Nordic Myanmar Media

  • Home
  • Nordic Myanmar Media

Nordic Myanmar Media Nordic Myanmar Media aims to showcase the best of Nordic lifestyle, news, and updates from Myanmar.
(4)

ဇွန်လ အဟော ဇွန်လသည် စနေ ဆန်းသောလ ဖြစ်၍ (၇) ရက် သားသမီး အပေါင်းတို့သည် ထီပေါက်သကဲ့သို့ ငွေဝင်ခြင်း၊ တရားတဘောင် ဖြစ်ပါက အန...
03/06/2024

ဇွန်လ အဟော
ဇွန်လသည် စနေ ဆန်းသောလ ဖြစ်၍ (၇) ရက် သားသမီး အပေါင်းတို့သည် ထီပေါက်သကဲ့သို့ ငွေဝင်ခြင်း၊ တရားတဘောင် ဖြစ်ပါက အနိုင်ရခြင်း၊ စက် ပစ္စည်း
စသည်တိုဘဝင်ခြင်း၊ ခရီးသွားမည်ဆိုပါက ချောမွေ့ အဆင်ပြေခြင်း၊ မိတ်ဆွေကောင်းများတွေ့ရခြင်း၊ မိတ်ဆွေများမှ အကူအညီရခြင်း စူည့် ကောင်းကျိုး မဂ်လာ များ ကြုံမည့် လ ဖြစ်ပါတယ်။
- - -
#တနင်္ဂနွေ
ဒီတစ်ပတ်အတွင်း အကြီးအကဲတွေရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ဖြစ်ချင်တာတွေကိုဦးစားပေး ဆောင်ရွက်လို့မရသေးပါဘူး။ တနင်္လာသားသမီးတွေနဲ့ပတ်သက်ဆက်နွယ်ပြီးစိတ်ဆင်းရဲစရာကြုံရမယ်။အလုပ် အပြောင်းအလဲဖြစ်ပါလိမ့်မယ်။ ငွေကံက ဝင်လာလိုက် ၊ပြန်ထွက်သွားလိုက်နဲ့ အဖတ်မတင်သလိုမျိုးတော့ ဖြစ်နေ တတ်ပါတယ်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စတွေနဲ့ပတ်သက်လို့ စကားပြောရလိမ့်မယ်။ အိမ်ထောင်ဦးစီးနဲ့ပတ်သက် ဆက်နွယ်ပြီး အကြောင်းကိစ္စတွေပေါ်လာတတ်ပါတယ်။မင်းအစိုးရ နှင့်သက်ဆိုင်သောကိစ္စများ တစ်ကြိမ်တစ်ခါ တည်းနဲ့ပြီးစီးဖို့ခက်ခဲနိုင်တာကိုတွေ့ရပါတယ်။ ကိုယ်ပိုင်စီးပွားများ ပုံမှန်အဆင်ပြေနေတတ်ပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ငြိစွန်းနိုင်တဲ့ ကိစ္စတွေကိုလက်ရှောင်သင့်ပါတယ်။ လုပ်ငန်းကြီးများ ဆုံးဖြတ်ချက်အမှားတွေ ချမိတတ်ပါ တယ်။ တတ်သိနားလည်တဲ့ စီးပွားရေးအကြံပေးတွေကိုအကူအညီတောင်းသင့်ပါတယ်။ ကျန်းမာရေးကတော့ အညံ့မရှိသလောက်နည်းပါတယ်။ ပုံမှန်ဂရုစိုက်ပေးရင်ကိုရပါတယ်။ အချစ်ရေးကိစ္စတွေကိုတော့ ဒီကာလမှာကံ ကောင်းနေတတ်ပါတယ်။ ချစ်သူရဲ့ဖေးမကူညီမှုတွေရတတ်ပါတယ်။ အိမ်ထောင်ရေးကံမညံ့ပါ။ ပညာရေးညံ့မည်။

အကျိုးပေးဂဏန်း 1/4/6
အထူးဟော -အရာရာရှေ့ထွက်မလုပ်မိပါစေနဲ့။
ယတြာ ပြုလိုပါက-တရားခွေများ ဓမ္မဒါနအဖြစ် လှူဒါန်းပေးပါ။

#တနင်္လာ

ငွေရှာသူများ ငွေရမယ်။ ငွေကြေးအဝင်များခြင်းရဲ့နောက်ကွယ်မှာ ကျန်းမာရေးညံ့သွားနိုင်ပါတယ်။ဒါကြောင့် ငွေနောက်ပဲဇွတ်မလိုက်ဘဲ ကျန်းမာရေးလဲဂရုစိုက်ပေးပါ။ မေတ္တာရေးကိစ္စတွေမှာ လွမ်းဆွတ်စရာအကြောင်းကိစ္စ တွေပေါ်လာတတ်ပါတယ်။ ချစ်ရသူတွေနဲ့ လူချင်းဝေးနေရခြင်း၊အဆင်မပြေဖြစ်ပြီး စိတ်ချင်းဝေးနေရခြင်းများကြုံ ရတတ်ပါတယ်။အခြေချဖို့ ဆောင်ရွက်မဲ့ကိစ္စတွေကို ဒီတစ်ပတ်ရှောင်နိုင်ရင်ပိုကောင်းတယ်။ အိုးအိမ်ဝယ်ခြင်း၊ အိမ်သစ်မှာနေခြင်း၊ဆိုင်သစ်ဖွင့်ခြင်းများကိုဆိုလိုသည်။ ရင်းနှီးမြုပ်နှံမှုကိစ္စတွေကိုလဲ ဒီတစ်ပတ်မှာသတိထားပြီးမှ ဆောင်ရွက်စေချင်ပါတယ်။ ဝန်ထမ်းများ အလုပ်ထဲမှာမပျော်တော့တဲ့ အထိအလုပ်များနိုင်ပါတယ်။ စိတ်ပင်ပန်းစရာ၊လူပင်ပန်းစရာတွေများပေမဲ့ မိမိအနေနဲ့တောင့်ခံထားနိုင်ဖို့လိုပါ တယ်။ ဆရာအလုပ်နဲ့အသက်မွေးသူများ အပြိုင်အဆိုင်အတိုက်အခိုက်ပေါပါလိမ့်မယ်။ အောင်မြင်အဆင်ပြေနေ သူဆိုသတိထားအတိုက်အခိုက်ပေါပါလိမ့်မယ်။ကျန်းမာရေးဂရုစိုက်ပါ။ ဖျားနာရင် အဖျားရက်ရှည်သွားတတ်ပါ တယ်။ အချစ်ရေးမှာတော့ မိမိလိုချင်တဲ့ အဖြေကိုချစ်သူဆီကရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ သာယာ ပျော်ရွှင်စရာကောင်းပါတယ်။ ပညာရေးကတော့သင်တန်းပြောင်း၊ ကျောင်းပြောင်း၊ဆရာပြောင်းတာမျိုးတွေကြုံရပါ လိမ့်မယ်။

အကျိုးပေးဂဏန်း 0/2/7
အထူးဟော -အနည်းငယ်ပင်ပန်းစရာတွေများလိမ့်မယ်။
ယတြာ ပြုလိုပါက-မနက်ခင်းတွေမှာဘုရားရှင်ကို မှတ်မှတ်ရရ သောက်တော်ရေ မျက်နှာသစ်တော်ရေကပ်ပါ။

#အင်္ဂါ

အကျိုးသင့်အကြောင့်သင့်ကို နားလည်ပြီးသေချာစွာလုပ်ကိုင်တတ်မှုကြောင့် ဒီတစ်ပတ်အမှားနည်းပြီးတော့ အဆင်ပြေမှုများမဲ့ကာလဖြစ်တတ်ပါတယ်။ တက်ကြွခြင်း၊စိတ်မြန်ခြင်း၊အပင်ပန်းခံနိုင်ခြင်း၊အလုပ်မှာအားထည့် ခြင်းတွေကြောင့် သိသာစွာအကျိုးအမြတ်ရနိုင်ပါတယ်။ အောက်လက်ငယ်သားတွေကိုအားကိုးရမယ်။ ချိန်တွယ် တိုင်းတာရသောအလုပ်များ၊အင်ဂျင်နီယာ၊စက်ပစ္စည်းနဲ့ဆက်စပ်သောအလုပ်များအားကောင်းလာနိုင်တာကိုတွေ့ရ ပါတယ်။ ငွေကြေးကံအားကောင်းမှုက သာမန်ထက် ဘောနပ်ရခြင်း၊လာရောက်ဂါရဝပြုခြင်းများကနေ ငွေရတတ်ပါ တယ်။ နည်းပညာနဲ့နွယ်သောအလုပ်များ၊ အိုင်တီနဲ့ ပက်သက်သောစီးပွားလုပ်ငန်းများ အလုပ်အပ်သူတွေပေါများတတ်ပါတယ်။ စကားပြောဆိုရာမှာ လိမ္မာပါးနပ်သူ တွေ၊ အဆဲအဆိုမပါဘဲပြောတတ်တဲ့သူတွေ အလုပ်ခွင်အတွင်းနေရာပေးခံရတတ်ပါတယ်။ ဘာသာရေးအလုပ်များ ကုသိုလ်ရေးအလုပ်များလဲ အားပါးတရလုပ်ခွင့်ရတတ်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ပူစရာမလိုတဲ့ နေ့ရက်တွေ ပါပဲ။ အချစ်ရေးမှာလဲချစ်သူသစ်၊ရည်စားသစ်ရလွယ်ပါတယ်။ ဒါမှမဟုတ်ဝေးကွာနေတဲ့ချစ်သူတွေပြန်ဆုံရတတ်ပါ တယ်။ အိမ်ထောင်ရေးမှာတော့ မိမိကိုယ်တိုင်မလုပ်သင့်၊မဆုံးဖြတ်သင့်တာတွေဆုံးဖြတ်လုပ်ကိုင်နေမိတတ်ပါ တယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ ကြိုးစားသည်ထက်ပိုမိုထွန်းပေါက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/3/6
အထူးဟော -ကံမြင့်နေမည်
ယတြာ ပြုလိုပါက-ပရိတ်ပဋ္ဌာန်းတွေများများရွတ်ပါ။

