23/07/2023
💕 အခြေခံ ကဗျာရေးနည်း 💕
ဒီနေ့မှာတော့ ကဗျာရေးဖို့ ဝါသနာပါတဲ့ လူငယ်တွေအတွက် ဆရာ ဒေါက်တာတင့်ဆွေရေးသား မျှဝေထားတဲ့ အခြေခံ ကဗျာရေးနည်းကို လေ့လာနိုင်အောင် ကူးယူဖော်ပြပေးမှာ ဖြစ်ပါတယ်။
အခြေခံ ကဗျာရေးနည်း (၉)
(တြိချိုး အကြောင်း)
အချိုးအဆစ် အပိုဒ်သုံးပိုဒ် (တက်ချိုး၊ ခံချိုး၊ အုပ်ချိုး) ဖြစ်အောင် ရေးစပ်သော ကဗျာမျိုးကို တြိချိုးခေါ်သည်။
၁။ ဒွေးချိုးပေါ် တချိုးထပ်တိုးခြင်း ဖြစ်သည်။
ယခင်နေ့ ရေးတင်သည့် ဒွေးချိုးကို ဥပမာပြုစို့-
ထုံးဟောင်းမှီ
ကုံးသီစို့ နှစ်ဆစ်။ ။ (စို့-အပို)
ဒွေးချိုးပင်
ရေးပျိုးစဉ် လွယ်အောင်လို့
ကြွယ်နောင် ကျစ်လစ်။ ။ (ဒွေးချိုး)
-> တြိချိုးဖြစ်အောင် ဒွေးချိုးပေါ် တချိုးတိုးလျှင်-
တပိုဒ်ပဲ
တင်မြဲ အထက်ဆီ
တြိချိုး ပြောင်းမည်။ ။
ထုံးဟောင်းမှီ
ကုံးသီစို့ နှစ်ဆစ်။ ။ (စို့-ကို ဖယ်မရတော့)
ဒွေးချိုးပင်
ရေးပျိုးစဉ် လွယ်အောင်လို့
ကြွယ်နောင် ကျစ်လစ်။ ။ (တြိချိုး ဖြစ်၏။)
၂။ ပ-ချိုး၏ အဆုံးအက္ခရာကို အာ,အီ,အူ,အယ်… စသည့် တက်/ချီသံ လေလျော့ဖြင့် ပြီးဆုံးရမည်။
၃။ ဒွေးချိုးကဲ့သို့ ဒု-ချိုးနှင့် တ-ချိုးတို့၏ အဆုံးအက္ခရာတို့ကို အ,အား,အိ,အီး… စသည့် ချသံ လေပြင်းဖြင့် ကာရန်တူ ပြီးဆုံးရမည်။
၄။ ဒု-ချိုး၌ အပိုဒ်ငယ် နှစ်ပိုဒ်သာ အထားများသည်။
၅။ ပ-ချိုးနှင့် တ-ချိုးတို့၏ အပိုဒ်ငယ် ထားဖွဲ့ပုံမှာ ဒွေးချိုးနှင့် သဘောအတူ ဖြစ်သည်။
၆။ ဒု-ချိုး၏ ဒုတိယ အပိုဒ်ငယ်ကို ပေါ်လွင်သောအသံ အက္ခရာ (၅)လုံးသာ ထားရိုးဖြစ်သည်။
ထို့ကြောင့် ဒွေးချိုးမှ တြိချိုးပြောင်းလျှင် စို့-ဖယ်မရ ပြခဲ့သည်။
၇။ သုံးပိုဒ်လုံး တပိုဒ်ပြီး တပိုဒ် ကာရန်စပ်ရမည်။
(က) ပ-ပိုဒ်နှင့် ဒု-ပိုဒ်တို့ကို ခွာထောက်ကာရန်ဖြင့် စပ်ယူရမည်။
-> ဤနေရာ၌ ခွါထောက်ကာရန်နှင့် ကာရန်ပြန် တို့၏သဘောကို နားလည်ရပါမည်။
