Arrman Studio

Arrman Studio Only for the REAL

10/01/2021

ကျွန်တော် နောက်ထပ်အားကစားနည်းတစ်မျိုးကို ရှည်ရှည်ဝေးဝေးနဲ့ စီကာပတ်ကုံးရှင်းပြနိုင်ဖို့ ထပ်ပြီးပြင်ဆင်နေတာမို့ အမြဲတမ်း active မဖြစ်နေတာတွေကို နားလည်ပေးပါဦး။

တချို့သော ကျွန်တော်သိရတဲ့အကြောင်းအရာတွေ သတင်းတွေ စကားတွေကို ကြားပြီးချင်း ပြောချင်စိတ် ဖြစ်လာတိုင်း ဆယ်ခါလောက် အကြိမ်ကြိမ် ငါအခုပြောသင့်လား? ရေးသင့်လား? သုံးသပ်မိပါတယ်။

စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းရှောင်ခွာ နှစ်ခွန်းသာ

ဆိုသလို ဟုတ်မှန်သော်ကြား အကျိုးရှိမယ့်အကြောင်းအရာ စကားများသာ လူအများကို တင်ဆက်သွားနိင်အောင် ကြိုးစားသွားပါ့မယ်။

ကျွန်တော်က လူနာမည်ကြီးချင်လို့ တွေ့ရာပြောနေတာ ကြားရာပွားနေတာမျိုး အထင်ခံမျိုး မဖြစ်ချင်လို့ပါ။

ကျေးဇူးပါ။အားပေးနေဆဲသူတိုင်းအတွက် တစ်ခါပေါ်လာရင် တစ်ခါတန်ဖိုးရှိစေရပါမယ်။

04/01/2021

ပထမဆုံးအကြိမ် တင်ပြတဲ့ Video မှာ
အသံပိုင်း အလင်းအမှောင်ပိုင်း အကြောင်းအရာပိုင်း ဖန်တီးမှုပိုင်း တင်ဆက်မှုပိုင်း အစရှိသည်တို့ကို ဝေဖန်အကြံပြုပေးကြတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

ပိုမိုကောင်းမွန်သော အရာများနဲ့ အချက်အလက်များကို ထပ်မံတင်ပြနိုင်ဖို့ ကြိုးစားသွားပါဦးမည်။

နိုင်တဲ့အားနဲ့ သွားနိုင်သလောက် ကြိုးစားသွားပါမည်။ကျေးဇူးတင်လျက်.....

အားမာန်

မြန်မာ့ဖူဆယ် ဘယ်ရောက်နေသလဲ ?မြန်မာဖူဆယ်အကြောင်း ၊ ကမ္ဘာ့အဆင့် အာရှအဆင့် သတ်မှတ်ချက် ၊ ပြည်တွင်းလိဂ် အခြေအနေ ၊ ပြိုင်ပွဲတ...
01/01/2021

မြန်မာ့ဖူဆယ် ဘယ်ရောက်နေသလဲ ?

မြန်မာဖူဆယ်အကြောင်း ၊ ကမ္ဘာ့အဆင့် အာရှအဆင့် သတ်မှတ်ချက် ၊ ပြည်တွင်းလိဂ် အခြေအနေ ၊ ပြိုင်ပွဲတွေ အကြောင်း နဲ့ လာမယ့် နှစ်တွေမှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကျွန်တော် လက်လှမ်းမိသမျ စုစည်းတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

This Video is about for our myanmar futsal society and the history of futsal all i know.

2021 မှာ ကျွန်တော့ရဲ့ Vlog လေးတွေ စလာပါမယ်။ အရမ်းလည်း အလွယ်တကူ ရိုက်နိုင်တဲ့ အနေအထားမဟုတ်သေးလို့ အပတ်စဥ်တော့ တစ်ပုဒ်စီလေ...
31/12/2020

2021 မှာ ကျွန်တော့ရဲ့ Vlog လေးတွေ စလာပါမယ်။
အရမ်းလည်း အလွယ်တကူ ရိုက်နိုင်တဲ့ အနေအထားမဟုတ်သေးလို့ အပတ်စဥ်တော့ တစ်ပုဒ်စီလောက် တင်နိုင်အောင် ကြိုးစားပါ့မယ်။

တင်တာကိုတော့ Youtube ပေါ်မှာ တစ်ပတ်တင်ပြီးမှ page မှာ တင်ပါမယ်။

ကိုယ်လက်လှမ်းမှီသလောက်ကို စုစည်း ဖော်ပြထားရတာမို့ လိုအပ်ချက်တွေ ရှိလာခဲ့ရင် ထောက်ပြအကြံပေးနိုင်ပါတယ်။

စိတ်ပျက်စရာ 2020 ကြီးကို ပျော်ပျော်ကြီး နှုတ်ဆက်ပြီး နှစ်သစ်မှာ ပျော်ရွင်နိုင်ကြပါစေဗျာ။

Video တွေ တင်တဲ့အခါ ဒီ Youtube Channel ကနေတင်မှာမို့ Subscribe လုပ်ထားပေးကြပါဦးခင်ဗျာ။Happy New Year 2021 Jan1 မှာလည်း ...
30/11/2020

Video တွေ တင်တဲ့အခါ ဒီ Youtube Channel ကနေတင်မှာမို့ Subscribe လုပ်ထားပေးကြပါဦးခင်ဗျာ။

Happy New Year 2021 Jan1 မှာလည်း Subscribe ပြုလုပ်ထားတဲ့သူများအတွက် Giveaway အစီအစဥ်လေးတွေရှိမှာမို့ Youtube channel ကို Subacribe လုပ်ထားပြီးတဲ့သူများ ဒီpost ရဲ့ အောက်မှာ Screenshot လေးများ မန့်သွားပေးကြပါ။

အားပေးမှုအတွက် အစဥ်အမြဲကျေးဇူးတင်ရှိနေမှာပါခင်​ဗျာ။
https://www.youtube.com/channel/UCXZpK_1kI8POfzc2p6NswkQ?view_as=subscriber

27/11/2020

အကြံဉာဏ်တောင်းခံခြင်း

ကျွန်တော် ဒီ page လေးကို စပြီး လုပ်ခဲ့တာက အားကစားသမားတွေရဲ့ Interview တွေနဲ့ ကျွန်တော်ပြောပြချင်တဲ့ ဆောင်းပါးလေးတွေကို ရေးမလို့ပါ။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာလမှာ အစီအစဥ်လွဲကုန်ပါတယ်။

ကျွန်တော်ဟာ ဘယ်သူဘာပြောပြော ကျွန်တော်ယုံကြည်ရာကိုသာ လုပ်ချင်တယ်။ ဒါကြောင့် လုပ်ခဲ့သမျှတွေကလည်း မှန်ခြင်း မှားခြင်း များထက် ကျွန်တော့ စိတ်အားထက်သန်မှုတွေကသာ အဓိက ဖြစ်ခဲ့ပါတယ်။

ကျွန်တော်ရဲ့ အရူးထခြင်း ကို စတင်ဖို့ ဒီPage လေးကို April Fool Day မှာ စပြီး create လုပ်ခဲ့ပါတယ်။ ကျွန်တော်လုပ်ချင်တဲ့ ကစားသမားအင်တာဗျူးတွေကို စာနဲ့တစ်မျိုး ဖုန်းနဲ့တစ်ခါ ကစားသမားတွေကို အင်တာ​ဗျူးလုပ်ပြီး ဆောင်းပါးရေးခဲ့ပါတယ်။

ကျွန်တော့ရဲ့ အားနည်းချက်က အဲဒီမှာ ပေါ်လာပါတယ်။ကျွန်တော်ဟာ နှုတ်နဲ့ပြောအားကောင်းပေမယ့် စာသားနဲ့ချရေးရတဲ့အခါ ရေးနေရင်းတန်းလန်း ကျွန်တော်တည်ထားတဲ့ မူလ ဆောင်းပါးခေါင်းစဥ်ထဲကနေ ဆင့်ပွားလာတဲ့အတွေးက များလာပါတယ်။ ဒီအချိန်မှာ အရေးအသားမကောင်းတဲ့ ကျွန်တော့ရဲ့ အားနည်းချက်က တစ်ဖြည်းဖြည်း ပေါ်လာပါတော့တယ်။

ဒါ့ကြောင့် ကျွန်တော် Page ကို စတင်ပြီး နှစ်လ အကြာ ကိုဗစ်ကာလကြီးမှာ ကျွန်တော်နေထိုင်တဲ့ သထုံမြို့ကနေ ရန်ကုန်မြို့ကို အခက်အခဲကာလကြီးမှာ အရဲစွန့်ပြီး Video Editing သင်တန်းတတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံဇာတ်ဆရာက အခွင့်အရေးပေးလွန်းခဲ့တာလားမသိ။ ရန်ကုန်က မြေညီထပ်လို နေရာမှာ Air-Con နှစ်လုံး ကိုယ်ပိုင်အခန်း ဗိုလ်ထိုင်အိမ်သာ ပါတဲ့တိုက်ခန်းကို အပျော်တမ်းအားကစားလောကက အစ်ကိုကြီးက တစ်ကြိမ်တစ်ခါမှ အပြင်မှာ မမြင်ဖူးပဲ နေခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်လိုအပ်တဲ့ ကင်မရာ နဲ့ ကွန်ပျူတာကိုလည်း ဝယ်ယူနိုင်အောင် ကူညီဖြည့်စည်းပေးခဲ့ပါတယ်။သင်တန်းတွေတတ်ဖို့ သင်တန်းကြေးတွေအတွက် အားကစားလောက က အစ်ကိုတစ်ယောက်ကလည်း ယနေ့အထိ ကူညီပေးခဲ့ပါတယ်။

