06/08/2024
ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေရင်း
“You are so good at handling your emotions” ဆိုလို့ စိတ်ထဲ ရယ်ချင်သွားမိရဲ့။
ငယ်ငယ်တုန်းကဆို မှတ်မှတ်ရရ စိတ်ခံစားချက်တွေနဲ့ ပတ်သက်လာရင် အမြဲတမ်း အစွန်းနှစ်ဖက်မှာပဲ ရှိနေခဲ့တာ မှတ်မိနေသေးတယ်။
ကိုယ့် negative emotion တွေကိုယ် ပြန်ငြင်း၊ ပြိုင်ငြင်းပြီး
အတင်း ဖိနှိပ်ထားတဲ့ အချိန်ရယ်၊ နောက်ကျ ထိန်းမနိုင်
သိမ်းမရ အော်ဟစ်ပေါက်ကွဲတဲ့ အချိန်ရယ်ပါပဲ။
၉ နှစ်၊ ၁၀ နှစ်အရွယ် ကလေးမ တစ်ယောက်ရဲ့ စိတ်ထဲမှာ ၊
ဆယ်ကျော်သက် ပေါက်စ တစ်ယောက်ရဲ့စိတ်ထဲမှာ
ဝမ်းနည်းတာ မကောင်းဘူး၊ ကြောက်တတ်တာ မကောင်းဘူးလို့ပဲ သိထားခဲ့တာကို။
ပြန်တွေးကြည့်တော့မှ ကိုယ်က အပျက်သဘောလို့ပြောကြတဲ့ စိတ်ခံစားချက်တွေကို သိပ်ကြောက်တတ်ခဲ့တာပါပဲ။
အဲဒါကြောင့်ပဲ ထင်တယ်။
မူလတန်း၊ အလယ်တန်းအထိ ကျောင်းမှာ ငိုဖူးတယ်ဆိုတာ မရှိသလောက်ပဲ။
ကိစ္စတစ်ခုခုကြောင့် ငိုချင်ရင်တောင် အိမ်အထိ အောင့်အီး သည်းခံပြီး အိမ်ကျမှ အော်ဟစ်ငိုချလိုက်တာမျိုး။
ကြောက်တဲ့စိတ်၊ မနာလိုတတ်တဲ့စိတ်၊ ဝမ်းနည်းတဲ့စိတ်ဝင်လာရင် “ဟင့်အင်း ငါမကြောက်ဘူး”၊ “ငါ ဝမ်းမနည်းဘူး” ဆိုပြီး ကိုယ့်စိတ်ကိုယ် ပြန်ငြင်းတတ်တာမျိုး။
နောက်ပြီးကျမှ အိမ်မှာ meltdown တွေဖြစ်၊ အော်ဟစ် ငိုယို
ပေါက်ကွဲ၊ ဆယ်ကျော်သက်ပေါက်စအရွယ်ကဆို ပစ္စည်းတွေ
လွှင့်ပစ် သောင်းကျန်းတဲ့ အထိဆိုးခဲ့ဖူးတာကို။
ပြန်တွေးကြည့်မှ တစ်ချိန်လုံး ကိုယ့် emotions တွေနဲ့ ကိုယ်အပြိုင် ရန်ဖြစ်နေခဲ့တယ်ဆိုတာ သိလိုက်ရတယ်။
အဲဒါတောင် အသက်လေးနည်းနည်းကြီးလာတော့ အကြောင်းအရင်း မယ်မယ်ရရ ရှာမရဘဲ anxiety attack တွေစရလာ၊ anger issues တွေပိုဆိုးလာခါမှ ကိုယ့်ဘာသာ
ပြန်ဆန်းစစ်ကြည့်မိတော့တာ။
ဒီကြားထဲ အချို့ psychology ဆိုင်ရာ အကြောင်းအရာတွေနဲ့
တရားတွေရှာဖတ်ဖြစ်တော့မှ စိတ်ခံစားချက်တွေအကြောင်း
ပိုသိလာတာလည်းပါမှာပေါ့လေ။
တကယ်လို့ ငယ်ငယ်တုန်းက ကိုယ့်ကိုကိုယ်သာ ပြောပြခွင့်ရမယ်ဆိုရင်လေ
စိတ်ခံစားချက်တွေကို အတင်းထိန်းချုပ် ဖိနှိပ်နေတာထက်
