
18/01/2025
မိုက်ခဲကျောက်ပွင့်
#မင်းသိင်္ခ
အခန်း ၂
*ပယင်းဒုတ္ထာ ထုချေလွှာ
တစ်နေ့သ၌ အင်းစိန် စီအိုင်ဒီဝင်း
အတွင်းရှိ စုံထောက်မင်းကြီး မစ္စတာ
ဟာဒီ၏ ရုံးခန်း၌ ကျွန်ုပ်အပါအဝင်
စုံထောက်အရှိကြီးများ အား တန်းစီစေ
လျက် မစ္စတာဟာဒီသည် ဆူပူကြီးမောင်း
နေလေ၏။ ၎င်းသည် လက်ကိုနောက်ပစ်
လျက် ကျွန်ုပ်တို့ရှေ့တွင်
ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း
အောက်ပါအတိုင်း ပြောလေ၏။
“မောင်မင်းတို့ … အလကားပဲ အသုံးမကျတဲ့ အမှိုက်တွေပဲ၊
စီအိုင်ဒီမှာ
လခထုတ်ယူပြီး ကောင်းကောင်း အလုပ်
မလုပ်ကြဘူး။ အားလုံးညာနေကြတယ်။
အမှုတွေဟာ တစ်ခုပြီး တစ်ခုဖြစ်နေပြီ၊
တရားခံလဲ တစ်ယောက်မှ မမိသေးဘူး။
သိပ်ပြီးရှက်ဖို့ ကောင်းတယ်။ ရန်ကုန်
ပုလိပ်မင်းကြီး မစ္စတာစတီးဝပ်က ကျွန်ုပ်
ကိုနောက်ပြောင်နေတယ်။ သူဟာ ပုလိပ်
မင်းကြီး ရာထူးကထွက်ပြီး စီအိုင်ဒီမှာ
စုံထောက် လုပ်ချင်တယ်တဲ့ ။ ဘာဖြစ်လို့
လဲဆိုတော့ စီအိုင်ဒီမှာ စုံထောက်လုပ်ရ
တာ သိပ်ပြီး သက်သာတာပဲလို့ ပြောနေ
တယ်။ အဲ့ဒီတော့ မောင်မင်းတို့ အားလုံး
သုံးရက်အတွင်း ကျွန်ုပ်ဆီကို စာတင်
ကြပါ။ ဘယ်လိုစာတင်ရမလဲဆိုရင် အမှု
များ ပေါ်ပေါက်အောင် မလုပ်နိုင်ခြင်းအတွက် မောင်မင်းတို့ အား အဘယ်
ကြောင့် ရာထူးမချပစ်သင့်ကြောင်းကို
အဲဒီစာမှာ ကောင်းကောင်း ရေးခဲ့ပါ"
စုံထောက်မင်းကြီးသည် ဤသို့လျှင်
ကျွန်ုပ်တို့ အား ဆူပူကြိမ်းမောင်းပြီး
နောက် သူ၏ ရုံးခန်းအတွင်း မှ မောင်း
ထုတ်ပစ် လိုက်လေတော့၏။ ကျွန်ုပ်တို့
လည်း စုံထောက်မင်းကြီး၏ ရုံးခန်း
အတွင်းမှ ထွက်လာကြပြီးလျှင်
အချင်းချင်းတိုင်ပင်
ဆွေးနွေးကြရကုန်၏။
ကျွန်ုပ်က ကျွန်ုပ်၏ မိတ်ဆွေစုံထောက်
အရာရှိ ဦးကိုကိုကြီးအား
“ဦးကိုကိုကြီးရေ၊ မစ္စတာဟာဒီက ဘာ
စာတွေ တင်ခိုင်းတာတုံးဗျ” ဟု မေးမိ
လေ၏။ ထိုအခါ ဦးကိုကိုကြီးက"ဦးအောင်သင်းကလဲဗျာ၊ ပုလိပ်လုပ်
နေပြီးတော်တော်အတဲ့ လူပဲ၊ သူရေးခိုင်း
တဲ့ စာက ရှင်းနေတဲ့ ဥစ္စာပဲဗျာ၊ ဘာကြော
င့် ရာထူးမချသင့်ကြောင်း သေသေချာချာ
ရေးပြရမယ်ဆိုတော့ ထုချေလွှာ တောင်း
တာပေါ့ဗျာ၊ ကျုပ်တို့ ကိုအပြစ်ရှာပြီး
ရာထူးတစ်ဆင့် ချလိမ့်မယ်ပေါ့ဗျာ” ဟု
ပြောမှပင် ကျွန်ုပ်လည်း နေရင်းထိုင်ရင်း
နှင့် ထုချေလွှာ အတောင်းခံရကြောင်းကို
ရိပ်စားမိလေတော့၏။ စုံ ထောက်အောင်
မြင့်ကမူ စာရွက်တစ်ရွက်ကို ထုတ်ယူ၍
စားပွဲ၌ ထိုင်ကာ စာတစ်စောင်ကို ကုန်း၍
ရေးသားနေလေ၏။ ထို့ကြောင့် ဦးကိုကို
ကြီးက ..