ကံပေါ် ကံဆင့် ကောင်းချင်ပြန်တော့ Video Editing သင်ပေးတဲ့ ဆရာကလည်း သင်ကြားမှုအပိုင်းရော သင်တန်းအလွန်ကာလ ထပ်မံသင်ကြားပေးမှုတွေက ကျွန်တော့အတွက် အချိန်တိုအတွင်း ကျွမ်းကျင်မှုအဆင့်တစ်ခုကို ရောက်စေခဲ့ပါတယ်။ ကျွန်တော်ဟာ Premier Pro သင်တန်း ကို တတ်ပြီး တစ်လအကြာမှာ After Effect သင်တန်းကို သင်တန်းကြေး နောက်မှပေး မင်းက အရမ်းစိတ်ဝင်စားတာမို့ သင်ပေးမယ်။ လျော့လည်းလျော့ပေးမယ်ဆိုပြီး ထပ်မံသင်ကြားခွင့် ရခဲ့ပြန်ပါတယ်။

သင်တန်းနှစ်ခုပြီးတော့ ကင်မရာအယူအဆ ဓာတ်ပုံပညာကို အနည်းသင်ထပ်မံသင်ကြားခဲ့ပြီး အခုလက်ရှိမှာ The World ကနေ Photoshop နဲ့ Ai ပညာကို Online Learning စနစ်နဲ့ ထပ်မံလေ့လာခဲ့ပါတယ်။

Professional Camera သင်တန်းနှစ်ခုတော့ ထပ်မံပြီး တတ်ဖို့ စိတ်ကူးထားပေမယ့် ငွေကြေးလိုအပ်ချက်ကြောင့် ဆက်လက်ဖို့ မဖြစ်နိုင်သေးပေမယ့် ကျွန်တော်အနေနဲ့ ပရိသတ်ကို တစ်ခုခု လုပ်ပြနိုင်ဖို့ လုံလောက်တဲ့အနေအထားတစ်ခု ရပြီလို့ ထင်ပါတယ်။

ဒါကြောင့် 2021 မတိုင်မီ စာသား ဆောင်းပါးရေးတဲ့ စနစ်ကနေ Video လေးနဲ့ ရိုက်ကူးပြီးဖော်ပြတဲ့ Channel အဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

REAL Sports နာမည်လေးက အားကစားလောကရဲ့ အဓိပ္ပါယ်ရှိသော Articles ဆောင်းပါးများ ဖန်တီးဖို့ စိတ်ကူးခဲ့တာပါ။ ဒါပေမယ့် တစ်ဖက်မှာ ကျွန်တော့ရဲ့ All in One Sports App ကလည်း ရှိနေသေးသလို နောင်တစ်ချိန်မှာ တွဲဖက်လုပ်ကိုင်ချင်တဲ့ Photo studio နဲ့ Design Agency တို့ပါ ရှိလာတဲ့အခါ Page အခွဲတွေ အရမ်းများကုန်မှာစိုးလို့

လက်ရှိ Real Sports page ကနေ ARRMAN Studio လို့ နာမည်လေး ပြောင်းလိုက်ချင်ပါတယ်။

Arrman Studio page ကနေ လက်ရှိ Real Sports ရဲ့ မူလ ရည်မှန်းချက် အားကစားဆောင်းပါး Videos များအပြင် ကျွန်တော်ရဲ့ အားကစားသီးသန့် Photo Stuido လေးကိုလည်း တွဲဖက်လုပ်နိုင်ဖို့ စိတ်ကူးထားလို့ပါ။

Arrman Studio ရဲ့ slogan ကိုလည်း အဖျားဆွတ်ပြန်ယူပြီး
Arrman Studio (AS you Like) လို့ စဥ်းစားထားပါတယ်။

ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း ဝိုင်းဝန်း ပြောပြပေးပါဦး။

29-11-2020(11:11) မိနစ်မှာ Page Name ပြောင်းလဲဖို့ စိတ်ကူးထားပါတယ်။

ကိုအားမာန်

နည်းနည်း နဲ့ ကျဲကျဲဝိုင်းမယ်**************************ကိုဗစ်-19ဟာ မြန်မာနိုင်ငံမှာ ကပ်တွယ်နေတာ 7 လပြည့်ခဲ့ပြီ။ တိုးတက်ဖိ...
31/10/2020

နည်းနည်း နဲ့ ကျဲကျဲဝိုင်းမယ်
**************************

ကိုဗစ်-19ဟာ မြန်မာနိုင်ငံမှာ ကပ်တွယ်နေတာ 7 လပြည့်ခဲ့ပြီ။
တိုးတက်ဖို့အရှိန်ယူနေဆဲ နိုင်ငံရဲ့ စီးပွားရေး ပညာရေး ကျန်းမာရေး နဲ့ အခန်းကဏ္ဍအသီးသီးကို ထန်းလျက်ခွေးလျက်သလို လုံးပါးပါး​စေပြီ။

တစ်နိုင်ငံလုံး Stay At Home ခေါင်းစဥ်အောက်မှာ တိုးတိုးတမျိုး ကျယ်ကျယ်တခါနဲ့ အဆင်မပြေ ပြိုလဲမှုတွေက တိုးပွားလာခဲ့တာ အခုဆို မြန်မာ့အားကစားလောက ကိုပါ ကြီးကြီးမားမားထိခိုက်မှုတွေ ရှိစေခဲ့တယ်။

ကို​​ဗစ်ပထမလှိုင်း မြန်မာနေရှင်နယ်လိဂ်ရဲ့ ပထမအကျော့မှာတင် ဇွဲကပင်ယူနိုက်တက်အသင်းက MNL မှ နှုတ်ထွက်ခဲ့သလို ချင်းယူနိုက်တက်အသင်းလည်း အပြီးတိုင် ဖျက်သိမ်းသွားခဲ့တယ်။ ရာသီကုန်အထိ အကောင်းဆုံး တောင့်ခံကစားပြသွားတဲ့ အထူးသဖြင့် ချန်ပီယံပြေးလမ်းကြောင်းမှာ အကောင်းဆုံး ဖြတ်မျဥ်းဖြစ်ခဲ့တဲ့ MNL ခေတ်ဦးထဲက ဝါရင့်ကြီး မကွေး FC ဟာ ဆိုင်းမဆင့် ဗုံမဆင့် ဖျက်သိမ်းသွားလို့ MNL ဟာ အသက်ငွေ့ငွေ့လေး ရှူနေရစဥ်မှာပဲ စစ်ကိုင်းယူနိုက်တက်အသင်းပိုင်ရှင် ဇာတ်မင်းသား ကိုဖိုးချစ်ကတဖန် အသင်းကို ဆက်လက်ထိန်းသိမ်းဖို့ အခွင့်အလမ်းနည်းပါးနေပါပြီတဲ့။

မြန်မာနိုင်ငံမှာ ငွေကြေးစိုက်ထုတ်သုံးစွဲမှု အများဆုံးဖြစ်တဲ့ ဘောလုံးလောကကြီးက ကိုဗစ်ကြောင့် ကမောက်ကမတွေနဲ့ ဖြစ်နေပေမယ့် ဆင်ပိန်ရင် ကျွဲလောက်ကျန်ပါသေးတယ်။ သူ့လောက် ဓန အင်အားမရှိရှာတဲ့ တချို့အားကစားနည်းများစွာတော့ သူ့လောက်ခံနိုင်ရည်မရှိကြ။ ပွဲတွေ ကျင်းပခွင့်မရလို့ ရုံဝင်ကြေးကိုသာ အားကိုးနေရတဲ့ လက်ဝှေ့ပွဲတွေပျောက်ဆုံး ၊ လေ့ကျင့်ဖို့ကလပ်နဲ့ဝေးတဲ့ ဖိုက်တာတွေလည်း မနည်းတော့ပါ။

ကိုဗစ်ရဲ့ အားစမ်းမှုမှာ တချို့ကတော့ ပြိုလဲသွားပေမယ့် တချို့ကတော့ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး နိုင်တဲ့အားနဲ့ တားနေကြပါသေးတယ်။မြန်မာ့ဖူဆယ်အားကစား​လောကသားတွေပဲ ဆိုပါတော့။

သူတို့အသိုင်းအဝိုင်းက လက်ရှိ မြန်မာ့အားကစားလောကမှာတော့ ပရိသတ်ရော ကစားသမားရော အလွန်ကို နည်းတဲ့အထဲမှာ ပါပါလိမ့်မယ်။ဒါပေမယ့် ကိုဗစ်မှာ သူတို့တွေက အရမ်းကြီးတော့ ကစဥ့်ကလျား ဖြစ်မသွားကြဘူး။

