20/11/2023
မျက်မည်းဂနိုင်အရပ်တွင် ကြွေလွင့်သွားသော တောပန်းတစ်ပွင့် REV. VIOLET LOUISE ANNE LORRAIN (1938 – 2023)
အရှေ့ မိုးကုတ်စက်ဝိုင်း၏ အမှောင်ထုကို အောင်နိုင်ပြီး ထွက်လာသော နေမင်းကြီးအလင်းရောင်က မွေးဖွားသန့်စင်ပေးသော ဤနေ့သစ် ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၅) ရက်၊ ဗုဓ္ဒဟူးနေ့ သည်ကား Rev. Violet ၏ ကျန်ရစ်သော ရုပ်ကလာပ်ကို မြေကြီးဝမ်းတွင်းသို့ အပ်နှံရသည့် နေ့ပင်တည်း။ ကျေးဇူးရှင် သာနာပြုဆရာများ၏ နောက်ဆုံးမျိုးဆက် Rev. Violet အတွက် မရာတမျိုးသားလုံး ငိုကြွေး မြည်တမ်း ခြင်း၊ ဝမ်းနည်းပူဆွေးခြင်းရက်သတ္တပတ်အဖြစ် နိုဝင်ဘာလ (၁၃) မှ (၁၉) ရက်ထိ (၇) ရက်တိတိ သတ်မှတ်သည်။
ရေမြေဒေသအရပ်ရပ်တွင် ပြန့်နှံ့နေထိုင်သော မရာလူမျိုး တမျိုးသားလုံး ရောက်ရှိရာအရပ်တွင် ရင်ကွဲ မတတ် ကြေကွဲဝမ်းနည်းပူဆွေးကြသည်။ တချို့ကအင်တာနက် ဆက်သွယ်ရေးနည်းပညာဖြင့် ရောက်ရှိ ရာအရပ်များတွင် ဝမ်းနည်းခြင်း၊ ဂုဏ်ပြုခြင်း များထုတ်ဖော်ကြသည်။ သူမ ကွယ်လွန်သည့် ရက်တွင်ပင် မီဇိုရမ်ပြည်နယ်၊ မရာကိုယ်ပိုင်အုပ်ခွင့်ရ အစိုးရ( Mara Autonomous District Council ) က၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက် နေ့စွဲဖြင့် ဆာကူလာ (Circular) ထုတ်ပြန်သည်။ ဝမ်းနည်းခြင်း၊ ဂုဏ်ပြုခြင်းအထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) မှ (၁၉) ရက်ထိ (၇) ရက်တိတိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရရုံးနှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့များတွင် ထူထားသည့် အလံများ တစ်ဝက် လျှောချလွှင့်ထူရန် (half-mast flag)၊ ဖော်ပြပါ ရက်များအတွင်း ပျော်ပွဲ ရွှင်ပွဲများ မကျင်းပရန် တိုက်တွန်းနှိုးဆော်ပြီး၊ မြေမြှုပ်သင်္ဂြိုဟ်သည့် နိုင်ဝင်ဘာလ (၁၅) ရက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီစတြိတ် အစိုးရ ရုံးပိတ်ရက် အဖြစ်ကြေညာချက်ထုတ်ပြန်သည်။ ဒေသတွင်း ဩဇာကြီးမားသော မရာလူငယ် အစည်းအရုံး (Mara Thyutlia Py) ကလည်း ထိုသတ်မှတ်ရက်အတွင်း မရာမိသားစုနေအိမ်တိုင်းတွင် အနက်ရောင်အလံ လွှင့်ထူရန်နှင့်၊ သူမ၏ ရုပ်ကလာပ်ထားရှိရာ ဆိုင်ကိုးရွာသို့ ဦးတည်သော ကားလမ်း မကြီးများတွင် ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် နှိုးဆော်စာ ထုတ်ပြန်သည်။ မရာနယ်မြေတစ်ခုလုံး တိတ်ဆိတ်ညိမ်သက်နေသည်။ နိုဝင်ဘာ (၁၅) ရက်နေ့ ဆိုင်းဟား မြို့မြင်ကွင်း သည် ကိုဗစ် ၁၉ ကာလ ကဲ့သို့ပင် ညိမ်သက်နေသည်။ မရာလူမျိုးများသည် မိမိတို့ အသိစိတ်စေ့ဆော်မှု ကြောင့် ကြိုတင်စီစဉ်ထားသည့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားများ ရပ်ဆိုင်းကြသည်။ မိမိတို့ နေအိမ်တွင်း နေထိုင်ပြီး ဝမ်းနည်းပူဆွေးခြင်းကာလ ကို ဖြတ်သန်းကြသည်။
နိုဝင်ဘာလ ၁၃ မှ ၁၅ ရက်တွင်း မီဇိုရမ်ပြည်နယ်နှင့် မရာနယ်အရပ်ရပ် ကျေးရွာများမှ သောင်းချီသော လူထုသည် သူမ၏ ရုပ်ကလာပ်ထားရှိရာ ဆိုင်ကိုးရွာသို့ တိုးဝှေ့ကာ ခြေလျင်၊ ကားများဖြင့် အလူး အယှက်လာကြပြီး၊ နောက်ဆုံးဂါဝရပြု၊ နှုတ်ဆက်၊ ဂုဏ်ပြုစကားများဆိုကြသည်။ တချို့က ညသန်း ခေါင်ယံတွင် ဆိုင်ကိုးရွာ ရောက်ရှိပြီး၊ တချို့မှာ နံက်အာရုဏ်ဦးတွင် ရွာဝင်သည်။ သာသနာပြု ရုံးစိုက်ခဲ့သော တောင်ကုန်းငယ်လေးပေါ်တွင် နေ့ရောညပါ ကြက်ပျံမကျ လူစည်ကား ပြည့်ကြပ်နေသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက် ဂုဏ်ပြု၊ ဂါဝရပြု၊ နောက်ဆုံးနှုတ်ဆက်စကား လာဆိုသော ဧည့်သည်များစားရေးသောက်ရေးအတွက် နေရာအနှံမှ ငွေကြေး၊ ဒေသနွားနောက်၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ ဆား၊ သကြား၊ စသည့် လှူဘွယ်ပစ္စည်းများပါဝင်လှူဒါန်းကြသည်။ အရပ်ရပ်မှ လာရောက် လုပ်အားပေး လူကြီး လူငယ်များက ဝေယျာဝစ္စ၊ ကိစ္စကြီးငယ်များ စီမံခန့်ခွဲသည်။
အိန္ဒိယနိုင်ငံ မရာအသင်းတော် ( Evangelical Church of Maraland) ဘုရားရှိခိုးကျောင်း တည်ရှိရာ နေရာတိုင်းတွင် ထိုနေ့ နိုဝင်ဘာလ (၁၅) ရက်၊ နေ့လည် ၁၂ နာရီတိတိမှ စ၍ အသင်းသူအသင်းသားများ နောက်ဆုံး ပြုအပ်သောဝတ် ပြုကြသည်။ နိုဝင်ဘာလ (၁၅) ရက်နေ့ အိန္ဒိယစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ်မှစ၍ မြေသို့အပ်နှံခြင်းဝတ်ကို အသင်းတော် လုပ်ထုံးလုပ်နည်းအတိုင်း စတင်ပြုလုပ်သည်။ အသင်း တော်ခေါင်းဆောင်များ၊ အစိုးရ အကြီးအကဲများက နောက်ဆုံး နှုတ်ဆက်ခြင်း၊ ဂုဏ်ပြုခြင်း မိန်းခွန်းများ အသီးသီးချွေကြသည်။ အဖွဲ့အစည်းအသီးသီးမှ လွမ်းသူ့ပန်းခွေများချကြသည်။ အင်္ဂလန်၊ မီဇိုရမ် ပြည်နယ်နှင့် အခြားသော အနယ်နယ်အရပ်ရပ်က အသင်းတော် ဂိုဏ်းဂဃ အသီးသီးမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ကြသည်။ အသင်းတော်လူငယ်များက