မြေမှုန်လွင်

မြေမှုန်လွင် Publisher and Writer ✍️

🤍စာအုပ်တွေကိုယ်တိုင်က အနုပညာပါပဲမြန်မာပြည်မှာ မထွန်ကားတဲ့စာအုပ်အမျိုးအစားတစ်မျိုးရှိပါတယ်။အဲ့ဒါကတော့ Art Book တွေပါ။ပန်း...
09/12/2024

🤍စာအုပ်တွေကိုယ်တိုင်က အနုပညာပါပဲ

မြန်မာပြည်မှာ မထွန်ကားတဲ့
စာအုပ်အမျိုးအစားတစ်မျိုးရှိပါတယ်။
အဲ့ဒါကတော့ Art Book တွေပါ။
ပန်းချီ၊ ပန်းပု၊ ဓာတ်ပုံ၊ ဗိသုကာ အစရှိတဲ့
အနုပညာဆိုင်ရာ စာအုပ်တွေ
အထွက်နည်းပါတယ်။
ဘာလို့ အထွက်နည်းသလဲဆိုရင်
ရှင်းပါတယ်။
အဲ့ဒီလို စာအုပ်တွေက
ပုံနှိပ်ရင် ကုန်ကျစားရိတ် များတယ်။
ဝယ်မယ့်သူ၊ စိတ်ဝင်စားသူ နည်းတယ်။
ဒါကြောင့်လည်း Trade Book လို့ခေါ်တဲ့
ကျွန်တော်တို့ ဝယ်လေ့ ဖတ်လေ့ရှိတဲ့
စာအုပ်တွေပဲ အထွက်များကြတာ
ဖြစ်ပါတယ်။
အနုပညာစာအုပ်တွေကို
လုပ်ရတာ လက်ဝင်၊ ပိုက်ဆံကုန်ပြီး
အကျိုးအမြတ်မရတဲ့အခါ
ရေရှည် မလုပ်နိုင်ကြဘူးပေါ့လေ။

နိုင်ငံတကာမှာတော့
Art Book တွေဟာ
စျေးကွက် အခိုင်အမာရှိသလို
Art Book Fair ဆိုပြီး
အနုပညာဆိုင်ရာ စာအုပ်တွေချည်း
သီးသန့် ပြသတဲ့ စာအုပ်ပွဲတွေလည်း
ရှိကြပါတယ်။

အခုနောက်ပိုင်း ရေပန်းစာလာတာကတော့
စာအုပ်ထဲမှာပါတဲ့
Content (အကြောင်းအရာ) တွေကိုသာမက
စာအုပ်အပြင်အဆင်တွေကို
အနုပညာဖြစ်လာအောင်
ဖန်တီးလာတဲ့ စာအုပ်တွေပါပဲ။

မြန်မာပြည်မှာတော့
ထူးထူးခြားခြားအနေနဲ့
ဒီလိုဓာတ်ပုံစာအုပ်တွေ ထွက်လာပါတယ်။
စာအုပ်တစ်အုပ်လုံးကို
အစအဆုံး မြန်မာပြည်တွင်းမှာ ပုံနှိပ်ပါတယ်။
လက်နဲ့စိတ်ရှည်လက်ရှည် သီချုပ် ချုပ်ပါတယ်။
စာအုပ်ကို တစ်ခြမ်းပဲရိုက်ပြီး
စာအုပ်ထဲကို
ခေါက်ထည့်ထားပါတယ်။
ဆီစိမ်စက္ကူနဲ့ ရိုက်သလို
စက္ကူအဝါအပေါ့လေးတွေနဲ့လည်း
ရိုက်ပါတယ်။
မြန်မာနိုင်ငံအနှံက တစ်ခေတ်တစ်ခါက
ဓာတ်ပုံတွေကို
စုစည်းထားတာပါ။
စာအုပ်ထဲမှာပါတဲ့ ဓာတ်ပုံတွေအသာထားလို့
စာအုပ်အပြင်အဆင်ကကို
လက်မှု အနုပညာတစ်ခုဖြစ်နေပါပြီ။
စာအုပ်ကို Myanmar Photo Archive ဆိုတဲ့
အဖွဲ့အစည်းကနေ ထုတ်ပါတယ်။
စာအုပ်တစ်အုပ်ရဲ့ အလှတရား
တစ်နည်း စာအုပ်တစ်အုပ်ရဲ့
အနုပညာကို
ကြည့်ရှုခံစားချင်သူတွေ
သိမ်းဆည်းသင့်ပါတယ်။
အဆိုပါ စာအုပ်တွေနဲ့ ဆက်စပ်တဲ့
ဓာတ်ပုံပြပွဲတွေကိုလည်း
Yangon Book Plaza အပါအဝင်
ရန်ကုန်အနှံက ပြခန်းတွေ
အဆောက်အအုံတွေမှာ ပြသလျက်ရှိပါတယ်။
စိတ်ဝင်စားသူများ သွားရောက်ခံစား
ကြည့်ရှုနိုင်ပါတယ်။

ဒီစာအုပ်ကို ဖတ်စေချင်တဲ့အချက်သုံးချက်ရှိပါတယ်။ပထမအချက်ကတော့ပဂ္ဂီဟာ အင်္ဂလန်မှာ ပြခန်းဖွင့်ဖို့လုပ်တယ်။သူ့ပြခန်းအတွက် ဥရေ...
04/12/2024

ဒီစာအုပ်ကို ဖတ်စေချင်တဲ့
အချက်သုံးချက်ရှိပါတယ်။
ပထမအချက်ကတော့
ပဂ္ဂီဟာ အင်္ဂလန်မှာ ပြခန်းဖွင့်ဖို့လုပ်တယ်။
သူ့ပြခန်းအတွက် ဥရောပက
ပန်းပုလက်ရာတွေကို အင်္ဂလန်ကို
တင်သွင်းတယ်။
အင်္ဂလန်အကောက်ခွန်က
အဆိုပါ ပန်းပုတွေကို အနုပညာလက်ရာလို့
မသတ်မှတ်ဘူး။
ကြေးတုံး၊ ကျောက်တုံး၊ သစ်သားတုံးတွေလို့
သတ်မှတ်တယ်။
ဒီတော့ အခွန်တွေအများကြီးပေးရတော့မယ်။
ပဂ္ဂီက ဒါကို လက်မခံဘူး။
ဒီတော့ အကောက်ခွန်ရုံးကနေ
ပဂ္ဂီတင်သွင်းလာတဲ့
ပစ္စည်းတွေဟာ အနုပညာဟုတ်မဟုတ်
ဆုံးဖြတ်ဖို့ Tate ပြတိုက်ရဲ့
ညွန်မှုးကို ခေါ်ပြီး ဆုံးဖြတ်ခိုင်းတယ်။
ပြတိုက်မှုးကလည်း
အဲ့ဒါတွေဟာ အနုပညာလက်ရာမဟုတ်ကြောင်း
ကြေညာချက်ထုတ်ပြန်တယ်။ (ဥရောပမှာ
ခေတ်သစ်အနုပညာလက်ရာ အပြောင်းအလဲတွေ
ပြင်းပြင်းထန်ထန်ဖြစ်နေချိန်
အင်္ဂလန်ဟာ ခေတ်နောက်ကျကျန်ရစ်နေတဲ့ကာလပါ)
အဲ့ဒီဆုံးဖြတ်ချက်ကို
ပဂ္ဂီက မကျေနပ်သလို
အနုပညာဝေဖန်ရေးသမားတွေကလည်း
မကျေနပ်ဘူး။
အဲ့ဒီပြသနာက ကြီးထွားသွားပြီး
အောက်လွှတ်တော်ထိရောက်သွားတယ်။
နောက်ဆုံးတော့ ပဂ္ဂီနိုင်တယ်။
ဒါ့အပြင်
အဲ့ဒီဖြစ်စဉ်နောက်ပိုင်းမှာ
အနုပညာလက်ရာစစ်မစစ်ဆိုတာကို
TATE ပြတိုက်ရဲ့ ညွှန်မှုးဆီ
ထောက်ခံချက်တောင်းတဲ့ ကိစ္စကိုပါ
လွှတ်တော်က
ဖျက်သိမ်းလိုက်တယ်။

ဒုတိယအချက်က ပိုက်ဆံ။
ပဂ္ဂီဟာ သိပ်ချမ်းသာတယ်။
အဖေဘက်ကရော အမေဘက်ကရော
ချမ်းသာတယ်။ အမေရိကားမှာ
နေရတာ ပျင်းလို့ ဥရောပမှာ နေတယ်။
သူပါရီကို ရောက်တဲ့အခါ
ပန်းချီပန်းပုတွေကို တစ်နေ့
အနည်းဆုံး တစ်ခုဝယ်တယ်။
သူမနိုးသေးခင်ကတည်းက
သူ့အိမ်မှာ သူ့ကို အနုပညာလက်ရာတွေရောင်းဖို့
စောင့်နေသူတွေ အပြည့်။
ဒါပေမယ့် ပဂ္ဂီဟာ
အနုပညာလက်ရာတွေကို
စုဆောင်းရာမှာ စည်းရှိတယ်။
စနစ်ရှိတယ်။
ပထမဆုံးအနေနဲ့
ဘယ်လိုပန်းချီဆရာရဲ့ ဘယ်လိုလက်ရာမျိုး
စုဆောင်းသင့်သလဲဆိုတာ
ဟားဗတ်ရိဒ်ဆီကနေ
အကြံဥာဏ်တောင်းတယ်။
ဟားဗတ်ရိဒ်ထောက်ခံထားတဲ့
ပန်းချီဆရာတွေရဲ့ လက်ရာတွေဆို ဝယ်တယ်။
နောက်ထပ်အကြံပေးတစ်ယောက်က
မာဆယ်ဒူးရွှန့်။ (Marcel Duchamp)။
သူတို့နှစ်ယောက်စလုံးဟာ
ပဂ္ဂီကို အဲ့ဒီကာလမှာ လူကြိုက်များနေတဲ့
Old Master တွေကို မစုခိုင်းဘူး။
ခေတ်ပြိုင်လက်ရာသစ်တွေပဲ စုခိုင်းတယ်။
ယနေ့ခေတ်မှာ ဒိတ်ဒိတ်ကျဲဆိုတဲ့
ပန်းချီ ပန်းပု ဆရာတွေအားလုံးနီးပါးရဲ့
လက်ရာတွေကို ပဂ္ဂီဟာ စုဆောင်းနိုင်ခဲ့တယ်။

