12/01/2025
"ဂျပန်မှာ လူအချစ်ခံရဆုံး လူပုဂ္ဂိုလ်(၁)ဦးကို ပြပါဆိုလျှင်"
※ သူနာမည်က Fukuzawa Yukichi (ဖုကုဇာဝါ ယူကိချိ) ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး 一万円 (ယန်း ၁၀,၀၀၀) တန်ပေါ်မှ ပုဂ္ဂိုလ်ကြီးမို့ ချစ်သူတွေ ဝိုင်းနေပေတာ မစမ်းပါဘူး။ ဂျပန်လူမျိုးတွေက သူ့ကို ချစ်သလို ဂျပန်နိုင်ငံရောက် မြန်မာတွေလည်း သူ့ကို ချစ်ကြပါတယ်။ ဘာကြောင့် ချစ်သလဲဆိုတော့ သူ့ပုံနှင့်ပိုက်ဆံတွေ သင့်လက်ထဲမှာ များများရှိနေပီဆိုရင်တော့ သင်ဟာ သူဌေးဖြစ်ပီပဲ။
※ သို့သော် သူဘယ်သူလဲဆိုတာ သိသော မြန်မာလူမျိုး နည်းပါးလှပါသည်။ ဘာကြောင့် သူ့ကို ဂျပန်နိုင်ငံ၏ တန်ဖိုးအမြင့်ဆုံးငွေစက္ကူ ဖြစ်သော ယန်း၁၀,ဝ၀ဝ တန်ပေါ်တွင် ဂုဏ်ပြုဖော်ပြထားရပါသနည်း။ ဖုကုဇာဝါသည် ဂျပန်နိုင်ငံကို ခေတ်မီတိုးတက်သော စက်မှုစီးပွားရေးနိုင်ငံ ဖြစ်လာအောင် ရှေ့ဆောင်လမ်းပြခဲ့ခြင်းကြောင့် ယန်း ၁၀,ဝ၀ဝ တန်ကို သူ့ပုံဖြင့် ထုတ်ဝေဂုဏ်ပြုထားခြင်း ဖြစ်ပါသည်။
※ ဂျပန်နိုင်ငံကို စက်မှုစီးပွားရေးနိုင်ငံဖြစ်အောင် လုပ်ဆောင်နိုင်သူဆိုပါက သူသည် စက်မှုလုပ်ငန်းရှင်ကြီးသော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးသော်လည်းကောင်း၊ ထူးချွန်ပြောင်မြောက်သော သိပ္ပံပညာရှင်ကြီးသော်လည်းကောင်း၊ ကျွမ်းကျင်ထက်မြက်သော အင်ဂျင်နီယာကြီးသော်လည်းကောင်း ဖြစ်ပေလိမ့်မည်။ မဟုတ်ပါ။
※ အမှန်မှာ ဖုကုဇာဝါသည် စာပေပညာရှင်တဦးသာ ဖြစ်ပါသည်။ စာရေးဆရာ၊ သတင်းစာဆရာ၊ ကျောင်းဆရာ၊ ဘာသာပြန်၊ စကားပြန်သာ ဖြစ်သည်။ တိုင်းပြည်၏ တာဝန်ကို စာပေသမားအဖြစ် ကလောင်နှင့် ထမ်းရွက်ခဲ့ပုံမှာ ခေတ်သစ် ဂျပန်နိုင်ငံသမိုင်းတ ွင် စံနမူနာယူစရာ ကမ္ဗည်းမော်က ွန်းထိုးခဲ့ရ၏။
သမိုင်းကြောင်းဖြစ်စဉ်