“ကိုယ့်လူပြောစမ်းပါဦးဗျာ၊ ဘာစာတွေ
များ ရေးတာလဲ" ဟု ဦးကိုကိုကြီးကထပ်၍ မေးလိုက်ရာ ကိုအောင်မြင့်က
“ထုချေလွှာဆိုဗျ၊ အဲဒါရေးနေတာပေါ့
ဗျာ” ဟု ပြန်၍ ပြောလျှင် ဦးကိုကိုကြီးက
“သုံးရက်အတွင်း တင်ရမယ်လို့ပြော
တာပါဗျာ၊ အချိန်တွေလည်း အများကြီးရှိ
ပါသေးတယ်၊ ခင်ဗျားကတော့ သည်းကို
သည်းတယ်”ဟု ပြော လိုက်လေ၏။
“မလုပ်နဲ့ ဦးကိုကိုကြီးရေ၊ အမှုတွေမ
ပေါ်လို့ မင်းကြီးက ထုချေလွှာတောင်း
တာဗျ၊ အဲဒီမှာ ကျုပ်တို့ က နောက်ကျပြီး
မှ ထုချေလွှာတင်ရင်တော့ သူကသည်းခံ
မှာ မဟုတ်ဘူး နော်၊ တစ်ခါတည်းကို
အလုပ်ထုတ်ပစ်လိမ့်မယ် ထင်တယ်၊ ဒါ
ကြောင့် ကြိုးကြိုးစားစား ရေးနေတာဗျို့”
ဟု ဆိုကာ စုံထောက်ကိုအောင်မြင့်သည်
စာကိုဆက်၍ ရေးနေလေ၏။ ဦးကိုကို
ကြီးလည်း ထိုအခါကျမှ ပင်
“ကိုအောင်မြင့် ပြောတာလဲမဆိုးဘူးဗျ၊
ထုချေလွှာကလေးတော့ စောစောတင်
ထားမှ ထင်တယ်၊ ကဲ ကိုအောင်မြင့်ရယ်၊
ခင်ဗျားကလည်း တစ်ယောက်တည်း မ
လုပ်စမ်းပါနဲ့ ၊ ကျုပ်တို့ လဲ အခုပဲရေးမှာ
ပါ၊ ခင်ဗျားရေးထားတာကလေးလဲ နမူ
နာယူသင့်ရင် ယူရအောင် ကျုပ်တို့ ကိုလဲ
ပြစမ်းပါဦး” ဟု ပြောဆိုကာ စုံထောက်ကို
အောင်မြင့်၏ စာရေးလက်စ စာရွက်ကို
ဆွဲယူ၍ ကြည့်လေတော့၏။ ထိုအချိန်၌
ဘိလပ်ပြန် ဆရာစိန်၊ စုံထောက် ကိုစိန်
လှ၊ ကိုတင်ဝင်းနှင့် ကျွန်ုပ်က
“ဒီမှာ ဦးကိုကိုကြီး၊ တစ်ယောက်တည်း
တော့ ကျိတ်ပြီးမဖတ်နဲ့ ဗျာ၊ အသံထွက်ပြီး ဖတ်စမ်းပါ၊ ကျုပ်တို့ လဲ ကြားရတာ
ပေါ့" ဟု ဝိုင်း၍ ပြောသဖြင့် ဦးကိုကိုကြီး
က ၎င်း၏ ဆူးဖြိုးသော ဝမ်းဗိုက်ကြီးကို
လက်ဖြင့်နှိပ်ရင်း အားရပါးရ ရယ်လေ
တော့၏။
“ဘာတွေရယ်နေတာလဲဗျ၊ ကျယ်ကျယ်
လေး ဖတ်စမ်းပါဗျာ”ဟု စုံထောက်ကိုစိန်
လှက စိတ်မရှည်သော လေသံဖြင့် ပြော
လိုက်လေ၏။
“ကဲ ကဲ၊ ခင်ဗျားတို့ ဒါလောက်ကြားချင်
မှတော့ ကျုပ်တို့ ရဲ့ စုံထောက်
စာရေးဆရာကြီး ကိုအောင်မြင့်ရဲ့
ထုချေလွှာကလေးကို ဖတ်ပြရတာပေါ့ဗျာ၊
ဒါပေမယ့် ခင်ဗျားတို့ အားလုံး ကတိတစ်ခု
ပေးရမယ်၊ အဲဒီကတိက ဘာလဲဆိုတော့
လုံးဝမရယ်ရဘူးဆိုတဲ့ ကတိပဲ၊ အိုင်ဆေး ကိုတင်ဝင်း၊ အထူးသဖြင့် ခင်ဗျားမရယ်ဖို့
တောင်းပန်ပါတယ်” ဟု ဆိုကာ ဦးကိုကို
ကြီးသည် ‘အဟမ်း အဟမ်း' ဟု ချောင်း
ဟန့်ပြီးလျှင်
အသံနေအသံထားဖြင့်
စုံထောက်ကိုအောင်မြင့် ရေးသားထား
သော ထုချေလွှာကို အောက်ပါအတိုင်း
ဖတ်ပြလေတော့၏။
“အဟမ်း အဟမ်း၊ ရွှေတွင်း၊ ငွေတွင်း၊ ပယင်း၊ ဒုတ္ထာ၊ လက်နက်စကြာသခင်
ဗြိတိသျှနေမဝင်ဘုရင်မင်းမြတ်နှင့်
မြန်မာနိုင်ငံဘုရင်ခံမင်းမြတ်တို့
ဆယ်ဖြာ ပန်ထွာဦးတင်၍ စီအိုင်ဒီ
အရှင်သခင် မစ္စကာဟာဒီအား ကျွန်တော်
မျိုးစုံထောက်အရာရှိ မောင်အောင်မြင့်ကရိုသေစွာ လျှောက်ထားအစီရင်ခံအပ်သည်
မှာ ၊ ဟား ဟား ဟား ....”
