![လီဗာပူး၊ ယူနိုက်တက်တို့နှင့် ရင်ဆိုင်ရမဲ့ ရာသီသိမ်းပွဲ ၂ ပွဲအား လက်မှတ်တစ်စောင်လျှင် ပေါင် ၁၂၅၀၀ ဖြင့် ချဲလ်ဆီး ရောင်းချ...](https://img3.medioq.com/747/341/650660967473410.jpg)
25/01/2025
လီဗာပူး၊ ယူနိုက်တက်တို့နှင့် ရင်ဆိုင်ရမဲ့ ရာသီသိမ်းပွဲ ၂ ပွဲအား လက်မှတ်တစ်စောင်လျှင် ပေါင် ၁၂၅၀၀ ဖြင့် ချဲလ်ဆီး ရောင်းချနေ
==================
ချဲလ်ဆီးဟာ လီဗာပူး၊ ယူနိုက်တက်တို့နှင့် ရင်ဆိုင်ကစားရမဲ့ ရာသီသိမ်းပွဲ ၂ ပွဲအား လက်မှတ်တစ်စောင်လျှင် ပေါင် ၁၂၅၀၀ ဖြင့် ရောင်းချလာပါတယ်။
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲများအတွက် VIP အထူးလက်မှတ်ကို စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချလာတာ ဖြစ်ပြီး ကွင်းအတွင်း တစ်မိနစ်ရှိနေမှုအတွက် ၁၃၉ ပေါင်ကျသင့်လာပါမယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ယူနိုက်တက်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်အားအထူး VIP လက်မှတ်တစ်စောင်လျှင် ပေါင် ၅၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ဖူးပါတယ်။
ဒါပေမဲ့ ယခုရာသီမှာတော့ ချဲလ်ဆီးဟာ ယင်းထက် ဈေးနှစ်ဆမြှင်တင်ပြီး ကလပ်သမိုင်းတွင် ဈေးနှုန်းအမြင့်မားဆုံးလက်မှတ်အဖြစ် ပေါင် ၁၂၅၀၀ ဖြင့် ရောင်းချလာပါတယ်။
ချဲလ်ဆီးဟာ မေလ ၃ ရက်နေ့မှာ စတမ်းဖို့ဒ်ဘရစ်ချ်သို့ လီဗာပူးလာရောက်ကစားမယ့်ပွဲနှင့် မေလ ၁၈ ရက်နေ့ တနင်္ဂနွေနေ့ ယူနိုက်တက်နှင့် ရာသီသိမ်းပွဲတို့အား အလွန်မြင့်မားတဲ့ ဈေးနှုန်းဖြင့် ရောင်းချလာတာပါ။
မေလ ၃ ရက်နေ့ပွဲမှာ အန်းဆလော့ရဲ့ လီဗာပူးအတွက် ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပေးမဲ့ ပွဲလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ယင်းပွဲစဉ်တို့အား လီဗာပူးနှင့် ယူနိုက်တက်အဝေးကွင်းပရိသတ်များလည်း စမ်းဖို့ဒ်ဘရစ်ချ်ရှိ အဝေးကွင်းပရိသတ် ပွဲကြည့်စင်တွင် အထူး VIP ဖန်တီးပြီးလက်မှတ်တစ်စောင်လျှင် ပေါင် ၇၅၀၀ နုန်းဖြင့်လည်း ရောင်းချသွားပါဦးမယ်။
ပုံမှန်အားဖြင့် ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် ထိုင်ခုံ ၁၃၆ ခုံပါ Dugout Club ကို ဖန်တီးထားပြီး တစ်ပွဲလျှင် ပေါင် ၂၀၀၀ မှ ပေါင် ၃၀၀၀ နှုန်းဖြင့် ရောင်းချနေခဲ့တာပါ။
ဒါပေမဲ့ ချဲလ်ဆီးဟာ ဧပြီလအစောပိုင်း ကြားရက်တွင် စပါးစ်ကို ဧည့်ခံကစားရမဲ့ ပွဲကိုတော့ လက်မှတ်တစ်စောင်လျှင် ပေါင် ၆၀၀၀ နှုန်းဖြင့် ရောင်းချနေပါတယ်။
ချဲလ်ဆီးဟာ ယခုကဲ့သို့ လီဗာပူး၊ ယူနိုက်တက်ပွဲတို့အား Dugout Club အထူးတန်း ရောင်းချမှုဈေးနှုန်းအား မြှင့်တင်ရောင်းချလာမှုနှင့်အတူ ယင်းမှ ပေါင် ၁.၂ သန်းအထိ ရရှိလာပါမယ်။
ချဲလ်ဆီးပိုင်ရှင်များဟာ ပြီးခဲ့တဲ့ ရာသီမှ စတင်ကာ ကစားသမားများရဲ့ မိသားစုဝင်များနှင့် သူငယ်ချင်းများအတွက် ဖန်တီးထားတဲ့ ဧရိယာကို Dugout Club အဖြစ်အမည်ပြောင်းလဲကာ ငွေရှာဖွေလာတာလည်း ဖြစ်ပါတယ်။
Dugout Club မှာ ချဲလ်ဆီးနည်းပြအဖွဲ့ဝင်များနှင့် အရန်ကစားသမားများ အနီးတွင် တည်ရှိပြီး ကစားသမားများအား အနီးကပ်မြင်တွေ့နိုင်ပါမယ်။ လက်မှတ်ဝယ်ယူထားသူများဟာ ပွဲမစတင်မီ ၃ နာရီကတည်းက အစားအသောက်များ တည်ခင်းဧည့်ခံမှု ရရှိပါမယ်။
ချဲလ်ဆီးဟာ Dugout Club အား ပုံမှန်ပရိသတ်များအတွက် ရည်ရွယ် ဖန်တီးထားတာမျိုး မဟုတ်ဘဲ ငွေများစွာ သုံးနိုင်တဲ့ A List အထူးပရိသတ်များအတွက် ရည်ရွယ်ဖန်တီးထားတာပါ။