Prelude

Prelude Production & Exclusive media services provided only True Vision.

မဖတ်သင့်သောစာပေများ==================၁။ အနီရောင်စာပေလူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် နှိုးဆော်ပေးသော စာပေမျိုးဖြစ်...
27/06/2024

မဖတ်သင့်သောစာပေများ
==================
၁။ အနီရောင်စာပေ
လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် နှိုးဆော်ပေးသော စာပေမျိုးဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်ကို လွန်စွာနိုးကြားပေးပြီး စာဖတ်သက်နုသော စာပေပရိသတ်များကို မျက်ကန်းဖြစ်အောင် မှိုင်းတိုက်နေသောစာပေမျိုး ဖြစ်သည်။ မော်လဝီနှင့် ယောဂီ၊ ကျောင်းသုံး မြန်မာ-ယိုးဒယား သမိုင်းစာပေတို့သည် အနီရောင်စာပေများ ဖြစ်ကြပေသည်။
၂။ အပြာရောင်စာပေ
ဤစာပေမျိုးသည် ယနေ့ခေတ် Online လူငယ်များ အထူးရင်းနှီးကြပေသည်။ အပြာရောင်စာပေ၏ ရည်ရွယ်ချက်သည် တဏှာရာဂကို နှိုးဆွပေးရန်ဖြစ်သည်။ ထိုစာပေတို့သည် အမှားအမှန် သင့်မသင့်ကို နားလည်နိုင်စွမ်းမရှိအောင် သွေးထိုးလှုံဆော်ပေးကြသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဦးလေးနှင့်တူမ၊ အဘိုးနှင့်မြေး စသည် စသည့် စိတ်မကောင်းစရာသတင်းတို့ ကြားနေရခြင်းဖြစ်သည်။ ဤစာပေမျိုးကို အပြာစာပေအပြင် အဆိပ်သင့်စာပေဟုလည်း ခေါ်ချင်သည်။
၃။အဝါရောင်စာပေ
ဤစာပေသည် သတင်းစာ၊ ဂျာနယ်သမားတို့လက်စွဲဖြစ်သည်။ သတင်းစာဂျာနယ်သမားတို့သည် လူထုအကြိုက်ကို သိကြသည်။ ပြည်သူတို့သည် ရသဆန်ဆန် စာပေဆန်ဆန် ဆောင်းပါးတစ်ပုဒ်ထက် ဘယ်မင်းသားက ဘာလုပ်နေသည်၊ ဘယ်မင်းသမီးက ဘယ်သူနှင့်တွဲသည့် သတင်းကို ပိုနှစ်သက်ကြသည်။ ထို့ကြောင့် အချို့သောသတင်းစာသမားတို့သည် စောင်ရေများများရရှိစေရန် လိုသည်ထက် ပိုချဲ့ကားကြပေသည်။ ထိုသတင်းစာတို့သည် ငြိမ်သက်နေသောလူထုကို ဒေါသထွက်စေသည်။ ပြောင်းလဲနေသောလူထုကို နောက်သို့ဆွဲပြန်၏။ ထို့ကြောင့် အဝါရောင်စာပေတို့သည် အခြားစာပေများထက် ပို၍အဆိပ်ပြင်းပေသည်။
အပြာရောင်စာပေ၊ အနီရောင်စာပေတို့သည် မြွေပွေး မြွေဟောက်များဆိုလျှင် အဝါရောင်စာပေသည် မြွေတို့ဘုရင်ငန်းတော်ကြားဟု ဆိုအပ်ပေသည်။ ထို့ကြောင် မည့်သည့်သတင်းစာသည် အဝါရောင်စာပေ၊ မည်သည့် ဂျာနယ်သည် အဝါရောင်ဂျာနယ်ဖြစ်သည်ကို ခွဲခြားတတ်ရန် များစွာလိုအပ်သည်။ ထိုသို့ခွဲခြားတတ်ရန် စာကောင်းပေကောင်းများကို နာနာဖတ်ရမည်။
၄။အနက်ရောင်စာပေ
ကျွန်ုပ်တို့နိုင်ငံတွင် လွန်စွာပေါသည်။ နတ်၊ ဓာတ်၊ ဘိုးတော်၊ သိုက်၊ ပရ စသည့် သဘာ၀လွန်ဖြစ်ရပ်များကို လွန်စွာချဲ့ရေးကြသည်။ ယုံသူတို့ကလည်း အားပေးကြသည်။ ထို့ကြောင့် အနက်ရောင် မဂ္ဂဇင်းအချို့သည် ယနေ့တိုင် တည်မြဲကာနေခြင်းဖြစ်သည်။
၅။ ပန်းရောင်စာပေ
နာမည်လှ၏။ သို့သော် အနှစ်မပါ၊ အကာလည်းမရှိ အခွံချည်းသက်သက်သာရှိသော ကြက်ဥကဲ့သို့ ဤစာပေသည် ချစ်ကြိုက်ကွဲညား ဇာတ်လမ်းများသာဖြစ်သည်။ ထိုစာပေအချို့သည် ( Homoromantic ) လိင်တူအချစ်ဇာတ်လမ်းများကို နောက်ပိုင်းတွင် ဦးစားပေး ရေးလာသည်။ ပွင့်လင်းမြင်သာလာသော ယနေ့ခေတ်တွင် ပန်းရောင်စာပေတို့သည် အပြာစာပေ ဆန်လာကြသည်။ ထို့ကြောင့် နောက်ပိုင်းခေတ်တွင် ပန်းရောင်စာပေတို့သည် အပြာစာပေအဖြစ် ပြောင်းလဲလာမည်ကို စိုးရိမ်လာရသည်။ ဤစာပေတို့သည် မနူးမနပ် ဆယ်ကျော်သက်အရွယ်များ အကြားတွင် များစွာ စိုးမိုးထားပေသည်။ ထိုစာပေတို့သည် လူငယ်တို့ကို မတိုးတက်အောင် ဆွဲခေါ်ထားပေသည်။ ဤစာပေမျိုးသည် ယဉ်ကျေးမှုကို ဝါးမျိုနေသောစာပေ ဖြစ်ပေသည်။



#စာပေအကြောင်း

လာ့စ်ဗီးဂတ်မှာ ထူးခြားဆန်းကြယ်တဲ့ ကြေးမုံတိုင်ကြီး ပေါ်လာပြန်ပြီး ရဲတွေ နားမလည်နိုင်ကြောင်းဝန်ခံ ဇွန် ၂၀ပြီးခဲ့တဲ့ နှစ်ပ...
20/06/2024

လာ့စ်ဗီးဂတ်မှာ ထူးခြားဆန်းကြယ်တဲ့ ကြေးမုံတိုင်ကြီး ပေါ်လာပြန်ပြီး ရဲတွေ နားမလည်နိုင်ကြောင်းဝန်ခံ

ဇွန် ၂၀

ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကမ္ဘာနေရာတလွှားမှာ ဘယ်ကရောက်လာပြီး တည်ရှိနေမှန်းမသိတဲ့ ထူးခြားဆန်းပြား ကြေးမုံတိုင်ကြီး လာ့စ်ဗီးဂတ်မြို့နားမှာ ပြန်ပေါ်လာတာတွေ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း ဘယ်ကလာမှန်း မသိ ဖြစ်နေကြောင်း ဝန်ခံခဲ့ရပြန်ပါတယ်။

သတ္တုပြင်ညီချပ်ပြားနဲ့ ဒေါင်လိုက် ထောင်လျက်ရှိနေတဲ့ ဒီတိုင်ကြီးကို ရှာဖွေကယ်ဆယ်ရေးအသင်းက ကျောက်ဆောင်ထူထပ်တဲ့ ဂက်စ်အငူထိပ်နားမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ် ကိုဗစ်ကပ်ဆိုးကာလက ဒီလို တိုင်တစ်တိုင် ရုတ်ချည်း တွေ့ခဲ့ရတဲ့နေရာနဲ့ မိနစ်အနည်းငယ်သာ သွားရင်ရောက်တဲ့ နေရာမှာ အံ့အားသင့်ဖွယ် ထပ်မံ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လာ့စ်ဗီးဂတ် မက်ထရိုပိလီတန် ရဲတပ်ဖွဲ့ဌာနချုပ်က ကျောက်ဆောင်တွေပေါ် ထူးခြားစွာ ထောင်လျှက်တည်ရှိနေတဲ့ ဒီတိုင်ကြီးပုံကို ဓာတ်ပုံရိုက်ကူးပြီး X(ယခင်တွစ်တာ) ကွန်ရက်ပေါ် တင်ခဲ့ကာ “ကျွန်တော်တို့ တောင် တက်သမားတွေ ရာသီဥတုကို ကြိုမကြည့်၊ ရေလုံလောက်အောင် မသယ်သွားဘဲ တောင်တက်ရင်း ကြုံရတဲ့ဒုက္ခနဲ့ ထူးဆန်းတဲ့အရာတွေ အများကြီး ကြုံတွေဖူးတယ်။ ဒါကြီးကတော့ ဘယ်လိုလာပြီး ဒီမှာမတ်တပ်ရပ်လျက်ကြီး ရှိနေရတာလဲ မသိနိုင်တော့ဘူး။ လာ့စ်ဗီးဂတ် မက်ထရို ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့က တွေ့လာတာကြီးပါ” လို့ ရေးသားထုတ်ပြန်သွားပါတယ်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလကလည်း ပါတီပွဲတွေနဲ့ စည်ကားရာ Fremont Street Experience ရပ်ဝန်းမှာ ဒီလို တိုင်ကြီးတစ်တိုင် ဘယ်ကရောက်လာပြီး ဒေါင်လိုက်ရှိနေသလဲ မသိဘဲ မြင်တွေ့ ခဲ့ကြရပါသေးတယ်။

ဒီလို တိုင်ကြီးမျိုးကို အမေရိကန်နိုင်ငံ အနောက်ဘက်ဒေသ ယူတက်ခ်မှာ စတင်တွေ့ရှိရာက နောက်ပိုင်း သဲကန္တာရတွေထဲ မကြာခဏတွေ့ရပြီး ၂၀၂၀ ပြည့်နှစ်က ကယ်လီဖိုးနီးယားမှာ တစ်တိုင် ထပ်တွေ့ခဲ့ကြပါတယ်။ ဒါကို သက်ဆိုင်ရာတွေက ဖယ်ရှားမှုတွေလုပ်ခဲ့ပြီး တစ်ခုမှ ဘယ်ကဘယ်လို ပေါ်ပေါက် ဖြစ်တည်လာသလဲ ဆိုတာကို အဖြေရှာလို့ မရခဲ့ပါဘူး။

အမေရိကမှာသာ မဟုတ်ဘဲ ဒီလိုတိုင်တွေကို ရိုမေးနီးယား တောင်တန်းမှာ နိုဝင်ဘာ ၂၆ ရက်က တွေ့ရပြန်ပြီး အခုတော့ ရှိမနေတော့ဘူးလို့ သိရှိရပါတယ်။ ယူနိုက်တက်ကင်းဒမ်းမှာလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်က Isle of Wight ကျွန်း၊ ဂလက်စတန်ဘာရီနဲ့ ဒတ်မိုးရ်မြို့တွေမှာ တစ်နှစ်တည်း ဒီလိုကျောက်တိုက်တွေ တွေ့ရှိခဲ့ကြရပါသေးတယ်။

Ref:Thesun
#အံ့ဖွယ်ဆန်းကြယ်




တေးသံရှင် ခင်မောင်တိုး(၁၉၅၀-၂၀၁၂) အကြောင်းခင်မောင်တိုးသည် စတီရီယို ခေတ်ဦးအဆိုတော် တစ်ဦးဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့...
18/05/2024