နှုတ်ဆက်သံစုံ သီချင်းများ ဆိုသည်။ ဂုဏ်ပြုခရာတီးမှုတ်သည်။ သူမ၏ မိခင်ကိုယ်တိုင် မရာဘာသာစကားဖြင့် ဘာသာပြန်ဆိုသော ဓမ္မသီချင်း “ Fading away like the stars of the morning……..Only remembered by what we have done; by Horatius Bonar” ဖြင့် နှုတ်ဆက်သီချင်းသီဆိုကြသည်။ အရပ်ရပ်မှ လာရောက်ကြသော လူငယ်များစုပေါင်းပြီး သီဆိုသော ဟာလေလုယား (Halleluiah Chorus) ဂုဏ်ပြုသီချင်းသံသည် ကြားရသူတိုင်း၏ ရင်ကို တုန်လှုပ်စေသည်။ မိုးကောင်းကင်ယံထိတိုင် အသံလှိုင်းများ ပျံတက်သွား သည်ဟု ထင်ရသည်။ အသင်းတော်၏ လုပ်ထုံးလုပ်နည်းအတိုင်း နောက်ဆုံပြုအပ်သော ဝတ်ပြုပြီး၊ သိက္ခာတော်ရ ဆရာတော်များက ရုပ်ကလာပ်ထားရှိသော ခေါင်းတလားကို ထမ်းရွက် သယ်ဆောင်ပြီး၊ ညနေ ၄ နာရီခန့်တွင် သူမ၏အဖိုးအဖွား၊ သူမ၏ ဖခင် မိခင်များ သင်္ဂြိုဟ်သည့်နေရာ သင်္ချိင်းမြေ၌ ဂူသွင်း မြေမြှုပ် သင်္ဂြိုဟ်သည်။ နှစ်ပေါင်း ၁၁၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ် မရာလူမျိုးများ၏ ရင်ထဲတွင် သဲကန္တာရ မျှ လေဟာနယ် ကျန်ရစ်ခဲ့သည်။ အထီးကျန်ခြင်းခံစားကြရသည်။
ပူဆွေးဝမ်းနည်းခြင်းကာလ ရက်သတ္တပတ် နောက်ဆုံးနေ့ရက် ဖြစ်သည့် နိုဝင်ဘာလ (၁၉) ရက်၊ တနင်္ဂနွေနေ့တွင် မရာဧဝံဂေလိအသင်းတော် ဘုရားရှိခိုးကျောင်းတည်ရှိရာ နေရာတိုင်းတွင် Rev. Violet အတွက် နောက်ဆုံးပြုအပ်သော ဝတ်ပြုကိုးကွယ်ခြင်း ဝတ်ပြုကြပေမည်။
မရာလူထုတစ်ရပ်လုံးကို တုန်လှုပ်စေသော Rev. Violet ကမည်သူနည်း။
မရာ သာသနာပြုဆရာ/ဆရာမကြီးများ၏ နောက်ဆုံးမျိုးဆက် သာသနာပြုဆရာမကြီး Rev. Violet သည် ဖခင် Rev. A.B. Lorrain Foxall နှင့် မိခင် Mrs. Louise Marguerite Tlôsai Lorrain တို့မှ ၁၉၃၈ ခုနှစ်၊ ဧပြီလ (၁၆) ရက်တွင် မရာနယ် သာသနာပြုရုံးစိုက်ရာ ဆိုင်ကိုးရွာ၊ ယခင်လူရှေတောင်တန်း၊ ယခု မီဇိုရမ် ပြည်နယ်၌ ဖွေးဖွားသန့် စင်ခဲ့သည်။ မရာလူမျိုး အမျိုးသား Rev. Mark Lapi နှင့် ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်တွင် လက်ထပ်ထိမ်းမြားပြီး၊ သား သုံးဦးနှင့် သမီးတစ်ဦးထွန်းကား သည်။ သူမ၏ ချက်ကြွေရာ ဇာတိမြေ မရာနယ်ကို သူမ ဘဝတမျှတွယ်တာသည်။ ဥရောပလူနေမှုစနစ်နှင့် အစားစာများကိုပင် စွန့်လွှတ်ပြီး၊ မရာလူနေမှု၊ မရာအစားအစာများနှင့် တင်းတိမ်ရောင်းရဲသည်။
