အပ္ပမာဒဓမ္မရသမဂ္ဂဇင်း

  • Home
  • အပ္ပမာဒဓမ္မရသမဂ္ဂဇင်း

အပ္ပမာဒဓမ္မရသမဂ္ဂဇင်း This Page is the Magazine Page to share Knowledge about the Nature of our lifes.

အတ္တာဟိ အတ္တနော နာထော (အနာရှိသူ စပ်မယ့် စကား)-------မြတ်စွာဘုရားရဲ့ အဆုံးအမ ပါ။"အတ္တာဟိ အတ္တနော နာထော""မိမိကိုယ်သာ ကိုးက...
07/11/2024

အတ္တာဟိ အတ္တနော နာထော
(အနာရှိသူ စပ်မယ့် စကား)
-------

မြတ်စွာဘုရားရဲ့ အဆုံးအမ ပါ။
"အတ္တာဟိ အတ္တနော နာထော"
"မိမိကိုယ်သာ ကိုးကွယ်အားထားရာ" တဲ့။
နိဗ္ဗာန်တိုင်အောင် လမ်းညွှန်ပြတဲ့
အဆုံးအမ ဆောင်ပုဒ်ဖြစ်သလို
လူနေမှုဘဝအတွက်လည်း
အရေးကြီးတဲ့ အဆုံးအမပါပဲ။

ဒီအဆုံးအမစကားက အမြဲ ကြားနေရတော့
ရိုးများရိုးနေကြသလားပဲ။
တချို့က ကျင့်သုံးအားထုတ်စရာ
အဆုံးအမလို့ မမြင်ကြတော့ဘူး၊
ပြောရိုးပြောစဉ် ပြောဖို့အတွက်ရယ်၊
ကြားရိုးကြားစဉ် ကြားစရာအဖြစ်ရယ်ပဲ
ထင်ကြတော့တာ။

ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးတယ်၊
သူတစ်ပါးကို အားမကိုးဘူး၊ မမှီခိုဘူး ဆိုတာ
ကိုယ့်ရဲ့စိတ်ကို အဲဒီလို သဘောထားမျိုး ဖြစ်အောင် နေကြည့်ရင်
တကယ် နေလို့ကောင်းတာပါ။

မာန နဲ့ ဆတ်ဆတ်ထိမခံနိုင် ဖြစ်နေတာမျိုးလည်း မဟုတ်ဘဲ၊
တခြားသူတွေကို ကိုယ့်အတွက်ကြောင့် ဖြစ်လာမယ့် ဒုက္ခတွေ၊ အပူအပင်တွေကို မဖြစ်စေတာမျိုးပါ။

ကိုယ့်ရဲ့ဘဝကို ကိုယ် နိုင်ရာဝန်ထမ်းပြီး
ကိုယ်ရှာလို့ ရလာတဲ့ အကျိုးရလဒ်နဲ့ ရောင့်ရဲကျေနပ်ပြီး ကိုယ်တိုင်လည်း အပူကင်း၊ သူတစ်ပါးကိုလည်း အပူမပေးဘဲ ရှင်သန်နေထိုင်သွားရတာ ဘယ်လောက် ချမ်းသာငြိမ်းအေးတယ်ဆိုတာ
သတိထားနေကြည့်ရင် သိလာပါတယ်။

တချို့က ကိုယ့်အတ္တကို သိပ်ပြီး
ရှေ့တန်းတင်ကြတာပဲ။
ကိုယ့်အကျိုးရလဒ်အတွက်ပဲ ရှေးရှုပြီး
တခြားသူတွေကို ဒုက္ခအပူပေးဖို့ ဝန်မလေးကြတဲ့သူတွေ အများကြီး ရှိတယ်။

ဘဝမှာ ကိုယ့်သက်သာရာကိုပဲ
ရှာကြံနေတတ်ပြီး
သူတစ်ပါးကို အပူကပ်ဖို့၊
ရှေ့နောက်မကြည့်ဘဲ အကူအညီရယူဖို့အတွက်
အခွင့်အရေးကို အမြဲချောင်းနေတာမျိုးဟာ
လူတစ်ယောက်အတွက်
မဖြစ်သင့်တဲ့ သဘောထားပါပဲ။

လူတစ်ယောက်ဟာ
တခြားသူတွေရဲ့ အကူအညီကို
လိုအပ်လို့ ယူရတဲ့အခါတွေလည်း
ဘဝမှာ မကြာခဏ ကြုံတွေ့ရစမြဲပါ။
လိုအပ်လို့ ယူလိုက်ရတာမျိုးပဲ ဖြစ်သင့်တယ်၊
အားမနာတမ်း ရယူနေတာမျိုးကတော့
မဖြစ်သင့်တဲ့ ကိစ္စပါပဲ။

ဒါဟာ ကိုယ့်အရည်အချင်းကိုလည်း မျက်ကွယ်ပြုရာ ရောက်တယ်၊
ရောင့်ရဲတင်းတိမ်ခြင်းကင်းတဲ့
ကိုယ့်ရဲ့အတ္တလောဘကိုလည်း
မရှက်မကြောက် ထုတ်ဖော်ရာရောက်တယ်။

လောကမှာ
"အတ္တာဟိ အတ္တနော နာထော"
ရဲ့ အဓိပ္ပါယ် အနှစ်သာရဟာ
ဝီရိယရှိပြီး ရောင့်ရဲတတ်သူများအတွက်
အကောင်းဆုံး ဆောင်ပုဒ်ဖြစ်ပြီး၊
ဆန့်ကျင်ဘက်အရပ်က
အနာရှိသူများအတွက်တော့
စပ်ဖျင်းဖျင်း ဖြစ်စရာပဲ။

ဧရာငြိမ်းအေး
၇. ၁၁. ၂၀၁၇

ပရမတ်မည်သည် ပုံသဏ္ဌာန်မှ ကင်း၏* * * * * * * * *   သဗ္ဗေပိ ပရမတ္ထဓမ္မာနာမ သဗ္ဗသော သဏ္ဍာန -    ရဟိတာ ဟောန္တိ၊ အာကာရဝိကာရကိ...
02/11/2024

ပရမတ်မည်သည် ပုံသဏ္ဌာန်မှ ကင်း၏
* * * * * * * * *

သဗ္ဗေပိ ပရမတ္ထဓမ္မာနာမ သဗ္ဗသော သဏ္ဍာန -
ရဟိတာ ဟောန္တိ၊ အာကာရဝိကာရကိရိယမတ္တာဧဝ၊
အနုမတ္တေပိ သဏ္ဍာနေ ဒိဿမာနေ တသ္မိံ ဝတ္ထုသ္မိံ
အနေကာ ပရမတ္ထဓမ္မာ ပဝတ္တန္တိ။
(သုတ္တနိပါတ်အဋ္ဌကထာ)
အနက် - သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော၊ ပရမတ္ထ ဓမ္မာနာမ - ပရမတ်တရားတို့မည်သည်ကား၊ သဗ္ဗသော - အခြင်းခပ်သိမ်း၊ သဏ္ဌာနရဟိတာ - ပုံသဏ္ဏ္ဌာန်မှ ကင်းကုန်သည်၊ ဟောန္တိ - ဖြစ်ကုန်၏၊ အာကာရဝိကာရကိရိယမတ္တာဧဝ - အခြင်းအရာအမူအရာ ကြိယာသဘောမျှတို့သည်သာလျှင်တည်း၊ အနုမတ္တေပိ - အနုမြူမျှလည်းဖြစ်သော၊ သဏ္ဌာနေ - ပုံသဏ္ဌာန်သည်၊ ဒိဿမာနေ - ထင်မြင်သည်ရှိသော်၊ တသ္မိံ ဝတ္ထုသ္မိံ - ထိုအနုမြူမျှ အထည်ဒြဗ်ထင်သောဝတ္ထု၌၊ အနေကာ ပရမတ္ထဓမ္မာ - တပါးမက များလှစွာသော ပရမတ်တရားတို့သည်၊ ပဝတ္တန္တိ - ဖြစ်ကြကုန်၏။
အဓိပ္ပာယ်မှာ - ပရမတ်ဆိုတာ အမူအရာ ကြိယာမျှသာ ဖြစ်သောကြောင့် ပုံသဏ္ဌာန်မှ လုံးဝကင်း၏၊ သဏ္ဌာန်ဒြဗ်ဟူ၍ အနုမြူမျှမရှိ၊ ထို့ကြောင့် ဝေဘူဆရာတော်ကလည်း "အမူအရာ ကြိယာမျှဖြစ်သော တရိပ်ရိပ်နှင့် ထိမှုကိုသာလျှင် ရှု၍နေရမည်"ဟု မိန့်ဟတော်မူခြင်းဖြစ်သည်။
အထက်တွင် ရေးသားပြသခဲ့သည့်အတိုင်း ပရမတ် အနိစ္စအစစ်ကို အမှန်မြင်ရသော ဘင်္ဂဉာဏ်သို့ ရောက်သောအခါ မိမိ၏ ခန္ဓာကိုယ်ကြီးနှင့်တကွ အတွင်းအပ ရှိသမျှပစ္စည်း၊ သားသမီး၊ သားမယား၊ ဆွေမျိုးဉာတကာ အရာရာဟူသမျှတို့ကို ခင်မင်တွယ်တာ သာယာကင်းလျက် ၃၁ - ဘုံမှ လွတ်မြောက်လိုသောစိတ်မျိုး အလိုလို တိုးပွားများပြားလျက် လာလေတော့၏၊ လောကကြီးကို ပျင်းမုန်းငြီးငွေ့လျက် နေတော့၏၊ လောကကြီးမှ အလျင်အမြန် လွတ်မြောက်ရန် ဘယ်လိုလုပ်ရလျှင် ကောင်းမည်နည်းဟု ကြံစည်စိတ်ကူလျက် နေတတ်၏။
ထိုအခါတွင် တရားကို ကြိုးစားအားထုတ်လျက် တဆက်တည်း နေသွားခြင်းသည်သာလျှင် ကောင်းမြတ်ခြင်းပါပေတကားဟု အသိတရားတွေ ဝင်လာတတ်တော့၏၊ ဤအသိတရားမျိုး ဝင်လာစဉ်အခါ ဆရာသမား၊ သီတင်းသုံးဖော် အစရှိသော ကလျာဏမိတ္တများက အားတက်စရာ ဟောပြောပြသ၍ ပေးတတ်ပါလျှင် တဆက်တည်း ပေါက်မြောက်အောင် အားထုတ်၍ သွားတတ်ကြပေ၏။ ဤသို့ ဝိပဿနာ အစစ်တရားကို အမှန်မြင်လာသောအခါ လောကကြီးကို ပျင်းမုန်းငြီးငွေ့လျက် လောကကြီးမှ လွတ်မြောက်အောင်ဟု ဆက်၍ ရှုသွားလျှင် လွတ်မြောက်၍ သွားနိုင်ကြောင်း ကျမ်းဂန်တွင်လည်းရှိ၏။

