Hninn Si Phyu

  • Home
  • Hninn Si Phyu

Hninn Si Phyu A publishing house headquartered in Myanmar

💮သောကြာည စကားပြေကဗျာကဏ္ဍအမေ့ကလီစာတွေ ဘယ်မှာလဲ___________________________            နင့်လို ဆန်ကုန်မြေလေးတစ်ယောက်ကို ဒီအ...
25/10/2024

💮သောကြာည စကားပြေကဗျာကဏ္ဍ

အမေ့ကလီစာတွေ ဘယ်မှာလဲ
___________________________

နင့်လို ဆန်ကုန်မြေလေးတစ်ယောက်ကို ဒီအတိုင်းလွှတ်ထားလို့မရတော့ဘူး။ ခု ငါ့ဗိုက်ထဲ ခု ပြန်ဝင် လို့မအေဖြစ်သူက ပြောတယ်။
ဒါဆိုလည်း အမေ့ဗိုက်ထဲက အူတွေ အသည်းတွေကို ကျနော်စားမှာပဲ လို့ သားဖြစ်သူ ပြန်ပြောပြီး မအေ ဖြစ်သူရဲ့ ဗိုက်ထဲကို ဝင်သွားတယ်။
ဗိုက်ထဲရောက်တော့ သူ့ထင်မြင်ချက်တွေ မှားယွင်းကြောင်း သားဖြစ်သူဟာ သိသွားတယ်။
သူ့အမေ့ရဲ့ ဗိုက်ထဲမှာ သူ့စားမဲ့ အူတွေ အသည်းတွေ ဘာဆို ဘာမှ ရှိမနေဘူး။ နေရာအနှံ့ရှာပေမဲ့ ဘာဆို ဘာမှ မတွေ့ဘူး။
သူရောက်နေတာ သူ့အမေရဲ့ ဝမ်းဗိုက်တစ်ခု ဆိုတာထက် စစ်တလင်းဖြစ်ထားတာ ကြာပြီဖြစ်တဲ့ မြို့ပျက် တစ်ခုနဲ့တောင် ပိုတူနေတယ်။ သွားလေရာ ပြိုပျက်ပြီးပိုးမျှင်တွေ ရှုပ်ထွေးနေတဲ့ အရိုးငြမ်းတွေကိုပဲ တွေ့ရတယ်။ ဟောင်းနွမ်းနေတဲ့ တစ်ရှူးတွေကြားမှာ သွေးတွေက ခန်းခြောက်လို့။ လတ်ဆတ်တဲ့အရာဆိုလို့ မြက်တစ်ပင်တောင် မတွေ့ဘူး။
သူ့အမေ ရှူရှိုက်လိုက်တိုင်း ဖုန်တွေ သဲတွေဟာ သူ့ခေါင်းပေါ်ကျလာတယ်။
သူစားဖို့အစာ ရှာမတွေ့ပေမဲ့ သူ့အစာအိမ်က လိုအပ်ချက်တွေ ပြင်းထန်လာတယ်။
သူ ဒေါသတွေ ထွက်လာတယ်။
နောက်တော့ မှောင်းမဲနေတဲ့ အခန်းတစ်ခုထဲ ပိတ်လှောင်ခံထားရသလို ထိတ်လန့်လာတယ်။ သူ့အသားတွေဟာ စာလွန်းလို့ တုန်ရီလာတယ်။ ပြီးတော့ ငယ်သံပါအောင် အော်လိုက်တယ်။
အမေ့ကလီစာတွေ ဘယ်မှာလဲ။ ။

-ဒီလူည

#နှင်းဆီဖြူ #ကဗျာ
#စာပေအနုပညာ

မစားဘဲ စွန့်တဲ့ သူမစွန့်ဘဲ စားတဲ့သူနိုင်ငံရေးသုခမိန် ( မောင်ထင် ) မစားဘဲ စွန့်တဲ့ ဆရာဇော် ( ဒေါက် ဇော် ) ကို နှင်းဆီဖြူမ...
08/10/2024

မစားဘဲ စွန့်တဲ့ သူ

မစွန့်ဘဲ စားတဲ့သူ

နိုင်ငံရေးသုခမိန် ( မောင်ထင် )

မစားဘဲ စွန့်တဲ့ ဆရာဇော် ( ဒေါက် ဇော် ) ကို

နှင်းဆီဖြူမှ ထာဝရနှုတ်ဆက်လက်ပါ

တယ်ဗျာ။

ဆရာငြိမ်းချမ်းပါစေ 🌳

ကျော်ဘသစ် ဘာသာပြန်ဆိုထားတဲ့ ‘ဘဇ္ဇား’ [နိုင်ငံရပ်ခြား ယုတ္တိလွန်ဝတ္ထုတို ၁၄ ပုဒ်] ထွက်ရှိလာပါပြီ။ Mo Yan, Haruki Murakami...
24/08/2024

ကျော်ဘသစ် ဘာသာပြန်ဆိုထားတဲ့ ‘ဘဇ္ဇား’ [နိုင်ငံရပ်ခြား ယုတ္တိလွန်ဝတ္ထုတို ၁၄ ပုဒ်] ထွက်ရှိလာပါပြီ။ Mo Yan, Haruki Murakami အစရှိသဖြင့်... ကမ္ဘာ့နေရာအနှံ့က ထင်ရှားကျော်ကြားတဲ့ ဝတ္ထုရေးသူ ၁၂ ဦးရဲ့ ဝတ္ထုတို ၁၄ ပုဒ် ကိုဘာသာပြန်ဆိုထားခြင်း ဖြစ်တာကြောင့် တဦးချင်းအလိုက် စမ်းသပ်ဖတ်ရှူချင်သူတွေအတွက် ရည်ရွယ်ထားတဲ့ ဝတ္ထုတိုစုစည်းမှု ဖြစ်ပါတယ် ။ စာမြည်းအနေနဲ့ ကိုကျော်ဘသစ်ရဲ့ အမှာစာ နဲ့အတူ စာမျက်နှာအချို့ကို ထည့်‌သွင်းဖော်ပြပေးလိုက်ပါတယ်။

⚫ယုတ္တိယုတ္တာ မရှိတာတွေ...

လောကနဲ့ လူ့ဘဝအထွေထွေကို ပြန်ပြောင်း သရုပ်ဖော်ထားတဲ့ နိုင်ငံရပ်ခြား ဝတ္ထုတို (၁၄) ပုဒ်ပါ။ လောကရေးရာ၊ လူ့ဘဝရေးရာတွေနဲ့ ပတ်သက်ရင် ကျနော်တို့ရဲ့
သိရှိမှု၊ သိနိုင်မှုဟာ ဘောင်အကန့် ကျဥ်းကျဥ်းလေးပဲ ရှိတယ်ဆိုတဲ့ ကိစ္စက လူပြောသူပြော များပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ ရောက်ရှိနေထိုင် နေတဲ့ နေရာဌာန အကြောင်းကို မြူတစ်မှုန်စာ မရှိတရှိလောက်ပဲ သိနိုင် ကြသေးတယ်။ ဗဟိဒ္ဓလောကဟာ ကျနော်တို့ မျက်စိနဲ့ မြင်ရ၊ နားနဲ့ ကြားရ၊ ရှူရှိုက်ထိတွေ့ နိုင်သမျှ အကုန်လား...၊ မဟုတ်လည်း သာမန် နေ့တစ်ဓူဝ ကျနော်တို့ မျက်လုံးတွေနဲ့ မမြင်ရ၊ ဒီရုပ်ခန္ဓာတွေနဲ့ ကူးလူးသွားလာဖို့လည်း မဖြစ်နိုင်တဲ့ (မမြင်နိုင်၊ မဖြစ်နိုင်ပေမဲ့ တကယ်ပဲ ရုပ်ကျကျ ရှိနေတဲ့) နောက်ထပ် ပြိုင်တူညီ အလွှာ၊ အထပ်တွေ ရှိနေသေးလား...၊ ကျနော်တို့ တိတိကျကျ မသိပါဘူး။
ပြင်ပလောကဟာ အပြောကျယ်လို့မို့ ကျနော်တို့ မသိနိုင်တာ ဆိုပေမဲ့ကျနော်တို့ဟာ ကျနော်တို့ကိုယ်တိုင် အကြောင်းလည်း လုံးစေ့ ပတ်စေ့ မသိကြပါဘူး။ ကျနော်တို့ ဝင်ရောက်ခိုလှုံနေတဲ့ ကျနော်တို့ရဲ့ အကြမ်းထည် ခန္ဓာကိုယ် အကြောင်း ကျနော်တို့ ကောင်းကောင်း မသိရဘူး။ အထဲမှာ ဘာတွေထည့် လွယ်ထားမိမှန်း မသိ၊ ဘယ်ပုံ ဘယ်နည်း လည်ပတ်လို့ ဘယ်လောက်ကြာကြာ ခံမယ်မှန်း ကိုယ်တိုင်ဒိဋ္ဌ ဘယ်သူမှ သိကြမယ် မထင်ဘူး။ အဲဒီထက်ပို ရှုပ်ထွေးတာကတော့ ကျနော်တို့ရဲ့ စိတ်တွေ...၊ လူတစ်ဦးချင်းရဲ့ နောက်ခံသမိုင်း၊ မျိုးရိုးဗီဇ၊ ယုံကြည်မှု၊ ဥပါဒါန်၊ လတ်တလ စိတ်အခံ စသည်အပေါ် လိုက်လို့ ဖြစ်ပျက်နေတဲ့ သိစိတ်၊ မသိစိတ်တွေ။ တစ်ခါတရံမှာ ကျနော်တို့ဟာ ကိုယ့်စိတ် အတွင်းထဲမှာ ဘာတွေ အမှန်တကယ် ဖြစ်ပျက်နေမှန်း၊ ဘာကြောင့် ဖြစ်ပျက်နေမှန်း ကွဲကွဲပြားပြား (ဘေးလူ တစ်ယောက်လောက်တောင်) ဂဃနဏ မဝေခွဲ နိုင်ကြဘူး။ ကျနော်တို့ရဲ့ မသိစိတ် လျှို့ဝှက်ခန်း နေရာတချို့ဆီ ကျနော်တို့ ကိုယ်တိုင်တောင် တစ်သက်လုံး ရောက်ဖူးလိုက်မယ် မထင်ဘူး။ ကျနော်တို့ ခန္ဓာကိုယ်ဟာ ကိုယ်တိုင်ကိုယ်ကျ ဖွင့်ကြည့်ခွင့် မရှိတဲ့ အသေပိတ် အိတ် အသေးစား တစ်လုံ ဆိုရင် ကျနော်တို့ရဲ့ စိတ်တွေကတော့ သစ်ပင် ဝါးပင်တွေ အပြိုင်းအရိုင်း ထနေတဲ့ ဧရာမ တောကြီး မျက်မည်းကြီး တစ်ခုတောင် ဖြစ်နေတော့မှာပဲ။
ကျနော်တို့ အသုံးပြုနေတဲ့ ယုတ္တိဗေဒ အားလုံးဟာ ကြုံဖူးသမျှ၊ ကြားဖူးသမျှနဲ့ တွေးနိုင်သမျှအပေါ် အခြေပြု ဆင်ခြင်ပြီး တည်ဆောက် ထားကြတာတွေပါ။ သူစိမ်းတရံဆန် လောကနဲ့ လူ့အဖြစ်မှာ နဂိုယခင် မကြုံဖူးသေးတာတွေလည်း အချိန်မရွေး ကြုံချင် ကြုံလာရနိုင်တယ်။ ဒီကန သာမန် ယုတ္တိဗေဒအရ မဖြစ်နိုင်စရာလို့ ထင်ရတာတွေလည်း နေရာမရွေး ဖြစ်ပျက်လာနိုင်တာပဲ။ ခင်ဗျား မမြင်လိုက်ရပေမဲ့ လူတစ်ယောက် တစ်မနက် အိပ်ရာက အထမှာ ဧရာမ ပိုးဟပ်ကြီး တစ်ကောင် ဖြစ်နေခဲ့ဖူးတယ်။ အလားတူ၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ သူ့အပြင် ရန်လိုတဲ့ မာန်နတ် တစ်ပါးပါ နေထိုင်နေပြီး တစ်ခဏအကြာမှာ အဲဒီလူကိုယ်တိုင် အခန်းထောင့် ချထားတဲ့ ထိုင်ခုံ တစ်လုံး ဖြစ်သွားတာ၊ နောက်ထပ် လူတစ်ယောက်က လူ့အဖြစ်က ပြောင်းပြီး မျောက်ပြန်ဖြစ်၊ အဲဒီကနေ အစဥ်အတိုင်း ဆင့်ကဲ နောက်ပြန်ဆုတ်သွားတာ စသည်တွေ ရိုးအီနေအောင် ဖြစ်ခဲ့၊ ပျက်ခဲ့၊
ကြုံခဲ့ဖူးတယ်။ တစ်နေ့ ခင်ဗျား ခန္ဓာကိုယ်ထဲကနေ အစွယ် ဖွေးဖွေး မိစ္ဆာ တစ်ကောင် ထထွက်လာ၊ ပြီးတော့ ခင်ဗျားမျက်လုံးနဲ့ မြင်မြင်သမျှ လူတွေဟတကယ် လူတွေ မဟုတ်ဘဲ သူတို့အရိပ်တွေ သက်သက် ဖြစ်နေတာမျိုး မကြုံဘူး၊ ဘယ်သူ ပြောနိုင်မှာတဲ့လဲ...။
ဂါဘရီယယ် ဂါစီယာ မာကေးစ်က ပြောဖူးတယ်၊ ‘ဘဝမှာ ဘာတွေ အမှန်တကယ် ဖြစ်ပျက်ခဲ့တယ် ဆိုတာ အဓိက မကျဘူး၊ ခင်ဗျား ဘာ တွေကို ပြန်အမှတ်ရပြီး ဘယ်လိုပုံစံနဲ့ အမှတ်ရတယ် ဆိုတာကသာ အခရာ’ တဲ့။ တကယ်လို့ လူ့ဘဝမှာ ခင်ဗျား အမှတ်ရသမျှနဲ့ အမှတ်ရတဲ့ ပုံစံတွေဟာ သာမန် သုံးနေကျ ယုတ္တိဘောင် အကန့်တွေကို လွန်ပြီး မသိစိတ်၊ လောက အလွှာမျိုးစုံအနှံ့ ကူးလူးသွားလာ လှည့်လည်နေတဲ့ အနေအထားမျိုး ဆိုရင် ခင်ဗျား ပြန်ပြောပြမယ့် ဇာတ်ကြောင်းတွေ၊ ဖြစ်ရပ်တွေ၊ အခြေအနေတွေ ဟာလည်း သရုပ် မမှန်၊ ယုတ္တိလွန်၊ စံသွေ၊ အမြီးအမောက် မတည့်၊ ထူးထွေ ဆန်းပြားပြီး ‘ဘဇ္ဇား’ ဆန်ဆန်တွေ ဖြစ်နေတော့မှာပဲ။
ခု ဝတ္ထုတိုတွေဟာ အဲဒီလို ‘ဘဇ္ဇား’ ဝတ္ထုတွေပါ။