၁၉၅၉ ခုနှစ်တွင် သူမ အဖိုးတည်ထောင်ခဲ့သော လာခဲရ် ရှေ့ဆောင်သာသနာ (Lakher Pioneer Mission) မှ သာသနာပြုဆရာမအဖြစ် ခန့်အပ်တာဝန်ပေးသည်။ မရာအသင်းတော်၏ မိခင်အသင်း ဥက္ကဌ တာဝန်နှင့် အခြားသော အသင်းတော်တာဝန်များ အဆက်မပြတ် ထမ်းဆောင်သည်။ Rev. Dr. Lambert Carter, Moderator of the Congregational Federation of New South Wales က ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် Mrs. Violet အား လက်တင်မင်္ဂလာ (Ordination) ပေးသည်။ သက်တော် ၈၅ နှစ်တိုင် သေစ္စာရှိစွာ အမှုတော်မြတ်ထမ်းဆောင်ပြီး၊ မရာလူမျိုးများနှင့် တသွေးတသားတည်း ရပ်တည်သက်ရှင်သည်။ မရာလူမျိုးများနှင့် အတူတကွ လက်တွဲပြီး ခက်ခဲသော ဘဝရုန်းကန်နေစဉ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက် အိန္ဒိယစံတော်ချိန် နံက် ၈ နာရီ မိနစ် ၁၀ တွင် နောက်ဆုံးသော ထွက်သက်ဝင်သက် အဆုံးသတ်ခဲ့သည်။ သူမ၏ အဖိုးအဖွားများက ၁၉၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော သွပ်မိုး၊ သစ်တိုင်၊ ဝါးထရံကာ နေအိမ်အိုကြီးတွင်ပင် ခေါ်တော်မူခြင်းခံသည်။ သူမ ခင်တွယ်သော မရာမြေ၊ သူမ တန်ဖိုးထားသော မရာလူထု၊ သူမ ချစ်သော ခင်ပွန်း၊ သားသမီး၊ မြေးများကို ကြောခိုင်းပြီး၊ သူမ ဘဝတစ်ခုလုံး ယုံကြည်ကိုးစားသော ထာဝရဘုရာင်းသခင်၏ ရင်ခွင်တော်၌ထာဝရ ခိုနားခဲ့လေပြီ။
Rev. Violet သည် မရာလူမျိုးများ၏ ပထမဆုံးသာသနာပြုဆရာကြီး Rev . R.A. Lorrain နှင့် ဇနီး Ms. Maud Louise Ulander Lorrain တို့၏ တစ်ဦးတည်းသော မြေးဖြစ်သည်။ မရာလူမျိုးတို့ကို သာသနာပြုရန် တင်ပြသည်ကို ထိုစဉ်က သာသနာပြုအသင်းကြီးများက ငြင်းပယ်သဖြင့် R.A. Lorrain သည် စိတ်အားထက်သန်သော စေတနာရှင် ယုံကြည်သူ တစ်စုဖြင့် ဖေဖော်ဝါရီလ (၁၁) ရက်၊ ၁၉၀၅ ခုနှစ်၊ လန်ဒန်တွင် “လာခဲရ် ရှေ့ဆောင်သာ သနာ” ( Lakher Pioneer Mission) တည်ထောင်သည်။ သာသနာဆောင်ပုဒ်မှာ “ ဆုတောင်းခြင်း ပေါ်တည်ဆောက်၊ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်” ( FOUNDED ON PRAYER AND LAUNCH IN FAITH)ဟုဆိုသည်။
လောရိန်းတို့ ဇနီးမောင်နှံ သည် ဇန်နဝါရီလ (၁၈) ရက်၊ ၁၉၀၇ ခုနှစ်၊ သောကြာနေ့ နံနက်အာရုံဦး ချိန်တွင် နေမဝင်အင်ပါရာဟု တင်စားခေါ်တွင်သော လန်ဒန်မြို့ကို ကျောခိုင်းပြီး၊ ထွက်ခွာလာခဲ့သည်။