နေမြဲ၊ ဖြစ်မြဲအတိုင်း အခြေအနေတွေကနေ ပြောင်းလဲဖောက်ပြန်သွားတဲ့အခါ စိတ်ရဲ့သဘောက တုန်လှုပ်တတ်စမြဲပါပဲ။ကောင်းတာပဲဖြစ်ဖြစ်၊ ဆ...
25/10/2024

နေမြဲ၊ ဖြစ်မြဲအတိုင်း အခြေအနေတွေကနေ ပြောင်းလဲဖောက်ပြန်သွားတဲ့အခါ စိတ်ရဲ့သဘောက တုန်လှုပ်တတ်စမြဲပါပဲ။
ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်
တုန်လှုပ်တာပဲ။ ပုံစံချင်းတော့ မတူဘူးပေါ့။

ကောင်းတာဆိုရင် ပျော်ရွှင်တက်ကြွပြီး
တုန်လှုပ်တာ။
ဆိုးတာကျတော့ ပိုအထိနာသလိုပါပဲ။
စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုတွေ၊
ဆန့်ကျင်တွန်းလှန်လိုတဲ့ မကျေနပ်မှု
ဒေါမနဿတရားတွေနဲ့ တုန်လှုပ်နေ
ရတတ်တယ်။

လူတွေမှာက ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့
ဒုက္ခတွေအပြင် အပိုဒုက္ခတွေပါ ကြုံလာရ
တော့ ထိခိုက်နစ်နာဆုံးရှုံးမှုဒဏ်ရာတွေ
ပိုများသွားရတယ်။
များသောအားဖြင့် ကြုံတွေ့ရတဲ့ အပိုဒုက္ခတွေဟာ လူတွေရဲ့ မသိမှုမောဟကြောင့် လွန်ကျူးလာကြတဲ့ လောဘ၊ ဒေါသတွေကြောင့် ဖြစ်လာရတာ။
တချို့က အတွေးဉာဏ်တွေ သိပ်အားကောင်းလွန်းတော့ အဲဒီဉာဏ်ကောင်းတွေနဲ့ ကမ္ဘာလောကကြီးကို အကျိုးပြုဖို့ထက် ကမ္ဘာလောကကြီးကို ဖျက်ဆီးဖို့ ပိုအားသန်သွားပါရော။
အတွေးဉာဏ်ကောင်းတာနဲ့အမျှ
ကိလေသာညာဉ်ကလည်း သိပ်များလွန်းသွားတယ်။

လောဘအားကြီးတယ်၊ မနာလို ဝန်တို
ဣဿာမစ္ဆရိယ သိပ်များလွန်းသွားတဲ့အခါမှာ အနိုင်ယူချင်စိတ်တွေ သိပ်များလာပြီး လူသားကမ္ဘာကို ဒုက္ခရောက်အောင်လုပ်တော့တာပဲ။
ပြီးရင်တော့ အခြားတစ်ပါးသူတွေရဲ့
အခက်အခဲကို ကိုယ့်အကျိုးအတွက်
အသာစီးရယူပြီး အနိုင်ပိုင်းချလိုက်တော့တာ။
သူတို့ကိုယ်သူတို့တော့ အောင်နိုင်သူအဖြစ် အချိန်အတိုင်းအတာတစ်ခုအထိဂုဏ်ယူနေနိုင်မလား။

တမင်ရည်ရွယ်ဖျက်ဆီးတာမဟုတ်ဘူး
ဆိုရင်တောင်မှ ကိုယ်စီ မဆင်ခြင်မှု၊
လွန်ကျူးသောင်းကျန်းမှုတွေကြောင့်ပဲ
ဆင့်ကဲဆင့်ကဲ ပျက်စီးကြရတာပါလေ။
လူတွေရဲ့ကိလေသာသောင်းကျန်းမှုတွေ
ကြောင့် ကမ္ဘာလောကကြီး ထိခိုက်ပျက်စီးရတယ် ဆိုတာကတော့ အမှန်တရားပဲ။
လူတွေ စည်းကမ်းဖောက်ဖျက်အကျင့်ပျက်ကြတဲ့အခါမှာ လောကကြီးကတန်ပြန်ဒဏ်ခတ်တာကို ခံကြရစမြဲပါပဲ။
ခံယူကြရပါမယ်။

အရှုံးထဲက အမြတ်အဖြစ် သင်ခန်းစာတွေ
ယူကြရတယ်။
မှန်ကန်တဲ့အသိအမြင်တွေရအောင် ကြိုးစားရတယ်။
ကိုယ်ကျင့်တရားတွေကို ပိုပြီး စောင့်ထိန်းကြရတယ်။
အသိတရားတွေ အဆင့်မြင်လာဖို့အတွက် ဘဝတွေကို စတေးရတဲ့ အခိုက်အတန့်‌လို့ နှလုံးသွင်းဆင်ခြင်ပြီး ကိုယ်စီ ကိုယ်စီ အသိဉာဏ်တွေ တိုးတက်ဖို့ ကြိုးစားကြရပါမယ်။

ချမ်းမြေ့သာယာရှိကြပါစေ။

ဧရာငြိမ်းအေး
၂၈ .၃. ၂၀၂၀

(ကမ္ဘာမှာ COVID-19 ရောဂါပိုးတွေ ဖြစ်ပွားခါစအချိန်အခါက ရေးခဲ့ဖူးတဲ့ စာစုလေးပါ။)

နာမ်တရားကို အာရုံပြုလို့ရော မရဘူးလား။ တကယ်သဘောပေါက်လာပြီဆိုရင် နာမ်တရားကို အာရုံလို့ သဘောထားလို့ရတယ်။ တကယ် သဘောပေါက်လာရင...
11/10/2024

နာမ်တရားကို အာရုံပြုလို့ရော မရဘူးလား။ တကယ်သဘောပေါက်လာပြီဆိုရင် နာမ်တရားကို အာရုံလို့ သဘောထားလို့ရတယ်။ တကယ် သဘောပေါက်လာရင် အတွေးကိုရှုရင်းရှုရင်းနဲ့ သတိ၊ သမာဓိ၊ ဉာဏ်ဖြစ်နိုင်တယ်။ အတွေးကိုရှုရင်းနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတွေကိုပါ သဘောပေါက်လာနိုင်တယ်။ မလာနိုင်ဘူးလား၊ လာနိုင်တယ်နော်။ ရှုတတ်ရင်ပြောတာနော်။ အခုဟာက မရှုတတ်တော့ လာကတည်းက ငြိမ်ချင်နေတာ။သိထားတာက တရားအားထုတ်ရင် စိတ်ငြိမ်ရမယ်၊ တရားအားထုတ်ရင် စူးစိုက်ငြိမ်နေတာမှ တရားကောင်းတယ်လို့ထင်နေတော့ ငြိမ်ပဲငြိမ်ချင်နေတယ်။ အတွေးတွေများတော့ မငြိမ်ဘူး။ ငြိမ်တာကိုကြိုက်တဲ့သူက အတွေးတွေများတော့ မငြိမ်တော့ အတွေးကို မကြိုက်တော့ဘူး။ အဲဒီအခါ အတွေးကို မကောင်းဘူးလို့သတ်မှတ်လိုက်ကြတယ်။ နားလည်ပြီလား။ အတွေးကကောင်းလား၊ မကောင်းဘူးလား။ ကောင်းတာလည်း မဟုတ်ဘူး၊ မကောင်းတာလည်း မဟုတ်ဘူး။အတွေးဆိုတာ သဘာဝတရားတစ်ခုပဲ။ ဒါဟာ စိတ်ပဲ၊ နာမ်တရားပဲ၊ ပြဿနာမဟုတ်ဘူး။ အဲဒီတော့ အတွေးနဲ့ ရန်မဖြစ်ပါနဲ့။ တွေးတိုင်း တွေးတိုင်း သိလို့မရဘူးလား။သိနေရမှာနော်။ သိ-သိပေးနေရမှာနော်။
ဇာတ်လမ်းထဲကို မျောမသွားနဲ့နော်။ အတွေးပေါ်နေပါလားလို့ သိပေးရင် တော်ပြီ။ ရမလား။ တွေးရင်တွေးမှန်းသိလိုက်၊ သိပြီးရင် ဆက်မကြည့်နဲ့တော့။ နှာသီးဝကိုပဲ ပြန်လာရင် ပြန်လာ၊ ချည်တိုင်ကိုပဲ ပြန်လာရင် ပြန်လာပေါ့။ အဓိကက အတွေးနဲ့ ရန်မဖြစ်ပါနဲ့။ အတွေးနည်းတာနဲ့ အတွေးများတာတွေဟာ ကောင်းတာလည်း မဟုတ်ဘူး၊ မကောင်းတာလည်း မဟုတ်ဘူး။ နည်းရင် နည်းမှန်းသိ၊ များရင် များမှန်းသိ၊ ကိုယ့်အလုပ်က သိပေးဖို့ပဲ။ နည်းတာ၊ များတာ ကိုယ်နဲ့ဆိုင်လား။ မဆိုင်ဘူးနော်။ ထားလိုက်ပါ။ သူ ဖြစ်ချင်ရာဖြစ်ပေစေတော့။ ကိုယ်လုပ်ရမှာက ဖြစ်ရင် ဖြစ်တဲ့အတိုင်း သိပေးရုံပဲ။ သိ-သိပေးရုံပဲ။ အသိကို ဆက်တိုက်ဆက်တိုက် သိနေအောင် ကြိုးစားရုံပဲ။
ဝိပဿနာတရား အားထုတ်တဲ့ အယူအဆဟာ ဘယ်လောက်ရိုးသလဲဆိုရင် ရှင်းရှင်းလေးပဲ။ ငြိမ်ရင် ငြိမ်မှန်း သိပါတဲ့။ ငြိမ်အောင် မလုပ်ပါနဲ့။ ငြိမ်အောင် လုပ်ခိုင်းတာ မပါဘူးနော်။ သိအောင်ပဲ လုပ်ခိုင်းတာ၊ ငြိမ်ရင်လည်း ငြိမ်မှန်းသိ၊ မငြိမ်ရင်လည်း မငြိမ်မှန်း သိခိုင်းတာ။ ငြိမ်အောင် လုပ်ခိုင်းတာမဟုတ်ဘူး။ အသိက ဆက်တိုက် ဆက်တိုက် သိနေရင်ရပြီ။ အဲဒါဆိုရင် ဘာအတင်းအားစိုက်စရာလိုသေးလဲ။ မလိုဘူးနော်။ မငြိမ်တာနဲ့ သူက တရားအားထုတ်လို့ မရတော့ဘူး။ ငြိမ်အောင်လုပ်တယ်။ အတင်း အားတွေစိုက်ရတယ်။ ပြဿနာတက်ပြီပေါ့။ ဒါကြောင့် အဓိကက ငြိမ်ရင် ငြိမ်မှန်းသိ၊ မငြိမ်ရင် မငြိမ်မှန်းသိ၊ ရိုးရိုး‌လေးပဲ။ အသိကိုတော့ ဆက်တိုက် ဆက်တိုက် သိနေအောင် ကြိုးစားရတယ်။ ဖြစ်နေတဲ့ ငြိမ်တာ၊ မငြိမ်တာက ကိုယ်နဲ့မဆိုင်ဘူးနော်။ သိနေတာကပဲ ကိုယ်နဲ့ဆိုင်တာ။