ကိုဗစ် စတင်တဲ့အချိန်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ဖူဆယ်အားကစား အဖွဲ့သူ အဖွဲ့သားများက အဆင်မပြေတဲ့ ကစားသမားတွေကို ထောက်ပံ့ခြင်းတွေ လုပ်ခဲ့ကြတယ်။ ပထမလှိုင်းအပြီးမှာလည်း အသင်းတွေက ပုံမှန်လေ့ကျင့်မှုတွေအပြင် ခြေစမ်းပွဲတွေကိုပါ လှည့်လည်ကစားခဲ့ကြတယ်။ပြိုင်ပွဲဝင် အသင်းများအချင်းချင်း ပတ်လည်ဖိတ်ခေါ်ပြိုင်ပွဲတွေ ကျင်းပခဲ့ကြတယ်။ရှုံးထွက်ပြိုင်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီး ကိုဗစ်ဒုတိယလှိုင်းကြောင့် ပွဲပျက်သွားပေမယ့် လေ့ကျင့်မှုတွေ မပျက်ကြဘူး။ အခုဝါကျွတ်ကာလ အခါသမယမှာလည်း အသင်းသားအချင်းချင်းသာ မက မြန်မာဖူဆယ်လိဂ် အသင်းအားလုံးက နည်းပြ ကစားသမား များစွာဟာ ကိုဗစ် ဒုတိယလှိုင်းကို ကြံ့ကြံ့ခံ တွန်းလှန်နေတဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌကြီး ဦးဇော်ဇော် ​ဦးစီးသော သုဝဏ္ဏဘောလုံးကွင်း ဧရာဝတီစင်တာမှာ ကုသိုလ်ဖြစ် လုပ်အားပေး ဝင်ရောက်ကြမယ်တဲ့။

ဒါဟာ သာမန်ထက် ပိုမြင်တတ်မယ်ဆိုရင် အားကစားနည်းတစ်ခုလုံးအနေနဲ့ စည်းလုံးတယ်ဆိုတာကို မြင်ရမှာပါ။အသင်းတစ်သင်းအနေနဲ့ စုပေါင်းလုပ်ဆောင်ဖို့ လွယ်ကူနိုင်မယ် ၊ နှစ်သင်းသုံးသင်း ပေါင်းစည်းဖို့ ဖြစ်နိုင်ပေမယ့် ပါဝင်သူ 12 သင်းလုံး တစ်ညီတစ်ညွတ်တည်း ဖြစ်ဖို့ရာအတွက် သူတို့ကြားမှာ ဒီအားကစားကို ချစ်မြတ်နိုးမှုတွေနဲ့ စည်းလုံးမှုတွေ အများကြီးရှိနေလို့ပါ။

ဖူဆယ်လောကဟာ စတင်ခဲ့တာ ဆယ်စုနှစ် တစ်စုစာနီးပါး ရှိခဲ့ပေမယ့် သူတို့ဟာ မိုးလုံလေလုံ အားကစားရုံလေးတစ်ခုတည်းမှာ ဘယ်ချိန်စလို့ ဘယ်ချိန်ပြီးသွားမှန်းမသိ ကျင်းပခဲ့တဲ့ပွဲတွေလည်း မနည်းတော့ပါဘူး။

အခုဆို အသင်းတိုင်းကလည်း မီဒီယာပိုင်းလေးတွေကို စနစ်တကျဖြစ်အောင် ကြိုးစားလာကြသလို လေ့ကျင့်ခြင်းနဲ့ အသင်းတည်ဆောက်ခြင်းတွေကိုလည်း သေချာပြင်ဆင်လာကြပါပြီ။ ချစ်ကြည်ရေးပွဲတွေ ခြေစမ်းပွဲတွေနဲ့အတူ အသက်ဝင်လာတဲ့ ဖူဆယ်လောကဟာ ကိုဗစ်အလွန်မှာ ဖူဆယ်အားကစားရုံအသစ်ကြီးနဲ့အတူ ပရိသတ်ကြားထဲ တိုးဝင်ဖို့ တွန်းကန်နေပါပြီ။

ပရိသတ်နဲ့ထိတွေ့ခြင်းတွေအပြင် အခုလို ပြည့်သူအကျိုးပြုလုပ်ငန်းလည်းဖြစ် ၊ လူတိုင်း မလုပ်ရဲတဲ့ ကိုဗစ်အနီးကပ်တိုက်ပွဲဝင်မယ့်လမ်းကို တညီတညွတ်တည်း စည်းစည်းလုံးလုံး ရွေးချယ်ခဲ့ကြတဲ့ ဖူဆယ်အားကစားလောကသားများရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်ကို ကျွန်တော်တို့ REAL SPORTS မှ လေးလေးစားစားအသိအမှတ်ပြုပါကြောင်းနှင့် ဖူဆယ်အားကစားလောကနှင့် ဖူဆယ်အသင်းများ တည်တံ့ခိုင်မြဲပါစေကြောင်း ၊ အခုပြုလုပ်ကြမယ့် ကုသိုလ်ဖြစ် လုပ်အားပေး လုပ်ငန်းစဥ်များမှာလည်း ဘေးမသီ ရန်မခ အောင်မြင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


#ကိုအားမာန်

ဖူဆယ် အပေါ် သူတို့ပြောစကားများ**********************************ဖူဆယ်ဆိုတာ မြန်မာနိုင်ငံအတွက်တော့ မနေ့တစ်နေ့ကမှ ဆန်းသစ် ...
18/09/2020

ဖူဆယ် အပေါ် သူတို့ပြောစကားများ
**********************************
ဖူဆယ်ဆိုတာ မြန်မာနိုင်ငံအတွက်တော့ မနေ့တစ်နေ့ကမှ ဆန်းသစ် ကျယ်လောင်လာတဲ့ စကားလုံးဆိုပေမယ့် Small Goal ကစားမယ် ၊ ဂိုးကျဥ်းကစားမယ်ဆိုတဲ့ ဝေါဟာရကတော့ ငယ်စဥ်ကာလက လက်သုံးစကားတစ်ခုဖြစ်ခဲ့ပါလိမ့်မယ် ထင်ပါတယ်။

ကျွန်တော်တို့လိုပဲ နိုင်ငံတကာမှာလည်း လူငယ်တိုင်းဟာ ငယ်စဥ်ကာလ မှာ ဘောလုံးကစားခဲ့ကြတာပါပဲ။ဖူဆယ်စတင်ထွန်းကားခဲ့တဲ့ တောင်အမေရိက နိုင်ငံတွေနဲ့ ဥရောပမှာတော့ ဟိုးကတည်းက ဖူဆယ်ကစားနည်း ဆိုပြီး ပြန့်ပွားခဲ့ကြပါတယ်။

ယနေ့ ဘောလုံးလောကမှာ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ ကစားသမားကောင်းများစွာကလည်း ဖူဆယ်နဲ့ မကင်းခဲ့ကြပါဘူး။ ငယ်စဥ်က ဖူဆယ်ကစားရင်း ဘောလုံးကို ကျွမ်းကျင်ပိုင်ဆိုင်စွာ နည်းစနစ်ကျကျ ကစားခဲ့ကြရပြီး အချိန်တန်တော့ ဘောလုံးအားကစားဖက်ကို ကူးပြောင်းပြီး အောင်မြင်မှုတွေရခဲ့ကြတဲ့ကစားသမားများစွာ ရှိပါတယ်။
ဒီထဲကမှ ပရိသတ်နဲ့ မစိမ်းတဲ့ ကစားသမားတွေရဲ့ ဖူဆယ်အားကစားနည်းအပေါ် ပြောခဲ့တဲ့ စကားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

1. ခရစ်စတီယာနို ရော်နယ်ဒို
*************************
ကျွန်တော်တို့ငယ်ငယ်တုန်းကတည်းက ပေါ်တူဂီမှာ လူငယ်တော်တော်များများက ဖူဆယ်ကို ကစားကြတယ်။တချို့ကတော့ သူတို့ရဲ့ အလုပ်အကိုင်တွေကြောင့် ဘောလုံးအားကစားဖက်ကို ပြောင်းသွားခဲ့ရတာပေါ့။
ဖူဆယ်ကစားရတဲ့အချိန်တိုင်း ကိုယ့်ကိုကိုယ် အရမ်းလွတ်လပ်တယ်လို့ ခံစားမိတယ်။ဒီကွင်းအကျဥ်းလေးမှာ ကစားခဲ့ရလို့ ကျွန်တော်ရဲ့ ဘောလုံးစွမ်းရည်တွေ များစွာတိုးတက်ခဲ့ရတယ်။
ဖူဆယ်သာ မကစားခဲ့ရင် ဒီနေ့ ဒီအချိန်မှာ CR7 ဆိုတဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေခဲ့မှာ မဟုတ်ပါဘူး ။

2. လီယွန်နယ် မက်စီ
*******************
ကျွန်တော်ငယ်ငယ်တုန်းကအာဂျင်တီးနား လမ်းမတွေပေါ်မှာနဲ့ ကျွန်တော်ကလပ်အသင်းမှာ ဖူဆယ်ကို ကစားခဲ့တယ်။တော်တော်ကို ထူးခြားပြီး ပျော်ရွင်စရာ ကောင်းခဲ့တဲ့ အချိန်ကာလ တစ်ခုပါပဲ။ ဖူဆယ် က ဒီနေ့ ကျွန်တော်ဒီလိုဖြစ်လာဖို့ အများကြီး အကူအညီဖြစ်စေခဲ့ပါတယ်။

3. အင်ဒီယေစတာ
*****************
ဖူဆယ်နဲ့ဘောလုံးက တော်တော်များများတူပေမယ့် နည်းစနစ်နဲ့ လှုပ်ရှားမှုတွေကတော့ ကွဲပြားပါလိမ့်မယ်။ဒါပေမယ့် တူညီတဲ့အနှစ်သာရကတော့ ဘောလုံးကို ထိန်းမယ်။အသင်းဖော်တွေနဲ့ ပေါင်းစည်းမယ်။ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်​မြန် ပြုလုပ်ရမယ်ပေါ့။
ဖူဆယ် က ကျွန်တော်ရဲ့ နေရာအကျဥ်းအကျပ်တွေထဲမှာ ဘောလုံးကစားနိုင်တဲ့စွမ်းရည်ကောင်းတွေကို ယူဆောင်လာပေးခဲ့တယ်။

