23/11/2024
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ခြိမ်းခြောက်ခြင်းကို ခံလာရသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) သည် မုံရွာခရိုင်အတွင်းတွင် အခြေစိုက်တည်ဆောက်ထားကာ စစ်ကိုင်းဒေသ၊ မကွေးဒေသမြောက်ပိုင်းနှင့် ချင်းပြည်တို့တွင် အခြေစိုက်သည့် မြန်မာစစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များကို တိုက်ရိုက်ကွပ်ကဲလျှက်ရှိသည်။ ထို့အပြင် နမခ နယ်မြေအတွင်း၏ စစ်ကိုင်းမြို့တွင် အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် နှင့် ပခုက္ကူမြို့တွင် အမှတ်(၁၀၁) ခြေမြန်တပ်မဌာချုပ်တို့ အခြေစိုက်ကွပ်ကဲလျှက်ရှိသည်။ ထို့အပြင် ကလေးမြို့တွင်လည်း ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တစ်ခု အထိုင်ချကာ တည်ဆောက်ထားသည်။
၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှ စတင်၍ စစ်ကိုင်းဒေသ နှင့် မကွေးဒေသရှိ မြို့နယ်အများစုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ ချင်းဒေသတွင် ချင်းကာကွယ်ရေးတပ် (CDF) များ အလျိုလျို ပေါ်ပေါက် လာခဲ့သည်။ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်၏ နယ်မြေများတွင် ကချင်လွတ်လပ်ရေးတပ်တော် (KIA)၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသားတပ်ဦး (ABSDF)၊ ကူကီးအမျိုးသားတပ်မတော်-ဗမာပြည် (KNA-Burma)၊ ရခိုင့်တပ်တော် (AA)နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) အပါအဝင် အခြားလူမျိုးစုတပ်များသည် ယခင်ကတည်းကရှိနေခဲ့ကြပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်လိုသော လူငယ်များသည် ထိုလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များထံမှ စစ်ပညာသင်ယူခဲ့ကြပြီး အားကောင်းပေါ်ပေါက်လာခဲ့သည်။ အနောက်မြောက်တိုင်းစစ်ဌာချုပ်အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှု၊ ဖောက်ခွဲတိုက်ခိုက်မှု၊ ပစ်ခတ်ရှင်းလင်းခံရမှုများကို ၂၀၂၁ ခုနှစ်အတွင်း အပြင်းအထန် ကြုံတွေ့ခံစားခဲ့ရသည်။
မြန်မာစစ်တပ်အနေဖြင့် ထိုခုခံမှုများကိုဖြေရှင်းရန် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာအား (၃) ကြိမ်ထက်မနည်း အပြောင်းအလဲပြုလုပ်ခဲ့ရသည်။ သို့သော် အခြေစိုက်အထိုင်စခန်းများ နှင့် လှုပ်ရှားစစ်ကြောင်းများ သွားရောက်သည့် လမ်းကြောင်းများ၊ ထိုးစစ်နေရာများမှလွဲ၍ ချင်းဒေသ၊ စစ်ကိုင်းဒေသရှိ မြို့နယ်အများစု နှင့် မကွေးဒေသရှိ မြို့နယ်အချို့တွင် ဆက်လက်စိုးမိုးနိုင်ခြင်းမရှိတော့ပေ။ လူထုထောက်ခံမှုကျဆင်းလာသည် နှင့်အမျှ သတင်းရရှိမှု လက်ဦးမှုများလျှော့နည်းလာပြီး တဖက်အင်အားစု များ၏ ဦးဆောင်တိုက်ခိုက်မှုများကို ပိုမိုခံစားလာရသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနေဖြင့် မြန်မာစစ်တပ်အား ထောက်ခံသူအများအပြားရှိသည့် ရွာများနှင့် မြို့နယ်များတွင် ပျူစောထီးအမည်ရ ပြည်သူ့စစ်များ လေ့ကျင့်ဖွဲ့စည်း၍ ပျူစောထီးရွာများတည်ထောင်ခြင်း၊ သတင်းပေးကွန်ရက်တည်ဆောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ကျေးရွာများကို စစ်ကြောင်းထိုးခြင်းများကို လုပ်ဆောင်ခဲ့သည်။ ထိုအထဲဝင် ဦးဝါဿဝဦးဆောင်သော ကန့်ဘလူ နှင့် ကျွန်းလှမြို့တွင် ဖွဲ့စည်းထားသော ပြည်သူ့စစ်အင်အားသည် အားကောင်းများပြားသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့သည်။ ကောလင်းမြို့အား သိမ်းယူပြီးနောက်တွင် တော်လှန်ရေးတပ်ဖွဲ့များသည် ထီးချိုင့်မြို့အား အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ (၁)လခန့်ကြာမြင့်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။ ထို့အပြင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် ပြည်သူ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် တန့်ဆည်မြို့အား ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာစစ်တပ်၏ အထိုင်စခန်း လေးခုအား တပြိုက်နက်တည်း တိုက်ခိုက်သဖြင့် တန့်ဆည်မြို့တွင်း တပ်စွဲထားသော မြန်မာစစ်တပ် တပ်ဖွဲ့များက မြို့မရဲစခန်းတွင် ခံစစ်ပြင်၍ ခုခံခဲ့ကြသည်။ ထို့ကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဆက်လက်တိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်း မရှိတော့ပေ။ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ကသာခရိုင်အတွင်းရှိ မော်လူးမြို့အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA), ကျောင်းသားတပ်မတော် (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တပ်ဖွဲ့များ ပူးပေါင်းကာ သိမ်းပိုက်ရရှိခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းဒေသတွင် ကောလင်း ၊ရွှေပြည်အေး၊ ခမ်းပတ်နှင့် မော်လူးမြို့တို့အား လက်လွှတ်ခဲ့ရပြီး တန့်ဆည်မြို့နှင့် ထီးချိုင့်မြို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကိုခံခဲ့ရသည်။ ထို့အပြင် ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်ရန် သွားရောက်ခဲ့ကြသော ပျူစောထီးစစ်ကြောင်းသည် ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး လူနှင့် လက်နက်အင်အား အများအပြား ပြုန်းတီးခဲ့သည်။ ထို့အပြင် ချင်းဒေသတွင်လည်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်များကြောင့် မကွီးအိမ်နူး၊ ရိဒ်ခေါဒါရ်မြို့၊ လိုင်းလင်းပီးမြို့ နှင့် ရေဇွာမြို့များအား စွန့်လွတ်လိုက်ရပြီး တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။ နှာရိန်း၊ ဆူရ်းခွါ၊ ဝေဘူလရှိ စစ်စခန်းများကိုလည်း ဆုတ်ခွာခဲ့ရကာ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ရယူထားသည်။
၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် ကန့်ဘလူမြို့အတွင်းသို့ မြန်မာစစ်တပ်မှ စစ်အင်အား ၈၀၀ခန့်ပါဝင်သော စစ်ကြောင်းတစ်ခုရောက်ရှိလာခဲ့သည်။ ယင်းစစ်ကြောင်း မြို့နေလူထုမှ ကြိုဆိုကြောင်းသတင်းထုတ်ပြန်ခဲ့ပြီးနောက် ဖေဖောဝါရီလမှ စတင်ကာ ကောလင်းမြို့အား ကန့်ဘလူနှင့် ကျွန်းလှရှိ ပျူစောထီးအင်အားများနှင့် ပူးပေါင်းကာ အကြီးစားထိုးစစ်ဆင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဖေဖော်ဝါရီလ (၅)ရက်နေ့နောက်ပိုင်းမှ စတင်ကာ ကောလင်းမြို့အား လက်လွတ်ခဲ့ရသည်။ စစ်တပ်အနေဖြင် လက်ရှိအချိန်ထိ ကောလင်းမြို့အား သိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်သည်။ ထို့နောက် ဖေဖော်ဝါရီလအတွင်းတွင် ရွှေပြည်အေးမြို့အား ပြန်လည်သိမ်းပိုက်ရန် မြန်မာစစ်တပ်အနေဖြင့် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
၂၀၂၄ခုနှစ် မတ်လ (၂)ရက်နေ့တွင် ကနီမြို့အား တော်လှန်ရေး ပူးပေါင်းတပ်များက အလုံးအရင်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၁၀ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကနီိမြို့ရှိနေရာအများစုအား သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် မြန်မာစစ်တပ်၏ လေကြောင်း အလွန်အကျွံ အသုံးပြု တိုက်ခိုက်မှုများကြောင့် မတ်လ(၁၂)ရက်နေ့တွင် လက်လွတ်ဆုတ်ခွာခဲ့သည်ဟု အမျိုးသာညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသမှ ထုတ်ပြန်ခဲ့သည်။ ထို့အပြင် (၂၀၂၄)ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များသည် အနောက်မြောက်တိုင်းစစ်ဌာချုပ်၏ ကာကင်းတစ်ခုအား သိမ်းပိုက်နိုင်ခဲ့ပြီး သုံ့ပန်း(၅)ဦးနှင့် လက်နက်ခဲယမ်းအချို့အား ရရှိခဲ့သည်။ ထို့နောက် ဇွန်လ (၂၇)ရက်နေ့တွင် ဘုတလင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းအပါအဝင် နေရာ(၇)ခုထက်မနည်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြန်မာစစ်တပ်မှ အင်အား(၂၀)ခန့်သေဆုံးခဲ့ပြီး ၂နာရီအကြာတွင် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။