တေးသံရှင် ခင်မောင်တိုး(၁၉၅၀-၂၀၁၂) အကြောင်း

ခင်မောင်တိုးသည် စတီရီယို ခေတ်ဦးအဆိုတော် တစ်ဦးဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် အောင်မြင်ကျော်ကြားသော အဆိုတော် တစ်ဦးဖြစ်သည်။ ခင်မောင်တိုးကို ၁၉၅၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း မော်လိုက်မြို့၌ အရေးပိုင်မင်း ဦးခင်မောင်နှင့် မိခင်ဖြစ်သူ ဒေါ်ခင်လှတို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ သုံးယောက်အနက် တတိယမြောက်သား ဖြစ်သည်။[၁]

မွေးဖွား
၁ ဧပြီ၊ ၁၉၅၀
မော်လိုက်မြို့၊ စစ်ကိုင်းတိုင်း၊ မြန်မာနိုင်ငံ

ကွယ်လွန်
၁၅ နိုဝင်ဘာ၊ ၂၀၁၂ (အသက် ၆၂)
စင်ကာပူ

ဂီတဟန်
မြန်မာပေါ့ဂီတ

အလုပ်အကိုင်
အဆိုတော်
တူရိယာ
ဂစ်တာ

တက်ကြွသည့်နှစ်များ
၁၉၇၃ – ၂၀၁၂

ပူးတွဲ ပါဝင်မှု
မဇ္ဈိမလှိုင်း

ငယ်ဘဝ

ဖခင် တာဝန်ကျရာ မြို့ရွာများသို့ လိုက်လံပြောင်းရွေ့နေထိုင်ခဲ့ရပြီး သူငယ်တန်းမှ ဆဋ္ဌမတန်းအထိကို ရွှေဘိုမြို့၊ သတ္တမတန်းမှ အဋ္ဌမတန်းပညာကို စစ်တွေမြို့နှင့် အထက်တန်းပညာအောင်မြင်သည်အထိကို သထုံမြို့တို့တွင် တက်ရောက်သင်ကြားခဲ့ရသည်။ ၁၉၆၅ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ အင်ဂျင်နီယာတစ်ဦးအဖြစ် ဘဝကို ရပ်တည်ရန် ဆုံးဖြတ်ထားသော်လည်း တက္ကသိုလ်ရောက်ရှိသည့်လူငယ်တို့ သဘာဝအတိုင်း ဂီတဘက်လိုက်စားခြင်းကြောင့် ပညာရေးဘက်ကို အလေးမပေးမိချေ။

ဝါသနာ ဂီတ

သို့သော် ဂီတလမ်းကြောင်းဘက် စိတ်အားထက်သန်မှု ဖြစ်ခဲ့ပြီးနောက် ဒုတိယနှစ်တွင် ကျောင်းထွက်ပြီး ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သည်။

ဂီတလှုပ်ရှားမှု

* ဒုတိယနှစ်တွင် စက်မှုတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲလွင်နှင့် တွဲ၍ ဂီတကို စတင်လုပ်ကိုင်ခဲ့သည်။
* ၁၉၇၃ ခုနှစ် တွင် ပထဆုံးသော တစ်ကိုယ်တော် စီးရီးကို "ပြဿနာ အုပ်စု" တီးဝိုင်းဖြင့် ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် တေးစီရီးထွက်ရှိခဲ့သည်။ ထိုစီးရီးသည် ခင်မောင်တိုး၏ ပထမဆုံး စီးရီးဖြစ်သည့်အပြင် ကော်ပီသံစဉ် စီးရီးလည်း ဖြစ်ခဲ့သည်။ ပထမဆုံး စီးရီးမှာပင် ခင်မောင်တိုးကို ပရိသတ်သိစေခဲ့သည့် သီချင်း ဖြစ်သော "မျက်သွယ်" သီချင်းကို သီဆိုခဲ့သည်။ "မျက်သွယ်" သီချင်းကို ကိုတင်မောင်လှိုင်က ရေးသားခဲ့ခြင်း ဖြစ်သည်။
* ထို့နောက် ဒုတိယ စီးရီးဖြစ်သော "ရင်ခုန်နေသော အိပ်မက်ငယ်" ကို ၁၉၇၄ ခုနှစ်တွင် သီဆို ထုတ်ဝေခဲ့သည်။ ယင်းစီးရီးမှာလည်း ကော်ပီသံစဉ် ဖြစ်သည်။ ထိုအချိန် အထိ ခင်မောင်တိုးအား ပရိသတ်သိရှိမှု နည်းပါးနေဆဲ ဖြစ်သည်။
* ၁၉၇၉ ခုနှစ်တွင် ကိုရဲလွင်၊ ဇော်မျိုးထွဋ်၊ အဉ္ဇလီ မောင်မောင်၊ ကိုနေဝင်း တို့နှင်အတူ “ပြဿနာ အုပ်စု" တီးဝိုင်းအဖွဲ့အမည်ကို "လိစ္ဆဝီ"ဟု ပြောင်းလဲလိုက်ပြီး "လိစ္ဆဝီ"အမည်ရှိ တေးဂီတဝိုင်းကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၉ခုနှစ်တွင် " အဉ္ဇလီအတွက် ဂီတအဉ္ဇလီ" စီးရီး ထွက်ရှိခဲ့သည်။ ထိုစီးရီးမှာ ခင်မောင်တိုး၏ ပထမဆုံး ကိုယ်ပိုင် သံစဉ် စီးရီး ဖြစ်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ ဆက်တိုက် သီဆိုခဲ့သည်။
*
တေးစီးရီးဖြန့်ချိစကနေ မျက်သွယ်တေးစီးရီးထွက်ရှိချိန်ထိ ကော်ပီတေးသီချင်းများ ရောယှက်မှုရှိနေသည့် ခင်မောင်တိုးသည် ၁၉၇၉ ခုနှစ်တွင် ထွက်ရှိသော အဉ္စလီအတွက် ဂီတအဉ္စလီ တေးစီးရီးတွင် ကိုယ်ပိုင်တီးဝိုင်း၊ ကိုယ်ပိုင်သံစဉ် တေးသီချင်းများဖြင့် ထုတ်လုပ်ဖြန့်ချိခဲ့သည်။

* ၁၉၈၃ ခုနှစ်တွင် လိစ္ဆဝီ တေးဂီတဝိုင်းကို မဇ္ဈိမလှိုင်း ဟု အမည်ပြောင်းလဲခဲ့ပြီး ဂီတလုပ်ငန်းများကို အခြေချ လုပ်ကိုင်နိုင်ခဲ့သည်။ မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့ကို Lead ဇော်မျိုးထွဋ်၊ Bass ကိုရဲလွင်၊ Drum တွတ်ကီ၊ Keyboard မောင်မျိုးခင်၊ Hollow Guitar ခင်မောင်တိုး၊ Classical Guitar ကိုမောင်မောင် (အဉ္ဇလီ မောင်မောင်)နှင့် ကိုနေဝင်းတို့နှင့် အတူ တည်ထောင်ခဲ့သည်။ မဇ္ဈိမလှိုင်း ဟူသော အမည်ကို ကိုမောင်မောင်က ပေးခဲ့ခြင်း ဖြစ်သည်။
* မဇ္ဈိမလှိုင်း အဖွဲ့က Keyboard သမား မောင်မျိုးခင် ကွယ်လွန် သွားပြီးနောက် အဖွဲ့သားများသည်လည်း တစ်ယောက် တစ်နေရာစီ ကွဲသွားကြသဖြင့် ရှိုးပွဲများ သိပ်မလိုက်ကြတော့ပေ။ နာမည်ကြီး ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ် ဖြစ်သည့် ဝိုင်းရဲ့ဆည်းဆာ တစ်နှင့် နှစ်ကို ၁၉၇၉-၈ဝ တဝိုက်က ကိုမောင်မောင်နှင့် နှစ်ယောက်တွဲ ရေးခဲ့ခြင်း ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် "ဝိုင်းရဲ့ ဆည်းဆာ" တေးစီးရီး ထွက်ရှိခဲ့ပြီး "ဝိုင်းရဲ့ ဆည်းဆာ"မှာ ခင်မောင်တိုးကို ဂီတ ပရိသတ်များ ပိုမို အသိအမှတ် ပြုခဲ့သည့် စီးရီး ဖြစ်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် "စောင်းကြိုးရှိုက်သံ နှင့် ဆယ်နှစ်တာတေးများ" လက်ရွေးစင်တေးစု ထွက်ရှိခဲ့သည်။
* ၁၉၈၄ ခုနှစ်တွင် "မဟာဆန်သူ" စီးရီး ထွက်ရှိလာခဲ့သည်။ "မဟာဆန်သူ"သည် ခင်မောင်တိုး၏ အအောင်မြင်ဆုံး တေးစီးရီး ဖြစ်ခဲ့သည့် အပြင် ခင်မောင်တိုးနှင့်အတူ "မဇ္ဇျိမလှိုင်း" တေးဂီတ အဖွဲ့ကိုပါ အောင်မြင်မှု ရရှိစေခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် "ကြိုးကြာသံ" တေးစီးရီး ထွက်ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် "မျက်သွယ်" အမည်ဖြင့် လက်ရွေးစင် တေးပေါင်းစု ထွက်ရှိခဲ့သည်။ ၁၉၈၈ ခုနှစ်၌ " ရောင်စဉ် ခုနှစ်သွယ်"၊ ၁၉၉၀ ပြည့်နှစ်၌ "ဝေးခဲ့ပြီ ပန်းခရမ်းပြာ"၊ ၁၉၉၁ ခုနှစ်တွင် "လေးညှို့ရှင်" အစရှိသည့် တေးစီးရီးများ ထွက်ရှိခဲ့သည်။
* ၁၉၉၂ ခုနှစ်တွင် "ပန်းချစ်သူ" တေးပေါင်းစု ထွက်ရှိခဲ့ပြီး ထိုစီးရီး၌ ပါဝင်ခဲ့သော သီချင်းများမှာ ရုပ်ရှင်ဇာတ်ဝင် သီချင်းများ ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် "ပန်တော်ဦး"၊ ၁၉၉၄ ခုနှစ်တွင် "မြစ်တစ်စင်း ဖြစ်တည်မှု" ထွက်ရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာပင် Live 94 (Live Show) နှစ်ခွေတွဲ ထွက်ရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် "ရည်ရွယ်သူ"၊ ၁၉၉၆ ခုနှစ်တွင် "မှီတွယ်ရာ လွမ်း"၊ ၁၉၉၇ ခုနှစ်တွင် "လှိုင်းထက်က ခြေရာများ" အစရှိသည့် စီးရီးများ ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် "ရင်ခတ်အလွမ်း" တေးစီးရီး ထွက်ရှိခဲ့ပြီး ထိုစီးရီးတွင် ပါဝင်သော သီချင်းများမှာ မွန်းအောင်၏ သီချင်းများကို ပြန်လည် သီဆိုခဲ့ခြင်း ဖြစ်သည်။
* ၁၉၉၉ ခုနှစ်တွင် "တိတ်တခိုး" စီးရီး ထွက်ရှိခဲ့သည်။ "တိတ်တခိုး"သည် မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများကို ကိုနိုင်မင်းက သံစဉ် ထည့်သွင်းပေးခဲ့ပြီး ခင်မောင်တိုးက သီဆိုခဲ့ခြင်း ဖြစ်သည်။ ၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ခင်မောင်တိုး၏ တေးသီချင်းသစ် ထွက်ရှိမှု မရှိသလောက် နည်းပါးခဲ့ပြီး ၂၀ဝ၇ ခုနှစ် အချိန်တွင် "ခုနှစ်နှစ်အလွန်" တေးစီးရီး ထွက်ရှိလာခဲ့သည်။
*
"ခုနှစ်နှစ် အလွန်" သည် ခင်ဝမ်းအမှတ်တရ အနေဖြင့် ခင်ဝမ်း သီဆို အောင်မြင်ခဲ့ပြီးသော သီချင်းများကို သီဆိုခဲ့ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် "အကြိုက်ဆုံး မန္တလေး သီချင်းများ" တေးစီးရီး၊ သည်းဦးသစ္စာ အစရှိသည်တို့ ထွက်ရှိခဲ့ပြီး နောက်ဆုံး ထွက်ရှိခဲ့သော တေးစီးရီးမှာ " ခွန်အားဖြည့်ပါ မိငယ်" ဖြစ်သည်။
ကျွန်တော့် အမြင်က ဂီတကြောင့် လူတွေဟာ လောက အမြင်မှန်နဲ့ နီးစပ်တယ်လို့ ထင်တယ်။ ကျွန်တော်ဘဝ ဖြတ်သန်းချင်တဲ့ ပုံစံက မြတ်စွာဘုရား ဟောကြားသလို လူတွေက မွေးပြီး သေသွားမယ့်သူတွေ ဖြစ်ပေမယ့် ကြားထဲမှာ သံသရာ ဆိုတာရှိတယ်။ ဒီဘဝလုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက သံသရာ တစ်လျှောက်လုံးကို အထောက်အကူဖြစ်တဲ့ ပုံစံမျိုးရှိရမယ် ဆိုတော့ ရိုးရိုးသားသား နေလို့ရတဲ့ ဂီတ အလုပ်က ကျွန်တော့် ဘဝအတွက် အင်မတန်သင့်တော်ပါတယ် ဟု ပြောကြားခဲ့ဖူးပါသည်။

