နောက်ကို လိုက်ဖို့ မြူဆွယ်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ပြန်ပေးရမယ့်အဖိုးအခတွေကကော ဘာတွေဖြစ်မယ်ထင်သလဲ။

- သင့်ဘဝအတွက် ဘုရားသခင်ဆီမှာ အကြံအစည်ရှိပါတယ်။
- ဘုရားသခင်ရဲ့ လမ်းကို လိုက်ပါ။
- ဘုရားသခင်ရဲ့ စကားကို နာခံပါ။
- သင့်အသက်တာကို ကိုယ်တော့်ထံအပ်နှံပါ။
- ကိုယ်တော့်အသံကို နားထောင်ပါ။
- ဝိညာဉ်ရေးရာနဲ့ ဆိုင်တဲ့ အသက်တာကို ဆက်လက်လျှောက်လှမ်းနေတယ်ဆိုတာ ကိုယ့်ကိုကိုယ်သေချာစေပါ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/23/2025

ဝိညာဉ်များအတွက် စိတ်ပြင်းပြခြင်း
~~~~~~~~~~~
ယေရမိလိုဘဲ သင်ဟာ ဝိညာဉ်တွေအတွက် စိတ်အားပြင်းပြမှုရှိရဲ့လား

ငါ၏လူမျိုး သတို့သမီးနှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ညဉ့်မပြတ် ငိုရမည် အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်၊ ငါ့မျက်စိတို့ သည် မျက်ရည်ထွက်သော စမ်းဖြစ်ပါစေသော။ (ယေရမိ ၉း၁)

ယေရမိဟာ မကြာခဏဆိုသလို အလွန်အမင်း စိတ်လှုပ်ရှားရတယ်။ ဘုရားသခင်က သူ့လူတွေရဲ့ ဝိညာဉ်ကို တကယ်ဂရုစိုက်တာကြောင့် ယေရမိရဲ့ စာရေးသားချက်တွေဟာ စိတ်အားပြင်းပြမှုတွေ၊ ပြင်းထန်စွာငိုကြွေးခြင်းတွေနဲ့ဘဲ ပြည့်နှက်နေတယ်။

ဘုရားသခင်ဆီမှာ သူ့ရဲ့ အသက်တာကို အပ်နှံခဲ့ပြီး သူ့ရဲ့ကရုဏာကိုလည်း လူတွေဆီကို ဝေမျှခဲ့တယ်။ သူတို့ကို လေးလေးနက်နက်နဲ့ ဂရုစိုက်ခဲ့တယ်။ သူတို့တွေရဲ့ အသက်တာ တကယ်မပြောင်းလဲဘူးဆိုရင်တော့ သူတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေကို ပြန်ခံစားကြရမယ်ဆိုတာကိုလည်း သူသိနေခဲ့တယ်။ သူ့ လူမျိုးတွေအပေါ်မှာ ကျရောက်လာမယ့်ပြစ်ဒဏ်တွေကို သိလိုက်ရတာက ယေရမိကို နာကျင်စေခဲ့တယ်။