4. လူးဝစ်ဖီဂို
*************
ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဖူဆယ်ကို ကစားခဲ့ကြရတယ်။ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ဖူဆယ်က ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကို တက်လှမ်းဖို့ အရည်အသွေးများစွာကို အထောက်အကူပြုပေးခဲ့တယ်။
ကျွန်တော်တို့ ဒီကစားနည်းကို ပိုပြီး ပြန့်ပွားလာအောင် လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ ဖူဆယ်က Skill ကို အခြေခံတဲ့ကစားနည်းတစ်ခု ဖြစ်ပြီး လျင်မြန်မှုတွေနဲ့ ဂိုးတွေ သွင်းယူရတာမို့ပါ။ဒီကစားနည်းမှာ အရည်အချင်း ရှိတဲ့ Talent player များစွာ ရှိသလို ကစားသမားကောင်းများစွာလည်း ရှိနေပါတယ်။ဒါကြောင့် ဒီကစားနည်းကို ပိုပြိး အောင်မြင်အောင် လုပ်သင့်ပါတယ်။

5. နေမာ
********
ဖူဆယ် က ကျွန်တော်ကြီးပြင်းလာခဲ့ရတဲ့ ငယ်ဘဝမှာ တော်တော်လေးကို ကြီးကြီးမားမား လွမ်းမိုးမှု ရှိခဲ့ပါတယ်။တကယ်ကို ကောင်းမွန်တဲ့ကစားနည်းတစ်ခုဖြစ်ပြီး ကျွန်တော်ရဲ့ ဘောလုံးနည်းစနစ်အခြေခံတွေ ၊ စိတ်ကူးတွေ ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်​မြန်ချနိုင်ဖို့တွေ နေရာအကျဥ်းအကျပ်ထဲမှာ အကောင်းမွန်ဆုံး လှုပ်ရှားကစားနိုင်ဖို့အတွက် ဖူဆယ်က အကူအညီများစွာ ပေးခဲ့ပါတယ်။
ဖူဆယ်ဆိုတာ ဘောလုံးသမားဘဝအတွက် အခြေခံကျတဲ့အရာတွေထဲက တစ်ခုလို့ မြင်တယ်။ဒီနေ့ ကျွန်တော့ဘဝဒီနေရာမှာရပ်တည်နိုင်တာ ချွမ်းချက်မရှိ ဖူဆယ်ကြောင့်ပါပဲ။ဖူဆယ်က ကျွန်တော့အတွက် အကြီးမားဆုံးသော စွဲလမ်းမှုတွေထဲက တစ်ခုပါ။ဒီကစားနည်းကို ကျွန်တော်အရမ်းချစ်ပေမယ့် အသက် 13 နှစ် 14 နှစ်အရွယ်လောက်မှာ ကျွန်တော်ဟာ ဘောလုံးသမားဘဝနှင့် ရှင်သန်ဖို့ ကံတရားက စီမံပေးခဲ့လိုက်တယ်။

6. ပီလီ
********
​လျင်လျင်ကစားနိုင်ဖို့နဲ့ တွေးခေါ်ဆုံးဖြတ်ချက် ချနိုင်ဖို့ ဖူဆယ်ကစားတတ်ဖို့လိုတယ်။
ဖူဆယ်က ကျွန်တော့ရဲ့ ဘောလုံးပေးပို့တာ ၊ ထိန်းသိမ်းတာ ၊ ဆုံးဖြတ်ချက် မြန်​မြန်ချတတ်တာတွေကို သင်ကြားခဲ့ပါတယ်။

7. ဖီလစ်ပီ ကော်တင်ဟို
************************
ကျွန်တော်အသက် 6 နှစ်ကတည်းက ဖူဆယ်ကို ကစားခဲ့တယ်။ နောက်နှစ်မှာ Vasco Da Gama အသင်းကို ရောက်ခဲ့ပေမယ့်လည်း ကလပ်အသင်းရဲ့ အရံခုံမှာ စထိုင်ရတဲ့ အသက် 11 နှစ်အထိ ဖူဆယ်ကို အမြဲကစားဖြစ်ခဲ့တယ်။
ဖူဆယ်က ကျွန်တော် ဘောလုံးပညာသင်ယူခဲ့တဲ့နေရာပါပဲ။ဖူဆယ် ကစားတဲ့အခါ ကျွန်တော်တို့က နည်းစနစ်ပိုင်းနဲ့ လျင်မြန်ဖို့ လိုအပ်တယ်။ကိုယ်ရဲ့နေရာ ကျဥ်းလာလေလေ ကိုယ့်ရဲ့ Skill နဲ့ လျင်မြန်ဖို့ လိုလာလေလေ ပဲ။ ဖူဆယ်ကစားသမားတစ်ယောက်ဖြစ်ဖို့အတွက် နည်းစနစ်ပိုင်း ပိုင်နိုင်ဖို့ အများကြီးလိုအပ်တယ်။ဖူဆယ်ကစားခဲ့လို့လည်း ဘောလုံးသမားဘဝမှာ အများကြီးအထောက်အကူဖြစ်စေခဲ့တယ်။

8. ရော်နယ်ဒင်ဟို
*****************
ကျွန်တော် ဖူဆယ်ကို အရမ်းချစ်သလို ဒီကစားနည်းကို စွန့်လွှတ်လိုက်ဖို့လည်း အရမ်းခက်ခဲပါတယ်။
ကျွန်တော့ရဲ့ လှုပ်ရှားမှုဟန်တွေ တော်တော်များများက ဖူဆယ်ကနေ ဆင်းသက်လာတာပါ။နေရာအကျဥ်းအကျပ်ထဲမှာ ကစားရတဲ့ကစားနည်းတစ်ခုဖြစ်ပြီး ဖူဆယ်မှာ ကစားရတဲ့နည်းစနစ်က ဘောလုံးနဲ့ အနည်းငယ် ကွဲပြားပါလိမ့်မယ်။ဒီနေ့ထိ ကျွန်တော်ရဲ့ ဘောလုံးထိန်းသိမ်းမှု ကစားပုံတွေက ဖူဆယ် ကစားသမားတွေနဲ့ ပိုပြီးဆင်တူပါလိမ့်မယ်။

9. ရော်နယ်ဒို (ဒိုကြီး)
********************
ဖူဆယ်က ကျွန်တော့ရဲ့ အချစ်ဦးပါ။
အချိန်ပြည့် တစ်ဖက်အသင်းကို ခံစစ်ဧရိယာအကျဥ်းအကျပ်ထဲ တိုက်စစ်ဆင်နေရတဲ့ တိုက်စစ်မှုးတစ်ယောက်အတွက် အလွန်ကို ကောင်းမွန်တဲ့ ခြေတစ်စုံကို လိုအပ်တယ်မဟုတ်လား?ဖူဆယ်လိုမျိုး နေရာကျဥ်းကျဥ်းလေးထဲက စိန်ခေါ်မှုတွေ ပြည့်နေတဲ့ကစားနည်းကို ကျွန်တော်အလွန်နှစ်သက်ပါတယ်။

10. ဇာဗီ
********
ဖူဆယ်က လှပတဲ့ ကစားပွဲတစ်ပွဲရဲ့ အဆုံးစွန်သော အဓိပ္ပါယ်တွေကို ဖော်ပြနိုင်တယ်။ဖူဆယ်မှာ ကစားသမားတစ်ယောက်က ပင်ကိုအရည်အချင်းရှိလား မရှိဘူးလား ကွဲကွဲပြားပြား သိစေနိုင်တယ်။
ဘောလုံးမှာက ကိုယ်ခန္ဓာကြံ့ခိုင်မှုကို ဦးစားပေးလွန်းတာကြောင့် ပင်ကိုအရည်အချင်း Talent ရှိမရှိ ခွဲခြားရတာ ခက်ခဲလိမ့်မယ်။ဖူဆယ်မှာ ဆိုရင်တော့ အချိန်တစ်ခုအတွင်းမှာ ကစားသမားတစ်ယောက်ကို သူရဲ့ အရည်အချင်း ဘောလုံးအဆင့်အတန်း နဲ့ နည်းစနစ်ကို ဘယ်လောက်နားလည်ထားလဲ ဆိုတာကို အသေးစိတ်သုံးသပ်လို့ရနိုင်ပါတယ်။

************************************************

နိုင်ငံတကာ ဆောင်းပါးတစ်ခုမှ တတ်စွမ်းသလောက် ဘာသာပြန်ဆို ရေးသားခဲ့တာမို့ အဓိပ္ပါယ်လွဲမှားခဲ့တာများရှိခဲ့ရင် ကျွန်တော့အားနည်းချက်လို့ မှတ်ယူပေးကြပါခင်ဗျ။

ကိုအားမာန်
18-9-2020(Fri)

တောက်မယ့် မီးခဲ တရဲရဲ (ဖူဆယ် နှင့် မြန်မာပြည်)*********************************************အားကစားနည်းတစ်ခုတိုးတက်အောင်မ...
16/09/2020

တောက်မယ့် မီးခဲ တရဲရဲ (ဖူဆယ် နှင့် မြန်မာပြည်)
*********************************************