တတိယနဲ့ နောက်ဆုံးအချက်ကတော့
အပြောင်းအလဲပါပဲ။ အနုပညာလောက
အပြောင်းအလဲဆိုတာ ပန်းချီဆရာတွေနဲ့တင်
ပြောင်းလို့ မရဘူး။
ပဂ္ဂီတို့လို စုဆောင်းသူတွေ ပြခန်းပိုင်ရှင်တွေ
ရှိရမယ်။ ပဂ္ဂီဟာ ဥရောပကနေ နယူးယောက်ခ်ကို
ပြန်ပြီး ပန်းချီပြခန်းဖွင့်တယ်။
အနုပညာလက်ရာသစ်တွေကို မြေတောင်မြှောက်ပေးတယ်။ ယနေ့ချိန်မှာ ဒိတ်ဒိတ်ကြဲ
နာမည်ကြီးနေတဲ့ Jackson Po***ck ဟာ
ပဂ္ဂီပြခန်းမှာ လခစား ပန်းချီဆရာ။ no
တစ်နည်း ပဂ္ဂီမြေတောင်မြှောက်ပေးခဲ့သူ။
ပဂ္ဂီရဲ့ အနုပညာစုဆောင်းမှုနဲ့ အနုပညာရှင်တွေကို
မြေတောင်မြှောက်ပေးခဲ့မှုတွေဟာ
အရေးပါလွန်းတဲ့အတွက်
တချို့က သူ့ကို အမေရိကန် ပန်းချီလောက
အပြောင်းအလဲရဲ့ ခေါင်းကိုင်မိခင်လို့တောင်
တင်စားရတယ်။

ဒိစာအုပ်ကို ဖတ်ကြည့်ရင်
ပန်းချီစုဆောင်းသူတွေဟာ
ပန်းချီလောကဖွံ့ဖြိုးရေးအတွက်
ဘယ်လောက်အရေးပါသလဲဆိုတာ
အလုံးစုံမဟုတ်တောင်
ရိပ်ဖမ်းသံဖမ်းတော့ သိနိုင်ပါလိမ့်မယ်။

ပဂ္ဂီဟာ အနုပညာစုဆောင်းမှုမှာ
ထင်ရှားသလို အချစ်ရေးမှာလည်း
ကျော်ကြားပါတယ်။
သူ့ဘဲတွေကလည်း Samuel Beckett တို့
Mark Ernst တို့လို ဆရာ့ဆရာကြီးတွေပါသလို
ဒိုင်လျှိုလေးတွေကလည်း
အများကြီး မဟုတ်လား။
ဆရာကျော်လင်းဆွေရဲ့
ဘာသာပြန်ချက်နဲ့အတူ
ထွက်နေပါပြီ။

အနုပညာလက်ရာတွေကိုကြည့်ရှုခံစားတဲ့အခါAbsorbing လုပ်တယ်ဆိုတဲ့အသုံးအနှုန်းကို တော်တော်လေး သဘောကျပါတယ်။Absorbing ဆိုတဲ့အတိုင...
29/11/2024

အနုပညာလက်ရာတွေကို
ကြည့်ရှုခံစားတဲ့အခါ
Absorbing လုပ်တယ်ဆိုတဲ့
အသုံးအနှုန်းကို
တော်တော်လေး သဘောကျပါတယ်။
Absorbing ဆိုတဲ့အတိုင်း
ကိုယ့်ရှေ့မှာရှိတဲ့ အနုပညာလက်ရာတွေကို
စုပ်ယူခံစားတာမျိုး ဖြစ်သလို
တစ်ခါတစ်လေမှာလည်း အဆိုပါ
အနုပညာရဲ့ နောက်ကြောင်းရာဇဝင်
အနုပညာရှင်ရဲ့ သွယ်ဝိုက် ဆိုလိုရင်းတွေကို
စေ့ငုခံစားရပါတယ်။
Absorbing ဆိုတာကို
ကျွန်တော် ခံစားမိသလို ဘာသာပြန်ရရင်
တစိမ့်စိမ့်ယစ်မူးခြင်းလို့ပဲ
ဖလှယ်ချင်ပါရဲ့….
သဲပုံပေါ်ကို ရေလောင်းချလိုက်သလို
ဇွတ်ကနဲ နစ်ဝင်သွားတာမျိုး မဟုတ်ဘူး။
ကောက်ရိုးခြောက်တွေကို မီးမြှိုက်လိုက်သလို
ဟုန်းကနဲ လောင်သွားတာမျိုးလည်း
မဟုတ်ဘူး။
ငယ်ငယ်တုန်းက ရေမြောင်းထဲမှာ
ကျွန်တော်စက္ကူလှေလေး လွှတ်ဖူးတယ်။
လှေချိုးတာ မကျွမ်းကျင်တော့
စက္ကူလှေလေးဟာ တစိမ့်စိမ့်နဲ့ ရေထဲကို
နစ်ဝင်သွားတယ်။
အရင်ဆုံး လှေပုံအချိုးပျက်သွားတယ်။
စက္ကူဟာ ဖရိုဖရဲ ဖြစ်သွားတယ်။
အဆုံးမှာတော့ ရေထဲကို ဖြည်းညှင်းစွာ
နစ်ဝင်သွားပါတော့တယ်။

ကျွန်တော်ဆိုလိုတဲ့ Absorbing ဆိုတာလည်း
အဲ့ဒီလိုပါ။ စက္ကလှေလေး ရေမြောင်းထဲကို
နစ်ဝင်သွားသလို
တရွေ့ရွေ့၊ တဖြည်းဖြည်းလေးနဲ့
အနုပညာတွေကို ခံစားခြင်းပါ။

ပုဂံကိုရောက်တဲ့
အခါမှာလည်း
အဲ့ဒီလိုပါပဲ။
ပုဂံကြီးတစ်ခုလုံးဟာ
အနုပညာလက်ရာတွေဖြစ်နေပါပြီရောလား။
ဘုရားတိုင်းမှာ
မတူညီတဲ့ ဗိသုကာ အတတ်တွေ
အနုစိတ်လက်ရာတွေ
ပန်းချီ၊ ပန်းပုတွေအပြင်
ဖြတ်သန်းခဲ့ပြီးတဲ့
ခေတ်တွေ စနစ်တွေကပါ
အဆိုပါ စေတီပုထိုးကြီးနဲ့အတူတူ
ရှင်သန်နေပြန်ပါတယ်။

ဆိုလိုတာက စေတီပုထိုးကြီးတွေ
ကိုယ်တိုင်ဟာ အနုပညာလက်ရာတွေဖြစ်နေသလို
တစ်ပြိုင်တည်းမှာလည်း
ခေတ်ပေါင်းများစွာ စနစ်ပေါင်းများစွာ
သဘာဝဘေးပေါင်းများစွာကို
ကြုံဆုံတိုင်း မတုန်မလှုပ် ကြံကြံခိုင်
ကျော်ဖြတ်နိုင်စွမ်းရှိခဲ့ပြီ ဖြစ်တယ်။
ပုဂံက စေတီပုထိုးတွေကို
ခံစားကြည့်ရှုဖို့ဆိုရင်
တစ်နည်း Absorbing လုပ်ဖို့ဆိုရင်
သမိုင်းကြောင်းတွေ၊ အနုစိတ်လက်ရာတွေနဲ့တင်
လုံလောက်မှာ မဟုတ်။
သူတို့တတွေကျော်ဖြတ်ခဲ့တဲ့
ခေတ်ပေါင်းများစွာ စနစ်ပေါင်းများစွာ
ကာလပေါင်းများစွာတို့ရဲ့
အချိန်ကာလ (Time & Space ) တွေကပါ
အရေးကြီးနေပြန်ပါတယ်။

ကျွန်တော့်အတွက်
ပုဂံဟာ အကြိမ်ပေါင်းများစွာ
ရောက်ခဲ့ပြီးသားဖြစ်ပေမယ့်
ပုဂံကို Absorbing လုပ်ဖို့အတွက်ဟာ
လွယ်ကူရိုးရှင်းတဲ့ အရာတော့
မဟုတ်။
ပုဂံရဲ့ဖြစ်တည်မှုဟာပင်
ပုဂံရဲ့ အနုပညာလည်း ဖြစ်နေပြန်တယ်။
အဆိုပါ ဖြစ်တည်မှုကိုပါ
ဆင်ခြင်ခံစားဖို့
ကျွန်တော့်လူသက်တမ်းဟာ တိုတောင်းလွန်းနေ
ပြန်ရော။ ဒီတစ်ဘဝ
ပုဂံကို Absorbing လုပ်ဖို့ရာ
မလွယ်။ ပြီးမြောက်မှု ပန်းတိုင်ရယ်လို့
လူ့သက်တမ်းတစ်ခုနဲ့တော့
တွေ့ဆုံနိုင်မည်ဟု
ကျွန်တော် မထင်။

မြေမှုန်လွင်

AI နဲ့ စာပေလောကအခုနှစ်ပိုင်းအတွင်းသွားခဲ့သမျှ နိုင်ငံတကာနဲ့ ဒေသတွင်းစာပေပွဲတော်တွေမှာHot အဖြစ်ဆုံး ခေါင်းစဉ်ကတော့AI ပါပဲ...
07/11/2024

AI နဲ့ စာပေလောက

အခုနှစ်ပိုင်းအတွင်း
သွားခဲ့သမျှ နိုင်ငံတကာနဲ့ ဒေသတွင်း
စာပေပွဲတော်တွေမှာ
Hot အဖြစ်ဆုံး ခေါင်းစဉ်ကတော့
AI ပါပဲ။
ထုတ်ဝေသူတွေလည်း
စာရေးဆရာ ၊ ပန်းချီဆရာတို့နည်းတူ
AI ကို စိတ်ဝင်စားသလို
လန့်လည်း လန့်ပါတယ်။
လက်ရှိအချိန်ထိ ဂျာမဏီနဲ့ EU နိုင်ငံတော်တော်များများမှာ AI နဲ့ ဖန်တီးတာတွေကို
ဉာဏ ဥပဒေနဲ့ အကာအကွယ်မပေးပါဘူး။
ဆိုလိုတာက AI ဖန်တီးထားတဲ့
စာအုပ်၊ အဖုံးဒီဇိုင်းတွေဟာ
Copyright ဥပေဒအောက်မှာ
ရှိမနေဘူးဆိုပါတော့။

ဒါပေမယ့် ထုတ်ဝေသူ တချို့ကတော့
AI ကို စတင်ပြီး အသုံးပြုနေကြပါပြီ။
AI နဲ့ အစအဆုံး ဖန်တီးထားတဲ့
မန်ဂ (ဂျပန်ကာတွန်း) စာအုပ်တို့
AI နဲ့ ဖန်တီးတဲ့ ဝတ္ထုစာအုပ်တို့
ထွက်နေပါပြီ။ ဒါပေမယ့်
စမ်းသပ်ဆဲ အဆင့်ဖြစ်တာကြောင့်
အောင်မြင်မှု ကြီးကြီးမားမားတော့
မရသေးပါဘူး။