သီဆိုခဲ့သော တေးစီးရီးများ

ခင်မောင်တိုး၏ ဂီတသက်တမ်းတလျှောက်တွင် တေးစီးရီးပေါင်း ၃၅ ခု သီဆိုခဲ့ပြီး ဝိုင်းရဲ့ဆည်းဆာ တေးစီးရီးသည် ပရိသတ် အသိအမှတ်ပြုမှုကို စတင်ရရှိခဲ့သည်။ ထို့နောက် မဟာဆန်သူ စီးရီးတွင် အောင်မြင်မှု ပိုမိုခိုင်မာလာခဲ့သည်။

1. ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် (၁၉၇၃)
2. ရင်ခုန်နေသော အိပ်မက်ငယ် (၁၉၇၄)
3. အဉ္ဇလီအတွက် ဂီတအဉ္ဇလီ (၁၉၈၀)
4. ဝိုင်းရဲ့ ဆည်းဆာ (၁၉၈၁)
5. စောင်းကြိုးရှိုက်သံ (၁၉၈၂)
6. မဟာဆန်သူ (၁၉၈၄)
7. ကြိုးကြာသံ (၁၉၈၅)
8. မျက်သွယ် (၁၉၈၆)
9. ရောင်စဉ်ခုနှစ်သွယ် (၁၉၈၈)
10. ဝေးခဲ့ပြီ ပန်းခရမ်းပြာ (၁၉၉၀)
11. လွယ်လွယ်နဲ့မဖြစ်ဘူးလေ နှင့် နှုတ်ဆက်ခြင်း
12. ပန်တော်ဦး (၁၉၉၃)
13. မြစ်တစ်စင်းဖြစ်တည်မှု (၁၉၉၄)
14. "Live 94 (Live Show)"
15. လက်ရွေးစင် ၁ နှင့် ၂
16. သမုဒယ ကြိုးသုံးပင်
17. ရည်ရွယ်သူ (၁၉၉၅)
18. မှီတယ်ရာ လွမ်း (၁၉၉၆)
19. လှိုင်းထက်ကခြေရာ (၁၉၉၇)
20. ရင်ခတ်အလွမ်း (၁၉၉၈)
21. ခွာညိုသက်ထား
22. စိတ်ကြိုက်တေး - ခင်မောင်တိုးအကောင်းဆုံးတေးများ
23. သီချင်းတစ်ပုဒ် (၁၉၉၉)
24. လက်ရွေးစင်အကောင်းဆုံးတေးများ
25. အကောင်းဆုံးတေးများ
26. တိတ်တခိုး
27. အကောင်းဆုံး ခေါင်းစီးတေးများ (၂၀၀၀)
28. အကြိုက်ဆုံး ဒဏ္ဍာရီတေးများ (၂၀၀၁)
29. လွမ်းဝတ်မှုန် (၂၀၀၃)
30. အကောင်းဆုံးမန္တလေးတေးများ (၂၀၀၅)
31. ခုနစ်နှစ် အလွန် (၂၀၀၇)
32. ရွှင်လန်းချမ်းမြေ့ပါစေ (သင်္ကြန်သီချင်းများ) (၂၀၀၈)
33. မဇ္ဈိမလှိုင်းဂယက်များ (Live Show)
34. သည်းဦးသစ္စာ (၂၀၁၀)
35. ခွန်အားဖြည့်မိငယ် (၂၀၁၂)

ကိုယ်ရေးကိုယ်တာ

ပထမဆုံး တေးစီးရီး "ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်" မဖြန့်ချိခင်တွင် အချိန်ကပင် ဒေါ်ဝေဝေခိုင်နှင့် လက်ထပ်ခဲ့ပြီး မင်းမင်းဦး၊ အောင်ပန်းဦးနှင် သမီးငယ် ဝေနှင်းခိုင်ဆိုသည့် သားသမီးသုံးယောက် ထွန်းကားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အသည်းကင်ဆာ ရောဂါဖြင့် စင်ကာပူနိုင်ငံ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကုသမှု ခံယူခဲ့သည်။ [၂] ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စင်္ကာပူစံတော်ချိန်) (၈နာရီ ၂၀မိနစ်) အချိန်ခန့်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် အသက်(၆၂)နှစ် ရှိပြီဖြစ်သည်။






Wkpd
Crd- ဆိုင်း၊ အငြိမ့်၊ သီချင်းနှင့် ဟာသများ
# # #

29/04/2024

ထူးအိမ်သင်ကို အော်တို ရေးခိုင်းဖူးတဲ့ စိုင်းခမ်းလိတ်

ဆရာဒေါက်တာ စိုင်းခမ်းလိတ်က သူ့ (ထူးအိမ်သင်) ကို အော်တို ရေးခိုင်းဖူးသည်။ ထူးအိမ်သင် နန်းသီတာမှာ ဘီယာသောက်နေစဉ် ဆရာဒေါက်တာစိုင်းခမ်းလိတ် ရောက်လာပြီး အော်တိုစာအုပ် ထိုးပေးသည်။

သူက "ဆရာ၊ ကျွန်တော့်ကို မနောက်ပါနဲ့" ဟုပင် ဆိုမိသေးသည်။

ဆရာ ဒေါက်တာစိုင်းခမ်းလိတ်က ပြုံးစိစိနှင့်ပင် သူ့အော်တို မဟုတ်ပါကြောင်း၊ သူ့သမီး၏ အော်တိုစာအုပ်ဖြစ်၍ အမှတ်တရ ရေးပေးစေလိုကြောင်း ရှင်းပြသည်။

ထူးအိမ်သင်က သူ ဘာရေးရလျှင် ကောင်းမလဲဆိုတာ စဉ်းစားသည်။ ဆရာ ဒေါက်တာစိုင်းခမ်းလိတ်လို တေးရေး စာဆိုပုဂ္ဂိုလ်ကျော်၏ သမီးကိုအမှတ်တရအဖြစ် သူက ဘာများ ရေးပေးရမလဲ။

ဖျတ်ကနဲ သူအတွေး ရသွားသည်။

"ကြွေနေတဲ့ ပန်းကလေးများ လိုက်ကောက်ခြင်းမှာ ကျေနပ်မှု အပြည့်အဝ ရတဲ့ ချစ်သမီးလေးရေ ဒီလိုသာ အမြဲ ရောင့်ရဲနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ" ဆိုသည့် ဆရာ ဒေါက်တာ စိုင်းခမ်းလိတ်၏ "နန်းခမ်းနွဲ့အတွက်သီချင်းတစ်ပုဒ်" ကို အစအဆုံး တစ်လုံးမကျန် ရေးပြီး လက်မှတ်ထိုးပေးလိုက်သည်။

ဤသီချင်း တစ်ပုဒ်လုံးကို သူအစအဆုံး အလွတ်ရနေခြင်းသည် ဆရာဒေါက်တာစိုင်းခမ်းလိတ်အပေါ် သူဘယ်လောက် တန်ဖိုးထား၊ လေးစားကြောင်း ဖော်ပြပြီးသား ဖြစ်ရုံသာမက ဖခင်တိုင်း၏ သမီးများအပေါ် ထားရှိကြသော စိတ်သဘောထားကိုလည်း ထင်ရှားသွားစေသည်။

* (၂၇.၄.၂၀၂၄) စနေနေ့ မှာ ကျရောက်ခဲ့တဲ့ တေးရေးဆရာ စိုင်းခမ်းလိတ်ရဲ့ ၇၅ နှစ်ပြည့်၊ စိန်ရတု မွေးနေ့အတွက် ဆရာ သက်တော်ရာကျော် ရှည်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

#စိုင်းခမ်းလိတ်
#ထူးအိမ်သင်

#ကိုငှက်

24/04/2024

တာရာမင်းဝေ၊ နီကိုရဲနဲ့ အကြည်တော်

“အဲဒီတုန်းက ငါသူ့အိမ်ကိုရောက်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် တော်တော် ဝမ်းနည်းတယ်၊ ယူကြုံးမရလည်းဖြစ်တယ်၊ ငါရောက်တဲ့အချိန်က တကယ့်နောက်ဆုံးအချိန်ဖြစ်နေပြီလေ၊ အဲဒီအဖြစ်အပျက်ကို ငါတစ်ယောက်ယောက်ကို ပြောပြချင်တယ်၊ ပြီးတော့ ရေးလည်းရေးပစ်လိုက်ချင်တယ်၊ ဒါပေမယ့် ငါက စာရေးတာနဲ့ပတ်သက်ပြီး အားနည်းတယ်ကွ။ ခု မင်းနဲ့တွေ့တော့ မင်းကလည်း သူ့ရဲ့စာတွေဖတ်ဖူးတယ်ဆိုတော့ ငါမင်းကိုပြောပြချင်တယ် ပြီးတော့ မင်းရေးပေါ့ကွာ”

အဲဒီလိုနဲ့ သူ ကျနော့်ကိုပြောပြခဲ့ပါတယ်။

နောက်ဆုံး တာရာ

အဲဒီနေ့က ကျနော်နေထိုင်တဲ့ သင်္ဃန်းကျွန်းက လဖက်ရည်ဆိုင်မှာ ကိုရဲဝင်း (နီကိုရဲ) နဲ့အတူ မိုးရေစက်တွေကို လက်ဖက်ရည်နဲ့မြည်းရင်း ကိုရဲဝင်းပြောပြတဲ့ ဇာတ်လမ်းလေးတွေကို နားထောင်နေခဲ့ကြတယ်။ သူပြောပြတဲ့အကြောင်းအရာတွေက တောင်ရောက်၊ မြောက်ရောက်နဲ့။ ဒါပေမယ့် မိုးရေစက်တွေနဲ့အတူ အေးအေးချမ်းချမ်းပေါ့။

မိုးစက်တွေက တစ်ခုခုကို ပြောပြဖို့ စိတ်စောနေသလိုမျိုး သိုသိုဝှက်ဝှက်နေခဲ့တာကို အဲဒီတုန်းက မသိခဲ့။

အချိန်က နေ့လယ် ၁ နာရီသာသာ။ မိုးစက်တွေက ခုမှ ပိုပြီးစိုးရိမ်လာသလိုမျိုး သဲကြီးမဲကြီး။ ကျနော်တို့ ထိုင်နေတဲ့လက်ဖက်ရည်ဆိုင်ကို ကိုကြည် (အကြည်တော်) ရောက်လာခဲ့တယ်။

“ကိုရဲဝင်း ကိုတာရာဆုံးသွားပြီတဲ့၊ ခုနလေးတင် ကျနော့်ဆီဖုန်းဝင်လာတယ်”
ကျနော် ကိုရဲဝင်းရဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်၊ မျက်လုံးထဲမှာ အရောင်တစ်ခု ဖြတ်ပြေးသွားသလိုမျိုး။ ဒါပေမယ့် ပြန်ပျောက်သွားတယ်။