အရှင်တေဇနိယ(ရွှေဥမင်)

အနိစ္စသညိနော မေဃိယ အနတ္တ -   သညာ သဏ္ဌာတိ - ဟူ၍ ဖြစ်၏။အနက်မှာ -    မေဃိယ - ချစ်သားမေဃိယ၊ အနိစ္စသညိနော - အနိစ္စသညာ ထင်လာသည...
02/10/2024

အနိစ္စသညိနော မေဃိယ အနတ္တ -
သညာ သဏ္ဌာတိ - ဟူ၍ ဖြစ်၏။

အနက်မှာ -
မေဃိယ - ချစ်သားမေဃိယ၊ အနိစ္စသညိနော - အနိစ္စသညာ ထင်လာသည်ရှိသော်၊ အနတ္တသညာ - အနတ္တဟုထင်လာမှုသည်၊ သဏ္ဌာတိ - အလိုလိုတည်လာ၏။

အဓိပ္ပာယ်မှာ -
အနိစ္စကို မြင်လာလျှင် အနတ္တမှာ အလိုလို ထင်လာ၏ - ဟူ၍ ဖြစ်၏။
ထင်လာပုံမှာ - လက်ဦးအစ ဥဒယဗ္ဗယဉာဏ်၌ ဖြစ်ပျက်မှုတို့သည် သူ့သဘော သူဆောင်၍ ဖြစ်ပျက်နေကြရသဖြင့် အဝသဝတ္တန သဘောတည်းဟူသော အစိုးမရမှု - အနတ္တသည် ဝိပဿနာယောဂီ၏ဉာဏ်၌ အလိုလိုတည်လာ၏။ ထို့နောက် ဖြစ်ပျက်မှုတွေ အားကြီးရုံမျှမက အပျက်တွေကိုချည်း မြင်တွေ့ရသော ဘင်္ဂဉာဏ်သို့ ကောင်းစွာ ရောက်သောအခါ အပျက်တွေကိုချည်း မြင်ရသဖြင့် တစ်စုံတစ်ရာ ပုံသဏ္ဌာန်တည်းဟူသော ပညတ်နိမိတ်တို့ကို အလျှဉ်းမတွေ့ရတော့ပေ။
ပညတ်နိမိတ်ကို အနည်းငယ်မျှ မတွေ့ရသောအခါ ကိုယ်အင်္ဂါအစိတ်အပိုင်း တည်းဟူသော ၃၂-ကောဋ္ဌာသတို့သည် အလျှဉ်းမရှိ၊ ကင်းသုဉ်း၍ နေတော့၏။ ဤသို့ ပညတ်နိမိတ်ဟူက အနုမြူမျှ မတွေ့ရတော့ဘဲ ထိတွေ့မှု ပရမတ် အမူအရာ ကြိယာသဘောမျှတို့ကိုသာ ရှုမြင်လျက် နေရခြင်းကို သုညတသဘောဖြစ်သော အနတ္တ - ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်၊ ယောက်ျား၊ မိန်းမ၊ လူနတ်၊ ဗြဟ္မာ သတ္တဝါမဟုတ်၊ အပုံအစု ကြီးငယ် တိုရှည် အထည်ဒြပ် အစရှိသော အစုအပုံ သဏ္ဌာန် သန္တတိ ဃန ဟူက မြူမျှမရှိပါတကား ဟူသော သုညတ အနတ္တ ဉာဏ်အမြင်ကို ဝိပဿနာယောဂီသည် အလိုလို သိနားလည်၍ လာတော့၏။
ဤသို့ ဝိပဿနာရှုရင်း အလိုလိုသိ၍ လာတတ်သောကြောင့် ဝေဘူဆရာတော်ကြီးက "ထွေလီကာလီတွေကို လိုက်၍ လုပ်မနေနှင့်၊ ဖြစ်ပျက်ကိုသာလျှင် ရှုနေ၊ သူ့နေရာကျလျှင် သူ့ဘာသာသူ မြင်သင့်မြင်ထိုက်တာတွေကို မြင်၍ တွေ့၍ လာရလိမ့်မည်"ဟု မိန့်မြွက်တော်မူခြင်းဖြစ်၏။
သုညတ အနတ္တကို ထင်သောအခါ အဘယ်ကြောင့် သဏ္ဌာန သန္တတိ အစရှိသော ဃန ဟူက မြူမျှမရှိရသနည်းဟူမူ ပရမတ်ဖြစ်သော အမူအရာ ကြိယာသဘောသက်သက်ကိုချည်း တွေ့၍ နေရသောကြောင့်ဟူ၍ ဖြေရမည်။ အဘယ်ကြောင့်ဆိုသော် ကျမ်းဂန်တွင် "ပရမတ်ဟူက အနုမြူမျှ ပုံသဏ္ဌာန်ဟူ၍ မရှိ" ဟု မိန့်ဆိုပါရှိသောကြောင့်ဖြစ်၏။

တရားအားထုတ်တဲ့အခါမှာ ပြဿနာရှိတာက အတွေးပဲ။ အတွေးရယ်၊ အသံရယ်၊ နာကျင်တာ pain ရယ်။ အဲဒီသုံးခုနဲ့ ယောဂီတွေ နပန်းလုံးနေတာပဲ။ အ...
25/09/2024

တရားအားထုတ်တဲ့အခါမှာ ပြဿနာရှိတာက အတွေးပဲ။ အတွေးရယ်၊ အသံရယ်၊ နာကျင်တာ pain ရယ်။ အဲဒီသုံးခုနဲ့ ယောဂီတွေ နပန်းလုံးနေတာပဲ။ အဲဒီသုံးခုနဲ့ ရန်ဖြစ်နေတာ။ တရားအားထုတ်ရင် ရန်ဖြစ်မှာလား။ တရားအားထုတ်မှာလား။ ထိုင်ပြီးရန်ဖြစ်နေတာလေ။ အတွေးတွေနဲ့ ရန်ဖြစ်နေတာ။ ထိုင်လိုက်ပြီ၊ သတိထားပြီဆိုရင် အတွေးတွေ ပေါ်မလာဘူးလား။ အဲဒီအတွေးကို ပြဿနာမရှာဘူးလား။ တရားအားထုတ်ရင် တရားထိုင်တဲ့အခါ အတွေးတွေရှိတာကောင်းလား၊ မရှိတာကောင်းလား။ မရှိတာကောင်းတဲ့သူက ထိုင်ပြီဆိုရင် စိတ်ညစ်ပြီသာ မှတ်ပေတော့။ ဘာလို့တုံးဆိုတော့ တရားထိုင်တာနဲ့ အတွေးတွေက ပေါ်တော့မှာလေ။
အတွေးနဲ့ပတ်သက်လို့လည်း အယူအဆသဘောထား မှန်မှန်ထားရတယ်။ ကြားဖူးနားဝရှိမှ နည်းနည်းသိရမယ်။ အတွေးက ကောင်းလား၊ မကောင်းဘူးလား။ အတွေးကဘာလဲ၊ အတွေးက 'စိတ်'လေ။ တရားအားထုတ်ချင်တာ ရုပ်အကြောင်း၊ စိတ်အကြောင်း သိချင်တာ မဟုတ်ဘူးလား။ အတွေးက စိတ်လေ။ စိတ်အကြောင်းသိချင်တယ်ဆို စိတ်အကြောင်းသိအောင်လုပ်ပေါ့။ ဘာလို့ မကောင်းဘူးလို့ လုပ်နေတာလဲ။ အတွေးအပေါ်မှာ အယူအဆမှန်မှန်ထား။ အတွေးက မကောင်းတာ မဟုတ်ဘူး။ အတွေးဆိုတာ သဘာဝတရားတစ်ခုပဲဖြစ်တယ်။စိတ်ကို definition (အဓိပ္ပာယ်) ဖွင့်ထားတာရှိတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဘာလဲဆိုတော့ သဘောတရားတစ်ခု ရှိတယ်တဲ့။ ဒီသဘောတရားက တွေးတတ်တယ်တဲ့။ အဲဒါ ဘာလို့ခေါ်လဲ။ 'စိတ်'လို့ခေါ်တယ်တဲ့။ စိတ်ဆိုရင် တွေးမှာပဲ။ အတွေးနဲ့ ရန်ဖြစ်ပြီဆိုကတည်းက တရားအားထုတ်လို့ မရတော့ဘူး။
တရားအားထုတ်တယ်ဆိုတာ ရုပ်တရား၊ နာမ်တရားကို ရှုရတာလေ။ စိတ်ထဲမှာ အတွေးပေါ်တဲ့အတွက် အတွေးဆိုတဲ့ နာမ်တရားကို ရှုရမှာလေ။အခုဟာ အတွေးကို လျှောက်ဖျက်နေတယ်။ အဲဒါ ဘာကြောင့်လဲဆို အတွေးကို မကောင်းဘူး သတ်မှတ်ထားလို့ပဲ။ အဲတော့ အဲဒီသတ်မှတ်ချက်က မှားနေတယ်။ အယူအဆပြောင်းလိုက်ပါ။ အတွေးဟာ ကောင်းတာလည်းမဟုတ်ဘူး၊ မကောင်းတာလည်း မဟုတ်ဘူး။ သဘာဝတရားတစ်ခုပဲ။ တရားထိုင်တာနဲ့ သတိထားလိုက်တာနဲ့ အတွေးတွေပေါ်နေတာ တွေ့လိမ့်မယ်။ ဒါသဘာဝပဲ။ သိကိုသိရမယ့်တရားပဲ။ တွေးရင်တွေးမှန်းသိရမယ်။ဆက်တွေးခိုင်းတာမဟုတ်ဘူးနော်။ ခုဟာအတွေးကို သိလိုက်တာနဲ့ အတွေးထဲ မျောပါသွားရော။ ဆက်တွေးနေရော။ဘာမှမသိတော့ဘူး။
အရေးကြီးဆုံးအချက်က အတွေးနဲ့ရန်မဖြစ်ပါနဲ့။ အတွေးပေါ်မှာ ဒေါသမဖြစ်ပါနဲ့။ အပြင်မှာ တသက်လုံး တွေးချင်သလိုတွေးပြီး နေလာခဲ့တာလေ။ အခုမှ ရိပ်သာရောက်လို့ မတွေးနဲ့လို့ ပြောလို့ရမလား။ တွေးလက်စအရှိန်ရှိနေတယ်နော်။ အတွေးကိုရပ်အောင် လုပ်ရမှာလည်းမဟုတ်ဘူး။ အတွေးကို အာရုံလို့သဘောထားပြီး သိ-သိပေးရမှာ။ အတွေးကိုအကြောင်းပြုပြီးတော့ သတိ၊ သမာဓိ၊ ဉာဏ်ဖြစ်အောင်လုပ်ရမှာ။။ လုပ်လို့ရတယ်နော်။ ဒါဆိုရင် တရားအားထုတ်တဲ့သဘောကို သိပြီလား။

