Tokyo Myanmar Homies

Tokyo Myanmar Homies "Unlock Tokyo's potential & transform your lifestyle. Join TMH!"

“တစ်မိနစ်အလုပ်လုပ်နည်း” အပိုင်း(၅) အဆုံးသတ်朝1分で 仕事が出来る人になる1分間仕事術အထိရောက်ဆုံး အလုပ်လုပ်စရာစာရင်းပုံစံဖြင့်1 မိနစ်အလုပ်လုပ...
27/12/2024

“တစ်မိနစ်အလုပ်လုပ်နည်း” 
အပိုင်း(၅) အဆုံးသတ်

朝1分で 仕事が出来る人になる
1分間仕事術

အထိရောက်ဆုံး အလုပ်လုပ်စရာစာရင်းပုံစံဖြင့်1 မိနစ်အလုပ်လုပ်နည်း စနစ်ကို ဘယ်လိုအသုံးချမလဲ။

အလုပ်လုပ်စရာစာရင်းကို ဘယ်လိုဖန်တီးကြမလဲ။

လက်အောက်အငယ်တန်းဝန်ထမ်းတွေအတွက် အလုပ်လုပ်နိုင်စွမ်းကို အရှိန်မြှင့်ရန် အမြန်ဆုံးသော အကြောင်းရင်းတခုက အလုပ်လုပ်စရာစာရင်း
တခုက ပြုလုပ်ခြင်းဖြစ်ပါတယ်။

တစ်မိနစ်အတွင်း အလုပ်လုပ်စရာစာရင်းကို ချရေးဖို့ ပြောခဲ့ပေမဲ့၊ အစပိုင်း အသားမကျသေးခင်အချိန်မှာ တစ်နာရီလောက် အချိန်ကြာရင်တောင် အလုပ်လုပ်ရမယ့် စာရင်းကို ချရေးဖို့က အရေးကြီးပါတယ်။

"လှေခါးပေါ်မတက်ခင် လှေခါးကို နေရာမှန်မှာ ထောက်ထားဖို့ သေချာပါစေ။"ဆိုတဲ့ စကားရှိပါတယ်။

ကိုယ်က အရေးကြီးတယ်လို့ ယူဆတဲ့အလုပ်ဆို
လျှင်တောင် အထက်အရာရှိရဲ့ ဦးစားပေးတွေနဲ့
မကိုက်ညီပါက သူတို့ရဲ့ ကောင်းမွန်တဲ့အကဲဖြတ်ခံရမှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။ လှေခါးကို မှန်ကန်သောနေရာတွင် ထောက်မှီတဲ့အလုပ်က၊ အသားကျနေတဲ့သူတယောက်အတွက် တစ်မိနစ်အတွင်း
လုပ်ဆောင်နိုင်သော်လည်း၊ အခုမှစလုပ်မယ့်
သူတယောက် အတွက်တော့ အချိန်ယူရမှာ
သဘာဝပါပဲ။

ဒါကြောင့် ကိုယ်က ကောင်းကောင်းမလုပ်နိုင်သေးခင် အချိန်မှာ နံပတ်တစ် ဦးစားပေးလုပ်ကိုလုပ်ရမှာကတော့ လုပ်စရာ အလုပ်စာရင်းတစ်ခုပြုလုပ်ပြီး ကိုယ့်အထက်အရာရှိ တင်ပြပါ။ တာဝန်ခံ လူကြီးထံမှ မီးစိမ်းပြခြင်းမရှိဘဲ ကိုယ်ကဘယ်လိုအလုပ်မျိုးကို လုပ်နေပါစေ၊ ကောင်းမွန်တဲ့အကဲဖြတ် ချီးမွန်းခံရခြင်းကို ရရှိနိုင်မှာ မဟုတ်တာကြောင့် ဖြစ်ပါတယ်။

လုပ်ငန်းရှင်၊ အလွတ်တမ်းပညာရှင်များအနေဖြင့်လည်း တင်ပြစရာ အထက်အရာရှိ ရှိမနေသည့်တိုင် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့တနေ့တာ အလုပ် လုပ်စရာစာရင်းတစ်ခု ဖန်တီးခြင်းဖြင့် နေ့တနေ့ကို စတင်ကြရပါမယ်။ အလုပ် လုပ်စရာစာရင်းကို ချရေးမှတ်ပြီး၊ ကိုယ့်အခြေအနေကို သဘောပေါက်နားလည်ခြင်း
ကနေ ဘာကိုအရင်လုပ်ရမယ်၊ နောက်ဘာလုပ်ရမယ်၊ ဘယ်ဟာကိုတော့ ရွှေ့ဆိုင်းထားရမယ်ဆိုပြီး ဆုံးဖြတ်နိုင်ပါတယ်။

လုပ်ငန်းရှင်က သူ မလုပ်ရမယ့်အရာတွေကို ဆုံးဖြတ်ချက်ချတာဟာ အလုပ်ရဲ့ အရေးကြီးပါတဲ့ တစ်စိတ်တစ်ပိုင်းတစ်ခုပါ။ တစ်ခုခုကို ရေးချလိုက်ပေမယ့် တစ်လလောက်ကြာတဲ့အချိန်အထိ မလုပ်ဖြစ်ရင်၊ တစ်သက်လုံး မလုပ်ဘဲထားတာက ပိုကောင်းတယ်လို့ ယူဆလို့ရပါတယ်။ လုပ်စရာစာရင်းထဲကနေ လုပ် မလုပ် ရွေးချယ်မှုပြုလုပ်ခြင်းက အလုပ်စာရင်းကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။

အလုပ်ကို မြင်သာအောင်လုပ်တယ်ဆိုတာမှာ အဆင့်လေးဆင့်ဖြင့် အလုပ်ကို ပိုင်းခြားထားခြင်းဖြစ်ပါတယ်။

တချို့က "အလုပ်ကို မြင်သာအောင် လုပ်…. မင်းရဲ့အလုပ်ကို မြင်သာအောင် လုပ်ဖို့လိုတယ်" ပြောကြပါလိမ့်မယ်။ ဒါပေမယ့် "အလုပ်ကို မြင်သာအောင်လုပ် ဆိုတာဘာလဲ… အလုပ်ကို မြင်သာအောင် ဘယ်လိုလုပ်ရင် မြင်နိုင်မလဲ" လို့ မေးတဲ့ အခါမှာတော့ ကောင်းကောင်းဖြေဆိုနိုင်တဲ့သူဆိုတာ အများကြီးရှိမှာမဟုတ်ပါဘူး။

ဒါဆိုရင် ကျနော်တို့ရဲ့ အလုပ်ကို ပိုပြီးမြင်သာအောင် ဘယ်လိုလုပ်မလဲ။ အဖြေက အလုပ်ကို အဆင့်လေးဆင့်ခွဲထားရင် အလုပ်ကိုမြင်သာအောင်
လုပ်နိုင်တယ်ဆိုတာပါပဲ။

အလုပ်အဆင့် ၄ ဆင့်

အလုပ်ကို အဆင့်လေးဆင့် ခွဲထားပါ။ နောက်ပြီး အလုပ်တစ်ခုစီကို အမှတ်အသားပြုလုပ်ရပါမယ်။ အဲဒီလိုလုပ်လိုက်တဲ့ အရာတစ်ခုတည်းနဲ့ အလုပ်ကိုမြင်သာအောင် လုပ်နိုင်ပါတယ်။

□ . . . မစတင်ရသေးတဲ့ အဓိကအလုပ်။

△. . . အခုချိန်ကနေ စလုပ်ရမယ့် အရေးကြီးအလုပ်။

▲. . . လုပ်နေဆဲအလုပ်။ နောက်ဆုံးမှာ (.%) ဖြင့်
ဖော်ပြလို့ ရတယ်။

■. . . ပြီးမြောက်သွားတဲ့အလုပ်။

အပေါ်ကအမှတ်အသားလေးခုကို ပိုင်းခြားပြီး အခြားသူများအား ပြသခြင်းဖြင့် အလုပ်ကိုမြင်သာအောင် လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။

#တစ်မိနစ်အလုပ်လုပ်နည်း

အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)

zin myo @ eric
2024/12/27(Fri)

“တစ်မိနစ်အလုပ်လုပ်နည်း” အပိုင်း(၄)朝1分で 仕事が出来る人になる1分間仕事術အကယ်၍ သင်ဟာလုပ်ငန်းရှင်တယောက်ဖြစ်ပါက၊ နာရီကြေးလုပ်အားခနည်းပါးတဲ့အ...
11/12/2024

“တစ်မိနစ်အလုပ်လုပ်နည်း” အပိုင်း(၄)

朝1分で 仕事が出来る人になる
1分間仕事術

အကယ်၍ သင်ဟာလုပ်ငန်းရှင်တယောက်ဖြစ်ပါက၊
နာရီကြေးလုပ်အားခနည်းပါးတဲ့အလုပ်ကို 
တခြားသူကို လွှဲပြောင်း တာဝန်ပေးပါ။

လုပ်ငန်းရှင်တစ်ဦးအနေဖြင့် အလုပ်လုပ်ရမယ့်စာရင်းကို ရေးသားတဲ့အခါ အဓိကအမျိုးအစားနှစ်မျိုး ခွဲခြားနိုင်ပါတယ်။
၁။ နာရီကြေးလုပ်အားခ မြင့်မားတဲ့အလုပ်။
၂။ နာရီကြေးလုပ်အားခ နည်းပါးတဲ့အလုပ်။ နှစ်ခုရှိပါမယ်။