“ကဲ သွားကြမယ်လေ”
ပြီးတော့ ကျနော့်ကို တစ်ချက်ကြည့်ပြီး မေးတယ်။
“မင်းလိုက်ခဲ့မလား”
ကျနော့်မှာ ငြင်းစရာ စကား မရှိ။

မိုးစက်တွေ တစ်ထွေကြီးထဲမှာ ကိုကြည်ရယ်၊ ကိုရဲဝင်းရယ်၊ ကိုကြည်ရဲ့ကားဒရိုင်ဘာရယ်၊ ကျွန်တော်ရယ်၊ ကိုရိုလာ ကားပြာလေးထဲမှာ အသံတိတ် ပူနွေးနေခဲ့ကြတယ်။ ကားကလေးက မြောက်ဒဂုံရဲ့ဟိုးဘက် ၄၅ ရပ်ကွက်ထဲမှာ လူးလူးလွန့်လွန့်။

ကျနော့်စိတ်ထဲမှာ ဘာကိုတွေးပြီး ဘယ်လိုအဆုံးသတ်ရမှန်းမသိဘူး။ ဘာကို ဝမ်းသာနေပြီး၊ အဲဒီဝမ်းသာနေတာကိုလည်း ပြန်ရှုံ့ချရင်း၊ ဘယ်အရာကို နားမလည်ဖြစ်နေမှန်းလည်းမသိဘူး။ အသံတစ်ချက်ကြောင့် ရှုပ်ထွေးနေတဲ့အတွေးစတွေ ပျက်သွားတယ်။

“ညီလေး… စာရေးဆရာ တာရာမင်းဝေတို့အိမ်ကို ဘယ်လမ်းကသွားရလဲ”
ကိုကြည်ရဲ့ ကားဒရိုင်ဘာက လမ်းဘေးကွမ်းယာဆိုင်က ကောင်လေးကို လှမ်းမေးလိုက်တာပါ။
“တည့်တည့်သွား အစ်ကို၊ ပြီးရင် ညာချိုးလိုက်”
“ကျေးဇူးပဲ ညီလေး”

လမ်းက ကျဉ်းပါတယ်။ ကွမ်ယာဆိုင်က ကောင်လေး ညွှန်လိုက်တဲ့လမ်းက အဆင်မပြေဘူး။ အဲဒါနဲ့ အဆင်ပြေမယ်ထင်တဲ့လမ်းက ပတ်သွားရပါတယ်။ ခပ်လှမ်းလှမ်းလည်းရောက်တော့ လမ်းက ပျောက်သွားပြန်တယ်။ ဘောလုံးကန်နေတဲ့ကလေးတွေကို တွေ့တော့…

“သား… စာရေးဆရာ တာရာမင်းဝေတို့အိမ်က ဘယ်အိမ်လဲ”
“ဟိုရှေ့နားက အိမ်ပဲ ဦးလေး”

အိမ်လေးကို လှမ်းမြင်နေရပြီ။ ကျနော်သိတဲ့ စာရေးဆရာ၊ ကျနော်ချစ်ခင်ရတဲ့ စာရေးဆရာတစ်ယောက် နေထိုင်တဲ့ အိမ်မှာ ဘာတွေရှိမလဲ။ ဘာတွေနဲ့ သိုင်းဝိုင်းထားမလဲ။

အိမ်က မြေစိုက်အိမ်။ အိမ်ဘေးမှာ ကဲလားလို၊ အဖီ ထိုးထားတယ်။ မိုးတွေက ပက်လို့။ အဖီကလေးရဲ့အောက်မှာ စာအုပ်သုံးလေးအုပ် ကပိုကရို။ ဖတ်လက်စ တန်းလန်း စာအုပ်တစ်အုပ်။ ဒဂုန်ရွှေမျှားဘာသာပြန်တဲ့ ရော်ဘင်ဆင်ကရူးဆိုး စာအုပ်။ ဆရာရဲ့နောက်ဆုံးချိန်မှာ ဖတ်ခဲ့တဲ့စာအုပ်များလား။ ဆရာ့စိတ်ကူးထဲမှာ ကရူးဆိုးကို တပ်မက်ခဲ့သလား။ တစ်ယောက်တည်းနေရတဲ့ ဘာသာဗေဒကို နောက်ဆုံးတွေ့ရှိသွားတာလား။ ဒါမှမဟုတ်….။

ကိုကြည်က ရှေ့ဆုံးကနေ အိမ်ထဲ ဝင်သွားတယ်။ နောက်က ကိုရဲဝင်း။ ပြီးတော့ ဒရိုင်ဘာနဲ့ကျနော်။

အိမ်ထဲကို ဝင်ဝင်ချင်း စာအုပ်တွေက ဆရာ့အစား ကျနော်တို့ကို အရင် နှုတ်ဆက်တယ်။ ဒါပေမယ့် စာအုပ်တွေရဲ့နှုတ်ဆက်သံမှာ ငိုသံများစွက်နေလေမလား။ အစီစဉ်တကျ စီရီထားတဲ့ စာအုပ်တွေ၊ ပြန့်ကျဲနေတဲ့စာအုပ်တွေ။ အားလုံး သခင်မဲ့နေကြပြီ။ သူတို့အတွက် သခင်ဆိုလို့ ဒီတစ်ယောက်တည်းရှိတယ်လို့လည်း မာနနဲ့ ပြန်အော်ဟစ်နေကြသလို။

အများဆုံးတွေ့ရတဲ့ စာအုပ်တွေကတော့ စိတ်ပညာနဲ့ ဒဿနိက စာအုပ်တွေ။ ကိုကြည်က စကားတစ်ခွန်းစ နှစ်ခွန်းစဆိုတယ်။ ခဏနေတော့ ဆရာ့အမေရဲ့အသံကို ခပ်စူးစူး ကြားရတယ်။

“နီကိုရဲ ဘယ်မှာလဲ၊ နီကိုရဲ”
“ကျွန်တော် ဒီမှာပါ အမေ”
“ဟဲ့ သေနာကောင်၊ နင့်အကောင် သေပြီ သိလား၊ အရည် သောက်လို့သေပြီ၊ နင်လည်းသတိထား၊ နင်လည်း သေလိမ့်မယ်၊ ကြားလား”
“ဟုတ်ကဲ့ အမေ၊ ဟုတ်ကဲ့”
ကိုရဲဝင်းက ခံစားချက်မရှိတဲ့မျက်နှာနဲ့ ဆရာ့အမေကို ပြန်ပြောတယ်။
ပြီးတော့ ကိုကြည့်ကို အမေနဲ့ မိတ်ဆက်ပေးတယ်။
“အမေ ဒီဟာက အကြည်တော်”
အမေက ခပ်ငြိမ်ငြိမ်ပြန်ကြည့်တယ်။

ခဏနေတော့ ရပ်ကွက်ထဲကလူတွေ၊ ဆရာ့ မိတ်ဆွေတွေ တဖွဲဖွဲရောက်လာကြတယ်။ တစ်နာရီလောက် စကားပြောခဲ့ပြီးတော့ ကျွန်တော်တို့ ပြန်လာခဲ့ကြတယ်။ အပြန်ခရီးမှာ ကိုကြည်က စကား စ ပြောတယ်။

“ဟိုအရင်က ကိုတာရာနဲ့ ကျနော် မြို့ထဲ လာလေ့ရှိတယ်၊ ကျနော့်ကားလေးနဲ့ပြန်လာရင် ကိုတာရာက လယ်ကွင်းတွေနားရောက်တာနဲ့၊ တစ်ခုအမြဲလုပ်လေ့ရှိတယ်၊ ကျနော့်ကို ကားရပ်ခိုင်းတယ်၊ ပြီးရင် လယ်ကသင်းတွေပေါ်မှာ သွားထိုင်ပြီး တစ်ယောက်ယောက်နဲ့စကားပြောသလို လုပ်နေတယ်၊ သူဘာတွေ လုပ်နေလဲ ကျနော်နားမလည်ဘူး၊ ပြီး သူပြန်ရောက်လာရင် ကျနော့်ကို ပြောပြတတ်တယ်၊ ကိုတာရာ ပြောပြတာက….”

“ကျနော် နာနာဘာဝတွေနဲ့ စကားပြောနေတာလေ၊ ဒီလိုပုံစံမျိုး အကြောင်းအရာတွေ၊ စာအုပ်တွေပဲ ရေးချင်နေတယ်၊ ဖတ်ချင်နေတယ်၊ နောက်ပြီးတော့ ခုတစ်လော နောက်ဘဝတွေကိုပဲ စိတ်ဝင်စားနေတယ်”

စကားအဆုံးမှာ တာရာမင်းဝေဆိုတာ ရှိနေလား၊ ရှိမနေဘူးလား၊ ရှိခဲ့သလား ကျနော် သတိမရနိုင်တော့။ သူ့အိမ်မှာတုန်းကတော့ သူ လောကကြီးထဲကထွက်သွားပြီဆိုတာ သိရတယ်။ ဒါပေမယ့် ကျနော် သူ့အိမ်က ထွက်လာတော့……..။

မိုးစဲသွားပါပြီ။ မိုးစက်တွေဟာ သူတို့ပြောချင်တာတွေကို ပြောချလိုက်ရလို့ ပေါ့ပါးသွားပုံမျိုးနဲ့ တစ်ချက် ခပ်ဖြောက်ဖြောက် ရွာလိုက်ပါတယ်။

အဲဒီနေ့က ၅ သြဂုတ် ၂၀၀၇။
◼︎

#တာရာမင်းဝေ
#နီကိုရဲ
#အကြည်တော်



#

14/04/2024

မေမြို့မှာ ရှော့ဒုံး ပေါက်ကွဲသံ အချက်(၃၀)နီးပါး ကြားရ၊ စစ်တက္ကသိုလ်ဘက် ကျရောက်ပေါက်ကွဲဟုဆို၊

ဧပြီ - ၁၄

မန္တလေးတိုင်း၊ မေမြို့မှာ စစ်အုပ်စုက လုံခြုံရေး တင်းကြပ်ထားချိန် ဒီညပိုင်း စစ်တက္ကသိုလ် (DSA) ဘက်ဆီ လက်နက်ကြီး (ရှော့ဒုံး) ကျရောက် ပေါက်ကွဲသံ အချက်(၃၀)နီးပါး ဆက်တိုက် ကြားရတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

"DSA ကျောင်းမှာလို့ ကြားတာပဲ။ အသံကြားတာ (၁၈)လုံး ရှိပြီ"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဧပြီ(၁၄)ရက် ည(၉)နာရီကျော်က စတင်ပြီး ပေါက်ကွဲသံတွေ ကြားနေရကာ မေမြို့ ရပ်ကွက်ကြီး(၈)နဲ့ DSA ဘက် ကျရောက်ပေါက်ကွဲတာ ဖြစ်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဧပြီ(၁၂)ရက် ကတည်းက မေမြို့ကို ရောက်နေပြီး ဒီမနက်ပိုင်းမှာ ပြန်သွားပြီလို့ မြို့ခံတချို့က ဆိုပါတယ်။

မင်းအောင်လှိုင်နဲ့ မိသားစုတွေ သင်္ကြန်ကာလ မေမြို့မှာ လာရောက် အပန်းဖြေ အနားယူမှာမို့ မေမြို့က တပ်ရင်း၊ တပ်ဖွဲ့တွေ အကုန်လုံးကို လုံခြုံရေးအတွက် အပြင်ထွက် ဂိတ်စောင့်ခိုင်းထားချိန် အခုလို ပေါက်ကွဲသံတွေ ကြားရတာလို့ ဆိုပါတယ်။