#ဗုဒ္ဓဟူး/ရာဟု

အတွေးအခေါ်မြင့်မားခြင်း၊စီးပွားရေးလာဘ်မြင်ခြင်းတွေက ဒီတစ်ပတ်မှာအကျိုးပေးပါလိမ့်မယ်။တစ်ပါး သူရဲ့အကြံဥာဏ်ထက်မိမိဦးနှောက်အတွေးအခေါ်တွေကိုသာဦးစားပေးဆောင်ရွက်ပါ။ သူတစ်ပါးရဲ့အခက်အခဲတွေ ကိုနှုတ်နဲ့ကူညီပေးခြင်းဖြင့်မိမိက အကျိုးအမြတ်ပြန်ရတတ်ပါတယ်။ ပွဲစားအလုပ်၊အကျိုးဆောင်အလုပ်များ၊ စကားဖြင့်အသက်မွေးရသောအလုပ်များအဆင်ပြေမဲ့ကာလပါပဲ။သားသမီးတွေနဲ့ပတ်သက်ဆက်နွယ်ပြီး အလုပ် အကိုင်အခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်။ စိတ်ပူခြင်းတွေကိုလျှော့ချထားပြီး အရာရာကိုစိတ်အေးအေးနဲ့လုပ် ကိုင်ဆောင်ရွက်ခြင်းဖြင့် အဆင်ပြေမှုပိုရတတ်ပါတယ်။တစ်ပတ်ရစ်ပစ္စည်းများ၊အဟောင်းများ ရောင်းထွက်မဲ့ ကာလပဲဖြစ်ပါတယ်။ ထီကံစမ်းမယ်ဆိုရင်လဲ ဒီကာလတွေကအထူးကောင်းပါတယ်။ ထူး ခြားကောင်းမွန်တဲ့ စိတ်ကူးမျိုးအကြံအစည်မျိုးတွေရလာတတ်ပါတယ်။ အလုပ်နဲ့ပတ်သက်ပြီးတော့လဲ ပိုမိုကောင်း မွန်တဲ့အခွင့်အလမ်းမျိုးတွေရလာတတ်ပါတယ်။ ကျန်းမာရေးအရမ်းညံ့နေတာတော့ မတွေ့ရပါဘူး။ နှာဈေး၊ချောင်း ဆိုးလောက်ပါပဲ။ အချစ်ရေးအထူးအဆင်ပြေပါလိမ့်မယ်။ပြတ်ဆဲထားတဲ့ချစ်သူတွေပြန်ဆုံခွင့်တွေရတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့အဆိုးအလွန်ကင်းနေတတ်ပါတယ်။ ပညာရေးကံအထူးကောင်းနေမည်။

အကျိုးပေးဂဏန်း 2/4/7
အထူးဟော -စိတ်ချမ်းသာရမည်
ယတြာ ပြုလိုပါက-ကြာဆံကြော်ဘုရားကပ်လှူဆုတောင်းပါ။

#ကြာသပတေး

အလှမ်းကျယ်အလယ်လပ် ဆိုတာမျိုးဖြစ်တတ်ပါတယ်။ လုပ်သင့်တဲ့လုပ်ငန်းဆောင်တာတွေကို အဆင့်ဆင့် မလုပ်ဘဲ ကျော်ခွလုပ်တတ်သူတွေပြဿနာများရတတ်ပါတယ်။ကြီးကြီးကြံ ကြီးကြီးတွေးပြီးလုပ်ကိုင်ခြင်းမျိုးကို တော့ အားမပေးပါ။ ကုန်ထုတ်လုပ်ခြင်းများ၊ဖြန့်ဖြူးရေးဆိုင်ရာအလုပ်များ၊ကိုယ်စားလှယ်အလုပ်များ ပညာရေးနဲ့ ပတ်သက်ဆက်နွယ်သောအလုပ်များ အနည်းငယ်အဆင်မပြေဖြစ်တတ်တဲ့ကာလပါပဲ။ ငွေကြေးအကြပ်အတည်း လေးတွေဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်သောကိစ္စများသတိထားပြီးဆောင်ရွက်လုပ်ကိုင်ပါ။ ကိုယ်ပိုင်စီးပွားများလက်ရှိလည်ပတ်နေတဲ့အတိုင်းဆောင်ရွက်ပါ။ ထပ်ချဲ့တာ၊အပြောင်းအလဲလုပ်တာမျိုးတွေကို တော့ဒီကာလမှာရှောင်စေချင်ပါတယ်။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားလုပ်ကိုင်နေရတတ်ပါတယ်။ သူများကိုမှီခိုလိုစိတ် ကိုတော့ တတ်နိုင်သလောက်လျှော့လိုက်ပါ။ ကျန်းမာရေးကတော့ ဒီကာလဟာ မဖြစ်ရင်လဲဘယ်လိုနေနေ၊ဘယ် လိုစားစားဘာမှမဖြစ်ပါဘူး။ ဖြစ်လိုက်ရင်လဲ အသည်းအသန်ဆိုတာမျိုးကြုံရတတ်ပါတယ်။ အစွန်းနှစ်ဖက်သဘော မျိုးကြုံရတတ်ပါတယ်။ အချစ်ရေးမှာတော့ချစ်ရသူနဲ့ အုပ်ထိန်းသူတစ်ဦးဦးရဲ့ပယောဂကြောင့်အဆင်မပြေဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေးအဆင်ပြေသာယာနိုင်ပါတယ်။ ပညာရေးအားနည်းနေချိန်မို့သေချာကြိုးစားပါ။

အကျိုးပေးဂဏန်း 3/5/9
အထူးဟော -ကံအနည်းငယ်အားလျော့နေမည်။
ယတြာ ပြုလိုပါက-အိမ်မှာအမှိုက်တွေ၊စားကြွင်းစားကျန်တွေ၊ ပစ္စည်းအဟောင်းအစုတ်တွေသေချာသန့်ရှင်းရေးလုပ်ပါ။

#သောကြာ

ဒီတစ်ပတ်အတွင်း အောင်မြင်ခြင်းရဲ့ခြေလှမ်းအစလို့ပြောလို့ရတဲ့ကာလဖြစ်ပါတယ်။ အစပြုခြင်း၊လုပ်ငန်းစ တင်ခြင်းများအလေးပေးဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ကောင်းသောကံတွေစတင်ဖြစ်ထွန်းနိုင်ပါတယ်။ ဒီတစ်ပတ် ရဲ့ အားနည်းချက်ဆိုလို့ မိခင်ရဲ့ကျန်းမာရေးတော့ဂရုစိုက်ပေးရတတ်ပါတယ်။ အခက်အခဲကြုံနေရသူတွေ၊အမှုအခင်း ရင်ဆိုင်နေရသူတွေ အကြပ်အတည်းဖြစ်နေသူတွေ ထိုဒုက္ခတွေကနေ စတင်လွတ်မြောက်ခြင်းကိုခံရတတ်ပါတယ်။ ငွေကြေးအပိုသုံးခြင်းတော့ရှောင်ပါ။ မလိုအပ်ဘဲငွေကုန်ပြီးအဖတ်မတင်ဖြစ်ရတတ်ပါတယ်။ လာဘ်စားခြင်း၊အောက် ဆိုက် ရှာခြင်းမျိုးတွေကို ဒီကာလမှာအထူးရှောင်စေချင်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး နီးနီးနားနားမှာအကျိုးစီးပွား ရှာလို့မရတတ်ပါ။ အဝေးကအလုပ်များ၊ အွန်လိုင်းစီးပွားများ၊ကုန်သွယ်အလုပ်များမှအကျိုးအမြတ်ပိုရတတ်ပါတယ်။ ကျန်းမာရေးကတော့ ခန္ဓာကိုယ်ကို အလွန်ပင်ပန်းစေမဲ့အလုပ်တွေရှောင်လိုက်ပါ။ လုပ်မိရင်ဖျားနာတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာလဲ မိမိကိုယ်တိုင်ကချစ်သူအပေါ်အချစ်လျော့နေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ နွေး ထွေးကြင်နာမှုတွေသိပ်မရှိတဲ့ကာလလို့ပဲမြင်ပါတယ်။ ပညာရေးကတော့ အထူးအားကောင်းတယ်ဗျ။

အကျိုးပေးဂဏန်း 4/8/6
အထူးဟော -ကံသင့်ပါတယ်။
ယတြာ ပြုလိုပါက-စိတ်တူသဘောတူရှိတဲ့မိတ်ဆွေတစ်ဦးကို သူစားချင်တာလိုက်ဝယ်ကျွေးလိုက်ပါ။