လတ်တလော စာပေလောကမှာ
AI အသုံးပြုမှု အများဆုံး
နယ်ပယ်ကတော့
ဘာသာပြန်တာနဲ့ တည်းဖြတ်တာ ပါပဲ။
နိုင်ငံတကာမှာ ဘာသာပြန်စာအုပ်တွေထုတ်ရင်
လူတစ်ယောက်က ဘာသာပြန်ပြီး ထုတ်မယ်။
ပြီးရင် တည်းဖြတ်သူက တည်းဖြတ်မယ်။
AI ပေါ်လာပြီးတဲ့အခါ
ဘာသာပြန်သူနေရာမှာ
AI ကို ဘာသာပြန်ခိုင်းမယ်။
တည်းဖြတ်သူနေရာမှာလည်း AI ကို တည်းဖြတ်
ခိုင်းမယ်။ အဲ့ဒီလိုတည်းဖြတ်တဲ့နေရာမှာလည်း
AI ကို writing style နဲ့ပတ်သက်ပြီးတော့
ရွေးခိုင်းလို့ရနေပါပြီ။
ဥပမာ AI တည်းဖြတ်မယ့် စာမူက
Academic Style လား
ဒါမှမဟုတ် အသော့အထေ့ ပေါ့ပေါ့ပါးပါး
အရေးအသားလား ၊
အတည်အတံ့အရေးအသားလား
အစရှိသဖြင့် ရွေးပြီး တည်းဖြတ်ခိုင်းလို့
ရပါတယ်။
ရသစာပေတွေကို
ဘာသာပြန်ရာမှာတော့
AI ဟာ အလုံးစုံ မပြည့်စုံသေးပါဘူး။
ကြားမှာ လူသားအကူအညီတွေ ရယူနေရတုန်းပါပဲ။
ဒါပေမယ့် တခြားသော
Writing တွေမှာတော့ AI ဟာ
ရာနှုန်းပြည့်အသုံးဝင်နေပါပြီ။
ဥပမာ အနေနဲ့ ကျွန်တော် အသုံးပြုပုံလေး
ပြောပါရစေ။
အရင်ကဆိုရင်
စာအုပ်ပွဲတော် တစ်ပွဲကို သွားမယ်ဆိုပါစို့။
အဓိက ပြင်ဆင်ရတာ
Catalog ပါ။
ကျွန်တော့် အကြောင်း၊
ကျွန်တော့် စာအုပ်တိုက်အကြောင်း
စာအုပ်တွေအကြောင်းပါတဲ့
Catalog ပေါ့လေ။ အဲ့ဒီလိုပြင်ဆင်တဲ့အခါ
အရင်ဆုံး မြန်မာလို ကျွန်တော်ရေးတယ်။
မြန်မာကနေ အင်္ဂလိပ်လို
ဆရာတစ်ယောက်က ဘာသာပြန်ပေးရတယ်။
အဲ့ဒီဘာသာပြန်လက်ရာကို
ချောမွေ့အောင် နိုင်ငံတကာက
တည်းဖြတ်သူတစ်ယောက်က
တည်းဖြတ်ပေးတယ်။
အချိန်ရော ငွေရော ကုန်ပါတယ်။
အခုဆိုရင်
ကျွန်တော့်အကြောင်းဆိုပါစို့။
ကျွန်တော့်ရေးတတ်သလောက် အခြေခံ
အင်္ဂလိပ်စာလေးနဲ့ အချက်အလက်တွေစုံအောင်
အင်္ဂလိပ်လို ရေးလိုက်တယ်။
အဲ့ဒါကို AI နဲ့ တည်းဖြတ်ခိုင်းလိုက်တယ်။
အဆင့်မီ အရေးအသားတစ်ခုဖြစ်သွားတယ်။
ငွေရော အချိန်ရော အလွန်သက်သာသွားပါပြီ။
ရသစာပေမဟုတ်တဲ့
ဘာသာပြန်လောကမှာတော့
AI ဘာသာပြန်ဟာ
ရာနှုန်းပြည့်မဟုတ်တောင်
တော်တော်လေးတော့ အဆင်ပြေနေပါပြီ။
နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ
ဝတ္တုတွေ ကဗျာတွေကို
AI က ဘာသာပြန်ပေးနိုင်တော့မှာပါ။
Facebook ရဲ့ မိခင်ကုမ္မဏီ
Meta ကနေ Ray Ban နဲ့
ပေါင်းပြီး မျက်မှန်တစ်ခုမိတ်ဆက်ထားပါတယ်။
AI စနစ်ထည့်သွင်းထားတဲ့
Smart မျက်မှန် ဖြစ်ပါတယ်။

အဲ့ဒီမျက်မှန်ရဲ့ နောက်ဆုံးပေါ်
နည်းပညာကတော့
ဘာသာပြန်နိုင်စွမ်းပါပဲ။
တစ်ဖက်က စပိန်နဲ့ ပြောတာကို
ဒီဘက်ကနေ အင်္ဂလိပ်ဘာသာနဲ့
ကြားနိုင်ပါပြီ။ ဘာသာစကား
အတားအစီးဆိုတာ အနာဂတ်မှာ
မရှိနိုင်တော့ပါဘူး။
ဒါ့အပြင် မျက်မမြင်တွေတပ်ဖို့
မျက်မှန်တစ်ခုလည်း ထပ်ထွက်လာမှာပါ။
အဆိုပါ မျက်မှန်တပ်ထားတဲ့
မျက်မမြင်ဟာ သူ့ရှေ့မှာ ရှိသမျှတွေကို
အကြားနဲ့ သိနိုင်တော့မှာပဲ ဖြစ်ပါတယ်။

လာမယ့် ၁၀ နှစ်အတွင်းမှာ
ဘာသာပြန်စာပေလောကဟာ
ဂယက်အကြီးကြီး ကြုံလာမှာပါ။
စာဖတ်မျက်မှန်ဆိုပြီး ပေါ်လာပါလိမ့်မယ်။
ဥပမာ ဆိုပါစို့…
ဂျပန်လူမျိုးတစ်ယောက်ဟာ
ပေါ်တူဂီက စာအုပ်ဆိုင်ထဲသွားမယ်။
ပေါ်တူဂီလို ရေးထားတဲ့ စာအုပ်တွေကို ရွေးမယ်။
သူ့စိတ်ကြိုက်မြည်းမယ်။
အကြိုက်တွေ့သွားတဲ့ ပေါ်တူဂီစာအုပ်ကို
ငွေရှင်းပြီး ဝယ်နိုင်လိမ့်မယ်။
ဒါပေမယ့် အဲ့ဒီ ဂျပန်ဟာ
ပေါ်တူဂီလို နားလည် မလည်ဘူး။
ပြောလည်း မပြောတတ်ဘူး။
ဖတ်လည်း မဖတ်တတ်ဘူး။
ဒါပေမယ့် သူတပ်ထားတဲ့
မျက်မှန်က ဘာသာပြန်မျက်မှန်ဖြစ်ပြီး
ပေါ်တူဂီ စာအုပ်ထဲက စာသား
အားလုံးဟာ သူ့မျက်မှန်ပေါ်မှာ
ဂျပန်လို မြင်နေရတော့မှာပဲ
ဖြစ်ပါတယ်။
ဒါတွေဟာ စိတ်ကူးယဉ် Sci Fi
ဇာတ်လမ်းတစ်ခုမဟုတ်ဘူး
နောက် ၁၀ နှစ်အတွင်း
ကျွန်တော်တို့လက်တစ်ကမ်းကို
ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။
ရင်ခုန်စရာပါပဲ….

ဒီနေ့က ဆရာ သစ္စာနီမွေးနေ့ဖြစ်ပါတယ်။🙏ဆရာသက်ရှည်ကျန်းမာပါစေခင်ဗျာကျွန်တော် ရေးခဲ့ဖူးတဲ့အတိတ်ဘို့စီးရီးထဲကသစ္စာနီ ဓမ္မာရုံဆ...
30/10/2024

ဒီနေ့က ဆရာ သစ္စာနီမွေးနေ့ဖြစ်ပါတယ်။
🙏ဆရာသက်ရှည်ကျန်းမာပါစေခင်ဗျာ

ကျွန်တော် ရေးခဲ့ဖူးတဲ့
အတိတ်ဘို့စီးရီးထဲက
သစ္စာနီ ဓမ္မာရုံဆိုတာကို
အမှတ်တရ ပြန်လည် ဖော်ပြလိုက်ပါတယ်။

သစ္စာနီ ဓမ္မာရုံ
(အတိတ်ဘို့ ၅)

တနင်္ဂနွေနေ့ဆို
ကျွန်တော့်အိမ်ရှေ့ကနေ
အမှတ် ၄၃ ဘက်စ်ကားကိုစီးတယ်။
မြောက်ဥက္ကလာမှာ ဂိတ်ဆုံးပြီး
လမ်းနည်းနည်းလျှောက်ရင်
ကိုရဲ(ဆရာသစ္စာနီ )အိမ်ကိုရောက်တယ်။

ကျွန်တော်က ဆရာ့ကို
ကိုရဲလို့ခေါ်တယ်။
အသက်ကတော့ အဖိုးနဲ့မြေးအရွယ်လောက်
ကွာသလို ပညာအရာမှာလည်း
နှိုင်းမရအောင် ကွာတယ်။
ဒါပေမယ့် ကျွန်တော်ကတော့
ကိုရဲလို့ပဲ ခေါ်တယ်။ သူကလည်း
ကျွန်တော့်ကို ဟန်နီ (ကျွန်တော့်အိမ်နာမည်) လို့ပဲ
ခေါ်တယ်။

နာမ်စားဆိုတာ
လူနှစ်ယောက်အခေါ်အပြောလုပ်ရာမှာ
အဆင်ပြေဖို့ ကြားခံတစ်ခုပဲမဟုတ်လား။
ဘယ်လိုခေါ်ခေါ်ကျွန်တော်တို့နှစ်ယောက်
အလုပ်ဖြစ်ရင်ပြီးရောလို့ တွေးခဲ့ဖူးတယ်။
ဒါပေမယ့် မဟုတ်ဘူးဗျ။

တစ်နေ့တော့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း
ကိုရဲရဲ့ နယ်က ရေးဖော်ရေးဖက်တွေပဲလား။
ဒါမှမဟုတ် ကိုရဲကို လေးစားကြတဲ့
အသက်မတိမ်းမယိမ်းအရွယ် စာပေဝါသနာရှင်တွေပဲလား မသိဘူး။
ဆိုင်မှာ ထိုင်နေကြတယ်။
ကျွန်တော့်ကိုတွေ့တော့ ကိုရဲကခေါ်တယ်။
ဒီလိုပဲ ကျွန်တော်နဲ့ကိုရဲတို့ စကားပြောကြတယ်။
ခဏနေတော့ ဘာကြောင့်မှန်းမသိ
ကိုရဲက ဆိုင်ထဲကနေ အပြင်ခဏထွက်တယ်။
ဝိုင်းမှာ ကျန်ခဲ့တဲ့သူတွေကထဲက
တစ်ယောက်က ကျွန်တော့်ကို ရှုသိုးသိုးနဲ့ကြည့်တယ်။
ပြီးရင် အတော်မာကျောတဲ့လေသံနဲ့
ကျွန်တော့်ကို ဖြဲတယ်။
ဘာလို့ ကိုယ့်ထက်ကြီးတဲ့ ဆရာတစ်ယောက်ကို
ကိုရဲလို့ ခေါ်သလဲပေါ့။

ကျွန်တော်ကလည်း အဲ့ဒီအရွယ်တုန်းက
ခပ်ရွတ်ရွတ် အရွယ်ဆိုတော့
သူတို့ကို ကန့်လန့်တိုက်ပြီး ဖြေလိုက်တယ်။

ဖြစ်ချင်တော့ အဲ့ဒီအဖြေကို မမှတ်မိတော့ဘူး။
ဒီတစ်ခါတော့ မရမရစဉ်းစားမယ်ဆိုပြီး
ကျွန်တော့်အတိတ်ဘို့ကိုယူတယ်။