"မြို့တွင်းမြို့ပြင် လုံခြုံရေးကို အရာရှိတွေ အများကြီးနဲ့ လုပ်ထားတယ်။ မြို့ပြင်က တောင်တွေပေါ်အထိ အင်အား ချထားတယ်"လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

မေမြို့က စစ်အုပ်စုကို မေမြို့ သာမက ကျောက်ဆည်၊ မတ္တရာ၊ ပုသိမ်ကြီး စတဲ့ မေမြို့နဲ့ ထိစပ်နေတဲ့ DSA နောက်ကျောက ကျေးရွာနဲ့ တောင်တန်းတွေဘက်အထိ လုံခြုံရေး ချထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် မေမြို့ကို မင်းအောင်လှိုင် လာရောက်ချိန် လုံခြုံရေးအတွက် ဆိုပြီး DSTAနဲ့ သုတေသန တပ်ကြားထဲမှာ ရှိတဲ့ ရေချမ်းအိုးရပ်ကွက်က အိမ်ခြေ(၃၀၀)လောက်ကို ဧပြီ(၆)ရက်ကတည်းက စစ်
အုပ်စုက ဖျက်ဆီးခဲ့ပါတယ်။





ကိုငှက် (ခ) ထူးအိမ်သင် ရဲ့နောက်ဆုံးအင်တာဗျူးထဲကတစ်ခု ။▪️ထူးအိမ်သင်က ကဗျာရေးခဲ့ဖူးတာပဲ၊ ဒီတော့ နိုင်ငံတကာမှာ အကြိုက်ဆုံးက...
08/04/2024

ကိုငှက် (ခ) ထူးအိမ်သင် ရဲ့နောက်ဆုံးအင်တာဗျူးထဲက
တစ်ခု ။

▪️ထူးအိမ်သင်က ကဗျာရေးခဲ့ဖူးတာပဲ၊ ဒီတော့ နိုင်ငံတကာမှာ အကြိုက်ဆုံးကဗျာဆရာနဲ့ မြန်မာပြည်မှာ အကြိုက်ဆုံးကဗျာဆရာကို သိချင်ပါတယ်။

🔹ကျွန်တော်က ကဗျာကိုပဲ ကြိုက်တာ၊ ကဗျာဆရာကို ကြိုက်တာမဟုတ်ဘူး။

▪️အခုအချိန်မှာ ထူးအိမ်သင် တစ်ကိုယ်တော်အခွေ အထွက်ကျဲတာဘာကြောင့်လဲ။

🔹အခွေမထွက်လို့ပါ။

▪️သမီးလေးရဲ့ အနာဂတ်ကို ဘယ်လိုအတွေးအခေါ်အသစ်တွေနဲ့ ဖန်တီးပေးမယ်လို့ စိတ်ကူးထားသလဲ။

🔹လူတစ်ယောက်ရဲ့ အနာဂတ်ကို လူတစ်ယောက်က ဖန်တီးပေးနိုင်တယ်လို့ကျွန်တော် မယုံကြည်ပါ။

▪️အခုနောက်ပိုင်း သီချင်းရေးတာ သိပ်မတွေ့တော့ဘူး။ အဲဒါ ဦးနှောက်ကိုအနားပေးတာလား၊ အသစ်ကို ထပ်မရှာဖွေချင်တော့တာလား၊ ဒါမှမဟုတ်အပျင်းထူနေတာလား။

🔹အကုန်လုံးပဲ။

▪️ဒီနေ့အထိထူးအိမ်သင်ဆိုတာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ်ဘာကြောင့်နေရာရနေတယ်လို့ ထင်သလဲ။

🔹ဘယ်တုန်းကမှ မထင်ပါ။

▪️အခုခေတ်စားနေတဲ့ Hip Hop ဂီတအမျိုးအစားတွေကို ဘယ်လိုမြင်သလဲ။

🔹မမြင်ပါဘူး၊ ကြားပဲကြားပါတယ်။

▪️မြန်မာပြည်ရဲ့ ဂီတဝေဖန်ရေးဆရာတွေထဲမှာ ဘယ်သူ့ကိုအသိအမှတ်ပြု လေးစားခဲ့သလဲ။

🔹မြန်မာ့အသံ ဦးသန်းမြင့်။

▪️ဘဝရဲ့ နေထိုင်ခြင်းအပေါ် တစ်ခါတစ်ရံ မွန်းကျပ်လာတဲ့အခါ ဘယ်လိုထွက်ပေါက်ရှာသလဲ။

🔹ရွှေကြီး(ရွှေဂျော်ဂျော်) အခန်းမှာသွားအိပ်ပါတယ်။

▪️ထူးအိမ်သင် လက်ခံယုံကြည်ထားတဲ့အယူအဆတစ်ခု။

🔹လောလောဆယ် ဘာကိုမှ အယုံအကြည်မရှိပါ။

▪️သူများသီချင်းတွေ ပြန်ဆိုရတိုင်း ရင်ထဲ ဘယ်လိုခံစားရသလား ကိုယ့်သီချင်းတခြားသူ ဆိုရင်ကော ဘယ်လိုစားရသလဲ။

🔹ပျော်တယ်။

ထူးအိမ်သင်နဲ့ အင်တာဗျူးကတော့ဒီလောက်ပါပဲ။ ရှားရှားပါးပါး ထူးထူးခြားခြား သူပြန်ပေးဖြစ်တာကိုကပဲကျွန်တော်က ကျေးဇူးတင်ရမှာပါ။

#ထူးအိမ်သင်
#ထူးအိမ်သင်_အင်တာဗျူး
#ငှက်
#စကားလုံးမရှိတဲ့ကောင်းကင်


ဇော်ဝင်းထွဋ် ဆွေးတမြေ့မြေ့ ပြောပြခဲ့တဲ့ထူးအိမ်သင်အကြောင်း ~~~~~~~~~~~~~~~~~~~~~~~~~~ - ကိုညီထွဋ်နဲ့ ကိုငှက်နဲ့ ဘယ်အချိန်...
01/04/2024

ဇော်ဝင်းထွဋ် ဆွေးတမြေ့မြေ့ ပြောပြခဲ့တဲ့
ထူးအိမ်သင်အကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~
- ကိုညီထွဋ်နဲ့ ကိုငှက်နဲ့ ဘယ်အချိန်မှာ စဆုံကြတာလဲ??

- ကျွန်တော်နဲ့ ငှက်ကြီးနဲ့က Oasis စတူဒီယိုမှာ စဆုံကြတာ။ ကျွန်တော်က အဲဒီတုန်းက တတိယအခွေ "ကြယ်တံခွန်" ထွက်နေပြီ။ ငှက်ကြီးကလည်း "နာရီပေါ်က မျက်ရည်စက်များ" အခွေထွက်ပြီး အဆိုတော်ဖြစ်နေပြီ။ အဲဒီတော့မှ စတွေ့ဖူးတာ။ အဲဒီတုန်းက ညဘက် ကျွန်တော်တို့ ဝိုင်းဖွဲ့စားသောက်ပြီး ပျော်နေတဲ့အချိန်ပေါ့နော်။ သူ(ကိုငှက်) ရောက်လာတဲ့အချိန်နဲ့ ကျွန်တော်တို့ ဖက်ပြီး ကကြတာ။ အဲဒီမှာ ငှက်ကြီးက "ကြယ်တံခွန် အချစ်လေးရေ" အော်ဆိုပြီးတော့ ကျွန်တော့်လက်ကို ဆွဲပြီး ကတာ။ အဲဒီညကတော့ ဘဝမှာ မှတ်မှတ်ရရပါပဲ။

- ဘယ်လောက်အကြာမှာ အတော် ရင်းရင်းနှီးနှီးဖြစ်သွားကြလဲ??

- အဲဒီတုန်းက ငှက်ကြီးလည်း Oasis မှာ အိမ်လိုပဲ နေ,နေတာကိုး။ အဲဒီအချိန်က သူလည်း နာမည်ကြီးလာတော့ Stage Show သွားရင် ကျွန်တော်တို့ တီးဝိုင်းနဲ့ ဆိုတာများတယ်လေ။ Show သွားရင် သူပါတဲ့ပွဲ များတယ်။ တစ်ခန်းတည်း အတူတူနေတဲ့အခါလည်း ရှိတယ်။ ခရီးသွားဖော်အဖြစ်နဲ့ ပိုရင်းနှီးပါတယ်။ ငှက်ကြီးက သိတဲ့အတိုင်းပဲလေ။ သီချင်းသိပ်ဆိုချင်တာမဟုတ်ဘူး။ သီချင်းရေးတဲ့သူ၊ ဖန်တီးချင်တဲ့လူ ဖြစ်ချင်တာ။ သူက ကျွန်တော့်ကို အမြဲတမ်း ပြောတဲ့စကားရှိတယ်။"ခင်ဗျား ဆိုဗျာ...။
ကျွန်တော် တစ်ခွေလုံး ရေးပေးမယ်" တဲ့။

- ကိုငှက် နဲ့ ပတ်သက်တဲ့ မမေ့နိုင်စရာ အဖြစ်အပျက်ရှိရင် ပြောပြပေးပါဦး??

- ရှိတာပေါ့။ အဓိကကတော့ မမေ့နိုင်စရာအဖြစ်က နောက်ပိုင်း မှတ်မှတ်ရရပဲ။ ငှက်ကြီးက သူ့ဘာသာသူနေချင်သလို နေတယ်။ Show ဆိုချင်လည်း ဆိုတယ်။ မဆိုချင်လည်း မဆိုဘူး။ လာငှားရင် ဆိုတဲ့ပုံစံ မဟုတ်တော့ဘူး။ လျှောက်သွားရင် သွားမယ်။ များသောအားဖြင့် မဆိုတာ များတယ်။ ကျွန်တော့်ပွဲဆိုလည်း လာတယ်။ Percussion တက်တီးရင်လည်း တီးတာပဲ။ Harmonica တက်မှုတ်ရင်လည်း မှုတ်။ ငှက်ကြီးက အဲဒီလိုမျိုး။ ငှက်ကြီးနဲ့ ကျွန်တော် မတွေ့တာကြာပြီး မြရိပ်ညိုမှာ ပြန်တွေ့တဲ့အချိန်မှာ သူတော်တော်လည်းပဲ နေမကောင်းဘူး ထင်ပါတယ်။ တော်တော်လည်း ပိန်တယ်။ ကျွန်တော်ဆိုခါနီးမှာ သူစင်ဘေးကို ရောက်လာပြီး
"ညီထွဋ် ခင်ဗျား မဆိုသေးဘူး မဟုတ်လား။ ကျွန်တော် တက်ဆိုမယ်ဗျာ" လို့ပြောတော့
"ဆိုလေ" ဆိုပြီး ကျွန်တော် သူ့ကို စင်ပေါ် တင်ပေးလိုက်တယ်။ ပရိသတ်က သူ့ကို မတွေ့တာကြာပြီကိုး။ ဇော်ဝင်းထွဋ်ကို လာကြည့်ကြတဲ့ ပရိသတ်က ထူးအိမ်သင်ကို တွေ့ရင်လည်း ပျော်မှာပဲလေ။ အဲဒီမှာ ငှက်ကြီး စင်ပေါ်တက်ဆိုတော့ မှတ်မှတ်ရရပဲ။ စာသားတွေလည်း မေ့နေလို့ စင်အောက်က ပရိသတ်တွေက လိုက်ဆိုပေးတယ်။ ငှက်ကြီးနဲ့ ကျွန်တော် နောက်ဆုံး အဲဒီစင်ပေါ်မှာ ဆုံတာပဲ။ နောက်တော့ မဆုံသလောက် ဖြစ်သွားတယ်။
တစ်ခါက ကျွန်တော် ငှက်ကြီးကို ငွေဆောင်ခေါ်သွားဖူးတယ်။ သူ တစ်ခါမှ မရောက်ဖူးဘူး။ လိုက်ခဲ့မယ်ဆိုတော့ "အိုကေ ... လာ။ သွားမယ်" ဆိုပြီးတော့ သွားကြတာပါ။ ငွေဆောင်မှာ စကားတွေပြော၊ ညဘက်ရောက်ရင် အပျော်သီချင်းတွေဆို၊ ရွာထဲက ကလေးတွေ၊ ရွာသူ ရွာသားတွေပေါ့နော်။ ညဘက် အပျော်သီချင်း ဆိုပြမယ်ဆိုပြီး တီးဝိုင်းပစ္စည်းတွေ ဆင်ပြီး ဆိုကြတယ်။ အဲဒီအချိန်မှာ ငှက်ကြီးက မဆိုသေးဘူး။ အခန်းထဲမှာပဲ နေ,နေတာ။ ကျွန်တော်ကလည်း အသံစမ်းနေရင်း "ပဲရစ်စ်မြို့"သီချင်းဆိုတာ ပြီးခါနီး နောက်ဆုံးအပိုဒ်လည်း ရောက်ရော ငှက်ကြီးက သူ့အခန်းထဲက အတင်းပြေးလာတယ်။
"ဆက်တီး ... မရပ်နဲ့" ဆိုပြီး ပြေးလာပြီးတော့ Harmonica မှုတ်ပြီး စင်ပေါ်တက်လာတယ်။ ရွာထဲက လူတွေကလည်း သူ့ကိုတွေ့တော့ ပိုပြီး ပျော်သွားကြတယ်။ အဲဒါနဲ့ သူ့ကို ကျွန်တော် ဆက်ပြီး ဆိုခိုင်းလိုက်တော့တယ်။ တကယ့်ကို အမှတ်တရပါပဲ။

- ကိုငှက်နဲ့ အတူဆိုဖူးတဲ့ သီချင်းရှိလား??