🚨
‘ဘဇ္ဇား’-
Mo Yan၊ Leonora Carrington၊ Dornald Barthelme၊ Daniil Kharms၊ Ben Okri၊ Mario Levrero၊ Aimee Bender၊ Etgar Keret၊ Mohammed Mustagab၊Dorthe Nors၊ Peter Carey၊ Haruki Murakami ၊ Leonora Carrington

ကျော်ဘသစ် မြန်မာဘာသာသို့ ပြန်ဆိုသည်။

ပထမအကြိမ်၊ ဩဂုတ်လ ၊ ၂၀၂၄
စာမျက်နှာ- ၁၆၆
တန်ဖိုး - ၈၀၀၀ ကျပ်
နှင်းဆီဖြူ စာပေမှထုတ်ဝေပြီး Book Tree မှဖြန့်ချိပါသည်။

#နှင်းဆီဖြူ #စာပေအနုပညာ
#ဝတ်ထုတို

⚪ ဒီလအတွက် နှင်းဆီဖြူစာအုပ်တိုက်မှ ထုတ်ဝေထားတဲ့ ဆရာဘိုဘိုဝင်း ရဲ့ ‘ စာဝါငှက်ကျွန်း နှင့်အခြားနီယိုဆာရီယာယ်စကားပြေကဗျာမျာ...
23/08/2024

⚪ ဒီလအတွက် နှင်းဆီဖြူစာအုပ်တိုက်မှ ထုတ်ဝေထားတဲ့ ဆရာဘိုဘိုဝင်း ရဲ့ ‘ စာဝါငှက်ကျွန်း နှင့်အခြားနီယိုဆာရီယာယ်စကားပြေကဗျာများ ’ စာအုပ်ကို BOOK TREE Book Shop မှာ စတင်မှာယူ ရရှိနိုင်ပါပြီ။ နိုင်ငံတကာမှ စကားပြေကဗျာရေးသားသူ ၃၄ ဦးရဲ့ စကားပြေကဗျာတွေနဲ့ ရှင်းလင်းချက်တွေ ၊ အင်တာဗျူး‌တွေကို စုစည်းဘာသာပြန်ဆိုထားခြင်း ဖြစ်တာကြောင့် စကားပြေကဗျာကို စိတ်ဝင်တစား ဖတ်ရှုလေ့လာချင်သူ‌တွေအတွက် အထူးတလည် ညွှန်းဆိုချင်တဲ့ စာအုပ်ဆိုရင်လည်း မမှားပါဘူး။ စာမြည်းအနေနဲ့ ပါဝင်တဲ့ စကားပြေကဗျာအချို့ ကို ဖော်ပြပေးလိုက်ပါတယ်။

💮 နွေရာသီမှာလက်ထပ်မှု

ရင်ပြင်တွင် တောက်ပ၊ပူနွေးသော နွေရာသီ စနေနေ့ သည် ရွှေနံရံများပေါ်တွင် တီးနေသော နေရောင်ခြည်၏ ကြေးရောင်သံစဉ်များ နှင့် ကျယ်လောင်စွာ တီးခတ်နေသော စန္ဒယားတီးသံ နှင့် အာကာသ အလယ်ဗဟိုသို့ လှိမ့်ဝင်သွားသော လူတိုင်းလက်ထပ်လိုက်သော တောက်ပသော ပူနွေးသော နွေရာသီ စနေနေ့သည် ၊ အမွှေးအတောင်ပါသော ဦးထုပ်တစ်ခုသည် ထိုင်နေပြီး အဘွားအိုသည် ကြံပေါ်တွင် ပြေးလွှားဆော့ကစားနေချိန်တွင် ငှက်ကလေးများအတွက် မုန့်ထုပ်များကို ပီတိလေးနှင့် ပြုံးပြကာ ရေညှိစမ်းရေတွင်းငယ်လေးသည် ရယ်မောကာ မရပ်နိုင်ဘဲ ဖြစ်နေသည်။

(ကြည့်လေ၊ ဒါတောင်မှ
အခုနောက်ပိုင်းမှာ
နွေဦးရယ်၏ ကြည်လင်သော မျက်ရည်အချို့
ဤစာမျက်နှာပေါ်တွင် စိုစွတ်နေ၍
မခြောက်သွေ့စေပါ။)
*

ငါတို့ဘာကြောင့်မပျော်ရမှာလဲ၊ငါတို့ဘာလို့မဖြစ်နိုင်တာလဲ။

[ The marriage of Summer Times by Jack Anderson ]

💮ရသပညာ

မင်းအစ်ကိုမှာ သွေးကင်ဆာရှိလား။ ဆင်စွယ်ရုပ်ထုဆစ်ပါ၊ရွေးကောက်ပွဲတွေ မဲလိမ်ခဲ့သလား။ ဆယ့်ကိုးကြောင်းကဗျာ တပုဒ်ရေးပါ။ ကောင်မလေးတစ်ယောက် လမ်းမီးအလင်းရောင်အောက်မှာတုန်တုန်ယင်ယင်ဖြစ်နေတယ်။သူက လက်အိတ်တွေကို ချွတ်ပြီးအိတ်ကပ်ထဲမှ ငွေရောင် ယိုယိုကို ဆွဲထုတ်လိုက်တယ်။ ခြံစည်းရိုးနောက်မှာ ခွေးတွေဟောင်နေတယ်။ သစ်သားပေါ် ဆီလောင်းပါ။ သင့်ကွာရှင်းပြတ်စဲမှုကို စီစဉ်တဲ့အခါ ခြေလှမ်းကို အာရုံစိုက်ပါ။ ဒါကို ထပ်ခါတလည်းလည်းဖြတ်သန်းရလိမ့်မည်။ အစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသားနှစ်ဦးဟာ အမျိုးသမီးတစ်ဦးကို သတ္တုစားပွဲတစ်ခုမှာပက်လက်လှန်ချည်နှောင်ထားတယ်။ တစ်ဦးမှာ ရာဘာပိုက်တစ်ခုရှိပြီးနောက်တစ်ယောက်မှာ ပလိုင်ယာတစ်ခုရှိနေတယ်။ တတိယလူကအသားညှပ်ပေါင်မုန့် နဲ့ ရေနွေးအိုးကိုင်ပြီး ရောက်လာတယ်။ခန္ဓာကိုယ်မှာ စန္ဒယားလိုပဲ နူးညံ့ပြီး မာကျောတဲ့ အစိတ်အပိုင်းတွေရှိတယ်။ ဂီတက သူတို့ဆုံရာကနေ လာတာပေါ့။
[ Aesthetics by Joel Brouwer ]