အရှင်တေဇနိယ(ရွှေဥမင်)

လူ(၄)မျိုး------------(၁) ယုံကြည်ရန် လွယ်ကူ၍ အမှန်တရားကို မရှာဖွေတတ်သူ(၂) ယုံကြည်လွယ်သည့်တိုင်အမှန်တရားကို ရှာဖွေတတ်သူ(၃...
21/09/2024

လူ(၄)မျိုး
------------

(၁) ယုံကြည်ရန် လွယ်ကူ၍
အမှန်တရားကို မရှာဖွေတတ်သူ

(၂) ယုံကြည်လွယ်သည့်တိုင်
အမှန်တရားကို ရှာဖွေတတ်သူ

(၃) ယုံကြည်ရန် မလွယ်ကူသော်လည်း
အမှန်တရားကို မရှာဖွေတတ်သူ

(၄) ယုံကြည်ရန် မလွယ်ကူသည့်တိုင်
ယုံကြည်ရာ အမှန်တရားကို ရှာဖွေတတ်သူ

အဲဒီထဲက ကိုယ်ဟာ
ယုံကြည်လွယ်သူပဲဖြစ်ဖြစ်၊
လွယ်လွယ်မယုံကြည်တတ်သူပဲဖြစ်ဖြစ်၊
အဓိက လိုရင်းက
ယုံကြည်ရာ အမှန်တရားကို
ကိုယ်တိုင်ရှာဖွေတတ်ဖို့ပါ။

ဝိပဿနာဝိဂြိုဟ်********       ပညတ္တိံ ဌပေတွာ အနိစ္စာဒိအာကာ       ရေန ဝိဝိဓံ ပဿတီတိ ဝိပဿနာ။အနက် - ပညတ္တိံ - ပညတ်အာရုံကို၊ ...
19/09/2024

ဝိပဿနာဝိဂြိုဟ်
********

ပညတ္တိံ ဌပေတွာ အနိစ္စာဒိအာကာ
ရေန ဝိဝိဓံ ပဿတီတိ ဝိပဿနာ။

အနက် -
ပညတ္တိံ - ပညတ်အာရုံကို၊ ဌပေတွာ - ကြဉ်ထား၍၊ ဝါ - ဂရုမစိုက်ဘဲ ဥပေက္ခာပြုလျက်၊ အနိစ္စာဒိအာကာရေန - ပရမတ္ထသဘာဝဖြစ်သော အနိစ္စ စသည်တို့၏ အခြင်းအရာအားဖြင့်၊ ဝိဝိဓံ - အထူးထူးအပြားပြား၊ ပဿတိ - ရှုမှတ်၏၊ ဣတိတသမ္မာ - ထို့ကြောင့်၊ ဝိပဿနာ - ဝိပဿနာမည်၏။

အဓိပ္ပာယ်မှာ -
ဝိပဿနာအစစ်ဆိုတာ ပရမတ္ထသဘာဝဖြစ်သော ကြိယာ အမူအရာမျှတို့၏ ပစ္စုပ္ပန် မျက်မှောက်၌ ဖြစ်ပျက်နေမှု အစရှိသည်တို့ကိုသာလျှင် ရှုကြည့်၍ နေခြင်းကိုသာ ဝိပဿနာအစစ်ဖြစ်သည်ဟူ၍ ဖြစ်၏။
ထို့ကြောင့် ဝင်လေ၊ ထွက်လေတို့ဖြင့် တရိပ်ရိပ်နှင့်ထိလျက်နေမှုကိုသာလျှင် အထူးဂရုစိုက်လျက် ရှုပါလေ၊ ထိုမှတပါးလွဲ၍ ဘာကိုမျှ ဂရုမစိုက်ပါနှင့်။
ဤသို့ ထွက်လေ၊ ဝင်လေတို့ဖြင့် ထိထိနေသော တရိပ်ရိပ်နှင့် ထိမှုကလေးတွေကို ရှုနေခြင်းသည် အလေ့အကျင့်များ၍လာသည်ရှိသော် နှာသီးဖျားတွင် ထွက်လေ၊ ဝင်လေတို့ဖြင့် ထိ၍သိရသော အသိမျိုးထက်ပို၍ ထွက်လေ၊ ဝင်လေ မထိနိုင်သော ခန္ဓာကိုယ်တစ်နေရာရာ၌လည်း ရေပွက်ကလေးတွေ၊ မိုးရေပေါက်ကလေးတွေ၊ နှင်းပေါက်ကလေးတွေ၊ အပ်ဖျားကလေးတွေတို့နှင့် ထိတွေ့ရသကဲ့သို့လည်း ထိုက်သင့်သလိုတွေး၍ လာရတတ်၏။ ထိုသို့သော ထိတွေ့မှု ကြိယာသဘောကလေးတွေသည်လည်း ပရမတ်ရုပ်သဘောကလေးတွေပင်ဖြစ်သောကြောင့် ရှုလိုလျှင် ရှုကြည့်နိုင်သည်။
သို့ရာတွင် အတွေ့နည်းသောအခါ နှာသီးဖျား၌တွေ့သော ထိတွေ့မှုကိုသာလျှင် ဆက်၍ရှုတာက သာ၍ကောင်း၏။ သမာဓိအားကောင်းလာလျှင်မူကား ခန္ဓာကိုယ်တွင် ထိတွေ့မှုတို့သည် များ၍လာသောအခါ များသောနေရာတွင် လိုက်၍ရှုလိုလျှင် ရှုနိုင်၏။ လိုက်၍ရှုသောအခါ ပို၍လည်း များများတွေ့လာတတ်၏။ လျော့နည်း၍လည်း ပျောက်ပျက်သွားတတ်၏။ ပို၍တွေ့လျှင် ဆက်၍သာ ရှုပါလေ၊ လျော့နည်းပျောက်ပျက်၍ သွားပါလျှင်မူကား မူလရှုရင်းစွဲဖြစ်သော နှာသီးဖျားတွင် ပြန်၍ရှုပါလေ။
ဤအလုပ်သည် လုပ်လိုသောသူများအဖို့၌ အားလပ်ခွင့်မရသောသူများပင် တစ်နေ့လျှင် အိပ်ရာဝင်၊ အိပ်ရာထ၊ တရေးနိုးကာလတို့၌ အားထုတ်မည်ဆိုပါက တစ်နေ့ဖြစ်သော ၂၄-နာရီတွင် ယုတ်စွအဆုံး ၂-နာရီ အားထုတ်ခွင့်ရနိုင်ပါသည်။ ကယားပြည်၊ လွိုင်ကော်မြို့ အသောကာရာမ ဝိပဿနာတိုက် ဗုဒ္ဓသာသနာ့အဖွဲချုပ် ပဋိပတ္တိဌာန၌ ကယားပြည်နယ်သူ/နယ်သားများမှာ နေ့အခါ ပရိယေသနကိစ္စကို ဆောင်ရွက်ရ၍ ညရောက်သည့်အခါမှ တစ်ညလျှင် တစ်နာရီ၊ နှစ်နာရီကျစီ အားထုတ်ကြရာ အပါယ်ကို စိတ်ချရလောက်အောင် အောင်မြင်သွားသော ယောဂီများ အတော်ပင်များကြပါသည်။
သို့အတွက် အားလပ်ခွင့်မရသောသူများမှာ တစ်နေ့လျှင် တစ်နာရီ၊ နှစ်နာရီကျစီ၊ အားလပ်သောနေ့တွင် တစ်နေ့လုံး ရက်ဆက် အားလပ်ခွင့်ရလျှင် နေ့ရောညပါ ဆက်လက်၍ အားထုတ်ကြပါရန် စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသတည်း။
အထက်တွင် ရေးသားချက်များအတိုင်း လိုလိုချင်ချင်နှင့် အဓိပတိတပ်သောဆန္ဒဖြင့် အားထုတ်ကြမည်ဆိုလျှင် နှာသီးဖျားမှစ၍ ခန္ဓာကိုယ်တကိုယ်လုံး အတွင်းရော အပြင်ပါ အပ်ဖျားတစ်ခုစာမျှမကျန်ဘဲ ထိတွေ့ဖြစ်ပျက်မှုတွေကို တတွေ့တည်းတွေ့၍ နေရပါလိမ့်မည်။ ဤသို့ ဖြစ်ပျက်နေမှုတွေကိုချည်း တွေ့လျက်နေရသောအခါ ဝိပဿနာယောဂီသည် ဖြစ်ပျက်မှုမှလွဲ၍ အခြားဘာကိုမျှ မတွေ့မသိရတော့ဘဲနေလိမ့်မည်။
ထိုအခါ ဖြစ်ပျက်မှုကို သိနေရုံမှတပါး အခြားတစ်စုံတစ်ရာ ဘာကိုမျှ တွေးတောခြင်း၊ ကြံစည်ခြင်း မဖြစ်နိုင်၊ မပြုနိုင်တော့ပေ။ ခန္ဓာကိုယ်ကြီးနှင့်တကွ ဦးခေါင်း၊ ခြေ၊ လက် အစရှိသည့် ၃၂-ကောဋ္ဌာသ ဟူသရွေ့ကိုလည်း မတွေ့ရ၊ မသိရတော့ပေ။ ထို့ကြောင့် "အနိစ္စမြင်မှ သန္တတိပျောက်သည်။ အနိစ္စကို မမြင်လျှင် သန္တတိ မပျောက်နိုင်"ဟု ပညာရှိများ ဆိုရိုးပြုကြခြင်းဖြစ်သည်။ ကျမ်းဂန်တွင်လည်း "အနိစ္စမြင်လျှင် အနတ္တထင်"ဟူ၍ ပါဠိတော်၌ ရှိပေသည်။

ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမဒေသနာတော်တွေကိုလက်လှမ်းမီသမျှလေ့လာပြီး လက်တွေ့ကျင့်သုံးဖို့ တကယ်အရေးကြီးလှပါတယ်အနည်းအကျဥ်းသောအဆု...
14/09/2024

ဗုဒ္ဓဘုရားရှင်ရဲ့အဆုံးအမဒေသနာတော်တွေကို
လက်လှမ်းမီသမျှလေ့လာပြီး လက်တွေ့ကျင့်သုံးဖို့ တကယ်အရေးကြီးလှပါတယ်
အနည်းအကျဥ်းသောအဆုံးအမလေးလောက်
ကြားဖူးသိဖူးရုံနဲ့ ဗုဒ္ဓဘာသာက ဘယ်လိုဖြစ်တယ် ဘာညာဆိုပြီး ဝါးလုံးသိမ်းဝေဖန်ပုတ်ခတ်စော်ကားနေတာတွေ မြင်တွေ့ကြားသိနေရတာ
အတော်စိတ်မချမ်းမြေ့စရာပါပဲ

