17/04/2024
မိမိကိုယ်ကို အမြဲတမ်းပြန်လည်ဆန်းစစ်နေဖို့
သတိရနိုင်ပါစေ။
အကျင့်ဖြစ်သွားတာမျိုး မလုပ်မိပါစေနဲ့ ။
တခါတုန်းက ကြက်ဥမကြိုက်တဲ့
ကျီးကန်းတစ်ကောင်ဟာ
သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း
ခွေးကို ပေးတယ်။
ခွေးက အစပိုင်း ကျေးဇူးတင်တယ်ပေါ့၊၊
ကြာတော့ အကျင့်ဖြစ်သွားတယ်။
အကျင့်ဖြစ်လာတော့ ဒါက သူ့ကို
ပေးကိုပေးရမယ်လို့ဆိုတဲ့ စိတ် ဖြစ်လာတယ်။
တစ်နေ့ကျတော့ ကျီးကန်းက ကြက်ဥကို ကြောင်
ကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။
ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ
သူမေ့သွားတယ်။
ကြက်ဥဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ် ဆိုတာ မေ့သွားတယ်။
ဒါနဲ့ သူတို့စကားများကြပြီး
အခင်အမင်ပျက်သွားကြတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ဒီအတိုင်းပါပဲ။
တချို့သော လူတွေဟာ သူတစ်ပါးဆီက တစ်ခါတရံ ရလိုက်တဲ့ အရာတွေကို တစ်သက်လုံး ရမဲ့
အရာလို့ သတ်မှတ်တက်တဲ့ လူတွေ ရှိတတ်ပါတယ်။
အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျှော်လင့်ကြတယ်။
အစပိုင်းတော့ ကျေးဇူးတင် မဆုံးဘူးပေါ့။
ကြာလာတော့ သူများ ကိုယ့်အပေါ် ကောင်းတာကို အမြဲလိုချင်တဲ့ အကျင့် ဖြစ်လာတယ် ။
ဒါကိုဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။
တစ်နေ့မှာ ကိုယ့်အပေါ် မကောင်းခဲ့ရင် အပြစ်တင် ရှုံ့ချ မိတော့တယ်။
တကယ်တမ်းကျတော့ သူများ မကောင်းတော့တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့စိတ်တွေက ပြောင်းကုန်တာပါ။
ရနေကျဆိုတော့ ရပိုင်ခွင့်တစ်ခုလို မြင်လာပြီး ကျေးဇူးတရား ဆိုတာကို မေ့သွားတာပါ။
ဒါကြောင့် သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို ကိုယ့်ရပိုင်ခွင့်လို ပုံသေ သတ်မှတ် မထားသင့်ပါဘူး။
တကယ်တော့ ကြက်ဥ ဘယ်သူ့ကို ပေးမယ်ဆိုတာ ကျီးကန်းမှာပဲ ဆုံးဖြတ်ခွင့် ရှိပါတယ်။