#နှင်း‌ဆီဖြူ #စာပေအနုပညာ
#စကားပြေကဗျာ

🚨နဆဖ မှ ထုတ်‌ဝေတဲ့ ရင်ဦးနွေ ၊ မဒဲရာ ၊ နငယ်တို့ရဲ့ Th*****me ကဗျာစာအုပ်မှ ဆရာခိုင်သစ် နှင့် နေရောင်ရင့်ရင့် တို့ရဲ့ အမှာစ...
24/06/2024

🚨နဆဖ မှ ထုတ်‌ဝေတဲ့ ရင်ဦးနွေ ၊ မဒဲရာ ၊ နငယ်တို့ရဲ့ Th*****me ကဗျာစာအုပ်မှ ဆရာခိုင်သစ် နှင့် နေရောင်ရင့်ရင့် တို့ရဲ့ အမှာစာကို ဖော်ပြပေးလိုက်ပါတယ်။
🚨 စာအုပ်ကို ကိုချင်းရဲ့ Book Tree စာအုပ်ဆိုင်မှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

ကဗျာစာအုပ်နာမည်က Th*****me တဲ့။ဒီလူတွေသုံးယောက်ပေါင်းပြီးဘာလုပ်မှာလဲ။ဘာ‌တွေလုပ်ထားသလဲ။
သူတို့သုံးယောက်‌ ပေါင်းပြီး အသေအချာလုပ်လိုက်တာက‌တော့ စကားပြေကဗျာတွေပါပဲ။ဒီသုံးယောက်က စကားပြေကဗျာကိုယုံလို့ စကားပြေကဗျာရေးတယ်ဆိုပါတော့ သူတို့ လိုင်းဘရိတ်‌ေတွငြီးငွေ့တဲ့ မယုံကြည့်တော့တဲ့မျိုးဆက်မှာ ရှင်သန်နေသူတွေဖြစ်နေပြီ။ကဗျာတစ်ပုဒ်မှာပါတဲ့ ကာရန်တွေ အသံရဖို့ စောက်လုပ်ရှုပ်မခံချင်လို့ လွတ်လပ်ကာရန်ကို တော်လှန်ပုန်ကန်ခဲ့ပြီးတာကြာပြီ။ကဗျာတစ်ပုဒ်ရေးဖို့လွတ်လပ်တဲ့ ‌အတွေး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စိတ်ကူးတွေရနေပြီးမှ လိုင်းကို ဘယ်‌နေရာမှာ ဘရိတ်ရင်လှမလဲ ထပ်ပြီးကွန့်မြူး နေတာမျိုးကိုလည်း ပျင်းလာသူတွေပါပဲ။
လိုင်းတွေအကြောင်းခေါင်းထဲမထည့်တော့ဘူး။ကဗျာမှာ ထည့်ဝင်ဖော်ကြူးမယ့် အကြောင်းအရာ ထည်ဝါ ထူးဆန်း မဟာဆန်မူ ကိုလည်း သူတို့က မယုံတော့ဘူး။နိစ္စဓူဝထဲက နိစ္စဓူဝ အသက်ရှင်ပုံတွေဟာ သူတို့အတွက်တော့ အစစ်အမှန်ရသပေးမယ့် မဟာ့မဟာ ကဗျာတွေပဲ။
သူတို့ရဲ့ ကဗျာ အလှက ဘယ်မှာ လဲ။သူတို့ကဗျာဆီက‌နေ ဘာတွေ ရှာဖွေ မျှော် လင့် မလဲ။
သူတို့ရဲ့ကဗျာရဲ့အလှဟာ ပကတိ လွတ်လပ်ပွင့်လင်းခြင်းအပြင် ဘာအလှ မှ မရှိတော့ဘူး။သူတို့လိုချင်တာလဲ အဲ့ဒါပဲမို့ စာဖတ်အနေနဲ့လည်း အဲ့ဒီအရာကို ဖမ်းဆုပ် မိနိုင်မှမိမယ်။သူတို့ က ပကတိသဘာစိတ်ထွက်ပေါက်တွေကို အာရုံကျတတ်တယ်။သူတို့ကဗျာမှာ လောကနီတိက လာတဲ့ အဆုံး အမ အိုင်ဒီရော်လော်ဂျီ တွေ မပါဘူး။သရုပ်မှန်ဝါဒ ရဲ့ ဘုံသဘောတူတဲ့ ယဉ်ကျေးမူကို လှောင်ပြောင်သရော်ကြတယ်။သူတို့က ခေတ်ပေါ်ရုပ်ရှင်ကားတွေထဲက ပုန်းနေတဲ့အခြောက်က ဇာတ်လမ်းဆုံး ရင် ပြန်စိုသွားတာမျိုးကို ဟာသလို့သတ်မှတ်တယ်။ အားနည်းသူကို ဖေးကူတဲ့ လူပတ်ဝန်းကျင်ဆိုတာ စိတ်ကူးယဉ်လွန်းတဲ့ မပြည့်စုံမူပဲလို့ ခနဲ့ ကြတယ်။ ဘယ်လောက်မိုက်မိုက်၊ဘယ်လောက်ဆိုးဆိုး သေခါနီးလိမ္မာသွားတယ်ဆိုတဲ့ ပေါတောတော ပေါကားထဲက ဇာတ်ဝင်ခန်းတွေကို သူတို့က‌ဗျာမှာ မရှာပါနဲ့။
သူတို့ကဗျာမှာ လူတွေရဲ့ အတွင်းစိတ်ရဲ့ ယုတ်မာတတ်တဲ့ သောက်ကျင့် ကို က‌ဗျာလုပ်တယ်။သူတို့ရဲ့ ကဗျာမှာ ဖုံးကွယ်သိုဝှက်အပ်တဲ့ အရာဆိုတာမရှိဘူး။ယဉ်ကျေးမှုအရ ဖွက်ထားတဲ့ ‌အရာတွေဟာ ယုတ်ညံ့တဲ့ အရာတွေလို့ မယူဆဘူး။ ဘာသာရေး ဓလေ့ထုံးတမ်းကလာတဲ့ ရှေးထုံး တွေ၊ဈေးသုံးတွေကို အရေးလုပ်နေတာမျိုးက သူတို့ကဗျာရဲ့ အဓိက အရသာ မဟုတ်ဘူး။သူတို့ရဲ့ကဗျာတွေမှာ အမှောင်ဘက်ခြမ်းက ပေါင်ကြားထဲ သိုဝှက်ဖုံးကွယ်ထားတဲ့အရာတွေဟာ တကယ်တော့ သဘာဝပဲလို့ ယုံကြည်တယ်။သူတို့ရဲ့ ကဗျာတွေမှာ ဘာစည်းကမ်းကိုမှ အလေးမထားသလို နောက်ဆုံးတော့ ဘာဖြစ်ရမယ်ဆိုတဲ့ကွန်မြူနစ်ကြီးတွေရဲ့ Big story တွေလို မျှော်လင့်အိမ်မက်တဲ့ လူ့ပတ်ဝန်းကျင်ကိုလည်း ပေါကားထဲက ဇာတ်လိုက်အဖြစ် ရုပ်ပြောင် အဖြစ် ခြယ်သ ဖန်တီးပြချင်ပြပါလိမ့်မယ်။လိုတိုရှင်းပြောရရင် စကားပြေကဗျာတစ်ပုဒ်ကို ဖတ်ရလို့ ပကာသနအလှကို မရဘဲ လူ့ပတ်ဝန်းကျင် ရဲ့ ဟန်ဆောင်ပြီး မိမိဘာသာလှည့်ဖျားတတ် ပကတိအတွင်းစိတ်တွေရဲ့ မိတ်ကပ်မပါတဲ့အလှကိုတော့ သေချာရရှိနိုင်ပါလိမ့်မယ်။
ဒီလိုခေတ်ထဲမှာက ကဗျာစာအုပ်ထုတ်ရတာ နည်းနည်း မျက်စေ့ဆံပင်မွှေးတော့စူးနိုင်ပါတယ်။ဒါပေမယ့်သူတို့ ရေးပြီးထားတဲ့ကဗျာတွေနဲ့ စီစဥ်ထားတာကတော့ ဒီလို အမှောင်ခေတ်မတိုင်ခင်ကတည်းကပါ။
ဒီစကားတွေကို အရေးတယူ ခြေဆင်းယူပြီးပြောနေရတဲ့ အကြောင်းကလည်းရှိပါတယ်။ကဗျာနဲ့နိုင်ငံရေး ယှဉ်တွဲစဉ်းစားမှုကိစ္စပါ။ ဒီလိုအမှောင်ခေတ်မတိုင်တုန်းကအခြေအနေအရဆိုရင် ကဗျာရေးသူဟာ သူတို့ရေးတဲ့ကဗျာတွေမှာ နိုင်ငံရေးကို ရှေးရှု့တင်ပြတာမျိုးပါမနေတာမျိုးတွေ ကြောင့်ပါပဲ။ကျနော်တို့နိုင်ငံမှာ အများအားဖြင့် တချိန်လုံးလိုလို ကဗျာရေးသူက ကဗျာမှာ နိုင်ငံရေးဒိုင်ယာလော့ ပျစ်ပျစ်နှစ်နှစ်တွေပါလေ စာဖတ်သူက ကြိုက်လေပါပဲ။ အဲ့လိုပဲလူရွှင်တော်တွေရဲ့ ရယ်စရာပြက်လုံးမှာလည်း ရယ်ရဖို့ထက် နိုင်ငံ‌ေရးပြက်လုံးတွေနားထောင်ချင်တယ်။ကြားချင်ကြပါတယ်။ဟာသကိုမရယ်ဘဲ လက်ခုပ်တီးချင်တယ်။
အဓိက က ဟာသဆိုတာ ရယ်ဖို့က အဓိကပါ။ကဗျာကိုလည်း ဖတ်ပြီး လက်ခုပ်တီးချင်တဲ့ အလေ့အထ ကျနော်တို့နိုင်ငံမှာရှိပါတယ်။အဲ့ဒီအဖြစ်အပျက်ကို အပြစ်‌တော့မဆိုသာပါဘူး။ကျ‌နော်တို့က တစ်ချိန်လုံးအာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုအောက် ရုန်းကန်နေရတဲ့ လူမူဘဝကို ပိုင်ဆိုင်နေရတဲ့ လူ့ပက်ဝန်းကျင်ကြောင့် ဘယ်လိုအနုပညာကိုမဆို နိုင်ငံရေးကို တနည်းနည်းနဲ့ တော်လှန်ပြနေရမယ်ဆိုတဲ့ အ,မင်္ဂလာ ယုံကြည်မူကြောင့် ဖြစ်ရတာပါ။အဲ့လိုပါပဲ ကဗျာမှာ သိုဝှက်နိမိတ်ပုံတွေ ထူထူပျစ်ပျစ်ပါလာရတာဟာလည်း တချိန်လုံး ဖိနှိပ်မူအောက်ကနေ ကြီးထွားရမူကြောင့် ကဗျာမှာ မဖွံ့ဖြိုးသင့်တဲ့အရာတွေ ဖွံ့ဖြိုးပြီး တလွဲဆံပင်ကောင်းခဲ့ရတာပါပဲ။ကဗျာတစ်ယောက်တည်း အမြင်အရ ကဗျာမှာ နိမိတ်ပုံထည့်ရေးနေရတာကိုက အော့နှလုံးနာစရာ လို့ပဲခံစားရပါတယ်။