တကယ်တော့ ဘုရားရှင်ရဲ့ အဆုံးအမတွေက
သုတ် ဝိနည်း အဘိဓမ္မာ ဆိုပြီး တူရာစုဖွဲ့ထားတဲ့
ပိဋကသုံးပုံမှာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ရှိနေတာ
အဲ့ဒီတရားတော်တွေကလည်း သူ့နေရာနဲ့သူ အကြောင်းခြင်းရာအလိုက် သုတ္တန်ကိုအသားပေးဟောတာ ဝိနည်းကိုအသားပေးဟောတာ အဘိဓမ္မာကိုအသားပေးပြီး ဟောကြားထားတာမျိုး ရှိတယ်

တစ်နေရာမှာ ကံကိုအသားပေးပြီး ဟောဖို့အကြောင်းမှန်ရှိလို့ ဟောထားတယ်
အဲ့ဒီလိုပဲ ဉာဏ်ပညာတို့ ဝီရိယတို့ကို အလေးထားဟောဖို့အကြောင်းရှိရင် ဟောတယ်
ဒါကို ပိုင်းခြားမသိနိုင်တဲ့အခါ ကံအသားပေးဟောတဲ့တရားကို နာဖူးရုံမျှနဲ့ လှေနံဓားထစ်ပြီး ဘုရားက ကံသတ်သတ်ကို ဇောင်းတင်ဟောတယ်
အတိတ်ကံနဲ့ ဂျင်းထည့်တယ်လို့ ဝေဖန်နေတာမျိုးကျတော့ ကိုယ့်အမြင် မပြည့်စုံတာက ရှက်စရာဖြစ်ရတာပေါ့

ဒီသဘောတွေကို ဆင်ခြင်နိုင်တဲ့ဉာဏ်ရဖို့ဆိုတာကလည်း ဓမ္မက္ခန္ဓာတွေကို များနိုင်သမျှများများ လေ့လာသင်ယူထားဖို့လိုပါတယ်
သာမန်လူတွေအတွက် ဗုဒ္ဓစာပေကို သင်ယူဖို့ဆိုတာ အများစုက အခွင့်အရေးနည်းပါးပါတယ်
သာမန်လူတစ်ယောက်အတွက်ကတော့ ဗုဒ္ဓတရားတော်တွေကို တတ်စွမ်းနိုင်သမျှ ဖတ်ရှုဖို့ နာယူဖို့ နည်းလမ်းတွေကနေ ဖြည့်ဆည်းယူရမှာပဲပေါ့

တရားအသိနဲ့တရားအကျင့်ကို တပြိုင်နက်တည်း
တွဲရနိုင်ဖို့ဆိုရင် တရားရိပ်သာဝင်တာမျိုးတွေလည်း လုပ်ရပါတယ်
အဲ့လို စိတ်ဝင်တစားနဲ့ အချိန်ပေးလေ့လာအားထုတ်မှလည်း မှန်ကန်တဲ့အမြင်၊ အတွေး၊ အားထုတ်မှု၊ အမှတ်ထားမှု၊ စူးစိုက်မှုတွေ ရှိလာမှာပါ
အဲ့ဒီသမ္မာမဂ္ဂင်ငါးပါးအကျင့်ကိုဖြည့်ကျင့်အားထုတ်ရင်းမှ အဆုံးအမတရားတွေအပေါ်မှာ သဒ္ဓါနဲ့ပညာမျှပြီး ဆင်ခြင်ဉာဏ်အားနဲ့ သိမြင်နိုင်စွမ်းရှိလာမှာပါ

အဲ့ဒီလို အစွန်းမထွက်တော့တဲ့ အသိအမြင်မျိုး
ကိုယ့်သန္တာန်မှာ ပြည့်စုံလာမှလည်း ဗုဒ္ဓအဆုံးအမပေါ်မှာ ယုံကြည်မှု ခိုင်မြဲလာတာ

သဒ္ဓါအားနဲ့ယုံလာတော့မှ ဉာဏ်ပညာအားကလည်း ကြည်လင်လာတာ ဝမ်းမြောက်လာတာ
စိတ်ချမ်းသာလာတာ
အဲ့လိုမှမဟုတ်ရင်တော့ တဖက်သတ်အစွန်းထွက်နေတဲ့ ပညာစွန်းဘက် အားသန်ပြီး မယုံမကြည်ဖြစ်နေတတ်တယ်

အချုပ်ပြောရရင်တော့ ဗုဒ္ဓအဆုံးအမကိုချဥ်းကပ်တဲ့အခါ အမှန်တရားကို ရှေးရှုတဲ့ ဦးတည်ချက်ထားပြီး လေ့လာရမယ် ကျင့်သုံးရမယ်
ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်နေတဲ့ ပညာအစွန်းဘက်ရပ်ပြီး ဗုဒ္ဓနဲ့ ဗုဒ္ဓရဲ့တရားတော်တွေကို ဝေဖန်လေကန်ရုံသတ်သတ်ဆိုရင်တော့ သဒ္ဓါစွန်းဘက်ကလွတ်ထွက်သွားတာမို့ အကျိုးမဲ့ လမ်းချော်သွားပါလိမ့်မယ်
ရခဲလှတဲ့လူ့ဘဝမှာ အမှန်မြင်အောင် အမှန်သိအောင် ကြိုးစားအားထုတ်ပြီး လွတ်မြောက်မှု အစစ်အမှန်ကို ရယူနိုင်ဖို့ အရေးကြီးလှပါတယ်

ကိလေသာကင်းစင်တော်မူတဲ့ ဘုရားရှင်အပေါ်
ကိုယ့်မှာရှိနေတဲ့ ကိလေသာတွေတန်းလန်းနဲ့
မထေမဲ့မြင်လုပ်ပြီး ဝေဖန်ပုတ်ခတ်နေတာ
သရော်စော်ကားနေတာမျိုးဟာ အင်မတန်
သနားစရာကောင်းတဲ့ အနေအထားကြီးမှာ ကိုယ်တိုင်ရောက်နေရတဲ့အဖြစ်ဆိုတာကို အချိန်အခါမလင့်ခင် သိမြင်ဆင်ခြင်နိုင်ကြပါစေလို့ စိတ်ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်...

သတ္တဝါအားလုံး တရားအစစ်အမှန်ကို
တွေ့ မြင်ပြီး ချမ်းမြေ့သာယာရှိကြပါစေ..
🙏🙏🙏

ဧရာငြိမ်းအေး
Sep 14, 2023

ထိုင်တဲ့အခါကျရင် ကြိုက်တဲ့အာရုံယူပါ။ ဝင်လေ၊ ထွက်လေလည်း ရတယ်။ ဖောင်းတယ်၊ ပိန်တယ်လည်း ရတယ်။ ငယ်ထိပ်လည်း ရတယ်။ ရင်ချိုင့်လည...
10/09/2024