အားကစားနည်းတစ်ခုတိုးတက်အောင်မြင်ဖို့ရာအတွက် ပထမဆုံးလိုအပ်တာတွေကတော့ အဲဒီအားကစားနည်းတွေကို ကစားနိုင်ဖို့ ကစားကွင်း၊ အသုံးအဆောင်၊ ကစားမယ့်သူများ နှင့် လူပိုမိုစိတ်ဝင်စား​စေဖို့ ပြိုင်ပွဲတွေပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံ SEA GAMES ပြိုင်ပွဲမှာ ရွှေတံဆိပ် ရခဲ့တဲ့ ကစားနည်းအများစုက ကိုယ်ခံပညာ တိုက်ခိုက်ရေးပညာ ဘိလိယက်စနူကာ မြားပစ် သေနတ်ပစ် ပြေးခုန်ပစ် တို့လို တစ်ဦးချင်း ကစားရတဲ့ကစားနည်းတွေများပါတယ်။ ဒီကစားနည်းတွေက ပြိုင်ပွဲတွေ နည်းပေမယ့် လေ့ကျင့်စရာ အသုံးအဆောင်နည်းပေမယ့် ထောက်ပံ့မှုနည်းပေမယ့် မြန်မာနိုင်ငံသား နည်းပြဆရာ၊ လက်ရွေးစင်တို့ရဲ့ ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှု ဇွဲ လုံလ ဝိရိယ သတ္တိ တို့ကြောင့် ရွေတံဆိပ်တွေ အကြိမ်ကြိမ် ရရှိနိုင်ခဲ့တာပါ။

နောက်ထပ် ရွှေတံဆိပ်ဆုတွေ ရလေ့ရှိတာက ​လှေလှော်အားကစားနည်းတွေနဲ့ ပိုက်ကျော်ခြင်းပါ။ ပိုက်ကျော်ခြင်းအားကစားနည်းဟာ အခုချိန်ထိ ကြေးစားပြိုင်ပွဲများစွာ ရှိနေသလို မြို့ရွာ ကျေးလက် အများစုမှာလည်း လွယ်လွယ်ကူကူ ကစားလို့ အရနိုင်ဆုံး ကစားနည်းတစ်ခုပါ။

ပိုက်ကျော်ခြင်းကစားဖို့ ခြင်းလုံး သာ လိုအပ်ပြီး ပိုက်ကိုလည်း အလွယ်တကူရနိုင်တဲ့ ကြိုးတွေနဲ့ပြုလုပ် ၊ တိုင်တွေ စည်းတွေကိုလည်း အဆင်ပြေရာ ဝါးတွေသုံး ထုံးတွေဖြူး စည်းတွေခြစ်နဲ့ အားကစားကို ချစ်စိတ်နဲ့သာ ကစားနေကြရတာပါ။

ဆိုလိုရင်းကို ပြန်ပြောရမယ်ဆိုရင် အထင်သာဆုံးဖြစ်မယ့် ဘောလုံးအားကစားနည်းပါ။ ဒီအားကစားနည်းဟာ မြန်မာတင်မက ကမ္ဘာမှာပါ လူကြိုက်အများဆုံး ဖြစ်ပြီး မြန်မာနိုင်ငံအားကစားလောကမှာ ငွေကြေးကုန်ကျမှု စိုက်ထုတ်သုံးစွဲမှု ဝယ်ယူအားပေးမှု အများဆုံးကစားနည်းပါ။ ဘာလို့ မအောင်မြင်တာလဲ?

ကျွန်တော်အမြင်ပြောရရင်တော့ နည်းစနစ်ပိုင်း အစားအသောက်ပိုင်း စိတ်ဓာတ်ပိုင်းကစလို့ များစွာသော အားနည်းချက်တွေကြောင့် ​ဖြည့်သလောက်မပြည့် အောင်မြင်မှုမရနိုင်တဲ့ အိုးကြီးတစ်လုံး ဖြစ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံက အားကစားကွင်းအရေအတွက်၊ ပြိုင်ပွဲတွေ ကျင်းပခွင့်တွေလို အစိုးရ ချုပ်ကိုင်မှုတွေ ၊ လက်ရှိအသုံးပြုနေတဲ့ လေ့ကျင့်မှုကအစ ပြိုင်ပွဲဝင်နည်းစနစ်တွေ ၊ အစားအသောက်နဲ့ နေထိုင်မှုပုံစံ ၊မီဒီယာပိုင်း ၊ ငွေကြေးသုံးစွဲနိုင်မှုဟာ နိုင်ငံတကာ နဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ ဝေးနေပါသေးတယ်။အခြားအားကစားနည်းတွေထက် အစပေါင်းများစွာ ငွေကြေးကုန်ကျမှု များပေမယ့် ဖြစ်ထွန်းမှုမှာလည်း နည်းနေပါသေးတယ်။

ပေ 40x60 မြေတစ်ကွက် ပိုင်ထားတဲ့သူတစ်ယောက်ဟာ ဘေးအိမ်လိုမျိုး နှစ်ထပ်တိုက်ကြီး လှလှ ဆောက်ချင်ရင်တော့ သူမှာသိန်း 500 ရှိတယ်ဆိုပါစို့။ ချွေချွေတာတာ နဲ့ အဆင်ပြေသလို ဆောက်ရင်တော့ နှစ်ထပ်အိမ် ပုံစံဖြစ်သွားနိုင်ပေမယ့် အိမ်ရဲ့ ခိုင်ခံ့မှု ၊ အိမ်အတွင်းအပြင် ပြင်ဆင်မှု စသဖြင့် အစစ အရာရာ သိန်း 1000 လောက် ကုန်ခံထားတဲ့အိမ်နဲ့တော့ အရည်အသွေးမတူနိုင်ပါဘူး။ ဒါပေမယ့် သိန်း 500 နဲ့ တစ်ထပ်အိမ် ဆောက်မယ်ဆိုရင်တော့ သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် လှလှပပ အိမ်တစ်လုံး ပိုင်ဆိုင်နိုင်မှာပါ။သူများလိုမသုံးနိုင်ပဲ သူများနေသလို နေဖို့ မစဥ်းစားပဲ ကိုယ့်မှာရှိတာနဲ့ အကောင်းမွန်ဆုံး ဖြစ်အောင် အရင်ကြိုးစားသင့်ပါတယ်။ နှစ်ထပ်အိမ်မှ လှတာမဟုတ်ပါဘူး။ တစ်ထပ်အိမ်လည်း ဆောက်တတ်ရင် လှပါတယ်။

ဆိုလိုရင်း လာပါပြီ။ ကျွန်တော်ပြောချင်တာကတော့ မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်များ နှင့် အားကစားဝါသနာရှင်များကို ဖူဆယ်အားကစားနည်းကိုအားပေး ပံ့ပိုးပေးချင်တာပါ။ဘာကြောင့်လဲ?

ဒီနေ့ခေတ်မှာ မြန်မာနိုင်ငံမှာ တစ်ရက်ကို

ဘောလုံးကွင်းအသစ် ဘယ်လောက်ပေါ်လာသလဲ?
ပိုက်ကျော်ခြင်းကွင်းအသစ် ဘယ်လောက်ပေါ်လာလဲ?
ဘောလီဘော ၊ ဘက်စကစ်ဘော ၊ လက်ဝှေ့ကြိုးဝိုင်း ၊ ကိုယ်ခံပညာသင်တန်း ဘယ်နှစ်ခုများ အသစ် အသစ်တိုးလာသလဲ?

မရှိသလောက်နည်းနေပေမယ့် မြန်မာနိုင်ငံအနှံံ့မှာ ဆယ်ရက်ကို တစ်ကွင်းနှုန်းနဲ့ ဖူဆယ်ကွင်းအသစ်တွေ ပေါ်နေပါတယ်။နေ့စဥ် အဲဒီကစားကွင်းတွေကို လူဆယ်ဂဏန်းကနေ ရာဂဏန်းအထိ သွားရောက်ကစားနေပါတယ်။

ဒီကိန်းဂဏန်း ပမာဏတွေဟာ မြန်မာ့အားကစားလောကမှာ မရှိလောက်သေးတဲ့ တိုးတက် ပြန့်ပွားမှုပါ။ကစားကွင်းက ရွှေထက်ရှားတဲ့မြန်မာနိုင်ငံမှာ ဖူဆယ်ဟာ မကြာခင် အလွန်ကို လူသိများတဲ့ ကစားနည်းတစ်ခုဖြစ်လာတော့မှာပါ။

အခုချိန်မှာ ဘောလုံးအရသာလည်း မပျက်၊ ငွေအရင်းအနှီးလည်း နည်းတဲ့ မြက်ခင်းတု ကွင်းတွေများနေသေးပေမယ့် ရင်းနှီးမြုပ်နှံမှုတွေ များလာရင် ပိုပြီး ထိန်းသိမ်းရလွယ်ကူပြီး ကစားရတာ ကောင်းမွန်တဲ့ မိုးလုံလေလုံပါကေးကွင်းတွေ ပေါ်လာတော့မှာပါ။

ဖူဆယ်ရဲ့ အားသာချက်က
အလွယ်တကူကစားနိုင်တယ်။
Small Goal အရသာ နဲ့ဆင်တူတယ်။
လူဦးရေနည်းတာမို့ လူစုရ လွယ်တယ်။
ငွေကြေးအနည်းငယ်ရှိရင် ကွင်းငှားနိုင်တယ်။
မိုးလုံ လေလုံရှိတယ်။
ပြိုင်ပွဲများ အသင်းများအတွက် ငွေကြေးကုန်ကျမှုနည်းတယ်။အပျော်တမ်းအသင်းတွေကအစ လူစုရလွယ်တယ်။အကျီစရိတ် သွားစရိတ် လာစရိတ် အရမ်းသက်သာတယ်။