- "ချစ်တိုင်းလည်းမညား" သီချင်းကို ငှက်ကြီးနဲ့ ကျွန်တော် အတူဆိုဖူးတယ်။ နေရာက ကျိုက္ကဆံကွင်းထဲမှာ။ တီးဝိုင်းနှစ်ဝိုင်း တီးတာလေ။ ငှက်ကြီးနဲ့ ကျွန်တော်နဲ့ တူတဲ့အချက်က ဘယ် Music မှ ဘာမှမဟုတ်ဘူး။ ငှက်ကြီးက ရှင်းရှင်းပြောရရင် တကယ့်အစစ်အမှန်ကို လိုက်ရှာတဲ့သူဆိုတော့ ဘယ်ခေါင်းစဉ်အောက်မှာမှ သူမနေဘူးပေါ့။ သဘာဝက ရတဲ့ အသံမျိုးလေးတွေ ကြိုက်တာရယ်က ငှက်ကြီးနဲ့ ကျွန်တော် တူတာတွေပါ။ Percussion တီးတာတို့၊ တိုင်းရင်းသားတွေရဲ့ Instrument တွေကို ခင်တွယ်နှစ်သက်တာမျိုးလေးတွေပေါ့။ Harmonica အသံတွေကို သူလည်းကြိုက်တယ်။ ကျွန်တော်လည်း ကြိုက်တယ်။

- ကိုညီထွဋ် ခင်မင်တဲ့ မိတ်ဆွေတွေထဲမှာ ကိုငှက်လည်း အပါအဝင်ပေါ့??

- ဟုတ်တယ်။ ငှက်ကြီးလည်း ကျွန်တော့်ကို ခင်တယ်။ ဂီတအပေါ်မှာ သူ သစ္စာမဖောက်ဘူး။ သစ္စာရှိတယ်။ အဲဒီအတွက် ကျွန်တော် သူ့ကို ခင်တယ်။ ရည်ရွယ်ချက် တူတယ်။ ဂီတအပေါ်မှာ ထားတဲ့ သဘောထားချင်း တူတယ်။

- ကိုညီထွဋ်လည်း ကိုငှက်,ကို သတိရတဲ့အချိန်တွေ ရှိမှာပေါ့??

- ၂၀၀၅ ခုနှစ်မှာ ကျွန်တော် အခွေသစ်လုပ်တုန်းက သူ့ကို သတိရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအခွေသစ်ထဲမှာ ၆ ပုဒ်လောက်က သဘာဝက ထွက်တဲ့ ပစ္စည်းလေးတွေ အသုံးပြုမှာလေ။ ဥပမာ - အိုးလေးတွေ တီးတာတို့၊ ဝါးလုံးတွေ ခေါက်တာတို့ပေါ့။ အဲဒီတော့ သူ့ကိုပဲ သတိရတာပေါ့။ သူ့ရဲ့သဘာဝ ပစ္စည်းတစ်ချို့က Oasis မှာ ကျန်ခဲ့တယ်လေ။ လိုအပ်တာရှိရင်လည်း ယူသုံးရပါတယ်။ စိတ်ထဲကတော့ သူ့ကို ခွင့်တောင်းနေရတာပေါ့။ ငှက်ကြီးကို ကျွန်တော်တို့ အမြင်တွေ့ရဆုံးက Mr. Guitar မှာပါ။ Mr. Guitar ထဲမှာ တစ်နေ့တစ်နေ့ သူဆိုချင် ဆိုမယ်။ ကော်ဖီသောက်ချင် သောက်မယ်။ ဘဝကို ပျော်သလို နေ,နေတာကိုး။ Mr. Guitar ထဲမှာပဲ အဲဒီပုံကို နောက်ဆုံးမြင်ခဲ့တာလေ။ နောက်ပြီးတော့ ပြောစရာ တစ်ခုရှိသေးတယ်။ သူကွယ်လွန်တဲ့ညက ကျွန်တော်တို့က Show ဆိုနေရတယ်။ ပရိသတ်တော်တော်များများက သူကွယ်လွန်တာ မသိကြသေးဘူး။ ကျွန်တော်က အဲဒီညမှာ ပရိသတ်ကို ကြေညာတာပေါ့။ ပွဲတစ်ဝက်လောက်မှာ ကျွန်တော့် သူငယ်ချင်းတစ်ယောက်အတွက် ကျွန်တော် စိတ်မကောင်းဘူး။ သူ့အတွက် ဂုဏ်ပြုပြီး ကျွန်တော် သီချင်းလေးတစ်ပုဒ် ဆိုမယ်ဆိုပြီး သူ့နာမည်မပြောဘဲ "အမေ့အိမ်" သီချင်းကို ကျွန်တော် Harmonica နဲ့ မှုတ်လိုက်တယ်။ စင်အောက်က ပရိသတ်တွေက စာသားကို လိုက်ဆိုကြတယ်။ အဲဒါ ငှက်ကြီး ဆုံးတဲ့ညက ကျွန်တော် အမှတ်တရ လုပ်ခဲ့တာလေးပါ။

#ကိုငှက်ကြီး
#ကိုညီထွဋ်
#ထူးအိမ်သင်
#အလွမ်းပြေ



#ထူးအိမ်သင်
#ဇော်ဝင်းထွဋ်

အစိမ်းရင့်ရောင် ရက်စွဲများထူးအိမ်သင် ကွယ်လွန်ခြင်း အမှတ်တရ[၁]  #ထူးအိမ်သင်ကိုယ်တိုင်ရေးခဲ့သောကဗျာများ🌸 #စင်သီယာနှလုံးသား...
25/03/2024

အစိမ်းရင့်ရောင် ရက်စွဲများ
ထူးအိမ်သင် ကွယ်လွန်ခြင်း အမှတ်တရ
[၁]

#ထူးအိမ်သင်ကိုယ်တိုင်ရေးခဲ့သောကဗျာများ

🌸

#စင်သီယာ

နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
ချစ်ဇနီးသို့

"စင်သီယာ"
ငါ့ကဗျာ ဘယ်မှာလဲ မရဲတရဲမေးခွန်း တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့ပါနဲ့ ဝေဒနာ ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာ ဘယ်မှာလဲ...

“စင်သီယာ"
ငါမပြောတော့ဘူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ ကိန်းဂဏန်းတွေ
“ငွေ… ငွေ ငွေ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကို မဆွဲနဲ့ စင်သီယာ
ငါမလာနိုင်ဘူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဘူး...။

"စင်သီယာ"
မင်းဘာမှမသိဘူး
ငါ့ဘဝဟာ ဆူးနဲ့ခလုတ်ပဲ
ညွတ်တဲ့ ဥုကောင်းနဲ့ ငါအသက်မရှင်
လေးညှို့ကိုငင်ပြီးမှ မာနအခွံခွာ
ငါတောင်းပန်ရမှာလား ...
မင်းစကားပြန်အနှုတ်မှာ
ငါ “ ဖြုတ်” ကနဲကြွေခဲ့ပေါ့
ညှိုးရော့တဲ့ ငါ့အပြုံး
နေပါဦး အချစ်
ပစ်မသွားပါနဲ့ကွယ်
နွေလယ်အိပ်မက်တစ်ခု
ငါစာတမ်းပြုထားတယ် စင်သီယာ မင်းဘာမှမသိဘူး…။

"စင်သီယာ"
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမေ့တဲ့တိပ်တစ်ခွေ
မင်းငိုနေသလား…
အချစ် အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘဝ၊ မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တရားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ …။

"စင်သီယာ"
မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်းများစွာမှာ
လူတွေ ဒါပဲပြောကြတယ်
ငါ့အတွက် စကား(၅)လုံး
မင်းအပြုံးကဝါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” မြည်နေတယ်
မြေကြီးသားဘဝမှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့ အညီအမျှကျိန်ဆို
မိုးပြိုတယ် စင်သီယာ..
မင်းကို ငါချစ်တယ်….။

"စင်သီယာ"
ဘာကြောင့်လဲ
ဖန်တီးဆဲ ဂီတမှာ
သာယာမှုမဲ့တယ်
နွယ်မြက်သစ်ပင်
သံယောဇဉ်မဟုတ်
ကဗျာတစ်ပုဒ်ကြေပျက်ပြီးမှ
မင်းဝန်ချမှာလား
ဆေးသမားမှားတဲ့အခါ
ပန်းပွင့်တစ်ရာကြွေစေတယ်
ရေဒီယိုသတ္တိကြွအပြုံး
ငါ့နှလုံးသားထက်မှာ
ဗုံးကျင်းရာထင်ပြီ စင်သီယာ
ဘာကြောင့်လဲ....။

"စင်သီယာ"
ငါမငိုဘူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေးလမ်းစ
ရှာတုန်း မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဘူး …
ပထမဦးဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီလေ
မကြွေနဲ့ စင်သီယာ
ငါ............။

သျှပ်မှူးကျော်
“မြ” ကဗျာစာအုပ် (၁၉၈၁) မှ

🌸🌸🌸

#စပယ်ဖြူအိပ်မက်

လှိုင်းခတ်သံ ဂီတ ...
ချိုမြ မပီပြင်၊ သည်ရင်မှာ
ကြယ်ပြာ… လပြာ… ကောင်းကင်ပြာ
ရောင်လွှာ မြူးပြက်၊ လျှပ်လက်သလို
အို … လှလိုက်တာ။

သဲသောင်ခုံလား၊ ရေစွယ်လားလေ
ခြေသံဖွဖွ၊ ကြားနေရပေါ့
မွှေးမြသန့် စင်၊ အာရုံမြင် ရနံ့
သင်းပျံ့နေဆဲ၊ ရင်ထဲမှာ...။

စကားတိုးတိုး၊ မြူခိုးဝေဝေ
စံပယ်ရေ… စံပယ်ဖြူ…
ဘယ်သူများလဲ၊ မေးလိုက်ဆဲမှာ
သဲသဲလှုပ်လှုပ်၊ ငှက်တစ်အုပ် ...
ရုတ်ခြည်းပျံပြေး၊ ဟိုး အဝေးကို။