ထိုင်တဲ့အခါကျရင် ကြိုက်တဲ့အာရုံယူပါ။ ဝင်လေ၊ ထွက်လေလည်း ရတယ်။ ဖောင်းတယ်၊ ပိန်တယ်လည်း ရတယ်။ ငယ်ထိပ်လည်း ရတယ်။ ရင်ချိုင့်လည်း ရတယ်။ ဘယ်အာရုံယူယူ အတူတူပဲ။ ဝင်လေ၊ ထွက်လေ နဲ့ ဖောင်းတာ၊ ပိန်တာ ဘယ်အာရုံက ပိုကောင်းတယ်ထင်လဲ။ ပိုကောင်းတဲ့အာရုံဆိုတာ မရှိဘူး။ အာရုံရဲ့ definition (အဓိပ္ပာယ်ဖွင့်ဆိုချက်)က အသိခံရတဲ့သဘောသတ်သတ်ပဲ။ ပိုကောင်းတဲ့အာရုံဆိုတာ မရှိဘူး။ ဝင်လေ၊ ထွက်လေလည်း အသိခံရတာပဲ။ ဖောင်းတယ်၊ ပိန်တယ်လည်း အသိခံရတာပဲ။ အဲဒီအသိခံရတဲ့သဘောကို အာရုံလို့ခေါ်တယ်။ အာရုံက အာရုံပဲ။ ဒီအာရုံလည်း အာရုံပဲ။ ဟိုအာရုံလည်း အာရုံပဲ။ အာရုံက အဓိကမဟုတ်ဘူး။ ဒီအာရုံကို အကြောင်းပြုပြီးတော့ စိတ်မှာ သတိ၊ သမာဓိ၊ ဉာဏ်ဖြစ်အောင် လုပ်တာ၊ အားထုတ်တာ။ အဲတော့ ကိုယ်နဲ့ကိုက်တဲ့ အာရုံယူဖို့ အရေးကြီးတယ်။
တချို့က ဝင်လေ၊ ထွက်လေမှ တရားလို့ထင်တယ်။ ဝင်လေ၊ ထွက်လေကို အတင်းလိုက်ရှာနေတယ်။ ဒါက သိပ်အရေးကြီးတာ မဟုတ်ဘူး။ သိလို့ရတဲ့အာရုံ၊ ကိုယ်နဲ့တန်တဲ့အာရုံ၊ အာရုံတစ်ခုခုယူလည်း မရနိုင်ဘူးလား။ရနိုင်တယ်နော်။ အာရုံက အရေးမကြီးဘူး။ ဘယ်အာရုံပဲဖြစ်ဖြစ် သတိရှိဖို့ အရေးကြီးတာ။ သိလို့ရဖို့ အရေးကြီးတာ။ ဝင်လေ၊ ထွက်လေ မသိနိုင်တဲ့သူက ဝင်လေ၊ ထွက်လေ မရှုပါနဲ့။ လိုက်ရှာမနေပါနဲ့။ ဖောင်းပိန် မသိနိုင်တဲ့သူက ဖောင်းပိန် မရှုပါနဲ့။ သိလို့ရတဲ့အာရုံယူပါ။ အာရုံက အဓိကမဟုတ်ဘူး။ သတိရှိနေဖို့က အဓိက။
အဲတော့ ချည်တိုင်တစ်ခု ထားချင်လည်း ထားပါ။ ဝင်လေ၊ ထွက်လေ ချည်တိုင်ထားလည်းရတယ်။ ဖောင်းတယ်၊ ပိန်တယ် ချည်တိုင်ထားလည်းရတယ်။ တင်ပါးနဲ့းကြမ်းပြင် ထိနေတာကို ချည်တိုင်အနေနဲ့ယူလည်းရတယ်။ လက်နှစ်ဖက် ထိနေတာကို ယူလည်းရတယ်။ တချို့က အသံကြားတာကိုချည်း ယူကြတယ်။ ဒါကို ယူလည်း ရတယ်။ မျက်စိပါဖွင့်ပြီး မြင်တာကို အားထုတ်ချင်လည်းရတယ်။ တရားအားထုတ်တာ မျက်စိပိတ်ဖို့လိုလား၊ မျက်စိဖွင့်ပြီး အားထုတ်တတ်လို့လား။ ဒီယောဂီတွေ မျက်စိဖွင့်ပြီး အားမထုတ်တတ်ပါဘူး။ ဘယ်မှာမှ မသင်ပေးဘူး။ တရားအားထုတ်ပြီဆို အားလုံး မျက်စိမှိတ်တာပဲ။ ပြီးတော့ တွေးချင်ရာတွေးတော့တာပဲ။ မျက်လုံးဖွင့်ပြီး မြင်တာကို သတိထားမယ်ဆိုရင်၊ သတိထားတတ်ရင် သတိထားလို့ ရပါတယ်။ အရေးကြီးတာ သတိရှိဖို့ပဲ။ မျက်လုံးအလုပ် မဟုတ်ဘူးနော်။ တရားအားထုတ်တာ ဘာအလုပ်လဲ။ စိတ်အလုပ်ပါ။ မျက်လုံးဖွင့်ဖွင့် ပိတ်ပိတ်။ တချို့ကပြောတယ်။ မျက်လုံးဖွင့်ရင် တပည့်တော် သမာဓိ ပျက်သွားတယ်တဲ့။ အဲလိုဆိုရင် သူက သမာဓိကောင်းဖို့ ဘာလုပ်ရမလဲ။ မျက်လုံး အမြဲတမ်း ပိတ်ထားလိုက်တော့။
သမာဓိကောင်းတယ်ဆိုတာ မျက်လုံးဖွင့်လည်း သမာဓိရှိရမယ်။ မျက်လုံးပိတ်လည်း သမာဓိရှိရမယ်။ အဲဒါမှ ဒီသမာဓိက သုံးစားလို့ရမှာပေါ့။ မျက်လုံးပိတ်မှ သမာဓိရှိတယ်၊ မျက်လုံးဖွင့်ရင် သမာဓိမရှိဘူးဆိုရင် အဲဒီသမာဓိက သုံးစားလို့ကို မရတာ။ ခက်တာက တရားအားထုတ်တာ မကျွမ်းကျင်တော့ မျက်လုံးပိတ်ပြီးပဲ အားထုတ်တတ်တယ်။ မျက်လုံးဖွင့်ပြီး အားမထုတ်တတ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ အလေ့အကျင့်နည်းလို့ပါ။
အသံတော့ အားထုတ်လို့ရတယ်မဟုတ်လား။ အသံကိုကြားရင် ကြားတယ်။ သူ မှတ်တယ်၊ ခက်သလား၊ မြင်တာကို မှတ်ဖူးလို့လား။ မြင်တာကို မှတ်တယ်ဆိုရင် နောက်က ကြိုက်တယ်၊ မကြိုက်ဘူး အကုန်လာပြီ၊ ရှုပ်ကုန်ပြီ။ မြင်တာကို အားမထုတ်ဘူးပဲ။ ထားပါတော့၊ ပြောပြတာက သိအောင်လို့ ပြောပြထားတာ။ အဆင်း အားထုတ်ချင်လည်းရတယ်။ နောက် တရားအားထုတ်တာ ဝါသနာပါလို့ ကျွမ်းကျင်ချင်တယ်ဆိုရင် အဆင်းပါ အားထုတ်တတ်အောင် လုပ်ထားရတယ်။အခု လူတော်တော်များများက မျက်လုံးပိတ်ပြီးပဲ အားထုတ်တတ်တယ်။ မျက်လုံးဖွင့်ရင် အားမထုတ်တော့ဘူး။ လျှောက်ကြည့်ပြီး တွေးချင်ရာ တွေးနေတာ။
လမ်းလျှောက်ရင် သတိထားလို့ရတယ်မို့လား။မျက်လုံးပိတ်ထားသလား၊ ဖွင့်ထားသလား၊ ဖွင့်ထားပါတယ်နော်။ ဖွင့်ထားရင် သတိထားလို့ မရဘူးလား။ ရပါတယ်နော်။ ဒါပေမဲ့ မြင်တာကို သတိထားပြီး မှတ်တာမဟုတ်ဘူး။ သူက လမ်းလျှောက်တာကိုပဲ မှတ်နေတာ။ မြင်တာကို သူက မမှတ်တတ်သေးဘူး။ မြင်တာကို သတိထားပြီး မှတ်လိုရတယ်ဆိုတာ ပြောချင်တာပါ။ မျက်လုံးပိတ်မှအားထုတ်လို့ရတာမဟုတ်ဘူး။ ဖွင့်လည်းအားထုတ်လို့ရပါတယ်လို့ ပြောချင်တာ။ စိတ်က ခြေထောက်မှာ သတိထားနေရင်ကော မရဘူးလား။ ရပါတယ်နော်။
ထိုင်တဲ့အခါ ဘယ်အာရုံယူယူ ရတယ်လို့ ပြောချင်တာ။ ကိုယ်နဲ့တန်တဲ့အာရုံ၊ အဆင်ပြေမယ့်အာရုံ ယူလည်းရတယ်။တစ်ကိုယ်လုံးကို ခြုံကြည့်မယ်ဆိုလည်း ရတယ်။အရေးကြီးတာ သတိထားနေဖို့ကအဓိကပဲ။ တချို့ အားထုတ်တတ်တဲ့လူက တစ်ကိုယ်လုံးကို ခြုံကြည့်ပြီး ပေါ်ရာပေါ်ရာ လိုက်သိတဲ့သူလည်းရှိတယ်။ ရတယ်။ ဒါက အရေးမကြီးဘူး။ တချို့က ချည်တိုင်လေး ထားချင်တယ်။ချည်တိုင်လေးထားပြီးမှ တဖြည်းဖြည်း သတိကောင်းလာပြီး တဖြည်းဖြည်း များများသိလာရင်လည်း ရတယ်။ ကြိုက်တာလုပ်ပါ။

အရှင်တေဇနိယ(ရွှေဥမင်)

အားထုတ်ပုံအကျယ်********   တရားအားထုတ်မည်ကြံလျှင် ရှေးဦးစွာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ဆရာ၊ မိဘတို့အား ရှိခိုးကန်တော့၊...
03/09/2024

အားထုတ်ပုံအကျယ်
********

တရားအားထုတ်မည်ကြံလျှင် ရှေးဦးစွာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ဆရာ၊ မိဘတို့အား ရှိခိုးကန်တော့၊ ငါးပါးသီလဖြစ်စေ၊ ရှစ်ပါး၊ ဆယ်ပါး စသည်တို့ကိုဖြစ်စေ ကြိုက်သလို ခံယူဆောက်တည်ပါ။ ပြီးလျှင် ဝေဘူဆရာတော်မှစ၍ အရိယာ အရှင်မြတ်များ ၊ သာသနာစောင့်နတ်များ၊ သုံးဆယ့်တစ်ဘုံရှိ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါများအပေါင်းအား အမျှဝေ၊ မေတ္တာပို့၊ သာဓုခေါ်၊ မပြစ်မှားအပ်သော ပုဂ္ဂိုလ်များအား ပြစ်မှုကျူးလွန်မိတာ ရှိပါက ကျေနပ်ကြပါရန် ရှိခိုးတောင်းပန်၊ မိမိအား ကဲ့ရဲ့ပြစ်မှားဖူးသူများရှိကလည်း ကျေနပ်စွာ ခွင့်လွှတ်ပါ၏ ဟုဆို။
ပြီးလျှင် မြတ်စွာဘုရားထံတွင် "ဝိပဿနာကမ္မဋ္ဌာန်း ပေးသနားတော်မူပါဘုရား" ဟု ရိုသေလေးမြတ်စွာတောင်း၊ ဝေဘူဆရာတော်ဘုရားအားလည်း စိတ်ကရည်မှန်း ရှိခိုး၍ ဝိပဿနာကမ္မဋ္ဌာန်းတောင်း၊ ဝိပဿနာကမ္မဋ္ဌာန်းတောင်းပြီးလျှင် အောက်တွင် ဖော်ပြသည့်အတိုင်း အားထုတ်ပါလေ။
အထက်တွင် ဖော်ပြသည့်အတိုင်း ပုဗ္ဗကိစ္စများကို ပြုပြီးလျှင် ထုံးစံအတိုင်းထိုင်၊ အသက်ကိုရှူကြည့်၊ ထွက်လေ ဝင်လေသည် နှာသီးဖျား၌ ထိ၍ ထိ၍ သွားတာကို တွေ့လိမ့်မည်။ မတွေ့လျှင် ထုံးစံအတိုင်းထက် နည်းနည်းပို၍ ပြင်းပြင်းကလေး ရှူကြည့်၊ ထွက်လေ ဝင်လေ ထိသင့်တဲ့နေရာတွင် ထိမှန်းသိ၍ လာလိမ့်မည်။ ထိမှန်းသိ၍လာလျှင် ထိတဲ့နေရာမှာ စိတ်ကိုထားလျက် ထွက်လေ ထွက်တိုင်း၊ ဝင်လေ ဝင်တိုင်း သတိမလစ်အောင် ဂရုစိုက်၍ ထိတာကို သိအောင် စိတ်ဖြင့် ရှု၍နေ၊ ထိတဲ့နေရာတွင် ရိပ်ရိပ် ရိပ်ရိပ်နှင့် ထိုးထိ၍နေတာတွေကို သိ၍နေလိမ့်မည်။
တစ်ခါတစ်ရံ ထွက်လေ ဝင်လေ ထိနေရာမှ စိတ်သည် တခြားသို့ ရောက်၍ သွားတတ်သည်။ ရောက်သွားမှန်းသိလျှင် ထွက်လေ ဝင်လေ ထိရာနေရာမှာ စိတ်ကိုပြန်၍ထား၊ ထွက်လေ ထွက်တိုင်း၊ ဝင်လေ ဝင်တိုင်း တရိပ်ရိပ်နှင့် ထိမှန်းသိ၍ နေရခြင်းသည် ပရမတ်၊ ရုပ်၊ နာမ်တို့ကို ဝိပဿနာရှု၍ နေသည်ဟု ခေါ်၏။
အဘယ်ကြောင့်ဆိုသော် တရိပ်ရိပ်နှင့် ထိတွေ့ရတဲ့ သဘောကလေးသည် ပရမတ်ဖောဋ္ဌဗ္ဗရုပ်ဖြစ်သည်။ သိတဲ့သဘောသည် နာမ်တရားဖြစ်သည်။ ခန္ဓာဖွဲ့သော် ထိမှုသဘော ကြိယာကလေးသည် ရူပခန္ဓာဖြစ်သည်။ ထိတဲ့သဘောကြောင့် ခံလို့ကောင်းတဲ့သဘော၊ မကောင်းတဲ့သဘော၊ ကောင်းသည်လည်းမဟုတ်၊ မကောင်းသည်လည်း မဟုတ်သော သဘောကို ဝေဒနာက္ခန္ဓာဟုခေါ်သည်။ မှတ်တတ်သောသဘောကို သညာက္ခန္ဓာဟုခေါ်သည်။ အားထုတ်မှုစေတနာသဘော စသည်တို့ကို သင်္ခါရက္ခန္ဓာဟုခေါ်သည်။ သိတဲ့သဘောကို ဝိညာဏက္ခန္ဓာဟုခေါ်သည်။
ထို့ကြောင့် ထိမှုဖြစ်သော ကြိယာသဘော ရိပ်ရိပ် ရိပ်ရိပ်နေမှုတို့ကို ရှုကြည့်၍နေရခြင်းသည် ပရမတ် ရုပ်၊ နာမ် ဖြစ်ပျက်အစစ်ကို ရှုနေရသော မဟာဝိပဿနာအစစ်ဟု ကျမ်းဂန်တွင် မိန့်ဆိုပါ၏။