2021ရှေ့ပိုင်းကာလတုန်းကဆိုရင် အထက်ကပြောခဲ့သလို စကားတွေဟာ တင့်တယ်နိုင်ပေမယ့် ခုချိန်မှာတော့ မတင့်တယ်နိုင်တော့ပါဘူး။
ကဗျာနဲ့ ဘယ်အရာနဲ့မှ တွဲမထားချင်ဘူး။ယှဉ်ပြီးမတွေးချင်ဘူး။ကဗျာကို ဖာခေါင်းကရေးလည်း ဘာမှ ပြောစရာမရှိဘူးလို့ လက်ခံထားတယ်။ထားတော့ 21အလွန်မှာ ဒီအ‌တွေးအခေါ်တွေ ဘောင်မဝင်တာ့ဘူး။မသင့်တော်တော့ဘူး၊ဆိုပါတော့။
``ကဗျာရေးတယ်ဆိုတာဟာ တကိုယ်ရည်အာသာဖြေမူတစ်ခုပါ။အဲ့ထက်နည်းနည်းပိုဆိုးတာကတော့ လူသူမသိခံချင်တာထက် လူမိခံချင်တာပါ"
လူဟာ မွေးဖွားချိန်ကနေ သေဆုံးချိန်အတွင်းအခြေခံလိုအင်ဆ‌‌န္ဒတွေမပြည့်စုံမှုအတွက် နိုင်ငံရေးသီအိုရီတွေ၊ဝါဒတွေ တီထွင်ပြီး ရှင်သန်နေထိုင်ကြတယ်။အဲ့ထက်လောဘကြီးတာကတော့ သေလွန်ပြီးကိစ္စကိုပါ ကြောင့်ကျပြီး ဘာသာတရား‌ေတွကို ထပ်တီထွင်ပြီး ဘဝဖြစ်တည်မူကို ပြည့်စုံ‌စေချင်ကြတယ်။
ဒီလိုလူသားရဲ့မပြည့်စုံကြောင့်ပဲ နေ့စဉ်အခြေခံလိုအင်ဆန္ဒတွေ၊မပြည့်စုံမူတွေကို ဖော်ထုတ်ဖို့ ကဗျာဆရာတွေက ကဗျာရေးကြတယ်။
စကားပြေကဗျာရေးသူက ဘာတွေကို ရှေးရှု့ပြီး တင်ပြသလဲ။သူတို့က ဘယ်အရာတွေကိုယုံကြည်ပြီး ဘယ်အရာ‌တွေကိုမယုံကြည်ဘူးဆိုတာ စာဖတ်သူက အကြမ်းဖျင်းနားလည်ဖို့ ဒီလိုအမှာစာမျိုး ကို ရေးသားတတ်ကြတယ်။
အများအားဖြင့်သူတို့က သူတို့ရဲ့ပစ္စုပ္ပန်နဲ့ သူတို့အနာဂတ်ကို သူတို့ရည်မျှော်ရေးပါတယ်။ဒါဟာလည်း သူတို့ရဲ့ ကဗျာမှာပြချင်တဲ့ သူတို့နိုင်ငံ‌‌ရေးပါပဲ။
ဟုတ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ ကဗျာရေးတဲ့လူတန်းစားတွေရဲ့ နေ့စဉ်လူမှုဘဝ သူတို့ဖော်ကျူးပြတာဟာ အဲ့ဒီတိုင်းပြည်ရဲ့ပကတိနိုင်ငံရေးလို့ သူတို့က ယုံကြည်သူတွေပါ။
သူတို့လက်တွေ့ဖြတ်သန်း‌ေနတဲ့ နေ့စဉ်ဘဝတွေကို သူတို့ မြင်ပုံ၊တွေးပုံ ယူဆစိတ်ကူးပုံတွေဟာ လက်တွေ့ဆန်သလို အနာဂတ်စိတ်ကူးရည်မျှော်တဲ့ ဖန်တီးထားမှုတွေ ဖြစ်ပါတယ်။
သူ့ခေတ်သူ့အခါ ကဗျာဆရာဆိုတာ တော်လှန်သူတွေပါပဲ။ဗီဇအရ ကဗျာရဲ့သီအိုရီ တွေ၊ ခေတ်တွေ၊ လူ့အဖွဲ့အစည်းရဲ့ ဘာသာရေး၊နိုင်ငံရေး ယုံကြည်မူတွေကို အစဉ်အလာသွေဖည်ပြဖို့ဆိုတာ သူတို့အလုပ်ပါ။
လက်ရှိစကားပြေကဗျာကို ရေးတဲ့ ကဗျာဆရာတွေက ကဗျာဆိုတာ ကဝိပစ္စည်းဆိုတာကို ပြက်ရယ်ပြုပါတယ်။မောင်ချောနွယ်ရဲ့ ကဗျာဆိုတာတော်ဝင်ပန်းမဏ္ဍိုင် ဆိုတာကိုလည်း ဟာသ လို သရော်တယ်။ကဗျာဆိုတာပညာတတ် လူလတ်တန်းစားရဲ့ ဇိမ်ခံပစ္စည်းဆိုတာကိုလည်း သူတို့မယုံကြည်ဘူး။ဒါဟာလည်း ခေတ်တစ်ခေတ်ကို နောက်တစ်ခေတ်က လှောင်ပြောင်သရော်တာဟာ သဘာဝမို့ ဘာမှထူးဆန်းနေတာမျိုးတော့ မဟုတ်ပါဘူး။
သူတို့ယုံကြည်တာက ကဗျာဆိုတာ အခြေခံလူတန်းစား စားသုံးစရာသရေစာပဲဖြစ်ရမယ်။အခြေခံလူတန်းစားရဲ့ တနေ့တာပင်ပန်းနွမ်းနယ်သမျှကို တစ်ညတာအပန်းပြေစေမယ့် လိင်ဆက်ဆံတာလောက် အာနိသင်ရရင်တော်ပြီ။
ကဗျာဟာ အခြေခံလူတန်းစားနဲ့အနီးဆုံးမှာ ရှိကိုရှိရမယ်။အဲ့လိုယုံကြည်ချက်ကြောင့်ပဲ သူတို့ ကဗျာကို ပကာသန‌တွေကို ပြက်ရယ်ပြုပြီး ကဗျာကို ဝတ်လစ်စလစ် ချွတ်ချပြလိုက်တယ်။
သူတို့ကဗျာတွေကို စာဖတ်တတ်ရင် ကဗျာဖတ်လို့ရပြီ။ကဗျာဖတ်ပြီး ဘဝကြီးတိုးတက်ချမ်းသာသွားရမယ်လို့ သူတို့က မစည်းရုံးဘူး။ကဗျာဖတ်ပြီး လူ့ယဉ် ကျေး နှလုံးသားလှရမယ်လို့ ယဉ်ကျေးမှုအတု လူ့မလိုင်တွေစတိုင်နဲ့ မဆွဲဆောင်ဘူး။
သူတို့က သူတို့ကဗျာကိုဖတ်မိလိုက်ရင် စည်း၊ဘောင်၊အတုအယောင် ပတ်ဝန်းကျင်ပိတ်လှောင်မှုကနေ ခေတ္တအပြင်ဘက်ရောက်သွားရင် သွားမယ်။လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့အရသာတွေ အဇ္ဈတ္တတွေရဲ့ လူယဉ်ကျေးတွေ ဖုံးကွယ်အပ်ပါတယ်ဆိုတာတွေကို လှစ်ဟပြမယ်။သူတို့က အပေါ်ယံယဉ်ကျေးမူကိုမယုံကြည်ဘဲ လူ့အတွင်းသဏ္ဌာန်ရဲ့ အရိုင်းစိတ်ကို လှစ်ဟပြီး အစစ်အမှန်ယဉ်ကျေးမှုကို ပြကြတယ်။
စကားပြေကဗျာရေးသူတွေက ဘယ်လိုကဗျာတင်ပြပုံမျိုးကိုနှစ်သက်သလဲဆိုရင် သူတို့ရဲ့တကိုယ်‌‌ရည် စိတ်အာသီသပါ်မှာပဲ ကဗျာကိုတည်ဆောက်ဖို့ အားသန်ကြပါတယ်။
အထက်ပါကိစ္စတွေကိုဖတ်ပြီး ကဗျာဖတ်သူတွေက ``မင်းတို့ စကားပြေကဗျာကိုဖတ်ရင် ငါတို့အတွက် ဘာတွေမှ ထူးထူးခြားခြား ခံစားစရာမရဘဲနဲ့များ မင်းတို့ကရေးပြီး ငါတို့က ဖတ်နေရအုံးမှာလား"လို့မေးနိုင်ပါတယ်။
``ခင်ဗျား အပြာကားကြည့်တဲ့အခါ၊ online က အမျိုးသမီးငယ်တွေရဲ့ ဖုန်းကိုရှေ့မှာထောင်ပြီး တကိုယ်ရည်အာသာဖြေတဲ့ VDOတွေကြည့်ဖူးရင် ဘယ်လိုခံစားရသလဲ"
ကျနော်တို့က အောကားကြည့်ရတဲ့ ပကတိအရှိတရားရဲ့ သဘာဝစိတ်ရဲ့ အခြေအနေတွေကို ခံစားရသလိုပါပဲ။လူတွေရဲ့ အမှောင်ဖက်ခြမ်းက သိုဝှက်ထားတဲ့ ပကတိလွတ်လပ်တဲ့စိတ်ရဲ့ အလှတရားတွေကို ခံစားရပါတယ်။
ဒီလိုပါပဲ ကဗျာဆရာဆိုတာ လွတ်လပ်တဲ့ အတွေးအခေါ်‌နဲ့ ဘဝကို ဖြတ်သန်းသူတွေမို့ သူတို့ဆီကလာတဲ့ ကဗျာထုတ်ကုန်တွေဟာလည်း လွတ်လပ်မှုကိုပဲ အဓိကမျှော်လင့်ဖို့ပါပဲ။
အမှာစာဆိုတဲ့အတိုင်း မှာရမယ်ဆိုရင် ဒီနေ့ခေတ် စကားပြေကဗျာတွေကိုဖတ်မယ် ဆိုရင်တော့ ခင်ဗျားတို့စိတ်မှာ လွတ်လပ်နေမှ ရပါလိမ့်မယ်လို့ မှာချင်ပါတယ်။