ပေါင်ကြားမှာထည့်ပြီး အတိတ်ဘို့ထဲကို
မီးစုန်းတွေ စိမ်ပြေနပြေပစ်ထည့်တယ်။
ဟာ… ကြည့်စမ်းပါဦး။
ကိုရဲနဲ့ပတ်သက်တဲ့
အဖြစ်အပျက်တွေ အလွန်များလှပါလား။

အတိတ်ဘို့ထဲမှာ မီးစုန်းနဲ့အတူ
ဖြန်းကနဲတောက်သွားတိုင်း
ကိုရဲ အကြောင်း တစ်ခုမဟုတ် တစ်ခု
တွေ့တယ်။ ကိုရဲစီမှာ
စာအုပ်တွေ အများကြီးရှိတယ်ဗျာ။
DVD ချပ်တွေ အများကြီးရှိတယ်။
ကိုရဲရဲ့ နှစ်ထပ်သစ်သားအိမ်က
တည့်တည့်မဟုတ်ဘူး။
နည်းနည်းလေးစောင်းနေတယ်။
ကျွန်တော်ကဝိတ်များတယ်။
တက်သွားရင် အိမ်ကြီးက
တငြိမ့်ငြိမ့်ဖြစ်နေရော။

ကျွန်တော့်ကို စာမူတွေပေးလိုက်ဖူးတယ်။
ကိုရဲလက်ရေးကို ကျွန်တော် မဖတ်တတ်ဘူး။

အကူအညီတောင်းတိုင်း ငြင်းခဲတယ်။

မသိရင်
ဇာတ်လမ်းရှည်ရုပ်ရှင်ကားတစ်ကားရဲ့
အကောင်းဆုံးပြကွက်တွေကို
နမူနာကြည့်ရသလိုပဲ ဖြတ်ကနဲ
ဖြတ်ကနဲပဲ။

ဒါပေမယ့် အဲ့ဒီလို ကိုရဲလို့ခေါ်လို့
စိတ်ဆိုးသွားသူတွေကို
ကျွန်တော် ဘယ်လို တုန့်ပြန်မိသလဲဆိုတာကတော့
ဘယ်လောက်ပဲကြိုးစားကြိုးစား
ကျွန်တော့် အတိတ်ဘို့ထဲမှာ ရှာမတွေခဲ့ဘူး။

အဲ့ဒီအစား ပျော်ဖို့ကောင်းတဲ့
သစ္စာနီ ဓမ္မာရုံကိုပဲ မကြာခဏ
စမ်းမိခဲ့တယ်။

အစတုန်းကပြောသလိုပဲ။
တနင်္ဂနွေဆို ဘက်စ်ကားစီးပြီး သွားတယ်။
မြောက်ဥက္ကလာက
လက်ဖက်ရည်ဆိုင်ရောက်ရင်
ဆရာဇော် (ဇော်ဇော်အောင်)
ကိုရဲကျော်မြင့် (ပဥမံဒီရိုင်း) အပါအဝင်
စာရေးဆရာတချို့ရောက်နေတတ်တယ်။
ထမင်းစားချိန်ရောက်တဲ့အခါ
လက်ဖက်ရည်ဆိုင်နဲ့ မနီးမဝေးမှာရှိတဲ့
ထမင်းဆိုင်ကို နေရာရွှေ့တယ်။
ပြီးတော့ ထမင်းစားကြတယ်။
များသောအားဖြင့် ထမင်းစားပြီးတိုင်း
ကိုရဲကပဲ ပိုက်ဆံရှင်းလေ့ရှိတယ်။
အဲ့ဒါကြောင့် ကျွန်တော်တို့က
သစ္စာနီ ဓမ္မာရုံလို့ နာမည်ပေးထားတာပါ။

ကိုရဲက လူငယ်တွေကို ချစ်တယ်။
နွေးနွေးထွေးထွေးကြိုဆိုတယ်။
ကျွန်တော်တို့နောက်မှာ ထပ်ပေါ်လာတဲ့
မျိုးဆက်သစ်တွေကိုလည်း အခုထိ
လက်တွဲကြိုဆိုနေတုန်းပဲ။
ကိုရဲနားမှာ လူငယ်တွေ တရုန်းရုန်း။

အခုချိန်ထိ မိန်းမမယူဘဲ
တူမလေးတွေနဲ့ အေးချမ်းတဲ့
မိသားစုကို ဖြတ်နေတုန်း။
အတွေးအခေါ်တွေ ခေတ်မီနေတုန်း။
ရုပ်ရှင်တွေ ကြည့်နေတုန်း။
တစ်ခုပဲ။
ကိုရဲကိုတွေ့ရင် မေးရဦးမယ်။

အသည်းကွဲသေးလားလို့။

မြေမှုန်လွင်
တပေါင်းလဆန်း ၄ ရက်
၁၃၈၃

ဒေသတွင်း စာပေနဲ့ ပန်းချီလောကမှာတော့အင်ဒိုနီးရှားဟာနံပတ် တစ် ထိပ်ဆုံးနိုင်ငံဖြစ်ပါတယ်။စျေးကွက်အရရော၊ အောင်မြင်ကျော်ကြားမှ...
27/10/2024

ဒေသတွင်း စာပေနဲ့ ပန်းချီလောကမှာတော့
အင်ဒိုနီးရှားဟာ
နံပတ် တစ် ထိပ်ဆုံးနိုင်ငံဖြစ်ပါတယ်။
စျေးကွက်အရရော၊ အောင်မြင်ကျော်ကြားမှုအရရော၊ ဂုဏ်သိက္ခာအရရော၊ တီထွန်ဆန်းသစ်မှုအရရော
အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ
ပြိုင်ဘက်ကင်း ပါပဲ။
ကမ္ဘာ့အဆင့်မှာတောင် နေရာ အခိုင်အမာရှိပြီး
အမြဲအလေးပေး ထည့်သွင်းစဉ်းစားရတဲ့
နိုင်ငံပါပဲ။

အင်ဒိုနီးရှားဟာ ဘာလို့ အနုပညာ
အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာသလဲဆိုတာ
ဒီစာအုပ်ကို ဖတ်ကြည့်ရင်
သိနိုင်ပါလိမ့်မယ်။ သူတို့တတွေဘယ်လို
ရုန်းကန်ခဲ့ကြသလဲ၊ ဘယ်လို ပြုစုပျိုးထောင်ခဲ့ကြသလဲဆိုတာတွေ ဒီစာအုပ်ထဲမှာ
ပါဝင်ပါတယ်။
အင်ဒိုအနုပညာလောကကြီး
တစ်ခုလုံး ဆင့်ကဲပြောင်းလဲလာပုံတွေကို
ထင်ဟပ်ပြသထားတဲ့ စာအုပ်ပါပဲ။

မူရင်းပြုစုရေးသားသူကိုယ်တိုင်ဟာလည်း
အင်ဒိုအနုပညာလောကအတွက်
အရေးပါသူတစ်ယောက်ပါ။

ဒီစာအုပ်ကို မြန်မာလိုဘာသာပြန်ဆိုသူ၊
ထုတ်ဝေသူ၊ စီစဉ်သူများအားလုံးကို
အထူးကျေးဇူးတင်မိပါတယ်။

စာအုပ်ကို ဖတ်နေရင်း
ဆက်စပ်စဉ်းစားမိတာလေး
တစ်ခုလည်း ကျွန်တော့်မှာ ရှိပြန်တယ်။
စင်ကာပူ အမျိုးသားပြခန်းမှာ
အာဖန်ဒီ(အင်ဒို) နဲ့ ဗဂျီအောင်စိုး (မြန်မာ) တို့ရဲ့
Self Portrait နှစ်ကားကို
အတူယှဉ်တွဲချိတ်ဆွဲပြသဖူးပါတယ်။

မြန်မာနိုင်ငံသားဆိုတဲ့
အတ္တမပါဘဲ ပန်းချီမြတ်နိုးသူတစ်ယောက်ရဲ့
မျက်စိအမြင်ရ
ပြောရရင် ဗဂျီအောင်စိုးရဲ့ ကားဟာ
အာဖန်ဒီရဲ့ ကားထက်ပိုပြီး အားထုတ်ထားတယ် (ဝါ)
နက်ရှိုင်းမှု ပိုရှိတယ်လို့ ခံစားမိခဲ့တယ်။

ဆိုလိုချင်တာက
ဆရာကြီး နှစ်ဦးစလုံးဟာ
ကာလတစ်ခုအတွင်း
အိန္ဒိယမှာ ကျောင်းတက်ခဲ့ဖူးတယ်။
တွေ့ဆုံခင်မင်ခဲ့ဖူးတယ်။
နှစ်ယောက်စလုံးရဲ့
ရေးဆွဲပုံတွေဟာ
အနောက်တိုင်းဟန်ထက်
အရှေ့တိုင်းဟန် ပိုကဲတယ်။
ဘုံတူညီမှုတချို့တွေ့ရတယ်။
ဒါပေမယ့် အားလုံးသိတဲ့အတိုင်းပါပဲ။
ဗဂျီအောင်စိုးနဲ့ အာဖန်ဒီတို့ရဲ့
အောင်မြင်မှုတွေ၊ နိုင်ငံတကာ ထိုးဖောက်နိုင်မှုတွေ၊
စျေးကွက်တွေမှာတော့
မိုးနဲ့ မြေလို ကွာခြားသွားပါပြီ။

ဘာကြောင့် အဲ့ဒီလောက်ကွာခြားသလဲဆိုရင်
ဗဂျီအောင်စိုးဟာ မြန်မာပြည်ကဖြစ်ပြီး
အာဖန်ဒီဟာ အင်ဒိုက ဖြစ်နေလို့ပါပဲ။
အဓိကကတော့ နိုင်ငံနှစ်ခုမှာရှိတဲ့
ပန်းချီနဲ့ သက်ဆိုင်တဲ့
Institutions တွေဟာ
အလွန်ကွာဟခဲ့လို့ပါပဲ။
ဘာတွေ ဘယ်လောက်ကွာသလဲဆိုတာလည်း
ဒီစာအုပ်ကို ဖတ်ပြီးရင်
အလုံးစုံမဟုတ်တောင်
ရိပ်ဖမ်းသံဖမ်းကို သိနိုင်ပါလိမ့်မယ်။

BKK ထက် KL က ပိုမိုက်တယ်KL ထက် Manila က ပိုမိုက်တယ်ဒေသတွင်းက နိုင်ငံတော်တော်များများမှာInternational Book Fair တွေတစ်နှစ...
20/10/2024