သူဟာ သူ့လူတွေ နောင်တရပြီး ဘုရားသခင်ဆီ ပြန်လှည့်လာဖို့ကို ဘယ်လောက်တောင်ဆန္ဒရှိနေသလဲ။ ဒါပေမယ့် သူ့လူတွေရဲ့ လုပ်ရပ်နဲ့ ရွေးချယ်မှုတွေကြောင့် နာကျဉ်ရပြီး အရှက်တောင်ရခဲ့တယ်။ လူတွေဟာ လွယ်လွယ်ကူကူနဲ့ ဘယ်လိုလိမ်ညာနေကြသလဲဆိုတာ ဘုရားသခင်က ယေရမိကို ပြခဲ့တယ်။ သမ္မာတရားက “ပြည်၌မနိုင်” (အငယ် ၃) လို့ဖော်ပြခဲ့တယ်။ ဘုရားသခင်ကို မသိသလိုလုပ်ပြီး အခြားအရာတွေကို ယုံကြည်ကြတယ်။ အချင်းချင်းလည်း ယုံကြည်မှုမရှိဘဲ လိမ္မာပါးနပ်စွာနဲ့ ဆက်ဆံကြတယ်။ မကောင်းမှုနဲ့ လှည့်စားမှုတွေက နေရာတိုင်းမှာရှိနေတယ်။

ဘုရားသခင်ရဲ့ လူတွေဟာ “သစ္စာစကားကိုမပြောဘဲ မုသာစကားကိုပြောြခင်းငှါ မိမိတို့လျှာကို သွန်သင်ကြပြီ” (အငယ် ၅) လို့ ယေရမိက ရေးသားထားတယ်။ အဲဒီအချက်က ယေရမိကို ဝမ်းနည်းပြီး ငိုကြွေးစေခဲ့တယ်။ ဘုရားသခင်က သူတို့တွေရဲ့ လုပ်ရပ်ကို ပြန်ပြီး “တုန့်ပြန်” ဖို့ နဲ့ သူတို့အသက်တာကို “ပြန်စင်ကြယ်စေဖို့” တစ်ခုတည်းသောနည်းလမ်းကတော့ “အပြစ်ပေးခြင်း” ဘဲဖြစ်တယ်။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူတို့ရဲ့ဘဝတွေလှုပ်ခါသွားမှာဖြစ်ပြီး အသက်တာလည်းပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်ခြင်းဖြစ်တယ်။ (အငယ် ၉)

- ယနေ့ဘုရားသခင်ကို သင့်ရဲ့ ပထမဦးစားပေးဖြစ်စေပါ။
- သင့်ပတ်ဝန်းကျင်နဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ဝိညာဉ်တွေအတွက် စိတ်ပြင်းပြတဲ့ သူတစ်ယောက်ဖြစ်ဖို့ သင့်အသက်တာကို ဘုရားသခင်ထံအပ်နှံပါ။

- ဧဝံဂေလိသိတင်းစကားကို ဝေငှဖို့ စိတ်အားထက်သန်စေပါ။
- ဒီအချက်က သင့်ရဲ့ ဆုတောင်းခြင်း၊ သင့်ရဲ့ကတိနှင့် သင့်ရဲ့ ဝန်တာဘဲဖြစ်စေပါ။
- ဘုရားသခင် ရဲ့ နှလုံးသားကို သာ ရခဲ့ရင် သင့်ရဲ့ စိတ်ခံစားမှုအဆင်ပြေသွားမှာဖြစ်တယ်။

ဆင်ခြင်ရန်မေးခွန်း
~~~~~~~
ယနေ့သင်မည်သူ့ကို ဧဝံဂေလိဝေငှခဲ့သနည်း။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/22/2025