နေရောင်ရင့်ရင့်
•••••••

ကမ္ဘာအတွက်ကဗျာ
__________________

ကဗျာ နဲ့အခြားသောအနုပညာ၊ ဒါတွေသာရှိမနေရင်ကမ္ဘာကြီးဘယ်နှယ့်နေမလဲ။ ဘယ်လောက်ခြောက်ခန်းငြီးငွေ့ဖွယ်ကောင်းလိုက်တဲ့အသက်ရှင်မှုတွေဖြစ်လိုက်မလဲ။ လူဆိုတာ သောက်စားမူးယစ်ချစ်မှုကာမပြုကြရုံနဲ့ပြီးပြည့်စုံတာမှမဟုတ်တာ၊ နေ့စဥ်တိုင်းစိတ်ဒုက္ခဝေဒနာတွေနဲ့နေထိုင်ဖြတ်သန်းကြရတာဆိုတော့အာရုံကိုပြောင်းလဲပေးမယ့့်အထူးကိရိယာတခုခုတပ်ဆင်ကြဖို့လိုမယ်။ ကျနော့်အတွက်တော့ကဗျာအထူးကိရိယာကြီးတပ်ဆင်ထားတယ်။ အချစ်နဲ့တွေ့တော့လည်းကဗျာပဲ။ အသည်းကွဲတော့လည်းကဗျာပဲ။ သေကောင်ပေါင်းလဲဘဝနဲ့ကြုံတော့လည်း ကဗျာ။ ကျနော်တို့အဆိုးဝါးဆုံး ကိုက်ခဲအနာကျင်ဆုံးနေ့တွေလတွေနှစ်တွေကို ကဗျာတွေနဲ့နှိပ်နယ်ခဲ့ရတယ်။ ကဗျာတွေနဲ့ကျော်ဖြတ်ခဲ့ရတယ်။

ခွဲစိတ်ခန်းဝင်သူတွေအတွက်မေ့ဆေး ထုံဆေးနဲ့အိပ်ဆေးတွေမရှိမဖြစ်လိုအပ်သလိုပဲ ကဗျာတွေလိုတယ်။ ကမ္ဘာလောကရဲ့ခွဲစိတ်ခန်းကြီးထဲက ကျနော်တို့အတွက် မေ့ဆေးပေးပါ ကဗျာပေးပါ ထုံဆေးပေးပါ ကဗျာပေးပါ။ ရူပခန္ဓာကြီးအတွက်အပူအအေး စားစရာ ရေ လေ နေ လိုအပ်သလို စိတ်အတွက်ကဗျာလိုတယ်။ ကဗျာသန်းပေါင်းများစွာလိုအပ်နေဦးမှာပဲ။ ကဗျာအတွက်ကဗျာဆရာတွေလိုအပ်နေဦးမှာပဲ။ ရုပ်ရှင်တွေတစ်ကားပြီးတစ်ကားကြည့်သလို ကဗျာအသစ်အသစ်တွေတစ်ပုဒ်ပြီးတစ်ပုဒ်ဖတ်မယ်။ ယာဥ်ရထားတွေအတွက် ရေနံတွင်းတွေအရေးတကြီးလိုအပ်နေသလိုပေါ့။ ကိုယ်နှုတ်အမူအရာထက် စိတ်နေစိတ်ထားယဥ်ကျေးမှုဆီ ကဗျာနဲ့သွားရတယ်။

ကဗျာဖြစ်လာဖို့ အခြေခံအကြောင်းတရားကတော့ ပီတိပဲ။ ကဗျာတင်မဟုတ်ပါဘူး အနုပညာဖန်တီးမှုတိုင်းရဲ့စမှတ်ဟာပီတိပါ။ ဒီပီတိဟာ လောကီအနုပညာမှာတင်မဟုတ်ဘူး လောကုတ္တရာဓမ္မအနုပညာမှာလည်း ဗောစျင်ခုနစ်ပါးထဲက တစ်ပါးဖြစ်တဲ့ ပီတီသံဗောစျင်လိုတာပဲ ဓမ္မလမ်းကြောင်းမှာဓမ္မအရသာပီတိကိုစတွေ့မှဆက်သွားချင်စူးစမ်းလိုစိတ်ဖြစ်တယ်။ ဘာပီတိမှမရရင် စိတ်ပျက်လက်ပျက်ရပ်တန်းကရပ်ပစ်ကြတော့တာပဲ။ ဒါကြောင့်ဘယ်ရပ်ဝန်းဘယ်နယ်ပယ်မှာဖြစ်ဖြစ် ပီတိရမှဆက်လက် မောင်းနှင်နိုင်မယ်။ တကိုယ်ရည်ပီတိရရင် ကျန်တာကိုလစ်လျူရှုနိုင်သွားပြီ။ ကျနော်တို့အသွေးအသားထဲကချစ်တဲ့ဗင့်ဆင့်ဗန်ဂို့ဟာ ဘာတခုမှမအောင်မြင်ဘဲ ကဲ့ရဲ့ဝိုင်းပယ်မှုနဲ့ရူးသွပ်ဖွယ်ခြောက်ခြားဖွယ် အထီးကျန်ဆန်မှု ကြားမှာ ပန်းချီကားပေါင်းများစွာ
ဖန်တီးရေးခြစ်ဖြစ်တာ ဒုက္ခကြီးလှတဲ့ရုပ်ကမ္ဘာအတ္တဘောလူ့အဖွဲ့စည်းကြီးကိုဥပေက္ခာပြုနိုင်ခဲ့တာ သူ့အနုပညာဆီက သူခံစားထိတွေ့မိနဲ့ပီတိပဲ၊ ဒါဟာမှောင်မိုက်ခြင်းကမ္ဘာထဲက တခုတည်းသောသူ့အတွက်နေအလင်းရောင်ပဲ။အခြားသူတွေဝမ်းရေးအတွက်မိုးလင်းကနေမိုးချုပ်အလုပ်သွားသလိုမျိုး
နေသာတဲ့ဂျုံခင်းနဲ့ကျေးလက် မြေတွေဆီ‌ေကျာပိုးအိတ်ကြီးတလုံးနဲ့ နေ့စဥ်အောက်ဒိုးထွက်ဖြစ်တာ ပန်းချီဆီက သူရနေတဲ့ပီတိကြောင့်ပေါ့။

ကမ္ဘာလောကမှာပီတိဟာသိပ်အရေးကြီးပါတယ်။ ကဗျာဟာ
ပီတိနဲ့စပြီး ပညာနဲ့အဆုံးသတ်တယ်လို့ ရောဘတ်ဖရော့ကပြောတယ်။ စိတ်ကိုဒီအတိုင်းကြီးထားပြီး လောကကန္တာရကိုဖြတ်သွားလို့မလွယ်ဘူး။ စိတ်ကိုပြောင်းလဲစေသောအရာတွေကိုမှီဝဲကြရတယ်။ ကဖေးဆိုင်တွေထိုင်ကြသလိုမျိုးပေါ့။ ကဗျာတွေဖတ်ပါ ဖတ်ကြပါ ပီတိနဲ့အစပြု ဖော်စပ်ထားတဲ့စိတ်ကိုပြောင်းလဲစေသောအရာတွေလေ။ ကဗျာတွေပေါ့။

ကဗျာတပုဒ်ထဲကကဗျာပါအကြောင်းအရာတွေဟာ ကဗျာဆရာကိုယ်တိုင်ရဲ့မျက်မြင်လောကကကြုံတွေ့ခဲ့ရတဲ့ကိုယ်တိုင်ကြုံတွေ့မှုဟုတ်ချင်မှဟုတ်မှာပါ။ မငြင်းနိုင်တဲ့အချက်ကတော့ ကဗျာဆရာရဲ့အာရုံခံစားမှုခေါ် (ဝေဒနာစိတ်)ပါပဲ။ ဒီအပေါ်မှာဘာခံစားမှုမှမပါဘူးလို့ ပြောလို့မရပါဘူး။ သင်တခုခုတွေးပြီဆိုတာနဲ့ အာရုံညွှတ်ရမယ်။ အဲ့ဒီကနေ ဓမ္မာရုဏ်ပုံရိပ်တွေပေါ်လာမယ်။ ဒီဥပါဒါန်စိတ်တွေကိုသင်ခံစားမယ်။ အချုပ်ပြောရရင် ဝေဒနာဖြစ်ခြင်းဆီပါ။ ကဗျာဆီရောက်ဖို့ပီတိလို လှုံ့ဆော်ခံထားရတဲ့အကြည်ဓာတ်တခုရှိရမယ် အတွေးတွေဖြစ်ရမယ် အဲ့ဒီအတွေးတိုင်းဟာ
ခဏပြီးခဏ ပေါ်နေတဲ့ဝေဒနာစိတ်ဆိုတာပဲဖြစ်တယ်။ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဒီဝေဒနာသုံးပါးနဲ့ ကျနော်တို့ရဲ့စိတ်အခြေအနေတွေကို ငါလို့အစွဲပြုပြီး ကျနော်တို့မောင်းနှင်နေကြတာပါ။ တခုခုပေါ်မှာ အမှီပြုအစွဲပြုပြီးလွင့်ထွက်မသွားရအောင်စွဲလန်းစွာနေထိုင်ကြရပါတယ်။ ကဗျာတွေစာတွေအရုပ်တွေအသံတွေအရောင်တွေပေါ်မှာဝေဒနာစိတ်နဲ့ကျနော်တို့စွဲလန်းစွာဖြတ်သန်းကြရပါတယ်။ နောက်ထပ်အဲ့ဒီဝေဒနာစိတ်ကိုလိုက်သိတဲ့စိတ်တခုကိုတော့သိစိတ်သို့မဟုတ် ရှုမှတ်စိတ်ခေါ် အမောဟ ပညာစိတ်လို့ခေါ်ကြပါလိမ့်မယ် ဒီလိုစိတ်ကတော့ အထူးဂရုစိုက်လေ့ကျင့်ယူမှရမယ်ထင်ပါတယ်၊ ကဗျာနဲ့တော့တလမ်းစီပေါ့။ ရှုစိတ်မပါသော စိတ်ဖြစ်ပေါ်မှုအမျိုးမျိုးကို မသိစိတ်လို့ပေါင်းခေါ်တာဖြစ်တယ်။