BKK ထက် KL က ပိုမိုက်တယ်
KL ထက် Manila က ပိုမိုက်တယ်

ဒေသတွင်းက နိုင်ငံတော်တော်များများမှာ
International Book Fair တွေ
တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်တော့
ကျင်းပလေ့ရှိပါတယ်။
ကျွန်တော်အနေနဲ့ ဘန်ကောက်၊ ကွာလာလမ်ပူ၊ မနီလာ အင်တာနေရှယ်စာအုပ်ပွဲတော်တွေကို
တက်ရောက်ခဲ့ဖူးပါတယ်။
ဘန်ကောက်ပွဲကတော့ ရိုးရိုး ဧည့်သည်အနေနဲ့
သွားရောက်လည်ပတ်ဖူးတာဖြစ်ပြီး
ကွာလာလမ်ပူနဲ့ မနီလာကတော့
Asian Right Ambassador တစ်ယောက်အနေနဲ့
ပါဝင်ခွင့်ရခဲ့ပါတယ်။
ဒီသုံးပွဲစလုံးဟာ ပွဲတော်ကာလအတွင်း
လူသိန်းချီ၊ သန်းချီလာရောက်တဲ့ပွဲတော်ကြီးတွေ
ဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတွင်းက
ထုတ်ဝေရေးလောကကို အပြောင်းအလဲလုပ်နိုင်တဲ့
ပွဲတော်ကြီးတွေလည်း ဖြစ်ပါတယ်။
အလားတူပဲ နောက်ထပ်ကြီးကျယ်တဲ့
ဒေသတွင်း စာအုပ်ပွဲတစ်ပွဲက
ဂျာကာတာ အင်တာနေရှယ်နယ် စာအုပ်ပွဲဖြစ်ပြီး
ကျွန်တော် မရောက်ဖူးသေးပါဘူး။
သူလည်း လူသန်းချီလာရောက်ပါတယ်။

စာအုပ်ပွဲတော်တွေကို
လာရောက်လည်ပတ်တဲ့
လူအရေအတွက် ကိန်းဂဏန်းဟာ
အရေးပါသလို အဆိုပါပွဲတော်တွေအတွက်
ဂုဏ်သိက္ခာအတွက်ကတော့
နိုင်ငံတကာကို ဘယ်လောက်ဖြန့်ကျက်နိုင်သလဲဆိုတာ
ကလည်း အရေးပါပါတယ်။
လူများများလာရင် ဝင်ငွေအရအောင်မြင်ပါလိမ့်မယ်။
နိုင်ငံတကာက အထင်ကရ
ထုတ်ဝေသူတွေ စာရေးဆရာတွေကို
ဖိတ်နိုင်ရင် ဂုဏ်သိက္ခာအရ အောင်မြင်ပါလိမ့်မယ်။

ဘန်ကောက်၊ ကွာလမ်၊ မနီလာ သုံးပွဲစလုံးကို
သူတို့နိုင်ငံအစိုးရတွေက
တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း
အပြည့်အဝကိုသော်လည်ကောင်း
ထောက်ပံ့ကူညီထားပါတယ်။
ဒီတော့ ပွဲတော်ကာလအတွင်း
ပညာရေးဝန်ကြီးငှါနကနေ
ကျောင်းသားတွေကို လွှတ်ပေးတာတို့
ကျောင်းစာကြည့်တိုက်တွေအတွက်
ဘတ်ဂျက်ချပေးတာတ်ို့
လုပ်ပါတယ်။ ပြည်နယ်အစိုးရတွေကလည်း
ပွဲတော်ကာလအတွင်း မြို့အနှံကြော်ငြာဘုတ်တွေ
ထောင်ပေးတာတို့ လုပ်ကြပါတယ်။
ဒီတော့ ပွဲတော်ကာလအတွင်း
လူသန်းချီဝင်တာ သိပ်တော့ မဆန်းလှပါဘူး။
မလေးရှားက ထုတ်ဝေသူတစ်ယောက်ဆိုရင်
ကွာလာလမ်ပူစာအုပ်ပွဲတော်ကာလအတွင်း
ရောင်းရငွေဟာ သူတို့စာအုပ်တိုက်ရဲ့
တစ်နှစ်စာ ဝင်ငွေနဲ့တောင် တူတယ်လို့
ပြောတာ ကြားခဲ့ရပါသေးတယ်။

ဒါပေမယ့် ဂုဏ်သိက္ခာပိုင်း
ဩဇာပိုင်းကြတော့
မတူတော့ပါဘူး။
ဘန်ကောက်ပွဲဟာ အင်တာနေရှယ်တံဆိပ်ကပ်ထားပေမယ့် Local အလွန်ဆန်ပါတယ်။
နိုင်ငံတကာကို လွှမ်းခြုံနိုင်စွမ်း နည်းပါတယ်။
B to C ဘက်ကို ပိုအားသာနေပါတယ်။
B to B လို့ခေါ်တဲ့ သူတို့ပြည်တွင်း
Content (စာမူ) တွေကို
နိုင်ငံတကာကို ထိုးဖောက်ဖို့ကြိုးစားနိုင်စွမ်း
မရှိတာကို တွေ့ရပါတယ်။
လာမယ့် ၂၀၂၅ မှာ ကျင်းပမယ့်ပွဲမှာတော့
B to B ပွဲတစ်ခုကို
ထည့်သွင်းတော့မှာပါ။
Asian Right Fair BKK ဆိုပြီး
တိုးချဲ့ဖို့ပြင်ဆင်နေပါပြီ။

Asian Right Fair ဆိုတဲ့
အိုင်ဒီယာကို စခဲ့တာက
မလေးရှားကဖြစ်ပါတယ်။
အဆိုပါ ခေါင်းစဉ်အောက်ကနေ
ဒေသတွင်းနိုင်ငံတွေနဲ့
နိုင်ငံတကာက ထုတ်ဝေသူတွကို
ဖိတ်ပါတယ်။ Right (မူပိုင်ခွင့်) တွေ
အရောင်းအဝယ်လုပ်ဖို့ ညှိုနှိုင်းဆွေးနွေးမှုတွေ
လုပ်နေကြပါပြီ။
ကျွန်တော်တောင် ငါတို့စာပေတိုက်ထုတ်
စာအုပ်တစ်အုပ်ကို
မလေးရှားနဲ့ ကမ္ဘာဒီယားကို ဘာသာပြန်ဖို့
ကနဦးသဘောတူညီချက်ကို
အဆိုပါပွဲတော်ကာလအတွင်း
ရရှိခဲ့ပါတယ်။ (အဲ့ဒီစာအုပ်က
အားလုံးသိပြီးသား စာအုပ်ပါပဲ)
စာချုပ်အပြီးသတ်လက်မှတ် မထိုးရသေးလို့
မကြေညာသေးတာပါ။
မနီလာကတော့ ဘန်ကောက်ထက်ရော
KL ထက်ရော အဲ့ဒီအပိုင်းမှာ
ရှေ့ကို အများကြီး ရောက်သွားပါပြီ။
နိုင်ငံတကာက စာအုပ်ထုတ်ဝေရေးက
Key Person တွေ အများကြီးကို
ဖိတ်ခေါ်ခဲ့နိုင်ပါတယ်။
သူတို့နိုင်ငံက Content တွေကို
နိုင်ငံတကာကို ဘာသာပြန်ဖို့
အများကြီး ရောင်းချနိုင်ခဲ့ပါတယ်။
ကျွန်တော် တစ်ယောက်တည်းတင်
ဖိလစ်ပိုင် စာအုပ်သုံးအုပ်ရဲ့
မူပိုင်ခွင့်ကို အဆိုပါပွဲတော်အတွင်း
ဝယ်ခဲ့ပါတယ်။
ဘန်ကောက်ထက်ရော ကွာလာလမ်ပူထက်ရော
အများကြီး စနစ်ပိုကျပါတယ်။
ဆွေးနွေးပွဲတွေကလည် မြိုင်မြိုင်ဆိုင်ဆိုင်
ရှိလှပါတယ်။
နောက်ပြီး ဖိလစ်ပိုင်ဟာ
၂၀၂၅ မှာ ကမ္ဘာ့အကြီးဆုံး စာအုပ်ပွဲတော်ဖြစ်တဲ့
Frankfurt Bookfair ရဲ့ Guest of Honor ဆိုတဲ့
အရှိန်အဝါကလည်း ရှိနေပြန်ပါသေးတယ်။
အရှေ့တောင်အာရှမှာတော့
အင်ဒိုနီးရှားပြီးရင် ဖိလစ်ပိုင်ဟာ
သူ့ပြည်တွင်း Content တွေကို
နိုင်ငံတကာကို အများဆုံးဘာသာပြန်ဆိုနိုင်တဲ့
နိုင်ငံဖြစ်လာတော့မှာပါ။
သူတို့မှာ အဲ့ဒီလို ပြည်တွင်းက
Content တွေကို
နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက်
National Board of Book Development ဆိုတဲ့
အဖွဲ့အစည်းရှိပါတယ်။
အစိုးရလက်အောက်ခံ အဖွဲ့အစည်းဖြစ်ပြီး
စာပေလောကဖွံ့ဖြိုးအောင်
ငွေအလုံးအရင်းသုံးပြီး
ထောက်ပံ့နေပါတယ်။
မလေးရှားမှာလည်း အလားတူအဖွဲ့အစည်းတစ်ခု
ရှိပြီး Kota Buku (Book Capital )
လို့ခေါ်ပါတယ်။
Kota Buku ရဲ့ လှုပ်ရှားမှုတွေက
အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဥပမာပြောရရင် မလေးရှားမှာ
မူလတန်းကနေ အထက်တန်းထိ
ကျောင်းသား တစ်ယောက်မကျန်ကို
အစိုးရက digital ပိုက်ဆံထုတ်ပေးပါတယ်။
အဆိုပါပိုက်ဆံတွေကို
Kota Buku ရဲ့ အွန်လိုင်း စာအုပ်အရောင်း
Platform ကနေ အလိုရှိရာ စာအုပ်ပြန်ဝယ်နိုင်ပါတယ်။ အဲ့ဒီလို ကျောင်းသားတွေကို
စာအုပ်ဝယ်ဖို့အတွက်
အစိုးရကပေးတဲ့ ငွေက ဒေါ်လာ သန်း ၉၀၀ ပါတဲ့။
အဆိုပါ ဒေါ်လာ သန်း ၉၀၀ ဟာ
မလေးရှား ထုတ်ဝေသူတွေ
ရခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့နိုင်ငံရဲ့ ထုတ်ဝေရေးလောက
ဘယ်လောက်တောင် Strong ဖြစ်သွားသလဲ
သိရအောင်ပါ။
အင်ဒိုနီးရှားမှာလည်း ပုံစံတူ
စာအုပ်စာပေဆိုင်ရာ အဖွဲ့အစည်းတွေ
အများကြီး ရှိပြီး
Content တွေကို
နိုင်ငံတကာ ပြန့်နှံအောင် လုပ်နေကြပါပြီ။
မြန်မာတွေနဲ့ သိပ်မစိမ်းတဲ့
ပင်ကွင်းစာအုပ်တိုက်က
Penguin SEA ဆိုပြီး
စင်ကာပူမှာ အခြေစိုက်ပြီး
အရှေ့တောင်အာရှက
စာအုပ်တွေ သီးသန့်ထုတ်နေပါပြီ။
ပြင်သစ်ရဲ့ အကြီးဆုံး စာအုပ်တိုက်တစ်ခုကလည်း
အရှေ့တောင်အာရှမှာ လာရောက်အခြေချဖို့
အစီအစဉ်ရှိနေပါပြီ။
အရှေ့တောင်အာရှက
Content တွေဟာ အရှိန်အဟုန်နဲ့
နိုင်ငံတကာကို သွားဖို့
ပြင်ဆင်နေကြပါပြီ။
မြန်မာ၊ ကမ္ဘာဒီးယား၊ လာအိုတို့ကတော့
Isolated ဖြစ်နေကြတုန်းပါပဲ။