※ ဖုကုဇာဝါ ယူကိချိကို ၁၈၃၅ ခုနှစ်တ ွင် ကျူးရှူးကျွန်း၊ နာကတ်ဆုမြို့၌ ဖ ွားမြင်ခဲ့သည်။ သူ၏ဖခင်မှာ အဆင့်နိမ့်သော ဆာမူရိုင်းတဦးဖြစ်၍ မိသားစု ဆင်းရဲနွမ်းပါးသည်။ သူသည် ငယ်စဉ်ကပင် ပဒေသရာဇ်စနစ်၏ အမြင်ကျဉ်းမြောင်းသော တရားသေဆန်မှုကို မုန်းတီးခဲ့သည်။ ဖုကုဇာဝါသည် အသက် ၁၉ နှစ်အရွယ် ၁၈၅၄ ခုနှစ်တ ွင် အနောက်တိုင်း သေနတ်အမြောက်ပညာ ဆည်းပူးရန် နာဂါဆာကီမြို့သို့ ထ ွက်ခ ွာသ ွားခဲ့၏။ (မြန်မာနိုင်ငံတွင် မင်းတုန်းမင်းခေတ် ဖြစ်၍ အနောက်နိုင်ငံများသို့ ပညာတော်သင်စေလွှတ်နေသော အချိန်အတူတူ ဖြစ်ပေသည်။)
※ ဖုကုဇာဝါသည် ၁၈၅၅ ခုနှစ်တ ွင် အိုဆာကာမြို့၌ ဒတ်ခ်ျဘာသာကို လေ့လာသင်ယူခဲ့သည်။ သူသည် ဒတ်ခ်ျဘာသာကို စိတ်အားထက်သန်စွာ မနားမနေ လေ့လာလိုက်စားရုံသာမက အနောက်တိုင်းသိပ္ပံပညာများ ဖြစ်သော ဓာတုဗေဒ၊ ရူပဗေဒနှင့် ခန္ဓာဗေဒတို့ကိုလည်း ကျောင်းစာကြည့်တိုက်မှ စာအုပ်များကိုဖတ်ရှု၍ လေ့လာဆည်းပူးခဲ့၏။ ဖုကုဇာဝါ၏ လေ့လာသင်ကြားမှုများ မတိုင်မီ ၂ နှစ်ကပင် အမေရိကန်ရေတပ် ဗိုလ်မှူးချုပ် ပယ်ရီ၏ သင်္ဘောအုပ်စုသည် တိုကျိုပင်လယ်အော်သို့ ၁၈၅၃ ခုနှစ် တွင်ရောက်ရှိလာကာ ဂျပန်နိုင်ငံ၏ နှစ်၂၀ဝကျော် တံခါးပိတ်ဝါဒ ပြီးဆုံးစပြုနေပြီဖြစ်သည်။
※ နိုင်ငံခြားသင်္ဘောများ ပြန်လည်အဝင်အထွက် လုပ်လာ၍ နိုင်ငံခြားကုန်သည်များဖြင့် စည်ကားလာသော ဂျပန်ပြည်တွင် ဒတ်ခ်ျ ဘာသာတတ်မြောက်ထားသော ဖုကုဇာဝါ၏ဘဝမှာ အပြောင်းအလဲများ ဖြစ်လာခဲ့တော့သည်။ သူ၏နယ်မြေအာဏာပိုင်များက နောင်တွင် တိုကျိုဖြစ်လာမည့် အဲဒိုမြို့သို့ သူ့အားဆင့်ခေါ်ပြီး ဒတ်ခ်ျဘာသာသင်ကျောင်းတစ်ခု ထူထောင်ရန် အမိန့်ပေးခဲ့သည်။ နိုင်ငံခြားကုန်သည်များနှင့် ပြောဆိုဆက်ဆံနိုင်အောင် အာဏာပိုင်များက လုပ်ဆောင်သော်လည်း အလွဲကြီးလွဲနေပါသည်။
※ သူသည် အဲဒို (တိုကျို) အနီးရှိ ယိုကိုဟားမားတွင် အသစ်စည်ပင်လာသော နိုင်ငံခြားသားကုန်သည်များ၏ အသိုင်းအဝိုင်းကို မဆိုင်းမတွ သွားရောက် လေ့လာပါတော့သည်။ သူအတော်ပင် စိတ်ပျက်လက်ပျက် ဖြစ်ရလေသည်။ ယိုကိုဟားမားရှိ ကုန်သည်များသည် ဒတ်ခ်ျစကားမပြောဘဲ အင်္ဂလိပ်စကားသာ ပြောဆိုသည်ကို တွေ့ရလေသည်။ ထို့ကြောင့်၊ သူသည် အင်္ဂလိပ်ဘာသာကို လေ့လာရန်ဆုံးဖြတ်၍ အစမှ ပြန်လည်သင်ယူဆည်းပူးပြန်သည်။