၁၉၀၇ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်၊ ညနေ (၄) နာရီတွင် သာသနာပြုလုပ်ငန်း ရုံးစိုက်မည့် ဆိုင်ကိုး (Saikao @ Tlôsai) ရွာ ဆိုက်ရောက်ခဲ့ကြသည်။ ခုနှောင်းပိုင်း ဘာသာဗေဒပညာရှင်များက သတ်မှတ်သော မရာအက်င်္ဂ (Maraic) ဘာသာစကား အုပ်စုဝင်လူမျိုးစုများကို သာသနာနယ်အဖြစ် သတ်မှတ်ပြီး သာသနာပြုလုပ်ငန်း စတင်ဆောင်ရွက်ခဲ့သည်။
ယခင်လူရှေတောင်တန်း၊ ချင်းတောင်တန်း၊ မြောက်ပိုင်းအာရ်ကန်တောင်တန်း အုပ်ချုပ်ရေး နယ်မြေ တွင်းရှိ မရာအက်င်္ဂ အုပ်စုဝင် မရာလူမျိုးများနှင့် ခူမီးလူမျိုးများကို ယေရှုခရစ်တော်၏ တရားတော် ဟောကြားသည်။ နောက်ပိုင်းတွင် ‘ကားတိုင်စစ်သည်တော်များ’ (Soldiers of Cross) ခေါ် နယ်ခံ ကနဦး ယုံကြည်သူများကို တစ်လ ၄ ရူပီး ထောက်ပံ့ကြေးပေး၍ စေလွှတ်သည်။
လော်ရိန်းသည် သူမတိုင်ခင် တီထွင်ခဲ့သော မရာစာပေကို ပြန်လည် တီထွင်ဖန်တီးပြီး ၁၉၀၈ ခုနှစ်၊ မတ်ချ်လ (၁၆) တွင် အောင်မြင်စွာပြီးဆုံးသည်။ မရာဘာသာစကားဖြင့် သမ္မာကျမ်းစာ ဘာသာ ပြန်လုပ်ငန်းကို တစိုက်မတ်မတ် အာရုံစိုက်ပြီးလုပ်ဆောင်သည်။ နေ့ချိန်တွင် မရာစကားကို သင်ယူရင်း ညသန်းခေါင်ယံ ကျော်ထိ ဆီမီးခွက် ထွန်းကာ ကျမ်းစာ ဘာသာပြန်သည်။ ကျောက်ကပ်ရောဂါ ပြင်းထန်စွာ ခံစားနေချိန်ပင်လျှင် စားပွဲအောက်တွင် ဆီးအိုးထားပြီး နေ့ည မနား ဘာသာပြန်သည်။
သူ့ဇနီး Ms. Maud Louise Ulander Lorrain သည်လည်း သာသနာပြုလုပ်ငန်းတွင် အနီးကပ် ကူညီ လုပ်ဆောင်သည်။ ဥပုဒ်နေ့ကျမ်းစာသင်ကြားခြင်း၊ ကျမ်းစာပုံပြင်များသင်ကြားပေးခြင်း၊ လူမမာများအား ဆေးဝါးပေး ကုသခြင်း၊ အမျိုးသမီးများအား ခရစ်တော်၏မြတ်သောတရားတော်အပြင် စက်ချုပ် သင်တန်း၊ ဇာထိုးပန်းထိုး၊ မုန့်လုပ်နည်းများကိုလည်းသင်ကြားပေးသည်။ အပတ်စဉ် ကြာသပဒေးနေ့တွင် အပ်ချုပ်သင်တန်းပေးသည်ကို အစွဲပြု၍ ယနေ့တိုင် ကြာသပဒေးနေ့ကို မရာစကားဖြင့် အပ်ချုပ်နေ့ဟု ခေါ်တွင်သည်။ သောကြာနေ့က စာသင်ကျောင်းနောက်ဆုံးနေ့ဖြစ်၍ စာသင်နောက်ဆုံးရက်ဟု ခေါ်ဆို သည်။
နေ့ညမနား ၃၇ နှစ်တိုင် ခက်ခဲပင်ပန်းစွာ အမှုတော်မြတ်များဆောင်ရွက်နေစဉ် သက်တော် ၆၄ နှစ် အာရ်၊ အေ၊ လောရိန်းသည် ၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ နံက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် ဖခမည်းတော်၏ ရင်ခွင်တော်၌ နားခိုခဲ့သည်။ သူ့ ရုပ်ကလာပ်ကို ဖေဖော်ဝါရီလ (၅) ရက်၊ နံက် ၁၀ နာရီ ၄၅ မိနစ်တွင် မြေမြှုပ် သင်္ဂြိုဟ်သည်။ သူခင်တွယ်သော မရာမြေ၊ ဆိုင်ကိုးရွာတွင် ခေါင်းချခဲ့သည်။