သည်အိပ်မက်မှ၊ မောင် နိုးထလည်း
တမ်းတတပ်မက်၊ ရုန်း မထွက်ချင်
သက်ဦး မြတ်မွန်၊ ရွာလွန် ရွက်တိုက်
ပြေးလိုက် ရှာဖွေ... ။

စံပယ်ရေ …… စံပယ်ဖြူ
ဘယ်သူများလဲ၊ ဘယ်မှာလဲကွယ်
ရင်ထဲ မေးမိဆဲပါ မေ။

လင်းထက်
ရှုမဝမဂ္ဂဇင် ၁၉၈၂၊ ဒီဇင်ဘာမှ

🌸🌸🌸

#ချောင်းကြည့်ပေါက်များ

သူ့အလို...
အထက်အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
"စကားလုံးများ" ဟာ "အတု" ဖြစ်ပြီး
"စိတ်" သည် "အစစ်အမှန်" ဖြစ်တယ်တဲ့...။

(၂)
"ခြေထောက်တေ" ဟာ "လမ်း" ဖြစ်ပြီး
"ငါ" သည် "ခရီးဆုံး" ဖြစ်တယ်တဲ့။

(၃)
ဆိုတောကာ...
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီစကားလုံး တင်းကြမ်းပြည့်လမ်းတွေကိုပဲ
စီးစီးပြီးသွားနေရတာ... တဲ့
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒီ ငါကဖြင့်... တဲ့
အင်း
ပျင်းတယ် ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ...။

ရဲသင်ရန်
ပန်မဂ္ဂဇင်း၊
၂၀၀၂၊ အောက်တိုဘာမှ

🌸🌸🌸🌸🌸

#ဂျပ်ဆင်ထိပ်ကလရိပ်ပြာ
#ဒီဇိုင်းမျိုးဆွေသန်း

နေရောင် ပူပြင်းလှတဲ့ မုံရွာမြို့ရဲ့လမ်းမပေါ်မှာ ကတ္တရာလမ်းစေးတွေ အငွေ့ပျံ နေတယ်။ ဗာဒံရွက်ခြောက်တွေက လေရူးလေးနောက်ကို လျှောက်လိုက်နေတယ်။ လက်ဘက်ရည်ဆိုင်ထဲက လူတွေက နားကိုစွင့်ရင်း အဝေးကိုငေးနေကြတယ်။ အဲ့ဒီ လူတွေကြားမှာ ထိုင်နေရင်းနဲ့ ခင်ဗျားရဲ့ အသံကို စကြားရတယ်။

မိုးတွေရွာနေတဲ့ ကောင်းကင်အောက်က ရန်ကုန်မြို့ရဲ့ သစ်ပင်တွေက ကုပ်ဝပ် ငြိမ်သက် နေကြတယ်။ မိုးစက်သေးသေးလေးတွေက လေရူးနောက်ကို ဝေ့ခနဲ ပါသွားတယ်။ ရေဝေးသင်္ချိုင်းထဲမှာ လူတွေ ယောက်ယက်ခတ်နေတယ်။ အဲ့ဒီ လူတွေ ကြားကနေ ခင်ဗျားရဲ့ မျက်နှာကို ဂူပိတ်ခါနီး လှစ်ခနဲအဖွင့်မှာ တွေ့လိုက်ရတယ်။ အဲဒီကျတော့ ခင်ဗျားက အသံမဲ့၊ အသက်မဲ့။

ကျွန်တော်နဲ့ ခင်ဗျားရဲ့ တွေ့ဆုံခြင်းမှာ သစ်ရွက်ခြောက်တွေနဲ့ စပြီး မိုးစက် သေးသေးလေးတွေမှာ အဆုံးသတ်တယ်။

အဲဒီ အစနဲ့အဆုံးရဲ့ကြားထဲမှာ မုံရွာ၊ မန္တလေး ကျောင်းသား နေ့ရက်တွေမှာ ခင်ဗျား သီချင်းတွေနဲ့ ကျွန်တော် ဖြတ်သန်းဖူးတယ်။ ရန်ကုန်ကို ရောက်တော့ ခင်ဗျားနဲ့ လက်ဘက်ရည်ဆိုင် တစ်ခုမှာ မသိကျွမ်းဘဲနဲ့ အတူထိုင်ဖူးရင်း ကြားလူတစ်ယောက်က မိတ်ဆက်ပေးလို့ ခဏ ခင်မင်ရဖူးတယ်။ လှည်းတန်းဈေးရှေ့မှာ ခင်ဗျားက ခရစ္စမတ် ဦးထုပ်နဲ့ ပန်းသီးကြီးကြီး တစ်လုံးကိုင်ပြီး လမ်းဖြတ်ကူးဖို့ ရပ်နေတာတွေ့တော့ 'စန်တာကလော့ကြီးလား´ ဆိုတော့ `ဟုတ်တယ်´ လို့ ဖြေဖူးတယ်။ ခေါင်းမှာ ပုဝါကြီးစည်းလို့ ၄၆ လမ်းမှာ တစ်ခါတွေ့တော့ `ကိုငှက် ဦးနှောက်တွေ လူခိုးမှာ စိုးရိမ်လို့ ခေါင်းကို ထုပ်ထားတာလား´ ဆိုတော့ `ဟုတ်တယ်ကွ´ လို့ ဖြေဖူးတယ်။ နောက်တော့ ကျွန်တော် ဒီဇိုင်းတွေရေးရင်း ခင်ဗျားတို့ နေထိုင်ရာ ဒီဂီတလောကမှာ အတူတကွ နေထိုင်ခဲ့ ကြပါတယ်။

ခင်ဗျားနဲ့ သင်္ကြန်တစ်ခါလည်ရင်း ရေပက်တဲ့ လူတွေ လူတွေက `ထူးအိမ်သင်ဂိုက်ကြီး ဖမ်းလာတဲ့လူ´ လို့ ခင်ဗျားကို ဝိုင်းအော်ကြတာ တွေ့ဖူးတယ်။ ခင်ဗျားအမေရဲ့ မော်လမြိုင် သင်္ကြန်ထမင်း စားဖူးတယ်။ လဘက်ရည်ဆိုင် ခဏခဏ အတူထိုင်ဖူးတယ်။ စကားပြောရတာ ကပ်တဲ့ ခင်ဗျားနဲ့ ခဏခဏ အငြင်းအခုံ လုပ်ဖူးတယ်။ တွေ့ရင် ငြင်းရတာလည်း သမိုင်းဆိုင်ရာ အကြောင်းတွေ။ အဲဒီထဲမှာ ခင်ဗျား အားကျတဲ့ သူတွေက ရာဇဓိရာဇ်၊ မင်းကံစီ။ အဲဒီလူတွေ အကြောင်းပြောရရင် ခင်ဗျားက မျက်လုံးတွေ တောက်လက်လို့၊ ရာဇဓိရာဇ်စီးတဲ့ ဆင်တော် ‘ငရက်နွဲ့’၊ အပိုင်စားရတဲ့ စည်းစိမ်စာရင်းကို လှုပ်လှုပ်ရှိ ခင်ဗျား အလွတ်ရွတ်ပြီ။

ရာဇဓိရာဇ်နဲ့ ဗျည်းနွဲ့ စီးချင်းထိုးတော့ ဆင်တော်နှစ်ကောင်ရဲ့ နာမည်က ဘာလို့ `ငရက်နွဲ့´ သွားတူ ရတာလဲမေးတော့ ကျွန်တော်က `ရမ်ဘိုခေတ်စားတော့ အိမ်တိုင်း လိုလိုက ခွေးတွေ ရမ်ဘို ဖြစ်ကုန်တာပေါ့´ ဆိုတော့ 'ဟုတ်သလိုတော့ ရှိတယ်၊ ဒါပေမဲ့ ငါတော့ မင်းအဖြေ ဘဝင်မကျပါဘူး´ လို့ ခင်ဗျားက အကန်လုပ်ပြန်တယ်။ ဒါပေမဲ့ ဒီအကြောင်းတွေပဲ တွေ့တိုင်း ပြောဖြစ်ပါတယ်။ ပထမမြန်မာတွေ ဘယ်ကလာ၊ နတ်ထိပ် တောင်ကြားက မြင်းတွေနဲ့ မဆင်းနိုင်ပါ။ စာအရေးအသားတွေ ဘယ်ကလာ၊ ခင်ဗျားနဲ့ ငြင်းလို့ ပြီးမသွားသေးတဲ့ အကြောင်းအရာတွေပါ။

`မင်းကို ငါပေးလို့ ပိဋကတ်သုံးပုံရတာ´ ပြောတော့ ကျွန်တော်က `ခင်ဗျားတို့ သထုံက ပိဋကတ်ကို ကျွန်တော်တို့ မယူပါ၊ အဲဒီ အချိန်တုန်းက သထုံက ဟာက Third Edition ပါ။ သီဟိုဠ်မှာ Fourth Edition ပေါ်နေပြီ။ သီဟိုဠ်က ယူတာပေါ့ဗျာ၊ Edition အဟောင်းကြီးတော့ မယူပေါင်ဗျာ´ ကျွန်တော်ပြောတော့ `အောင်မာ မဏိစန္ဒာကျတော့ ယူတယ်ပေါ့လေ´ `မဏိစန္ဒာကြီးလည်း လှမယ် မထင်ပါဘူးဗျာ´၊ `အောင်မယ်လေးကွာ မင်းတို့အခု ငါတို့မော်လမြိုင်က နန္ဒာလှိုင်ကိုပဲ မင်းသမီးဆိုပြီး ကြည့်နေရတာ မဟုတ်လား´ ဆိုတော့ ကျွန်တော်က `မနန္ဒာကြီး မကြိုက်ပါဘူး၊ ခိုင်သင်းကြည်ပဲ ကြိုက်တာပါ၊

'အဲဒါတော့ … မင်းနဲ့ ငါနဲ့ တူသွားပြီ၊ ဟား ဟား ဟား၊ ဒါကျမှ ဒီကောင်နဲ့ငါ မငြင်းရတော့တယ် ’

တစ်မိုးအောက်မှာ မှတ်မှတ်ရရ ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်တည်း ကြာကြာနေဖူးတာ ကိုရွှေ့ အခန်းမှာ ဂိမ်းဆော့နေကြတာ။ ကိုရွှေက 'ဒဂုံပြန်မယ်' ဆိုတော့ ခင်ဗျားရော၊ ကျွန်တော်ရော နေခဲ့ကြတာ။ ကျွန်တော်က ကွန်ပျူတာဂိမ်း စစ်တိုက်တမ်း၊ ခင်ဗျားက TV ဂိမ်းကော်ဇောပျံစီးတမ်း၊ တစ်ယောက်နဲ့ တစ်ယောက် စကားတောင် လှည့်မပြောဖြစ်ကြဘူး၊ ကျွန်တော်က ဂိမ်းဆော့ရင်.. အပြင်မှာ တကယ်ရှိတာတွေပဲ ကြိုက်တယ်၊ ခင်ဗျားက အပြင်မှာ မရှိတဲ့ ကစားနည်းပဲ .. ကြိုက်တယ်။ အာလာဒင်ရဲ့ ကော်ဇောပျံစီးမယ်၊ မာရီယိုရဲ့ မှို ပွင့်လေးတွေ စားမယ်။ မနက်လေးနာရီလောက်မှာ တစ်ယောက်နဲ့ တစ်ယောက် တစ်ချက်စီလောက်တော့ လှမ်းကြည့် ကြတယ်။ ခင်ဗျားက ငုတ်တုတ်ကြီးထိုင်လို့၊ ကြမ်းပြင်ပေါ်ကို ဖင်ချ မထိုင်ဘူး။ ဆက်တိုက်ဆော့ကြတာ။ ၃၆ နာရီ ကျော်လိမ့်မယ်။ တယ်လီဖုန်းလာတော့ ခင်ဗျား ထကိုင်တယ်။ `မိသွယ် ခင်ဗျားကို လာခေါ်တော့မယ် မဟုတ်လား´ ဆိုတော့ ‘ဟုတ်တယ်’ တဲ့။ အဲဒီကျမှ ရပ်တော့တယ်။ အဲဒီ အချိန်ကျမှ ခင်ဗျားက အဆက်အစပ် မရှိဘဲနဲ့ ‘ကျောင်းဆရာ၊ ဒလတောကြီးတန်းမှာ မင်းရဲကျော်စွာနဲ့ ရာဇဓိရာဇ် စီးချင်းထိုးကြတုန်းက……..' 'ဟာ တော်ပြီကိုငှက်ရာ၊ စီးချင်း မထိုးနိုင်တော့ဘူး၊ ခိုင်သင်းကြည်ပဲ´ လို့ပြောပြီး ခင်ဗျားနဲ့ ကျွန်တော် စစ်ပြေငြိမ်းပြီး လက်ဘက်ရည်ဆိုင် ထိုင်နေတုန်း ... မိသွယ်ရောက်လာပြီး … ခင်ဗျားကို လေလျှော့ပြီး ခေါက်သိမ်း သွားရော။ အဲဒီနောက် လူချင်း သိပ်မတွေ့ဖြစ်တော့ပါ။ (အခု မာရီယို 3D ဂိမ်း အသစ်တွေ ထွက်နေပါပြီ)