※ ဒတ်ခ်ျနှင့် အင်္ဂလိပ်ဘာသာ တတ်ကျွမ်း၍ ပညာရဲရင့်ပွဲလယ်တင့်သော ဖုကုဇာဝါသည် ၁၈၆၀ ခုနှစ် တွင် အမေရိကန်နိုင်ငံသို့ ပထမဆုံး စေလွှတ်သော သံအဖွဲ့၌ ပါဝင်ခဲ့၏။ နောက်နှစ်နှစ်အကြာတွင် သူသည် ဥရောပသို့ စေလွှတ်သော သံအဖွဲ့တွင် ပါဝင်ရပြန်ပြီး ပြင်သစ်၊ အင်္ဂလန်၊ ဟော်လန် (ဒတ်ခ်ျ)၊ ရုရှားနှင့် ပေါ်တူဂီတို့သို့ ရောက်ခဲ့ရာဝယ် အနောက်နိုင်ငံယဉ်ကျေးမှုများကို သူတတ်နိုင်သလောက် အကုန်လေ့လာတော့သည်။ အနောက်နိုင်ငံခရီးများမှ ပြန်လာသော ဖုကုဇာဝါသည် သူ၏ အတွေ့အကြုံကို “ဆေးယောဂျိဂျော” (အနောက်နိုင်ငံမှအခြေအနေများ) စာအုပ်ကိုရေးသားထုတ်ဝေခဲ့ရာ အကြီးအကျယ်အောင်မြင် ကျော်ကြားခဲ့ပေသည်။
※ ထိုခေတ်က အနောက်နိုင်ငံသားများ၏ နေ့စဉ်နေထိုင်မှု ဘဝဓလေ့များနှင့် လူ့အဖွဲ့အစည်းအကြောင်းကို ရိုးရိုးရှင်းရှင်း ရေးထားသော ထိုစာအုပ်မှာ လူကြိုက်များလှသဖြင့် အုပ်ရေ ၁၅၀,ဝ၀ဝ ရောင်းချခဲ့ရသည်။ သူ့ခေတ်က ဤမျှရောင်းရသော စာအုပ်မရှိခဲ့ချေ။ သူသည် အတွဲ ၁၀ တွဲအထိ ရေးသားထုတ်ဝေခဲ့သည်။ ထိုအချိန်တွင် သူ၏ ဘဝပေးတာဝန်ကို သတိပြုမိလာပါတော့သည်။ ၎င်းမှာ အနောက်နိုင်ငံယဉ်ကျေးမှု၏ အခြေခံမူများအပေါ် အခြေတည်၍ လုံးဝအသစ်ဖြစ်သော တွေးခေါ်ယူဆပုံများကို
ဂျပန်လူမျိုးများအား အသိပညာပေးရန် ဖြစ်ပါသည်။
※ ဂျပန်နိုင်ငံသည် အားပျော့ကာ ခေတ်နောက်ပြန်ဆွဲနေရခြင်းမှာ အနောက်နိုင်ငံများက ပိုင်ဆိုင်သော အရာနှစ်ခုသည် ဂျပန်ယဉ်ကျေးမှုတွင် မရှိခြင်းကြောင့်ဖြစ်သည်ဟု ဖုကုဇာဝါက ကောက်ချက်ချသည်။ ၎င်းတို့မှာ သိပ္ပံပညာနှင့် လွတ်လပ်သော စိတ်ဓာတ် ဖြစ်၏။ လွတ်လပ်သောစိတ်ဓာတ်ဆိုသည်မှာ ရှေးရိုးအစဉ်အလာမှ ခွဲထွက်၍ လွတ်လပ်စွာ မိမိဖာသာ တွေးခေါ်မျှော်မြင်ခြင်းပင် ဖြစ်သည်။ ထိုအရာနှစ်ခုကိုသာ ဂျပန်နိုင်ငံတွင်းသို့ သွတ်သွင်းပေးနိုင်လျှင် အင်အားနှင့် ဥစ္စာဓန တိုးပွားဖွံ့ဖြိုးလာပြီး၊ ပြိုင်ဖက် ဗြိတိန်ကို ယှဉ်နိုင်လိမ့်မည်၊ အနောက်နိုင်ငံများ၏ တိုက်ခိုက်မှုနှင့် ခေါင်းပုံဖြတ်မှုများကို ကာကွယ်နိုင်လိမ့်မည်ဟု ဖုကုဇာဝါက ယူဆခဲ့သည်။