(၁၀၂၇)စစ်ဆင်ရေး ဒုတိယလှိုင်းသည် မြေပြန့်သို့ ရောက်ရှိလာခဲ့ပြီးနောက် စဉ့်ကူးမြို့၊ မတ္တရာမြို့၊ သပိတ်ကျင်းမြို့နှင့် တကောင်းမြို့ မြို့သိမ်းတိုက်ပွဲများတွင် ရွှေဘိုခရိုင်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အင်အား (၃၀၀၀)ခန့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့နောက် ကချင်လွတ််လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းစစ်ဆင်မှုများသည် ကန့်ဘလူ၊ ကောလင်း၊ ကသာခရိုင်များ စုစည်းထားသည့် ကသုံးလုံးနယ်အတွင်း ပိုမိုပြင်းထန်လာခဲ့သည်။ ထီးချိုင့်မြို့၊ပင်လည်ဘူးမြို့နှင့် အင်းတော်မြို့များတွင် ထိုးစစ်များ အရှိန်မြင့်တင်ခဲ့သည်။ သို့သော်ထီးချိုင့်မြို့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အများဆုံးတိုက်ခိုက်ခဲ့သော်လည်း ယနေ့တိုင် သိမ်းပိုက်ထိန်းချုပ် နိုင်ခြင်းမရှိသေးပေ။
သြဂုတ်လ (၁၅)ရက်နေ့ ညနေပိုင်းမှ စတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များသည် ဒီပဲယင်းမြို့အား သုံးရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် သြဂုတ်လ(၁၈)ရက်နေ့တွင် မြို့အားအလုံးစုံ ထိန်းချုပ်သိမ်းပိုက်ခဲ့သည်။ သို့သော်ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ ထို့နောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)တို့မှ အရှိန်မြင့် တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ (၈)ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိထားသည်။ ပင်လည်ဘူးစစ်မျက်နှာသည် အထက်ဘက်တွင်ရှိသော ဗန်းမောက်နှင့် ဟုမ္မလင်းရှိ ရှမ်းနီးတပ်မတော်နှင့် မြန်မာစစ်တပ်အခြေစိုက်တပ်ဖွဲ့များ၊ အရှေ့ဘက်တွင် ဝန်းသို ခမရ (၁၁၁) နှင့် (၁၂၀)၊ ကန့်ဘလူနှင့် ကျွန်းလှကြားတွင် တည်ရှိနေခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ အနေဖြင့် ယနေ့အချိန်ထိ ထိန်းချုပ်ထားနိုင်သေးသည်။ ထို့နောက် အင်းတော်မြို့နယ်အား သိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အောက်တိုဘာလနောက်ဆုံးအပတ်မှ စတင်ကာ ဆောင်ရွက် နေသော်လည်း ယနေ့အချိန်ထိ သိမ်းပိုက််နိုင်ခြင်းမရှိသေးပေ။
(၁၀၂၇)စစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာချုပ် ကျဆုံးပြီးနောက်ပိုင်းတွင် အခြားစစ်ဌာနချုပ်များ ဖြစ်သော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မြစ်ကြီးနား)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(အမ်း)၊ အလယ်ပိုင်းတိုင်းစ စ်ဌာနချုပ်(မန္တလေး) နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)တို့သည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်များကို ရင်ဆိုင်နေရသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပြည်သူ့စစ်စခန်းများနှင့် ထိန်းချုပ်နယ်မြေ အများစုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။ အာရက္ခတပ်တော်(AA)သည် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည် မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့များကို သိမ်းယူပြီးနောက် ယခုအခါ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ထိုးစစ်ဆင်လျက်ရှိပြီး စစ်စခန်းအချို့အား သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင်ရန် အလှမ်းဝေးလျက်ရှိနေသေးသော်လည်း စိုးမိုးနယ်မြေများသည် ယခင်ကထက်ပင် ခိုင်မာအားကောင်းလာသည်။ မြို့အချို့အား သိမ်းပိုက်ထားနိုင်ပြီး အခြားမြို့သိမ်းတိုက်ပွဲ ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိကြသည်။