သူမ ခင်ပွန်းကွယ်လွန်ပြီး ၁၆ နှစ်တိုင် ခေါင်းပါးလှသော တောင်ပေါ်ဒေသတွင် အထီးကျန် ဘဝ ဖြတ်သန်း ခဲ့သည်။ အမှုတော်မြတ်ဆက်လက်ဆောင်ရွက်နေစဉ် ၁၉၆၀ ခုနှစ်၊ မေလ (၂၄) ရက်တွင် ခေါ်တော်မူ ခြင်းခံခဲ့သည်။ ကွယ်လွန်ချိန် တွင် အသက် ၈၄ နှစ်၊ မရာနယ်တွင် အမှုတော်ဆောင် သက် ၅၃ နှစ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှစစ်ဗိုလ်များ၏ စေတနာဖြင့် နေရပ်ပြန်ရန် တိုက်တွန်း ခြင်းကို ငြင်းဆန်ပြီး၊ မရာနယ်တွင် ကြံ့ကြံ့ခံ ရပ်တည်ကာ ဗြိတိသျှစစ်သည်တော်များကို ကူညီပေး ခဲ့ကြသည်။ ဗြိတိသျှအစိုးရမှ အာရ်၊ အေ၊ လောရိန်းအား ၁၉၃၇ ခုနှစ်၊ မေလ (၁၂) ရက်နေ့စွဲ့ဖြင့် “ King George VI Coronation Award, ၁၉၄၆ ခုနှစ်တွင် Mrs. Maud Louise Ulander Lorrain အား “Kaisar I Hind Medal” ဂုဏ်ပြုတံစိပ်များအသီးသီး ချီးမြှင့်ကြသည်။
အာရ်၊ အေ၊ လောရိန်းနှင့် Tlôsai Lorrain တို့တွင် သမီးတစ်ဦးထွန်းကားသည်။ ၁၉၀၉ ခုနှစ်၊ စက်တင်ဘာလ ( ၁၈) ရက်တွင် မရာမြေ ဆိုင်ကိုးရွာ၌ မွေးဖွားသည်။ ဆိုင်ကိုးရွားစားစော်ဘွားက Tlôsai (တလောင်ဆိုင်သူ) ဟုနာမည်ပေးသဖြင့် သူမနာမည်မှာ Mrs. Louise Marguerite Tlôsai Lorrain ဖြစ်လာသည်။ မရာများက Tlôsai ဟုခေါ်သည်။ Lakher Pioneer Mission မှ သာသနာပြုဆရာကြီး Rev. Albert Bruce Lorrain Foxall နှင့် လက်ထပ်ပြီး၊ သမီးတစ်ဦးထွန်းကားသည်။ ထိုသမီးမှာ ယခု Rev. Violet ပင်ဖြစ်သည်။
သာသနာပြုဆရာ ဇနီးမောင်နှံသည် သူတို့၏ မိဘများ မပြီးဆုံးသေးသော သာသနာပြုလုပ်ငန်း အားလုံးကို ခက်ခဲပင်ပန်းစွာ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ Mrs. Tlôsai သည် သာသနာလုပ်ငန်းများ လုပ်ဆောင်နေချိန် ၁၉၆၈ ခုနှစ်၊ ဇွန်လ (၂၁) ရက်တွင် ပန်ဂျာပြည်နယ်၊ လူဒီယားနား ဆေးရုံတွင် ခေါ်တော်မူခြင်းခံသည်။ သူမ ချက်ကြွေရာ မရာမြေကို ခင်တွယ်သူဖြစ်သည်။ ဆေးကုသရန် ထွက်ခွာချိန် သူမချက်ကြွေရာ ဆိုင်ကိုးရွာမှ မြေသား ၂ ကီလိုဂရမ်ခန့် ယူဆောင်သွားခဲ့သေးသည်။ သူမ၏ ကျန်ရစ်ခဲ့သော ရုပ်ကြွင်းများကို မရာနယ်သို့ ပြန်ယူဆောင်လာပြီး ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် သူမ မိဘများဘေးနားကပ်လျက် ပြန်လည် မြေမြှုပ်သင်္ဂြိုဟ်သည်။ သူမခင်ပွန်း Rev. A. B. Foxall လည်း ၁၉၇၇ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ဆိုင်ကိုးရွာ၌ပင် ခေါ်တော်မူခြင်းခံသည်။
