11/12/2023
Depression ရဲ့သဘောက ဘာအကြောင်းပြချက်ရယ်လို့ မယ်မယ်ရရ အမည်တပ်လို့မရဘဲ ရုတ်တရက်ကြီး စိတ်မှောင်ကျသွားတာ။ တကယ်ကြီး ဝမ်းနည်းအားငယ်လာတာ။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းပဲ ရှိတော့သလိုလို။
ကိုယ်ခံစားနေရတာတွေကို ရာခိုင်နှုန်းတော်တော်များများ နားလည်ပေးနိုင်မယ့်သူ၊ နားထောင်ပေးချင်တဲ့သူ မရှိတော့ဘူးလို့ ထင်လာတာ။ အိပ်ရာထဲခွေနေရမှာကိုပဲ တစ်နေကုန် စောင့်မျှော်နေတာမျိုး။
ပုံမှန်လုပ်နေကျအရာတွေကိုတောင် ခွန်အားစိုက်ထုတ်ပြီး မနည်းတွန်းလုပ်နေရတာမျိုး။ ပုံမှန်တွေ့နေကျသူတွေကိုတောင် တွေ့ချင်တဲ့စိတ်နည်းလာတယ်။ အကြောင်းပြချက်တွေပေးပြီး ရှောင်လာတယ်။ ကိုယ့်ကိုယ်ကိုယ် မလုံခြုံမှုတွေ၊ သိမ်ငယ်စိတ်တွေဝင်ပြီး မကောင်းတဲ့ဘက်ကနေချည်း စတွေးနေမိတော့တာ။
အဆိုးဆုံးက အဲ့ဒီစိတ်ကြီးဟာ တစ်သက်လုံး ဒီအတိုင်းကြီးပဲရှိနေတော့မယ်ထင်တာပဲ။ Depression ဟာ ပေါ့ဆနေရမယ့်အရာ မဟုတ်ပါဘူး။ (၂)ပတ်လောက်ဆက်တိုက် ဒီလိုနေ့တိုင်းဖြစ်လာရင် professional တစ်ယောက်ယောက်နဲ့ စကားပြောကြည့်ပါ။
ဒီ့ထက်ပိုကြာလာရင် “ဒီလောကကြီးမှာ ငါမရှိတော့ရင်…..” ဆိုတဲ့ suicidal ideations (SI) တွေ ဝင်ပြီး တစ်ခုခုကြံစည်လုပ်ဆောင်တဲ့အထိ စိတ်ကျသွားနိုင်ပါတယ်။ Self-harm, su***de, homicide စတာတွေအဆင့်ထိ ဖြစ်နိုင်ပါတယ်။
ကိုယ်နေထိုင်ရာဒေသရဲ့ စိတ်ကျန်းမာရေးအရေးပေါ်ဖုန်းနံပါတ်လေးတွေ အိမ်မှာ အလွယ်တကူ ကပ်ထားသင့်ပါတယ်။ ဒါမှမဟုတ်လည်း စိတ်ကျန်းမာရေးအရေးပေါ် အခြေအနေတစ်ခုမှာ ငါဘာလုပ်မလဲ၊ ဘယ်သူ့ကိုဆက်သွယ်မလဲ၊ ဘယ်လိုဆက်သွယ်မလဲ၊ ဆက်သွယ်လို့ရမယ့်သူ/ဖုန်းနံပါတ် စတာတွေကို အများကြီး တန်းစီပြီး အစဉ်လိုက်ချရေးထားသင့်ပါတယ်။ Safety Plan တစ်ခု ကြိုဆွဲထားတဲ့သဘောပေါ့။
တစ်ယောက်ယောက်ကို reach out လုပ်ပြီး စကားပြောပါ။ တခါတလေ ပြောချင်တာပြောလိုက်ရရင်ကို ရင်နည်းနည်းပေါ့သွားပါတယ်။ Local (or) tele-health counseling agencies တွေနဲ့ ဆက်သွယ်အကူအညီယူနိုင်မယ့် အချက်အလက်တွေကို လက်တစ်ကမ်းအကွာမှာ လွယ်လွယ်ထားပါ။