တနည်းအားဖြင့် ကာရန်ပြန်ဟူသည် ခွာထောက်ကာရန်သာ ဖြစ်သည်။ လုပ်ငန်း မတူ၍သာ ခွဲပြောရသည်။
-> ဥပမာပြရန် အထက်နှစ်ပိုဒ်-
တပိုဒ်ပဲ
တင်မြဲ အထက်ဆီ
တြိချိုး ပြောင်းမည်။ ။
ထုံးဟောင်းမှီ
ကုံးသီစို့ နှစ်ဆစ်။ ။
ပ-ချိုးအဆုံး မည်-နှင့် ဒု-ချိုးမှ သီ-ကို ကြားတွင် တပါဒခွာ၍ ကာရန်ယူထားသောကြာင့် ခွါထောက်ကာရန် ခေါ်သည်။
ဒု-ချိုးမှ မှီ-ကို ပ-ပိုဒ်မှ ပိုဒ်တွင်းကာရန် ဆီ-မည် ကာရန်ကို တပိုဒ်ခြား ပြန်ယူခြင်းဖြစ်၍ ၎င်း မှီ-ကို ကာရန်ပြန် ခေါ်ရသည်။ မှီ-မှ သီ-သို့ ကာရန်ဆက်ယူသည်။
=> ပ-ပိုဒ်နှင့် ဒု-ပိုဒ်တို့၏ ကာရန်အစပ်များ ဖြစ်သည်။
(ခ) ဒု-ပိုဒ်နှငိ့ တ-ပိုဒ်တို့၏ ကာရန်အစပ်ကား ဒွေးချိုးနှင့် အတူတူ နောက်ဆုံးအသံ ကာရန်နှစ်ခု ဖြစ်သည်။ ခွါထောက်ကာရန်ပင် ဖြစ်သည်။
=> ခွါထောက်ကာရန်သည် ခွဲထားမဟုတ်ဘဲ အသံတူ,အက္ခရာတူ, အဓိပ္ပါယ်တူ ဖြစ်ပါက ခွါထောက်အပြစ် ဒေါသသင့်၍ ကဗျာပျက်သည်ဟု ဆိုကြသည်။
=> လေ့လာရန် တြိချိုးအချို့-
ရွှေလမှာ ယုန် ဝပ် လို့
ဆန် ဖွတ် သည့် အဖိုး အို
ဟောကြည့်ပါ ဆို။ ။
ဆိုသာ ဆို၊
ပို မိုသည့် စ ကား။ ။
ကလေးအငိုတိတ် အောင်
အရိပ်အ ယောင် ပြ တယ်
ဖိုး လ နတ် သား။ ။
ပျိုလေးတို့ အိမ်ဦး
ဆတ်သွားဖူးက တရုံနှစ်ရုံ
ကျေးတွေက အုံ။ ။
မအုံပါနဲ့ ကိုရွှေကျေး။ ။
ပျိုတို့မောင် ရှင်လိင်ပြန်တော့
နားပန်ဘို့ လေး။ ။
နောက်တချီ ဒီတလုံးက
ဖုံးလိုက်ပြန်ပါ။ ။
မြုပ်လေပေါ့ ပေါ်မလာ
မဗဒေါ အလှ။ ။
တလံအကွာ လှိုင်းအကြွ
ပေါ်လိုက်ပြန်ရ။ ။
ရှေးစာကဗျာများ
✒ ဒေါက်တာတင့်ဆွေ
ချစ်ရတဲ့ အမျိုးတွေအားလုံး YD က တင်ဆက်ပေးတဲ့ သုတ၊ ရသ စာပေတွေ၊ ကဗျာ၊ ကာတွန်း၊ တေးထပ်နဲ့ သီချင်းလေးတွေကို ဖတ်ရှုခံစားရင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အောင်မြင်သောဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ...။
#ကဗျာ