ဦးကိုကိုကြီးသည် ကိုအောင်မြင့်၏ စာ
ကို ဆက်၍ မဖတ်တော့ဘဲ အားရပါးရ
ရယ်လေတော့၏။ ကျွန်ုပ်တို့ မှာ လည်း
၎င်း၏ နည်းတူ ‘တဟား ဟား’ နှင့်
ရယ်မောကြကုန်၏။ စုံထောက်ကိုအောင်
မြင့်လည်း ဦးကိုကိုကြီး၏ လက်တွင်းမှ
စာရွက်ကို ‘ဆတ်'ကနဲ ဆွဲယူပြီးလျှင်
“ခင်ဗျားတို့ မကောင်းဘူးဗျာ၊ ဒါနောက်
စရာလားဗျ၊ အပျင်းပြေလုပ်တဲ့ ကိစ္စ
မဟုတ်ဘူး ၊ ထမင်းအိုးဗျ၊ ထမင်းအိုး”ဟု
ပြောလေ၏။
ထိုအခါ ဦးကိုကိုကြီးက
“စိတ်မဆိုးပါနဲ့ ကိုအောင်မြင့်ရယ်၊
ထမင်းအိုးမှန်းတော့ ကျုပ်တို့ လဲသိပါ
တယ်၊ ဒါပေမယ့် ကိုယ့်လူဥစ္စာက
ထုချေလွှာနဲ့ မတူဘူးဗျ၊ ရွှေတွင်းငွေတွင်း ပယင်း၊ ဒတ္ထာတွင်းတွေနဲ့
နဘေလိုလို လေးလုံးစပ်လိုလို ရေးထား
လေတော့ ဇာတ်စာလိုဖြစ်နေတယ်၊ ဇာတ်
စာတောင်မှ ခမ်းခမ်းနားနား ဇာတ်မျိုးက
မဟုတ်ဘူး ဗျ၊ လမ်းစရိတ်ပြတ်ပြီး
သာလာယံဇရပ်မှာ သောင်တင်နေတဲ့ ခပ်
ညံ့ညံ့ ဗလာဇာတ်က ဇာတ်စာမျိုးဗျ၊ အဲဒီ
တော့ သိတဲ့ အတိုင်းပဲဗျာ၊ စီအိုင်ဒီက
လည်း အရယ်ပိုင်တဲ့ လူတွေ စုထားတာ
ဆိုတော့ ကိုယ့်လူဟာကြီးကို ဝိုင်းပြီး ရယ်
ကြတာပေါ့၊ အချင်းချင်းပဲဗျာ၊ စိတ်မဆိုး
ပါနဲ့ ”ဟု
တစ်လုံးချင်း
အေးအေးဆေးဆေး ပြောလိုက်ရာ ကျွန်ုပ်
တို့ မှာ ထပ်၍ ရယ်ရပြန်လေ၏။
ကိုအောင်မြင့်မှာ မူ
“ခင်ဗျားတို့ အဲဒါကြောင့် သိပ်ခက်တာ
ပေါ့၊ သူများ အလုပ်လုပ်တာကို ကြည့်ပါရ
စေ၊ နမူနာ ယူပါရစေဆိုပြီး ကြည့်လဲ
ကြည့်ရဲ့ ၊ ပြီးတော့လဲ အကောင်း မပြော
ချင်ဘူး၊ လှောင်လား ပြောင်လား လုပ်
သေးရဲ့ "ဟု ပြောဆိုကာ ၎င်း၏ စာရွက်
ကိုခေါက်၍ အိတ်အတွင်းသို့ ထည့်
လိုက်လေတော့၏။
ဦးကိုကိုကြီးမှာ မူ စပ်ဖြဲဖြဲမျက်နှာနှင့်
ကိုအောင်မြင့်အား ကြည့်ကာ
“ခင်ဗျာဆိုတဲ့ လူက တော်တော်ခွကျတဲ့
လူပဲ၊ ကျုပ်တို့ စီအိုင်ဒီများက တစ်ရက်တလေနေမကောင်းလို့
ခွင့်တိုင်ရင်တောင် ခွင့်စာကို မြန်မာလိုရေးလို့ရ
တာမှ မဟုတ်ပဲဗျာ၊ အခုခင်ဗျားရေးထား
တဲ့ ရွှေတွင်း၊ ငွေတွင်း ထုချေလွှာကြီးကို
စုံထောက်မင်းကြီးက ဆွဲဆုတ်ပစ်လိမ့်မယ်”ဟု ပြောလေ၏။
“ဆုတ် ဆုတ်ဗျာ၊ ခင်ဗျားတို့ အပူ မပါ
ဘူး"ဟု ဆိုကာ ကိုအောင်မြင့်သည် ကျွန်ုပ်
တို့ ရှိရာအခန်းမှ ထွက်သွားပြီးလျှင်
အခြားအခန်း၍ ၎င်းစာကို ဆက်၍ ရေး
နေလေတော့၏။
“တော်တော်ရယ်ဖို့ ကောင်းတဲ့ လူပဲ”
ဟု ဦးကိုကိုကြီးက လှမ်း၍ နောက် လိုက်
လေ၏။ ထိုအချိန်၌ ပင် ကျွန်ုပ်တို့ စီအိုင်ဒီ
ရုံးမှ ပြာတာစံဝင်း ရောက် လာပြီးလျှင်
“ရယ်မနေနဲ့ ဆရာတို့ ၊ မင်းကြီးက ခေါ်
ခိုင်းလိုက်တယ်” ဟု ပြောလေ၏။ ဦး
ကိုကိုကြီးသည် ကျွန်ုပ်ဘက်သို့လှည့်
“အိုင်ဆေး ဦးအောင်သင်း၊ ကျုပ်တို့ က
လူချောလူလှတွေ မဟုတ်လားဗျ၊ ဒါကြောင့် မင်းကြီးက ခဏခဏခေါ်ပြီး အလှကြ
ည့်နေတာဗျ”ဟု ပြောလေ၏။ ထိုအခါ၌
ပြာတာစံဝင်းက...