ကျနော့်အနေနဲ့ကတော့ စာအုပ်တစ်အုပ်ကို ၇ ရက်အတွင်း ရေးနိုင်ပါတယ်။ စာအုပ်မူပိုင်ခွင့်တန်ဖိုးက အနည်းဆုံး ယန်း ၇၀၀,၀၀၀ ရှိပါတယ်။ အဲဒီလိုဆိုရင် ကျနော့်ရဲ့ တစ်ရက်လုပ်အားခက ယန်း ၁၀၀၀၀၀ က ပါ။
စာရေးတဲ့အချိန်ကို တစ်ရက်လျှင် ၄ နာရီသတ်မှတ်ထားတာကြောင့် တစ်နာရီလုပ်ခအဖြစ် ပြောင်းလဲကြည့်ပါက ကျနော်စာရေးတဲ့ တစ်နာရီလုပ်အားခမှာ ယန်း ၂၅၀၀၀ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အခန်းကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းစတဲ့ အလုပ်ကိစ္စများလည်း ရှိပါတယ်။ စာတိုက်ကနေတဆင့် စာပို့ဖို့အတွက် စာတိုက်ကို သွားရမယ့် အလုပ်တွေလည်းရှိပါတယ်။
ဒီလိုအလုပ်တွေဟာ ကိုယ်တိုင်မဟုတ်ဘဲ အခြားသူတစ်ဉီးဆိုလျှင်လည်း ကောင်းကောင်းလုပ်နိုင်တဲ့ အလုပ်ဖြစ်ပြီး၊ တစ်နာရီလျှင် ယန်း ၁,၀၀၀ လောက်ဖြင့် အချိန်ပိုင်းအလုပ်သမားတစ်ဦးကို တာဝန်ပေးလုပ်ခိုင်းစေနိုင်ပါတယ်။

လုပ်ငန်းရှင် အတော်တော်များများဟာ သူတို့ကိုယ်သူတို့ အသေးအမွှားအလုပ်တွေကိုလုပ်ရင်း အချိန်ဖြုန်းနေကြသလို ဖြစ်နေ ပါတယ်။ အလုပ်လုပ်စရာစာရင်းကိုချရေးပြီး၊ စာရင်း၏ညာဘက်မှာ တစ်နာရီလုပ်အားခအလိုက် ရေးသားထားခြင်းဖြင့် တစ်နာရီလုပ်အားခမြင့်မားတဲ့အလုပ်ကို ကိုယ်တိုင်လုပ်ကိုင်ပြီး၊ တစ်နာရီလုပ်အားခနည်းပါးတဲ့ အလုပ်များကို တခြားသူဆီ တာဝန်ပေးခိုင်းစေခြင်းက လုပ်ငန်းရှင်တယောက်ရဲ့အလွန်မှန်ကန်သော အလုပ်လုပ်နည်း စနစ်တခုဖြစ်ပါတယ်။

အလုပ်ဆိုတဲ့အရာမှာ ကိုယ်ကလွဲပြီး တခြားသူမလုပ်နိုင်တဲ့အလုပ်မျိုးရှိသလို၊ တခြားသူကို တာဝန်ပေးခိုင်းစေနိုင်တဲ့ အလုပ်မျိုး လည်းရှိပါတယ်။ အလုပ်လုပ်ရမယ့်စာရင်းတစ်ခုကို ပြုလုပ်တဲ့အခါ “ဒီအလုပ်က ငါပဲ လုပ်နိုင်မယ့်၊ လုပ်ရမယ့်အလုပ်” ဆိုတဲ့အလုပ်မျိုး၊ “ဒီအလုပ်ကတော့ တခြားသူကို လုပ်ခိုင်းတာကောင်းတဲ့အလုပ်”ဆိုတဲ့အလုပ်မျိုး၊ စတာတွေကို ဓမ္မဓိဋ္ဌာန်ကျကျမြင်နိုင်ပါတယ်။ လုပ်ငန်းကိုဉီးစီးနေသူကိုယ်တိုင်က ကိုယ်တိုင်မှမလုပ်ရင်မဖြစ်တဲ့အလုပ်မျိုးကို ဆိုလျှင်တော့ ကိုယ်တိုင်မဖြစ်မနေလုပ်ရပါမယ်။

"စာရွက်စာတမ်းတစ်ခုပေါ်မှာ တံဆိပ်ခေါင်းကပ်ဖို့၊ တံဆိပ်တုံးထုဖို့ လိုတယ်" ဆိုတဲ့ငါးမိနစ်အတွင်း ပြီးမြောက်နိုင်တဲ့အရာတွေဖြစ်နေရင်တောင်မှ အဲဒီလိုအလုပ်တွေကို အခြားသူဆီလွှဲပြောင်းခိုင်းစေဖို့က လုပ်ငန်းရှင် တယောက်ရဲ့ အရေးပါတဲ့အလုပ်ဖြစ်ပါတယ်။
ဒီလိုပျင်းစရာကောင်းတဲ့အလုပ်မျိုးကို တခြားသူတစ်ယောက်လုပ်ခိုင်းရတာ သိပ်မဟုတ်သေးဘူးလိုထင်နေရင်တောင်မှ အမှန်တကယ်တာဝန်ပေးလုပ်ခိုင်းကြည့်ပါ။ သင်ရဲ့အချိန်တွေပိုထွက်လာမယ်ဆိုတာကို ကျနော်သေချာပေါက်ပြောနိုင်ပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တယောက်အတွက် အရေးကြီးတဲ့ပထမဆုံးခြေလှမ်းမှာ အခြားသူကိုတာဝန်ပေးခိုင်းစေတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ငါလုပ်လည်းရပါတယ်ဆိုတဲ့ မတင်မကျစိတ်ကို စွန့်လွှတ်ပစ်ရန်ဖြစ်ပါတယ်။
စီမံခန့်ခွဲမှု၏ သံမဏီစည်းမျဉ်းမှာ လုပ်ငန်းရှင်ဆိုတာဟာ တနာရီလုပ်အားခမြင့်မားတဲ့ အလုပ်များကိုသာ အထူးအာရုံစိုက် ရန်ဖြစ်ပါတယ်။

#တစ်မိနစ်အလုပ်လုပ်နည်း

အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)
zin myo @ eric
2024/12/11(Wed)

“တစ်မိနစ်အလုပ်လုပ်နည်း” အပိုင်း(၃)朝1分で 仕事が出来る人になる1分間仕事術ကုမ္ပဏီဝန်ထမ်းတဦးအနေနဲ့ ကိုယ်က ရာထူးငယ်ဝန်ထမ်းတဦးဖြစ်တဲ့အခါ၊  အထက...
06/12/2024

“တစ်မိနစ်အလုပ်လုပ်နည်း” အပိုင်း(၃)

朝1分で 仕事が出来る人になる
1分間仕事術

ကုမ္ပဏီဝန်ထမ်းတဦးအနေနဲ့ ကိုယ်က ရာထူးငယ်ဝန်ထမ်းတဦးဖြစ်တဲ့အခါ၊ အထက်အရာရှိက တောင်းဆိုထားတဲ့ အလုပ်တာဝန်တွေကို ဦးစားပေးအဆင့်အလိုက် ပြင်ဆင်လုပ်ထားဖို့လိုပါတယ်။ ဒီအလုပ်ကို ဉီးစားပေးလုပ်လိုက်ခြင်းက အထက်အရာရှိရဲ့ ကိုယ့်အပေါ်အကဲဖြတ်မှုကို မြှင့်တင်နိုင်တယ်လို့ယူဆရတဲ့ အလုပ်မျိုးရှိသလို တချို့အလုပ်တွေက အကဲဖြတ်ခံရမှုနဲ့ မသက်ဆိုင်တဲ့ အလုပ်မျိုးလည်းရှိနိုင်ပါတယ်။

ဆိုလိုတာက ဒီအလုပ်ကိုတော့ ဒီနေ့အတွင်း ပြီးအောင် လုပ်ဆောင်နိုင်ရင် အထက်အရာရှိ၏ အကဲဖြတ်မှု မြင့်တက်လာမှာဖြစ်ပြီး၊ အချို့အလုပ်မျိုးကျတော့ ဒီတပတ်အတွင်း လုပ်ပြီးလည်း ရပါတယ်ဆိုတာမျိုးပါ။

တနေ့တကြိမ်ကို သေချာစာရင်းချရေးလိုက်ရုံနဲ့ ကိုယ်လုပ်ရမယ့်အလုပ်တွေကို ငှက်တကောင်က ဝေဟင်ပေါ်ကနေ အောက်ကို လှမ်းမြင်နေရသလို အပေါ်စီးကနေ မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြန့်ကျက်ကြည့်တတ်တဲ့ အလေ့အကျင့်ကို လုပ်ထားပါက အလုပ်လုပ်နေစဉ်အတွင်း မလိုအပ်တဲ့စဉ်းစားနေရမှုအချိန်တွေလည်း မရှိနိုင်တော့တာကြောင့် အလုပ်ထိရောက်မှုတွေ ပိုမိုတိုးတက်လာနိုင်ပါတယ်။

ပုံမှန်အငယ်တန်းဝန်ထမ်းများရဲ့အလုပ်မှာ အလုပ်သုံးခုသာ အဓိကလုပ်ဖို့လိုပါတယ်။ အလုပ်တစ်ခုစတင်ကြောင်းကိုတင်ပြခြင်း၊ အလုပ်တိုးတက်မှုအခြေအနေကိုတင်ပြခြင်းနှင့် အလုပ်ပြီးမြောက်သွားကြောင်းကို တင်ပြခြင်းတို့ ဖြစ်ပါတယ်။ ဂျပန်လိုအတိုကောက်ရေးသားထားတဲ့ HouRenSou (ဟိုးရဲန်းစိုး)လို့ခေါ်တဲ့ သတင်းပို့တင်ပြခြင်း၊ ဆက်သွယ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်း တို့ပြုလုပ်ခြင်းဟာ အရေးကြီးတယ်လို့ အထက်အရာရှိအတော်တော်များများက ပြောကြတာ ကြားဖူး ကြမှာပါ။