ပြန်လည်ပြုပြင်ရေးဆီသို့
~~~~~~~~~~~~
ပြန်လည်ပြုပြင်ပေးတဲ့လမ်းကို လိုက်လျှောက်ခြင်းဟာ ဖြောင့်မတ်မှန်ကန်ခြင်းကို ဖြစ်စေပါတယ်။

အိုထာဝရဘုရား၊ အကျွန်ုပ်တို့၏ အပြစ်သည် အကျွန်ုပ်တို့တဘက်၌ သက်သေခံသော်လည်း၊ နာမတော် ကို ထောက်၍စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှား ပါပြီ။ (ယေရမိ ၁၄း၇)

မိန်းမောတွေဝေသော သူကဲ့သို့၎င်း၊ ကယ်တင် ခြင်းငှါမတတ်နိုင်သော သူရဲကဲ့သို့၎င်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင် ရှိတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။ (ယေရမိ ၁၄း၉)

တရားစီရင်ခြင်းကနေပြီးတော့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းကို ဘယ်လိုရနိုင်မလဲ။ နောင်တတရားလမ်းကိုဘဲလိုက်ရမှာဖြစ်တယ်။ ယုဒလူတွေဟာ သူတို့ရဲ့ အပြစ်ဒုစရိုက်တွေ၊ မှားယွင်းမှုတွေနဲ့ အယူဖောက်ပြန်တာတွေကို သိရှိလာကြတယ်။ အဲဒီအချက်က ကောင်းမွန်တဲ့ ပထမခြေလှမ်းဖြစ်လာပေမယ့် ဘုရားသခင်ကတော့ မလှုပ်ရှားပါဘူး။ သူတို့နှစ်လုံးသားကို ကိုယ်တော်က မြင်ပြီး သူတို့ဟာ စစ်မှန်တဲ့ နောင်တမရသေးဘူးဆိုတာကို “ဤသူတို့သည် လှည့်လည်ခြင်းငှါအလိုရှိကြ၏” “မိမိတို့ခြေကို မချုပ်တည်းကြ” ဆိုပြီး ကိုယ်တော်ကမိန့်တော်မူတယ်။ (ယေရမိ ၁၄း၁၀)

ဘုရားသခင်က အရာအားလုံးကို ဂရုစိုက်တတ်လို့၊ သူတို့ဟာ သူတို့အပြစ်ရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရမှာမဟုတ်ဘူး၊ ပြောင်းလဲခြင်းတွေလဲ ရှိမှာမဟုတ်ဘူးလို့ မျှော်လင့်ထားကြတယ်။ ကိုယ်အပြစ်အတွက် တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ၊ ဘုရားသခင်ကသူတို့အတွက် တစိမ်းလိုဘဲဆိုပြီး အပြစ်တင်တတ်ကြတယ်။ ဘုရားသခင်ကတော့ သူတို့တွေ စစ်မှန်တဲ့ နောင်တရပြီး၊ ကိုယ့်ကိုကိုယ်နှိမ့်ချဖို့နဲ့ သူတို့ရဲ့ဆိုးသွမ်းတဲ့ လမ်းကနေ ပြန်လှည့်ထွက်လာဖို့ မျှော်လင့်တယ်။

ကိုယ်တော့်ဆီကို စစ်မှန်တဲ့ ပြောင်းလဲမှုတွေ၊ အပြုအမူတွေ၊ စိတ်နေသဘောထားတွေနှင့် ပြန်လာဖို့စောင့်နေတယ်။ အဲဒီလိုပြောင်းလဲမှုတွေ မရှိဘူးဆိုရင်တော့၊ သူတို့ရဲ့ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတွေဟာ အကျိုးသက်ရောက်မှာ မဟုတ်ပါဘူး။ ယေရမိရဲ့ သတင်းစကားကို နားမထောင်ကြလို့ သူတို့အတွက် ဆုမတောင်းပေးဖို့တောင် ဘုရားသခင်က ယေရမိကို မိန့်တော်မူခဲ့တယ်။

အခုခေတ်လူတွေလည်း သူတို့လိုပါဘဲ။ ဘုရားသခင်ကို သူတို့ထင်သလိုဘဲ ထင်မြင်ကြတယ်။ စုံစမ်းနှောက်ယှက်ခြင်းတွေကြုံလာမှ ဘုရားသခင်ကို ဆုတောင်းတတ်ကြပြီး အဖြေမရရင် ဘုရားသခင်က သူတို့ကို ဘာလို့မတုန့်ပြန်တာလဲလို့ ထင်တတ်ကြတယ်။

အကယ်၍ ကျွန်တော်တို့လည်း ဒီလိုကြုံတွေ့လာရတဲ့အခါ ဘုရားသခင်က ကျွန်တော်တို့ရဲ့ စိတ်နှလုံးသားကို ကြည့်နေတယ်ဆိုတာကို သတိရပါ။ တကယ်ကို လေးလေးနက်နက်နှင့် နောင်တရပြီး ကိုယ်တော့်ကို နာခံလာဘို့ကိုဘဲ ဘုရားသခင်က စောင့်ကြည့်နေတာဖြစ်တယ်။

- ဘုရားသခင်က သင့်နှလုံးသားကို ကြည့်နေတာမမေ့ပါနဲ့။
- ကိုယ်တော့်ရှေ့မှာ နိမ့်ချပါ။
- မျက်နှာတော်ကို ရှာပါ။
- ဘုရားသခင်မနှစ်သက်တဲ့အရာအားလုံးကို အမြစ်ဖြတ်လိုက်ဖို့ ကိုယ်တော်ကို အခွင့်ပေးပါ။
- သင့်အပြစ်နဲ့ သင့်လူမျိုးအပြစ်တွေကို ဝန်ချပါ။
- ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ရှာပြီး အလိုတော်ကို ဆောင်ဖို့ကိုယ့်ကိုကိုယ်ဆက်ကပ်ပါ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

02/21/2025

သင့်တာဝန်
~~~~~~
ဘုရားသခင်ပေးထားတဲ့တာဝန်ကို အာရုံလွဲစေမယ့် ဘယ်ပြဿနာကိုမှ အခွင့်မပေးပါနဲ့။

ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ပြန်လာလျှင်၊ သင့်ကိုငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာ နှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင်၊ ငါ့နှုတ် ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြ လိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်၍ မသွားရ။

ငါသည်လည်း သင့်ကို ဤလူမျိုးတဘက်၌ ခိုင်ခံ့ သော ကြေးဝါမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကို တိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နှုတ်ယူကယ်တင် ခြင်းငှါ သင့်ဘက်၌နေမည်။ (ယေရမိ ၁၅း၁၉-၂၀)

ဘုရားသခင်ရဲ့ အစေခိုင်းခံရတဲ့သူတစ်ဦးဖြစ်နေလို့ ယေရမိဟာ ချိမ်းခြောက်မှုတွေ၊ စိတ်ဓါတ်ကျစရာတွေ၊ လွှမ်းမိုးဖိစီးမှုတွေနှင့် ရိုက်နှက်ခံရတာတွေကို ခံစားခဲ့ရတယ်။ တခြားသူတွေက သူ့ကို ဘယ်လိုထင်မလဲဆိုတာကို စိုးရိမ်ကြောက်ရွံ့နေမယ့်အစား သူ့ရဲ့ တာဝန်က ဘုရားသခင်စေလွှတ်တဲ့ နေရာကို သွားပြီး ပြေားခိုင်းတဲ့စကားကို ပြောဖို့ဘဲဖြစ်တယ်။ (ယေရမိ ၁း၅-၇)

အဲဒီအလုပ်ကိုလုပ်ဖို့၊ ဘုရားသခင်ကိုယ်တိုင်ကလည်း ခွင့်ပြုချက်ပေးတာဖြစ်တယ်။ ယေရမိဟာ အပေးအယူလုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ လူအုပ်ကြီးကြားမှာ ကျောက်တုံးတစ်တုံးလို ဖြစ်နေခဲ့တယ်။ အခြားသူတွေက သူ့ကို အတိုက်အခံလုပ်ခဲ့ကြပေမယ် သူဟာ ဘုရားသခင်ဖက်မှာ သစ္စာရှိစွာရပ်တည်မယ်ဆိုရင် ဘုရားသခင်က သူ့ကို ကွယ်ကာမှာဖြစ်တယ် ဆိုတာ သူသိထားတယ်။

သင့်ပတ်ဝန်းကျင် မှာ ရှိတဲ့ လူတွေဟာ သူတို့လိုချင်တာရဖို့နှင့် သူတို့အတွက် အဆင်ပြေစေဖို့ သင့်ကို လိမ်ညာဖို့၊ သစ္စာဖောက်ဖို့နှင့် လှည့်စားချင်ကြတယ်။ သူတို့ရဲ့ ပျော်ရွှင်သာယာမှုအတွက် အမှန်တရားကို လျစ်လျူရှုပြီး ဘယ်အရာကို မဆို လုပ်တတ်ကြတယ်။