“ခင်ဗျားတို့ ကိုခေါ်တာ အကောင်းခေါ်တာ မဟုတ်ဘူး ၊ အလုပ်ဖြုတ်မလို့ခေါ်
တာ”ဟု ပြောလိုက်ရာ ကျွန်ုပ်တို့ အားလုံး
က “ဝါး”ကနဲ့ ရယ်မောကြလေ၏။ ဦးကိုကို
ကြီးကမူ ၎င်း၏ ကြီးမားသော လက်ဝါး
ကြီးဖြင့် ပြာတာစံဝင်း၏ မျက်နှာကို
ကပ်၍ ပြပြီးလျှင်
“ခွေးကောင်၊ ငါ့လက်ဝါးကြီးနဲ့ ရိုက်
လိုက်ရရင် ရွှေခုနစ်ဆက်စာ မထည့်နိုင်ပဲ
ဖြစ်သွားတော့မယ်"ဟု ပြောလိုက်ရာ စံ
ဝင်းလည်း ပြေးလေတော့၏။ ထို့နောက်
တွင် ကျွန်ုပ်တို့ အားလုံးသည်
စုံထောက်မင်းကြီး မစ္စတာဟာဒီ၏ ရုံးခန်းဆီသို့ ဒုတိယအကြိမ်မြောက် အဆူခံ
ရန် သွားကြရလေတော့၏။
ရုံးခန်းအတွင်းသို့ရောက်သည် နှင့်
တစ်ပြိုင်နက် မစ္စတာဟာဒီက
“မောင်မင်းတို့ ကျွန်ုပ်ရေးခိုင်းတဲ့ စာကို
မရေးပဲ ဘာဖြစ်လို့ ရယ်နေကြတာတုံး၊
အလုပ်ကိုလဲ ကောင်းကောင်း မလုပ်ဘူး၊
ကျွန်ုပ်ခိုင်းတာကိုလဲမလုပ်ချင်ဘူး၊
မောင်မင်းတို့ တစ်ခါတည်း အလုပ်ပြုတ်
ချင်သလား” ဟု ကြိမ်းလေတော့၏။
ထို့နောက် မစ္စတာဟာဒီသည် ကျွန်ုပ်တို့
၏ မျက်နှာများကို တစ်ယောက်ချင်း
သေချာစွာ လိုက်၍ ကြည့်လေ၏။ ထိုသို့
ကြည့်ပြီးနောက် ...
“ဟို မျောက်သတ္တဝါလိုကောင် ဘယ်
ရောက်သွားပြီလဲ၊ ကျွန်ုပ်အခေါ်ခိုင်းတာကို မလာဘူးလား" ဟု.. ပြောဆိုကာ
ပြာတာစံဝင်းအား စုံထောက်ကိုအောင်မြ
င့် ကိုခေါ်ခဲ့ရန် စေခိုင်း လိုက်လေတော့၏။
များ မကြာမီ၌ ပင် စုံထောက်ကိုအောင်
မြင့် ရောက်ရှိ လာလေတော့၏။
“ဟေ့ မျောက်သတ္တဝါလိုကောင်၊ ကျွန်ုပ်
ခေါ်တာကို ဘာဖြစ်လို့မလာရတာတုံး” ဟု
မစ္စတာ ဟာဒီက စုံထောက်ကိုအောင်မြင့်
ကြိမ်းမောင်းနေလေတော့၏။
စုံထောက်ကိုအောင်မြင့်လည်း
ပျာပျာသလဲအမူအရာနှင့် ...
“မ မဟုတ်ပါဘူးသခင်၊ သခင်ရေးခိုင်း
တဲ့ စာကို ဟိုဘက်အခန်းမှာ သွားရေးနေ
လို့ သခင် ခေါ်တာကို မသိတာပါ” ဟု
ပြောလေ၏။
မစ္စတာဟာဒီက
“ကျွန်ုပ်ရေးခိုင်းတဲ့ စာကို မောင်မင်း
ရေးနေပြီလား” ဟု မေးလေ၏။
“ဟုတ်ပါတယ်သခင်၊ ရေးနေပါပြီ” ဟု
ကိုအောင်မြင့်က ပြောလေ၏။
“ဂွတ်၊ မောင်မင်းဟာ ကျွန်ုပ်ကို
လေးစားတယ်၊ ဒါဟာ ကောင်းတာပဲ၊
ဒီမှာ ရပ်နေတဲ့ ကောင်တွေကတော့ မြည်း
သတ္တဝါတွေလိုပဲ၊ ဝက်တွေလိုပဲ၊ ငရဲ
ကောင်တွေလိုပဲ၊ ဘာမှ အသုံးမကျဘူး၊
မောင်မင်းရေးတဲ့ စာကို အခုဖတ်ပြစမ်း”
ဟု မစ္စတာဟာဒီက ပြောလေ၏။
ထို့ကြောင့် စုံထောက်ကိုအောင်မြင့်
လည်း ကြိုးစားပမ်းစားရေးထားသော ရွှေ
တွင်း ငွေတွင်း အစရှိသည့် ၎င်း၏
ထုချေလွှာကြီးကို မစ္စတာဟာဒီအားဖတ်
ပြလေ၏။ မစ္စတာဟာဒီသည် စုံထောက်
ကိုအောင်မြင့်၏စာကို လွန်စွာ
သဘောကျသွားလေ၏။
သို့ရာတွင် အောက်ပါအတိုင်း ပြောပြန်
လေ၏။
“ရွှေတွင်းငွေတွင်းဘဲရီးဂွတ်၊
ပယင်းဆိုတဲ့ စကားဟာ အမ်းအားကို
ပြောတာလား" ဟု မေးလေ၏။ စုံထောက်
ကိုအောင်မြင့်ကလည်း ..“ဟုတ်ပါတယ်
သခင်” ဟု ပြောလေ၏။ ထိုအခါ မစ္စတာ
ဟာဒီက
“ဒုတ္ထာ၊ ဝှပ်အစ်(စ်)ဒုတ္တာ၊ ဘာကိုပြော