အခုလေးတင်ပဲဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့မှာ၇၆ ကြိမ်မြောက်Frankfurt BookFair ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။၂၀၂၄ ခုနှစ်ရဲ့Gues...
15/10/2024

အခုလေးတင်ပဲ
ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့မှာ
၇၆ ကြိမ်မြောက်Frankfurt BookFair ကို စတင်ဖွင့်လှစ်လိုက်ပါပြီ။၂၀၂၄ ခုနှစ်ရဲ့
Guest of Honour က Italy ဖြစ်ပါတယ်။
Guest of Honour ရဲ့ အဓိပ္ပာယ်ကတော့
ရှင်းကနဲ လင်းကနဲ ဖြစ်အောင်ပြောရရင်
ကမ္ဘာဖလားဘောလုံးပွဲမှာ
အိမ်ရှင်ဖြစ်ခွင့်ရသလိုပါပဲ။
Frankfurt Bookfair ဟာ
ကမ္ဘာမှာ အကြီးမားဆုံး အပြည်ပြည်ဆိုင်ရာ
စာအုပ်ပွဲတော်တစ်ခုဖြစ်ပြီး
နိုင်ငံပေါင်း ရာချီကနေ စာအုပ်စာပေနဲ့
ဆက်စပ်သူပေါင်း သန်းချီဆင်နွှဲကြတဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ အဲ့ဒီလို ကမ္ဘာအနှံက
စာပေနဲ့ ဆက်စပ်သူတွေကြားမှာ
Guest of Honour နိုင်ငံဟာ
စိတ်ဝင်စားမှု Attention ရရှိပါတယ်။
အဲ့ဒီလို ရရှိပြီး အဲ့ဒီနိုင်ငံက စာအုပ်စာပေတွေကို
တခြားနိုင်ငံရဲ့ ဘာသာစကားတွေနဲ့
ပြန်ဆို ထုတ်ဝေဖို့ အခွင့်အလမ်းကောင်းတွေ
ရပါတော့တယ်။
ဒါကြောင့်လည်း Frankfurt Bookfair ရဲ့
Guest of Honour ဖြစ်ခွင့်ရဖို့
နိုင်ငံပေါင်းစုံက အသည်းအသန်ကျိုးစားကြတာ
ဖြစ်ပါတယ်။
အဆိုပါပွဲတော်ကြီးရဲ့ ၂၀၂၅ ခုနှစ်
Guest of Honour ဟာ ဖိလစ်ပိုင်ပါ။
ဒါကြောင့် အခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံဟာ
သူ့နိုင်ငံထဲက
စာပေလောကနဲ့ ဆက်စပ်သူပေါင်း
ရာချီပြီး အလုံးအရင်းနဲ့
ဂျာမဏီက စာအုပ်ပွဲတော်ကို
လွှတ်ထားပါတယ်။ ယခုနှစ်မှာကိုပဲ
ဆွေးနွေးပွဲပေါင်းများစွာ
ခေါင်းစဉ်ပေါင်းများစွာတို့နဲ့အတူ
နွှဲနေကြပါပြီ။
ဖိလစ်ပိုင်ဟာ အခုလို Guest of Honour ဖြစ်ခွင့်ရဖို့ နှစ်ပေါင်း ဆယ်နဲ့ချီပြီး
ပြင်ဆင်ခဲ့တာပါ။
ဘတ်ဂျက် ဒေါ်လာ သန်းချီအကုန်ခံပြီး
ဝင်တိုးရတာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှကဆိုရင်
ဖိလစ်ပိုင်ဟာ အင်ဒိုနီးရှားပြီးရင်
ဒုတိယမြောက်နိုင်ငံအဖြစ်
အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။
ဒီနှစ်ဂျာမဏီမှာ ဖိလစ်ပိုင်နဲ့အတူ
ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူတို့က
ထုတ်ဝေသူများဟာလည်း
အသီးသီး ဝင်နွှဲနေကြပါတယ်။
မလေးရှားနဲ့ အင်ဒိုနီးရှားကတော့
အစ္စရေး ကိစ္စမှာ ဂျာမဏီရဲ့ရပ်တည်ချက်ကို
ဆန့်ကျင်တဲ့အနေနဲ့ စာအုပ်ပွဲကို
မတက်ရောက်ပါဘူး။
၂၀၂၅ ခုနှစ်မှာတော့
ဖိလစ်ပိုင်နိုင်ငံဟာ
ဂျာမဏီမြေမှာ စာပေနဲ့အတူ
တခြားသော ခရီးသွားလုပ်ငန်းတွေ၊
ရိုးရာယဉ်ကျေးမှုတွေ
အနုပညာလက်ရာတွေပါ
ခင်ကျင်းပြသပြီး နိုင်ငံတကာ စင်မြင့်ထက်မှာ
အောင်ပွဲခံနိုင်ဖို့
အင်နဲ့အားနဲ့ကို ပြင်ဆင်နေကြတာပါပဲ။
ဟန်ကန်းဟာ ကိုရီးယားနိုင်ငံရဲ့
ပထမဆုံး စာပေနိုဘယ်ဆုရှင်ဖြစ်လာသလို
အရှေ့တောင်အာရှ နိုင်ငံက
စာရေးဆရာတစ်ဦးဦးဟာလည်း
စာပေနိုဘယ်ဆု ရဖို့
အလားအလာကောင်းတွေရှိနေပါပြီ။
အဲ့ဒီအတွက် အင်ဒိုနဲ့ ဖိလစ်ပိုင်ဟာ
အစွမ်းကုန်အားထုတ်ကျိုးပမ်းနေကြတာလည်း
ဖြစ်ပါတယ်။
သူတို့စာပေတွေဟာ
ဘာသာစကားပေါင်းများစွာကို
ပြန်ဆို ထုတ်ဝေနေပြီး ဖြစ်သလို
၂၀၂၅ အလွန်မှာလည်း
ဘာသာပြန်ဆိုမှုတွေ ပိုမိုများပြားလာမှာ
သေချာပါတယ်။
စာပေမြင့်မှ လူမျိုးတင့်မယ်ဆိုတာကို
ယုံယုံကြည်ကြည်နဲ့ အကောင်အထည်ဖော်နေကြတာ
အားကျအတုယူစရာပါပဲ။

နိုဘယ်ဆုတွေအကြောင်းပြောရရင် စာပေနိုဘယ်ဆုနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပြည်တွင်းက လူအများစုက ပိုမိုစိတ်ဝင်စားကြပါတယ်။တခြ...
14/10/2024

နိုဘယ်ဆုတွေအကြောင်းပြောရရင် စာပေနိုဘယ်ဆုနဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပြည်တွင်းက လူအများစုက ပိုမိုစိတ်ဝင်စားကြပါတယ်။

တခြားသော ရူပဗေဒတို့ ၊ ဓာတုဗေဒတို့ ၊ ဘောဂဗေဒတို့ကို အပြောနည်းကြပါတယ်။

ဒီနှစ် ဘောဂဗေဒ နိုဘယ်ဆုရှင်တွေရဲ့ သုတေသနစာတမ်းက အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ယူအက်စ် တက္ကသိုလ်က ပရော်ဖက်ဆာ သုံးဦးပူးတွဲရပါတယ်။

သူတို့သုံးဦးသုတေသနပြုတာက စီးပွါးရေးနဲ့ နိုင်ငံရေး အချိတ်အဆက်ပါ၊ လက်ရှိကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံတွေဟာ အဆင်းရဲဆုံးနိုင်ငံတွေထက် အဆသုံးဆယ်နီးပါးလောက်ချမ်းသာပါတယ်။ တချို့ဆင်းရဲတဲ့ နိုင်ငံတွေက ချမ်းသာလာစပြုလာသည့်တိုင်အောင်လည်း အဲ့ဒီ အဆသုံးဆယ်အကွာအဝေးက ရှိနေဆဲပါတယ်။

ဘာလို့ အဲ့ဒီလောက်ဆင်းရဲ ချမ်းသာ ကွာကြတာလဲ။

သူတို့သုံးဦးက မြို့တစ်မြို့ကို ဥပမာပြပါတယ်။ အဲ့ဒီမြို့အမည်က Nogales ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ မက္ကစီကို နယ်စပ်တံတိုင်း ရှိရာမြို့ပါ။ တံတိုင်း မြောက်ဘက်က အမေရိကန်ပိုင်ဖြစ်ပြီး တောင်ပိုင်းက မက္ကစီကိုပိုင်ဖြစ်ပါတယ်။

နေထိုင်တဲ့လူတွေဟာ စားသောက်ပုံ၊ ဝတ်စားပုံ၊ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ အကုန်လုံးနီးပါး ချွတ်စွတ်တူပါတယ်။

ဒါပေမယ့် ဆင်းရဲ ချမ်းသာမှုကတော့ မြို့ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်း မတူကြပါဘူး။ ဘာလို့လည်းဆိုတော့ Institutions တွေကွာလို့ပါပဲ။ မြောက်ပိုင်းက အမေရိကန်ရဲ့ ပညာရေး၊ လူမှုဖူလုံရေး၊ နိုင်ငံရေး စနစ်နဲ့ နေထိုင်ကြီးပြင်းရပြီး တောင်ပိုင်းက မက္ကစီကိုရဲ့ Institutions တွေနဲ့ ရှင်သန်ရပါတယ်။ သူတို့ဆိုလိုချင်တာက ဆင်းရဲ ချမ်းသာခြင်းဟာ ပထဝီအနေအထား၊ ယဉ်ကျေးမှုအနေအထားတွေကြောင့် မဟုတ်ဘဲ နိုင်ငံရေး စနစ်နဲ့ Institution တွေက အဓိက ကျတယ်ဆိုတာ သက်သေထူချင်တာပါပဲ။

အဲ့ဒီလို အတွေးအခေါ်ကို ဖတ်ပြီး ကျွန်တော့်ခေါင်းထဲ ချက်ခြင်းရောက်လာတာ တစ်ခုရှိပါတယ်။ ပြောသူက အိန္ဒိယနိုင်ငံသား အမတြာဆင်း ဖြစ်ပါတယ်။ သူလည်းပဲဘောဂဗေဒ နိုဘယ်ဆုရှင်ပါ။ သူပြောတာက
“အငတ်ဘေးကြီးများအတွင်း လူတွေသေကျေကြရသည်မှာ စားစရာ ရိက္ခာပြတ်လပ်သောကြောင့် မဟုတ်၊ ရိက္ခာ ဝယ်စရာ ဝင်ငွေ မရှိသောကြောင့်” သူဆိုလိုချင်တာကလည်း အာဖရိကမှာ အငတ်ဘေးဆိုက်ပြီး လူတွေသေကြတာဟာ အဲ့ဒီမြေခံ ရေခံ မကောင်းလို့။ သီးနှံတွေ မဖြစ်ထွန်းလို့ဆိုတာထက် စနစ်မကောင်းလို့ ၊ ဆင်းရဲလို့၊ မွဲပြီး ဘာမှ မဝယ်နိုင်လို့ဆိုတာကို ဆိုလိုပုံပါ။ အမတြာဆင်းရဲ့ အက်ဆေးတွေကို ဆရာကျော်ဝင်းက အငြင်းသန်တဲ့ မဇ္ဈိမသားဆိုပြီး ဘာသာပြန်စာအုပ်ရှိပါတယ်၊ ဖတ်ကြည့်ရင် အကျိုးများပါလိမ့်မယ်။