#စနေ

တတ်သိနားလည်ထားတဲ့ပညာတွေကိုထုတ်သုံးပါ။ လှောင်ကုန်များဈေးကောင်းရရင်ရောင်းလို့ရပါပြီ။ဒီတစ် ပတ်က ဇွဲကြီးဖို့တော့လိုပါတယ်။ဇွဲကြီးသူတွေပန်းတိုင်တွေ့ပါလိမ့်မယ်။ ဘာကိုမှပေါ့ပေါ့တန်တန်မလုပ်ပါနဲ့။ အား ထည့်ပါ။စိတ်ရှည်ပါ။ တစ်ခါလောက်အဆင်မပြေတာနဲ့လက်မလျှော့လိုက်ပါနဲ့။ ဒီလိုကာလမျိုးက ကိုယ့်အောက်က လူတွေရဲ့စကားကိုနားထောင်ပါ။သူတို့အသံကို နားစွင့်ပါ။ လက်လွတ်စပယ် ပစ္စည်းငှားရမ်းတာမျိုးရှောင်ပါ။ ကိုယ့် ပစ္စည်းကို ပေါင်ခဲ့တာမျိုး၊ရောင်းခဲ့တာမျိုးတွေလုပ်နိုင်ပါတယ်။ တန်ဖိုးကြီးတဲ့ကားဆိုင်ကယ်တွေကို တတ်နိုင်သ၍ ငှားရမ်းခြင်းမျိုးရှောင်လိုက်ပါ။ အခွင့်အရေးတွေပေါ်လာနိုင်သလို မိမိကိုလက်တွဲလုပ်ဖို့ကမ်းလှမ်းတာမျိုးတွေကိုလဲ အထူးကြုံနေရတတ်ပါတယ်။ မည်သည်ခရီးမဆို၊ဘာကိစ္စကြောင့်ပဲဖြစ်ဖြစ် ခရီးကိစ္စတွေအဆင်ပြေတတ်ပါတယ်။ ကုန်သည်များအမြတ်အစွန်းများနိုင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ ရောဂါအနေနဲ့ သိပ်ဖြစ်တာမတွေ့ ရပါဘူး။ ဒါပေမဲ့ အလေးအပင်မပြီး ခါးနာသွားတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ကတောက်ကဆအလွန် မှဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးအဆင်ပြေပါလိမ့်မယ်။ ပညာရေးမှာတော့ အလွန်ပဲကံမြင့်နေတာတွေ့ရပါ တယ်။

အကျိုးပေးဂဏန်းမှာ-3/5/0
အထူးဟော -အလုပ်တွေတိုးတတ်နိုင်ပါတယ်။
ယတြာ ပြုလိုပါက-နှင်းဆီပန်းဘုရားကပ်လှူဆုတောင်းပါ။
- - - -
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ။

ဗေဒင်မေးမြန်းလိုသူများအတွက်-
ကျွန်ုပ်နှင့် ခင်မင် ရင်းနှီးခြင်းမရှိ၊မသိလည်း မသိသော သင့်ကို
ကျွန်ုပ် သင်ယူထားသည့် နာမက္ခရကြမ်း၊ သာဝတ္ထိဆန်းကြမ်း၊ အဂ်ဝိဇ္ဇာ ဆန်းဝေဒ ကြမ်း၊မြန်မာလက်ရိုး ဝေဒကြမ်း စသည်တို့ဖြင့် သင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် အကြောင်းအရာများကို ပြောပြပေးနိုင်ပါသည်။
ဟောပြော ရရှိသည့် ဉာဏ်ပူဇော်ခများကို မြန်မာဒုက္ခသည် ကူညီရေးနှင့် ပီဒီအက်ဖ် များသို့ လှူ ဒါန်းမည် ဖြစ်ပါသည်။

ဦးသန်းတိုးရှိန်
BSc(Chem), HGP (10439)

01/06/2024

ရှားပါးတဲ့ စစ်သားအိုကြီး တဦးကို ဆုံးရှုံးခြင်း
~~~~~~~~~~~~~~~~~~~~~~~~
မောင်မောင်မြင့် ရေးသည်။

အသက် ၉၇ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်ဦးဟာ ၂၀၂၄ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။

ပုသိမ်မြို့ အမျိုးသားအထက်တန်းကျောင်းမှာ ဆယ်တန်းအောင်ခဲ့တဲ့ အသက် ၁၆နှစ်သားအရွယ် မောင်တင်ဦးဟာ ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) မှာ သာမန်တပ်သားအဖြစ် စစ်မှုထမ်းဘဝကို စတင်ခဲ့ပါတယ်။ ဒီနောက် အသက် ၁၇နှစ် အရွယ်မှာ ဗိုလ်သင်တန်း တက်ရောက်ခဲ့ပြီး အလုပ်သင်ဗိုလ် ဖြစ်လာခဲ့ပါတယ်။ သူဟာ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း ဗိုလ်မှူးဗထူးရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ်မှာ ပြန်တမ်းဝင် စစ်ဗိုလ်တယောက် ဖြစ်လာပါတယ်။ ဒါတင်မက လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ နယ်မြေပေါ်ကို ကျူးကျော်ဝင်ရောက်လာခဲ့တဲ့ တရုတ်ဖြူစစ်တပ်ကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒီနောက် စစ်ဖက်ဆိုင်ရာ ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိခဲ့ပြီး၊ ဆိုရှယ်လစ်အစိုးရလက်ထက် ၁၉၇၄ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

သူ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ အဲဒီနှစ် ဒီဇင်ဘာလမှာပဲ ဦးသန့်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးကို ပြည်သူ့ဘက်တော်သား စစ်သားတဦးအဖြစ် ရှုမြင်ခဲ့ကြတဲ့ တချို့သောကျောင်းသားတွေက - အဆိုတော်တင်တင်မြ သီဆိုခဲ့တဲ့ "ချစ်သူတို့လျှောက်သောလမ်း" သီချင်းရဲ့ အစပိုင်း စာပိုဒ် ဖြစ်တဲ့ - "ချစ်ဦးရေ၊ သောကဟူသမျှ အတူတကွ၊ မျှခံစားဝေ" ကို "တင်ဦးရေ၊ သောကဟူသမျှ အတူတကွ၊ မျှခံစားဝေ" လို့ ပြောင်းလဲပြီး သီဆိုခဲ့ကြပါတယ်။

ဆိုရှယ်လစ်အစိုးရကို ဆန့်ကျင်နေကြတဲ့ ပြည်သူလူထုရဲ့ နှုတ်ဖျားမှာ ဗိုလ်ချုပ်ကြီးတင်ဦး ရေပန်းစားလာတဲ့ကိစ္စကို စစ်အာဏာရှင်တဖြစ်လဲ သမ္မတဦးနေဝင်းက မနှစ်မျို့ခဲ့ပါဘူး။ ဒါပေမဲ့ ဦးသန့်အရေးတော်ပုံကို စစ်တပ်က သွေးမြေကျအောင် နှိမ်နင်းခဲ့လို့ တက္ကသိုလ်ကျောင်းသား အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတာကြောင့် ဗိုလ်ချုပ်ကြီးတင်ဦးဟာ ဒီဖြစ်ရပ်မှာ တာဝန်ရှိသူတဦး ဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ဒီဖြစ်ရပ်ရဲ့ အဓိကတာဝန်ရှိသူ သို့မဟုတ် ကနဦးအမိန့်ပေးသူဟာ အာဏာရှင်ဦးနေဝင်းသာ ဖြစ်တယ်လို့ လူထုက ယုံကြည်ခဲ့ကြတဲ့အတွက် ဗိုလ်ချုပ်ကြီးတင်ဦးအပေါ်မှာထားခဲ့တဲ့ သူတို့ရဲ့ မေတ္တာဟာ သိသိသာသာ လျော့မသွားခဲ့ပါဘူး။

ဒါကို သိတဲ့ ဦးနေဝင်းဟာ ၁၉၇၆ ခုနှစ် မတ်လမှာ ဗိုလ်ချုပ်ကြီးတင်ဦးကို မတရားအမှုဆင်ပြီး ပြစ်မှုနဲ့ အငြိမ်းစားပေးခဲ့ပါတယ်။ ဒီနောက် ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ အငယ်တန်းအရာရှိတချို့က ဦးနေဝင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် ၁၉၇၇ ခုနှစ်မှာတော့ အငြိမ်းစားဗိုလ်ချုပ်ကြီးတင်ဦးကိုပါ သတင်းထိန်ချန်မှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

၁၉၈၀ ခုနှစ်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွတ်လာတဲ့ ဦးတင်ဦးဟာ အထက်တန်းရှေ့နေစာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။ သူဟာ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားလာခဲ့ပြီးတဲ့နောက် ၁၉၈၈ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒု-ဥက္ကဌနဲ့ ဥက္ကဌတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

ဦးတင်ဦးဟာ ၂၀၀၃ ခုနှစ်မေလမှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း လုပ်ကြံမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး၊ ၂၀၀၉ခုနှစ် အထိ အကျယ်ချုပ် ကျခံခဲ့ရပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကကြီး အဖြစ် ကွယ်လွန်ချိန်အထိ ရပ်တည်သွားခဲ့ပါတယ်။
~~~~~~~~~~~~~~~~

မြန်မာစစ်တပ်ရဲ့ နှစ်ပေါင်း ၇ဝ သက်တမ်းအတွင်းမှာ စစ်ဗိုလ်ချုပ်တွေ ရာနဲ့ချီပြီး ပေါ်ထွန်းခဲ့ဖူးပါတယ်။ အဲဒီအနက် စစ်အရာရှိကြီးတချို့ကသာ ပြည်သူ့ဘက်သားအဖြစ် ပြောင်းလဲရပ်တည်ခဲ့ကြဖူးပါတယ်။ အဲဒီလို စစ်အရာရှိကြီးတွေကြားထဲမှာတောင် သူတို့တာဝန်ယူစဉ်ကာလအတွင်း ပြည်သူလူထုအပေါ် အနိုင်ကျင့်ခဲ့ကြတဲ့ ဖြစ်ရပ်တွေအတွက် လူသိရှင်ကြား တာဝန်ယူ၊ ဝန်ခံခဲ့ကြသူတွေ မရှိသလောက် ရှားခဲ့ကြပါတယ်။

ဦးတင်ဦးကတော့ ဦးသန့်အရေးအခင်းကို စစ်တပ်က သွေးမြေကျ နှိမ်နင်းခဲ့ရတဲ့ ဖြစ်စဉ်အတွက် သူ့မှာ တာဝန်ရှိခဲ့ကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် ပြည်သူလူထုကို တောင်းပန်ပါကြောင်း (သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ တာဝန်ယူထားချိန်မှာ) လူသိရှင်ကြား ထုတ်ဖော်ဝန်ခံသွားခဲ့ဖူးပါတယ်။

ပြည်သူ့ဘက်သားအဖြစ် ရပ်တည်ရဲပြီး၊ ပြည်သူလူထုအပေါ် မိမိပြုခဲ့ဖူးတဲ့အမှားကို ဝန်ခံရဲခဲ့တဲ့ ဦးတင်ဦးလို ပုဂ္ဂိုလ်ကြီးတယောက် ကွယ်လွန်သွားခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ သားကောင်းတယောက်ကို ဆုံးရှုံးခဲ့ရခြင်း မည်ပါတယ်။