သင်က ဘုရားသခင်အတွက် ရပ်တည်လုပ်ဆောင်ရင် လှောင်ပြောင်တာတွေခံရမယ်။ လူတွေရဲ့ အမျက်ဒေါသတွေနဲ့ သရော်တာတွေကို ခံရမယ်။ သူတို့ရဲ့ သဘောကိုလိုက်အောင် အပေးအယူလုပ်စေဖို့ ဖိအားပေးတာတွေ ခံရမယ်။ နောက်ဆုံးမှာ ဘုရားသခင်ဆီက ထွက်သွားပြီး လက်လျော့ဖို့၊ သင့်ရဲ့ ယုံကြည်ခြင်းကို စွန့်လွတ်စေဖို့အထိတောင် သွေးဆောင်ခံရနိုင်တယ်။ သင်ကိုယ်တိုင်လည်း သင့်ရဲ့ ယုံကြည်ခြင်းနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်သွားစေနိုင်တယ်။

ယေရမိကို ဘုရားသခင်မိန့်တော်မူခဲ့တာကို သတိရပါ။
- ယာယီပြဿနာတွေကြောင့် စိတ်ဓါတ်မကျပါနဲ့။
- အာရုံလွဲခံရမှုတွေကြောင့် စိတ်ဂယောက်ဂယက်ဖြစ်စေတဲ့ အရာတွေကို ဂရုမစိုက်ပါနဲ့။
- တခြားသူတွေက လှောင်ပြောင် ကြပြီး လျစ်လျူရှုကြသလို ငြင်းပယ်ကြရင်လည်း မအံ့ဩပါနဲ့။
- နာမည်ကြီး လူကြိုက်များစေတဲ့ ယှဉ်ပြိုင်မှုတွေကိုလည်း မစွဲလမ်းမိပါစေနဲ့။
- သင့်ယုံကြည်ခြင်းကို တခြားလူတွေက ပုံသွင်းရင် အခွင့်မပေးပါနဲ့။
- အဲဒီအစားဘုရားသခင်ရဲ့ မျက်နှာကိုသာရှာဖို့ သင့်စိတ်ကို ပြန်လည်ဆန်းစစ်ပါ။

- ကိုယ့်ရဲ့ တာဝန်အပေါ်မှာဘဲ ကိုယ်ဂရုစိုက်ပါ။
- တခြားသူတွေ သင့်ကို ငြင်းပယ်ခဲ့ရင်၊ ဘုရားသခင်အလိုတော်ကို ပိုပြီး လုပ်ဆောင်ဖို့ဆုံးဖြတ်ပါ။
- မတုန်လှုပ်ပါနဲ့ တည်ကြည်ပါ။
- လောကလမ်းစဉ်တွေနောက်မလိုက်ဘဲ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ကိုဘဲခံယူပါ။
- ဘုရားသခင်ခိုင်းတာမှန်သမျှ နဲ့ ပြောတာမှန်သမျှကို လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချပါ။

ဆင်ခြင်ရန်မေးခွန်း
~~~~~~
ယနေ့ဘုရားသခင်က သင့်ကို ဘာတာဝန်ပေးအပ်ထားပါသလဲ။

God bless you!

ကျေးဇူးပြုပြီး Share ပေးပါ။
#ရွှေခါနာန်ဝိညာဉ်အာဟာရ

Address

4551 Auburn Street
Wichita, KS
67220

Opening Hours

Tuesday 7:45pm - 10:30pm
Wednesday 7:45pm - 10:30pm
Thursday 7:45pm - 10:30pm
Sunday 7:30pm - 10:30pm

Telephone

+13163475775

Alerts

Be the first to know and let us send you an email when 𝙹𝚘𝚑𝚗 𝚂 𝙺𝚊𝚢 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙹𝚘𝚑𝚗 𝚂 𝙺𝚊𝚢:

Videos

Share