05/11/2024
ဖက်ထမင်း
စာရေးသူ - စိုင်းခေ
"လာပြန်ပြီ ငှက်ပျောဖက်၊ ဒီအဆင့်ကကို မတတ်တော့ဘူး"
"လေးနှစ်လည်း ပြည့်တော့မယ် အခုထိ ဖက်နဲ့ စားပြနေတုန်းလား"
ဒါက တော်လှန်ရေးအင်အားစုတွေဘက်က အနေအစားဆင်းရဲတဲ့ပုံတွေ တက်လာရင် စစ်ကောင်စီ (စကစ) ဘက်တော်သားတွေအပြင် စကစ ကိုတော်လှန်နေတယ်ဆိုတဲ့ မြို့ပေါ်နေ လူတန်းစားတချို့ဆီကတောင် ထွက်လာတတ်တဲ့ စကားတွေ ဖြစ်ပါတယ်။
တကယ်ပဲ တော်လှန်ရေးအင်အားစုတွေက အခုထိ အနေအစားဆင်းရဲတုန်းလား၊ ငှက်ပျောဖက်နဲ့ ထမင်းစားရတုန်းလားဆိုတာ ၂ မိနစ်လောက် အချိန်ယူပြီး နည်းနည်း ဆန်းစစ် ကြည့်ရအောင်ပါ။
တော်လှန်ရေးအင်အားစုတွေ တကယ်ပဲ ငှက်ပျောဖက်တို့၊ ဖက်တို့နဲ့ ထမင်းစားနေကြတုန်းလားဆို အများစုက စတီးပန်းကန်တွေနဲ့ စားကြတာပါ။ ဖက်နဲ့မဟုတ်ပါဘူး။
ဒါပေမဲ့ ငှက်ပျောဖက်နဲ့ရော ထမင်းမစားရဘူးလားဆို စားရပါတယ်။ ဘယ်လိုအချိန်တွေမှာ စားရလဲဆို ခရီးထွက်တဲ့အချိန်တွေ၊ ရှေ့တန်းထွက်ရတဲ့အချိန်တွေ၊ ကျားထိုးသိမ်းဖို့ စကစ စခန်းကုန်းတွေကို ဝိုင်းထားတဲ့ အခြေအနေတွေမှာ ဖက်တို့၊ အိတ်တို့ နဲ့စားရတာပါ။
မသိတဲ့သူတွေကတော့ အစပိုင်းမှာ ကျွတ်ကျွတ်အိတ်သုံးကြပေမဲ့ ပူပြင်းတဲ့ရာသီမှာဆို အဲဒီထမင်းထုပ်တွေက အသိုးမြန်ပါတယ်။ အဲဒီတော့ အကောင်းဆုံးက ဖက်နဲ့ထမင်း ထုပ်တာပါ။ မွှေးလည်းမွှေးပါတယ်။ ဆိုတော့ သူတို့ဟာ ပုံရိုက်ဖို့က အဓိကရည်ရွယ်ချက် မဟုတ်ဘဲ အသုံးလိုလို့ ဖက်နဲ့ထမင်းစားနေကြတာဖြစ်ပါတယ်။
ခရီးထွက်တဲ့အခါ ရဲဘော်တစ်ယောက်ဟာ ပန်ကန်တွေ၊ ဇွန်းတွေကို အလေးခံပြီး မသယ်ကြပါဘူး။ သွားတိုက်တံကိုတောင် ဝယ်ပြီးတာနဲ့ တစ်ဝက်ချိုးပြီးလွှင့်ပစ်ကြသူတွေပါ။
ဘာကြောင့်လဲဆိုတော့ သူတို့ထမ်းရတဲ့ အိတ်တွေက အနည်းဆုံး ၁၀ ပိဿကျော်ရှိပါတယ်။ ဒီလောက်လေးလံတဲ့ ကျောပိုးအိတ်တွေနဲ့ တစ်နေကုန်လမ်းလျှောက်ရတာ ဖြစ်တဲ့အတွက် အပိုပစ္စည်းတွေ လုံးဝမသယ်ပါဘူး။
ဒါ့အပြင် လူသဘာဝအရ ကိုယ့်အတွက် အသစ်အဆန်းလို့ထင်တဲ့ဟာအပေါ်မှာပဲ အာရုံစိုက်ပါတယ်။ အားထုတ်ပါတယ်။ ဒါကြောင့် ပုံမှန်နေ့စဉ်နေ့တိုင်း စားနေကြတဲ့ စတီးပန်းကန်တွေနဲ့ ထမင်းဝိုင်းတွေဟာ အသစ်အဆန်း မဖြစ်တဲ့အတွက် ဘယ်သူမှ တကူးတက ဖုန်းထုတ်ပြီး ဓာတ်ပုံမရိုက်ထားကြပါဘူး။ ငှက်ပျောဖက်နဲ့ ထမင်းစားရတာတောင် သူတို့အတွက် ရိုးနေပါပြီ။ ခုတောင် လူသစ်တွေလောက်ပဲ ရိုက်ကြတော့တာပါ။
ဒီတော့ ဖက်နဲ့ထမင်းစားတဲ့ပုံတွေ ဘယ်လိုထွက်ပေါ်လာလဲဆိုတာ ခုနပြောခဲ့တဲ့အချက်တွေအရ လွယ်ကူကူ အဖြေထုတ်လို့ရပါပြီ။ (၁) တကယ့်