တာလဲမောင်မင်း၊ တုတ်ကိုပြောတာလား”
ဟု မေး လေ၏။
ကျွန်ုပ်တို့ အားလုံးမှာ ရယ်ချင်စိတ်ကို
ကြိတ်မှိတ်၍ မျိုသိပ်နေရလေ၏။ အ
ရယ်သန်သော ဦးကိုကိုကြီးမှာ မူ နှုတ်ခမ်းကြီးကို ကိုက်လျက် ရှုတည်တည်ကြီး
လုပ်၍ နေလေတော့၏။ မစ္စတာ ဟာဒီ
ကမူ စုံထောက်ကိုအောင်မြင့်အား
“လူကလေး ပြောလေ၊ ကျွန်ုပ်မေးတာ
ကိုပြောလေ၊ ဝှပ်အစ်(စ်)သည် မီးနင်း
အော့(ဖ်) ဒုတ္ထာ (ဒုတ္ထာဆိုတာ ဘာ
အဓိပ္ပါယ်လဲ) ဟု ထပ်၍ မေးပြန်လေ၏။
စုံထောက် ကိုအောင်မြင့်မှာ မူ ခေါင်းကို
ကုတ်လျက်
“ဒုတ္ထာဆိုတာ၊ ကော်ပါးဆာလဖိုဒ်ကို
ပြောတာပါသခင်” ဟု ဖြေ လိုက်လေ၏။
“အိုး ကော်ပါးဆာလဖိုဒ်က ဘာမှ အဖိုး
မတန်ဘူး၊ ကော်ပါးကို ဆာဖြူရစ်အက်
ဆစ်မှာ ထည့်လိုက်ရင် ကော်ပါးဆာလဖို
က်ဖြစ်တာပဲ၊ ဘာဖြစ်လို့ စာထဲမှာ ထည့်
ပြီး ရေးရတာတုံး” ဟု မစ္စတာဟာဒီကမေးလေ၏။ စုံထောက်ကိုအောင်မြင့်မှာ
အဖြေရကျပ်နေလေ၏။ ကျွန်ုပ်မှာ လည်း
ရယ်ချယ်စိတ်များ
တဖွားဖွားဖြစ်ပေါ်
လျက်ရှိလေ၏။ ဦးကိုကိုကြီးမှာ မူ ရယ်
ချယ်စိတ်ကို ဇွတ်မှိတ်၍ မျိုသိပ်ထားရ
သောကြောင့် ၎င်း၏ မျက်နှာကြီးတစ်ခု
လုံးသည် နီမြန်း၍ လာလေတော့၏။
မစ္စတာဟာဒီကလည်း စုံထောက်ကို
အောင်မြင့်အား
“လူကလေး၊ … ကျွန်ုပ်မေးတာကိုပြော
လေ၊ ကော်ပါးဆာလဖိုဒ်ကို ဘာဖြစ်လို့
စာမှာ ထည့်ပြီး ရေးရတာတုံး” ဟု မေး
လေ၏။
ဒီလိုပါသခင်၊ ကျွန်တော်မျိုးတို့ ဟာ
ဘုရင်မင်းမြတ်ကို စာရေးလို့ရှိရင် အဲဒီလို
ရေးရပါတယ်” ဟု ပြောလိုက်ရာ မစ္စတာဟာဒီက
“မောင်မင်းတို့ ဘုရင်ဟာ ကော်ပါးဆာ
လဖိုဒ်ကို သိပ်ပြီးအဖိုးတန်တယ်လို့ ထင်
နေတယ်၊ သနားဖို့ ကောင်းတယ်၊ ထားပါ
တော့ ထားပါတော့။ မောင်မင်းရဲ့ စာမှာ
လက်နက်စကြာဆိုတဲ့ စကားပါတယ်၊
လက်နက်ဆိုတဲ့ စကားကို ကျွန်ုပ်
ကောင်းကောင်း သိတယ်၊ အမ်းစ် (Arms)
ကို ပြောတာ မဟုတ်လား၊ စကြာဆိုတာ
ဘာလဲ၊ ဝှပ် စကြာ’ မကောင်းတဲ့ စက်ကို
ပြောတာလား၊ အများကြီးကြာတဲ့ စက်ကို
ပြောတာလား၊ ကျွန်ုပ်ကိုရှင်းပြပါ” ဟု
မေးလေ၏။ ကျွန်ုပ်တို့ မှာ လွန်စွာရယ်ချင်
လှပြီ ဖြစ်၏။ စုံထောက်ဦးကိုကြီးမှာ မူ
ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပြီဖြစ်၍ ခွီး ခွီး နှင့် ကျိတ်၍ ရယ်နေရာ မှာ ‘ခွီး ခွီး ခွီး ခွီး' ဟု ရယ် လိုက်လေတော့၏။
မစ္စတာဟာဒီလည်း ဦးကိုကိုကြီးကို
လှမ်းကြည့်လိုက်ပြီးနောက်
“လူကလေး ဘာကိုရယ်တာလဲ၊ စကြာ
ဆိုတာ ရယ်စရာကောင်းတဲ့ စကားလား၊
မောင်မင်း ရှေ့ကိုလာခဲ့စမ်း၊ အဓိပ္ပါယ်
ပြောပါ” ဟု ဆိုသဖြင့် စုံထောက်ဦးကိုကို
ကြီးလည်း ရှေ့သို့တိုး၍ သွားပြီးလျှင်
“ရယ်စရာ စကားမဟုတ်ပါဘူး၊ စကြာ
ဆိုတာ ဆွ(စ်)တိကကိုခေါ်ပါတယ်၊ ပုံနဲ့
ရေးပြီးပြမှ ကောင်းပါတယ်” ဟု ဆိုကာ
စာရွက်ကိုထုတ်၍ စကြာပုံကို ရေးပြ
လေ၏။ ထိုအခါ၌ မစ္စတာဟာဒီက…
“အိုး … နာဇီဟစ်တလာရဲ့ … တံဆိပ်ပဲ၊
ကျွန်ုပ်တို့ ဗြိတိသျှလူမျိုးနဲ့ ဘာမှ