ဒါပေမယ့် ကုမ္ပဏီအငယ်တန်းဝန်ထမ်းတစ်ယောက်အနေနဲ့တော့ ချက်ချင်းသဘောမပေါက်နိုင်သလို ဒါကို ဘယ်လိုအသုံးချ ရမယ်ဆိုတာလည်း သေချာနားမလည်ကြပါဘူး။ ဘာကိုဘယ်လိုသတင်းပို့တင်ပြရမလဲ။ သတင်းပို့ တင်ပြခြင်းနှင့် ဆက်သွယ်ခြင်းကြားမှာ ကွာခြားချက်ကဘာလဲ။ တိုင်ပင်ဆွေးနွေးခြင်းလုပ်ဖို့ ပြောပေမယ့်လည်း အထက် အရာရှိက ကိုယ့်လောက်တောင် ကွန်ပြူတာအကြောင်းသိပ်မသိလို့ အလုပ်မဖြစ်ဘူး။ နောက်ဆုံးတော့ HouRenSou (ဟိုးရဲန်းစိုး)ဆိုတဲ့ အပြောနဲ့တင်ပဲ အဆုံးသတ်သွားပြီး၊ အထက်အရာရှိကို စိတ်ပျက်စရာပဲ ဖြစ်လာစေတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ အယူအဆသစ်တစ်ခုကို အဆိုပြု ပြောပြချင်ပါတယ်။ အလုပ်ဆိုတာ “အလုပ်တစ်ခုစတင်ကြောင်းကို တင်ပြခြင်း၊ အလုပ်တိုးတက်မှုအခြေအနေကို တင်ပြခြင်းနှင့် အလုပ်ပြီးမြောက်သွားကြောင်းတင်ပြခြင်းကို” ဆိုလိုတဲ့ စဉ်းစားပုံစဉ်းစားနည်း ဖြစ်ပါတယ်။

ကုမ္ပဏီတွေမှာ အလုပ်တစ်ခုစတင်ကြောင်းတင်ပြခြင်းကို မလုပ်ဘဲ အလုပ်စလုပ်ကြတဲ့ အငယ်တန်းဝန်ထမ်းတွေ အမြောက်အများ ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်  အလုပ်စလုပ်လိုက်တာနှင့်တပြိုင်နက် စလုပ်နေကြောင်းကို အထက် အရာရှိထံ တင်ပြပြောဆိုလိုက်ပါက အထက်အရာရှိတယောက်အနေနဲ့ ကျေနပ်ပျော်ရွှင်နေမှာဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ “ဒီတယောက် အလုပ်ကြိုးစားနေတာပဲ”လို့ တွေးသွားစေလို့ ဖြစ်ပါတယ်။

အလုပ်တိုးတက်မှုအခြေအနေတင်ပြခြင်းကို သိရှိရတဲ့အခါ “အခု ဘယ်လောက်ရာခိုင်နှုန်း တိုးတက်နေပြီလဲ… နောက်သိပ်မကြာခင် ပြီးတော့မှာပဲ…” လို့ အငယ်တန်းဝန်ထမ်းများရဲ့ ကြုံတွေ့နေရသော ပကတိအလုပ်အခြေအနေများကို မျှဝေသိရှိနိုင်ပါတယ်။ အလုပ်ပြီးမြောက်သွားကြောင်းတင်ပြခြင်းကို ရရှိတဲ့အခါမှာတော့ “အလုပ်ပြီးမြောက်သွားပြီပဲ၊ မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်တယ်” လို့ အောင်မြင်ပြီးမြောက်တဲ့ခံစားမှုကို ရရှိနိုင်ပါတယ်။

“ငါ့အထက်လူကြီးက ငါ့ကို မချီးကျူးဘူး… သူဌေးက နားလည် မပေးဘူး…”လို့ ပြောနေတဲ့သူတွေ ရှိပါလိမ့််မယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အငယ်တန်းဝန်ထမ်းများထံမှ အလုပ်တစ်ခုစတင်ကြောင်းကိုတင်ပြခြင်း၊ အလုပ်တိုးတက်မှု အခြေ အနေကိုတင်ပြခြင်းနှင့် အလုပ်ပြီးမြောက်သွားကြောင်းကို တင်ပြခြင်း စတဲ့သတင်းအချက်အလက်တို့ကို မရတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အထက်အရာရှိတစ်ယောက်အနေနဲ့ သူတို့သိရှိနားလည်ထားတာ မရှိရင် အသိမှတ်ပြု ချီးကျူး လို့လည်း မရှိနိုင်ပါဘူး။

အထက်အရာရှိက “ကျနော့်ရဲ့ လက်အောက်ဝန်ထမ်းတွေ အခု ဘာလုပ်နေကြလဲ မသိဘူး… သူတို့တွေ အလုပ်အပေါ် ဘယ်လိုစဉ်းစားတွေးခေါ်နေတာလဲဆိုတာ လုံးဝနားမလည်ဘူး…”လို့ ပြောမယ်။ ဒီကိစ္စလည်း အငယ်တန်းဝန်ထမ်း တွေက အလုပ်တစ်ခုစတင်ကြောင်းကိုတင်ပြခြင်း၊ အလုပ်တိုးတက်မှုအခြေအနေကိုတင်ပြခြင်းနှင့် အလုပ်ပြီးမြောက်သွား ကြောင်းတို့ကို မလုပ်ကြလို့ဖြစ်ပါတယ်။
အပေါ်မှာဖော်ပြခဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုရင် အစီရင်ခံတင်ပြခြင်းမပြုလုပ်တဲ့ အငယ်တန်းဝန်ထမ်းတွေဟာ အလုပ်ကို ကောင်းကောင်းမွန်မွန် မလုပ်တဲ့သူတွေဖြစ်ကြပြီး၊ ပုံမှန်တင်ပြ သတင်းပို့နေတဲ့ သူတွေကြတော့ သူတို့အလုပ်ကို သေချာကြိုးစားလုပ်ဆောင်နေတဲ့ သူများဖြစ်နေပါတယ်။ အလုပ်တစ်ခုစတင်ကြောင်းကိုတင်ပြခြင်း၊ အလုပ်တိုးတက်မှု အခြေအနေကိုတင်ပြခြင်းနှင့် အလုပ်ပြီးမြောက်သွားကြောင်းကို တင်ပြခြင်းတို့ကိုပဲ အစပြုလုပ်လိုက်ရုံနှင့် ချက်ချင်းပဲ အလုပ်ကိုကောင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်သူတွေအဖြစ်‌ ရောက်ရှိသွားနိုင်မှာဖြစ်ပါတယ်။ 

#တစ်မိနစ်အလုပ်လုပ်နည်း

အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)
zin myo @ eric
2024/12/6(Fri)

“တစ်မိနစ်အလုပ်လုပ်နည်း” အပိုင်း(၂)朝1分で 仕事が出来る人になる1分間仕事術မနက်တိုင်း 1 မိနစ်လောက်  အလုပ်လုပ်ရမယ့် စာရင်းချရေးလိုက်ရရုံနဲ့ က...
02/12/2024

“တစ်မိနစ်အလုပ်လုပ်နည်း” အပိုင်း(၂)

朝1分で 仕事が出来る人になる
1分間仕事術

မနက်တိုင်း 1 မိနစ်လောက် အလုပ်လုပ်ရမယ့် စာရင်းချရေးလိုက်ရရုံနဲ့ ကိုယ့်ရဲ့ အလုပ်လုပ်အားတွေအမှန်တကယ် တိုးတက်လာမှာ ဖြစ်ပါတယ်။

(စာရင်းမှာ ရေးထားတဲ့အရာတွေကိုသာ လုပ်မယ်၊ မရေးထားတာတွေကိုတော့ မလုပ်ရ) ဆိုတဲ့ စည်းကမ်းကို သတ်မှတ်ထားရင် အလုပ်လည်းမြန်မြန်ပြီးနိုင်ပြီး၊ စီမံခန့်ခွဲရတာလည်း ပိုမိုလွယ်ကူလာမှာပါ။

ဒါဟာ စာရင်းမှာ ရေးထားတာတွေကို လုပ်မလား၊
မရေးထားတာတွေကို လုပ်မလားဆိုတာကို ချက်ချင်းဆုံးဖြတ်နိုင်တဲ့ စနစ်ကိုတည်ဆောက်ပြီးဆုံးဖြတ်နိုင်လာတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်
စာရင်းရေးဖို့က အရေးကြီးပါတယ်။

ဟုတ်ပါတယ်၊ တကယ်တမ်း စာရင်းရေးပြီး ရက်
ကာလ အတန်ကြာလာရင် အလုပ်တချို့က လုပ်စရာ မလိုတဲ့အရာတွေ ဖြစ်လာနိုင်ပါတယ်။ စာရင်းမှာ ချရေးထားခြင်းက တချို့အရာတွေကို မိမိကိုယ်တိုင် လုပ်ဖို့ထက် တခြားသူတစ်ယောက်ကို
လုပ်ခိုင်းလိုက်ခြင်းက ပိုမိုထိရောက်ပြီး အကျိုးရှိလာစေဖို့ အကြောင်းလည်းဖြစ်နိုင်ပါတယ်။

အလုပ် လုပ်ရမယ့်စာရင်းရေးခြင်းက မိမိရဲ့စိတ်ထဲမှာရှိနေတဲ့ထဲက အရာတွေကို အပြင်မှာ ဖြစ်တည်
ပြောင်းလဲစေလိုက်တာပါ။ ဒါကိုကြည့်ပြီး ကိုယ်က တတိယသူတယောက်ရဲ့ အမြင်နဲ့ အလုပ်တွေကို အကဲဖြတ်နိုင်လာပါတယ်။

မိမိကိုယ်တိုင်က ဘေးကနေရာမှာရှိတဲ့ လူတယေက်အမြင်နဲ့ အလုပ်လုပ်တဲ့အခါ အလုပ်လုပ်နေရင်း (ဒီအလုပ်ကို ဘာလို့လုပ်နေတာလဲ) ဆိုတာ ထင်ရှားလာပါတယ်။ ဒီလို ဘေးကလူတယောက်အနေဖြင့် အမြင်တစ်ခုကို သုံးနိုင်ရင် (ဒီအလုပ်က ကျွန်တော်/ကျွန်မပဲလုပ်ရမယ်)၊ (ဒီအလုပ်က အခြားသူတစ်
ယောက်ကလုပ်ရမယ်) ဆိုတဲ့ ပိုပြီးရှင်းလင်းတဲ့ စိစစ်မှုတွေကို ပြုလုပ်နိုင်တော့မှာပါ။