ကျွန်တော်တို့ နိုင်ငံလို ဘောလုံးကွင်းက မရှိသလောက်နည်းပါး ၊ ရှိတဲ့ကွင်း ပိတ်ထားတဲ့ တိုင်းပြည်မှာ ဖူဆယ်ဟာ ဘောလုံးအစားထိုး လူထုသည်းခြေကြိုက်ကစားနည်းတစ်ခု ဖြစ်လာမှာ မလွဲမသွေပါ။

ဒါဆို ဘာတွေလိုအပ်လဲ?
ဖူဆယ်ရဲ့ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်ဖို့ ဖူဆယ်ရဲ့ နည်းဥပဒေတွေ ၊ နည်းစနစ်တွေကို ကျွန်တော်တို့ တိကျမှန်ကန်စွာ ​သိရှိနိုင်အောင် ဖြန့်ဝေဖို့ လိုတယ်။မသိသေးတာတွေ ၊ လွဲမှားစွာ သိနေတာတွေကို အချိန်မှီ ပြင်ဆင်ဖို့ လိုပါတယ်။ ဖူဆယ်ကစားနည်းက အထင်သေးရမယ့် ကစားနည်းတစ်ခု မဟုတ်ပါဘူး။
နာမည်ကျော် ဘောလုံးသမားတွေ ဖြစ်တဲ့ အင်ဒီရေစတာ ၊ စီရော်နယ်ဒို ၊ လီယွန်နယ်မက်စီ ၊ လူးဝစ်ဖီဂို ၊ နေမာ ၊ ပီလီ ၊ ကော်တင်ဟို ၊ ရော်နယ်ဒို ၊ ရော်နယ်ဒင်ဟို ၊ ဇာဗီ တို့ကအစ ဖူဆယ်ကစားနည်းကို ငယ်ငယ်ကတည်းက ကစားခဲ့လို့ သူတို့က ဒီအဆင့်ကို ရောက်ခဲ့တာပါလို့ ထုတ်ပြောခဲ့ကြတာပါ။( သူတို့ ပြောစကားတွေကို သီးသန့် ဖော်ပြပေးသွားပါမယ်)

ဖူဆယ်အားကစားနည်းဟာ 1930 ခုနှစ်မှာ ဥရုဂွေးနိုင်ငံက ဟွမ်ကားလို့စ် ဆီရီယာနီ (Juan Carlos Ceriani) က စတင်တီထွင်ခဲ့တာပါ။YMCA လို့ ခေါ်တဲ့ Young Men's Christian Association ဟာ လူငယ်တွေရဲ့ ကိုယ်ခန္ဓာကျန်းမာရေး နဲ့ စိတ်ဓာတ်ကောင်းမွန်ကြံ့ခိုင်ရေးကို မြင့်တင်ပေးဖို့ အားကစားနည်းမျိုးစုံကို သင်ကြား လေ့ကျင့်ပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆီရီယာနီက အဲဒီသင်တန်းကျောင်းက ဆရာတစ်ဦးပါ။
လူလတ်ပိုင်းတွေအတွက် ​ဘောလုံးအားကစားနည်းကို ကစားဖို့ ခွန်အားရှိပေမယ့် လူငယ် ကလေးငယ်တွေအတွက် ဘောလုံးကွင်းက ကျယ်လွန်းပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေမှာ အဖွဲ့လိုက်ကစားနိုင်စွမ်း Team Work ကလည်း မရှိနိုင်သေးတော့ ကစားသမားအရေအတွက်နဲ့ ကစားကွင်းအရွယ်အစားကို လျော့ချဖို့စဥ်းစားရာကနေ ဖူဆယ် ကစားနည်းဆိုတာ ဖြစ်ပေါ်လာရတာပါ။

Futsal ဆိုတဲ့ ဝေါဟာရက fútbol sala (or) fútbol de salón ဆိုတဲ့ စပိန် ပြင်သစ် စကားကနေ ဆင်းသက်လာတာ ဖြစ်ပြီး အဓိပ္ပါယ်ကတော့ ရုံတွင်းဘောလုံး ဖြစ်ပါတယ်။နောက်ပိုင်းမှာ Five-A-Side ကစားနည်း Mini Soccer ကစားနည်းဆိုပြီး လူသိများလာပါတယ်။ဥရုဂွေးနိုင်ငံက ဘက်စကက်ဘောကွင်းတွေရော အပြင်ကွင်းပြောင်တွေမှာပါ တွင်တွင်ကျယ်ကျယ် ကစားလာခဲ့ကြပါတယ်။ 1930 ခုနှစ်မှာ ကမ္ဘာ့ဖလားကို ဥရုဂွေးက အိမ်ရှင်လက်ခံကျင်းပရာကနေ ဒီကစားနည်းဟာ တောင်အမေရိက တိုက်မှာ ပြန့်နှံ့သွားပြီး အဓိက ကူးစက်သွားတာကတော့ ဘရာဇီးနိုင်ငံကိုပါ။ လူကြိုက်များလာတာကြောင့် ဆီရီယာနီကပဲ 1933 ခုနှစ်မှာ အားကစားနည်း ဥပဒေစာအုပ်ကို ရေးသားခဲ့ပါတယ်။စာအုပ်ပါ ဥပဒေတွေဟာ ရှိပြီးသား ကစားနည်းတွေရဲ့ ဥပဒေတွေကို ကိုးကားခဲ့တာဖြစ်ပါတယ်။ ခြေထောက်နဲ့ကစားရတဲ့ ဘောလုံးအားကစားနည်းမှ ပြစ်ဒဏ်ဘော ၊ လက်ထိဘော ၊ ပင်နယ်တီ ၊ ထောင့်ကန်ဘော တို့ကို ကိုးကားခဲ့ပါတယ်။ကစားသမားအရေအတွက် တစ်ဖက်ငါးဦးဆိုတာက ဘက်စကက်ဘောကို ကိုးကားတာ ဖြစ်ပြီး ပွဲကစားချိန် ပထမပိုင်း ဒုတိယပိုင်း မိနစ် 20 စီ ဆိုတာကိုတော့ ဝါတာပိုလို ကစားနည်းကို ကိုးကားထားခဲ့တာ ဖြစ်ပါတယ်။

ဖူဆယ်ကစားနည်းရဲ့ အနှစ်သာရကို ရှာဖွေနိုင်ခဲ့တဲ့ ဘရာဇီးနိုင်ငံဟာ ဖူဆယ်ကနေ ရရှိတဲ့ ဘောလုံးထိန်းသိမ်းမှု အခြေခံတွေ အပေးအယူ၊ အထိန်းအသိမ်း ၊အထူးသဖြင့် ဘောလုံးကို ဦးနှောက်သုံးပြီး နည်းစနစ်နဲ့ ကစားနည်းကို ကမ္ဘာကို ချပြနိုင်ခဲ့ပြီး ပီလီတို့လို မျိုးဆက်သစ်တွေနဲ့ ဘောလုံးလောက ကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။

ဖူဆယ်ရဲ့ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ တောင်အမေရိကဖလားကို 1965 ခုနှစ်မှာကျင်းပခဲ့ပြီး ပါရာဂွေးအသင်း က ဗိုလ်စွဲခဲ့ပါတယ်။အဲဒီနောက်မှာ 1979 အထိ ထပ်မံကျင်းပတဲ့ ပြိုင်ပွဲ ခြောက်ခုလုံးမှာ ဘရာဇီးအသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဘရာဇီးဟာ ဖူဆယ်ရဲ့ အချက်အချာတစ်ခု ဖြစ်တဲ့အထိ ဗိုလ်ဆွဲခဲ့ပြီး နောင်တွင် နိုင်ငံတကာ ပြိုင်ပွဲတွေ ဆက်လက်ပေါ်ပေါက်လာခဲ့ပါတယ်။

FUTSAl ဆိုတဲ့အခေါ်အဝေါ်နဲ့ ပက်သက်ပြီး အကြိမ်ကြိမ် အငြင်းပွားမှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ Alexander Para က FUTSAL ဆိုတဲ့နာမည်ကို ဖန်တီးပေးခဲ့ပါတယ်။စပိန် နှင့် ပေါ်တူဂီ ဘာသာစကားမှာ ဘောလုံး(soccer) ကို FUTbol လို့ ခေါ်ပြီး ပြင်သစ်နှင့်စပိန်စကားမှာ indoor ကို SALon (or) SALa လို့ ခေါ်ပါတယ်။ ဒါတွေကို ပေါင်းစပ်ပြီး FUTSAL ဆိုတဲ့နာမည်ဖြစ်လာတာပါ။