ပတ်သက်ဘူး၊ လူကလေးပြောတာ ဒီဥစ္စာပဲ”ဟု ဆိုကာ၎င်း၏ ရုံးခန်းတွင် ချိတ်ဆွဲ
ထားသော … နာဇီဆန့်ကျင်ရေး ပိုစတာ
ကားချပ်ကြီးမှ စကြာတံဆိပ်ကို ညွှန်ပြ
လေတော့၏။
“ဟုတ်ပါတယ် သခင်၊ မြန်မာစကားမှာ
ဒီလိုပဲရေးရပါတယ်၊ ရှေးတုန်းကတည်း
ဒီလိုပဲရေးခဲ့ပါတယ်၊ မြန်မာရှင်ဘုရင်ဟာ
အဲဒီလိုရေးရင် သဘောကျပါတယ်” ဟု
ဦးကိုကိုကြီးကပြောလိုက်၏။
“မောင်မင်းတို့ မြန်မာဘုရင်ဟာ ဒီ
တံဆိပ်ကို ဟစ်တလာထက် အလျင်စော
ပြီး အသုံးပြုခဲ့တာကိုး”ဟု မစ္စတာဟာဒီ
က ပြောလေ၏။ ဦးကိုကိုကြီးမှာ လည်း
ဆက်လက်၍ ရှင်းမပြတတ်သဖြင့် “ရက်
စ်ဆာ"ဟု ပြော လိုက်လေ၏။
“ဘာပဲဖြစ်ဖြစ် ကျွန်ုပ်ဟာ လူကလေး မောင်အောင်မြင့်ကို သဘောကျတယ်၊
ကျွန်ုပ်တို့ ရဲ့ ကင်း(ဘုရင်)ကိုလဲ
အရိုအသေပြုထားတယ်၊ ကျွန်ုပ်ကို စီအိုင်
ဒီ အရှင်သခင်ဟာဒီတဲ့ ၊ အလွန်ကောင်း
တယ်၊ မောင်မင်းတို့ လဲ ကျွန်ုပ်ပြောတဲ့
စာကိုရေးပါ။ သွားကြ သွားကြပါတော့၊
စာရေးခဲ့ကြ၊ ကော်ပါးဆာလဖိုဒ် ဆိုတာ
ကိုတော့ ထည့်ဖို့ မလိုဘူး၊ နာဇီတံဆိပ်လဲ
မထည့်ပါနဲ့ ၊ ကောင်းကောင်း ရေးခဲ့ကြ
ပါ"ဟု ပြောဆိုကာ ကျွန်ုပ်တိုအား၎င်း၏
ရုံးခန်းအတွင် မှ ဒုတိယမြောက်
နှင်ထုတ် လိုက်လေတော့၏။ စုံထောက်
ကိုအောင်မြင့်ကိုမူ မစ္စတာဟာဒီက ခေါ်၍
ထားလေ၏။ ကျွန်ုပ်တို့ လည်း အပြင်သို့
ရောက်သည့်အခါ၌ မင်းကြီး၏ ရုံးခန်း
နှင့် ဝေးရာသို့ သွားပြီးလျှင် အားရပါးရ
ရယ်မောကြလေတော့၏။
“ရယ်ချင်လိုက်တာ ကိုအောင်သင်းရာ၊
ဟိုလူကလဲ ပေါက်တက်ကရတွေ
လျှောက်ရေးပြီး မင်းကြီးကို မျက်နှာလုပ်
တယ်၊ မင်းကြီးကလဲ ဘာတွေလျှောက်
မေးမှန်းမသိဘူး"ဟု ဆိုကာ ဦးကိုကိုကြီး
က ပြောလေ၏။ ထိုအခါ၌ စုံထောက်ကို
တင်ဝင်းက
“အဲဒါ အရေးမကြီးဘူး ဦးကိုကိုကြီးရဲ့ ၊
ကျုပ်တို့ လဲ ရေးမှ ဖြစ်မယ်” ဟု ပြော
လေ၏။
“ရေးတော့ရေးပေါ့ ကိုယ့်လူရာ၊ ဒါပေမ
ယ့် ကော်ပါးဆာလဖိုဒ်တော့ မထည့်နဲ့
နော်" ဟု ဦးကိုကိုကြီးက ပြောလိုက်ရာ
ကျွန်ုပ်တို့ မှာ ‘ဝါး'ကနဲ ရယ်မောကြရလေ
တော့၏။
ဤသို့လျှင် ကျွန်ုပ်တို့ ရယ်မော၍ နေ
ကြလေ၏။ နာရီဝက်ခန့်ကြာသောအခါ၌
စုံထောက် ကိုအောင်မြင့်သည် မင်းကြီး၏
ရုံးခန်းမှ ထွက်၍ လာလေတော့၏။
ထိုအခါ၌ ဦးကိုကိုကြီးက
“ဟိုမှာ ဟိုမှာ လာပြီ၊ ကော်ပါးဆာလဖို
ဒ် ဆရာ” ဟု ပြော လိုက်လေ၏။
ကျွန်ုပ်တို့ အနီးသို့ ကိုအောင်မြင့်
ရောက်လာသည့် အခါ၌ လည်း ဦး
ကိုကိုကြီးကပင်
“ဘယ်ကိုလဲ ကော်ပါးဆာလဖိုဒ်ရဲ့ ၊
မစ္စတာဟာဒီက ခင်ဗျားကို ဘာတွေပြော
နေတာတုံး၊ ကြာလှချည်လား" ဟု မေး
လိုက်လေ၏။
“ကျုပ်ရေးတဲ့ ထုချေလွှာကို သိပ်ပြီး
တော့ သဘောကျတယ်တဲ့ ၊ မကြာခင်မှာပုလိပ်အဖွဲ့မှာ ဌာနတစ်ခု ဖွင့်လှစ်ဖို့ ရှိ
တယ်တဲ့ ၊ အဲဒီဌာနက ဝါဒဖြန့်မယ့်ဌာန
တဲ့ ၊ အဲဒီဌာနမှာ ကျုပ်ကိုခန့်မယ်တဲ့ "
ပြောလေသည် ။
“ဟား ဟား ဟား ဟား ဟား ခင်ဗျားရဲ့
ပယင်း ဒုတ္ထာ ထုချေလွှာကြီးကတော့