ဦးတင်ဦး ကောင်းရာသုဂတိလားပါစေ။ 🙏🙏🙏

ကျမ၊ ကျင့်ကြံအားထုတ်မူနဲ့ မေတ္တာ (အပိုင်း၂)----------------------------------ဝတ်မှုန်ဝင်း ရေးသည်။🙎‍♂️ဘာပဲဖြစ်ဖြစ်နင် မေတ...
27/05/2024

ကျမ၊ ကျင့်ကြံအားထုတ်မူနဲ့ မေတ္တာ (အပိုင်း၂)
----------------------------------
ဝတ်မှုန်ဝင်း ရေးသည်။

🙎‍♂️ဘာပဲဖြစ်ဖြစ်နင် မေတ္တာ ဆိုတာတော့ ယုံတယ် မဟုတ်လား? ဒါကိုရော အဆင့်တက်အောင် ကျင့်ကြံသင့်တယ် မဟုတ်လား?
🙎🏻‍♀️ငါ့ အဆင့်တက်ဖို့ မကျင့်ချင်ပါဘူး။
🙍‍♂️ - 😳 ဘာလို့လဲ၊ ဥပမာ - လူတွေကို တခါတလေ ငါတို့ စ်ိတ်တိုကြတယ်။ မေတ္တာထားပြီး စိတ်တိုတာ ဖယ်လိုက်တယ်။ ဥပမာ နော်ဝေမှာ ဖြစ်တောင့်ဖြစ်ခဲ ဘရိုင်ဗစ် လူ၈၀ သတ်တယ်။ ငါတို့ စိတ်တိုကြတယ်။ အဆုံးမှာ သူ့အပေါ် မေတ္တာထားပြီး မသတ်ဘဲ ခွင့်လွှတ်ပေးခဲ့ကြတယ်။ ဘုရားဆုံးမတာလည်း ဒီသဘောပဲလေ။ ငါ ဆိုရင် အနီးဆုံး ဥပမာက - ဟိုနေ့က သူငယ်ချင်း ဖြစ်လျက် လက်ပေါက်ကတ်တဲ့သူ တယောက်နဲ့ စကားပြောတယ်။ အဆင်ပြေအောင် ကြိုးစားပြီး မေတ္တာနဲ့ ပြောတယ်။ ပြီးသွားချိန်မှာ သူနဲ့ သူငယ်ချင်း ဆက်ဖြစ်လို့ ရတယ်။ ဒါပေမဲ့ - အမလေး၊ ငါမဖြစ်ချင်ဘူး ဆိုတဲ့စိတ် ဖြစ်တယ်။ ပြန်တွေးရင် မေတ္တာထားပြီး နေနိုင်ခဲ့တာကို ဘာလို့ ထပ်မထားနိုင်လဲ။ ဒါကို ထပ်ကျင့်လို့ ရတယ်မဟုတ်လား တွေးမိတယ်။ နင်ဘယ်လို မြင်လဲတဲ့။

☠️ ဪ - ဒုက္ခ၊ ငါ ဒဲ့တွေ ပြောမိရင် ခက်တော့မယ် 🤭

🙎🏻‍♀️ငါက အဲ့အဆင့် မရောက်ဘူးပဲ ထားပါဟယ်

🙎‍♂️ဘာလို့ အဆင့်လို့ ပြောတာလဲ။ အဆင့် ဘာညာ မဟုတ်ဘူးလေ
🙎🏻‍♀️ 😬 နင်ပြောဘူးတယ် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ စတဲ့ အဆင့်တွေ ရှိတယ်မဟုတ်လား?
ငါက နိဗ္ဗာန်လည်း မရောက်ချင်သေးဘူး။ အနာဂါမ်ဖြစ်ဖို့ စိတ်တ်ကူးဖို့ နေနေသာသာ အတွေးအခေါ် အမှားတွေထဲက ရုံးထွက်ပြီး မှန်ကန်တဲ့ စိတ်မျိုး ထားတတ်ဖို့၊ လူကို လူလို့မြင်တတ်ဖို့လောက်ပဲ ကြိုးစားနေရသေးတဲ့သူမို့ ငါ နင်ပြောတဲ့အဆင့်ကို ကြိုးစားမနေသေးဘူးလို့ဆိုလိုတာပါ။
- ငါ ပေးတဲ့ လက်ဆောင်မှာ ဘာလိုချင်တပ်မက်မှု နောက်ဆက်တွဲမှ မပါဖို့၊
- ငါလုပ်တဲ့အလုပ်မှာ လုပ်ချင်လို့လုပ်တယ်လို့ ရိုးရိုးသားသား ခံယူတတ်ဖို့၊
- ငါပြောတဲ့ စကားနဲ့ ဆက်ဆံမူမှာ အကျိုးမျှော်ကိုးမှု ပရိယာယ်မပါဘဲ ဖြစ်ဖို့နဲ့
ရိုးသားဖို့ဘဲ ငါကြိုးစားနေရတဲ့ အချိန်မို့၊ မေတ္တာကို တမင်တကာ လုပ်ယူဖို့ အထိ ငါအဆင့်မရှိသေးဘူး ထင်ပါတယ်။ လုပ်လည်း လုပ်မယူချင်ဘူး။
🙎‍♂️ ဒါဆို အခု နင် မြန်မာပြည်အတွက် လုပ်နေတာတွေက မေတ္တာတွေနဲ့ လုပ်တာပဲလေ၊ မဟုတ်ဘူးလား။
🙎🏻‍♀️ဒါ ငါလုပ်ချင်လို့ လုပ်တာလေ။ မေတ္တာတွေထားပြီး လုပ်နေပါတယ်လို့ ခေါင်းစဉ်မတပ်ချင်ဘူး။ ငါ အဲဒါလုပ်ရတာ ငါရဲ့ စိတ်ချမ်းသာမှုအတွက်ပါ။ ငါ ဒါကို လုပ်ရတာက ငါလုပ်နေရတာကို စိတ်ချမ်းသာလ်ို့ပါ။ အဲအတွက် ဘယ်သူက ဘယ်လို ထင်လာ၊ ပြောလာဖို့နဲ့၊ ဘယ်လို တုံ့ပြန်ရကောင်းစေ ဆိုတာမျိုး မရှိဘူးလေ။

နင်ပြောသလ်ို အဆင့်တက်ဖို့ဆိုလည်း ငါမကြိုးစားဘဲ တက်လာတာ ရှိတယ်။ နိုင်ငံအတွက် ငါတတ်နိုင်တဲ့နည်းနဲ့ ကောင်းကောင်းကူဖို့ ကြိုးစားရင်း၊ ကောင်းဖို့ကိစ္စတွေ ဖန်တီးခြင်းရဲ့ လိုချင်မူအောက်ကနေ အရင်က ငါမထားတတ်ခဲ့တဲ့ စိတ်ရှည်မူ၊ သည်းခံမူ နဲ့ အဆိုးတွေကို အကောင်းဖက် ပြောင်းမြင်ရင်း အတူတူ အလုပ်လုပ်လို့ရဖို့ ကြိုးစားတတ်လာပါတယ်။ ဒါနင်ပြောသလို တက်လာတဲ့ အဆင့်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ငါ ဒါဖြစ်ချင်လို့ ကြိုးစားခဲ့တာတော့ မဟုတ်ဘူး။ ငါ ဖြစ်ချင်တဲ့ လူတွေကို ကူညီခြင်းကို လုပ်နိုင်ဖို့ ငါ့ လိုဘအတွက်ပါ။

🙎‍♂️ငါနားလည်သလိုလိုတော့ရှိတယ်
🙎🏻‍♀️နင့် အမေးကို ငါဖြေမှပြီးမှာဆိုရင် - ငါ ဘာကျင့်ကြံသလဲဆိုတော့ ငါစိတ်တို ဒေါသဖြစ်လာရင် အလိုလို မေတ္တာသုတ် စိတ်ထဲမှာ ရွတ်တတ်ပါတယ်။ လူအများစု အတွက်ပေါ့(ငါဒေါသထွက်ပြလို့ ရတဲ့သူတွေမပါဘူး)။ ဒီမှာ စိတ်တိုရင် ၁/၂/၃/၄ ရေ ခိုင်းသလိုမျိုး။ ဒါက ငယ်ငယ်က အော်တိုလုပ်ရင်း ကျန်ခဲ့တဲ့ အကျင့်တခုပေါ့။

ဒီထက် ငါ ဘာသာရေးမှာ ဘာမှမကျင့်ပါဘူး။
ငါအခုဆို ဘုရား/သိမ်/ကျောင်း ဘာမှမလှူပါဘူး။
စားစရာမရှိသူတွေကုန်မှ ငါ ကျန်တာ စဉ်းစားမယ်။ နောင်ဘဝအတွက် ကုသိုလ်မပါလည်း ရတယ်။ ငါပေးတာတွေတိုင်းမှာ နောက်ဆက်တွဲ မစဉ်းစားဖို့ ငါကြိုးစားတယ်။ ငါခြင်/ ယင် မသတ်ချင်တာနဲ့ ယောက်ျားကို ခေါ်ရိုက်ခိုင်းတာမျိုး မလုပ်မိဖို့ ငါရိုးရိုးလေးပဲ ကြိုးစားပါတယ်။

မေတ္တာအကြီးကြီး မထားတတ်ရင်တောင် လူကိုလူလို မြင်ဖို့ လုပ်ရာမှာ၊ ငါ့အမျိုး ငါ့ဘာသာကို ကာမှရတာမျိုး မလုပ်မိဖို့ဘဲ ငါ ရိုးရိုးလေး ကြိုးစားနေပါတယ်။