ဒါကြောင့် ကျွန်တော်ရေးထားတဲ့ ဆောင်းပါးကို နိဂုံးချုပ်ရမယ်ဆိုရင် ဘောလုံးအားကစားဆိုတာ ကွင်းအကျယ်အဝန်းကြီးသလို ခွန်အားလည်းသုံးရပါတယ်။Teamwork လည်းလိုအပ်သလို ဘောလုံးထိန်းသိမ်းပေးပို့မှုလည်းများစွာလိုအပ်ပါတယ်။
မြန်မာနိုင်ငံလို အားကစားကွင်းအလွန်ရှားပါးတဲ့နိုင်ငံမှာ အဆက်မပြတ်တိုးပွားလာတဲ့ဖူဆယ်ကွင်းတွေကို အခွင့်အရေးအမိအရ ယူပြီး ငယ်ရွယ်စဥ်မှာ ဘောလုံးနည်းစနစ်တွေကို အဆက်မပြတ်ထိတွေ့နိုင်မယ့် ဖူဆယ်အားကစားနည်းတိုးတက်ဖွံ့ဖြိုးလာအောင် ကစားသမားများ ဝါသနာရှင်များ အဖွဲ့ချုပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များက မြေတောင်မြောက်ပေးသင့်ပါတယ်။ တောက်မယ့်မီးရဲက တရဲရဲနဲ့မို့ ပံ့ပိုးမှုလေးသာ များလာခဲ့မယ်ဆိုရင် ဒီအားကစားနည်းက မြန်မာနိုင်ငံအတွက် ဆုတံဆိပ်တွေ ယူလာပေးနိုင်မှာ မလွဲဧကန်ပါပဲခင်ဗျာ။

အထက်ပါဆောင်းပါးအတွက် နိုင်ငံတကာ ဆောင်းပါးများနှင့် ကိုဖိုးကွန့်ဆောင်းပါးမှ အနည်းငယ် ကိုးကားထားသည်ကို ပွင့်လင်းစွာ ဝန်ခံအပ်ပါတယ်ခင်ဗျာ။

ကိုအားမာန်
16-9-2020(Wed)

REAL Sports ရဲ့ ပရိသတ်တွေထဲမှာ ဖူဆယ်အားကစားနည်းကို နှစ်သက်သဘောကျတဲ့သူ စိတ်ဝင်စားတဲ့သူ Professional player ဘဝ ရောက်ချင်တဲ...
11/09/2020

REAL Sports ရဲ့ ပရိသတ်တွေထဲမှာ ဖူဆယ်အားကစားနည်းကို နှစ်သက်သဘောကျတဲ့သူ စိတ်ဝင်စားတဲ့သူ Professional player ဘဝ ရောက်ချင်တဲ့သူများ ဘယ်လောက်ရှိမလဲခင်ဗျ။

03/08/2020

ကျွန်တော်တို့ရဲ့ Design Team အခက်အခဲကြောင့် အခုရက်ပိုင်း အထိမ်းအမှတ်နေ့များနှင့် ဘာသာရေးနေ့ထူးနေ့မြတ်များကို အသိအမှတ်ပြု ဖော်ပြနိုင်ခြင်း မရှိသည့်အပေါ် လေးလေးနက်နက် တောင်းပန်အပ်ပါတယ်ခင်ဗျာ။

Covid 19 lockdown ကာလ ကြောင့် REAL Sports ရဲ့ အစီအစဥ် Program များ အဆင်မပြေမှုများရှိနေပြီး အကောင်းဆုံး ကြိုးစားဆောင်ရွက်နေပါတယ်ခင်ဗျာ။

မကြာခင် ပရိသတ်နဲ့အဆက်မပြတ်ထိတွေ့သွားနိုင်တော့မှာ ဖြစ်ပြီး ယနေ့ကျရောက်သော ဓမ္မစကြာနေ့ထူးနေ့မြတ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အမျိုးသားခေါင်းဆောင်ကြီးများကို အောက်မေ့သတိရစွာဖြင့် REAL Sports မှ လေးစ...
18/07/2020

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အမျိုးသားခေါင်းဆောင်ကြီးများကို အောက်မေ့သတိရစွာဖြင့် REAL Sports မှ လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ခင်ဗျာ။


#19-7-2020

ဖူဆယ်အားကစားနည်း ဆိုတာ ဘာလဲ?************************************* ဖူဆယ်ဆိုတဲ့ ဝေါဟာရဟာ စပိန်ဘာသာစကား fútbol sala or fútb...
01/07/2020

ဖူဆယ်အားကစားနည်း ဆိုတာ ဘာလဲ?
*************************************

ဖူဆယ်ဆိုတဲ့ ဝေါဟာရဟာ စပိန်ဘာသာစကား fútbol sala or fútbol de salón ကနေ ဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ “ရုံတွင်းဘောလုံး” ဖြစ်ပါတယ်။ အစောပိုင်းတုန်းက အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး FIFUSA (ကမ္ဘာ့ဖူဆယ် အဖွဲ့ချုပ်) နဲ့ FIFA ကြားထဲမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး ၁၉၈၅ ခှုနှစ် မက်ဒရစ်မြို့မှာကျင်းပတဲ့ပြိုင်ပွဲမှာတော့ FIFUSA (အခုအခေါ်အဝေါ် AMF) က လက်ရှိအသုံးပြုနေတဲ့ ဖူဆယ် ဆိုတဲ့နာမည်ကို မှတ်ပုံတင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ဖီဖာအပါအ၀င် တစ်ကမ္ဘာလုံးက ဒီနာမည်ကို အတည်ပြုခေါ်ဆိုခဲ့ပါတယ်။

ဖူဆယ်ကစားနည်းကို 1930 ခုနှစ်က ဟွမ်ကားလို့စ်ဆီရီယာနီ ဆိုတဲ့ ကျောင်းဆရာတစ်ယောက်က စတင်ခဲ့တာပါ။ ဥရုဂွေးနိုင်ငံ မွန်တီဗွီဒီယိုမြို့က YMCA ခန်းမတွေမှာ လာရောက်အပန်းဖြေရင်းကစားဖို့အတွက် ဖန်တီးခဲ့တာဖြစ်ပြီး နောက်ပိုင်း ဘတ်စကက်ဘောကွင်းတွေမှာပါ ကစားလာခဲ့ကြပါတယ်။ 1930 မှာဥရုဂွေးနိုင်ငံက ကမ္ဘာ့ဖလား ကို အိမ်ရှင်လက်ခံခဲ့လို့ လူထုကြားမှာ ဒီအားကစားဟာ ပိုမိုရေးပန်းစားလာခဲ့ပြီး ၁၉၃၃ မှာတော့ ကစားနည်းဥပဒေကို ဆီရီယာနီကပဲ စာအုပ်အဖြစ်နဲ့ စတင်ဖန်တီးခဲ့ပါတယ်။

ဒီစာအုပ်မှာပါ၀င်တဲ့အခြေခံဥပဒေတွေက နဂိုရှိပြီးသား အားကစားနည်းတွေရဲ့ စံနှုန်းတွေကို မှီငြမ်း ရေးသားခဲ့တာဖြစ်ပါတယ်။ ခြေထောက်နဲ့ကစားရတဲ့ ဘောလုံးကစားနည်းရဲ့ အခြေခံစည်းမျဉ်း(Foul, Hand ball, ပင်နယ်တီ၊ ကော်နာစသည်ဖြင့်)တွေကို ကိုးကားပါတယ်။ ကစားသမားအရေအတွက် (တစ်ဖက်ငါးယောက်) ဆိုတာက ဘတ်စကက်ဘောအားကစားဥပဒေကို ကိုးကားတာပါ။ ပွဲကစားတဲ့ အချိန်အတိုင်းအတာဖြစ်တဲ့ ပထမပိုင်းမိနစ်(၂၀)- ဒုတိယပိုင်းမိနစ် (၂၀) ဆိုတာက ဝါတာပိုလို စည်းမျဉ်းကို ကိုးကားတာဖြစ်ပြီး။ ဂိုးတိုင် နဲ့ ကစားကွင်း အကျယ် ပမာဏ ကိုတော့ အိုလံပစ်အားကစားနည်းတစ်ခုဖြစ်တဲ့ လက်ပစ်ဘော (Hand Ball) ဥပဒေက ဆင်းသက်လာတာပါ။

နိုင်ငံတကာအသိအမှတ်ပြု ဖူဆယ်အတိုင်းအတာများ
(၁) ဖူဆယ်ကွင်း - အနိမ့်ဆုံး အလျား ၈၂ပေ×အနံ ၅၂ပေ - အများဆုံး အလျား ၁၃၈ ပေ×၈၂ ပေ
(၂) ဖူဆယ်ဘောလုံး - Size (4) ဘောလုံးဖြစ်ပြီး အချင်း (၂၄-၂၅)လက်မရှိရပါမယ်။ ၂မီတာ(၆ပေကျော်ကျော်) အမြင့်ကပစ်ချတဲ့ (၂၀)လက်မကနေ (၂၆)လက်မအထိ ပြန်ခုန်တဲ့ အနေအထားရှိရပါမယ်။ အလေးချိန်ကတော့ အနည်းဆုံး 0.875 ပေါင် အများဆုံး ၁ပေါင်ဖြစ်ရပါမယ်။

(၃) ကစားသမားဦးရေ - ပွဲထွက်ကစားသမားက (၅)ယောက်ဖြစ်ပြီး ဂိုးသမားတစ်ယောက်ပါ၀င်ရပါမယ်။ အရန်လူက (၇)ယောက်အများဆုံးရှိရမှာဖြစ်ပြီး လူစားလဲမှု အကန့်အသတ်မရှိဘဲ ပွဲကစားနေချိန်အတွင်း လက်ပုတ်ပြီးလဲလှယ်ခွင့်ရှိပါတယ်။ မူလက ကစားသမားလဲတဲ့အခါ (၉)ယောက်ခွင့်ပြုထားပြီး ၂၀၁၂ မှာမှ အကန့်အသတ်မရှိလဲခွင့်ပြုတာဖြစ်ပါတယ်။