မြေပြင်မှာဖြစ်နေတဲ့ အမှန်တရားဖြစ်လို့ရယ် (၂) သူတို့လည်း ဖက်နဲ့ထမင်းစားတဲ့အချိန် ဓာတ်ပုံရိုက်ထားတာရယ်ကြောင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စကစကို တော်လှန်နေတဲ့ ရဲဘော်တိုင်းသာ နေ့တိုင်း ဖက်နဲ့ထမင်းစားနေရင် မြန်မာနိုင်ငံမှာရှိတဲ့ ငှက်ပျောပင်တွေဟာ ဒီ (၄) နှစ်အတွင်း မျိုးသုဉ်းလုနီးနီးဖြစ်သွားနိုင်ပါတယ်။
ဆိုတော့ ဘာကြောင့်ဒီလိုပုံတွေတင်ရလဲဆိုရင် ငွေလိုလို့ပါ။ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်တဲ့အဖွဲ့တိုင်းဟာ အမြဲတန်းငွေလိုအပ်ချက်ရှိပါတယ်။
ဒီတော့ ကမ်ပိန်းတွေလုပ်ရပါတယ်။ ကမ်ပိန်းတွေလုပ်ကြပြီဆိုရင် အဖွဲ့အစည်းအလိုက် ငွေရှာဖို့ အဖွဲ့သပ်သပ်ဖွဲ့ထားတာတွေရှိသလို ကမ်ပိန်းလုပ်တော့မှ ဖွဲ့ကြတာမျိုး ဒါမှမဟုတ် တစ်ယောက်ယောက်က တာဝန်ယူတာဝန်ခံပြီးလုပ်ကြတာမျိုးရှိပါတယ်။
သူတို့ဟာ မြေပြင်မှာရှိသူတွေဖြစ်နိုင်သလို ပြည်ပမှာ ဒါမှမဟုတ် ပြည်တွင်းမှာ နေထိုင်သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးနီးပါးမှာ တူညီတာတစ်ခုကတော့ ရှိပါတယ်။ အဲဒါကတော့ ကမ်ပိန်းသတ်မှတ်ချက် ပြည့်မီရေးပါပဲ။
ဒါကြောင့် ကမ်ပိန်းအတွက် ပုံတင်ရပြီဆို ခေါင်းထဲကနေ အကြံညဏ်တွေ တစ်စက်မှမကျန်အောင် ညှစ်ထုတ်ရပါတယ်။ လူတွေဆီက စိတ်ဝင်စားမှုအမြင့်ဆုံးရနိုင်မယ့် ပုံတွေကိုပဲ သုံးကြပါတယ်။ ဒါပေမဲ့လည်း ထမင်းဝိုင်းနဲ့ပတ်သက်တာမျိုးဆိုရင် မြေပြင်မှာရှိတဲ့သူတွေရဲ့ ဖုန်းထဲမှာတောင် အများဆုံးရှိနေတာက ဖက်နဲ့ထမင်းစားကြတဲ့ပုံတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေးရဲဘော်တွေ ဖက်နဲ့ထမင်းစားတဲ့ပုံတွေဟာ ကမ်ပိန်းအတွက် လိုအပ်လို့၊ မြေပြင်မှာလည်း အသုံးဝင်လို့ လုပ်နေတာဖြစ်ပြီး ပြည်သူလူထုက သနားအောင် သီးသန့် လုပ်ယူတာမဟုတ်သလို အမြဲတန်းလည်း ဖက်နဲ့စားနေကြတာမဟုတ်ပါဘူး။
သေချာတာကတော့ လူတိုင်းကြားဖူးနေကြ ကျိုးကြောင်းဆီလျော်မှု (လော့ဂျစ်ကျကျ) နဲ့ ပြောရရင် ဖက်တို့၊ အိတ်တို့နဲ့ စားဖူးသူတိုင်း စကစ ကိုတော်လှန်နေတဲ့သူတွေမဟုတ်ပေမဲ့ စကစ စခန်းကုန်းတွေကို တက်သိမ်းတဲ့သူတွေအားလုံးနီးပါးကတော့ ဖက်တို့၊ အိတ်တို့နဲ့ ထမင်းစားဖူးကြတယ်ဆိုတာပါပဲ။
နိုဝင်ဘာ၊ ၅
မှတ်ချက် ။ ။ တစ်ဆင့်ကြားနဲ့ ပြန်ရေးတာမဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်လည်း မြေပြင်မှာ တော်လှန်ရေးရဲဘော်တွေနဲ့အတူရှိနေသူဖြစ်တာကြောင့် တွေ့ကြုံရတာတွေကို ပြန်ဖော်ပြတာဖြစ်ပါတယ်။ နောက်လည်း ပြောလို့ရတဲ့အတွေ့အကြုံတွေ၊ ဖြစ်စဉ်ဖြစ်ရပ်တွေကို အလျဉ်းသင့်သလို ရေးသားသွားမှာဖြစ်ပါတယ်။