သူတို့သုံးယောက်ရဲ့ သုတေသနမှာ နောက်ထပ်အရေးပါတာကတော့ ဥရောပရဲ့ ကိုလိုနီစနစ်ဆိုးမွေ ကောင်းမွေတွေပါပဲ။ အဆိုပါ စနစ်တွေဟာ ယနေ့ခေတ်တိုင်းပြည်တွေရဲ့ ဆင်းရဲ ချမ်းသာမှုတွေမှာလည်း နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေကြောင်း သူတို့တတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အလားတူပါပဲ ဒုတိယကမ္ဘာစစ်ကြီးအပြီး လူတွေရွှေ့ပြောင်းနေထိုင်မှုတွေပေါ်မူတည်ပြီး တိုင်းပြည်တွေရဲ့ ဆင်းရဲ ချမ်းသာမှုအပေါ် အများကြီး သက်ဆိုင်နေပါတယ်တဲ့…

အနှစ်ချုပ်အကြမ်းဖျင်းဆိုရရင်တော့ တိုင်းပြည်တွေ ဆင်းရဲခြင်း ချမ်းသာခြင်းတို့ဟာ အဆိုပါ တိုင်းပြည်ရဲ့ Institutions တွေ ဘယ်လောက် ခိုင်မာတောင့်တင်းသလဲ၊ ဘယ်လောက် ယုံကြည်စိတ်ချရမှု ရှိသလဲဆိုတာကြားက အဆက်အစပ်တွေကိုသုတေသနပြုလုပ်ထားတာပါ။

သူတို့တတွေရဲ့ စာတမ်းကို လေ့လာချင်ရင် အွန်လိုင်းပေါ်မှာ ရှိပါတယ်။ သွားရောက်လေ့လာဖတ်ရှုသင့်ပါတယ်။

ဆုရသူ သုံးယောက်ကတော့
Daron Acemoglu, Simon Johnson and James A. Robinson တို့ဖြစ်ပါတယ်။ သူတို့ရရှိသွားရတဲ့ အကြောင်းအရင်းကတော့
“for studies of how institutions are formed and affect prosperity” ဖြစ်ပါတယ်။

အလန်ဒါလ် စာအုပ်ကိုကျွန်တော်စတွေ့တာကဂျာမဏီနိုင်ငံက ဖရန့်ဖတ်စာအုပ်ပွဲတော်(Frankfurt Bookfair) မှာပါ။အဆိုပါစာအုပ်ပွဲတော်ဟာက...
13/10/2024

အလန်ဒါလ် စာအုပ်ကို
ကျွန်တော်စတွေ့တာက
ဂျာမဏီနိုင်ငံက ဖရန့်ဖတ်စာအုပ်ပွဲတော်(Frankfurt Bookfair) မှာပါ။
အဆိုပါစာအုပ်ပွဲတော်ဟာ
ကမ္ဘာပေါ်မှာ အကြီးဆုံးစာအုပ်ပွဲတော်ဖြစ်ပြီး
လူဦးရေ သန်းချီလာရောက်လည်ပတ်တဲ့
ပွဲတော် တစ်ခုပါ။ နိုင်ငံတကာက ထုတ်ဝေသူတွေကို Fellowship ပေးတဲ့ program တစ်ခုရှိပြီး
နှစ်စဉ် ကမ္ဘာအနှံက ထုတ်ဝေသူ နှစ်ဆယ်ဝန်းကျင်ကို နေ၊ စား ၊ ခရီးစားရိတ် စပွန်စာပေးပြီး
ဖိတ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျွန်တော်ဖိတ်ကြားခံရပြီး ကျွန်တော်နဲ့အတူ ဖိလစ်ပိုင်က
ထုတ်ဝေသူတစ်ယောက်လည်း ဖိတ်ကြားခြင်းခံရပါတယ်။ သူ့နာမည်က ပေါင်လိုတဲ့။
သူက ကာတွန်း ရုပ်ပြတစ်မျိုးတည်း ထုတ်သူ။
ရှင်းတယ်။ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး ဘာမှ
မထုတ်။ ကာတွန်းနဲ့ ရုပ်ပြသမား။
ကျွန်တော်တို့က စာအုပ်ပြပွဲမှာ
ကိုယ့်တိုက်က ထုတ်တဲ့ စာအုပ်တွေကို ပြသခွင့်ရတယ်။ ကျွန်တော်ကလည်း ကာတွန်း ခရေဇီဆိုတော့ ပေါင်လိုထုတ်ထားတဲ့
ဖိလစ်ပိုင်စာအုပ်တွေကို အရင်လေ့လာတယ်။
အဲ့ဒီမှာ အလန်ဒါလ်နဲ့ ညှိတော့တာပဲ။
သူ့သရုပ်ဖော်ပုံတွေကို မြင်လိုက်တာနဲ့
ကျွန်တော့်ခေါင်းထဲကို ဝင်လာတာက
လင်္ကာဒီပချစ်သူ။ ဆရာချစ်ဦးညို ဝတ္ထုကို
ဆရာဝသုန် သရုပ်ဖော်လက်စွမ်းပြတဲ့ ရုပ်ပြ။
လင်္ကာဒီပချစ်သူကို ကျွန်တော်က
ကြိုက်ရုံ ဖတ်ရုံမဟုတ်။
ရူးသွပ်တာလို့တောင် ပြောလို့ရမလား မသိ။
အထူးသဖြင့် ဆရာဝသုန်ရဲ့
လက်ရာတွေကို တစိမ့်စိမ့်ကြည့်တယ်။
အဓိကဇာတ်ကောင်တွေရဲ့ လှုပ်ရှားပုံတွေ၊
အဝတ်အစားတွေ အလွတ်ရတဲ့ထိ အကြိမ်ကြိမ်ကြည့်တယ်။ ရုပ်ပြရဲ့ Camera Angle တွေကို
လိုက်ကြည့်တယ်။ နောက်ဆုံးကြည့်စရာမရှိရင်တော့ရင် ဘောင်ခတ်တဲ့ နေရာကပုံတွေပါလိုက်ကြည့်တယ်။
အဲ့ဒီလိုကြည့်ရင် ဆရာဝသုန်ဟာ လင်္ကာဒီပချစ်သူကို
ဘယ်လောက်တောင် စိတ်နှစ်ပြီး ဖန်တီးထားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ ဘယ်လောက်တောင်
အသေးစိတ်ဖန်တီးထားတယ်ဆိုတာကို မြင်ရလိမ့်မယ်။ အလန်ဒါလ်လည်း ထိုနည်းလည်ကောင်းပဲ။
သရုပ်ဖော်ရေးဆွဲသူ Alex Nino ဆိုတာ
ဖိလစ်ပိုင်ရဲ့ ဝသုန်လိုပါပဲ။ အရေးပါတဲ့
ပန်းချီဆရာကြီးဖြစ်ပြီး လက်ရှိအချိန် အမေရိကန်မှာ နေထိုင်နေသူပါ။
သူ့လက်ရာတွေကို မြင်တော့ ကျွန်တော်
တော်တော်လေး အံ့ဩသွားတယ်။
သူ့သုံးသွားတဲ့ နည်းက
သစ်တယ်။
နောက်ပြီး ကြောက်စရာကောင်းလောက်အောင်
အသေးစိတ်နိုင်တယ်။
အလန်ဒါလ်ရဲ့ တချို့စာမျက်နှာတွေကို
သေချာကြည့်ရင် တွေ့လိမ့်မယ်။
အမည်းရောင်ပေါ်မှာ ခဲအရင့်၊
ခဲအရင့်ပေါ်မှာ အဖျော့၊
အဖျော့ပေါ်မှာ အဖြူ….
သူ့လက်စွမ်းကို မိုင်ကုန်ထုတ်ဖန်တီးထားတာ
သိသာတယ်။ ဒီစာအုပ်ရဲ့
အဓိက ရသက ပုံတွေပဲ။
ကျွန်တော့်အတွက်ကတော့
ဇာတ်လမ်းက အဓိက မဟုတ်ဘူး။
သူ့လက်ရာ ပုံတွေနဲ့တင် ရူးခါနေမိတာပါပဲ။
ရုပ်ပြကာတွန်းတွေကို အပျင်းပြေရုံလောက်ဖတ်ချင်သူတွေ
ဇာတ်လမ်းအသားပေးဖတ်သူတွေအတွက်တော့
အဆင်ပြေမယ် မထင်တဲ့အတွက်
မဝယ်သင့်ပါဘူး။
ရုပ်ပြ ကာတွန်းရေးဆွဲဖို့ ဝါသနာပါသူတွေနဲ့
ကျွန်တော့်လိုပဲ
သရုပ်ဖော်ပုံတွေကို အရသာခံ
ဖတ်လိုသူတွေကတော့
အကြိုက်တွေ့မယ် ထင်မိပါတယ်။
ဖိလစ်ပိုင်ရုပ်ပြစာအုပ်တွေထဲမှာ
မြန်မာဘာသာကို ပထမဆုံး
ဘာသာပြန်ဆို ထုတ်ဝေနိုင်ခဲ့တဲ့
စာအုပ်ပဲ ဖြစ်ပါလိမ့်မယ်။
အလန်ဒါလ်စာအုပ်ဟာ
ဖိလစ်ပိုင်နိုင်ငံရဲ့
စာပေဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့
National Book Award အပြင်
National Children Book Award ,
Philippines International Comic Festival ရဲ့
Official Selection စာအုပ်ဆု
တွေပါ ရရှိခဲ့ပါတယ်။
စာမျက်နှာတချို့ကို ကွန်မန့်မှာ မန့်ထားသလို
အလန်ဒါလ်စာအုပ်ကို စိတ်ဝင်စားလို့
Give Away ရချင်သူတွေအတွက်လည်း
အစီအစဉ်ရှိပါတယ်။ မန့်ထဲမှာ
ကြည့်ရှုပေးပါ။

စာပေဆိုင်ရာ အဖွဲ့အစည်းတွေနဲ့သူတို့တတွေရဲ့လှုပ်ရှားမှုတွေ အားထုတ်မှုတွေဟာတကယ့်ကို အားကျအတုယူဖို့ကောင်းပါတယ်။စာရေးဆရာတွေကတ...
10/10/2024