ချရေးထားတဲ့စာသားတွေဟာ အလုပ်လုပ်ခြင်းအပေါ် အကျိုးရှိသော နည်းလမ်းများအနေနဲ့ အထောက်အကူဖြစ်စေတာကို ဖော်ပြထားခဲ့ပါတယ်။ အလုပ်တာဝန်များကို အပြင်(စာရွက်ပေါ်)သို့ ပြောင်းလဲပြီး၊ အလုပ်အပေါ်မှာ ကိုယ်တိုင်ပိုမို သိသာထင်ရှားစွာ ကြည့်ရှုနိုင်ခြင်းက အလွန်အရေးကြီးသော အကျိုးအာနိသင်ဖြစ်ပါတယ်။

လူဆိုတာ အခက်အခဲတွေများလာရင် အရေးကြီးသော အလုပ်ကို မမြင်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ စာရင်းရေးခြင်းဖြင့် လုပ်ရမည့် အရာများကို ပိုမို သေချာစေပြီး သတ်မှတ်ထားတဲ့ အလုပ်များကို စီမံခန့်ခွဲမှု ကောင်းကောင်းနဲ့ လုပ်နိုင်စေပါတယ်။

ဒါ့အပြင် စာရင်းမှာ မပါတဲ့ အလုပ်များကို မလုပ်ရဆ်ိုတဲ့ စည်းကမ်းထားခြင်းက အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်စေပြီး၊ တခြားသူတယောက်ဆီ ကိုယ်တိုင်
လုပ်စရာ မလိုအပ်တဲ့အလုပ်များကိုလည်း လွှဲပြောင်းပေးနိုင်တာကို တွေ့ရပါတယ်။ အလုပ်စာရင်းကိုရေးပြီး ပြန်လည်သုံးသပ်တဲ့အခါ၊ အလုပ်ကိုသာမက နေ့စဉ်ဘဝတွင်လည်း အကျိုးရှိသော အလေ့ကျင့်ကောင်း တခုဖြစ်ပါတယ်။

#တစ်မိနစ်အလုပ်လုပ်နည်း

အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)

zin myo @ eric
2024/12/2(Mon)

“Captured the vibrant energy of the city streets today! 🌆✨ From sleek architecture to bustling activity, every corner te...
01/12/2024

“Captured the vibrant energy of the city streets today! 🌆✨

From sleek architecture to bustling activity,
every corner tells a story of modern life.

Which one of these views speaks
to you the most? 🏙️”

Have a good day
God bless you guys
zin myo @ eric
2024/12/1 (Sun)

“Golden moments as the day bids farewell 🌅The beauty of dusk in the heart of the city, where light meets shadow and ever...
30/11/2024

“Golden moments as the day bids farewell 🌅
The beauty of dusk in the heart of the city, where light meets shadow and everything feels calm. ✨”

“Ending the day with this peaceful view. The calm waters and golden hues remind me to pause and appreciate the simple be...
29/11/2024

“Ending the day with this peaceful view. The calm waters and golden hues remind me to pause and appreciate the simple beauty around us.

"ဒီငြိမ်းချမ်းတဲ့ရှုခင်းနဲ့ တနေ့တာကို အဆုံးသတ်လိုက်ပါတယ်။ ငြိမ်သက်နေတဲ့ရေပြင်နဲ့ ရွှေအိုရောင် အရောင်အသွေးတွေက ပတ်ဝန်းကျင်က ရိုးရှင်းတဲ့အလှတရားတွေကကျနော့်ကို သတိပြုမိစေပြီး တဒင်္ဂမှင်တက်သွားစေပါတယ်။

As the sun dips below the horizon, the city transforms into a silhouette against the warm hues of the evening. A reminder that even in the quiet moments, there’s so much beauty to be found. 🖤✨

How do you wind down at the end of the day?”

နေဝင်ချိန် မြို့ညနေခင်းဟာ နွေးထွေးတဲ့အရောင်အသွေးတွေကြားမှာ အရိပ်ပုံစံပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ တိတ်ဆိတ်တဲ့အချိန်တွေမှာတောင် အလှတရားတွေဆိုတာအများကြီးရှိနေသေးတယ်ဆိုတာ ကျနော့်ကို
သတိပေးနေသလိုပါပဲ။ 🖤✨

ခင်ဗျားတို့ရော နေ့တနေ့ ကုန်ဆုံးချိန်မှာ စိတ်ကို ဘယ်လိုအနားပေးဖြစ်သလဲ။"​​​​​​​​​​​​​​​​

အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)

zin myo @ eric
2024/11/29(Fri)

The beauty of nature 📸😊
28/11/2024

The beauty of nature 📸😊

နိဂုံး -  ရွက်ဉီးဝေချိန်မိုးရွာပြီးစ တိုကျိုမနက်ခင်းရဲ့ အေးမြစပြုလာတဲ့လေညင်းက ခန့်သူရဲ့ဆံပင်တွေကို လာရိုတ်ခတ်နေတယ်။ ဘူတာ...
23/11/2024

နိဂုံး - ရွက်ဉီးဝေချိန်

မိုးရွာပြီးစ တိုကျိုမနက်ခင်းရဲ့ အေးမြစပြုလာတဲ့
လေညင်းက ခန့်သူရဲ့ဆံပင်တွေကို လာရိုတ်ခတ်နေတယ်။ ဘူတာနားကော်ဖီဆိုင်လေးရှေ့က ထိုင်ခုံမှာ
ဉီးတည်ရာမဲ့ ငေးကြည့်နေတဲ့ မျက်လုံးတွေက
အတိတ်ရဲ့ အမှတ်တရတွေထဲမှာ ပျောက်ဆုံး
နေသလိုပဲ။

"မနက်ဖြန် မြန်မာပြည်ကို ပြန်တော့မယ်အစ်ကို"

ခန့်သူက သူ့အစ်ကိုလိုခင်ရတဲ့ ဇင်မျိုးကို ခပ်တိုးတိုးလေး ပြောလိုက်တယ်။ ခန့်သူရဲ့ အသံက တိုးညှင်းနေပေမယ့် ရင်ထဲမှာတော့ အောက်မေ့သတိရတဲ့စိတ်
မုန်တိုင်းတွေကတော့ လှိုင်းထန်နေတယ်။

"မေသူနဲ့ ကွဲပြီးတာ တစ်နှစ်တောင် ရှိခဲ့ပြီ
မဟုတ်လား..."

ဇင်မျိုးက သူ့သူငယ်ချင်းကို အားပေးစကား ပြောကြည့်
လိုက်တယ်။ တစ်နှစ်တာကာလ ဝေးကွာခဲ့ရသည့်တိုင်
ဒီတိုင်းတပါးမြေပေါ်မှာ ခြေရာတွေကို ပြန်ကောက်နေရင်း မေသူနဲ့ ထပ်တွေ့သွားမှာကို သူအတော်စိုးရိမ်နေပုံရတယ်။

"ကျနော်တို့... အကုန်လုံး ပြီးဆုံးလို့…ကောင်းသွားပြီ
ထင်နေတုန်းမှာ မတော်တဆ ပြန်တွေ့မိရင်
ဘယ်လိုလုပ်မလဲ...အစ်ကို"

လက်ထဲက ကော်ဖီခွက် အေးစက်လာတာကို သတိထားမိတဲ့အချိန်မှာ အတွေးနွံထဲက နိုးထလာတဲ့ ခန့်သူက အလေးအနက်ဆက်ပြောလာတယ်။

"ကျနော်တို့နှစ်ယောက် ဘာမှမဖြစ်ခဲ့သလို နေကြဖို့ ကြိုးစားနေတုန်း... ရုတ်တရက် မျက်နှာချင်းထပ်
ဆိုင်မိရင်... ကျနော့်ရင်ထဲမှာ ကျန်နေသေးတဲ့
အရာတွေက ပြန်ပြီး ပေါက်ကွဲထွက်လာမှာ စိုးလို့..."

မိုးရေစက်တွေက ကော်ဖီဆိုင်မျက်နှာကျတ်ပေါ်ကို
တစ်ပေါက်ချင်း ထပ်ကျလာတယ်။ ဒီမိုးစက်တွေထဲမှာ
လွှမ်းဆွတ်တမ်းတခြင်းမျက်ရည်စက်တွေလည်း
ပါနေမှန်း နှစ်ယောက်စလုံး ခံစားမိနေတယ်။

"ကျနော့်နှလုံးသားထဲက အနာတွေ ကျက်လုနီးနီးမှာ...
သူ့ကို ပြန်မတွေ့ချင်တော့ဘူး…အစ်ကို။ အဲဒါကြောင့် မနက်ဖြန် မြန်မာပြည်ကို ပြန်မှာ... အကုန်လုံးကို
မေ့ပစ်လိုက်ဖို့..."

ကော်ဖီခွက်ထဲက အေးသွားတဲ့အရည်တွေလို သူရဲ့
ရင်ထဲမှာလည်း တစ်စတစ်စ ပိုအေးစက်လာတယ်။ မနက်ဖြန်အတွက် လေယာဉ်လက်မှတ်က ခန့်သူအိတ်ထဲမှာ အသင့်ရှိနေပြီ။ ဒီမြို့ပြကြီးထဲက အတိတ်တွေကို နောက်ဆုံးတစ်ခေါက် နှုတ်ဆက်ဖို့ပဲ ကျန်တော့တယ်။

"အကောင်းတိုင်း ပြန်ဖြစ်ခါနီး.... မေသူနဲ့ ပြန်တွေ့ရမှာကို ကျနော်သိပ်ကြောက်တယ်..."

မနက်ခင်းရဲ့ မိုးစက်မှုန်လေးတွေကြားထဲမှာ ခန့်သူရဲ့ တိုးတိုးလေး ရွတ်ဆိုသံက တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ ဇင်မျိုးက သူ့သူငယ်ချင်းညီငယ်လေးရဲ့
ပခုံးလေးကို အသာအယာ ပုတ်ပေးလိုက်ပြီး၊
မြန်မာပြည်မှာ အသစ်တစ်ဖန် ပြန်လည်စတင်နိုင်စေဖို့ ဆုတောင်းပေးလိုက်မိတယ်။

ပြီးပါပြီ....



အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)

zin myo @ eric
2024/11/23(Sat)

အခန်း (၁၀) - အဆုံးသတ်မဟုတ်တဲ့ နိဂုံးချမ်းအေးလွန်းလှတဲ့ တိုကျိုမြို့ ဒီဇင်ဘာဆောင်းရဲ့ ညဉီးပိုင်းအအေးဒဏ်ကို ပထမဆုံး ကြုံနေ...
22/11/2024

အခန်း (၁၀) - အဆုံးသတ်မဟုတ်တဲ့ နိဂုံး

ချမ်းအေးလွန်းလှတဲ့ တိုကျိုမြို့ ဒီဇင်ဘာဆောင်းရဲ့
ညဉီးပိုင်းအအေးဒဏ်ကို ပထမဆုံး ကြုံနေရသည့်တိုင် ခန့်သူရဲ့ ရင်ထဲမှာတော့ အပူမီးတွေ လောင်မြိုက်နေတယ်။ မနေ့ညက စိတ်ခံစားမှုလွန်ကဲနေချိန် ပို့လိုက်မိတဲ့
စာကြောင့် ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံး ဖြစ်နေတယ်။ ဆုံးဖြတ်ချက်တွေ ဝေဝါးနေသည့်တိုင် မေသူဆီမှ တုံ့ပြန်လာမယ့်အရာကို စိတ်ထဲအလိုလို ခံစားမိနေတယ်။ ခန့်သူရင်ထဲမှာ တောက်လောင်နေတဲ့မီးကို ငြိမ်းသတ်နိုင်ဖို့ ဘယ်လိုဆောင်းလေအေးတွေကမှ တတ်စွမ်းနိုင်မှာ မဟုတ်ပါဘူး။

"ကိုကို... ရောက်နေတာကြာပြီလား..."

ရှိဘုယဘူတာရှေ့ ရုံးဆင်းချိန် လူအုပ်ကြားထဲက ထွက်ပေါ်လာတဲ့ မေသူအသံလေးက အရင်လို
နွေးထွေးချိုသာနေဆဲ။ ဒါပေမယ့် မေသူရဲ့ မျက်နှာလေးပေါ်မှာ စိတ်ပင်ပန်းဖိစီးမှုအရိပ်အယောင်ကို တွေ့လိုက်ရချိန်မှာ ခန့်သူရင်ထဲက ပူပန်သောကတွေ ပိုတိုးလာတယ်။ မနေ့ညက အိပ်ရေးပျက်ထားကြတာကြောင့်
နှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာ အနည်းငယ်
ပင်ပန်းနွမ်းလျမှုတွေက ထင်ဟပ်နေကြတယ်။

"သိပ်မကြာသေးပါဘူး... မေသူ... ဒီနေ့ အရမ်းအေးလာတယ်နော်... ဟိုနားက ကော်ဖီဆိုင်သွားရအောင်..."

လူထူထပ်ဆူညံလှတဲ့ ဘူတာရုံရှေ့ကနေ ကော်ဖီဆိုင်ဆီ
သွားနေကြတဲ့အချိန် နှစ်ယောက်ကြား တိတ်ဆိတ်မှုက ရင်ထဲကခံစားချက်တွေကို အထီးကျန် အေးစက်သွားစေသလို ဖြစ်နေတယ်။ ကော်ဖီဆိုင်ထဲရောက်တော့လည်း မှာထားတဲ့ ကိုယ့်ကော်ဖီခွက်တွေကိုသာ ပြိုင်တူအာရုံစိုက် ကြည့်နေမိကြတယ်။ ကော်ဖီငွေ့ပူပူလေးတွေက သူတို့ကြားက အေးစက်နေတဲ့ လေထုထဲ ပျံ့လွင့်နေတယ်။

"နားလည်ပါတယ် မေသူ... ကိုကိုလည်း အလုပ်တွေများလာတော့ စိတ်ဖိစီးမှုတွေများလာတယ်။ မေသူနဲ့ အတူတူရှိချိန်မှာတောင် မေသူက သူငယ်ချင်းတွေအကြောင်းပဲ တွေးနေတာ... ကိုကို့စိတ်ထဲမှာ ဘယ်လိုခံစားနေရလဲဆိုတာ မေသူ နားလည်မှာပါ"

ခန့်သူရဲ့ အသံထဲမှာ နာကျင်မှုတွေ ပါနေပေမယ့် သူ့မျက်နှာပေါ်မှာတော့ နားလည်မှုအပြုံးလေး တင်ထားတယ်။

မေသူရဲ့ မျက်လုံးအိမ်ထဲမှာတော့ မျက်ရည်စတွေ တဖြည်းဖြည်း စို့တက်လာနေတယ်။

"အဲ့ဒါကြောင့်ပဲ... ကိုကိုနဲ့မေသူ ခဏလောက် အချိန်ယူကြရအောင်လား။ မေသူ ကိုကို့ကို အရမ်းချစ်ပါတယ်။
ဒါပေမယ့် အခုလို တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လိုအပ်ချက်တွေ ရှိနေတဲ့ အခြေအနေမျိုးနဲ့ ဆက်သွားရင် နှစ်ယောက်လုံးအတွက် ပိုဆိုးသွားမှာစိုးလို့ပါ"

ကော်ဖီဆိုင်လေးထဲ တခဏတာ ငြိမ်သက်
တိတ်ဆိတ်သွားတယ်။ နှစ်ယောက်စလုံး သူတို့ရဲ့
အေးစက်နေတဲ့ ကော်ဖီခွက်တွေကို တိုင်ပင်မထားပဲ
ထပ်စိုက်ကြည့်နေကြပြန်တယ်။ ခန့်သူရဲ့
မျက်လုံးထဲက ဝဲတက်လာနေတဲ့ မျက်ရည်စတချို့ကို
မေသူမမြင်အောင် အမြန်သုတ်လိုက်တယ်။

"မေသူ ပြောတာ မှန်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့တဲ့
အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အပြည့်အဝရှိမှ ဖြစ်လာနိုင်တာမဟုတ်လား။ အခုလို
မေသူက သူငယ်ချင်းတွေအတွက် စိုးရိမ်ပူပန်နေချိန်မှာ ကိုကိုက နားမလည်ပေးနိုင်ခဲ့သလို... ကိုကိုလည်း
အလုပ်ရဲ့ဖိစီးမှုတွေကြားက စိတ်ထွက်ပေါက်
ပိတ်နေတဲ့အချိန်မှာ တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုကို
မေသူ့ဘက်က လက်ခံနိုင်ဖို့ ခက်ခဲသွားတာ ကိုကို သဘောပေါက်ပါတယ်..."

လက်ကောက်ဝတ်က ဖန်စီဟန်းချိန်းလေးကို မေသူဖြည်းဖြည်းချင်း ဖြုတ်လိုက်တယ်။ ချစ်သူဖြစ်ပြီးခါစ ခန့်သူ လက်ဆောင်ပေးခဲ့တဲ့ အသဲပုံလေးပါတဲ့ ဟန်းချိန်းလေး။ အဲဒီအချိန်တုန်းက ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ရင်ခုန်စရာကောင်းခဲ့တဲ့ အချိန်တွေ။

"ကိုကို... အခုချိန် မေသူတို့ နှစ်ယောက် ဒီလိုဆုံးဖြတ်လိုက်တာ အမှန်ဆုံးပဲလို့ ထင်တယ်။
အချိန်က နှစ်ယောက်စလုံးကို ပိုကောင်းတဲ့ အဖြေတွေ
ပေးလာမှာပါ"

မေသူက ဟန်းချိန်းလေးကို ခန့်သူ့ဘက်ကို တိုးပေးလိုက်တယ်။ ခန့်သူ ငေးကြည့်နေတုန်း သူ့ရှေ့က ထိုင်ခုံလေး နေရာလွတ် ဖြစ်သွားတယ်။ ခန့်သူတယောက် ရုပ်ရှင်တွေထဲကလို ပြေးပြီး မတားဖြစ်လိုက်ပါဘူး။ နှစ်ယောက်စလုံး
ဒီလမ်းကိုပဲ ရွေးချယ်လိုက်ကြပြီပဲ။

အချိန်တွေ တစ်နှစ်နီးပါးကျော်လွန်ခဲ့ပြီ။
နှစ်ယောက်သား ပြန်မတွေ့ဖြစ်ကြတော့တဲ့ တိုကျိုမြို့ကြီးထဲက အမှတ်တရတွေဟာ တစတစ မှေးမှိန်ပျောက်ကွယ်လာတယ်။ ဒါပေမဲ့ ရှိဘုယဘူတာရုံရှေ့က ကော်ဖီဆိုင်လေးဟာ အဓိပ္ပါယ်အပြည့်နဲ့ နောက်ဆုံးတွေ့ဆုံရာနေရာအဖြစ် ထင်ကျန်နေဆဲ။

အချစ်ဆိုတာ တစ်ခါတလေ လမ်းခွဲခြင်းတွေနဲ့ အဆုံးသတ်တတ်ပေမယ့် အဲဒီလမ်းခွဲခြင်းတွေကပဲ
ပိုကောင်းတဲ့ နားလည်မှုတွေကို မွေးဖွားပေးတတ်တယ်။ တခဏတာ လမ်းခွဲခြင်းတွေက ပိုကောင်းတဲ့ နားလည်မှုတွေကို ယူဆောင်လာနိုင်တတ်တယ် ဆိုပေမဲ့
မေသူနဲ့ ခန့်သူတို့ နှစ်ယောက်စလုံးအတွက်ကတော့
မမှန်ခဲ့ဘူး။ ကိုယ်စီ ဆုံးဖြတ်ထားခဲ့ကြတဲ့အတိုင်း
သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဓိပ္ပါယ်ရှိသော အဆုံးသတ်မဟုတ်တဲ့ နိဂုံးတစ်ခုအဖြစ်သာ
ရှိနေစေခဲ့ပါတယ်။

ဆက်ရန်….



အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)

zin myo @ eric
2024/11/22(Fri)

အခန်း (၉) - နားလည်မှု မညီမျှခြင်းမေသူ  ယိုကိုဟားမား ဆေးရုံစင်္ကြန်လမ်းမှာ လမ်းလျှောက်နေရင်း ခန့်သူနှင့်သူ နှစ်ဦးသားရဲ့သမ...
21/11/2024

အခန်း (၉) - နားလည်မှု မညီမျှခြင်း

မေသူ ယိုကိုဟားမား ဆေးရုံစင်္ကြန်လမ်းမှာ လမ်းလျှောက်နေရင်း ခန့်သူနှင့်သူ နှစ်ဦးသားရဲ့သမီးရည်းစားဘဝကို ပြန်တွေးနေမိတယ်။ အခုလို ညဉ့်နက်သန်းခေါင်ချိန်မှာ သူငယ်ချင်းတွေနဲ့အတူ ဆေးရုံမှာ စောင့်နေရတာ အခုမှ မဟုတ်။ မေသူ့အတွက် သူငယ်ချင်းတွေဆိုတာ ကိုယ့်မိသားစုလိုပဲ။ အထူးသဖြင့် နိုင်ငံရပ်ခြားရောက်နေတဲ့ ပြည်ပက ကျောင်းသားတွေအတွက် တစ်ယောက်နဲ့တစ်ယောက် အားကိုးအားထားပြုရတာ သဘာဝပဲလို့ သူ အမြဲတမ်း ယုံကြည်ထားခဲ့တယ်။

"ညီမ... ကောင်းစု အိပ်ပျော်သွားပြီ။ မနက်ဖြန် မနက်လောက်မှ ဆရာဝန်ပြန်လာမှာမို့ ညီမလည်း အိမ်ပြန်နားပါဦး"

ရဲထက်က မေသူ့နား လာပြီး ပြောလိုက်တယ်။

"ဟုတ်... ကိုရဲထက်….မနက်ဖြန် စောစောပြန်လာခဲ့မယ်နော်... ဆရာဝန်ပြောပြတာတွေကို ရန်ကုန်က ကောင်းစုအမေဆီ ပြန်ပြောပြမလို့…"

မေသူက ပြန်ဖြေလိုက်တယ်။

တကယ်တော့ အခုလို သူငယ်ချင်းတွေနဲ့ ဆေးရုံမှာ အတူရှိနေရင်း မေသူ့ရင်ထဲမှာ ခန့်သူအပေါ် အပြစ်ရှိနေသလိုမျိုး ခံစားနေရတယ်။ ဒါပေမယ့် တခြားရွေးချယ်စရာ မရှိခဲ့ဘူး။ သူငယ်ချင်းတွေအကြောင်း၊ မေသူ့ဘဝမှာ သူငယ်ချင်းတွေရဲ့ အရေးပါပုံတွေကို အရင်ကတည်းက အသေးစိတ်
ပြောပြခဲ့သင့်တာ။ အခုတော့ ခန့်သူဘက်က နားလည်မှု
မရတော့သလို ဖြစ်နေပြီ။

ရဲထက်နဲ့အတူ ဆေးရုံအပြင်ဘက် ရောက်တော့ မေသူရဲ့ ဖုန်းထဲကို ခန့်သူဆီက မက်ဆေ့ခ်ျတစ်စောင်
ပြန်ဝင်ဝင်လာတယ်။

"မေသူ... ကိုကိုတို့ နှစ်ယောက်လုံးအတွက် အချိန်လေး
ယူကြရအောင်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နားလည်အောင် ကြိုးစားကြမယ်။ အခုလို ခံစားချက်တွေနဲ့ ဆက်သွားနေရင် နှစ်ယောက်လုံးအတွက် မကောင်းဘူး။ မေသူ့သူငယ်ချင်းတွေအတွက် မေသူ တတ်နိုင်သလောက် ဂရုစိုက်နေရတာကို ကိုကို နားလည်ပါတယ်။ ဒါပေမယ့် ကိုကို့ဘက်ကလည်း မေသူ့အပေါ် ပိုင်ဆိုင်လိုမှုတွေ၊ သံသယစိတ်တွေနဲ့ ဖိစီးနေတာကို ဖွင့်ပြောပြချင်တယ်။ မေသူပြောတဲ့အတိုင်း မနက်ဖြန်ည အေးအေးဆေးဆေး ပြောကြမယ်နော်..."

စာကိုဖတ်ပြီး မေသူ့ရင်ထဲမှာ ပိုပြီး လေးလံသွားတယ်။
မေသူ့ရဲ့ စိတ်ခံစားချက်တွေက မကြာခဏ အလုပ်များနေတဲ့ ခန့်သူကို နားလည်ပေးရင်း အချိန်လည်း ပေးနိုင်သလောက် ပေးခဲ့တယ်။ သူငယ်ချင်းတွေနဲ့ ဆေးရုံမှာ ရှိနေတာကြောင့် ခန့်သူအတွက် အချိန်မပေးနိုင်တာကို စိတ်မကောင်းဖြစ်နေတဲ့အချိန် မမျှော်လင့်ထားတဲ့ ခန့်သူရဲ့ စကားတွေက မေသူ့ကို နားလည်ရခက်စေပြီး နာကျင်သွားစေတယ်။

"ညီမ... ဘာဖြစ်လို့လဲ... မျက်ရည်တွေ ကျနေတယ်"

ရဲထက်က မေးလိုက်တယ်။

မေသူက ဘာမှမဖြစ်ဘူးလို့ ခေါင်းခါပြလိုက်တယ်။ သူ့ရင်ထဲမှာ ခန့်သူ့ကို ပြောချင်တာတွေ အများကြီး ရှိနေပေမယ့် အခုလို အခြေအနေမှာ သူငယ်ချင်းတွေကို ဦးစားပေးဖို့က ပိုအရေးကြီးတယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ခန့်သူ့ဘက်က မေသူ့အပေါ် ထားတဲ့ ယုံကြည်မှုတွေ တဖြည်းဖြည်း လျော့နည်းလာတာကိုလည်း သတိထားမိလာတယ်။

တကယ်တော့ လူ့ဘဝမှာ ပေါင်းသင်းဆက်ဆံရေးဆိုတာ အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် အချို့အရာတွေမှာ အပြန်အလှန် နားလည်မှုရှိတဲ့အလျောက် ပြန်ပြော ရှင်းပြနေစရာ မလိုအောင် အလိုလို သိနားလည်နေသင့်တယ်လို့ မေသူ ယုံကြည်တယ်။ ဒါပေမယ့် အခုလို အခြေအနေမှာတော့ မေသူဘက်က မှားသွားပြီလား။

"ကိုရဲ... မေသူ အိမ်ပြန်တော့မယ်။ မနက်ဖြန်မနက်မှ ပြန်လာခဲ့မယ်။ ဆရာဝန် လာကြည့်တဲ့အခါ မေသူလည်း ကိုယ်တိုင် တွေ့ချင်တယ်"

မေသူက ရဲထက်ကို နှုတ်ဆက်လိုက်တယ်။

အိမ်ပြန်လမ်းတလျှောက်လုံး မေသူ စဉ်းစားနေမိတယ်။
လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်ပုံချင်း မတူကြဘူး။ မေသူအတွက် ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကြား လွတ်လပ်ခွင့်၊ ယုံကြည်မှု၊ နားလည်မှုတွေ အပြည့်အဝပေးနိုင်တာ ဖြစ်ရမယ်။ ဒါပေမယ့် ခန့်သူ့အတွက်ကကျတော့ သံသယတွေ၊ ဖိစီးမှုတွေကို ရင်ဆိုင်နေရတယ်။

"အချစ်ဆိုတာ တခါတလေ ခဏတာ ခွဲခွာပြီး
တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်လာအောင်
နေလိုက်ရတာမျိုးလည်း ရှိတတ်တာပဲ"

ဆိုတဲ့ အတွေးစလေးတစ်ခု မေသူ့ခေါင်းထဲ ဝင်ရောက်
လာတယ်။အခန်းထဲ ပြန်ရောက်တော့ ခန့်သူဆီ မက်ဆေ့ခ်ျတစ်စောင် ပြန်ပို့လိုက်တယ်။

"မနက်ဖြန်ည ၆နာရီခွဲလောက်.. မေသူရောက်မယ်
ထင်တယ်... ကိုကို..."

ညသန်းခေါင်ယံမှာ ခန့်သူဆီက

"OK...မေသူ"

ဆိုတဲ့ တိုတိုတုတ်တုတ် အဖြေလေး ပြန်ရတယ်။
ဒါပေမယ့် မေသူအတွက်တော့ ရင်ထဲမှာ ထမ်းပိုးထားရတဲ့ အလေးချိန်တွေ ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။
လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုတွေကို တည်ဆောက်ယူရတာ ရှိသလို၊ ပြောစရာမလိုတဲ့နားလည်မှုတွေလည်း ရှိသင့်တယ် မဟုတ်လား။
ဒါပေမယ့် အခုလောလောဆယ်မှာတော့ နှစ်ယောက်လုံးအတွက် ခဏတာ လမ်းခွဲနေလိုက်ဖို့က အကောင်းဆုံးနည်းလမ်းတခုလို့ မေသူ ဆုံးဖြတ်ချက် ချလိုက်တယ်။

ဆက်ရန်….



အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)

zin myo @ eric
2024/11/21(Thurs)

အခန်း (၈) - ကွာဟခြင်းများ နောက်ကွယ်ညနေခင်း ၆ နာရီထိုးဖို့ မိနစ်အနည်းငယ်အလို Shibuya မီးပွိုင့်ရဲ့ လူပေါင်းများစွာဖြတ်သန်...
20/11/2024

အခန်း (၈) - ကွာဟခြင်းများ နောက်ကွယ်

ညနေခင်း ၆ နာရီထိုးဖို့ မိနစ်အနည်းငယ်အလို Shibuya
မီးပွိုင့်ရဲ့ လူပေါင်းများစွာဖြတ်သန်းသွားလာနေတဲ့ လူကူးမျဉ်းကြားလမ်းစုံအနီးရှိ နာမည်ကြီး
ဟချိခိုခွေးရုပ်ထုနားမှာ ခန့်သူ ရပ်စောင့်နေတယ်။
လက်ထဲမှာ မေသူ အလွန်ကြိုက်တဲ့ Chocolate Mousse Cake လေးကိုလည်း အိမ်ပြန်လက်ဆောင်
ထည့်ပေးဖို့အတွက် ကြိုဝယ်ထားခဲ့တယ်။

ဒီနေ့တွေ့ကြတဲ့အခါ ပြောပြချင်တာတွေကို မနေ့ညက အစဉ်းစားလွန်ရင်း အိပ်ရာဝင်နောက်ကျသွားတာကြောင့် မနက်ရုံးချိန်မှီအောင် မနည်းပြေးလိုက်ရသေးတယ်။ မေသူကတော့ ပုံမှန်အချိန်မှန် ရောက်လာမယ်လို့ မျှော်လင့်နေတုန်း သူ့ဖုန်းထဲကို မက်ဆေ့ခ်ျတစ်ခု ၀င်လာတယ်။

"ကိုကို... အခု မေသူတို့ကျောင်းက အခန်းတူသူငယ်ချင်း ကောင်းစုကို ဆေးရုံ အရေးပေါ်လိုက်ပို့လိုက်နေရလို့... ဒီနေ့ မလာနိုင်လောက်တော့ဘူး…. နောက်မှ အသေးစိတ် ပြောပြမယ်နော်... ဆော်ရီးနော် ကိုကို"

ခန့်သူ့ရင်ထဲမှာ ဘာမှန်းမသိတဲ့ ခံစားချက်တွေ ရောယှက်သွားတယ်။ တစ်ညလုံး သူ့စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းအရာတွေကို ဖွင့်ပြောဖို့ ပြင်ဆင်ထားတာတွေ၊ ကောင်းစု ဆိုတဲ့ နာမည်ကို ကြားလိုက်ရချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်မသက်မသာ ခံစားချက်တွေ အားလုံးဟာ အကုန်ရောနှောရှုပ်ထွေးသွားတယ်။

"ဟုတ်လား…အေးပါ...မေသူ... သူငယ်ချင်းကို သေချာဂရုစိုက်လိုက်ဉီးနော်..."

လို့ ခန့်သူ ပြန်ပို့လိုက်တယ်။
အဲဒီနောက် ၁၅ မိနစ်လောက်အကြာမှာ မေသူဆီက နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ရောက်လာပြန်တယ်။

"Thank you ကိုကို… ကောင်းစုက နေမကောင်းဖြစ်နေတာ အတော်ကြာနေပြီ။ ဒီရက်ပိုင်း အခြေအနေ ပိုဆိုးလာလို့ မဖြစ်မနေ ဆေးရုံလိုက်ပို့လိုက်ရတာ... သူ့မှာ အရင်းနှီးဆုံးသူတွေဆိုလို့ မေသူတို့လို
ရန်ကုန်က သူငယ်ချင်းတွေပဲ ရှိတာကြောင့်ပါ..."

ခန့်သူ့ ဖုန်းကိုကြည့်နေရင်း လက်ထဲမှာ ကိုင်ထားတဲ့ ကိတ်မုန့်ဘူးလေးကို သတိထားမိပြီး ပြုံးမိသွားတယ်။
ထို့နောက် မေသူ့ရဲ့ မက်ဆေ့ခ်ျကို ဖတ်ပြီး ချက်ချင်းစာပြန်မရေးသေးဘဲ Screen Lock ချလိုက်တယ်။ စိတ်ထဲမှာ ပေါက်ကွဲချင်စရာ ခံစားချက်တွေက တဖြည်းဖြည်း တိုးပွားလာနေတယ်။ အရင်တုန်းကဆို မေသူ့ဘက်က ဒီလောက် ရှင်းပြလာရင်
သူနားလည်ပေးနိုင်တယ်။ ဒါပေမယ့် အခုတော့ မေသူက သူငယ်ချင်းတွေနဲ့ အမြဲတမ်း အချိန်ကုန်နေတာ၊ Message တွေ ခဏခဏ ပို့နေတာတွေက
သူ့စိတ်ထဲမှာ အနုတ်လက္ခဏာဆောင်တဲ့
ခံစားချက်တွေ ဖြစ်ပေါ်စေခဲ့တယ်။

Shibuya ရဲ့ မီးပွင့်ပြောင်းသွားတိုင်း ဖြတ်ကူးသွားလာနေကြတဲ့ လူအုပ်ကြီးကို ခန့်သူ အဓိပ္ပါယ်မဲ့စွာ
ရပ်ကြည့်နေမိတယ်။ တကယ်တော့ မေသူဟာ အတော်လေး စိတ်နှလုံးကောင်းရှိတဲ့ မိန်းကလေးတဦးပါ။ သူငယ်ချင်းတွေအတွက် အမြဲတမ်း အချိန်ပေး ကူညီတတ်တယ်။ ဒါကိုလည်း ခန့်သူ နားလည်နေသည့်တိုင် စိတ်ထဲမှာ အမြဲတမ်း သံသယတွေက ဖြစ် ပေါ် နေခဲ့တယ်။ အထူးသဖြင့် ယောကျာ်းလေး သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးပိုင်းမှာ ဘယ်လောက်အတိုင်းအတာအထိ ရင်းနှီးသလဲဆိုတာကို အမြဲတမ်းသိချင်နေမိတယ်။

ခန့်သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။
သူ့လက်ထဲက ကိတ်မုန့်ဘူးလေးကို အနီးနားက အိမ်ခြေရာမဲ့ အဖွားအိုတယောက်ရဲ့ အရှေ့မှာ ချထားပေးခဲ့လိုက်တယ်။ မေသူ့ဆီက ဆက်တိုက် ရောက်လာတဲ့ နောက်ပိုင်းမက်ဆေ့ခ်ျတွေကို သူ ဆက်ဖတ်မကြည့်ဖြစ်တော့ဘူး။

"ကိုကို... မေသူ့ကို စိတ်ဆိုးနေတာလား... မေသူ့ Message တွေ seen မဖြစ်တော့ဘူး... "

"ဒီလိုစာတွေမပြန်တော့... မေသူ သိပ်စိတ်မကောင်း
ဖြစ်ရတယ် ကိုကို... မေသူကို နားလည်ပေးပါ... ကောင်းစုက မေသူအပါဝင် သူငယ်ချင်းတွေကို အရမ်းအားကိုးတဲ့ သူငယ်ချင်းတယောက်ပါ..."

ညနေ ၈ နာရီထိုးတော့ ခန့်သူ ဖုန်းကို စက်ပိတ်လိုက်တယ်။ စိတ်ထဲမှာ မေသူအပေါ် ဘာမှ မကောင်းတဲ့ စိတ်မရှိပေမယ့် ကိုယ့်ဘက်ကို အရေးပါမှု၊ ဦးစားပေးမှုက နောက်ဆုံးမှာ ရောက်နေရတာကို လက်မခံချင်တဲ့ ခံစားချက်တွေက ဖိစီးလာတယ်။

ခန့်သူ အခန်းကို ပြန်ရောက်တော့ ည ၉ နာရီထိုးနေပြီ။ ဖုန်းပိတ်ပြီး အားလုံးနဲ့ ခဏအဆက်သွယ်ဖြတ်
ထားလိုက်တဲ့အတွက် ငြိမ်သက်နေတဲ့ အခန်းလေးထဲမှာ ခန့်သူ တယောက်တည်း ငူငိုင်စွာ လျှောက်စဉ်းစားနေမိတယ်။

တလောက နောက်ဆုံးProject တစ်ခုရဲ့ Deadlineတွေကြားမှာ ညအတော်နက်တဲ့အထိ အချိန်ပိုဆင်းပြီး၊ အလုပ်လုပ်နေရတဲ့အခါ စာမပြန်နိုင်ခဲ့တာတွေ၊ ချိန်းဆိုထားချိန်ကို နောက်ကျခဲ့တာတွေကို
မေသူဘက်က နားလည်ပေးခဲ့တယ်။ ကိုယ့်ဘက်က အချိန်မပေးနိုင်တဲ့ နေ့တွေမှာတောင် က်ိုယ့်ကို တကူးတက မက်ဆေ့ချ်လေးတွေနဲ့ ဖြေသိမ့်အားပေးတတ်တဲ့ မေသူ့ကို အခုလို သူငယ်ချင်းတွေအတွက် အရေးပေါ်အချိန်ပေးတာလေးအတွက်နဲ့ ဘာလို့ နားမလည်ပေးနိုင်ရတာလဲ။ နောက်ပြီး ကောင်းစုဆိုတဲ့ နာမည်ကို ဘာလို့ အဲဒီလောက်ထိတောင် ဂရုစိုက်မိနေရတာလဲ။ ဒါတွေအားလုံးက သူ့စိတ်ထဲမှာ ဆက်တိုက်မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်။

ခန့်သူ သူ့ အိပ်ယာပေါ်ကို စိတ်ပျက်အားလျော့စွာ လှဲချပစ်လိုက်တယ်။ System Engineer တစ်ယောက်အနေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လုပ်ရတဲ့အခါ အရင်ဆုံး မဖြစ်မနေ Analysisကို သေချာ လုပ်ရတယ်။ အခုလည်း သူ့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ကောင်းကောင်းဆန်းစစ်
ကြည့်လိုက်တော့ တစ်ခုခုက မှားယွင်းနေတာ သတိထားမိသွားတယ်။ ရေရှည်မှာ ဒီလိုမျိုး သံသယစိတ်တွေနဲ့ ဆက်သွားနေမိမယ်ဆိုရင် ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို ဘယ်လိုမှ တည်ဆောက်လို့ မရနိုင်ဘူးဆိုတာကို တဖြည်းဖြည်းနဲ့ သဘောပေါက်လာတယ်။

ခန့်သူ ဖုန်းကို ပြန်ဖွင့်ကြည့်လိုက်တော့ မေသူ့ဆီက အမှာစာပေးပို့မှု အချက်ပြမှုတွေ အများကြီး ရောက်နေတာ တွေ့ရတယ်။ နောက်ဆုံး မက်ဆေ့ခ်ျက

"ကိုကို... မနက်ဖြန်ည အလုပ်ပြီးချိန်လောက် မေသူတို့ အရင်ချိန်းနေကြနေရာမှာ တွေ့ကြမယ်နော်... အဲဒီအခါကြမှ အကုန်ရှင်းပြမယ်..."