※ ထို့ကြောင့်၊ သူသည် သမရိုးကျ ပုဂ္ဂလိက ပညာသင်ကျောင်းများမှ လမ်းခွဲထွက်ကာ “သိပ္ပံ” နှင့် “လွတ်လပ်မှု” ကို အလေးပေးသည့် အဆင့်မြင့်ပညာရေးကို အားပေးရန်အတွက် “ခဲအိုးဂိဂျုကု” (ခဲအိုးအတတ်ပညာသင်ကျောင်း) ကို ၁၈၅၈ ခုနှစ်တွင် ထူထောင်ခဲ့၏။ ခဲအိုးဂိဂျုကုသည် ယနေ့ခေတ်တွင် ခဲအိုးတက္ကသိုလ်အဖြစ် ဖွံ့ဖြိုးလာခဲ့ပါသည်။ သူထူထောင်သော ခဲအိုးဂိဂျုကုမှ ဂျပန်နိုင်ငံ၏ ခေတ်သစ်ကို ဦးဆောင်မည့်သူများစွာ ပေါ်ထွက်လာခဲ့ပါသည်။
※ သူ၏တပည့်ဟောင်း ဟာယာရှိ ယုတဲကိသည် “မာရုယ” အမည်ရှိ ကုန်သွယ်ရေးကုမ္ပဏီတခုကို တည်ထောင်ရာတွင် ဖုကုဇာဝါလည်း ငွေရင်းထည့်ဝင်သည်။ သူ၏ မိတ်ဆွေအပေါင်းအသင်းများနှင့် တပည့်တပန်းများကိုလည်း မာရုယတွင် ပါဝင်စေကာ ကုန်သွယ်ရေး၊ အထူးသဖြင့် ပို့ကုန်သွင်းကုန်ကိစ္စများနှင့် ပတ်သက်သော လုပ်ငန်းလုပ်ကိုင်ပုံများကို အတွေ့အကြုံယူစေသည်။ လက်တွေ့ လုပ်ငန်းလေ့ကျင့်နိုင်သော “စီးပွားရေးလုပ်ငန်း ပညာသင်ကောလိပ်” တခုအဖြစ် သူက မာရုယကို သဘောထားခဲ့၏။ မာရုယသည် ယနေ့ခေတ်တွင် ဂျပန်နိုင်ငံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီး ဖြစ်သော “မာရုဇန်းနှင့်ကုမ္ပဏီ” ဖြစ်ပါသည်။
※ နှစ် ၂၀၀ ကျော် တံခါးပိတ်ဝါဒကျင့်သုံးခဲ့သော ဂျပန်နိုင်ငံသည် နိုင်ငံတကာအတွေ့အကြုံနှင့် ကုန်သွယ်ရေး ဘာတစ်ခုမှ မရှိသေးသော အချိန်ဖြစ်ပါသည်။ ယနေ့ခေတ် မြန်မာနိုင်ငံသည် ပို့ကုန်သွင်းကုန်လုပ်ငန်းကို နားလည်ကျွမ်းကျင်သူများ လေ့ကျင့်မွေးထုတ်ပေးရန် လိုအပ်ပါလိမ့်မည်။ သူတို့ခေတ်က ဂျပန်နိုင်ငံသည် စီးပွားရေးတံခါးဖွင့်ကာစ အစိမ်းသက်သက်နိုင်ငံဖြစ်သည်ကို သတိပြုမိသည်ဆိုလျှင် ဖုကုဇာဝါ၏ အမြင်ကျယ်သောခြေလှမ်းများကို သဘောပေါက်ပါလိမ့်မည်။ ထိုခေတ်တုန်းက ဂျပန်သည် လယ်ယာနှင့် တံငါလုပ်ငန်းများသာရှိသော ဆင်းရဲသည့် နိုင်ငံငယ်တစ်ခုသာ ဖြစ်တော့၏။
