29/08/2021
ဗိုလ်မှူးချုပ် မန်းသာစိန် ကွယ်လွန်
၂၉ ရက် သြဂုတ်လ ၂၀၂၁ ခုနှစ်
ကေအဲန်ယူ ဗဟို
ဗိုလ်မှူးချုပ် မန်းသာစိန်သည် ကရင့်တော်လှန်ရေးစတင်ချိန်ကတည်းကမှစ၍ တော်လှန်ရေးထဲသို့ဝင်ရောက်ပြီး တော်လှန်ရေးကို လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါသည်။
တော်လှန်ရေးမှ ပေးအပ်သောတာဝန်များကို ကောင်းမွန်ကျေပွန်စွာဖြင့် လုပ်ကိုင်ခဲ့သောကြောင့် ကရင့်တော်လှန်ရေးမှ ပေးအပ်ချီးမြင့်သော ဘွဲ့တံဆိပ်များစွာကိုရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။
ဗိုလ်မှူးချုပ် မန်းသာစိန်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့၌ ကျင်းပပြုလုပ်သော ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်အခမ်းအနားတွင် တော်လှန်ရေးသက်တမ်း နှစ် ၇၀ ပြည့် ဂုဏ်ပြုလွှာနှင့် ဘွဲ့တံဆိပ် ပေးအပ်ချီးမြင့်ခြင်းခံရသည့်အပြင် ဖြတ်လေးဖြတ်အချိန်၌ ရန်သူကို ရဲရဲဝံ့ဝံ့ခုခံကာကွယ်သော ဘွဲ့တံဆိပ် နှင့် သူရဘွဲ့တံဆိပ် များကိုလည်း ပေးအပ်ချီးမြင့်ခြင်းကို ခံခဲ့ရပါသည်။
ထို့အပြင် ကရင့်တော်လှန်ရေးမှ ပေးအပ်သော အခြား ဘွဲ့တံဆိပ်များစွာကိုလည်း ရရှိခဲ့ပါသည်။
ဗိုလ်မှူးချုပ် မန်းသာစိန်သည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ကွယ်လွန်သည်အထိ တိုင်းပြည်နှင့် လူမျိုးအတွက်တာဝန်ကို ကျေပွန်ခဲ့ပါသည်။
Crd.