သူတို့အားလုံးက အလွန်ချစ်မြတ်နိုးသော တစ်ဦးတည်းသော မြေး၊ သမီးကို မရာလူမျိုးများ ရင်ခွင်ထဲ အပ်နှံပြီး၊ အိမ်တော်သို့ ပြန်သွားနှင့် ကြလေသည်။ ဤပုဂ္ဂိုလ်ထူးများသည်ကား Rev. Violet ၏ အဖိုး၊အဖွား၊ မိဘများပင် ဖြစ်ကြသည်။
သာသနာပြုဆရာကြီးများသည် မရာလူမျိုး တမျိုးသားလုံး ခရစ်တော်ဘုရား သိကျွမ်းခြင်းအသက်တာ၌ တည်ဆောက်ပေးခဲ့ကြသည်။
၁၉၃၈ ခုနှစ် မေလ (၂၄) ရက်တွင် ထိုစဉ်က သာသနာပြုဆရာကြီး တစ်ပါးမှ -
“လောရိန်းသာသနာသည် မိသားစု သာသနာ၊ စေတနာရှင်တစ်စု၏ အလှူပေါ်တွင်သာ ရပ်တည်သော သာသနာ၊ တစ်နှစ် ဘက်ဂျက်မှာ စတာလင်ပေါင် ၂၅၀၀၊ ၃၀၀၀ ခန့်သာရှိ၏။ ယခင်နှစ်ဆိုလျှင် အလှူငွေ လျော့နည်းသွားသည်။ အလှူရှင်များ သေဆုံးခဲ့ကြဟန်တူသည်။ လောရိန်းတည်ထောင်သော အသင်းတော် သည် National Christian Council of Assam ၏ အဖွဲ့ဝင်လည်းမဟုတ်ပေ” ဟု မှတ်ချက်ပြုခဲ့သည်။
၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်တွင် ယုံကြည်သူအနည်းငယ်မျှဖြင့် စတင်တည်ထောင်သော မရာ အသင်းတော် “Lakher Church” သည် ယခုတွင် ချင်းပြည်နယ်၊ မီဇိုရမ်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်၊ စင်ကာပူ၊ မလေးရှား၊ ဩစတြေးလျ၊ အမေရိကန် စသည့် နိုင်ငံများနှင့် နေရာအနှံတွင် ရပ်တည်နေလေပြီ။ ပြင်ပထောက်ပံ့မှုမယူဘဲ၊ သီးခြားလွပ်လပ်စွာ ရာစုနှစ် တစ်ခုကျော် ခိုင်မာစွာ ရပ်တည်နေသည်။ Myanmar Council of Churches ( May 1, 1985), Christina Conference of Asia (1989), World Communion of Reformed Churches ယခင် World Alliance of Reformed Churches ( 1993), World Council of Churches ( Feb.3, 2001), Lutheran World Federation (2010) တို့တွင် အဖွဲ့ဝင်အသင်းတော်အဖြစ်ရပ်တည်နေပေပြီ။
မရာဘာသာစကားဖြင့် စာပေများ ပြန်လည်ဖန်တီးတီထွင် ပေးခဲ့သည်။ မရာစာပေဖြင့် စာအုပ်စာပေများ ရေးသားထုတ်ဝေပေးခဲ့ကြသည်။ အိန္ဒိယနိုင်ငံ မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစိုးရ ကျောင်းများတွင် အဠမတန်းထိ မရာဘာသာစကား သင်ယူသည်။ မြန်မာနိုင်ငံ ချင်းပြည်နယ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ မတူပီ၊ ပလက်ဝ၊ ထန်တလန် မြို့နယ်တွင်းရှိ အခြေခံ ပညာရေးကျောင်းများတွင် မရာစာပေ သင်ကြားပေးလျက်ရှိသည်။