※ ဖုကုဇာဝါ၏ ထူးခြားဆန်းသစ်သော အတွေးအခေါ် အယူအဆများကြောင့် သူ၏ ခဲအိုးကျောင်းထွက်များစွာကို မစ်ဆုဘိရှီကုမ္ပဏီက အလုပ်ခန့်အပ်ခဲ့ရာ ၎င်းတို့အနက် ရှိုဒါ ဟဲဂိုရိုသည် နောင်တွင် မစ်ဆုဘိရှီ၏ မန်နေဂျာဖြစ်လာခဲ့၏။ ရှိုဒါသည် မဲဂျိအာမခံလုပ်ငန်း၊ တိုကျိုရေကြောင်းနှင့် မီးအာမခံကုမ္ပဏီနှင့် အခြားကုမ္ပဏီများစွာကို ထူထောင်လုပ်ကိုင်ခဲ့သည်။ ဖုကုဇာဝါသည် “ဂျိဂျိရှင်ပို” (မျက်မှောက်ရေးရာ) အမည်ရှိ သတင်းစာကိုလည်း ထုတ်ဝေ၍ ရှင်းလင်းလွယ်ကူသော အရေးအသားဖြင့် ဆောင်းပါးမျိုးစုံကို ရေးသားကာ ဂျပန်လူမျိုးများကို မျက်စိဖွင့်ပေးခဲ့သည်။ သူသည် တည်တည်ခန့်ခန့် ဆွေးနွေးဝေဖန်ချက်များသာမက ခေတ်နှင့် လူမှုရေးအခြေအနေကို ခနဲ့သရော်သော စာများကိုလည်း ရေးသားခဲ့သော စာရေးအား အလွန်ကောင်းသူဖြစ်သည်။ သူ၏ဆောင်းပါးပေါင်းချုပ်များနှင့် စာအုပ်များမှာ ယနေ့ခေတ်အထိ တွင်ကျယ်နေဆဲဖြစ်သည်။
※ ဖုကုဇာဝါသည် ၁၈၉၂ ခုနှစ်တွင် ကူးစက်ရောဂါဆေးပညာဌာနကို ဂျပန်နိုင်ငံတွင် ပထမဦးစွာ စတင်တည်ထောင်ခဲ့ပြီး နောင်တွင် တိုကျိုတက္ကသိုလ် ဆေးပညာဌာန ဖြစ်လာခဲ့ပါသည်။ ဂျပန်နိုင်ငံ ခေတ်သစ်ဆေးပညာ၏ သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါသည်။ မြန်မာပြည်တွင် မင်းတုန်းမင်းခေတ်ဖြစ်သော ဂျပန်နိုင်ငံတွင် ဖုကုဇာဝါ၏ အတွေးအခေါ်အယူအဆများ မည်မျှခေတ်မီသည်ကို သူ၏ “စက်မှုစီးပွားရေးအပေါ် ဆွေးနွေးချက်” ဆောင်းပါးမှ ကောက်နုတ်၍ တင်ပြပါမည်။ “ကုန်သွယ်ရေးတွင် နိုင်ငံတကာကိုယှဉ်နိုင်ရန် စက်မှုစီးပွားရေးလုပ်ငန်းကို ဦးဆောင်ဦးရွက်ပြုသူများသည် သန့်စင်မြင့်မြတ်သော ဆာမူရိုင်း အသိစိတ်ဓာတ်ရှိရပေမည်။ ဥပမာအားဖြင့်၊ ဖြောင့်မတ်ရမည်၊ ရိုးသားရမည်၊ တည်ကြည်ရမည်၊ ထို့နောက် လိုအပ်သော သိပ္ပံအသိအမြင် ရှိရမည်” ဟု ရေးသားခဲ့သည်။