(၄)၀တ်စုံ - ဘောလုံးကစားနည်းအတိုင်း အင်္ကျီ၊ ဘောင်ဘီ၊ ခြေအိတ် ဆင်တူနဲ့ ဂိုးသမားက ကွဲပြားတဲ့အရောင်၀တ်ရ မှာဖြစ်ပါတယ်။ ရှင်းဂတ် အသုံးပြုခွင့်ရှိပြီး ဖိနပ်ကတော့ ရာဘာဆိုး တပ်ဆင်ထားတဲ့ဖိနပ်ဖြစ်ရပါမယ်။ ဂိုးသမားအတွက် တံတောင်ကာ ၀တ်ဆင်ခွင့်ရှိပြီး ကစားသမားအားလုံးကို ရွှေ၊ ငွေ၊ စတီး စတဲ့ သတ္တုလက်၀တ်ရတနာ အသုံးအဆောင်တွေ ၀တ်ဆင်ခွင့်တားမြစ်ထားပါတယ်။

(၅) ကစားချိန် - ပထမပိုင်းမိနစ် (၂၀) ဒုတိယပိုင်းမိနစ် (၂၀) ဖြစ်ပါတယ်။ Stop Watch စနစ်အသုံးပြုရေတွက်တာ ဖြစ်ပြီး ကွင်းထဲမှာဘောလုံးကစားတဲ့ အချိန်ကိုသာရေတွက်တာဖြစ်လို့ နာချင်ယောင်ဆောင်အချိန်ဆွဲတာတို့ နာကျင်အချိန်ပိုတို့ မရှိပါဘူး။

ဒီတစ်ပတ်အတွက် ဖော်ပြပေးခဲ့တာတွေကို ကျေနပ်မယ်ထင်ပါတယ် နောက်ရက်တွေမှာတော့ ကမ္ဘာ့အသိအမှတ်ပြု Laws of the game မှာပါတဲ့ ပြိုင်ပွဲကစားချိန်အတွင်း သတ်မှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်းလေးတွေ တင် ပြပေးသွားမှာဖြစ်ပါတယ်။

ကိုဖိုးကွန့်
1-7-2020(Wed)

မြန်မာ့ဘောလုံးလောကအတွ​က် သဲတစ်ပွင့်ဖြစ်စေခဲ့မလား!Android ဖုန်းများအတွက် Download ပြုလုပ်ရန်Google Play Store Link⚽ http:...
04/06/2020

မြန်မာ့ဘောလုံးလောကအတွ​က် သဲတစ်ပွင့်ဖြစ်စေခဲ့မလား!
Android ဖုန်းများအတွက် Download ပြုလုပ်ရန်
Google Play Store Link
http://bit.ly/39okw6l

ဟုတ်ကဲ့။အဲဒီသဲတစ်ပွင့်လေးကတော့ All in One Sports ဆိုတဲ့ Application လေးပဲ ဖြစ်ပါတယ်။သူဟာ အရမ်းကို ထူးခြားလှတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ နိုင်ငံတကာ ပရီးမီးယားလိဒ် ချန်ပီယံလိဒ် ပြိုင်ပွဲတွေကို အိမ်က ဖုန်းထဲကနေ ရလာဒ်တွေ ကြည့်လို့ရသလို မြန်မာနိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ မြန်မာနေရှယ်လိဒ်ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ၊ ဖူဆယ်လိဒ်ပြိုင်ပွဲ ၊ မြို့နယ်ပွဲရပ်ကွက်ပွဲတွေ ၊ ဝန်ကြီးချုပ်ပြိုင်ပွဲနဲ့ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲတွေအပြင် တစ်နိုင်ငံလုံးမှာ ကျင်းပတဲ့ ကိုယ်ထူကိုယ်ထ ဘောလုံးဖူဆယ် ပြိုင်ပွဲတွေ အပျော်တမ်းလိဒ်ပွဲတွေကအစ ထည့်သွင်းကြည့်ရှုလို့ ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ပွဲစဥ်ဇယားရပ်တည်မှု ၊ ပွဲချိန်တွေအပြင် ကစားသမားတွေရဲ့ အချက်အလက်တွေ ၊ ဂိုးသွင်းသူစာရင်း ၊ဖန်တီးသူစာရင်း ၊အကောင်းဆုံးဂိုးသမားနဲ့ အဝါကဒ် အနီကဒ် အရေအတွက်တွေကအစ ထည့်သွင်းကြည့်ရှုလို့ရမှာပါ။မိမိတို့ ဒေသ မြို့ရွာမှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေရဲ့ အခက်အလက်တွေကို မိမိတို့ ဘာသာ ဖုန်းလေးတစ်လုံးရှိရုံနဲ့ အလွယ်တကူ ထည့်သွင်းနိုင်ပြီး စက္ကန့်ပိုင်းအတွင်း ဘယ်သူမဆို Up to Date အချက်အလက်တွေကို သိရှိနိုင်တော့မှာ ဖြစ်ပါတယ်။

အသုံးပြုတဲ့ User တွေကလည်း ကြိုက်နှစ်သက်ရာ ပြိုင်ပွဲတွေကိုသာ ရွေးချယ်ပြီး ကြည့်လို့ ရတာမို့ အဆင်ပြေမှာပါ။မကြာခင်မှာလည်း ဘောလုံးနှင့် ဖူဆယ်တို့ရဲ့ စည်းမျဥ်းစည်းကမ်း Law of the Games တွေအပြင် ဘောလုံးလေ့ကျင့်နည်းစနစ်တွေကိုပါ ထည့်သွင်းဖော်ပြပေးသွားမှာပါ။

ပြိုင်ပွဲတစ်ခုချင်းစီတိုင်းရဲ့ အကောင်းဆုံးဆုရ ကစားသမားနည်းပြစာရင်းတွေ ၊ ထောက်ပံ့ပေးတဲ့ Sponsorship ၊ Partnership တွေ အပြင် ပြိုင်ပွဲရဲ့ သမိုင်းကြောင်းများကိုပါ စုံစုံလင်လင် ဖော်ပြပေးနိုင်အောင် ကြိုးစားနေပါတယ်။

အသင်းတစ်သင်းရဲ့ သမိုင်းကြောင်း ၊ စတင် တည်ထောင်ခဲ့စဥ်ကတည်းကနေ ပါဝင်ခဲ့တဲ့ပြိုင်ပွဲများနှင့် ပွဲစဥ်များ အသင်းရဲ့ Sponsorship များအပြင် အခြားသော ပရိသတ်တွေရဲ့ ဆန္ဒတွေကိုပါ အစွမ်းကုန် ကြိုးစားဖြည့်ဆည်းပေးသွားမှာပါ။

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ အားကစားပစ္စည်းအရောင်းဆိုင်များရဲ့ လိပ်စာများနှင့် ရရှိနိုင်သော အားကစားအသုံးအဆောင်များကို ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်အောင်လည်း ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။

လက်ရှိအချိန်မှာတော့ Android ဖုန်းများအတွက်သာ ရရှိနိုင်သေးပြီး iOS အတွက်လည်း အစွမ်းကုန်ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံမှာ ဘောလုံးပြိုင်ပွဲပေါင်းများစွာကို နှစ်စဥ်ကျင်းပလေ့ ရှိပေမယ့် ပြိုင်ပွဲအချက်အလက်များကို အချိန်မရွေး အလွယ်တကူ ကြည့်ရှု ရှာဖွေနိုင်ဖို့ မလုပ်ဆောင်နိုင်ခဲ့တာကြောင့် တစ်နှစ်နဲ့ တစ်နှစ် တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်းအနိမ့်အမြင့် ပြောင်းလဲမှုများကို သုံးသပ်ဖို့ အခက်အခဲ များစွာ ဖြစ်နေခဲ့ကြရပါတယ်။ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြု ဖော်ပြပေးနိုင်မှု အားနည်းတာကြောင့် ကြိုးစားအားထုတ်မှုတွေကလည်း လျော့ပါးလာပါတယ်။ ပြိုင်ပွဲဟာ လူသိများထင်ပေါ်မှု မရှိတာကြောင့် ထောက်ပံ့ကူညီပေးမယ့်သူတွေနဲ့လည်း ဝေးနေရပါတယ်။

ဒါကြောင့် ဒီကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ဖို့ REAL Sports ရဲ့ Founder ဖြစ်တဲ့ ကိုအားမာန်နဲ့ ညီငယ်တွေက 2019 ခုနှစ်မှာ စတင်ကြိုးစားခဲ့ပြီး 2020 ခုနှစ်မှာ MPT က ကျင်းပတဲ့ မြန်မာနိုင်ငံလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဥ်မှာ Startup Award 2020 ကို ရရှိခဲ့ပါတယ်။ဒါကြောင့် အမြန်ဆုံး ပရိသတ် လိုအပ်ချက်တွေ မြန်မာ့ဘောလုံးလောက ရဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အရင်ကထက် အစွမ်းကုန် ကြိုးစားနေပါကြောင်းနဲ့ Android Phone အသုံးပြုတဲ့ မြန်မာ့ဘောလုံး ပရိသတ် ကြီးကလည်း Google Play Store မှ Download ရယူပြီး ဝေဖန်အကြံပြုပေးခဲ့ပါဦးလို့ တောင်းဆို ပါရစေခင်ဗျာ။

Android ဖုန်းများအတွက် Download ပြုလုပ်ရန်
Google Play Store Link
http://bit.ly/39okw6l

မိတ်ဆွေ.....ယနေ့စိတ်ချမ်းသာပါစေ
ကိုအားမာန်

Address

Hlaing

Telephone

+959777870090

Website

Alerts

Be the first to know and let us send you an email when Arrman Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arrman Studio:

Videos

Share

Category


Other Video Creators in Hlaing

Show All