🤔🤔🤔 ဆက်မမေးတော့ဘူး ရပ်သွားရော ☺️

27/05/2024

ကျမ၊ ကျင့်ကြံအားထုတ်မူနဲ့ မေတ္တာ (အပိုင်း ၁)
---------------------
ဝတ်မှုန်ဝင်း ရေးသည်။

တနေ့ ကိုယ့်ရဲ့အထက်အရာရှိ နော်ဝေလူမျိုး ဗုဒ္ဓဘာသာ အဆုံးအမအတိုင်း ကျင့်ကြံနေထိုင်သူက ကိုယ့်ကို မေးလာတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မင်းရဲ့ ကျင့်ကြံမူက ဘာလဲတဲ့။ ငါ စကားပြောမယ့် speech ထဲ ထည့်ရေးဖို့ သုတေသန လုပ်နေတာ - မင်းက ဗုဒ္ဓဘာသာနိုင်ငံမှာ နေခဲ့ပြီး ဗုဒ္ဓဘာသာကို တကယ် လက်တွေ့ ကျင့်ကြံလာသူမို့တဲ့။
ကျမ သူ့ကိုကြည့်ပြီ ရီမိတယ်။ သူက ဘာလို့ရီလဲတဲ့။

နင့်အမေးကို ငါတကယ်ဖြေရမလားလို့ ဆိုတော့ ဖြေစေချင်တယ်တဲ့။
နင့်အတွက် ဗုဒ္ဓဘာသာဟာ လေ့လာချင်စရာ၊ လိုက်နာချင်စရာအဖြစ် လက်ခံလိုက်နာတာ သိပ်ရိုးရှင်းလွန်းမှာပါ။ လိုက်နာစရာ လမ်းကလည်း တလမ်းပဲ ရှိမှာဆိုတော့ ... သူက "ဗုဒ္ဓဘာသာမှာ လိုက်နာကျင့်ကြံစရာ နည်းလမ်းအမျိုးမျိုးရှိတာ ငါသိပါတယ်" တဲ့။
🙎🏻‍♀️အေးပါ ငါဆိုလိုတဲ့ တနည်း/တလမ်းပဲဆိုတာ က ဗုဒ္ဓရဲ့စကားက်ို နင်လေ့လာတယ်။ ဗုဒ္ဓက ပြောတာက်ို နင်ကျင့်ကြံမယ်၊ ဒီတလမ်းကိုပဲ ဆိုလိုတာပါ။
🙎‍♂️နင့်မှာရော တခြား ထပ်ရှိနေလို့လား။
🙎🏻‍♀️နင့်အတွက် ငါက ဗုဒ္ဓဘာသာအဖြစ် မွေးဖွားလာလို့ ဗုဒ္ဓဘာသာကို ကျင့်ကြံအားထုတ်နိုင်မူ များမယ် လို့တွေးတာ ငါစိတ်မကောင်းဖြစ်မိ/ရှက်တောင်ရှက်မိတယ်။.ငါကလေ မိရိုးဖလာ ဗုဒ္ဓဘာသာဆိုတာထက် ပ်ိုပါတယ်။ အသေအချာ လေ့လာပြီး လက်ခံခဲ့တာပါ။ ဒါပေမယ့် ငါ့ဘာသာရေးလည်း တော်လှန်ခဲ့ရတဲ့ သဘောရှိတယ်။ ငါ ငယ်ငယ်က ဘုရားစာ ရွတ်ပြီး ကုသိုလ်ရတယ်ဆိုတာထက် ငါ့အခက်အခဲ လွတ်ချင်တိုင်း ဘုရားစာရွတ်တယ် ဆိုတာက များခဲ့တယ်။ ငါ့အပူတွေကို ကူနိုင်မလားလို့ ငါ ဘုရားစာရွတ်ခဲ့တာ။ တကယ် ဘုရားက်ို အားကိုးတာက အပူရှိနေလို့။ အရင်ကတည်းက ဗုဒ္ဓဘာသာက်ို ငါကြိုက်တာက ကိုယ်လုပ်တာ ကိုယ်ရမယ်ဆိုတဲ့ ဘုရားရဲ့ အဆုံးအမကို ယုံလို့/ကြိုက်လို့။ ဒါပေမဲ့ ငါကိုယ်တိုင် အပူရှိတိုင်း ဘုရားကို ပြေးကပ်မိတာ။ တကယ် ယုံကြည်မူဆိုတာ မရေရာဘူး။ ငါတို့ ကြီးပြင်းခဲ့တဲ့နေရာက "ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက်ရမယ်" လို့ မက်လုံးပေးတဲ့ ဝါဒအောက်က ပေးတဲ့ သဒ္ဓါလေ။

🙎‍♂️ဒါလည်း ဗုဒ္ဓက မိန့်ခဲ့တယ်လေ။ ပေးကမ်းခြင်းက မေတ္တာ... ပေးကမ်းခြင်းကနေ ကိုယ့်က်ို ကောင်းရာရောက်နိုင်တယ်လို့ ပါတယ်လေ။
🙎🏻‍♀️ အေးနင်ပြောတဲ့ ဘုရားဟောတဲ့ ပေးကမ်းစွန့်ကြဲမူက ပုံတစ်မျိုးပါ။ ငါမေးမယ်၊ ဒီနိုင်ငံ (နော်ဝေ) မှာ တစ်ခုခု ပေးလို့ ပြန်ရဖို့ မျှော်လင့်ပြီး ပေးတာမျိုး ရှိသလား? ဗုဒ္ဓဘာသာမဟုတ်သူတွေတောင် သူတို့ မသုံးတာတွေ သူများကို ပေးတဲ့အခါ တခုခု ပြန်ရကောင်းစေမျှော်လင့်သလား?
🙎‍♂️မထင်ဘူး
🙎🏻‍♀️ငါသိသလောက် သူတို့ ဗုဒ္ဓစကားကို မသိဘူး။ ဒါပေမယ့် ငါကိုယ်ငါနဲ့ စာနာလို့ သူများနစ်နာအောင် မ​ပြောဘူး၊ မသတ်ဘူး၊ ပစ္စည်းပြည့်စုံ နေတာရော မလိုတာရောကြောင့်ပါ မခိုးဘူး၊ ကိုယ်မလိုတာကို သူများကို ပေးဖို့ မတွန့်တိုဘူး၊ ပြန်ရဖို့ဘာမှ မမျှော်လင့်ဘူး။ ဒါအများစုမှာ တွေ့ရတယ်။ ဒါဟာ စားဝတ်နေရေး ပြေလည်မူကြောင့် ပါတယ်လို့ ပြောလို့ရပေမဲ့ လူတွေရဲ့ စိတ်နေစိတ်ထား ကြင့်ကြံအားထုတ်မူကြောင့်လည်း ပါတယ်။ နင်တို့လည်း လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က တော်တော်ဆင်းရဲခဲ့တဲ့ နိုင်ငံပဲလေ။ နင်တို့အစိုးရက တည်ဆောက်မူကို အလေးထားခဲ့တယ်၊ ပြည်သူတွေက လိုက်နာကျင့်ကြံတယ်။ ဘာသာရေးက ရှိတယ်၊ တိုးပွားအောင်လုပ်တယ်၊ ဒါပေမဲ့ လူတွေကို ထိမ်းချုပ်ဖို့တော့ ခွင့်မပေးဘူး။

ငါနေခဲ့တဲ့နိုင်ငံက ဘာသာတရား ကထွန်းကားတယ်
- ရေကန်လှူမှ အေးချမ်းမယ်တဲ့
- သင်္ကန်းလှူမှ အဆင်းလှမယ်တဲ့
- ကျောင်းဆောက်မှ နတ်ပြည်မှာနေဖို့ ပြဿဒ်ပေါ်မယ်တဲ့
- ဘုရားရွှေချမှ တို့ဘဝ တိုးတက်မယ်တဲ့
- သိမ်ဆောက်မှ နိဗာန်တံခါးပွင့်မယ်တဲ့
- နောင်ဘဝ ယောက်ျားဖြစ်မှ ဘုရားဆုပန်နိုင်မယ်တဲ့
- ဘုန်းကြီး/မိဘ/ဆရာသမား ပြန်ပြောရင် အဝီစိ ဂျိုးကပ်မယ်တဲ့
- ငှက်တွေကို အစာကြွေးရင် ကိုယ်လည်း အစာရေစာ ပေါများမယ်တဲ့
- သူအသက်လွှတ် ငါ့အသက်ဆယ်ခါလွတ်လို့ ရွတ်ပြီး ငှက်ဝယ်လွှတ်/ငါးဝယ်လွှတ်ရသတဲ့။

ဒါပေးမှ ဒါရမယ့် ဘာသာရေးမှာ ငါကြီးပြင်းခဲ့တယ်။ "ဒါတွေမဟုတ်ဘူးနော်" လို့ ပြောဖို့ တော်လှန်ရတဲ့ ဘာသာရေးမှာ ငါကြီးပြင်းခဲ့တယ်။ ငါ သိတဲ့ ဘာသာရေးက နင်ပြောသလိုအားကောင်းတာ ဟုတ်ရဲ့လားလို့ ငါ သံသယ ဖြစ်မိတယ်။ တို့တွေ ရင်ထဲ ဘာသာတရားအမှန်ကို မထည့်နိုင်လို့ အမြင်မှာ ဘုရားတွေ၊ ကျောင်းတွေဆောက်ပြီး ဆွဲဆောင်ထားခဲ့ကြရတယ်ထင်ပါရဲ့။

ငါ ပေးချင်လို့ပေးလိုက်တဲ့ ပစ္စည်းတခုကို ငါ ပေးလိုက်ရချိန် ကြည်နူးခြင်းကိုသာ ငါအပြည့် လိုချင်ပေမဲ့ ရိုက်ထည့်ထားခံရတဲ့ ဦးနှောက်က ငါ ဒါလေး လှူလိုက်လို့ ငါဘာလေးတော့ ဖြစ်တော့မှာလို့ အော်တို သွားတွေးတတ်လေရဲ့။ ဒီရောက်ပြီး ကြာမှ ငါ ပျောက်အောင် ဖျောက်နိုင်ခဲ့တာ။ ဒီတော့ နင်ပြောတဲ့ ပေးကမ်းခြင်းရဲ့ မေတ္တာရဖို့ ငါတိုက်ယူခဲ့ရတယ်။ နင့်လောက်မရိုးရှင်းဘူးရယ်။

ဒါကြောင့် ဘာသာရေးအရ နင်ဘာကျင့်လဲမေးရင် - ငါ အရင်အယူမှားတွေထဲက ထွက်ဖို့အရင်တိုက်နေရသေးတော့ ငါပြောရခက်ပါတယ်လို့ ဖြေချင်တာပါ။ ငါ ဗုဒ္ဓဘာသာ အမှန်ဖြစ်ဖို့ လူကို လူလို တန်ဖိုးထားဖို့ အရင် ကျင့်နေရပါတယ်။
(ဆက်ရန်)

Nordic Myanmar Media aims to showcase the best of Nordic lifestyle, news, and updates from Myanmar.