※ ဖုကုဇာဝါ၏ အတွေးအခေါ်သည် မြန်မာနိုင်ငံတွင် အရိုးစွဲနေသည့် ၊ စီးပွားရေးသမားဆိုလျှင် လည်ရမည်၊ လိမ်ရမည်၊ အမြတ်ရသမျှ ရိတ်ရမည် ဆိုသောအယူအဆများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသည်။ သို့သော် သူ၏အယူအဆ လွှမ်းမိုးသော ဂျပန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်း ဦးဆောင်သူများသည် သူ့လမ်းစဉ်အတိုင်း ကျင့်ကြံကြသောကြောင့် ဂျပန်ကုန်သည်နှင့် စီးပွားရေးလုပ်ငန်းရှင်များအား ဖြောင့်မတ်၍ သိက္ခာသမာဓိရှိသူများ၊ ယုံကြည်စိတ်ချရသူများအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာကြသည်။ Made in Japan ဆိုလျှင် အရည်အသွေး လုံးဝ စိတ်ချရသည်ဟု တစ်ထစ်ချ ယုံကြည်ကြသည်။
※ ထိုသို့ အရေးထားလေးစားမှုသည် ငွေကြေးအမြတ်အစွန်းထက် ဂျပန်လူမျိုးတမျိုးလုံး အကျိုးဖြစ်ထွန်းခဲ့ပါသည်။ တိုင်းပြည်ကိုလည်း ဂုဏ်သိက္ခာတက်စေခဲ့၏။ မြန်မာနိုင်ငံတွင် အမြတ်များများ တစ်နပ်စား လုပ်နေသော စီးပွားရေးသမားများ သတိပြုဆင်ခြင်ဖွယ် ဖြစ်တော့သည်။ ရှိုးဂွန်းစစ်သူကြီးများ အုပ်ချုပ်သော ဂျပန်နိုင်ငံတွင် ဖုကုဇာဝါ၏ အနောက်တိုင်း အတွေးအခေါ် အယူအဆများ၊ လုပ်ကိုင်ဆောင်ရွက်ပုံများကို ဖိနှိပ်ချိုးနှိမ်ခြင်း မရှိခဲ့သည်မှာလည်း ဂျပန်နိုင်ငံ တိုးတက်မှုအတွက် အရေးကြီးခဲ့၏။ မြန်မာစစ်အစိုးရကဲ့သို့ “အနောက်မျှော်ဘိုးတော်ကြီး”၊ “ပထွေးကို အဖေခေါ်ချင်သူ” ဟု အမျိုးမျိုး ကင်ပွန်းတပ် ပုတ်ခတ်၍ အမြင်ကျဉ်းမြောင်းစွာ ချုပ်ချယ်ခဲ့မည်ဆိုလျှင် ဂျပန်နိုင်ငံသည် ကမ္ဘာ့ စက်မှုထိပ်တန်းနိုင်ငံ ဖြစ်မလာနိုင်ပေ။
※ ဖုကုဇာဝါသည် ၁၉၀၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ရာ ဖုကုဇာဝါကို ဂျပန်နိုင်ငံ၏ တန်ဖိုးအမြင့်ဆုံး ယန်း ၁၀,ဝ၀ဝ တန်ပေါ်တွင် ဂုဏ်ပြုဖော်ပြရလောက်အောင် တိုင်းပြည်တာဝန် ကျြွေပန်ခဲ့ပေသည်။ နှိုင်းယှဉ်သုံးသပ်မည်ဆိုပါလျှင် မင်းတုန်းမင်းခေတ် မြန်မာနိုင်ငံသည် အနောက်နိုင်ငံများနှင့် သံတမန်အဆက်အသွယ်ရှိ၍ ပညာတော်သင်များ စေလွှတ်နေသဖြင့် တံခါးပိတ် ဂျပန်ထက် များစွာသာလွန်သော နိုင်ငံဖြစ်သည်။ နှစ်တစ်ရာကျော်အကြာတွင် မိုးနှင့်မြေလောက် ကွာခြားသွားရသည်မှာ ခေတ်နှင့်စနစ်တို့အပြင် အတွေးအခေါ် အယူအဆ မတူကြသောကြောင့်လည်း ဖြစ်ပေသည်။