သတိပဌာနသုတ်မှာ အတိအလင်းပါတယ်။ တရားအားမထုတ်ခင် ဘာလုပ်ရမလဲဆိုရင် အဘိဇ္ဈာ၊ ဒေါမနဿကို အရင်ပယ်ရမယ်တဲ့။ အဘိဇ္ဈာ၊ ဒေါမနဿကို အရင...
27/08/2024

သတိပဌာနသုတ်မှာ အတိအလင်းပါတယ်။ တရားအားမထုတ်ခင် ဘာလုပ်ရမလဲဆိုရင် အဘိဇ္ဈာ၊ ဒေါမနဿကို အရင်ပယ်ရမယ်တဲ့။ အဘိဇ္ဈာ၊ ဒေါမနဿကို အရင်ပယ်ဖျောက်၍ ဆိုတာပါတယ်။ အဘိဇ္ဈာဆိုတာ လောဘကိုပြောတာ။ ဒေါမနဿဆိုတာ ဒေါသကိုပြောတာ။ ဒီလောဘ၊ ဒီဒေါသကို မပယ်ဘဲ ဘယ်လိုအားထုတ်မလဲ။ လာကတည်းကိုက လောဘ၊ ဒေါသနဲ့လာကြတယ်။ အားလည်းကြီးတယ်။ အဘိဇ္ဈာနဲ့ ဒေါမနဿကို ပယ်ဖျောက်၍ဆိုတော့ ဘယ်လိုဖျောက်မလဲ။ အာရုံစူးစိုက်၍ ပယ်ဖျောက်မှာလား။ အာရုံစူးစိုက်ပြီဆိုရင် လောဘ၊ ဒေါသ၊ မောဟက ပါလာမှာပဲ။
အာရုံစိုက်ပြီဆိုရင် လောဘနဲ့စိုက်မယ်။ ဒေါသနဲ့စိုက်မယ်။ အဲတော့ အဘိဇ္ဈာနဲ့ဒေါမနဿကို ဘယ်လိုပယ်မှာလဲ။ ခုနကပြောသလို အသိတရားနဲ့ ပယ်ရတယ်။ ဗဟုသုတဉာဏ်နဲ့ ပယ်ရတယ်။ ဖြစ်နေတဲ့အပေါ်မှာ အယူအဆမှန်သွားပြီဆိုရင် လောဘ၊ ဒေါသကို ပယ်ပြီးသားဖြစ်သွားပြီ။ တရားနဲ့ပတ်သက်တဲ့အသိတွေ ရှိထားရင်၊ တရားနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ ရှိထားရင် ဒီအသိကြောင့်ပဲ လောဘ၊ ဒေါသက ပယ်သွားပြီ။ အခု သိပြီနော်။ လောဘနဲ့ အားထုတ်လို့မရဘူး။ ဒေါသနဲ့ အားထုတ်လို့မရဘူး။ အားထုတ်ရင် ဒါ မတရားဖြစ်မယ်။ အဲလောက်တော့ သိပြီမို့လား။ အဲလိုဆို လောဘနဲ့ဒေါသ ပယ်ပြီးသား ဖြစ်သွားပြီ။ ဒီလိုမှ မပြောထားဘူးဆိုရင် မနက်ဖြန်ကြည့်၊ နှစ်ရက်လောက်ဆို ခေါင်းတွေကိုက်လာရော၊ လုပ်တော့မှာ၊ ရမ်းတော့မှာ။ တရားအသိတွေ ရှိထားရင်၊ ဗဟုသုတရှိထားရင် သက်သာမယ်။ အေးအေးဆေးဆေးဖြစ်မယ်။ ဒါ အခြေခံ အရေးကြီးတဲ့အချက်တွေ ပြောပြတာနော်။
တရားအားထုတ်တဲ့နေရာမှာ သိထားရမှာ နှစ်ခုရှိတယ်။ အာရုံနဲ့စိတ်ဆိုတာ နှစ်ခုသိထားရမယ်။ အာရုံပိုင်းရယ်၊ စိတ်ပိုင်းရယ် ၂-မျိုးရှိတယ်နော်။ အာရုံက အားထုတ်စရာမလိုဘူး။ မျက်စိမှာ အဆင်းရှိမှာပဲ၊ နားမှာဆိုရင် အသံရှိမှာပဲ၊ နှာခေါင်းမှာဆို အနံ့လာမှာပဲ။ လျှာမှာဆိုရင် အရသာပေါ်မှာပဲ။ တစ်ကိုယ်လုံးမှာဆို အထိအတွေ့တွေရှိမှာပဲ။ ဒါတွေက အားထုတ်စရာမလိုဘူး။ သူ့ဟာသူရှိပြီးသား။ အာရုံလို့ခေါ်တယ်။ အာရုံကို ဒီအတိုင်းထားလိုက် ပစ်ထားလိုက်။
အာရုံဆိုတာက အသိခံရတဲ့သဘောကိုပြောတာ။ ဗမာလိုပြောရင် သိစရာပဲ။ သိစရာတွေက ဘာမှလုပ်စရာမလိုဘူး။ လုပ်ရမှာက ကိုယ့်ဆီမှာပဲ။ ကိုယ့်ဆီမှာ သတိမရှိဘူး။ သမာဓိမရှိဘူး။ ဉာဏ်မရှိဘူး ဖြစ်နေတယ်။ အဲတော့ စိတ်ဘက်ကို အားထုတ်ရမှာ။ အဲဒီစိတ်တွေ အားကောင်းလာအောင် သတိ၊ သမာဓိ၊ ဉာဏ်တွေ အားကောင်းလာအောင် များများအားထုတ်ရမယ်။ များများပွားပေးရမယ်။ ဒါ ကိုယ်လုပ်ရမယ့်အပိုင်းဖြစ်တယ်။
ဝင်လေ ထွက်လေက သူ့ဟာသူ ပုံမှန်ရှုနေရင် ဝင်နေမှာပဲ။ ထွက်နေမှာပဲ။ ကိုယ်လုပ်ရမှာက အားထုတ်ရမှာ။ ဘာကို အားထုတ်ရမလဲဆိုရင် ဒီဖြစ်နေတဲ့အပေါ်မှာ အယူမှန်မှန်ထားရမယ်။ ဖြစ်နေတာတွေဟာ သဘာဝတွေပဲ။ ငါလို့ မယူတော့ဘူးနော်။ ပြီးတော့ သတိထားရမယ်။ စိတ်က အလုပ်လုပ်ရမှာ။ တရားအားထုတ်တယ်ဆိုတာ စိတ်အလုပ်လို့ပြောပြီးပြီ။ အာရုံရဲ့အလုပ်မဟုတ်ဘူး။ ရုပ်ရဲ့အလုပ်မဟုတ်ဘူး။ စိတ်အလုပ်ပဲ။ ဒီစိတ်ကို ပွားများဖို့ပဲ ကြိုးစားရမှာ။ ဟုတ်ပြီနော်။

အရှင်တေဇနိယ(ရွှေဥမင်)

ဝေဘူဆရာတော် ဝိပဿနာဩဝါဒ ၁၅-ချက်⭐⭐⭐⭐⭐၁။ ဝိပဿနာတရားဆိုတာ ထင်ရှားရှိသော တရားကို မြင်အောင်ရှုရသည်။၂။ ထင်ရှားရှိသော တရားကို မြ...
24/08/2024

ဝေဘူဆရာတော် ဝိပဿနာ
ဩဝါဒ ၁၅-ချက်
⭐⭐⭐⭐⭐

၁။ ဝိပဿနာတရားဆိုတာ ထင်ရှားရှိသော တရားကို မြင်အောင်ရှုရသည်။

၂။ ထင်ရှားရှိသော တရားကို မြင်အောင် မရှုနိုင်လျှင် ဝိပဿနာမဖြစ်။

၃။ ထင်ရှားရှိသော တရားဆိုတာ အခြားမှာသွား၍ ရှာမှရတာမျိုးမဟုတ်၊ ကိုယ်မှာရှိသော တရားဖြစ်သည်။

၄။ ကိုယ်မှာရှိသော တရားဆိုတာ ထွက်သက်၊ ဝင်သက် ဖြစ်သည်။

၅။ ထွက်သက်၊ ဝင်သက်ဆိုတာ အမိဝမ်းက မွေးကတည်းက သေသည်အထိ အမြဲမပြတ် တရစပ်ရှိနေသော တရားသဘောဖြစ်သည်။

၆။ ထွက်သက်၊ ဝင်သက်ဆိုတာ အလုပ်လုပ်နေရင်း၊ စကားပြောနေရင်း၊ စာရေးနေရင်း၊ စာကျက်နေရင်း၊ စဉ်းစားနေရင်းလည်းရှိသည်။ အိပ်ပျော်နေရင်းလည်း ရှိနေတာပဲဖြစ်သည်။

၇။ ထွက်သက်၊ ဝင်သက်သည် အမြဲမပြတ် ရှိနေသော်လည်း အမှတ်တမဲ့နေကြ၍ "သတိမမူ - ဂူ မမြင်။ သတိမူလျှင် မြူကိုတောင် မြင်ရတယ်" ဆိုတာလိုပဲ ဂရုစိုက်၍ကြည့်မှ ရှိမှန်းသိကြသည်။

၈။ ကြည့်တယ်ဆိုရာ၌ ဝိပဿနာဖြစ်ဖို့ရာမှာ ထွက်သက်လေ၊ ဝင်သက်လေထိရာ နှာသီးဖျားမှာ ရိပ်ရိပ် ရိပ်ရိပ်နှင့် ထိထိသွားတာကို သိအောင်ကြည့်ရမည်။