ခင်ဗျားကို ကောင်းကောင်း ကြီး မစပြီ
ပေါ့။ ခင်ဗျားကလဲ မတရားသဖြင့်
မြှောက်လား မြှောက်ရဲ့ ၊ ဟိုမျက်နှာဖြူက
လည်း ခင်ဗျားမြှောက်တိုင်း မြောက်လေရဲ့
ဘုန်းကြီးရူးနဲ့ လှေလူးဆိုတာ ဒါမျိုး
ပေါ့"ဟု ဦးကိုကိုကြီးက ပြောဆိုရယ်မော
လေတော့၏။
“အဲဒါ ခင်ဗျားတို့ ခက်တာပေါ့၊ ကြီးပွား
ဖို့ ဆိုတာ ဒီလိုပဲအကွက်ချောင်းပြီး နေရာ
ယူရတယ်ဗျ၊ ရိုးရိုးစင်းစင်းကြီး လုပ်နေလို့ ရတာ မဟုတ်ဘူး ၊ အခုဖွင့်မယ့် ဝါဒဖြန့်
တပ်ဖွဲ့မှာ ဝန်ထောက်ရာထူး ဆိုတာ
အငယ်ဆုံးပဲ၊
အဲဒီတော့ ကျုပ်ဟာ
ဘယ်လိုပဲဖြစ်ဖြစ် ရာဇဝတ်ဝန်ထောက်
ဖြစ်ဖို့ ကတော့ မြေကြီး လက်ခတ်မလွဲဘူး
ဦးကိုကိုကြီးရေ၊ ခင်ဗျားတို့ ကတော့ စီ
အိုင်ဒီမှာ မစ္စတာဟာဒီရဲ့ အဆူအကြိမ်းကို
ခံကြပေတော့"ဟု ဆိုကာ ထွက်သွားလေ
တော့၏။
“ကောင်းပါပြီ ကော်ပါးဆာလဖိုဒ်
ရယ်”ဟု ဦးကိုကိုကြီးက လှမ်း၍ နောက်
လိုက်လေ၏။ ကိုလှစိန်ကလည်း
“စုံထောက်ကြီး ကော်ပါးဆာလဖိုဒ်ရဲ့ ၊
လာစမ်းပါအုံး၊ .. ဘယ်ကိုထွက်သွားတာ
တုံး၊ ခင်ဗျား စီအိုင်ဒီမှာ နေပြီး ထုံးစံမသိ
ဘူးလား"ဟု ကိုအောင်မြင့်အား ခပ်တည်တည်နှင့် ပြော လိုက်လေ၏။
“ဘာထုံးစံလဲ ကိုစိန်လှရဲ့ "ဟု
စုံထောက်ကြီး ကိုအောင်မြင့်က ပြန်၍
မေးလေ၏။
“ဘာထုံးစံရမှာ တုံးဗျ၊ ကျုပ်တို့ စီအိုင်
ဒီမှာ ရာထူးတက်မယ်လို့ သတင်းရရင်ကို
ကျွေးမွေးရတယ် မဟုတ်လားဗျာ၊ ကိုယ့်
လူ အူကြောင်ကြောင်မလုပ်နဲ့ ၊ ဒီနေ့ညနေ
ကိုပဲ ကျုပ်တို့ အားလုံးကို ဘုံဘေရက်စ
တောရင့်မှာ ကျွေးရမယ်”ဟု ပြောလိုက်
ရာ ကျန်လူများ အားလုံးက “ဟုတ်တယ်
ဟုတ်တယ်'ဟု ဝိုင်း၍ ထောက်ခံကြလေ
တော့၏။ ထို့ကြောင့် စုံထောက်ကိုအောင်
မြင့်သည် ထိုနေ့ညနေက ဘုံဘေရက်စ
တောရင့် စားသောက်ဆိုင်၌ ကျွန်ုပ်တို့
အားလုံးအား ညစာထမင်းကျွေးရလေတော့၏။ ထိုထမင်းဝိုင်း၌ လည်း ကျွန်ုပ်
တို့ အားလုံးက ၎င်းအား ကိုအောင်မြင့်ဟု
မခေါ်ကြတော့ဘဲ ကော်ပါးဆာလဖိုဒ်ဟု
သာ ခေါ်ဝေါ်သုံးနှုန်းကြရာမှ အစ မြန်မာ
ပြည် ပုလိပ်အဖွဲ့၌ စုံထောက် ကိုအောင်မြ
င့်၏ နာမည်သည် လုံးဝပျောက်ကွယ်၍
ကော်ပါးဆာလဖိုဒ်ဟု သာ တွင် ရစ်သွား
လေတော့သတည်း။
**********
ကျွန်ုပ်တို့ သည် စုံထောက်မင်းကြီး
မစ္စတာဟာဒီ၏ အဆူအကြိမ်းကိုခံ၍ နေ
ရလေ၏။ ကျွန်ုပ်တို့ စုံထောက်များမှာ
လည်း နေ့စဉ်နေ့တိုင်း ဆူပူကြိမ်းမောင်း
ခြင်းကို ခံနေရသဖြင့် အရေထူကာ ထုံတုံ
တုံဖြစ်၍ နေလေတော့၏။ နံနက်(၈)နာရီ
လောက်တွင် စီအိုင်ဒီရုံးသို့ ရောက်လာကြပြီး နောက်(၉)နာရီလောက်တွင် မစ္စတာဟာဒီ၏
အဆူအကြိမ်းခံရန်အတွက်
ယူနီဖောင်းကိုပြင်၍ ဝတ်ကြ၏။ ဖိနပ်
ကြိုးများကို ပြင်ဆင်၍ စီး၏။ ခါးပတ်
ကွင်းများကို တင်းသူတင်း၊ လျှော့သူလျှော့
လုပျကွ၏။
ထိုသို့ပြုလုပ်ပြီး များ မကြာမီ၌ ပင်
ပြာတာစံဝင်းသည် ကျွန်ုပ်တို့ ထံသို့
ရောက်ရှိ လာပြီးလျှင် “မင်းကြီးခေါ်နေ
တယ်ဆရာတို့ "ဟု ပြောတတ်မြဲ ဖြစ်