※ ဖုကုဇာဝါ၏ အတွေးအခေါ်များကို လေ့လာကြည့်လျှင် အနှစ်ချုပ် သင်ခန်းစာယူစရာများ ရှိပါသည် -
★ ကိုယ့်ထက် သာလွန်တိုးတက်သော နိုင်ငံများမှ အတုယူရမည်။ သူတို့ခေတ်က ဂျပန်ထက် ခေတ်မီနေသော ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်၊ အမေရိကန် စသော အနောက်နိုင်ငံတို့ကို မရှက်မကြောက် အတုခိုးသည်။
★ လွတ်လပ်စွာ တွေးခေါ် မျှော်မြင်ရမည်။ မိရိုးဖလာ ရှေးရိုးစွဲများကို ပယ်ဖျောက်၍ သိပ္ပံနည်းကျကျ စဉ်းစားဆင်ခြင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့သည်။ မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ရိုးရာအစဉ်အလာ ဗေဒင်၊ ယတြာ ရှေးကျသည့် ယုံကြည်မှုများထက် လက်တွေ့ကျသော သိပ္ပံနည်းကျ ခေတ်မီအယူအဆများ ထွန်းကားလာအောင် အားပေးကြရမည်။
★ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးသည် အဓိကဖြစ်သည်။ သိပ္ပံပညာနှင့် လွတ်လပ်စွာ တွေးခေါ်ရေးအတွက် ခဲအိုးတက္ကသိုလ်နှင့် ကူးစက်ရောဂါဆေးတက္ကသိုလ်ကို ထူထောင်ခဲ့သည်။
★ ကုန်သွယ်စီးပွားရေးတွင် သိက္ခာသမာဓိရှိရှိ ရိုးသားဖြောင့်မတ်ရန် အလွန်အရေးကြီးသည်။ တစ်နပ်စားအမြတ်အစွန်းထက် နိုင်ငံနှင့် လူမျိုးအတွက် ရေရှည်အကျိုးစီးပွားကို ဦးစားပေးရမည်။
★ ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်ထက် နိုင်ငံတကာကို လွှမ်းခြုံသုံးသပ်နိုင်သော ခေတ်မီအတွေးအခေါ်ရှိရမည်။
ဖုကုဇာဝါ၏ ပြုပြင်ပြောင်းလဲရေး အယူဝါဒများကို ဂျပန်ပြည်သူများက လေးစားလိုက်နာကြသဖြင့် ဂျပန်နိုင်ငံသည်လည်း ခေတ်မီတိုးတက်သော နိုင်ငံကြီးဖြစ်လာခဲ့ပေသည်။
သူ၏အယူအဆများကို ဂျပန်နိုင်ငံတွင် ယနေ့ထက်ထိ လေးစားလိုက်နာနေသည်မှာ ငွေစက္ကူပေါ်မှ ဖူကုဇာဝါ၏ ရုပ်ပုံက သက်သေပြနေပါတော့သည်။
Crd