တနေ့ပြီးတနေ့အသစ်တွေကိုတောင်းဆိုလာတဲ့ကမ္ဘာကြီးမှာကဗျာဆရာတွေကရှေ့ဆုံးကပါတယ် သူတို့စိတ်ကူးတွေဟောင်းနွမ်းဆွေးမြည့်မကျန်ရစ်အောင် ကမ္ဘာလောကရဲ့အဖြစ်ပျက်တိုင်းကိုသိဖို့ကြိုးစားတယ်။ အပ်ကျတာကအစသိတယ်ဆိုတဲ့ကဗျာမျိုးဆက်သစ်တွေ ခေတ်မီနည်းပညာတွေနဲ့အပြိုင် ခေတ်မီလက်နက်တွေနဲ့အပြိုင်ပေါ်လာတယ်။ "ကျနော်တို့ရေးသားမှုတွေဟာ ကမ္ဘာကြီးအတွက် မလုံလောက်တော့သလို ကမ္ဘာကြီးဟာလည်း ကျနော်တို့ဖွဲ့ဆိုဖို့ မလုံလောက်တော့သလိုပေါ'့လို့ပြောတဲ့ ကိုအောင်ခင်မြင့်ပြောခဲ့သလိုအတိုင်းပါပဲ။

အကန်းအိပ် အိပ်မက်သလိုပဲ တချို့တွေဟာ အသစ်ရဲ့တန်ဖိုးကိုဘာမှန်းမသိတာတွေရှိရှိနေဦးမှာပါ။ မသိရကောင်းလားဆို ရင်နာဖွယ်ရာ အနာတွေလည်းခံစားမနေသင့်ပါ ကိုယ့်ခရီးကိုယ်ဆက်သွားနေကြဖို့ပါပဲ။ အပြေးတပိုင်းလမ်းလျှောက်နေရတဲ့ကမ္ဘာကြီးပေါ်မှာ ကဗျာနဲ့တွေ့ရင်တော့ အားလုံးအနှေးပြကွက်ထဲအလိုလိုရောက်သွားကြပါလိမ့်မယ်။ သောက်လက်စ ဆေးလိပ်မီးခိုးနဲ့လက်ဖက်ရည်နဲ့ ယမကာတွေဟာ ပိုပြီးအရသာရှိလာမယ်။ မနက်ဖြန်ကိုရင်ဆိုင်ဖို့ခြေတံလက်တံတွေ အသင့်အနေအထားနဲ့ရှည်ထွက်လာကြလိမ့်မယ်။ ငရဲတံခါးကိုမတုန်မလှုပ်ဆွဲဖွင့်ရဦးမလား ဘာဖြစ်ဖြစ်ရတယ်ဆိုတဲ့ စိတ်အခြေအနေသစ်တွေ ပေါ်လာလိမ့်မယ် အဲဒါကဗျာပဲ။ အမှန်တရားကို အသက်နဲ့ပေးချစ်ရမလား ရတယ် ကဗျာရှိရင်ရတယ်။ကျနော်တို့မွေးရာပါချို့ယွင်းချက်ကိုကော်ပီကူးပြီး အဆင့်မြင့်စိတ်ပရိုဂရမ်အသစ်ပြန်ရေးပေးမှာ ကဗျာပဲ။ ကဗျာဆိုတာက တချို့သောတွေအတွက် သမ္မာကျမ်းစာဖြစ်ပါတယ်။ ကျနော်သိတဲ့ကဗျာချစ်သူတယောက်ကဖြင့် သုခမိန်လှိုင်နဲ့အောင်ချိမ့်ကဗျာတွေဟာ သူ့ရဲ့သမ္မာကျမ်းစာလို့ဆိုပါတယ်။

မျက် မှောက်ခေတ်ကြီးဟာ သက်ရှိသက်မဲ့မကျန်အမူအကျင့်နဲ့နေထိုင်ရှင်သန်မှုပုံစံတွေကို ချိန်းပစ်လိုက်တယ်။ လူတွေရဲ့တွေးခေါ်ပုံငှက်တွေရဲ့အစာရှာပုံအစားအစာအမျိုးစားတခုပြီးတခုပြောင်းလာပုံ တော်လှန်ရေးပုံသဏ္ဍာန်ပြောင်းလဲမှုစသဖြင့်ပေါ့။ အပြောင်းလဲကြီးပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ ကဗျာတွေဘယ်လိုဘယ်လို တမုဟုတ်ချင်းတမုဟုတ်ချင်း ပြောင်းလဲပြီးရင်းပြောင်းလဲနေမလဲဆိုတာ ဒီ3somesအပါအဝင် နေ့စဥ်မျက်ခြည်မပြတ်စောင့်ကြည့်ဖတ်ရှုရင်းအသက်ဆက်ကြတာပေါ့။

3somes က ကဗျာဆရာ “y on”၊ သူ့ကဗျာတွေဟာ တမူထူးတယ်။သာမန်ကာကာလျှံကာ ကျနော်တော်တို့သိခဲ့ကြည့်ခဲ့တဲ့ရုပ်ရှင်တွေအဖြစ်အပျက်တွေမှာ သူကသူများထက်ထူးကဲပြီး ပိုအလေးအနက်ထားပိုပြီးစူစူးနစ်နစ်သိနေသလိုမျိုးလို့ကျနော်တွေးမိတယ်။ အဲ့ဒီအဖြစ်အပျက်တွေဟာ သူ့ကဗျာထဲမှာစောက်ဆန်းကြီးတွေဖြစ်လာရ။ အချက်အလက်တွေကိုအဓိကထားရေးဖွဲ့ရာမှာ သရော်ဟန်ဘက်ကိုယိုင်ထွက်သွားအောင်လုပ်တယ်။ သူ့ကဗျာတွေဖတ်ပြီး ကိုယ့်ရဲ့ကောင်းခြင်းနဲ့ဆိုးခြင်းတွေပေါ် ကိုယ့်ကိုယ်ကိုယ်တောင်ပြန်သရော်မိမတတ်ပဲ။ သူ့ကဗျာသူ့အတွေးတွေဟာတမူထူးခြားကွဲထွက်နေတယ်။ အလုပ်တဖက်မိသားစုအရေးတဖက်နဲ့ ကဗျာတွေကိုသူလေးလေးနက်နက်ဖန်တီးတယ်။ သူနဲ့အတွဲနှစ်ယောက်ဖြစ်တဲ့ “နငယ်”နဲ့“မဒဲရာ”၊ y onပြလို့ကျနော်ဖတ်ခွင့်ရတယ်။ စကားပြေကဗျာတွေပေါ့။

လူငယ်တွေဆိုတော့ အထိန်းအချုပ်မရှိ လွတ်လွတ်လပ်လပ် စိတ်ထဲပေါ်သမျှ အကဒ်လိုက်ဆွဲကြတာပဲ။ လက်နက်ကောင်းကောင်းတွေကိုစနစ်တကျကိုင်ထားတဲ့တော်လှန်ရေးတပ်သားတွေလိုပါပဲ။ လူငယ်တွေဆိုတော့ လတ်ဆတ်တက်ကြွသစ်လွင်တောက်ပတာပေါ့။ ကဗျာနဲ့စိတ်ကိုထွန်းလင်းအောင်လောင်ကျွမ်းတဲ့ကြယ်လိုအလင်းတွေကို ဟောဒီသုံးယောက်ပေါင်းလောင်းကျော်မှုမှာအထင်ရှားတွေ့ရတယ်။ ဒီစာအုပ်ပါကဗျာတွေဖတ်မိလို့ ကိုယ်ကျိုးမနည်းစေရပါဘူး။ ကဗျာတွေအတွက်ကမ္ဘာကြီးကိုယ်စားသူတို့သုံးယောက်ကိုကျေးဇူးပါလို့ပြောလိုက်ပါတယ်။ ကမ္ဘာကြီးအတွက် ကဗျာဆရာတွေကျန်းမာကြပါစေ။

ခိုင်သစ်
••••
#နှင်းဆီဖြူ #စာပေအနုပညာ #ကဗျာ

နှင်းဆီဖြူစာအုပ်တိုက်မှ ထုတ်ဝေပြီး Book Tree မှဖြန့်ချိတဲ့ ညီလှမင်းရွှေ ရဲ့ ' တိုင်းပြည်ကလေး - ၂ ' နဲ့ ရင်ဦးနွေ၊ မဒဲရာ ၊...
19/06/2024

နှင်းဆီဖြူစာအုပ်တိုက်မှ ထုတ်ဝေပြီး Book Tree မှဖြန့်ချိတဲ့ ညီလှမင်းရွှေ ရဲ့ ' တိုင်းပြည်ကလေး - ၂ ' နဲ့ ရင်ဦးနွေ၊ မဒဲရာ ၊ နငယ်တို့ရဲ့ ' Th*****me ' ထွက်ရှိလာပြီမို့ Book Tree (ကိုချင်း) ဆိုင်မှာ မှာယူရရှိနိုင်ပါပြီ

နံရံကအပေါက်°°°°°°°°°°°°°°°°   ဘန်နာဒိုတာရင်ပြင်က ဘတ်စ်ကားဂိတ်နဲ့ ကပ်လျက် နံရံမှာ ဟောင်းလောင်း ပေါက် တစ်ပေါက် ရှိတယ်။ ဟို...
18/06/2024