လေ၏။ ကျွန်ုပ်တို့ လည်း ထိုအချိန်မှ စ၍
အဆူအကြိမ်းခံရန်အတွက် မင်းကြီး၏ ရုံး
ခန်းသို့ ဝင်ကြရလေ၏။ မင်းကြီးသည်
ကျွန်ုပ်တို့ ကိုတွေ့ လျှင်တွေ့ချင်းပင် ကရား
ရေသွန် ဆူလေတော့သည် ။ တစ်နာရီခန့်
ဆူပြီးလျှင် ပြန်၍ လွှတ် လိုက်လေ၏။
ဤသို့လျှင် နေ့စဉ်နေ့တိုင်း အဆူခံနေရ
သောကြောင့် ကျွန်ုပ်အဖို့ မဖြုံသကဲ့သို့ ရှိ
လေတော့၏။ ပုလိပ်အရာရှိဆိုသည် မှာ
အထက်လူကြီး၏ ဆူပူကြိမ်းမောင်းခြင်း
ကို ပန်းကလေးနှင့် ပေါက်သည့်
အလား ကျေနပ်စွာခံယူရပေမည်ဟု ပင်
သဘောပေါက်၍ လာလေတော့၏။
တစ်နေ့သ၌ အထက်ကဆိုခဲ့သည့် အတိုင်း စုံထောက်မင်းကြီး မစ္စတာဟာ
ဒီ၏ ရုံးခန်းမှ ကျွန်ုပ်တို့ သည် အဆူခံ၍
ထွက်လာကြပြီးလျှင်
စီအိုင်ဒီရုံးနှင့်မလှမ်းမကမ်းတွင် ရှိသော ကာကာ လက်ဖက်ရည်ဆိုင်၌ လူစုမိကြလေ၏။
ကာကာကုလားသည် ကျွန်ုပ်တို့ ၏ အဖြစ်
ကို မည်သည့်နေရာမှ ကြားသိ
ထားသည် မသိပေ။ ကျွန်ုပ်တို့ အားအောက်ပါအတိုင်း ပြောလေသည် ။
“ဆရာတို့ ဒီကနေ့ဆိုင်လာတာ သိပ်ပြီး
နောက်ကျတယ်၊ မင်းကြီးက နောက်ကျ
ပြီးမှ ဆူတယ် ထင်တယ်”
ကျွန်ုပ်သည် ကာကာကုလား၏ စကား
ကြောင့် အနည်းငယ် မခံချင်သကဲ့သို့ ဖြစ်
သွားလေ၏။ ဦးကိုကိုကြီးကမူ
“ဆာလား၊ ဒါမင်းအလုပ်လား။ ငါတို့
ကို မင်းကြီးကဆူဆူ၊ သူက ကျေနပ်လို့ပဲ
သူ့နှမနဲ့ ပေးစားပေးစား၊ မင်းအလုပ်ဘာ
ရှိသလဲ၊ အူကြောင်ကြောင်မလုပ်နဲ့ ၊ မင်း
ဆိုင်က မြူနီစပါယ် ဧရိယာက မလွတ်
ဘူး၊ မြူနီစပါယ်ကို အကြောင်းကြားပြီး
ဆိုင်ပိတ်ခိုင်းလိုက်လို့ လန်ကွတ်တီနဲ့
ပြန်သွားရမယ်” ဟု ပြောလေတော့၏။
ထိုအခါကျမှ ပင် ကာကာလည်း
“စိတ်မဆိုးပါနဲ့ ဆရာတို့ ရယ်၊
ကျွန်တော်က ပျော်တတ်လို့ပါ" ဟု ပြော
လေ၏။
“ပျော်တတ်ရင် ဦးရွှေရိုးက, ကနေ၊
သူများကိစ္စထဲမှာ ဝင်ပြီးမစပ်စုနဲ့ ၊ ကြား
လား" ဦးကိုကိုကြီးက ထပ်မံ၍
ကြိမ်းမောင်း လိုက်လေတော့၏။
ထိုအခါမှပင် လက်ဖက်ရည်ရောင်း
သော ကာကာလည်း ဇာတ်ကလေးပု၍
ငြိမ်သွားလေတော့၏။ ဦးကိုကိုကြီးသည်
ကာကာအား ဆူပူကြိမ်းမောင်းပြီးနောက်
ကျွန်ုပ်ဘက်သို့လှည့်ကာ
“အခုနေများ ကျုပ်တို့ လူရှိရင် သိပ်
ကောင်းမယ်ဗျာ"ဟု ပြောလေ၏။
“ကိုနှင်းမောင်ကိုပြောတာလား"ဟု
ကျွန်ုပ်က ပြန်၍ မေးရာ ဦးကိုကိုကြီးက
“အစစ်ပေါ့ဗျာ၊ ဒီလူသာရှိရင် ကျုပ်တို့
အဖြစ်ဟာ ဒီလောက်ဆိုးမှာ မဟုတ်ဘူး
ဗျ၊ အခုတော့ဗျာ၊ ကျုပ်တို့ မှာ နေ့တိုင်း
နေ့တိုင်းမင်းကြီးရဲ့ အဆူ ကိုခံနေရတာ၊
အိမ်နီးနားချင်း ကြားလို့တောင် မကောင်း
ပါဘူးဗျာ။ လမ်းထဲက လူတွေကတော့
ကျုပ်တို့ ကို အထင်ကြီးနေလိုက်တာ၊
စုံထောက်အရာရှိကြီးတွေဆိုပြီး မနက်ကို
များ အိမ်ကထွက်ရင် တစ်ချို့လူငယ်
ကလေးတွေက ကျုပ်တို့ ကိုအားကျတဲ့
မျက်လုံးနဲ့ ကြည့်ကြည့်ပြီး မေးကြတယ်၊
အမှန်ကတော့ အဆူခံဖို့ ထွက်လာတာဆို
တာ မသိရှာကြဘူး၊ “ဟား ဟား ဟား”ဟု
ပြောဆို၍ အားရပါးရရယ်မောလေ၏။
အခန်း ၂ - ခ ဆက်