
12/09/2021
Silent Strike နေ့တွင် ပြည်သူများ ပုံမှန်အတိုင်း သွားလာကြဖို့ NLD ဗဟိုက ထုတ်ပြန်ကြေညာတယ်ဆိုပြီး ပျံ့နှံ့နေတဲ့ သတင်းအမှား
တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) နေ့တွင် ပြည်သူလူထုအနေဖြင့် ပုံမှန်အတိုင်း သွားလာကြ ရန် NLD ဗဟိုက ကြေညာချက်ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှားတစ်ခု ဒီဇင်ဘာ ၉ရက်မှာ ဆိုရှယ်မီဒီယာ ပေါ်၌ ပျံ့နှံ့နေပါတယ်။
ပျံ့နှံ့နေတဲ့သတင်းအမှားတွင် NLD ပါတီရဲ့ တံဆိပ်တုံး ပါဝင်ပြီး သတင်းထုတ်ပြန်ချက်အတု ပုံစံဖြင့် ဖြန့် ဝေထားခြင်း ဖြစ်သည်။
“ ဒီဇင်ဘာ ၁၀ရက်နေ့အား အသံပိတ်သပိတ်အဖြစ် သတ်မှတ်ခြင်းအား မိမိတို့ အဖွဲ့ချုပ်အနေဖြင့် ညွှန်ကြားထားခြင်း မရှိပါ၊ ဒီဇင်ဘာ ၁၀ရက်သည် အစ္စလာမ်ဘာသာဝင်တို့၏ ဝတ်ပြု ဆုတောင်းသည့်နေ့ (သောကြာနေ့) ဖြစ်ကြောင်း၊ Silent Strike သတ်မှတ်ခြင်းသည် အခြားသော ဘာသာ ဝင်များ စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် ပြည်သူလူထုအနေဖြင့် ပုံမှန်တိုင်း သွားလာကြရန် တိုက်တွန်းကြောင်းနှင့် Silent Strike ပြုလုပ်မည့်ရက်အား သီးခြားထုတ်ပြန်ပေးသွးမည်ဟု သတင်းအမှားတွင် ဖော်ပြထားပါတယ်။
ဒီသတင်းအမှားကို ဒီဇင်ဘာ ၉ရက် မွန်းလွဲ ၁နာရီခွဲအထိ Like react ပြုလုပ်သူ ၁၁၀၀ကျော် Share ပြုလုပ်သူ ၁၆၇ဦးအထိရှိကြောင်း တွေ့ရပါတယ်။
သတင်းအမှားကို Naing Thein Myint ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က ဒီဇင်ဘာ ၉ရက် နံနက် ၉နာရီခွဲမှာ တင်ထားတာဖြစ်ပါတယ်။ အောက်ဖော်ပြပါ Web Archive Link ကနေ သတင်းအမှားကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://archive.ph/cT6j4
ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေတဲ့ ဒီသတင်းအမှားကို အချက်အလက်စစ်ဆေးကြည့်ရာ
NLD ပါတီနဲ့ ပတ်သက်သော သတင်းတွေကို ထုတ်ပြန်ဖော်ပြပေးနေပြီး ဖေ့ဘွတ်ခ်က blue mark ရရှိထားတဲ့ National League for Democracy ပေ့ချ် ( https://www.facebook.com/nldparty ) မှာလည်း သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
သတင်းမီဒီယာတွေမှာ ဒီအကြောင်းအရာကို သတင်းရေးသားဖော်ပြထားတာ မတွေ့ရပါဘူး။
ဒါကြောင့် Silent Strike နေ့မှာ ပြည်သူတွေ ပုံမှန်အတိုင်း သွားလာကြဖို့ NLD ဗဟိုက ထုတ်ပြန်တယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်း ထုတ်ဖော်ပြသတဲ့အနေဖြင့် Silent Strike Day လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀နာရီ ကနေ ညနေ ၄နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။
တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်မှာ မြန်မာပြည်သူများအားလုံး ပါဝင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ကြဖို့ NUGက တာဝန်ရှိသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဒီမိုကရေစီအရေးဆောင်ရွက်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျောင်းသားလူငယ်များက တိုက်တွန်းထားပါတယ်။
ဒီလှုပ်ရှားမှု ပြုလုပ်ရန် တစ်ရက်အလိုတွင် တိကျခိုင်မာမှု မရှိဘဲ လီဆယ်ဖန်တီးထားတဲ့ ဖော်ပြပါ သတင်းအမှားက ပျံ့နှံ့နေတာ ဖြစ်ပါတယ်။