သာသနာပြုဆရာကြီး/ဆရာမကြီးများ၏ တစိုက်မတ်မတ် လုပ်ဆောင်မှုကြောင့် မရာဘာသာဖြင့် ခရစ်ယာန်သမ္မာကျမ်းစာအုပ်ကို ၁၉၅၆ ခုနှစ်တွင် The British and Foreign Bible Society of India and Ceylon မှ ထုတ်ဝေခဲ့သည်။ ထိုစဉ် လူရှေတောင်တန်း၊ ချင်းတောင်တန်း၊ မြောက်ပိုင်း အာရ်ကန် တောင်တန်း တွင်းရှိ လူမျိုးများတွင် ပထမနှင့် အဦးဆုံး ထုတ်ဝေသော ခရစ်ယာန်သမ္မာကျမ်းစာအုပ် အဖြစ် မှတ်တမ်းတင်သည်။
သာသနာပြုဆရာကြီး/ဆရာမကြီးများ၏ အမြော်အမြင် ညဏ်ပညာကြောင့် အန္ဒိယနိုင်ငံ ဖွဲစည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ မီဇိုရမ်ပြည်နယ်တွင် မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Mara Autonomous District Council) အဖြစ် ရပ်တည်နေသည်။ ယခုတွင် ပိုမိုမြင့်မားသော လုပ်ပိုင်ခွင့်အတွက် လှုပ်ရှား လျက်ရှိသည်။
ရှိသေးသည်။ စာဖွဲ့၍ ကုန်နိုင်မည်မဟုတ်ပါ။ သူတို့သည် မရာလူမျိုးများအတွက် မပြိုလဲနိုင်သော သမိုင်းမှတ်တိုင်များ စိုက်ထူပေးခဲ့ကြသည်။ မရာလူမျိုးဖြစ်တည်မှုအတွက် ခိုင်မာသော အုတ်မြစ် များချပေးခဲ့ကြသည်။
ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်တွင်မူကား မိစားစုဘဝကို ချစ်ခင်မြတ်နိုး တန်ဖိုး ထားကြသော သာသနာပြုဆရာ/ဆရာမကြီးမိသားစုဝင် ငါးပါးသည် သူတို့၏ သံယောဇဉ်ကြိုး ခိုင်မြဲစွာ ချည်နှောင်ပြီး ခင်တွယ်သော မရာမြေ မြေကြီးဝမ်းတွင်းတွင် ဘေးချင်းကပ်လျက် အတူတကွ ထာဝရ အိပ်စက်အနားယူကြလေပြီ။ နောက်ဆုံးသော ရှင်ပြန်ထမြောက်ရာနေ့ရက်ကို သူတို့ ချစ်သော မရာလူမျိုး တို့နှင့်အတူ မျှော်လင့် စောင့်ကြိုနေကြသည်။
Rev. Violet သည်ကား လူတိုင်းကြိုက်သော တော်ဝင် နှင်းဆီပန်းကဲ့သို့ ထယ်ဝါခမ်းညားမည်မဟုတ်ပါ။ မဲဇာအရပ် တောကြိုတောင်ကြား မျက်မည်းဂနိုင်အရပ်တွင် ပွင့်လန်းသော တောပန်းတပွင့် မျှသာ ဖြစ်ပေမည်။ သို့သော် တောရိုင်းပန်းမဟုတ်ပါ။ တောပန်းတစ်ပွင့်၏ မွှေးရနံ့သည် မရာမြေနှင့် မရာလူမျိုး များကြားတွင် ထာဝရ မွှေးကြိုင်နေအုံးမည်သာ။
(Rev. Violet အား ဂုဏ်ပြုသည့် ဤဆောင်းပါးကို ဦးဗန်နေ၊ ဥက္ကဌ၊ မရာစာပေနှင့် ယဉ်ကျေးမှုအသင်း၊ မရာဧဝံဂေလိအသင်းတော်၏ အသင်းဝင် ယုံကြည်သူ တစ်ဦးက မရာလူထုပူဆွေးဝမ်းနည်းခြင်း ရက်သတ္တပတ် ကာလအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ရေးသားသည်)။