စာရင် ခံစားမှုတစ်ခုစီတိုင်းကို အသိအမှတ်ပြုပြီး တဖြည်းဖြည်း လွှတ်ချတတ်ဖို့ သင်ပေးချင်မိတယ်။
အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကနေ အမြဲထွက်မပြေးဘဲ စိတ်ထဲမှာ ဖြစ်နေသမျှတွေကို နားလည် အသိအမှတ်ပြုတတ်ဖို့ရယ်၊
နောက်ပြီး စိတ်ခံစားချက်တွေအားလုံးဟာ စိတ်ထဲ အလည်
ခဏလာတဲ့ ဧည့်သည်တွေဖြစ်လို့ စိတ်မကြည်လင်ချိန်တွေမှာ
စိတ်လိုက်မာန်ပါ လုပ်ဖို့မလိုဘူး ဆိုတာတွေ ပြောပြချင်မိတယ်။
(အချို့က ဖတ်မိပြီး စာအုပ်နာမည်မမှတ်မိတော့ဘဲ စိတ်ထဲစွဲနေတဲ့ စာအုပ်ထဲက အကြောင်းအရာတွေဖြစ်မယ်)
တစ်ခါတစ်လေ ကျရင် တွေးပြီး ရယ်ချင်မိတယ်။
ငယ်ငယ်တုန်းက အသွားအလာ၊ အနေအထိုင်ကအစ ပညာရေးအဆုံး သင်ပေးမယ့်သူတွေ၊ ဆုံးမ ပဲ့ပြင်ပေးမယ့်သူတွေ သိပ်များခဲ့ပါရက်နဲ့ ဘာကြောင့်များ ဘယ်သူကမှ
စိတ်ခံစားချက်မျိုးစုံကို ကိုင်တွယ်အသိအမှတ်ပြုနည်းကို သင်မပေးခဲ့ပါလိမ့်လို့ပေါ့။
ဒါပေမဲ့လည်း ဘယ်သူ့မှာမှ သင်ပေးဖို့ တာဝန်အတိအကျရှိခဲ့တယ်ရယ်လည်း မဟုတ်ပါဘူးလေ။
ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်ပါဘူးလေ။
ဒါပေမဲ့ ကိုယ့်အလှည့်ကျ တစ်ချိန်မှာ အဒေါ်ဖြစ်ဖြစ်၊ အမေဖြစ်ဖြစ်၊ guardian တစိယောက်ယောက်ဖြစ်ဖြစ် ဖြစ်လာခဲ့ရင်လေ ကလေးတွေကို သိတတ်စ အရွယ်မှာ သင်ပေးဖြစ်မယ့်
အကြောင်းအရာက စိတ်ခံစားချက်အကောင်း၊ အဆိုး အားလုံးကို လက်ခံ၊ အသိအမှတ်ပြုပြီး move on တတ်ဖို့၊
ကိုယ့် ခံစားချက်တွေကိုယ် mindful ဖြစ်ဖို့၊ anger management တွေ၊ self-awareness တွေကနေ
စသင်ပေးဖြစ်မယ်ထင်တာပါဘဲလေ။
ကိုယ့်တုန်းက “I learned it the hard way” ဆိုသလို
ပိုပြီး ခက်ခက်ခဲခဲ ကိုယ်တိုင် သင်ယူခဲ့ရတာမလို့လေ။
တကယ်တော့ အခုရက်ပိုင်းမှာ အဖြစ်အပျက်တွေအများကြီးနဲ့ ကြုံနေရလို့ ကိုယ့်ကိုကိုယ်ရော သတိပြန်ပေးရင်း ရေးမိတဲ့စာပါ။
ကိုယ့်စိတ်ခံစားချက်ကိုယ် handle လုပ်နည်းတွေကို
သိပ်အသက်မကြီးခင် သိလိုက်ရလို့ပဲ ကျေနပ်ပါတယ်လေ။
Wish you all could handle your emotions with great care and patience too🤍✨
🍊
7.8.2024
Photo Credit-