![ဗန်းမော်အခြေစိုက် ၇၀၀၆ သံချပ်ကာတပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး သံချက်ကာယာဉ် ၇ စီးရရှိ==============၂၀၂၅ ခုနှစ်...](https://img5.medioq.com/035/386/620658340353861.jpg)
26/01/2025
ဗန်းမော်အခြေစိုက် ၇၀၀၆ သံချပ်ကာတပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး သံချက်ကာယာဉ် ၇ စီးရရှိ
==============
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်
Radio NUG
ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာမှာ သံချပ်ကာယာဥ် ၇ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇန်နဝါရီ ၂၅ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ရှေ့တန်းတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနကလည်း ညပိုင်းမှာ ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပြီး သံချပ်ကာယာဉ် ၇ စီး သိမ်းဆည်းရရှိခဲ့တာ ကို အတည်ပြုထားပါတယ်။
ဒါ့အပြင် စကခ ၂၁ နဲ့ ခလရ - ၄၇ အပါအဝင် ဗန်းမော်မြို့က လက်ကျန်စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်မယ်လို့ အသိပေးထားပါတယ်။
တဆက်တည်းမှာပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မ ပြတ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
မုံရွာအခြေစိုက် အမှတ် - ၇၂ သံချပ်ကာ စစ်ဆင်ရေးဌာနချုပ်လက်အောက်ခံ အမှတ်-၇၀၀၆ သံချပ်ကာတပ်ရင်း ဗန်းမော် ကို KIA ပူးပေါင်းတပ်က ဇန်နဝါရီ ၂၄ ရက်ကတည်းက ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး သံချပ်ကာယာဉ် ၄ စီး သိမ်းပိုက်ရနိုင်ခဲ့ကာ မနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်မှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက သံချပ်ကာတပ်ရင်းကို အပြီးသတ် သိမ်းနိုင် ခဲ့ပြီး သံချပ်ကာယာဉ် စုစုပေါင်း ၇ စီး ရရှိခဲ့တာလို့ ဒေသသတင်းရင်းမြစ်က ရှင်းပြပါတယ်။
KIA နဲ့ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဒီဇင်ဘာလဆန်းကတည်းက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး ရက်ပေါင်း ၅၀ ကျော်ကြာတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။