ခင်ဗျား ပျော်ရွှင်နေတာ၊ မှုန်မှိုင်းနေတာ၊ ကြည်လင်နေတာ၊ ရီဝေနေတာ၊ သန့်ရှင်းနေတာ၊ နောက်ကျိနေတာ၊ တက်ကြွနေတာ အားလုံးမြင်ဖူးပါပြီ။ ခင်ဗျားနဲ့ အများကြီး မနီးစပ်ခဲ့ပါ။ ခင်ဗျားရဲ့ အနုပညာနဲ့ စိတ်ခံစားမှုကိုလည်း အများကြီးမနီးစပ်ခဲ့ပါ။

လူချင်း ခင်နေသော်လည်း ခင်ဗျားနဲ့ အလုပ်များများ မလုပ်ခဲ့ဖူးပါ။ နှင်းဆီလှိုင်း Unplugged အယ်လ်ဘမ်နဲ့ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့တမ်းချင်း VCD ဒီဇိုင်းများသာ လုပ်ပေးခဲ့ဖူးပါတယ်။ နှင်းဆီလှိုင်း Unplugged အယ်လ်ဘမ် ဒီဇိုင်းလုပ်တော့ ကျွန်တော်က ကိုမုတ်သုံထံ ခင်ဗျားတို့ပုံတူ SKETCH လေးတွေ သွားအပ်ပြီး ဓာတ်ပုံနဲ့ SKETCH ရောကာ ဒီဇိုင်း လုပ်ပေးလိုက်တယ်။ အဲဒီ ဒီဇိုင်းလေးတွေက ခင်ဗျားရဲ့နောက်ဆုံးခရီးမှာ ဝေတဲ့ လက်ကမ်း စာရွက်အဖုံးလေး ဖြစ်ရလိမ့်မယ်လို့ မထင်ခဲ့ပါ။ `အမေ´ အယ်လ်ဘမ် ကျတော့လည်း ကိုမုတ်သုံထံမှာပဲ ခင်ဗျားပုံတူ SKETCH အပ်မိပြန်ပါတယ်။

အဲဒီ ခင်ဗျားရဲ့ ပုံတူ SKETCH လေးတွေက ခင်ဗျားအုတ်ဂူမှာ ကပ်မယ့် ကြေးပြား ဖြစ်မယ်လို့ မထင်မိပါ။

မထုတ်ဖြစ်တဲ့ မဂ္ဂဇင်းတစ်အုပ်မှာ မျက်နှာဖုံးလုပ်ဖို့ ပေးထားတဲ့ ဓာတ်ပုံတစ်ပုံကို Scan ကူးပြီး ဒီဇိုင်းလုပ်ကာ စီဒီထဲ ကျွန်တော်ထည့်ထားမိတယ်။ ခင်ဗျားက သမီးလေး ‘ထောထော´ ကို ပိုက်ပြီး ထိုင်နေတဲ့ပုံ။ မေတ္တာဓာတ် အပြည့် ပါတယ်လို့ ခံစားရလို့ သိမ်းထားမိတယ်။ ဓာတ်ပုံ ဘယ်သူရိုက်မှန်း မသိရပါ။ အဲဒီ ပုံလေးက ခင်ဗျား
ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ အယ်လ်ဘမ် ကာဗာဒီဇိုင်း ဖြစ်တော့မယ်၊ ကျွန်တော် တွေးထင်မထားမိခဲ့ပါ။

ခင်ဗျားကို ကျွန်တော် နှစ်ခုပဲ ပေးဖူးတာ မှတ်မိပါတယ်။ ကလပ်စစ် စီဒီ နှစ်ခွေတွဲ၊ Edwin Arnold ရဲ့ Light of Asia စာအုပ်၊ (ကျွန်တော်က ပေးလို့ ယူပေမယ့်လည်း ငြင်းတာတော့ မလျှော့ကြပါ။ ကျွန်တော်က မောင်စံဖော် ဘာသာပြန်တာကြိုက်တယ်၊ ခင်ဗျားက မောင်သာနိုး ပြန်တာကြိုက်တယ်။) ခင်ဗျားက ကျွန်တော့်ကို အများကြီး ပေးခဲ့တာကိုတော့ ခင်ဗျား သေတဲ့ညမှပဲ ပြက်ပြက်ထင်ထင် မြင်မိပါတယ်။ နောက်နေ့ ခင်ဗျား နောက်ဆုံးခရီးမှာ ခင်ဗျားရဲ့ ပရိသတ်တွေကို ဝေငှဖို့ လက်ကမ်းစာရွက်လေး ကျွန်တော် ဒီဇိုင်းလုပ်ပါတယ်။ ကျွန်တော့် အခန်းလေးထဲမှာ ကိုကြွက်နီ၊ မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ မောင်မောင်ဇော်လတ်၊ လေးဖြူနဲ့ ဦးလီတို့ ရှိတယ်။ အများနဲ့ ဆိုင်တဲ့ ခင်ဗျားကို ကိုယ်စားပြုတဲ့ ခင်ဗျားစာသားလေးတစ်ခု ကျန်ရစ်သူတွေက စဉ်းစား ပေးကြတယ်။

‘လင်းလက်တောက်ပဆဲမှာပဲ ရုတ်တရက် ကွဲကြေသွားပြန်တယ် အို ညနေကြယ်´

သက်ငြိမ် လို့ စာရိုက်လိုက်တယ်။

အဲဒီမှာပဲ ကျွန်တော့်တစ်ကိုယ်စာ တွေးမိပါတယ်။ `ဘာကြောင့်မှန်း ကိုယ်မသိခဲ့ပါ၊ ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်´ လို့ပါ။

ကျွန်တော့်ကို ပေးခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ခေတ်လုံးကို ပေးခဲ့တာပါ။ ခင်ဗျား ပေးခဲ့တာ အများကြီးပါ။ ခင်ဗျားရဲ့ လူကြိုက်များလှတဲ့ ` အမေ့အိမ်´ တို့၊ `ဧရာဝတီ´ တို့ကို ခဏ ထားပါ။ ခေတ်ကို ကိုယ်စားပြုနိုင်တဲ့ ခင်ဗျားသီချင်းတွေ အများကြီးပါ။ ခေတ်က တောင်းဆိုလို့ ပေါ်လာတာ ခင်ဗျားပါ။ ခေတ်ကို ကိုယ်စားပြုပြီး ခင်ဗျားပေးခဲ့တာတွေ အများကြီးထဲက ဒီစာသားလေးကို ကျွန်တော် အမြဲရွတ်နေမိပါတယ်။

‘နွေကျောင်းပိတ်ရက်တွေ လွန်ချိန်မှာ သူပြန်မလာနိုင်ပြီပဲ ဘာကြောင့်လဲ ကိုယ်မသိခဲ့ပါ ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်´

ခင်ဗျားဟာ ဂျပ်ဆင်ထိပ်က လရိပ်ပြာပါ။ ကျွန်တော် ခင်ဗျားကို ဗာဒံရွက်ကြွေတွေ ကြားမှာ စတွေ့တယ်။ မိုးစက် သေးသေးလေးတွေ ကြားမှာ ဆုံးတယ်။

အခု မိုးစက်သေးသေးလေးတွေ ပြန်ကျလာပြီ။

ဒီဇိုင်း မျိုးဆွေသန်း
၃၀.၅.၂၀၀၅

🌸🌸🌸

#နှုတ်ဆက်တေး
#အောင်ဝေး

ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်
ငါတို့ အသက်ကယ်လှေပေါ် ရှင်သန်နေဆဲပါ
မင်း သင်္ဘောကြီးနဲ့အတူ ပင်လယ်ထဲနစ်မြုပ်ခဲ့ရာ။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။
မင်းဝိညာဉ် ကမ်းကြည့်ငှက်ကလေး ပြန်လာတဲ့အခါ
ငါတို့တစ်နေ့ အောင်ပွဲနဲ့ ကုန်းမြေကို တွေ့နိုင်တာ။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။
နောင်တစ်ချိန် ငါတို့ လွတ်လပ်စွာမွေးဖွားခွင့်ရှိရင်
ကလေးတွေကို မင်းနာမည်ပေးမှာ အသေအချာ။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။
ဂွတ်ဘိုင် ကပ္ပတိန် ထူးအိမ်သင်။

အောင်ဝေး

🌸

Goodbye Song

Goodbye Captin Htoo Eain Thin
We are still alive in the lifeboat
You sank in the sea together with the ship
Goodby Captain Htoo Eain Thin
When your Soul bird watching the shore comes back. We'll see the land with victory.
Goodby Captain Htoo Fain Thin
There will be a time we will be born free.
We'll give your name to chidren.
Goodby Captain Htoo Eain Thin
Goodby Captain Htoo Eain Thin
Goodby Captain Htoo Eain Thin

Aung Way
Trans: Nyein Wai

🌸🌸🌸

ထူးအိမ်သင်(၄၂) နှစ်
မင်းဆုံးပြီဆိုတဲ့ သတင်းဟာ
ငါ့ရင်ထဲမှာ အနုမြူဗုံးကွဲသွား။
မဟာဆုံးရှုံးမှုကြီးတစ်ရပ်ပါပဲ
ကမ္ဘာအနှံ့အပြားကအသံတွေ မင်းကြားနိုင်မလား။
မင်းဈာပနမှာ မိုးတွေရွာ
ဘဝသစ် အသက်သစ်မှာ ငြိမ်းချမ်းအေးမြပါစေသား။

မင်းထက်မောင်
၁၇ - ၈ - ၂၀၀၄

🌸🌸🌸

#ငှက်ကဲ့သို့ငှက်
#ကအေတေီ

ပျံပြီးလို့ နားတာလား
နားပြီးလို့ ပျံသွားသလား
အမှားလား အမှန်လား
အသွားလား အပြန်လား
ဘာတစ်ခုမှ ပြောမသွားတဲ့ ငှက်တစ်ကောင်။
သေချာတာတစ်ခုကတော့
ငှက်ဟာငှက်လိုပဲ
မွေးဖွားတယ်
လေ့ကျင့်တယ်
ပျံသန်းတယ်
တေးသီတယ်
အမြင့်ဆုံးကိုရောက်ခဲ့တယ်
အဝေးဆုံးကို မြင်ခဲ့မယ်...။

ချစ်ခြင်းအားဖြင့် ကေအေတီ

#အစိမ်းရောင်ရက်စွဲများ
#အပိုင်း၁
#ထူးအိမ်သင်
#ဘဝအကြောင်း


#ဆက်ရန်

Address

Yangon
11081

Alerts

Be the first to know and let us send you an email when Prelude posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Prelude:

Videos

Share


Other Broadcasting & media production in Yangon

Show All