ဆိုပြီး ရောက်နေတယ်….

ဆက်ရန်….



အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)

zin myo @ eric
2024/11/20(Wed)

အခန်း (၇) - နွေးထွေးခြင်းနှင့် သံသယများCamping Site က သဘာဝဘေးအန္တရာယ်ကို ကျော်ဖြတ်ပြီးနောက် တစ်ပတ်လောက်အကြာမှာ ခန့်သူနဲ့...
19/11/2024

အခန်း (၇) - နွေးထွေးခြင်းနှင့် သံသယများ

Camping Site က သဘာဝဘေးအန္တရာယ်ကို
ကျော်ဖြတ်ပြီးနောက် တစ်ပတ်လောက်အကြာမှာ ခန့်သူနဲ့ မေသူဟာ ဈေးဝယ်စင်တာရဲ့ ပန်းခြံလေးတခုမှာ အတူထိုင်နေကြတယ်။ နှစ်ယောက်သား ကော်ဖီသောက်ရင်း၊ ရာသီအပြောင်းအလဲကြောင့် ချောင်းရေကြီးတဲ့ အကြောင်းတွေ ပြောနေကြတုန်း၊ မေသူရဲ့ ဖုန်းထဲ အဆက်မပြတ်
မက်ဆေ့ခ်ျတွေ ဝင်လာတယ်။

"ဘယ်သူတွေလဲ မေသူ"

ခန့်သူက မေးကြည့်လိုက်တယ်။

"သူငယ်ချင်းတွေပါ... ကျောင်းက ဆရာ့သင်ခန်းစာနဲ့ ပတ်သတ်ပြီး ဆွေးနွေးနေကြတာ"

မေသူက အပြုံးလေးနဲ့ ပြောရင်း ဖုန်းကို ဆက်ရိုက်နေတယ်။ ခန့်သူ့ရင်ထဲမှာ ခုမှ သေချာသတိထားမိသွားတယ်။ သူတို့ စတင်တွေ့ဆုံခဲ့တဲ့ ၆ လကျော်အတွင်းမှာ မေသူရဲ့ အလွန်ပွင့်လင်းတဲ့ လူမှုဆက်ဆံရေးက သူ့စိတ်ထဲမှာ အနည်းငယ် အနှောင့်အယှက်
ဖြစ်စေမိတယ်။ ဒါပေမယ့် ခန့်သူက စိတ်ထိန်းထားနိုင်လိုက်တယ်။ Camp Trip တုန်းက သူ့အပေါ် မှာ
မေသူ ယုံကြည်အားထားခဲ့တာတွေကို ပြန်သတိရလိုက်မိတယ်။

"သူငယ်ချင်းတွေနဲ့ တော်တော်ရင်းနှီးပုံရတာပဲနော်"

ခန့်သူက တက်ကြွမှုမရှိတဲ့ လေသံလေးလေးနဲ့ ပြောလိုက်တယ်။

"ဟုတ်တယ်လေ... ရဲထက်တို့၊ ကောင်းစုတို့နဲ့က
ရန်ကုန်မှာကတည်းက သိတာ... ပြီးတော့ တခြားနိုင်ငံခြားသားသူငယ်ချင်းတွေလည်း ဂရုထဲမှာ
ပါတယ်ကိုကို..."

မေသူက အပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်။
ခန့်သူ ဘာမှ ပြန်မပြောဘဲနေလိုက်တယ်။
ကိုယ့်ဘက်က တဖက်သက်ကြီး စိတ်မလှုံခြုံမှု ဖြစ်နေတာလား။ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်တယ်။
အဲဒီအချိန်မှာပဲ မေသူရဲ့ ဖုန်းထဲကို ဖုန်းခေါ်သံတစ်ခု
ဝင်လာတယ်။ မေသူက

"ကိုကိုခဏလေးနော်..... အရေးကြီးတဲ့ ဖုန်းမို့လို့"

ခန့်သူကိုပြောပြီး ထသွားတယ်။ ဆယ်မိနစ်လောက်ကြာတဲ့အထိ မေသူ ပြန်မလာသေးဘူး။ ဒါပေမယ့် အဝေးကနေ ရယ်မောနေတဲ့ အသံတွေကို ခန့်သူ အတိုင်းသား ကြားနေရတယ်။ အဲဒီအချိန်မှာပဲ သူ့စိတ်ထဲမှာ လှိုင်းထလာနေတဲ့ မေးခွန်းတွေက ပို၍ပို၍ များလာတယ်။ အခုချိန် တစ်ခုခု ထပြောလိုက်ရင် မေသူ့ကို ချုပ်ချယ်သလိုလည်း
ဖြစ်နေမှာစိုးလို့ သူ မြိုသိပ်ထားလိုက်တယ်။
မေသူ ပြန်လာတော့

"ဆောင်းရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းကနေကျောင်းသားတွေအတွက် Study Tour လုပ်ဖို့ စီစဉ်နေကြတာ... ကိုကို... ဘာဖြစ်နေတာလဲ... ရုပ်က မှုန်ကုပ်နေတာပဲ"

လို့ မေးလိုက်တယ်။

"ဘာမှမဖြစ်ပါဘူး... အလုပ်နဲ့ပတ်သက်ပြီး စဉ်းစားနေတာပါ"

ဆိုပြီး ခန့်သူက ဖုံးကွယ်လိုက်တယ်။
မေသူကတော့

"ကိုကိုကလည်း အားနေ အလုပ်ကိစ္စပဲ စဉ်းစားနေတော့တာပဲ... နည်းနည်းတော့ အေးဆေးအနား
ယူပါဦး"

လို့ ပြုံးပြုံးလေး ပြောလိုက်တယ်။

ခန့်သူရဲ့ စိတ်ထဲမှာ IT Project တွေကြားက Deadline တွေ၊ System တွေရဲ့ ပြဿနာတွေအပြင်၊ မေသူ့အပေါ် မှာ မသိမသာ တိုးပွားလာနေတဲ့ သံသယစိတ်တွေကြောင့် စိတ်မသက်မသာ ဖြစ်နေတာတွေက အကုန်ရောပြွန်းနေတယ်။
ပရောဂျက်ပေါ်မူတည်ပြီး တခါတရံ ညဘက်တွေထိ
အလုပ်ကို အချိန်ပို ဆင်းပေးရတာတွေလည်း ရှိတော့
မေသူနဲ့ ချိန်းထားတာတွေကို ရုတ်တရက် ပြောင်းလဲပစ်လိုက်ရတာတွေ ရှိလာတယ်။
တစ်ညမှာ မေသူကနေ ခန့်သူဆီကို မက်ဆေ့ခ်ျတစ်ခု
ပို့လာတယ်။

"ကိုကို... နေရောကောင်းရဲ့လား... ပြီးခဲ့တဲ့ နောက်ဆုံးတခေါက် ကိုကိုနဲ့ တွေ့တာ နည်းနည်းလေး ပုံမှန်မဟုတ်သလိုပဲ... ပြောပြချင်တာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောပြလို့ရတယ်နော်... မေသူနားထောင်ပေးမှာပါ "

ခန့်သူ ချက်ချင်းပြန်မဖြေနိုင်ဘူး။ တွေဝေပြီး ဘာပြန်ဖြေရမှန်း မသိဖြစ်နေမိတယ်။ Deadline တွေ ကပ်နေတဲ့ Project ကြားမှာ မေသူ့ကို အချိန်ပေးနိုင်မှုနည်းနေတာတွေ၊ မေသူရဲ့ လူမှုရေးကိစ္စတွေမှာအချိန်ပေးလွန်းနေတဲ့အပေါ် သူ့ရင်ထဲက
မကြည်လင်မှုတွေကို ဖွင့်ပြောလိုက်ဖို့သင့်လား။
မပြောသင့်ဘူးလား မဆုံးဖြတ်နိုင်ဖြစ်နေတယ်။ နောက်ဆုံးတော့ သက်ပြင်းတချက်ကို မေသူမကြားအောင် အသာလေးချလိုက်ပြီး စာပြန်ပို့လိုက်တယ်။

"အင်းပါ... မေသူ‌ရေ... ကိုကိုတို့ မနက်ဖြန် ညနေဘက်လောက် တွေ့ပြီး အေးဆေးစကားပြောကြမလား... "

မေသူဘက်က ချက်ချင်း Reply ပြန်လာတယ်။

"ရတာပေါ့... မနက်ဖြန် မေသူ အတန်းစောစောပြီးမှာမို့လို့ ညနေ ၆ နာရီလောက် Shibuya က Starbucks ရှေ့နားမှာ စောင့်နေမယ်"

ခန့်သူ ဖုန်းထဲက စာကိုကြည့်ပြီး ပြုံးလိုက်မိတယ်။
ဒီကောင်မလေးရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ထားတွေကြောင့်လား မသိ၊ ခန့်သူစိတ်ထဲမှာ ရှိနေတဲ့ သံသယတွေ၊ စိတ်မသက်မသာဖြစ်မှုတွေဟာ ချက်ချင်းအရည်ပျော်သွားသလိုပဲ။ ဒါပေမယ့် System Engineer တစ်ယောက်အနေနဲ့ နောက်ထပ် Bug တွေ မပေါ်လာအောင် ဒီလို Issue တွေကို ဘယ်လို Fix လုပ်ရမယ်ဆိုတာ အမြန်ဆုံး နည်းလမ်းရှာသင့်တယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။

ဆက်ရန်….



အားလုံးအဆင်ပြေ လွတ်မြောက်နိုင်ကြပါစေ:)

zin myo @ eric
2024/11/19(Tues)

住所

大谷田1
Adachi-ku, Tokyo
1200001

電話番号

+818078943021

ウェブサイト

アラート

Tokyo Myanmar Homiesがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Tokyo Myanmar Homiesにメッセージを送信:

ビデオ

共有する