WHO ရဲ့ခန့်မှန်းချက်အရ Depressive disorder တစ်ခုခုရှိနေသူဟာ ကမ္ဘာပေါ်မှာ သန်း ၂၈၀ ရှိပါတယ်။ အမေရိကမှာဆိုရင် လူဦးရေရဲ့ ၂၉% ဟာ ဘဝသက်တမ်းမှာ Depression တစ်ခါတော့ အနည်းဆုံး ရဖူးကြပါတယ်။
Depression ဟာ လူအများစုမှာ တစ်သက်လုံးဖြစ်နေမှာမျိုး မဟုတ်ပါဘူး။ ကုသပျောက်ကင်းနိုင်ပါတယ်။ တချို့က ရေရှည်ဖြစ်လာပြီး ဘာမှ lifestyle and behavior ပြောင်းလဲမှုမလုပ်ရင် ဆေးအကူအညီယူရပါတယ်။ တချို့ကလည်း ဆေးအကူအညီမလိုဘဲ counseling/therapy နဲ့ ပြန်အဆင်ပြေသွားကြပါတယ်။ တချို့က နှစ်ခုစလုံး လုပ်ရပါတယ်။ တချို့က ကိုယ့်ဟာကိုယ် စာတွေဖတ်၊ လေ့လာပြောင်းလဲယူရင်း self-help နဲ့ပဲ အဆင်ပြေသွားပါတယ်။
Depression ဟာ ပြန်ကောင်းသွားပြီးရင် ပြန်ဖြစ်နိုင်သလားဆိုတော့ ပြန်ဖြစ်နိုင်ပါတယ်။ ဘဝမှာ အခြေအနေကြီးကြီးမားမားတစ်ခု ပြောင်းလဲတဲ့အခါမျိုး၊ ထရာမာရပြီးတဲ့အခါမျိုး၊ ရာသီဥတုကြောင့်၊ ကလေးမွေးပြီးတဲ့အခါ၊ ဟော်မုန်းသွေးသားကြောင့်၊ မူးယစ်ဆေး (အထူးသဖြင့် stimulants တွေ) အလွန်အကျွံသုံးစွဲပြီးသွားတဲ့အခါ.. စသဖြင့် အကြောင်းအရာတွေပေါ်လိုက်ပြီးတော့လည်း ဖြစ်နိုင်ပါတယ်။
Depression ဟာ ပေါ့ဆစရာမဟုတ်သလို နောက်စရာ၊ ပြက်ရယ်ပြုစရာ၊ joke လုပ်စရာတစ်ခု မဟုတ်ပါဘူး။ It is a serious mental illness! Depressive episode တစ်ခုဖြစ်နေတယ်လို့သတိထားမိရင် သူများပဲဖြစ်ဖြစ်၊ ကိုယ်ပဲဖြစ်ဖြစ် ကူညီပြီး professional help အမြန်ယူနိုင်ဖို့ ကြိုးစားပါ။ ရုပ်ပိုင်းဆိုင်ရာအရေးပေါ်လိုမျိုး စိတ်ပိုင်းဆိုင်ရာအရေးပေါ် (mental health crisis/emergency) ဆိုတာလည်း ရှိပါတယ်။ စိတ်ကျန်းမာရေးကို နေ့ရွှေ့ညရွှေ့နဲ့ မကုဘဲ၊ အကူအညီမယူဘဲ နေနေကြတာတွေ ပြောင်းလဲသင့်ပါပြီ။ စိတ်ကျန်းမာရေးလို့ပြောတိုင်း ခွဲခြားဆက်ဆံတာတွေ၊ နှိမ်တာတွေ၊ ဟာသလုပ်ပစ်တာတွေကိုလည်း ရပ်သင့်ပါပြီ။
Counseling with Craton