ရေကြည်ရာ မြက်နုရာမြင့်အေး ရေးသည်။ကျွန်တော့ အိမ်နဲ့ ၁၅ မိနစ်လောက် ကားမောင်းရင် တောအုပ်အလယ်က ရေကန်လေးတခုကို ရောက်ပါတယ်။ ကျ...
22/05/2024

ရေကြည်ရာ မြက်နုရာ
မြင့်အေး ရေးသည်။

ကျွန်တော့ အိမ်နဲ့ ၁၅ မိနစ်လောက် ကားမောင်းရင် တောအုပ်အလယ်က ရေကန်လေးတခုကို ရောက်ပါတယ်။ ကျွန်တော်က မြရည်ကန်သာလို့ အမည်ပေးထားပါတယ်။

သူငယ်ချင်းနဲ့ နွေဦးပေါက်ကတည်းက ဆောင်းဝင်သည်အထိ တပတ် နှစ်ကြိမ်လောက် သွားဖြစ်၊ ငါးမျှားဖြစ်ပါတယ်။ ကန်က အင်းယားကန်တဝက်လောက် ရှိပါလိမ့်မယ်။ ဘေးက တောင်ကုန်းတွေမှာ အဆောက်အဦးအနည်းငယ် ရှိပေမဲ့ သီးခြားစီပါ။ တောအုပ်တွေ လွှမ်းထားသလို ကန်စပ်မှာလည်း အဝါရောင်ပွင့်ကြမယ့် ကြာပန်းခင်း ရှိပါတယ်။ တောဘဲရိုင်းတွေ ကျက်စားတတ်သလို ဒီရေကန်မှာပဲ ပျော်မွေ့တဲ့ ကနေဒါငန်းမိသားတစုလည်းရှိပါတယ်။

ဒီနေ့တော့ မထင်မှတ်ပါပဲ ကနေဒါငန်းမိသားစုက ခါတိုင်းလို အရွယ်ရောက်တဲ့ အုပ်မဟုတ်ပဲ အကောင်ပေါက်လေးတွေနဲ့ တွေ့လိုက်လို့ အတော်အံ့ဩသွားမိပါတယ်။ ကျွန်တော်ထင်တာ သူတို့က နွေဦးကနေ ဆောင်းဝင်ခါနီးအထိ အလည်လာတဲ့ငှက်‌တွေလို့ ထင်ထားလို့ပါ။ သူတို့တွေကို အော်စလိုမှာ တွေ့တော့ တွေ့နေတာပါ။

ဒါနဲ့ အိမ်ရောက်ပြီး နည်းနည်းပါးပါး ဖတ်ကြည့်တော့ ဒီငန်းတွေက စကင်ဒီနေးဗီးယားဒေသက ဆွီဒင်ကို ၁၉၂၉ ခုနှစ်မှာ စရောက်တာတဲ့။ နော်ဝေမှာတော့ ၁၉၃၅ ခုနှစ်ကျမှ တွေ့တာတဲ့။ ၁၉၇၀ နောက်ပိုင်းက စလို့ အများအပြား အခြေချလာကြတာဆိုပဲ။ ကနေဒါနဲ့ နော်ဝေက သဘာဝချင်း သိပ်မကွာတာတောင် အခြေချလာတဲ့ ကနေဒါငန်းတွေအတွက် နှစ်ပေါင်း ၄၀ လောက်နေမှ များများစားစား ရွှေ့ပြောင်းလာနိုင်တဲ့ သဘော။

ကျွန်တော်တို့ မြန်မာထဲက အဦးဆုံး ရောက်ခဲ့သူတွေကလည်း ၁၉၇၀ ဝန်းကျင်ပါ။ အစောပိုင်းရောက်သူတွေက ပညာရေးအတွက် လာကြရင်း နော်ဝေသားတွေနဲ့ အိမ်ထောင်ရက်သား ကျခဲ့ကြတာပါ။ သူတို့တွေ ရောက်စက နော်ဝေကလည်း မချမ်းသာသေးသလို အခုလို မြန်မာတွေ မပြောနဲ့၊ တခြား အာရှသားတွေပင် မရှိသလောက် ကာလမို့ အစားအသောက် အတော် ဒုက္ခရောက်ခဲ့ကြပါသတဲ့။ ငါးပိလေး လက်နှစ်သစ်လောက်ရဖို့ ပြည်တော်ပြန်မယ့် လန်ဒန်က သူငယ်ချင်းက လက်ဆောင်ပေးမှာမို့ လေယာဉ်စီးပြီး သွားယူခဲ့ကြရသတဲ့။

ဒီနောက်ပိုင်း ကျွန်တော်အပါအဝင် ၉၀% သော မြန်မာပြည်သားတွေကတော့ အာဏာရှင်ရဲ့ လက်ချက်ကြောင့် ရောက်လာကြတာပါ။ အခုတော့ နော်ဝေသာမဟုတ် ကမ္ဘာတလွှား ရေကြည်ရာမြက်နုရာ ဆိုသလို မြန်မာတွေ ပြန့်သွားခဲ့ကြပါပြီ။ အာရှသားတွေလည်း ပြန့်သွားခဲ့ကြပါပြီ။ ပြန်ဆန်းစစ်ကြည့်ရင် ရေကြည်ရာ မြက်နုရာ သွားခဲ့ကြသူတွေဟာ အထူးသဖြင့် စစ်ဒဏ်၊ အာဏာရှင်ဆိုးတွေရဲ့ဒဏ်ကို ခံခဲ့ရတဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေကပါ။

ငန်းတကောင်က သဘာဝတူတဲ့ နေရာကို ပြောင်းရွှေ့အခြေချတာ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ လူကတော့ လုံခြုံတဲ့နေရာကို ရွေ့ပြောင်းကြရတာ မဟုတ်ပါလား။ ငန်းတကောင်အတွက် ရာသီဝန်းကျင် တူရင် ပြောင်းရွှေ့အခြေချရတာ လွယ်ကောင်းလွယ်ပါလိမ့်မယ်။ လူအတွက်ကျတော့ အထူးသဖြင့် ပထမမျိုးဆက်အတွက်တော့ စိန်ခေါ်မှုတွေက အများကြီးပါ။ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ အလုပ်အကိုင်... ရေးပြရရင် တသီကြီး ထွက်လာပါလိမ့်မယ်။ ဒါက ကိုယ်အတွက် ပထမဆုံး ကြုံရတဲ့ စိန်ခေါ်မှုတွေ။
ငန်းတကောင်အတွက် အေးငြိမ်းရာ ရေကန်တခုမှာ အခြေချပြီး မျိုးဆက်ကို လက်ဆင့်ကမ်းပေးဘို့ လွယ်ပါလိမ့်မယ်။ လူအတွက်က မလွယ်ပါဘူး။ ကိုယ့်မျိုးဆက်ကို လက်ဆင့်ကမ်း အမွေပေးဘို့ဆိုတာ အခက်ဆုံး စိန်ခေါ်မှုပါပဲ။ မိဘစကား မြေဝယ်မကျ နားထောင်ရတဲ့ ယဉ်ကျေးမှုကလာတဲ့ မိဘနဲ့ ဘာမဆို အထွန့်တက်တတ်၊ တက်ခွင့်ရနေတဲ့ သားသမီးတို့ရဲ့ ဆက်ဆံရေးက အစဉ်တစိုက် ပြေလည်နေတာမျိုး မဟုတ်ပါဘူး။ ကလေးတွေအဖို့ကလည်း အိမ်က ယဉ်ကျေးမှုတခု၊ ပတ်ဝန်းကျင်က တပုံစံ။

ဒုတိယမျိုးဆက်အတွက်လည်း မလွယ်လှပါဘူး။ ကိုယ့်စကား၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အစားအသောက်၊ ကိုးကွယ်ရာ စတာတွေ လက်ဆင့်ကမ်းဖို့ ဆိုတာ ရေကြည်ရာမြက်နုရာအရပ် ဖြစ်ရုံနဲ့ မရနိုင်ပါလား။ ပထမမျိုးဆက်အတွက်ကတော့ ရေဘယ်လောက်ကြည်ကြည်၊ မြက်ဘယ်လောက်နုနု၊ ကိုယ်မွေးဖွားခဲ့ရာ ဇာတိမြေက ဘယ်လောက်ပဲ ခရောင်းတောဖြစ်ဖြစ်၊ ဖုန်းဆိုးမြေဖြစ်ဖြစ်၊ တမ်းတစရာ ဖြစ်နေကြရတာပါကလား။