၉။ ထိတာဟာ ပရမတ် ရုပ်သဘောဖြစ်သည်။ သိတာက နာမ်သဘောဖြစ်သည်။

၁၀။ တရိပ်ရိပ်နှင့် ထိတိုင်း, ပျောက်တိုင်း ရုပ်, နာမ်နှစ်ပါး ဖြစ်မှု - ပျက်မှုတွေ ဖြစ်ပျက်၍နေခြင်းဖြစ်သည်။

၁၁။ တရိပ်ရိပ်နှင့် နှာသီးဖျားတွင် ထိလိုက် - ပျောက်လိုက်နေတာတွေကိုသာ တဆက်တည်း မြင်အောင်ကြည့်နေလျှင် ကြာတော့ ဝိပဿနာသမာဓိ တစ်စထက်တစ်စ တစ်ခဏထက် တစ်ခဏ တိုးတက်၍ အားကြီးလာသောအခါ နှာသီးဖျားမှာတွင်မက ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ် တရွရွနှင့်ပင် တွေ့နေရတတ်၏။

၁၂။ တကိုယ်လုံး၌ တရိပ်ရိပ် တရွရွတွေ အစဉ်မပြတ် ဖြစ်ပျက်လျက်နေတာတွေကို တွေ့၍လာရသောအခါ (အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ) ဟူသော ပါဠိအရ အနိစ္စကို မြင်ရသောကြောင့် အနတ္တကို အလိုလို ထင်၍လာလိမ့်မည်။ ဝိပဿနာယောဂီ၏ အလုပ်သည် ထိမှုကို ကြည့်ရှုနေရုံသာဖြစ်သည်။ ကြည့်ရှုနေရင်း သိသင့် သိထိုက်သမျှကိုမူကား အလိုလို သိ၍လာလိမ့်မည်။

၁၃။ ဤကဲ့သို့ တရိပ်ရိပ်နှင့် ထိမှုတို့ကို ကြည့်ရှုနေရင်း မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ဖြစ်၍လာသည်ရှိသော် သိသာလှပါ၏။ အဘယ်သို့ သိရမည်နည်းဟူမူ ရေငတ်၍နေသောသူသည် ရေကို သောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ ဖြစ်သွားတော့၏။

၁၄။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရပြီး ရောက်ပြီး၍ ဖလသမာပတ်ကို ဝင်စားလိုလျှင် မိမိလာခဲ့ဖူးသောလမ်းကို ပြန်၍ကြည့်ရ၏။

၁၅။ ဤအတိုင်း ဖြစ်ချင်လျှင် တရိပ်ရိပ်နှင့် ထိမှုတို့ကိုသာ ကြည့်ရှု၍နေ။ ထွေလီကာလီ‌တွေကို လိုက်၍လုပ်မနေနှင့်။

ဤအထက်ပါ ဆုံးမချက် ၁၅-ချက်အတိုင်း ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီးက ပေးသနားတော်မူသော ဝိပဿနာနည်းမှာ အကျဉ်းသင်္ခေပမျှသာဖြစ်၏။ အကျယ်ဝိတ္ထာရ လူတိုင်း နားလည်၍ ဖတ်ရုံနှင့် အားထုတ်တတ်အောင် ရေးပြမည်ဖြစ်၍ ဖတ်ကြည့်လျှင်မူကား လူတိုင်းနားလည်၍ လွယ်လွယ်ကူကူနှင့် မဂ်၊ ဖိုလ်ကိုရအောင် အားထုတ်နိုင်ပါသည်။

အားထုတ်ပုံအကျယ်ကို ဆက်လက်ဖော်ပြမည်ဖြစ်ပေ၏။

နာတယ်ဆို ငါ့ခြေထောက်က နာတယ်ဆိုပြီးတွေးရင် အဲဒီလူ မခံနိုင်တော့ဘူး။ နာတာ သဘာဝတရားတစ်ခုပဲ။ အဲလို စဉ်းစားလိုက်တာနဲ့ပဲ စိတ်အန...
19/08/2024

နာတယ်ဆို ငါ့ခြေထောက်က နာတယ်ဆိုပြီးတွေးရင် အဲဒီလူ မခံနိုင်တော့ဘူး။ နာတာ သဘာဝတရားတစ်ခုပဲ။ အဲလို စဉ်းစားလိုက်တာနဲ့ပဲ စိတ်အနေအထား ပြောင်းသွားတယ်။ နှလုံးသွင်း အရေးကြီးတယ်။ နှလုံးသွင်းမှန်ရင် တရားအားထုတ်ရတာလွယ်တယ်။ နှလုံးသွင်းမှားရင် တရားအားထုတ်ရတာ ခက်လာလိမ့်မယ်။ တရားအားထုတ်တဲ့ အယူအဆလေးတွေ ကြားဖူးနားဝရှိမှ တရားအားထုတ်ရတာ လွယ်လိမ့်မယ်။ ဒီရုပ်နဲ့ ဒီစိတ်ကို သတိထားရမှာဆိုတော့ သူ့အပေါ်မှာ မှန်မှန်ကန်ကန် စဉ်းစားတတ်ရတယ်။ ပူတာ၊ အေးတာဆိုတာ သဘာဝတရား။ အဲဒါကို ငါ ပူတယ်၊ ငါ အေးတယ်လို့ လုပ်လို့ရမလား။ မရပါဘူး။
စိတ်ဆိုတာ ဒီလိုပဲ၊ သိတာကို ဘယ်သူသိလဲဆိုတော့ "ငါ" သိတယ်လို့ မပြောဘူးလား။ ခံစားတာကို ဘယ်သူခံစားလဲဆိုတော့ "ငါ"ခံစားတယ်လို့ပြောရင် အစွဲက အရမ်းအားကြီးသွားပြီ။ သိတဲ့သဘောက "ငါ"နဲ့ မဆိုင်ဘူး။ သိတဲ့သဘောက သိတဲ့သဘောပဲ။ ခံစားတဲ့သဘောက ခံစားတဲ့သဘောပဲ။ စေ့ဆော်တဲ့သဘောက စေ့ဆော်တဲ့သဘောပဲ။ ဒါပေမဲ့ စိတ်ကစွဲနေတာက သိတာလည်း "ငါ"သိတယ်။ ခံစားတာလည်း "ငါ" ခံစားတယ်။ လုပ်ချင်တာလည်း "ငါ" လုပ်ချင်လို့ထင်တယ်။ ဒီစိတ်အမူအရာတွေကို သဘာဝလို့မယူဘဲနဲ့ "ငါ့"ဟာလို့ ယူလိုက်ရင် တရားအားထုတ်လို့ မရတော့ဘူး။ ခက်သွားလိမ့်မယ်။
အရင်ဆုံး ဒီအသိလေးတော့ရှိထားပါ။ ရုပ်တရားကို ရုပ်တရားလို့ မှတ်ယူမယ်။ နာမ်တရားကို နာမ်တရားလို့ မှတ်ယူမယ်။ ရုပ်တရား၊ နာမ်တရားတွေဟာ သဘာဝတရားတွေပဲ။ သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ ဖြစ်နေတဲ့ ဖြစ်စဉ်ကြီးပဲလို့ သဘောပေါက်ထားရမယ်။ အဓိက ကတော့ ငါ၊ ငါ့ဟာ ပုဂ္ဂိုလ်သတ္တဝါအနေနဲ့ သွားမယူနဲ့။ အဲဒါဆို တရားအားထုတ်ရတာ လွယ်သွားလိမ့်မယ်။ ဒီ ၂-ချက်က အရေးကြီးဆုံးပဲ။ ပထမအချက် အယူမှန်ရမယ်။ နောက်တစ်ချက်က သတိထားတာကို အားသိပ်များများ မသုံးပါနဲ့။ လောဘ၊ ဒေါသ၊ မောဟ မပါစေနဲ့။

အရှင်တေဇနိယ(ရွှေဥမင်)

ဝေဘူဆရာတော်ဘုရားကြီး၏ဩဝါဒ* * * * * * * *၁။ သာသနာတွင်း - သက်ဆင်းကြုံလာ၊     ရခဲကြုံခဲ - ထူးကဲဒုလ္လဘာ။     တရားပျော်မွေ့ -...
15/08/2024

ဝေဘူဆရာတော်ဘုရားကြီး၏ဩဝါဒ
* * * * * * * *

၁။ သာသနာတွင်း - သက်ဆင်းကြုံလာ၊
ရခဲကြုံခဲ - ထူးကဲဒုလ္လဘာ။
တရားပျော်မွေ့ - မမေ့ဤခါ၊
ဝိဇ္ဇာမျိုး - စိုက်ပျိုးများသူငါ။

၂။ အဝိဇ္ဇာကြီး - ဖိစီးနေတာ၊
ငါပဲ သူပဲ - ထင်လွဲကြရှာ။
ဒိဌိအစွဲ - ခိုင်မြဲလို့သာ၊
တဏှာညစ် - အမြစ်ဖြုတ်ကြပါ။

၃။ သီလတရား - စောင့်ငြားဦးစွာ၊
သမာဓိအား - ကြီးထွားစေရာ။
အာနာပါန - ရှုကြသေချာ၊
ဝါယောဓာတ် - တိုးလတ် နှာဖျားမှာ။

၄။ နှာဖျားတိုးထိ - သတိချပ်ပါ၊
အာရုံတစ်ပါး - မသွားစေရာ။
(ထိ) (သိ) ကိုမှတ် - မပြတ်သိပါ၊
ရုပ်နာမ်ခွဲ - မလွဲ သိတော့မှာ။

၅။ နှာဖျားတိုးလတ် - ရုပ်ဓာတ်ကိုမှီ၊
တေဇော ဝါယော - အာပေါ ပထဝီ။
ပေါင်းစုဖွဲ့စည်း - ဓာတ်ကြီးလေးလီ၊
ရုပ်တရား - မှတ်သားမြတ်ယောဂီ။

၆။ တွေ့ထိသိမှတ် - နာမ်ဓာတ်အမည်၊
ရုပ်နှင့်နာမ်ပဲ - မလွဲရှိသည်။
ဆောက်တည်မရ - ဖြစ်ကပျက်မည်၊
အနိစ္စ - ဒုက္ခ ထင်ရှားသည်။

၇။ ရုပ်ဓာတ်ပေါင်းလတ် - နာမ်ဓာတ်သိရှာ၊
ရုပ်နှင့်နာမ်ပေါင်း - ကျိုးကြောင်းဆက်ကာ။
ဖြစ်ပေါ်ပျက်မြဲ - မလွဲသေချာ၊
ပရမတ် - အတပ်တွေ့ကြမှာ။

၈။ အနှစ်သာရ - ရှာက ဗလာ၊
အနတ္တပဲ - မလွဲသိတာ။
ယုံမှားရှစ်ပါး - ကင်းငြားသေချာ၊
မြဲဂတိ - ကင်းဘိအပါယ်ရွာ။

Address


Telephone

+959797864025

Website

Alerts

Be the first to know and let us send you an email when အပ္ပမာဒဓမ္မရသမဂ္ဂဇင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to အပ္ပမာဒဓမ္မရသမဂ္ဂဇင်း:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share