နံရံကအပေါက်
°°°°°°°°°°°°°°°°
ဘန်နာဒိုတာရင်ပြင်က ဘတ်စ်ကားဂိတ်နဲ့ ကပ်လျက် နံရံမှာ ဟောင်းလောင်း ပေါက် တစ်ပေါက် ရှိတယ်။ ဟိုတုန်းကတော့ အဲနေရာမှာ ATM စက်တစ်လုံး ရှိခဲ့တာပဲ။ နောက်ပိုင်းတော့ စက်ပဲ ပျက်သွားတာလား၊ မဟုတ်လည်း သုံးတဲ့ သူပဲ မရှိတော့လို့လား မသိ၊ ဘဏ်ကလူတွေ ပစ္စည်းသယ်ကားတစ်စီးနဲ့ ရောက်လာပြီး စက်ကို မတင်သွားတာ နောက်ပိုင်း လုံးလုံး ပြန်လာမထား တော့ဘူး။
တစ်ခါမှာ အူဒီ့ကို လူတစ်ယောက်က ပြောဖူးတယ်၊ အဲအပေါက်ထဲ လှမ်းအော်ပြီး လိုရာဆု တောင်းကြည့်၊ တောင်းတိုင်း ပြည့်တယ်တဲ့။ ဆိုပေမဲ့ အူဒီကတော့ လုံးလုံး အရေး မလုပ်ခဲ့ဘူး။ အမှန်အတိုင်း ပြောရရင် တစ်ခါ တော့ ရုပ်ရှင်က ပြန်အလာ အဲနံရံကအပေါက်ထဲ အော်ထည့်ပြီး 'ဒက်ဖ်နီ ရီမဲလ် သူ့ကို ပြန်ချစ်လာပါစေ၊' အူဒီ ဆုတောင်းဖူးတယ်။ ဘာမှလည်း ဖြစ်မလာဘူး။ နောက် တစ်ခါမှာတော့ သူ တစ်ယောက်တည်း အထီးတကျန် ခံစားရလွန်း တာနဲ့ နတ်သား တစ်ပါးလောက် အဖော် လုပ်ဖို့ လိုချင်ပါတယ်၊ နံရံက အပေါက်ထဲ အော်လိုက်တယ်။ အော်ပြီး ချက်ချင်းပဲ နတ်သား တစ်ပါး အဟုတ်ပဲ ပေါ်လာတယ်။ ဒါပေမဲ့ နတ်သားက သူငယ်ချင်းရုပ် တစ်စက် မပေါက်ဘူး။ အူဒီ သူ့ကို အရေးတကြီး လိုပြီဆို ဒင်းက အမြဲလို ပျောက်သွား ရော။ နတ်သားက ပိန်ညောင်ညောင်၊ ခန္ဓာကိုယ်ကလည်း ကုန်းတိကုန်းကွ။ ပြီး သူ့အတောင်ပံတွေ သူ ကွယ်ဖို့ ဆိုပြီး မိုးကာကုတ်အင်္ကျီကြီးကိုက တစ်ချိန်လုံး ဝတ်ထားလိုက်သေး။ လမ်းသွားလမ်းလာ လူတွေကတော့ သူ့ကို ခါးကုန်းကြီး တစ်ယောက်လို ထင်ကြတာပေါ့။ တစ်ခါတလေ သူတို့ နှစ် ယောက်ပဲ ရှိတဲ့အခါမျိုးတော့ သူက ကုတ်အင်္ကျီကို ချွတ်ထားတတ်တယ်။ တစ်ခါဆို သူ အူဒီ့ကို သူ့အတောင်ပံက အမွေးလေးတွေကိုတောင် ပေးစမ်း ကြည့်ခိုင်းသေးရဲ့။ ဒါပေမဲ့ အခန်းထဲ သူတို့အပြင် တခြား တစ်ယောက် ယောက်များ ရှိလို့ကတော့ သူ့ကုတ်ကြီးကို မချွတ်တမ်း ဝတ်ထားရော။ တစ်ခါမှာ ကလိန်းရဲ့သား ချာတိတ်တွေက သူ့ကို ကုတ်အင်္ကျီအောက်က ဘာတွေ တုံး၊ ဝိုင်းမေးကြတယ်၊ သူ ပြန်ပြောတာ စာအုပ်တွေ အပြည့်သိပ် ထည့်ထားတဲ့ ကျောပိုးအိတ်ကြီးတဲ့။ စာအုပ်တွေက သူပိုင်တာ မဟုတ်တော့ ရေစိုကုန်မှာ စိုးလို့တဲ့လေ။ အမှန်အတိုင်း ပြောရရင် ဒင်းက တစ်ချိန်လုံး ညာနေတာ။
အူဒီ့ကို သူက သေလို့ရလောက်တဲ့ ပုံပြင်မျိုးတွေလည်း ပြောသေးရဲ့။ ကောင်းကင်ဘုံမှာ ရှိတဲ့ ဟိုဟိုဒီဒီ နေရာတွေအကြောင်း၊ ကောင်ကင် ဘုံက လူတွေဟာ ညအိပ်ရာ ဝင်တဲ့အခါ သူတို့ကားသော့တွေကို စက်မှာ ဒီအတိုင်း တန်းလန်း ထားခဲ့ကြတဲ့ အကြောင်း၊ အဲဒီမှာရှိတဲ့ ကြောင်တွေ ဆိုရင်လည်း ဘာကိုမှ အကြောက်အလန့် မရှိရုံမက ကြောက်ပြေး ပြေးတယ် ဆိုတဲ့ စကား အဓိပ္ပာယ်ကိုတောင် နားမလည်ကြဘူးတဲ့။ သူ ဖြီးပြနေတဲ့ ဇာတ်လမ်းတွေက တကယ်တော့ ပေါက်ကရလေးဆယ်တွေ။ အဆိုးဆုံးက မိုးကြိုးပစ်-ဘုရားစူး ဆိုတာမျိုးတွေ သူ ပြောပြောနေတာပဲ။
အူဒီကတော့ နတ်သားအပေါ် အရူးအမူး ဖြစ်နေလေတော့ သူ့အ ပေါ် မျက်စိမှိတ် ယုံဖို့ပဲ အမြဲ ကြိုးစားခဲ့တာ။ နတ်သား ဒုက္ခ ရောက်နေတုန်း ပိုက်ဆံတောင် နှစ်ခါသုံးခါ ထုတ်ချေးဖူးသေးရဲ့။ နတ်သားဘက်ကတော့ အူဒီ့အတွက် အကူအညီဆိုတာမျိုး ဘာတစ်ခုမှ ပြန်လုပ်မပေးဘူး။ ပါးစပ်ကပဲ ပြောဟယ် ပြောဟယ် ပြော။ သူ့အူကြောင်ကြားပုံပြင်တွေ၊ တောင်စဉ် ရေမရ တွေပဲ လျှောက်ပြောနေခဲ့တာ။ နတ်သားနဲ့ သိလာတဲ့ ခြောက်နှစ်တာ ကာလ အတွင်း သူ ဖန်ခွက်လေး တစ်လုံးတောင် ကူညီဆေးကြောပေးတာမျိုး အူဒီ မတွေ့ဖူးဘူး။
အူဒီ အခြေခံသင်တန်း တက်တော့ စကားပြောစရာအဖော် အကြီး အကျယ် လိုနေတုန်း နတ်သားက နှစ်လလုံးလုံး သူ့ဆီက ပျောက်သွားတယ်။ နောက်ပိုင်း ပြန်ပေါ်လာတော့ မျက်နှာမှာလည်း အမွေးအမှင် ထူလပျစ်နဲ့၊ ဘာတွေ ဖြစ်လာလဲ၊ ဘာလဲတွေ မေးမနေနဲ့ ဆိုတဲ့ အထာမျိုး၊ ဒါနဲ့ပဲ အူဒီ လည်း မမေးတော့ဘူး။ စနေ တစ်နေ့မှာတော့ နှစ်ယောက်သား အတွင်းခံ ဘောင်းဘီ လေးတွေ ဝတ်ပြီး ခေါင်မိုးထိပ်မှာ ထိုင်နေကြတယ်။ နေရောင် အောက်မှာ ညှိုးခွေခွေ ပုံစံတွေနဲ့ စကားစမြည် ပြောနေတယ်။ အူဒီက မျက်နှာချင်းဆိုင် တစ်ဘက်မှာ ရှိတဲ့ ခေါင်မိုးထိပ်ဆီ လှမ်းကြည့်နေတာ။ ရုပ်သံ ဖမ်းတဲ့ ကေဘယ်ကြိုးတွေ၊ ဆိုလာပြားတွေနဲ့ နောက်က ကောင်းကင် ကြီးကို လှမ်းမြင် နေရတယ်။ ရုတ်တရက် ဆိုသလို အူဒီ့စိတ်ထဲ နတ်သားနဲ့ ပေါင်းလာတာ နှစ်တွေလည်း ကြာပြီ၊ သူ ပျံတာ တစ်ခါမှ မမြင်ဖူးဘူး၊ အတွေး ပေါ်လာတယ်။
“အနည်းအပါးလောက် ပတ်ပျံကြည့်ပါလား...” အူဒီ နတ်သားကို ပြောလိုက်တယ်၊ “ပျံလိုက်ရင်များ နေလို့ထိုင်လို့ အနည်းအပါး ပိုကောင်းသွား မလားလို့။”
အဲမှာ နတ်သားက ပြန်ပြောတယ်၊ “ထားလိုက်ပါကွာ၊ တစ်ယောက် ယောက် မြင်သွားရင် ဘယ်လို လုပ်မတုံး...” တဲ့။
“သူငယ်ချင်း အချင်းချင်းပဲကွာ၊” အူဒီက နားပူနားဆာ ထပ်လုပ် တယ်၊ “အနည်းအပါးလောက်ပါ၊ ငါ့မျက်နှာ ငဲ့လို့ပေါ့ကွာ။”
အူဒီ ဘာပဲ ပြောနေနေ၊ နတ်သားက အာခေါင်ထဲကနေ မသတီစရာ အသံကြီး လုပ်ပြီး နှပ်တွေ၊ ဖြူဖပ်ဖပ် အချွဲသလိပ်တွေ ခြစ်ထုတ်ရင်း ကတ္တရာ ခင်း အမိုးပေါ် ထွေးချတယ်။
“ထားပါတော့လေ၊” အူဒီလည်း သုန်သုန်မှုန်မှုန် ပြောလိုက်တယ်။ “မင်းက ပျံမှ မပျံတတ်တာပဲ၊ လောင်းရဲတယ်။”
“သိပ် ပျံတတ်သပေါ့၊” နတ်သားက ပြန်ပက်တယ်၊ “လူတွေ မြင်ကုန်မှာ စိုးတာ တစ်ခုပဲ၊ အဲဒါကြောင့်။”
သူတို့ရှေ့ အမိုးပေါ်က ကြည့်တော့ အောက်မှာ ကလေးတချို့ ရေပြွတ်ဗုံးတွေ ပစ်ရင်းခတ်ရင်း ကစားနေတာ မြင်နေရတယ်။ “သိလား၊” အူဒီ ခပ်ပြုံးပြုံး ပြောလိုက်တယ်၊ “ငါ ငယ်ငယ်တုန်းကလေ၊ မင်းနဲ့ မတွေ့ခင် တုန်းကပေါ့ကွာ၊ ဟောဒီအမိုးပေါ် တက်တက်လာပြီး အောက်က လမ်းမပေါ် သွားနေတဲ့ လူတွေကို ရေပြွတ်ဗုံးနဲ့ လှမ်းလှမ်းထုတာလေ။ ဟောဟိုက နေကာ အမိုး နှစ်ခုကြားလေးကနေ သူတို့ဆီ တည့်တည့် ချိန်ထုတာပဲ၊” သူ လက်ရန်းကို မှီရင်း ကုန်ခြောက်ဆိုင်နဲ့ ဖိနပ်ဆိုင်ရှေ့ နေကာအမိုး နှစ်ခုကြား ဟနေတဲ့ နေရာ ကျဉ်းကျဉ်းလေးကို လက်ညှိုးထိုးရင်း ရှင်းပြတယ်။ “လူတွေ အပေါ်ဘက် မော့ကြည့်လာကြတယ်၊ ကြည့်ပေမဲ့လို့ သူတို့မြင်တာဆိုလို့ နေကာ အမိုးတွေပဲ။ ရေပြွတ်ဗုံး ဘယ်ကလာမှန်း ဘယ်သူမှ မရိပ်မိဘူး။”
နတ်သားလည်း ထတဲ့ပြီး လမ်းမပေါ် ငုံ့ကြည့်တယ်။ သူ ပါးစပ်ဟ ပြီး တစ်ခုခု ပြောတော့မယ်လို့။ရုတ်တရက် အူဒီက သူ့ကို နောက်က အသာ ဝင်တိုက်လိုက်တော့ နတ်သား ဟန်ချက် ပျက်သွားတယ်။ အူဒီက တော့ သူ့ကို စလိုက်တာ သက်သက်။ နာကျင်စေတော့ရယ် မရည်ရွယ်ဘူး။ အပျော်အပြက် သဘော အနည်းအပါး ပျံပြစေချင်တာ သက်သက်ပဲ။ ဒါပေမဲ့ နတ်သားက ငါးလွှာအမြင့်ကနေ လွင့်ကျသွားပါလေရော။ အာလူးအိတ် တစ်လုံးလိုပဲ။ အူဒီလည်း ကြောင်ခနဲ ဖြစ်သွားရင်းက အောက်ဘက် ငုံ့ကြည့်တယ်။ နတ်သားက လမ်းဘေး စင်္ကြံလမ်းပေါ် တုံးလုံးပက်လက်။ တစ်ကိုယ်လုံး မလှုပ်တော့ဘူး။ လူတစ်ယောက် သေခါနီး ဖြစ်သလိုမျိုး အတောင်ပံတွေလောက်ပဲ အနည်းအပါး လှုပ်စိလှုပ်စိ။ ဒီတော့မှ နောက်ဆုံး မှာ သူ့ကို နတ်သား ပြောခဲ့သမျှ အကုန် အလိမ်အညာတွေမှန်း အူဒီ နားလည် သွားတော့တယ်၊ တကယ်တော့ ဒင်းက နတ်သားတောင် မဟုတ်ဘူး၊ အတောင်ပံတွေ ပါတဲ့ လူလိမ် သက်သက်။