21/05/2024

မူစကူးဒူးခံချင်သူများနဲ့ ဘောက်ချာစာရွက်များ
———————————
ဘကြီးတုတ်ရေးသည်။

ခင်တန်းဆိုတဲ့ ရွာလေးက ကညွတ်ကွင်းမြို့နဲ့ဆို မနီးမဝေး ဆိုပါတော့။ ၈၈၈၈ အရေးတော်ပုံမစခင် အဲဒီမှာ စစ်တပ်မရှိသေးပါဘူး။ အရင်က ၁၉၄၈-၁၉၆၂ ပြည်တွင်းစစ်ကာလမှာတော့ အဲဒီနယ်အပါအဝင် ပဲခူးရိုးမတကြောဟာ ယမ်းပေါက်ကွဲသံတွေ ညံခဲ့တာပေါ့။ နောက်ပိုင်း ဖြတ်လေးဖြတ်စစ်ဆင်ရေးအပြီး ပေါက်ကွဲသံတွေ မကြားရတော့ဘူး။ ကြာလာတော့လည်း ခင်တန်းရွာဟာ ပြည်တွင်းစစ်ရဲ့ ဂယက်တွေကိုမေ့ပြီး အေးအေးဆေးဆေး ပြန်ဖြစ်သွားတာပါပဲ။ ရွာ့ထုံးစံအတိုင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဗွီဒီယိုရုံနဲ့၊ ဆယ်အိမ်ခေါင်းနဲ့​ ၊ ရွာသူကြီးနဲ့ … ပုံမှန်ပဲပေါ့။

ရှစ်ဆယ့်ရှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီ ပုံမှန်ဘဝကနေ ရွာမှာ ထူးခြားမှုတခု ကြုံရတယ်။ အဲဒါကတော့ ရွာနားမှာ စစ်တပ်တတပ် စတည်တာပဲ။ စစ်တပ်စတည်ပြီဆိုတော့ လူတွေ ပုံမှန်သွားလာနေတဲ့လမ်းဟာ စစ်တပ်က ကားတွေကြောင့် ဖုန်ထူစပြုပြီ။ စစ်တပ်ထဲက လူတွေကလည်း ရွာထဲ စျေးဝယ်ထွက်ပေါ့။ ရွာသားတွေကလည်း စစ်သားတွေကို စူးစမ်းလာတယ်။ အထူးသဖြင့် သေနတ်ကိုင်တာကို အားကျတဲ့လူငယ်တွေက စစ်သားတွေကိုင်တဲ့ဂန်းကို ကိုင်ကြည့် ပစ်ကြည့်ချင်တယ်။ ဒီငနဲတွေကလည်း ရွာထဲ အုန်းသီးခူးစားချင်တာတောင် အုန်းတက်သမားနဲ့ တက်မခူးတော့ဘူး။ အုန်းပင်ပေါ်က အုန်းသီးကို သေနတ်နဲ့ ပစ်ချပြီးမှ စားကြတယ်။အဲသည်မှာ ဂျပန်ခေတ်နဲ့ ပြည်တွင်းစစ်ကို မီခဲ့တဲ့ ဂျီးဒေါ်တချို့က ယမ်းပေါက်ကွဲသံကြားရင် မစင်ထွက်ကျတာတို့ ဘာတို့ ဖြစ်တတ်ကြတယ်။

ပိုဆိုးတာက အရင်က ရွာမှာ ပြဿနာတခုခုဖြစ်ရင် ဆယ်အိမ်ခေါင်းတို့ သူကြီးတို့နဲ့ ရှင်းပေမယ့် ခုကျတော့ ထစ်ဆို “စစ်တပ်နဲ့ တိုင်လိုက်ရမလား” ဆိုတာမျိုး ဖြစ်လာတယ်။ အိမ်မှာ ပြောမရ ဆိုမရရင် စစ်တပ်ကို လာဖမ်းခိုင်းပြီး "ဆုံးမပေးပါဦး" ဆိုတာမျိုး လုပ်လာတယ်။ စစ်တပ်က မောင်တွေကလည်း ပြောတဲ့အတိုင်း ပြောရဆိုရခက်တယ်ဆိုတဲ့ သားကို ဖမ်းချုပ်၊ စစ်တပ်အချုပ်ထဲထည့်၊ ထိုးကြိတ်ကန်ကျောက်ပေါ့။ စစ်တပ်အချုပ်ထဲကထွက်လာရင် အဲ့လူ ငြိမ်သွားတယ်။ ငြိမ်တာပေါ့ … မျက်နှာတွေလည်း ညိုမည်းဖူးယောင်လို့ကိုး။ မိဘတွေကတော့ ငါ့ကလေး ငြိမ်သွားပြီလို့ ထင်တယ်။ တကယ်တော့ သူတို့မှာ အကြောက်တရားတွေနဲ့ စိတ်ထဲပူလောင်နေပြီ။

အဲဒါပဲ … လောကမှာ မူစကူဒူးတယ် ဆိုတာ အဒူးခံချင်တဲ့သူ ရှိမှကို ဒူးခံရတာ။​ သူ့ဖာသာ နေတဲ့ရွာက အနေမတတ်တော့ စစ်ကျွန် စောစောစီးစီး ဖြစ်ရတာပဲ။ ဥိးနှောက်မှာ ဆင်ခြင်တတ်တဲ့ဥာဏ် မရှိတော့ ရေရှည်မတွေးတတ်တော့ဘူး။ ငါ့သားလေး စိတ်ဒဏ်ရာရသွားမလားလို့ မစဉ်းစားတတ်တော့ဘူး။

ခုလည်း တနိုင်ငံလုံးက အိမ်တွေ မီးပတ်ရှို့၊ လူတွေ နှိပ်စက်တဲ့သူတွေကို ဖျင်ပိတ်ထောက်ခံနေကြတဲ့ လူတစုကလည်း ရှိသေးသဗျ။ အဲဒီလူတွေကိုကြည့်… အကျိုးစီးပွားရှိသူတွေရယ်၊ ဦးနှောက်မရှိသူတွေရယ် ဆိုပြီး လူနှစ်မျိုးပဲ တွေ့ရမယ်။

စစ်တပ်အာဏာသိမ်းအောင် လော်ခဲ့တဲ့ ၃၅ ပါတီရယ်၊ သတင်းသမားအယောင်ဆောင်ထားတဲ့ ဘောမတွေရယ်၊ ကိုယ့်ကျိုးတခုတည်း ကြည့်တတ်တဲ့ အုပ်ကြီးတွေရယ်ကို လူတွေက ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ဘောက်ချာစာရွက်တွေမှ တထပ်ကြီးရယ်။

ရှင်သန်ခွင့်မြင့်အေး ရေးသည်။ဒီနေ့ ရပ်ကွက်နားက စျေးတခုမှာ ဈေးဝယ်နေရင်း ကျီးကန်းတွေနဲ့  နော်ဝေသပိတ်လွယ်တို့ အုပ်စုလိုက် တိ...
13/05/2024

ရှင်သန်ခွင့်
မြင့်အေး ရေးသည်။

ဒီနေ့ ရပ်ကွက်နားက စျေးတခုမှာ ဈေးဝယ်နေရင်း ကျီးကန်းတွေနဲ့ နော်ဝေသပိတ်လွယ်တို့ အုပ်စုလိုက် တိုက်ခိုက်နေကြတာ ကြုံရပါတယ်။ စျေးဝယ်ရင်း တန်းလန်းမို့ အသေအချာ မမြင်လိုက်ရဘဲ အုပ်ကွဲသွားတာသာ မြင်လိုက်ရပါတယ်။ ဒီက ကျီးတွေက အကောင်အရွယ်အစား အမျိုးမျိုး၊ အရောင်လည်း အမျိုးမျိုးပါ။ တောစပ်က ကျီးတွေက ပိုမည်းပြီး ပိုကြီးပါတယ်။ လူနဲ့ အနေနီးတဲ့ ကျီးတွေက ကိုယ်တွေဆီက အရွယ်ပါပဲ။ ထူးခြားတာက အဝလွန်နေကြတာပါ။

"နော်ဝေသပိတ်လွယ်" လို့ ကျွန်တော် အမည်ပြုတဲ့ ငှက်က နော်ဝေလို skjære လို့ခေါ်ပါတယ်။ သပိတ်လွယ်နဲ့ ကျီးကန်းက အလေ့အထ တူတာတွေ ရှိပါတယ်။ နှစ်ကောင်စလုံးက အသားစားငှက်တွေပါ။ တကောင်တည်း ဖြစ်စေ၊ နှစ်ကောင်တွဲဖြစ်စေ နေတတ်သလို အုပ်စုနဲ့လည်း နေတတ်ပါတယ်။ အသိုက်ကိုလည်း သစ်ပင်အမြင့်မှာ ဖွဲ့တတ်ကြပြီး၊ ကောက်ရိုးတွေကို သစ်ပင်ဂွကြားမှာ မသပ်မရပ် စုလုံးထိုးထည့်တတ်ထားမျိုးမှာလည်း တူကြပါတယ်။ တခုပဲ ကွဲပြားတာက သပိတ်လွယ်က ဒီမှာ တနှစ်လုံး နေတတ်ပါတယ်။ ဆောင်းတွင်းဖက် အသိုက်ကို ဖုံးလွှမ်းသွားတဲ့ နှင်းတွေပေါ်မှာ သပိတ်လွယ် နားနေတာတွေ့ရင် သနားစိတ် မကြာခဏ ပေါ်ပါတယ်။

ကျီးကတော့ နှင်းလွတ်ရာ အဆောက်အဦတွေကြား တိုးလျှိုးနေတတ်ပါတယ်။ နွေဦးပေါက်ပြီဆို ကျီးက အသိုက်လုတော့တာပါပဲ။ အသိုက်မြဲလို့ ဥတွေချ၊ အကောင်လေးတွေ ပေါက်ပြီဆို အပြန်အလှန် စားကြတော့တာပါပဲ။ အရွယ်ငယ်တဲ့ နော်ဝေဥဩလို အကောင်ကလေးတွေက ကျီးတို့ သပိတ်လွယ်တို့ ဝင်ဖို့ ခက်တဲ့နေရာတွေမှာ အသိုက်လုပ်ရရှာတယ်။ ဒါတောင်သားပေါက်စမှာ အသုတ်ခံရသေးတာပါပဲ။