စာပေဆိုင်ရာ အဖွဲ့အစည်းတွေနဲ့
သူတို့တတွေရဲ့
လှုပ်ရှားမှုတွေ အားထုတ်မှုတွေဟာ
တကယ့်ကို အားကျအတုယူဖို့ကောင်းပါတယ်။
စာရေးဆရာတွေကတော့
သူ့တို့လက်ရာတွေကို
အကောင်းဆုံးဖန်တီးကြမှာဖြစ်ပြီး
အရောင်ထွက်လာဖို့နဲ့
ပေါက်ပေါက်ရောက်ရောက်ဖြစ်ဖို့ကတော့
အဖွဲ့အစည်းတွေ အစိုးရတွေ စီးပွါးရေးလုပ်ငန်းရှင်တွေက
အတူတကွ ကြိုးစားအားထုတ်ရမှာ
ဖြစ်ပါတယ်။
အထူးသဖြင့် ယူအက်စ်၊ ယူကေ၊ ပြင်သစ်တို့ကြီးစိုးထားတဲ့ စာအုပ်စျေးကွက်ထဲကို
အာရှနိုင်ငံလေးတွေတိုးရတာ
အလွန်ခက်ပါတယ်။
ထင်သလောက်ရိုးရှင်းနေတာတော့
မဟုတ်ပါဘူး။
၂၀၂၅ ခုနှစ်မှာ
ဖိလစ်ပိုင်နိုင်ငံဟာ
ကမ္ဘာ့အကြီးဆုံး စာအုပ်ပွဲတော်တွေထဲက
တစ်ခုဖြစ်တဲ့
Frankfurt Book Fair ရဲ့
Guest of Honor ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ကိုရီးယားက ဘာသာပြန်အဖွဲ့လိုပဲ
ဖိလစ်ပိုင်မှာ National Board for Book Development ဆိုတဲ့အဖွဲ့ရှိပြီး
ဒေါ်လာသန်းချီတဲ့ ဘတ်ဂျက်တွေနဲ့
စာပေဖွံ့ဖြိုးရေး၊ နိုင်ငံတကာ ထိုးဖောက်ရေးတို့ကို
ကြိုးစားနေကြပါတယ်။
အားကျမိတာကတော့ အမှန်ပါပဲ

https://www.facebook.com/share/baP5SNCkPX4U1ZsC/?mibextid=WC7FNe

Nobel Prize / Myay Hmone Lwin
Han Kang ဘာလို့ နိုဘယ်ဆုရသလဲ
**********************************
မြေမှုန်လွင်

၂၀၂၄ ခုနှစ် စာပေနိုဘယ်ဆုရှင်
Han Kang ဟာ ကိုရီးယားနိုင်ငံသားတွေထဲက
ပထမဆုံး စာပေဆိုင်ရာ နိုဘယ်ဆုရ ပုဂ္ဂိုလ်အဖြစ်
မှတ်တမ်းဝင်ခဲ့ပါပြီ။

စာပေနိုဘယ်ဆုဟာစာအုပ်တစ်အုပ်အပေါ်အခြေခံရွေးချယ်ပေးအပ်တာမျိုး မဟုတ်ဘဲ စာရေးဆရာကိုပေးတာ ဖြစ်ပါတယ်။

Han Kang ဟာ စာပေနိုဘယ်ဆုမရခင်ကအစဉ်အလာ ကြီးမားတဲ့ Booker Prize (ဘာသာပြန်) ဆုကိုရရှိခဲ့ပါသေးတယ်။ အဆိုပါဆုကိုသူ့အထင်ရှားဆုံးစာအုပ်ဖြစ်တဲ့Vegetarian စာအုပ်နဲ့ရရှိခဲ့တာဖြစ်ပြီးဘာသာပြန်ဆိုသူ Deborah Smith နဲ့ဆုကို တစ်ဝက်စီ လက်ခံရယူခဲ့သူပါ။

အဆိုပါ Vegetarian စာအုပ် (အင်္ဂလိပ်ဘာသာပြန်မူ) ဟာလည်း ဘာသာပြန်လောကမှာလူပြောများပြီး ဝေဖန်မှုတွေလည်း မြင့်မားခဲ့ဖူးပါတယ်။
အထူးသဖြင့် မူရင်း ဘာသာစကားဖြစ်တဲ့
ကိုရီးယားဘာသာစကားမူနဲ့ အင်္ဂလိပ်မူမှာ
ကွဲပြားမှုတွေ အများအပြားရှိခဲ့လို့ပဲ ဖြစ်ပါတယ်။
မူရင်းနဲ့ ဘာသာပြန်ဆိုရင်ပုံသေတူရမယ်လို့ သဘောထားရှိကြသူများကအပြင်းအထန်ဝေဖန်ခဲ့ကြတာပါ။

ဟန်ကန်းဟာ စာပေနိုဘယ်ဆုရရှိဖို့အတွက်
သူ့အနုပညာဖန်တီးမှု၊ စန်းလာဘ်တို့သာမက
နောက်ကွယ်က အဖြစ်အပျက်တချို့လည်း
ရှိပါသေးတယ်။ အဲ့ဒါကတော့ကိုရီးယားနိုင်ငံရဲ့ အထောက်အပံ့တွေပါပဲ။

ကိုရီးယားနိုင်ငံဟာK Pop , K Drama တို့နဲ့ နိုင်ငံတကာကိုထိုးဖောက်နိုင်ပြီးတဲ့အခါမှာ
K Book ဆိုတဲ့ wave တစ်ခုပေါ်ပေါက်လာဖို့
စီမံကိန်းချမှတ်ခဲ့ပါတယ်။
သူတို့တတွေ အရင်ဆုံးကြိုးစားကြတာကတော့
ကိုရီးယားစာပေတွေကိုနိုင်ငံတကာကို ဘာသာပြန်ဆိုဖို့ပါပဲ။ အဲ့ဒီလို ဘာသာပြန်တဲ့အခါ
နိုင်ငံတကာက ထုတ်ဝေသူတွေကို
ဆွဲဆောင်နိုင်ဖို့အတွက် LTI , (Literature Translation Institution of Korea) ဆိုတဲ့ အဖွဲ့ကို ဖွဲ့ပါတယ်။
အဆိုပါ အဖွဲ့ကနေကိုရီးယားစာပေတွေကို
တခြားဘာသာစကားနဲ့ ပြန်ဆိုလိုသူတိုင်းကို
Grant (ထောက်ပံငွေ) ပေးပါတယ်။
Han Kang ရဲ့ Vegetarian စာအုပ်ကလည်း
အဆိုပါ Grant ကြောင့် အင်္ဂလိပ်ဘာသာပြန်ဆို
နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ Grant ရဲ့ အထောက်အပံ့သာ မရှိခဲ့ရင်အင်္ဂလိပ်ဘာသာပြန်ထွက်လာနိုင်မှာ
မဟုတ်သလို Booker ဆုလည်းရတော့မှာ မဟုတ်သလို အခုလို နိုဘယ်ဆုရဖို့လည်းအချိန်တစ်ခုတော့ ကြာနေဦးမှာ သေချာပါတယ်။
နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့
Korea မှာ ထုတ်ဝေသူအသင်း Korea Publisher Association ဆိုတာရှိပါတယ်။1947 ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့အဖွဲ့ကြီး ဖြစ်ပါတယ်။
အဆိုပါ အဖွဲ့ဟာ နိုင်ငံတကာမှာ ကျင်းပတဲ့
စာအုပ်ပွဲတော်များ (ဥပမာ Frankfurt Bookfair, Bologna Children Bookfair , London Bookfair ) တို့လိုအထင်ကရစာအုပ်ပွဲတော်တွေကိုနှစ်စဉ်သွားပါတယ်။အဆိုပါ စာအုပ်ပွဲတော်တွေမှာ Korea Stand ဆိုပြီးကိုရီးယားနိုင်ငံက စာအုပ်တွေကိုခင်းကျင်းပြသပါတယ်။ မူပိုင်ခွင့် အရောင်းအဝယ်တွေကို
လုပ်ကြပါတယ်။ နိုင်ငံတကာက ထုတ်ဝေသူ ဘာသာပြန်ထောက်ပံ့ကြေးရအောင်ကူညီပါတယ်။ အဲ့ဒီလိုနဲ့ ကိုရီးယားစာပေတွေကိုပြန့်နှံအောင်လုပ်ပါတယ်။
အဆိုပါအဖွဲ့ကနေပဲ Seoul International Bookfair ဆိုပြီးနိုင်ငံတကာအဆင့်မီ စာအုပ်ပွဲတော်တစ်ခုကို
နှစ်စဉ်ကျင်းပပါသေးတယ်။ အခုဆိုရင် အာရှမှာ အရေးကြီးဆုံး၊ လူသွားအများဆုံး စာပေပွဲတော်တွေထဲက တစ်ခုဖြစ်လာပါပြီ။
အဲ့ဒီလိုဖြစ်လာဖို့အတွက်အဖွဲ့အစည်းအသီးသီးရဲ့နောက်မှာအစိုးရသာမက စီးပွါးရေးလုပ်ငန်းရှင်တွေကလည်းထောက်ပံ့မှုတွေ ကြီးကြီးမားမားလုပ်ခဲ့ကြပါတယ်။ ဘတ်ဂျက်ဒေါ်လာ သန်းချီ အသုံးပြုခဲ့ကြတာ
ဖြစ်ပါတယ်။
Han Kang ရဲ့ စာပေအနုပညာလက်ရာဟာလည်း
ထူးခြားပြောင်မြောက်သလိုပါပဲကိုရီးယားနိုင်ငံက စာပေဆိုင်ရာ အဖွဲ့အစည်းများရဲ့ကြိုးစားအားထုတ်မှုကိုလည်းအသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
မှန်ပါတယ်။
စာပေနိုဘယ်ဆုဆိုတာဂုဏ်သိက္ခာကြီးမားပြီး
ငွေတစ်ခုတည်းကြောင့် ရတာမျိုးတော့လုံးဝ မဟုတ်ပါဘူး။ ဒါပေမယ့် စာရေးဆရာ၊ ထုတ်ဝေသူ၊ စာပေဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ဟန်ချက်ညီညီ
ကြိုးစားအားထုတ်ကြတဲ့အခါ နိုဘယ်ဆုရွေးချယ်ကော်မတီကလည်းမျက်နှာမလွှဲနိုင်တော့ဘဲ
အသိအမှတ်ပြုခဲ့ရတော့တာပါပဲ။
အရှေ့တောင်အာရှမှာလည်းစာပေဆိုင်ရာ နိုဘယ်ဆုရရှိမယ့်အလားအလာတွေရှိပါတယ်။ကိုရီးယားနိုင်ငံလိုပဲစီမံကိန်းချပြီးစနစ်တကျချီတက်နေတဲ့ နိုင်ငံ
နှစ်ခုရှိပါတယ်။အဆိုပါနိုင်ငံနှစ်ခုကတော့အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ဖြစ်ပါတယ်။
အင်ဒိုကတော့ ဖြစ်နိုင်ခြေအများဆုံးဖြစ်ပြီးအင်ဒိုကစာရေးဆရာတစ်ယောက်ယောက်မရခဲ့ပါက ဖိလစ်ပိုင် (သို့) ဗီယက်နမ်တို့ကရရှိပါလိမ့်မယ်။ ဗီယက်နမ်ကရရင်တော့ဗီယက်နမ်နိုင်ငံတွင်းက မဟုတ်ဘဲ
ပြည်ပရောက် ဗီယက်နမ်စာရေးဆရာတစ်ဦးဦး ရရှိနိုင်ပါတယ်။

မြေမှုန်လွင်
၁၀ အောက်တိုဘာ ၂၀၂၄

Address


Website

Alerts

Be the first to know and let us send you an email when မြေမှုန်လွင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြေမှုန်လွင်:

Share