•Etgar Keret ၏ The Bus Driver who wanted to be God မှ The Hole in the Wall ကို ကျော်ဘသစ် မြန်မာဘာသာသို့ ပြန်ဆိုသည်။

#နှင်းဆီဖြူ #ကျော်ဘသစ်
#စာပေအနုပညာ #ဘာသာပြန်

မြင့်သန်း  ။      ။ ချစ်ခြင်းနဲ့ပတ်သတ်လို့ ကျွန်တော့်မှာ အမြင်တစ်ခုရှိတယ်။ ဟိုတုန်းက ဝတ္ထုတိုတစ်ပုဒ်တောင် ရေးခဲ့ဖူးတယ်။ ...
13/05/2024

မြင့်သန်း ။ ။ ချစ်ခြင်းနဲ့ပတ်သတ်လို့ ကျွန်တော့်မှာ အမြင်တစ်ခုရှိတယ်။ ဟိုတုန်းက ဝတ္ထုတိုတစ်ပုဒ်တောင် ရေးခဲ့ဖူးတယ်။ ' ချစ်ခြင်းသည် အပြစ်ကင်း၏ ' ဆိုတာပဲ။ တကယ်‌တော့ အဲဒါက ကျနော့်စကားလုံးစစ်စစ်မဟုတ်ဘူး။ ကျနော်က ဘွိုင်ရွန်တို့ ၊ ကိ(စ)တို့ ကြိုက်တယ်။ အဲဒီစကားလုံးတွေက ဘိုင်ရွန်ရဲ့ Don Juan ထဲက Such Love is innocent ဆိုတာက ရတာ။ တည့်တည့် ဘာသာပြန်ရင်တော့ 'အဲသလိုမျိုးအချစ်ဟာ အပြစ်ကင်းတယ်' လို့ ပြန်ရမှာပဲ။ အဲသလိုမျိုးဆိုတာက အခရာပဲ။ အဲဒါကို ဖော်ချင်တာပဲ။ ကျနော်တို့ခေတ်တုန်းက လူတွေ ဟာ အတော်အမြင်ကျဉ်းတယ်။ ချစ်တယ်နဲ့ကြိုက်တယ် ဆိုတာလည်း မကွဲကြဘူး။ Romantic ဖြစ်တာနဲ့ ချစ်တာ လည်း မကွဲဘူး။ ချစ်ခြင်းရဲ့ သီးခြားရပ်တည်နေနိုင်တဲ့ အနေအထားကို လက်ခံစရာတစ်ခုအနေနဲ့တောင် လက်မခံတတ်ကြသေးဘူး။ ဒီပြင် သံယောဇဉ်ဆိုတဲ့ဟာနဲ့ ရော ထွေးပစ်တတ်ကြသေးတယ်။ သံယောဇဉ်ရှိတာက လမ်း ထိပ်က ကုက္ကိုပင်ကြီးကိုလည်း သံယောဇဉ်ရှိ လို့ရတာပဲ။ ချစ်လို့ သံယောဇဉ်ရှိနေတာမဟုတ်ဘူး။ သံယောဇဉ်ရှိစရာက ' ရှိ ' နေလို့ ရှိထားတာ။ ရှိလိုက်မိတာ ရုပ်အခြေခံ စွဲမက်မှုတစ်မျိုးပဲ။ ဒီတော့လည်း သံယောဇဉ်က ချစ်ခြင်း တစ်စုံတရာကို ဖန်တီးပေးနိုင်သလိုမျိုး ဖြစ်နေတယ်။ ဥပမာ မိဘကပေးစားလို့ ညားတဲ့ လူတွေဟာ ကလေးသုံးယောက်လောက်ရတော့ အတော်ကလေးချစ်လာကြတယ်ဆိုတာမျိုး။ အဲဒါက ခုနကပြောတဲ့ ရုပ်အခြေခံစွဲမက်မှု‌တွေကနေ ရုပ်အခြေခံနှီးနှောမှုဆီရောက်လာပြီး သာယာကြရာက အဲဒီသာယာမှုမှာငြိတွယ်ပြီး သူတို့ အကြားက ဆက်ဆံရေးကို ချစ်ခြင်းပဲလို့ လက်ခံတာ။ တချို့ကလည်း ကိုယ်ကာယချင်း နှီးနှောမှုမှာ အခြေတည် တဲ့ ရလဒ်တစ်စုံတရာကို ချစ်ခြင်းလို့မြင်တယ်။ ဒါက ရေငတ်နေတုန်း ရှာလပတ်ရည်သည် မတွေ့ပဲ ဖရဲသီးသည်နဲ့တွေ့လို့ ဖရဲသီးစားရတာမျိုးပဲ။ အတိုင်းအတာ တစ်ခုအတွင်းက မိမိရဲ့ ကျေနပ်မှုပဲ။ဘိုင်ရွန်တို့၊ ကိ(စ) တို့ ပြောတာ အဲဒါမျိုးမဟုတ်ဘူး။ ချစ်ခြင်းဟာ ချစ်ခြင်း သက်သက်ပဲ။ တစ်ဦးတစ်ယောက်ရဲ့ ကျေနပ်သာယာမှုအတွက် မဟုတ်ဘူး။ အနက် ထပ်မဖွင့်နိုင်တော့ဘူး။ Indefinablity ပဲ။ လူရဲ့ ပြဿနာက ချစ်ခြင်းရဲ့ရှိနေခြင်းကို အသိအမှတ်ပြုထားတဲ့ အတိုင်းအတာက ကျော်ထွက်ဖို့ အားထုတ်တာပဲ။ တစ်နည်းဆိုရရင် အချစ်ခံချင်တာ၊ တခြားသူက ကိုယ့်ရဲ့ချစ်ခြင်းကို အသိအမှတ်ပြုတာကို ခံ ချင်တာပဲ။ တစ်နေရာမှာ ငွေသွားပြီးလှူတုန်း ဓာတ်ပုံအရိုက်ခံပြီး သတင်းစာထဲ၊ ဂျာနယ်ထဲမှာ ပါချင်တာမျိုး။ ချစ် ခြင်းက အဲဒီလိုမျိုးမဟုတ်ဘူး။ သိမှုအခြေခံသက်သက်ပဲ။ အသိအမှတ်အပြုခံရလျှင် အချစ်ခံရတဲ့လူဖြစ်သွားတာဟာ ဘာသာစကားအရပြောရရင် ကံနဲ့ ကတ္တား ကို နေရာချင်း အလဲခံရသလိုပဲ။ တခြားလူက 'ပြုသူ' ဖြစ်သွားပြီး ကိုယ်က 'အပြုခံရာ' ဖြစ်သွားတော့တယ်။ ဒီမှာတင် သီးခြားလူတွေမှာတည်နေတဲ့ လွတ်လပ်ခြင်း ဆိုတာက လူကို ကွေကွင်းသွားတော့တာပဲ။ အင်္ဂလိပ်လို ပြောရင်တော့ Alienated Freedom ပဲ။ တကယ်တော့ လူဟာ သီးခြားဖြစ်ရှိနေတဲ့အတွင်းမှာ ချစ်ခြင်းနဲ့ လွတ်လပ်စွာအတူနေနိုင်တာပဲ။ အဲဒါက ရိုးသားတဲ့ ချစ်ခြင်းပဲ။ သိမှုပဲ။ ဟိုးတုန်းက ဆရာခမ်းလိက်ရေးတဲ့ သီချင်းတစ်ပုဒ်ထဲကလို `တကယ်ပါမေရယ် ကိုယ်က တော့ ချစ်တာတစ်ခုတည်း သိတယ်` ဆိုတာမျိုး။ `သိ တယ်’ လို့ ဆိုတာ သတိထားကြည့်စေချင်တယ်။ ဆရာ ခမ်းလိက်ရဲ့ အရေးဘာသာစကားအရ ဖော်ထုတ်ထား တဲ့ တချို့ချစ်ခြင်းတွေဟာလည်း အပြစ်ကင်းတဲ့ အချစ် တွေကို ဖော်ထုတ်တင်ပြထားတာပဲ လို့ ကျွန်တော်တော့ မြင်တယ်။

-ကျော်ဇောခိုင်မေးပြီး မြင့်သန်းဖြေသည်
[မြင့်သန်းနှင့် အမေးအဖြေ (သို့) အစားထိုးထားသော ဘဝအတွက် စကားလုံးများ မှကောက်နုတ်]

#မြင့်သန်း #ကျော်ဇောခိုင်
#နှင်းဆီဖြူ #စာပေအနုပညာ

Address


Alerts

Be the first to know and let us send you an email when Hninn Si Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share