ခုကျတော့ ကျီးနဲ့ သပိတ်လွယ်တို့ အုပ်စုလိုက် ဘာကြောင့်များ တိုက်ခိုက်နေကြတာပါလိမ့်။ သေချာတာကတော့ အစာလုတာနဲ့ အသိုက်လုတာ တခုခုပေါ့။ ကိုယ့်အစာကို လာလုရင်၊ ကိုယ့်မိသားစုကို လာရန်ပြုရင် တိရိစ္ဆာန်သည်ပင် ငုံ့မခံတာ သဘာဝပါလား။ ငါတို့ လည်ချောင်းထဲက အစာကိုတောင် ပါးရိုက်နားရိုက်လုပ်ပြီး လုနေတဲ့ စစ်အုပ်စုကို လူတွေက တော်လှန်နေကြတာ သဘာဝပဲ မဟုတ်ဘူးလား။

ဘောလုံးကွင်းမှာ "ဘောလုံးမကစားရ" ဆိုတဲ့ ဆိုင်းဘုတ်တပ်၊ အကွက်ရိုက် ရောင်းစားတဲ့အထိ နေရာလာလုနေတဲ့ အကောင်တွေကို တော်လှန်တာ သဘာဝပဲ မဟုတ်ဘူးလား။ လူဟာ တိရိစ္ဆာန်မှ မဟုတ်တာ။ လူတွေမှာ လွပ်လပ်ခွင့်တို့ အခြေခံရပိုင်ခွင့်တို့လည်း ရှိတယ်လေ။ ဒါတွေကို ဖိနှိပ်လာရင် တော်လှန်ရတာလည်း သဘာဝပဲမဟုတ်ပါလား။

နွေဦးတော်လှန်ရေးက သဘာဝကျတဲ့ ဖြစ်စဉ်ပဲဖြစ်တယ်။ ငါတို့ ဘယ်လို ကူမလဲ။
ကျီးလည်း အသက်ရှင်ဘို့ တိုက်ပွဲဝင်ရသလို သပိတ်လွယ်လည်း ဝင်ရတာပါပဲ။ ငါတို့ တိုက်ပွဲမဝင်ရင် ငါတို့ ရှင်သန်ခွင့်တွေ အားလုံး ဆုံးရှုံးမှုနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာ မဟုတ်လား။

အတွေးကို ဆန့်ထုတ်လို့မဆုံးခင်၊ လာမယ့် မေ ၁၇ မှာ ကျရောက်မယ့် နော်ဝေအမျိုးသားနေ့မှာ စျေးရောင်းကြမဲ့အကြောင်း မက်ဆေ့ဝင်လာတယ်။ မြေပြင်က ရဲဘော်တွေကို အားဖြည့်ဘို့ နော်ဝေက ငါတို့လည်း စျေးရောင်းပြီး ငွေရှာရမယ်မဟုတ်လား။

အနုပညာ ခံစားမှုမြင့်အေး ရေးသည်။"ခံစားသိတတ် ခံယူတတ်မှ၊ ကျိုးမြတ်ပီတိ ရင်ဝယ်ညိ၏" တဲ့။ အမှတ်ရမိတဲ့ စာလေးပါ။အနုပညာ အထူးသဖြင့...
10/05/2024

အနုပညာ ခံစားမှု
မြင့်အေး ရေးသည်။

"ခံစားသိတတ် ခံယူတတ်မှ၊ ကျိုးမြတ်ပီတိ ရင်ဝယ်ညိ၏" တဲ့။ အမှတ်ရမိတဲ့ စာလေးပါ။
အနုပညာ အထူးသဖြင့် မော်ဒန်ပန်းချီနဲ့ ပတ်သက်ရင် သိသူနဲ့ မသိသူ ခံစားရပုံခြင်းက ဘယ်နည်းနဲ့မှမတူနိုင်။

ကျွန်တော်ဆို အဲဒီမော်ဒန်ပန်းချီဆို ဘာမှကို နားမလည်။ သို့ပေမဲ့ ကိုယ့်ထက်ဆိုးတယ် ပြောမလား၊ အမြင်မတူဘူး ပြောရမလား မသိတဲ့ အတွေ့အကြုံတခု ရှိခဲ့ဖူးတယ်။
ပန်းချီအနုပညာနဲ့ ပတ်သက်သူတွေက နော်ဝေက ပန်းချီဆရာ အက်ဒ်ဗတ်မွန့်ခ် (Advard Munch) ရဲ့ "အော်သံ" "Scream" ဆိုတဲ့ ပန်းချီကားကို သိကြပါတယ်။ ထိတ်လန့်ကြောက်ရွံ့နေတဲ့ လူတယောက်ရဲ့ပုံပါ။ ကမ္ဘာကျော်တဲ့ ပုံမို့ အများသူငါက စာတွေ ရေးဖွဲ့လို့ ကျွန်တော်လည်း ဖတ်ဖူးပါတယ်။ မြင်တော့ မမြင်ဖူးပါ။

နော်ဝေရောက်စက နော်ဝေစာသင်တဲ့အချိန်၊ ကျွန်တော်တို့ကို တလတခါလောက် အော်စလိုရဲ့ ပြတိုက်တွေနဲ့ နာမည်ကြီးနေရာတွေဆီ လိုက်ပို့တတ်ပါတယ်။ တရက်တော့ အမျိုးသားပြတိုက်ကို ရောက်ပါတယ်။ အဲဒီမှာ ဒီပန်းချီကားကို စတွေ့တာပါ။ သသေးလေးပါ။ ကျွန်တော့စိတ်ထင် အလွန်ဆုံးရှိလှ နှစ်ပေပတ်လည်လောက်ပါ။ မှန်သေတ္တာထဲမှာ ထည့်ထားပါတယ်။ ဘေးဘီ၊ ဝဲယာမှာ ကင်မရာတွေ အများကြီးပါ။ ဆရာမက တဦးချင်းကို အသေအချာ ကြည့်စေသလို ရှင်းလည်းပြပါတယ်။ ကျွန်တော်တို့တွေက နိုင်ငံစုံ၊ အလွှာစုံကပါ။ ဒီပန်းချီက မူရင်းတခု ဖြစ်ကြောင်း (မူရင်းကိုက ၁၀ ခုခန့်ရှိ)၊ ၁၉၉၄ က ခိုးယူခံခဲ့ရကြောင်း၊ နောက်မူရင်းတခုကို အမေရိကန်ဒေါ်လာ သန်း ၁၂၀ လောက်နဲ့ သူဌေးတယောက်က လေလံပွဲတခုမှာ ဝယ်ယူသွားကြောင်း စတာတွေကို ရှင်းပြပြီး မင်းတို့ ဘယ်လိုမြင်လဲလို့ မေးရော...

အမျိုးမျိုးပြောကြတာပေါ့။ လူတယောက် ကြောက်နေတာ၊ စိတ်ဖိစီးတာ၊ ခေတ်သစ်ကမ္ဘာကြီးက ကြောက်စရာ စသဖြင့် ပြောကြတာပေါ့။ နောက်ဆုံး ဘာမှမပြောပဲ ငြိမ်နေတဲ့ အာဖရိကန် အမျိုးသမီးတဦးကို မင်းကရော ဘယ်လိုထင်သလဲလို့ ဆရာမက မေးလိုက်ရော ~
"ဆရာမက ခုနက ပြောတော့ ဒီပန်းချီကို သန်း ၁၂၀ လောက်နဲ့ ဝယ်တဲ့သူ ရှိတယ်ဆို"
" ဟုတ်တယ်လေ" ပေါ့။
"ကျမ အဲဒီလူကို စဉ်းစားနေတာ။ ကိုယ့်အိမ်ပေါ် "ရှိုက်က်တန်" ကြီး ချိတ်ထားဖို့ အဲလောက် ပိုက်ဆံအကုန် ခံရသလားလို့"

မှတ်ချက် ။ ။ ပုံကို အင်တာနက်မှ ယူပါတယ်။

10/05/2024

apostrophes and comma

ဆဌမတန်း ပညာသင်နေချိန်တုံးကဖြစ်သည်။ အင်္ဂလိပ်ဆရာမက apostrophes and comma အကြောင်းကို ကျောင်းသားတွေ သဲသဲကွဲကွဲ သိစေဖို့ သင်ပုန်းကြီးမှာ စာအချို့ကို ရေးချလိုက်သည်။
U Ba’s son
ဆရာမ။ U Ba’s son ဆိုတာ ဦးဘ ပိုင်ဆိုင်တဲ့ အရာတခုကိုဖော်ပြတာ။ ‘s ဆိုတာ “သူရဲ့” တို့ “ သူ၏” တို့ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ‘s ကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလည်းဆို apostrophe လို့ခေါ်တယ်။
စာရေးပြယုံတင်သာမကပဲ အသံထွက်ကိုလည်း ထွက်ပြလိုက်သည်။
ဆရာမ။ ဒါကို “ အပေါ်စတော်ဖီ ” လို့ခေါ်တယ်။ ဘာလို့ခေါ်သလည်း။
တပြည့်များ။ အပေါ်စတော်ဖီ အက်စ် ပါဆရာမ။
ဆရာမ။ အေး…ဟုတ်ပြီ။
သည့်နောက် comma ကိုလည်းချရေးလိုက်သည်။
ဆရာမ။ ဒါကို ဘယ်လိုခေါ်သလည်း။
ဆရာမ မေးခွန်းကို ကျောင်းသားများက အားရပါးရဖြေချလိုက်သည်။
“ အောက်စတော်ဖီပါ ဆရာမ”
ဟဲ….ဟိုဟာ အပေါ်စတော်ဖီတိုင်း ဒါက အောက်စတော်ဖီဖြစ်မလား။
ကော်မာ…ကော်မာ လို့ခေါ်တယ်ဟဲ့။
ကျနော်တသက်လုံး အပါ်စတော်ဖီနဲ့ ကော်မှာ မမှားတော့ပါ။ သေသည်အထိသတိယသွးပါ၏။

Address


Telephone

+4795019915

Website

Alerts

Be the first to know and let us send you an email when Nordic Myanmar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nordic Myanmar Media:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share